Switch Mode

အပိုင်း(၁၆၂၄):

ရန်ဟောင်၏ချို့ယွင်းချက်

ဝူမန်သည်ခေါင်းကိုမော့ကာ ခေါင်းမှခြေဖျားထိ တိုက်ခိုက်ရေးစွမ်းအားများ ဖုံးလွှမ်းထားဆဲဖြစ်သော ရီဖူရှင်းကို ကြည့်လိုက်သည်။ ရီဖူရှင်း၏ တိုက်ခိုက်ရေးစွမ်းအားနှင့် သူ၏လှံသည် နတ်ဘုရား နယ်မြေအတွင်းမှ ရရှိလာခြင်းဖြစ်သည်။

ရီဖူရှင်း၏တိုက်ခိုက်မှုစွမ်းရည်သည် အမှန်တကယ်ပင် ရန်ဟောင်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထိုသို့မဟုတ်လျှင် ရီဖူရှင်းသည် သူ၏စေတီအား မည်သို့ ပျက်စီးစေမည်နည်း။ ရီဖူရှင်း၏အဆင့်သည် ရန်ဟောင်အဆင့်နှင့်ဝေးကွာခြင်း မရှိတော့ပေ။

“ရှန့်ထိုအဆင့်ကို မင်းရဲ့အဆင့်အထိ ကျင့်ကြံနိုင်ဖို့ မလွယ်ကူဘူး။  ဒီလိုအရည်အချင်းတွေနဲ့ဆိုရင် မင်းဟာ အနာဂတ်မှာ တောက်ပလာမှာ သေချာတယ်။ ငါလည်း ဒီလိုပါရမီရှင်ကို မပျက်စီးစေချင်ဘူး။ စည်းတံဆိပ် ဖွင့်တဲ့နည်းလမ်းကို ငါ့ကိုပေးရင် ငါမင်းကိုသွားခွင့်ပေးမယ်။ “ ဝူမန်က ပြောလိုက်သည်။

ရီဖူရှင်းသည် ရန်ဟောင်အဆင့်ကို တိုက်ခိုက်နိုင်သည့်စွမ်းအားကို ပိုင်ဆိုင်သော်လည်း သူသည် ရန်ဟောင် စင်စစ်တစ်ယောက် မဟုတ်သေးပေ။ ရီဖူရှင်းသည် သူ့ကို အနိုင်ယူရန်မဖြစ်နိုင်ပေ။ ဝူမန်၏နောက်တွင် ယူချင်းလည်း ရောက်လာသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ နတ်ဆိုးစွမ်းအားကြောင့် သူ့ထံမှ ကြောက်မက်ဖွယ်ဖိအားကို ဝူမန်ခံစားလိုက်ရသည်။ နတ်ဘုရားကလန်၏ ရန်ဟောင်သည် တစ်နေ့လျှင် သူသည်ထိုကဲ့သို့သော လူနှစ်ယောက်နှင့် တွေ့လိမ့်မည်ဟု စိတ်ကူးပင် မယဉ်မိခဲ့ပေ။ ထိုနှစ်ယောက်သည် သူတို့နတ်ဘုရားကလန်၏ ဝူကျန်းထက် အားနည်းမည်မဟုတ်ပေ။

“မင်းက ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတာ သေချာတယ် ဒါပေမယ့် ဒီနေရာမှာဘယ်သူတွေ အသက်ရှင်ကျန်ရစ်မယ်ဆိုတာတော့ မသိရသေးဘူး။” ရီဖူရှင်းက ပြောလိုက်သည်။

သူစကားပြောပြီးသည်နှင့်တပြိုင်နက် တောက်ပသော ရွှေရောင်အလင်းတန်းသည် သူတို့ကြားရှိ လေထုထဲတွင် ဖြတ်သန်းသွားခဲ့သည်။ သူ၏လှံအား ဝူမန်ဆီသို့ ထိုးစိုက်လိုက်သည်။ သူ့အတွက်မှာ သူတို့ကြားရှိ အကွာအဝေးသည် ခြေတစ်လှမ်းမျှသာ ဝေးကွာလေသည်။ မြည်ဟည်းသံ ထွက်ပေါ်လာသည်။

ဝူမန်သည် သူ၏လက်သီးကို ဆုပ်လိုက်သည်။ ရန်ဟောင်စွမ်းအင်များ ထွက်ပေါ်လာသည်။ သူ၏စိတ်စွမ်းအင်များပြောင်းလဲသွားပြီး စေတီများပေါ် ဖြန့်ကျက်သွားသည်။ သူ၏မဟာလမ်းစဉ်နတ်ဝင်ရိုး ထွက်ပေါ်လာသည်နှင့် ထိုနေရာရှိကောင်းကင်မှ မဟာလမ်းစဉ်၏ စွမ်းအားအားလုံးနီးပါးသည် စေတီများသို့ဆက်လက်စီးဆင်းပြီး ကောင်းကင် တစ်ခုလုံးတွင် စေတီများဖြင့် ပြည့်နှက်သွားပြီး ထိုစေတီများသည် ရီဖူရှင်းထံ ဖိအားပေးလာကြသည်။ အတွေးတစ်ချက်နှင့် စေတီများကို ထပ်ကာထပ်ကာ ဖန်တီးလိုက်ပြီး ရီဖူရှင်းထံ ကျဆင်းစေလိုက်သည်။

ဤသည်မှာ ရန်ဟောင်၏စိတ်စွမ်းအားနှင့်ထွက်ပေါ်လာသည့် မဟာလမ်းစဉ်နတ်ဝင်ရိုး၏စွမ်းအား ဖြစ်သဖြင့် မည်သူမျှ တားဆီးနိုင်စွမ်းမရှိပေ။ ထို့ကြောင့်အားနည်းသောကျင့်ကြံသူများသည် ရန်ဟောင် စိတ်စွမ်းအားကို ခံနိုင်စွမ်းမရှိကြပေ။

တိုက်ခိုက်ရေးစွမ်းအားဖြင့် ဖုံးလွှမ်းထားသည့်လှံတံသည် စေတီများအား ဝါးများကိုခွဲသကဲ့သို့ အဆက်မပြတ် ထိုးဖေါက်နေသည်။ ရီဖူရှင်း၏ခန္ဓာကိုယ်ပတ်၀န်းကျင်တွင် အလင်းရောင် တောက်ပနေသော မဟာလမ်းစဉ်၏အကာအကွယ်တစ်ခု ဖြစ်ပေါ်နေသည်။ စေတီများသည် တရိပ်ရိပ် ပြိုကွဲသွားနေခဲ့သည်။  ထိုနေရာတွင် အဆက်မပြတ်ထွက်ပေါ်နေသော ပေါက်ကွဲသံများသည် မိုင်ပေါင်းရာချီဒေသများအထိ ပျံ့နှံ့ထွက်ပေါ်နေသည်။

ဘုန်း…

ဝူမန်သည် ရှေ့သို့လှမ်းကာ ရီဖူရှင်းဆီသို့ ချည်းကပ်သွားရင်း သူ၏လက်ကိုမြှောက်ကာ ရန်ဟောင်စွမ်းအင်များ ပြည့်ဝနေသော လက်သီးတစ်ချက်အား ထုတ်ဖေါ်လိုက်သည်။ သူ၏လက်သီးချက် မရောက်မီ ဧရာမစေတီကြီးသည် လှံနှင့်ထိပ်တိုက်တွေ့ပြီး အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားသည်။ ထိုလက်သီးချက် လှံနှင့် ထိပ်တိုက်တွေ့သောအခါတွင် ဧရာမစေတီကြီးထပ်မံပေါ်ပေါက်လာသည်။ စေတီကြီးသည် အလွန်လျင်မြန်သော အမြန်နှုန်းဖြင့် လှည့်ပတ်နေပြီး လေပြင်းမုန်တိုင်းများ ဖြစ်ပေါ်စေကာ ထိုနေရာတစ်ခုလုံးကို ပျက်စီးသွားစေသည်။

ကလန်…

လှံနှင့် လက်သီးချက်တို့ ထိပ်တိုက် တွေ့သွားသည်။ သတ္တုအချင်းချင်း ထိခတ်မိသည့် ထိတ်လန့်ဖွယ်အသံထွက်ပေါ်လာသည်။ ရီဖူရှင်း၏ကိုယ်ခန္ဓာသည် နောက်သို့လွှင့်စင်ထွက်သွားသည်။ သူ၏လှံကိုင်ထားသည့်လက်သည် တုန်ခါနေပြီး သူ၏လက်မောင်းသည်ပင် အနည်းငယ်တုန်ခါနေသည်။ လက်သီးချက်ရှိစွမ်းအားများသည် သူ၏ခန္ဓာကိုယ်ထဲ တိုက်ရိုက်ဝင်ရောက်လာပြီး သူ၏အရိုးများကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် ပြုလုပ်နေကြသည်။ သို့သော် သူသည် မဟာလမ်းစဉ်၏ခန္ဓာကိုယ်ကို တည်ဆောက်ထားနိုင်ပြီးဖြစ်သည်။ သူ၏ခန္ဓာကိုယ်ကို ပြိုကွဲစေရန်မှာ မလွယ်ကူပေ။

ဝူမန်လည်း နောက်သို့ ခြေတစ်လှမ်း ဆုတ်သွားသည်။ သူ၏လက်ကိုဖြေလျော့လိုက်ပြီး လက်သီးထပ်မံဆုပ်လိုက်မိသည်။ သူ့လက်များထုံကျဉ်နေသည်။ ယခုတိုက်ခိုက်မှုတွင် အားကောင်းသည့် တိုက်ခိုက်ရေးစွမ်းအားသည် သူ၏လက်သီးကို ဆုပ်ပြဲ သွားစေနိုင်သော ကြောက်မက်ဖွယ်ရာ အဖျက်စွမ်းအားတစ်ခုကို ခံစားခဲ့ရသည်။ သူနှင့် မနီးမဝေးတွင် ရှိနေသာ ရီဖူရှင်းကို ကြည့်လိုက်မိသည်။ ရှန့်ထိုအဆင့်လူငယ်တစ်ယောက်၏ ပြန်လည်တိုက်ခိုက်ခြင်းကို ခံလိုက်ရသည့်အတွက် မျက်နှာပျက်စရာဖြစ်သွားခဲ့သည်။ သူသည်ရှေ့တို့တိုးကာ ရီဖူရှင်းရှိရာ အခြမ်းဘက်သို့ တိုးကပ်သွားလိုက်ပြီး တစ်ချိန်တည်းတွင် သူ၏လက်နှစ်ဖက်စလုံးကို ဆန့်ထုတ်လိုက်သည်။ သူ၏နတ်ဝင်ရိုးမှ အင်ပါယာတစ်ယောက်၏စွမ်းအင်များ ပေါက်ကွဲ ထွက်ပေါ်လာသည်။

ထိုအချိန်တွင် ကောင်းကင်ပေါ်၌ မရေမတွက်နိုင်သော ရွှေစေတီများပေါ်ပေါက်လာခဲ့သည်။ စေတီများအားလုံးသည် နတ်ဘုရားလက်မောင်းများနှင့် တူညီနေကြသည်။ စေတီတစ်ခုချင်းစီသည် ကြောက်မက်ဖွယ်ရာ လေမုန်တိုင်းများကို တိုက်ခတ်ထုတ်လွှင့်နေပြီး ရီဖူရှင်းကိုလွှမ်းခြုံသွားသည်။ ဤတိုက်ခိုက်ရေးစွမ်းအားသည် ယခင်စွမ်းအင်ထက် ပို၍စွမ်းအားကြီးမားသည်။ စေတီများသည် တောင်များနှင့်မြစ်များကို ရွေ့လျားသွားစေနိုင်သကဲ့သို့ဖြစ်သည်။

ရီဖူရှင်း၏လှံသည် စေတီတစ်ဆူကို ပြိုကွဲသွားစေသော်လည်း ဒုတိယစေတီက သူ့အပေါ်ကျဆင်းလာသည်။ စေတီများသည် အဆက်မပြတ် ကျဆင်းလာပြီး ရီဖူရှင်းကို လှံမြှောက်နိုင်ရန်ပင် အချိန်မပေးပေ။ ရီဖူရှင်း၏ လက်မောင်းသည် တုန်ခါနေပြီး လက်ထဲမှလံသည်လည်း ခါရမ်းနေသည်။ သူ၏တိုက်ခိုက်ရေးစွမ်းအားများ ပို၍မြင့်တက်လာပြီး လှံထက်တွင်ထွက်ပေါ်လာသည်။ ထိုတိုက်ခိုက်ရေးစွမ်းအားများသည် သူ့အပေါ်သို့ မိုးရွာသလိုကျဆင်းနေသော စေတီများကို ဖျက်ဆီးပစ်လိုက်သည်။ သူ၏ခန္ဓာကိုယ်သည် ပျော့ခွေသွားပြီး လဲကျလုမတတ်ဖြစ်လာသည်။

ဘုန်း…

လွှမ်းမိုးနိုင်သော အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီး နတ်အလင်းတန်းများ တောက်ပလာသည်။ ရီဖူရှင်း၏ခန္ဓာကိုယ်သည် ရွှေစင်နှင့်သွန်းလုပ်ထားသည့် ရွှေခန္ဓာကိုယ်ပမာဖြစ်ပေါ်လာသည်။ ကောင်းကင်ထက်မှ မဟာလမ်းစဉ်၏ မြည်ကြွေးသံကြီး ထွက်ပေါ်လာသည်။ ရီဖူရှင်း၏ကိုယ်ခန္ဓာမှရွှေရောင်အလင်းတန်းများ အဆက်မပြတ် ထွက်ပေါ်လာသည်။ မဟာလမ်းစဉ်၏နတ်ဘုရား မီးပြင်းဖိုအောက်တွင် ကောင်းကင်သည် ရွှေရောင် တောက်ပလာသည်။ ကောင်းကင်ထက်မှ မဟာလမ်းစဉ်၏ နတ်ဘုရားအသံများ အဆက်မပြတ် ထွက်ပေါ်နေပြီး အရာခပ်သိမ်းသောမဟာလမ်းစဉ်တိုင်းတွင် ပဲ့တင်ထပ်နေသည်။ ရီဖူရှင်း၏ နောက်မှ ရှေးဟောင်းနတ်ဘုရားပုံရိပ်များ တစ်ခုပြီးတစ်ခုထွက်ပေါ်လာပြီး ကမ္ဘာမြေသို့ဆင်းသက်လာသည်။

ဘုန်း…

ဧရာမ ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ရီဖူရှင်း၏ကိုယ်ခန္ဓာသည် ပျော့ခွေခေါက် နေဆဲဖြစ်သည်။ သို့သော် လေထုထဲတွင် ရပ်နေသော ဝူမန်မျက်မှောင်ကြုတ်လိုက်သည်။ ၎င်းသည် မြင့်မားသောကောင်းကင်ဘုံမှ ရှေးဟောင်းအင်အားစုမှ ကြီးမားသော ပုံရိပ်ယောင်များ ဖြစ်ပုံပေါ်သည်။

ထိုအရာသည် ရွှေရောင်နတ်ပြည်ထောင်မှ နတ်ဘုရားကြွေးကြော်သံဖြစ်သည်။ ရွှေရောင် နတ်ပြည်ထောင်သည် အရှင်ဒွန်ဟောင်နှင့် မဟာမိတ်ဖွဲ့ခဲ့သည်။ ထို့ကြောင့်ဝူမန်သည် ရွှေရောင်နတ်ပြည်ထောင်အကြောင်း အနည်းအကျဉ်းသိပေသည်။

ရီဖူရှင်းသည် ရွှေရောင်နတ် ပြည်ထောင်မှ အစွမ်းထက်သောနတ်ဝိဇ္ဇာအတတ်ကို မည်သို့ ကျွမ်းကျင်တတ်မြောက်နေသနည်း။ အခုအချိန်တွင် ရီဖူရှင်းသည် နတ်ဘုရားတစ်ပါး၏ ပိုင်ဆိုင်မှုကဲ့သို့ဖြစ်နေသည်။ သူ၏ရွှေရောင် ပုံရိပ်နှင့်အတူ အရာအားလုံးကိုဖိနှိပ်နိုင်စွမ်းရှိသည့် နတ်ဆင်များ၏ ကျယ်လောင်သော အော်မြည်သံထွက်ပေါ်လာပြီး ယင်းအသံသည် ကောင်းကင်နှင့်မြေကြီးကိုလှုပ်ခါနိုင်စွမ်းရှိသည်။

ဤခမ်းနားထည်ဝါသောမြင်ကွင်း ဖြစ်ပေါ်လာသည့်အချိန်တွင် သူ၏ကိုယ်ခန္ဓာမှ တိုက်ခိုက်ရေး စွမ်းအားများသည် သူ၏နက်ရှိုင်းစွာ ထိုးထွင်းသိမြင်မှုများနှင့်ပေါင်းစပ်မိသွားချိန်တွင် ရီဖူရှင်း၏ စွမ်းအားများသည် ထိတ်လန့်အံ့ဩဖွယ်ကောင်းသောအဆင့်သို့ ရောက်ရှိသွားခဲ့သည်။  ကောင်းကင်ပေါ်သို့ မော့ကြည့်ရင်းရီဖူရှင်း၏လက်ထဲမှ လှံသည်လှုပ်ခါသွားသည်။ သူသည်ရှေ့သို့ ခြေလှမ်းတစ်လှမ်းလှမ်းလိုက်ပြီး သူ၏ခန္ဓာကိုယ်ကို ရပ်တံ့လိုက်သည်။ နတ်ဘုရားကြွေးကြော်သံကို ကြားလိုက်ရသည်။ သူ၏လှံသည်လှုပ်ခါသွားပြီး နတ်အလင်းတန်းတစ်ခု ကောင်းကင်သို့ ထိုးဖေါက်သွားပြီး ရီဖူရှင်း၏ကိုယ်ခန္ဓာသည်လည်း ကောင်းကင်သို့ ထိုးတက်သွားသည်။

စေတီများ တစ်ဆူပြီးတစ်ဆူ ပြိုကွဲသွားသည်။ မြင့်မားသောကောင်းကင်ထက်မှ ဝူမန်သည် ရီဖူရှင်းကို ငုံ့ကြည့်လိုက်သည်။ ရီဖူရှင်း၏ကိုယ်ခန္ဓာသည် ရွှေရောင်နတ်အလင်းများတောက်ပနေပြီး သူ၏တိုက်ခိုက်မှုများကို ဝါးများခုတ်ပိုင်းသကဲ့သို့ဖြတ်သန်းကျော်လွှားလာနေသည်ကို တွေ့လိုက်ရသည်။ ရီဖူရှင်းသည် ရွှေရောင်ကြယ်ကြွေသကဲ့သို့ လျင်မြန်စွာဖြင့် ရှေ့သို့တိုးတက်လာနေသည်။

ရှန့်ထိုအဆင့် စွမ်းအားသည် ထိုမျှမြင့်မားသည်လား။ ဝူမန်သည် တိတ်တခိုး စဉ်းစားလိုက်မိသည်။ သူသည် ခေါင်းကို ခါယမ်းလိုက်ပြီး ရီဖူရှင်းကိုကြည့်လိုက်သည်။ ရှန့်ထိုအဆင့်၏ တိုက်ခိုက်ရေးစွမ်းရည်သည် နတ်ဘုရားကလန်မှ ဝူကျန်းထက်ပင် ကျော်လွန်နိုင်ပေသည်။ သို့သော် ထိုအရာသည် မည်သို့ ဖြစ်နိုင်မည်နည်း။ ရီဖူရှင်း၏စွမ်းရည်သည် မြင့်မားသော်လည်း သူသည်ရှန့်ထိုတစ်ယောက်ပင် ဖြစ်သည်။ ရှန့်ထိုနှင့်ရန်ဟောင်တို့ကြားကွာခြားမှုကို တိုက်ခိုက်ခြင်းစွမ်းအားတိုးလာရုံဖြင့် မကျော်လွှားနိုင်ပေ။ ထိုအဆင့်နှစ်ခုကြားရှိ ကွာခြားချက်သည် ကြီးမားပေသည်။

ရီဖူရှင်း၏ လှုပ်ရှားမှုများသည် အလင်းတန်း တစ်ခုပမာမြန်ဆန်လှသည်။ မိုးကဲ့သို့အဆက်မပြတ်ကျဆင်းနေသော စေတီအများစုသည် ပျက်စီးပျိုကွဲသွားကြသည်။ ထိုအချိန်တွင် ဝူမန်သည် လက်များကိုဝေ့ရမ်းလိုက်သည်။ ကလန်။ ထိုကျယ်လောင်သည့်မြည်ဟည်းသံသည် မဟာလမ်းစဉ်၏အရာတိုင်းမှ မြည်ဟည်းထွက်ပေါ်လာ သကဲ့သို့ပင် ဖြစ်သည်။ မိုးကောင်းကင်သည် အသံနှင့်ထပ်တူ လှုပ်ရှားသွားသည်။ မရေမတွက်နိုင်သော စေတီများသည် ဝူမန်၏ခန္ဓာကိုယ်သို့ တစ်ခုတည်းအဖြစ် ပေါင်းစည်းပျံ့နှံ့သွားသည်။

ဝူမန်၏ ကိုယ်ပေါ်တွင် မဟာလမ်းစဉ်စေတီနတ်ဝင်ရိုးကို ရှင်းလင်းစွာ မြင်နေရပြီး အဆုံးမဲ့ စွမ်းအားများသည် အာကာသတစ်ခုလုံး ပျံ့နှံ့နေသည်။ ကောင်းကင်ရှိစေတီများ၏ အရိပ်များမှ ပြိုင်ဘက်ကင်း သတ်ဖြတ်ခြင်းစွမ်းအားလှိုင်းများ စတင်စီးဆင်းလာသည်။ စေတီများလည်ပတ်လိုက်တိုင်း ထိုလှိုင်းများသည် လျင်မြန်စွာမြင့်မားလာပြီး အစွမ်းထက်လှိုင်းများအဖြစ်သို့ ပေါင်းစည်းဖြစ်တည် လာသည်။

ဝူမန်က လက်ကိုဆန့်တန်းလိုက်ပြီး ရီဖူရှင်းကိုကြည့်လိုက်သည်။ သူ၏တိုက်ခိုက်ရေးစွမ်းအင်ကို မည်သူကဆန့်ကျင်တိုက်ခိုက်နိုင်မည်နည်း။ ဝူမန်သည် သူ၏လက်ဖဝါးကို အောက်သို့မှောက်ချလိုက်သည်။ ကလန်။ ထိုလက်ဖဝါးကျဆင်းလာပြီး ကျယ်လောင်သော မြည်ဟည်းသံကြီး ထွက်ပေါ်လာပြန်သည်။ ကောင်းကင်နှင့်မြေပြင်တစ်ခုလုံး တုန်လှုပ်နေပြီး ထောင်နှင့်ချီသော စေတီပုံရိပ်များထွက်ပေါ်လာခဲ့သည်။ ထိုစေတီများသည် ကောင်းကင်တစ်ခုလုံး ဖုံးလွှမ်းသွားပြီး ရီဖူရှင်းထံကျဆင်းလာကြသည်။ ထိုစေတီများသည် လျင်မြန်စွာအထက်သို့ ထိုးနှက်လာနေသော ရီဖူရှင်း၏လှံနှင့် တိုက်ရိုက်ထိတွေ့မိသွားပြီး ဆုတ်ခွါချိန် မရလိုက်ပေ။

ကျယ်လောင်သည့် ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ နောက်ဆုံးတွင် လှံသည်စေတီများကို ဆက်လက် မထိုးနှက်နိုင်တော့ပေ။ ရီဖူရှင်းသည် နောက်သို့ထပ်မံလွှင့်စင်သွားပြီး ရပ်တံ့သွားချိန်တွင် သူ၏လက်များသည် လှုပ်ခါနေပြီး သူ၏ပါးစပ်ထောင့်မှ သွေးများစီးကျလာသည်။ သူ၏ လက်မောင်းရိုးများသည် ကျိုးကျေလုမတတ် ပြင်းထန်စွာ တုန်လှုပ်နေသည်။ ထေင်ချီသော စေတီတော်ပုံရိပ်များသည် အလွန်အံ့အားသင့်စရာ အစွမ်းထက်ပေသည်။

အခြားဘက်တွင် ယူချင်း၏ခန္ဓာကိုယ်ပေါ်တွင် နတ်ဆိုးစွမ်းအားများသည် ထွက်ပေါ်နေကြသည်။ သူသည် မည်သည့်အချိန်တွင်မဆို ကူညီနိုင်ရန်ပြင်ဆင်ထားသည်။ သို့သော် ရီဖူရှင်းသည် နောက်တစ်ဆင့်သို့ ကျော်လွှားနိုင်ရန် ရန်ဟောင်၏စွမ်းအားအစစ်အမှန်ကို ခံစားလိုနေပေသည်။ ထို့ကြောင့် ယူချင်းသည် ၀င်ရောက်စွက်ဖက်ခြင်းမပြုဘဲ ရီဖူရှင်းကို ရန်ဟောင်နှင့် တစ်ဦးတည်း တိုက်ခိုက်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

“မင်းအခုသိပြီလား” ဝူမန်သည် အောက်ဘက်ရှိ ရီဖူရှင်းကို ငုံံ့ကြည့်ပြီး ပြောလိုက်သည်။ “မင်းရဲ့ တိုက်ခိုက်နိုင်စွမ်းဘယ်လောက်ရှိတယ်ဆိုတာအရေးမပါဘူး။ ရှန့်ထိုဟာ ရှန့်ထိုပဲ။ ရှန့်ထိုနဲ့ ရန်ဟောင်ကြားက ကွာခြားချက်က ကြီးမားတယ်။ ဒီခြားနားချက်ကို တိုက်ခိုက်ရေး စွမ်းရည်မျှလောက်နဲ့ ကျော်လွှားလို့မရနိုင်ဘူး။ အခုဒါကို ဘယ်လို ကျော်ဖြတ်မလဲ။”

ဝူမန် စကားပြောနေစဉ်မှာပင် သူ၏ရန်ဟောင်စွမ်းအားများသည် ရီဖူရှင်းကို လွှမ်းခြုံသွားသည်။ သူ၏မဟာလမ်းစဉ်စက်ဝန်းသည် တောက်ပသောမြင့်မြတ်သောအလင်းများ ဖြာထွက်နေသည်။ မရေမတွက်နိုင်သော စေတီအရိပ်များသည်လည်း ရီဖူရှင်းထံ ကျဆင်းလာနေဆဲဖြစ်သည်။  ရန်ဟောင်သည် သူ၏မဟာလမ်းစဉ်နတ်ဝင်ရိုးမှ အရာအားလုံးကို ထိန်းချုပ်နိုင်ပြီး ကောင်းကင်နှင့်မြေကြီးကို သူ၏အစွမ်းဖြင့် လွှမ်းမိုးထားနိုင်သည်။ ၎င်းသည် သူ၏ မဟာလမ်းစဉ် ကိုယ်ပိုင်ကမ္ဘာ တည်ရှိနေသကဲ့သို့ ဖြစ်သည်။ ရန်ဟောင်အတွက် ရှန့်ထိုအဆင့်ကျင့်ကြံသူကို တိုက်ခိုက်ရန်မှာ ၎င်းသည်ကျူးကျော်သူများကို တိုက်ခိုက်နှိမ်နှင်းနိုင်သည့် ဘုရင်တစ်ပါးကဲ့သို့ပင် အရာအားလုံးကို လွှမ်းမိုးသိမ်းပိုက်နိုင်စွမ်းရှိပေသည်။ ရန်ဟောင်သည် ရှန့်ထိုအဆင့်မှ မည်သည့် ကျင့်ကြံသူကိုမဆို သတ်ပစ်နိုင်စွမ်းရှိပေသည်။ သူသည် လက်ညှိုးညွှန်ပြလိုက်လျှင် ထောင်ချီသော စေတီပုံရိပ်များ ထပ်မံပေါ်ပေါက်လာပြန်သည်။

“ငါသိပြီ” ရီဖူရှင်း ခေါင်းညိတ်လိုက်ပြီး ပြန်ပြောလိုက်သည်။ “အရည်အသွေးသတ်မှတ်ချက်အရ ရန်ဟောင်နဲ့ ရှန့်ထိုအဆင့်ကြားက ကွာခြားချက်ကို ကျော်လွှားနိုင်ဖို့ခက်ခဲတယ်”

“မင်းသိပြီဆိုရင် စည်းတံဆိပ်ကို ဖွင့်တဲ့နည်းကို ငါ့ကိုပေးလိုက်။ မင်းကိုငါ လွတ်ပေးလိုက်မယ်။ မင်းဒီလောက်ထိနာကျင်ဖို့ မလိုပါဘူး” ဝူမန်သည် ရီဖူရှင်းထံသို့ နတ်ဘုရားတစ်ပါးကဲ့သို့ ဆက်လက်လျှောက်လှမ်းလာခဲ့သည်။

“ဒါပေမယ့် လူအချို့ကတော့ အဆုံးသတ်မှာ ကျော်လွှားနိုင်တယ်” ရီဖူရှင်းက ဆက်ပြီးပြောလိုက်သည်။ ဝူမန် မျက်မှောင်ကြုတ်လိုက်သည်။ ရီဖူရှင်းသည် မည်သည်ကြောင့် ယုံကြည်မှုများရှိနေပါသနည်း။ သို့သော် ထိုအချိန်တွင်ပင် ဝူမန်သည် ရီဖူရှင်း၏ကိုယ်ခန္ဓာမှ မိုးကောင်းကင်ကိုပင် ထိုးဖောက်နိုင်စွမ်းရှိသော တောက်ပသော အလင်းတန်းများ ဖြာထွက်လာသည်ကို တွေ့လိုက်ရသည်။ ထိုနတ်အလင်းများသည် အရပ်မျက်နှာတိုင်းကို ဖြာထွက်နေသည်။ ထိုအရာသည် သစ်ပင်မှ ဖြာထွက်နေသော သစ်ရွက်များကဲ့သို့ နေရာတိုင်းတွင်ရှိနေသည်။ အဘက်ဘက်မှ စွမ်းအားတိုင်းသည် လောင်ကျွမ်းပြီး မဟာလမ်းစဉ် စွမ်းအားတစ်ခု ဖန်တီးဖြစ်ပေါ်လာသည်ဟု ထင်မှတ်ရပေသည်။ ရီဖူရှင်း၏ သွေးကြောများသည် အော်မြည်လာပြီး သူ့အပေါ်တွင် မီးများတောက်လောင်လာသည်။ ယခုအချိန်တွင် ရီဖူရှင်းသည် မဟာလမ်းစဉ်တိုင်းကို ချုပ်ကိုင်ထားသည်ဟု ခံစားလိုက်ရသည်။

“ဒါ…” ဝူမန်၏ မျက်နှာထား ပြောင်းလဲသွားသည်။ အခုအချိန်မှာ ရီဖူရှင်းသည် လူတိုင်း၏ကိုးကွယ်ခြင်းကိုခံရသော လူ့လောက၏ ဧကရာဇ်တစ်ပါးကဲ့သို့ လင်းလက်တောက်ပစွာ ရပ်တံ့နေသည်။ ရီဖူရှင်း၏ တောက်ပသော မျက်ဝန်းများသည် အရာအားလုံးကို ဖေါက်ထွင်းသိမြင်နိုင်သော ဧကရာဇ်တစ်ပါးက အပေါ်စီးမှ ရှုမြင်နေသကဲ့သို့ ဖြစ်သည်။

ရီဖူရှင်းသည် ဝူမန်၏နတ်ဝင်ရိုးကိုကြည့်လိုက်သည်။ သူသည်ထိုအရာအား တစ်ချက်ကြည့်လိုက်ရုံဖြင့် သိမြင်နိုင်ပေသည်။ သူသည်အက်ကြောင်းကြီးကို သူ၏မဟာလမ်းစဉ်စက်ဝန်းတွင် တွေ့နေရပြီး သူ၏မဟာစက်ဝန်းသည်  ချို့ယွင်းချက်ရှိနေပေသည်။ ယခုအချိန်တွင် ဝူမန်သည် ကြီးမားသော အန္တရာယ်၏အငွေ့အသက်ကို ခံစားလိုက်ရသည်။ ရှန့်ထိုအဆင့်တစ်ဦး၏ ခြိမ်းခြောက်မှုကို အမှန်တကယ် ခံစားလိုက်ရသည်။ ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ ရီဖူရှင်းထံမှ ထွက်ပေါ်နေသော အရှိန်အဝါဖြစ်သည်။ မည်သို့ ဖြစ်နိုင်မည်နည်း။ သူသည် ကောင်းကင်အာဏာစက်ဘုံမှ မဟုတ်လော။ ရီဖူရှင်း၏လှံကို ပစ်ခတ်လိုက်သည်။ သူ၏လှံတွင် တိုက်ခိုက်ရေးစွမ်းအားများနှင့် နတ်အလင်းများနှင့်ပေါင်းစည်းသွားသည်။

“ချို့ယွင်းချက်ရှိတဲ့ ရန်ဟောင်။ မင်းသွားရမဲ့လမ်းကို အရောက်ပို့ပေးမယ်။” ရီဖူရှင်းက ပြောလိုက်သည်။ သူသည်ရှေ့သို့ ခြေလှမ်းတိုးလိုက်ရာ နတ်အလင်းတန်းတစ်ချက်လက်သွားသည်။ သူသည် သူတို့ကြားရှိ အကွာအဝေးကို ချက်ချင်းဖြတ်သန်းသွားပုံပေါ်ပြီး သူ့ခန္ဓာကိုယ်သည် ဝူမန်ရှေ့တွင်ပေါ်လာသည်။

ဝူမန်သည် တိုက်ခိုက်ရန် လက်ကိုလျင်မြန်စွာ မြှောက်လိုက်သည်။ ရီဖူရှင်းသည် ဒီတစ်ခေါက်တွင် မည်မျှ မြန်ဆန်သနည်း။

ဘုန်း…

လှံသည် ဝူမန်၏နတ်ဝင်ရိုးကို တိုက်ရိုက်ထိသွားခဲ့သည်။ ဝူမန်ခန္ဓာကိုယ်ပေါ်မှ နတ်ဝင်ရိုးသည် အက်ကြောင်းများပေါ်လာပြီးအပိုင်းပိုင်းအစစ ကျိုးပဲ့သွားသည်။ ဝူမန်သည် ထိတ်လန့်အံ့ဩစွာဖြင့် ရီဖူရှင်းကို စိုက်ကြည့်လိုက်သည်။

ဝှစ်…

ရီဖူရှင်း၏ပုံရိပ်သည် ဝူမန်၏နောက်တွင်မ ပေါ်လာပြီး နတ်အလင်းတန်းသည် သူ၏ကိုယ်ကိုထိုးဖေါက်ဝင်ရောက်သွားသည်။ ထို့နောက် ဝူမန်၏ခန္ဓာကိုယ်သည်ပေါက်ကွဲသွားပြီး မြေမှုန့်များအဖြစ်သို့ပြောင်းလဲသွားသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset