အခန်း (၁၇၄)

မြောက်ချင်းဟယ်ကိုသတ်ဖြတ်ခြင်း

အခန်း (၁၇၄) မြောက်ချင်းဟယ်ကိုသတ်ဖြတ်ခြင်း

ကျန်းလန်က မြောက်ချင်းဟယ်ကို တိတ်ဆိတ်စွာ ကြည့်နေ၏။

တစ်ဖက်လူပြောချင်သည့်အဓိပ္ပါယ်ကို သူ နားလည်လေသည်။ သူ၏ တည်ရှိမှုက နတ်လူသားမျိုးနွယ်များအပေါ် များစွာ သက်ရောက်မှု ရှိနေသည်။

ကျန်းလန်ကတော့ ကောင်းကင်ဘုံဧကရာဇ်ကျမ်းစာကို လက်ဝယ်ရရှိခဲ့လျှင်တောင်မှ ကျင့်ကြံရန် ဆန္ဒမရှိပေ။

သို့သော် သူ့တွင် ထိုကျမ်းစာကို ကျင့်ကြံနိုင်သည့် အရည်အချင်းရှိနေခြင်းက နတ်လူသားမျိုးနွယ်များကို သေချာပေါက် ခြိမ်းခြောက်နေလေသည်။

ကောင်းကင်ဘုံဧကရာဇ်ကျမ်းစာက နတ်လူသားမျိုးနွယ်များ ပိုင်ဆိုင်သည့်အရာဖြစ်သည်။

အပြင်လူတစ်ယောက်သာ ထိုကျမ်းစာကို ရရှိသွားလျှင် မည်သည့်အရာများ ဖြစ်ပျက်ကုန်မည်နည်း။

အဖြေကို ခန့်မှန်း၍မရနိုင်သည့်တိုင် နတ်လူသားမျိုးနွယ်များအနေဖြင့် ခြိမ်းခြောက်ခံနေခဲ့ရလေသည်။

ထိုကျမ်းစာကို ကျန်းလန် ကျင့်ကြံမည် ၊ မကျင့်ကြံမည်ကို မေးခွန်းထုတ်နေစရာ မလိုပေ။ ထိုကျမ်းစာကို ကျန်းလန် ကျင့်ကြံနိုင်စွမ်းရှိနေခြင်းကပင် ကြီးမားသည့်ပြဿနာကြီး ဖြစ်နေခဲ့သည်။

ကျန်းလန်မရှိမှသာ နတ်လူသားမျိုးနွယ်များ အေးချမ်းစွာ အိပ်ပျော်နိုင်မည် ဖြစ်သည်။

မိမိအိမ်သော့ သူစိမ်းတစ်ယောက်၏ လက်ထဲတွင် ရှိနေသည့် အခြေအနေမျိုး ဖြစ်သည်။ ထိုသူစိမ်းက ဘယ်အချိန် အိမ်တံခါးဖွင့်ပြီးဝင်လာမည်လဲဟု စိုးရိမ်နေရသည်။

တစ်ဖက်လူက အိမ်သို့မလာဘူးဆိုသည့်တိုင် ထိုသူဆီတွင် အိမ်သော့ရှိနေလေသည်။

သာမန်ဆိုလျှင်တော့ အိမ်သော့ကို ပြန်တောင်းနိုင်သလို အိမ်သော့ကို ပြောင်းခတ်လိုက်၍လည်းရသည်။

ယခုက သော့ကိုလည်း ပြန်မတောင်းနိုင်သလို သော့အသစ်လည်း မပြောင်းလဲနိုင်သည့် အခြေအနေဖြစ်သည်။

လူတစ်ယောက်က မိမိ၏စကားဝှက် (password) ကို သိနေသည့်အလားဖြစ်ပြီး စကားဝှက် (password) ကိုလည်း ပြောင်းလဲမရနိုင်သည့် အနေအထား ဖြစ်သည်။

တစ်ဖက်လူ၏ စိတ်ထဲတွင် မှတ်မိနေသည့် စကားဝှက် (password) ကို ထုတ်ယူဖယ်ရှားနိုင်စွမ်း ရှိပါမည်လား။

အဖြေကတော့ “မရှိနိုင်” ဟူ၍ဖြစ်၏။

ထို့ကြောင့် တစ်ခုတည်းသောရွေးခြယ်ခွင့်မှာ စကားဝှက် (password) သိနေသူကို လောကမှ ပျောက်ကွယ်သွားအောင် လက်စဖျောက်ပစ်ရန်သာ ရှိသည်။

ယခု ကျန်းလန်က စကားဝှက် (password) ကို သိရှိနေလေရာ နတ်လူသားမျိုးနွယ်များ သူ့အသက်ကို နှုတ်ယူချင်သည်မှာ မဆန်းပေ။

ကိစ္စရှင်းနေပြီဖြစ်ရာ ကျန်းလန်အနေဖြင့် စဉ်းစားနေစရာ မလိုတော့ပေ။ ရန်သူများကို သေလမ်းပို့ပေးရုံသာ ရှိတော့သည်။

“နတ်လူသားမျိုးနွယ်တွေက ဘယ်လောက်တောင် အင်အားကြီးမားသလဲ…”

ကျန်းလန်က အေးအေးဆေးဆေးပင် မေးမြန်းလိုက်သည်။

လူသားအင်မော်တယ်တစ်ပါးအနေဖြင့် နတ်လူသားမျိုးနွယ်တစ်ခုလုံးကို မျိုးဖြုတ်ပစ်နိုင်ရန် မသေချာပေ။ ထိုသို့ပြုလုပ်နိုင်စွမ်းလည်း မရှိလောက်သေးပေ။

မြောက်ချင်းဟယ်က…

“လူသားအင်မော်တယ်တွေအနေနဲ့… မင်းပဲဖြစ်ဖြစ် ကျုပ်ပဲဖြစ်ဖြစ် နတ်လူသားမျိုးနွယ်တစ်ခုလုံးရဲ့ အင်အားကို နားလည်နိုင်မှာ မဟုတ်ဘူး…”

ကျန်းလန်က ထပ်မေးလိုက်သည်။

“ခွန်လွန်တောင်နဲ့ ယှဉ်ရင်ရော ဘယ်လိုရှိမလဲ…”

မြောက်ချင်းဟယ်က ကျန်းလန်ကို ကြည့်လိုက်ပြီး နှာခေါင်းရှုံ့လိုက်သည်။

“မင်းရဲ့ဆရာကို ဘာလို့ သွားမမေးတာလဲ… ၊ ကျုပ်လိုလူသားအင်မော်တယ်တစ်ယောက်ဆီက မင်း ဘာများသိနိုင်မှာတဲ့လဲ…”

မြောက်ချင်းဟယ်၏ စကားများကြောင့် ကျန်းလန် မည်သည့်ခံစားချက်မှ မဖြစ်မိပေ။

ကျန်းလန်က…

“မင်းသေသွားရင်လည်း ကျုပ်နောက်ကိုလိုက်ဖို့ နတ်လူသားမျိုးနွယ်ဘက်က လူတွေဆက်လွှတ်နေဦးမှာပဲ မဟုတ်လား…”

“သူတို့ဘက်ကတော့ လက်လျှော့မှာ မဟုတ်ဘူး ၊ ကောင်းကင်လှေကားအဆုံးထိတက်ခဲ့မိတာကိုက မင်းရဲ့ မဟာအမှားကြီးပဲလေ…”

“ကောင်းကင်လှေကားကို အဆုံးထိတက်တဲ့ကိစ္စက ဒီလောက်အရေးကြီးတယ်ဆိုရင် အစကတည်းက မင်းတို့ကောင်တွေ ကျုပ်ကို ဘာလို့ တက်ခွင့်ပြုခဲ့သေးလဲ…”

“ဘာလို့လဲဆိုတော့ အပြင်လူတွေထဲမှာ ကောင်းကင်လှေကားကို တက်နိုင်တဲ့သူ တစ်ယောက်မှ မရှိဘူး… ၊ အစပိုင်းတောင် မတက်နိုင်ကြဘူး… ၊ ထိပ်ဆုံးအထိ ရောက်ဖို့ဆိုတာ ဝေလာဝေးပဲ… ၊ ဒီတော့ အပြင်လူတစ်ယောက်က ကောင်းကင်လှေကားထိပ်ဆုံးအထိ တက်သွားတယ်ဆိုတာ ကျုပ်တို့အတွက်တော့ မုန်တိုင်းတစ်ခုပဲ…”

ခဏနားပြီးနောက် မြောက်ချင်းဟယ် ရုတ်တရက် မေးမြန်းလိုက်သည်။

“မြောက်ရှိုးကို မင်းသတ်လိုက်တာလား…”

“မင်းဟာမင်း သွားမေးလိုက်တော့…”

ကျန်းလန်က ခပ်တိုးတိုးလေသံဖြင့် ပြောလိုက်ပြီး မြောက်ချင်းဟယ်ထံသို့ ခြေတစ်လှမ်းချင်း တိုးကပ်လာသည်။

ကျန်းလန် သူ့အနားကပ်လာသည်နှင့် မြောက်ချင်းဟယ် မျက်မှောင်တစ်ချက် ကြုတ်လိုက်၏။

“မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က လုံးဝ လူသားအင်မော်တယ် ၊ နောက်ဆုံးအဆင့် မဖြစ်သင့်ဘူး… ၊ ကျုပ်ကို သတ်နိုင်မယ်လို့လည်း မင်း ထင်မနေနဲ့… ၊ ကျုပ်က ဒီမှော်ဝင်ပစ္စည်းကို အသက်သွင်းလိုက်တာနဲ့ ဒီနေရာမှာ ဘာဖြစ်နေလဲဆိုတာ ကျုပ်တို့မျိုးနွယ်က အကြီးအကဲတွေ သိသွားကြလိမ့်မယ်… ၊ အချိန်ရှိတုန်း မင်း လွတ်အောင်ပြေးသင့်တယ်…”

“ကျုပ် ပြေးမှာပါ… ဒါပေမဲ့…”

ကျန်းလန်က မြောက်ချင်းဟယ်အနားသို့ အေးဆေးစွာ လျှောက်လာရင်း ပြောလိုက်သည်။

“‘မင်းကို မင်းလူတွေနဲ့တွေ့ဖို့ သေရွာကို အရင်ပို့ပေးလိုက်ဦးမယ်…. ၊ တော်ကြာ တစ်ယောက်တည်းကျန်ခဲ့ရင် အထီးကျန်နေမှာစိုးလို့…”

မြောက်ချင်းဟယ်က…

“အင်မော်တယ်နှောင်ကြိုးက ကျုပ်ကို သတ်နိုင်မယ်များ ထင်နေသလား…”

သူ အနည်းငယ် စိုးရိမ်ပူပန်လာမိသည်။

တစ်ဖက်လူက သူ့ကို ကြောက်ရွံ့ထိတ်လန့်မှုများ ဖြစ်ပေါ်လာစေသည်။

အလွန်ကြီးမားသည့် ဘေးအန္တရယ်ကပ်ဆိုးကြီးတစ်ခု သူ့အနားချဉ်းကပ်လာသည့်အလား ခံစားလိုက်ရသည်။

“အင်မော်တယ်နှောင်ကြိုးကတော့ မင်းကို မသတ်နိုင်ပါဘူး… ၊ ဒါပေမဲ့…”

ကျန်းလန်က လက်တစ်ဖက်ကို ဆန့်တန်းလိုက်ပြီး ရန်သူ၏ မှော်ဝင်ပစ္စည်းကို ဖမ်းဆုပ်လိုက်သည်။

သူ့လက်ထဲတွင် အန္တရယ်ကိုးသွယ်စွမ်းအားက ပြည့်နက်လာသည်။

ချက်ချင်းပင် ကျန်းလန်၏လက်မှ အဖျက်စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး ဘေးအန္တရယ်အငွေ့အသက်များ ဖုံးလွှမ်းလာသည်။

ဘေးအန္တရယ်အငွေ့အသက်များ လွှမ်းခြုံနေသည့် ကျန်းလန်၏လက်က မြောက်ချင်းဟယ်၏ မှော်ဝင်ပစ္စည်းကို ဖမ်းဆုပ်လိုက်သည်။

“ကျုပ်ကလည်း မင်းကိုသတ်ဖို့ အင်မော်တယ်နှောင်ကြိုးကို သုံးမယ်လို့ တစ်ခါမှ မတွေးခဲ့ပါဘူး…”

ကျန်းလန်၏လက်မှ အန္တရယ်ကိုးသွယ်စွမ်းအားက စတင်ပေါက်ကွဲထွက်လာသည်။

မြောက်ချင်းဟယ်မှာ အလွန်ကြီးမားသည့် ဘေးအန္တရယ်ကပ်ဆိုးကြီးတစ်ခုနှင့် ရင်ဆိုင်ရသည့်အလား ခံစားလိုက်ရသည်။

ဆင်းသက်လာသည့် ဘေးအန္တရယ်ကပ်ဆိုးကြီးကို သူ၏ မှော်ဝင်ပစ္စည်းက မခံရပ်နိုင်တော့ပေ။

“ဘန်း…”

အချိန်အတန်ကြာပြီးနောက် မြောက်ချင်းဟယ်၏ မှော်ဝင်ပစ္စည်းတွင် အက်ကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။

ထိုအက်ကြောင်းမှတစ်ဆင့် စွမ်းအားများ စီးဆင်းဝင်ရောက်လာပြီး မိုးကုတ်စက်ဝိုင်းဆီမှ ကြောက်မက်ဖွယ်ရာ တည်ရှိမှုတစ်ခုက လေထုထဲသို့ ပျံ့နှံ့လာကာ လောကတစ်ခုလုံး ပျက်စီးသွားစေတော့မည့်အလား ခံစားရစေသည်။

မြောက်ချင်းဟယ် ကြောက်ရွံ့တုန်လှုပ်သွားမိသည်။

“ဒါ ဘယ်လိုလုပ ်ဖြစ်နိုင်မှာလဲ…”

ထို့နောက် ကျန်းလန်၏ ကြီးမားသည့် လက်တစ်ဖက်က မြောက်ချင်းဟယ်၏ဦးခေါင်းကို ဖမ်းဆုပ်လိုက်သည်။

မြောက်ချင်းဟယ် ထွက်ပြေးချင်မိသော်လည်း လှုပ်ရှားနိုင်စွမ်း လုံး၀ မရှိတော့ပေ။ တစ်ဖက်လူက သူ့ထက် များစွာ တန်ခိုးစွမ်းအား မြင့်မားသည်။

“ကျုပ် သေသေချာချာ စုံစမ်းပြီးပြီ… ၊ မင်း ဒီလောက် တန်ခိုးစွမ်းအား မြင့်မားမနေသင့်ဘူး… ဒါ အဓိပ္ပါယ်မရှိဘူး…”

ကျန်းလန်၏ လက်သီးချက်က မြောက်ချင်းဟယ်၏ ဦးခေါင်းကို ထုနှက်ပစ်လိုက်သည်။

“ဘုန်း…”

အားလုံးက ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

“ငရဲကို ကြွပေတော့… အဲဒီရောက်မှ အဖော်တွေနဲ့ လေဆက်ပန်းတော့…”

ကျန်းလန်က သွေးမှုံများကို ကြည့်ရင်း ရေရွတ်လိုက်သည်။

နတ်လူသားမျိုးနွယ်များ၏ တည်ရှိမှုက ကျန်းလန်အတွက် သောက်ပြဿနာ ဖြစ်သည်။

သူက တန်ခိုးစွမ်းအားမြင့်မားသူတစ်ယောက်ဖြစ်နေသရွေ့ ပြဿနာ မရှိပေ။ သို့သော် သူသာ တန်ခိုးစွမ်းအားမြင့်မားမှုမရှိလျှင် အခြေအနေက တစ်မျိုးဖြစ်သွားနိုင်သည်။

သူ၏ ဖုံးကွယ်ထားသည့် ကျင့်ကြံခြင်းအဆင့်ကို ဘေးဖယ်ထားပြီး အများသိမြင်သည့် ကျင့်ကြံခြင်းအဆင့်ဖြင့်သာဆိုလျှင် ကျန်းလန် မြောက်ချင်းဟယ်ကို ရင်ဆိုင်နိုင်မည် မဟုတ်ပေ။

နောက်တစ်ချက်မှာ နတ်လူသားမျိုးနွယ်များက မြောက်ချင်းဟယ်ထက် တန်ခိုးစွမ်းအားမြင့်မားသူများကို ထပ်မံစေလွှတ်မည်ဆိုလျှင် မည်သို့ရှိမည်နည်း။

ဤနေရာက ခွန်လွန်တောင်နှင့် အလွန်နီးသည့် နေရာတစ်ခု ဖြစ်သည်။

နတ်လူသားမျိုးနွယ်များက တန်ခိုးစွမ်းအား အလွန်တရာ မြင့်မားသူတစ်ယောက်ကို စေလွှတ်မည်ဆိုပါက အဓိပ္ပါယ်တစ်မျိုး သက်ရောက်သွားပေလိမ့်မည်။

စေလွှတ်လိုက်သူမှာ ချက်ချင်း ခေါင်းနှင့်ကိုယ် အိုးစားကွဲသွားနိုင်သည်။

ကျန်းလန် ထိုကိစ္စများကို အရေးမစိုက်တော့ဘဲ နေရာမှ ပျောက်ကွယ်သွားသည်။

ယခု မြောက်ချင်းဟယ်နှင့် သူ့လူများအားလုံး သေဆုံးသွားပြီဖြစ်ရာ နတ်လူသားမျိုးနွယ်များက သူ့ကိုပိုပြီး အာရုံစိုက်လာကြတော့မည် ဖြစ်သည်။

မည်သည့်အဖြစ်အပျက်များဖြစ်ပျက်သည်ကို နတ်လူသားမျိုးနွယ်များဘက်မှ ခြေရာခံကြတော့မည် ဖြစ်သည်။

သူ၏ သစ်ရွက်အမြင်တန်ခိုးစွမ်းအားက အဖြစ်အပျက်များကို ဖုံးကွယ်ထားနိုင်ဦးမည်လားဆိုသည်မှာ ပြောရခက်သည်။

အသစ်ရရှိထားသည့် အဆင့်လွန်နတ်တန်ခိုးစွမ်းအားဖြစ်သော ကောင်းကင်လွှမ်းသစ်ရွက်တန်ခိုးစွမ်းအားကို ရရှိလိုက်ပြီးကတည်းက သစ်ရွက်အမြင်တန်ခိုးစွမ်းအားက သူ့အတွက် မလုံလောက်တော့သလို ခံစားနေရသည်။

သို့သော် သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို တစ်စုံတစ်ယောက်က ထိုးဖောက်သိမြင်သွားမည်ဆိုလျှင် ကျန်းလန် သေချာပေါက် အာရုံခံမိမည်ပဲ ဖြစ်သည်။

လောလောဆယ်တွင်တော့ မည်သည့်ပြဿနာမှ မရှိနိုင်သေးပေ။

သူ၏ မှော်ဝင်ပစ္စည်းကို အသက်သွင်းလိုက်သည်နှင့် ဤနေရာတွင် ဘာဖြစ်ခဲ့သည်ကို သူတို့မျိုးနွယ် အကြီးအကဲများ သိရှိသွားမည်ဟု မြောက်ချင်းဟယ်က ကျန်းလန်ကို ပြောခဲ့သည်။

ထိုစကားကို ကျန်းလန် မယုံကြည်သည့်တိုင် ဤနေရာမှ အမြန်ဆုံးထွက်ခွာသွားရမည် ဖြစ်သည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် သက်သေများအားလုံးကိုလည်း ကျန်းလန် အတတ်နိုင်ဆုံး ဖျက်စီးပစ်ခဲ့သည်။

ကျန်းလန် ကျောက်ဂူအတွင်းမှ ပျောက်ကွယ်သွားသည်နှင့် ကျန်းလန် ပြုလုပ်ထားသည့် အစီအရင်များအားလုံး သဲလွန်စမကျန် ပျက်စီးပျောက်ကွယ်သွားကြသည်။

ကျန်းလန် အလွန်ဝေးကွာသည့် မြို့တော်ကြီးတစ်ခုရှိရာသို့ ထွက်ခွာလာခဲ့သည်။

ထိုမြို့တော်ကြီး၏နာမည်က “ကောင်းကင်ပြာမြို့တော်” ဖြစ်ပြီး ခွန်လွန်တောင်နှင့် လဝက်ခန့် ခရီးနှင်ရသည့် နေရာတွင် တည်ရှိသည်။

ကောင်းကင်ပြာမြို့တော်က အလွန်ခမ်းနားသည့် မြို့တော်ကြီးတစ်ခုဖြစ်ပြီး တန်ခိုးစွမ်းအားမြင့်မားသူများနှင့်လည်း ပြည့်နက်လို့နေသည်။

သို့သော် ကျန်းလန်ကတော့ မည်သည့်ထူးခြားချက်ကိုမှ မခံစားရပေ။

သူအရေးစိုက်သည်က မည်သည့်လက်ဆောင်ပစ္စည်းဝယ်ရမည်ဆိုသည့်အချက် ဖြစ်သည်။

မြို့တော်ကြီး၏လမ်းများက ကျယ်ဝန်းပြီး လူအများဖြင့် စည်ကားသိုက်မြိုက်လျှက် ရှိသည်။ ကျန်းလန်ခြေလှမ်းနေသည့် မြေပြင်သည်ပင် တောက်ပခိုင်ခန့်သည့် ကြွေပြားများဖြင့် ခင်းကျင်းထားသည်။

ချင်းချန်မြို့လေးကတော့ ကျောက်တုံးများဖြင့်သာ တည်ဆောက်ထားသည့် မြို့လေးတစ်မြို့ဖြစ်သည်။

မြို့ငယ်လေးနှင့် မြို့တော်ကြီးက မယှဉ်နိုင်လောက်အောင် ကွာခြားသည်။ ချင်းချန်မြို့လေးက လူအများအပြားရှိသည့်တိုင် ကောင်းကင်ပြာမြို့တော်ကြီးလောက် စည်ကားခြင်း မရှိပေ။

“ဒီမှာ ကျင့်ကြံသူတွေအများကြီးပဲ…”

ကျန်းလန် လမ်းလျှောက်လာရင်း တွေးလိုက်သည်။

လမ်းတစ်လျှောက် သူတွေ့မြင်ရသည့် လူပေါင်းများစွာမှာ သာမန်လူများမဟုတ်ကြောင်း ကျန်းလန် သိရှိလိုက်သည်။

ထိုစဉ်…

ထန်ဟူလူတုတ်ထိုးသကြားလုံးများဝယ်နေသည့် လူတစ်ယောက်ကို တွေ့လိုက်ရသည်။

ကျန်းလန် ခဏမျှ မတ်တတ်ရပ်စဉ်းစားနေပြီးနောက် ထိုသကြားလုံးဆိုင်သို့ လျှောက်သွားလိုက်သည်။

“ဆိုင်ရှင်… ကျုပ်ကို တုတ်ထိုးသကြားလုံး နှစ်ချောင်းရောင်းပါ…”

“ကောင်းပြီ… တစ်ချောင်းကို ကြေးပြား (၃)ပြားကျတယ်… နှစ်ချောင်းကို ကြေးပြား (၅)ပြားနဲ့ ယူသွား…”

သက်လတ်ပိုင်းလူရွယ် ဈေးရောင်းသူက ပြောလိုက်သည်။

ပြောပြီးသည်နှင့် သူက တုတ်ထိုးသကြားလုံး (၂)ချောင်းကို ကျန်းလန်လက်ထဲ ထည့်ပေးလိုက်၏။

ကျန်းလန်က တုတ်ထိုးသကြားလုံးများကိုကြည့်လိုက်ပြီး ချက်ချင်း မယူသေးဘဲ…

“ခဏလောက်စောင့်ပါဗျာ…”

လူရွယ်က ခေါင်းညိတ်လိုက်၏။

ကျန်းလန်က တုတ်ထိုးသကြားလုံး (၂)ချောင်းလောက်ကို ဝယ်ရန်မတတ်နိုင်သူဖြစ်မည်ဟု ဈေးရောင်းသူ မထင်မိပေ။

ကျန်းလန်ဝတ်ထားသည့်အဝတ်အစားများကိုကြည့်ခြင်းအားဖြင့် သာမန်လူတစ်ယောက် မဟုတ်သည်မှာ ထင်ရှားနေသည်။

ကျန်းလန်က လမ်းမများထက် ဟိုဟိုဒီဒီကြည့်ရင်း ပိုက်ဆံလဲရန် ကူညီပေးနိုင်မည့် လူတစ်ယောက် ရှာဖွေလိုက်သည်။

သူ့တွင် ပိုက်ဆံမရှိပေ။ ဝိညာဉ်ကျောက်တုံးများသာ ရှိလေသည်။

ဈေးရောင်းသူက ဝိညာဉ်ကျောက်တုံးကို လက်ခံကောင်းလက်ခံမည် ဖြစ်သော်လည်း လူအများ၏စိတ်ထားက မတည်ငြိမ်ဘဲ သစ္စာမဲ့တတ်ကြသည်။

သာမန်လူတစ်ယောက်လက်ထဲ ဝိညာဉ်ကျောက်တုံးရောက်ရှိသွားမည်ဆိုလျှင် ထိုသူ အိမ်ပြန်မရောက်ခင် အသက်ပျောက်သွားနိုင်သည်။

ကျန်းလန် ကြည့်နေရင်း လမ်းလျှောက်လာသည့် စုံတွဲတစ်တွဲကို တွေ့လိုက်ရသည်။ ယခင်က သေရည်ဆိုင်တွင် ကျန်းလန်နှင့် ဆုံခဲ့ဖူးသည့် စုံတွဲ ဖြစ်၏။

“ဒီတစ်ခေါက် အဖေ့ဆီပြန်ရင် အသက်ရှည်ဆေးလုံး (၂)လုံးလောက် ဝယ်သွားရမယ်… ၊ ဒီတစ်ခေါက်တော့ သေချာပေါက် ဝယ်နိုင်မယ်ထင်ရတာပဲ…”

ကျိုးစူးက သူ့နံဘေးတွင် လမ်းလျှောက်လိုက်လာသည့် မိန်းမပျိုလေးလုချန်ကို ပြောလိုက်သည်။

လုချန်က ပြုံးလိုက်ရင်း…

“ဂိုဏ်းတူအစ်ကို… ရွှေပြဒါးအမြုတေအဆင့်ကို အဆင့်တက်သွားတာ ဘာပြဿနာမှ မရှိဘူး မဟုတ်လား…”

ကျိုးစူးအတွက် အသက်ငယ်ငယ်ရွယ်နှင့် ရွှေပြဒါးအမြုတေအဆင့်ကို တက်ရောက်နိုင်သည်မှာ ဂုဏ်ယူစရာကောင်းလှသည်။

ထိုသို့ အလားအလာကောင်းသူများကို စော်ကားရဲသူ လောကတွင် အနည်းငယ်သာ ရှိပေလိမ့်မည်။

ထိုစဉ်…

ပျော်ပျော်ရွှင်ရွှင်ဖြင့် စကားပြောရင်း လမ်းလျှောက်လာကြသည့် ကျိုးစူးနှင့် လုချန်တို့ ရုတ်တရက် ခြေလှမ်းများ ရပ်တန့်သွားသည်။

အဘယ်ကြောင့်ဆိုသော် သူတို့သွားမည့်လမ်းကို လူတစ်ယောက်က လာရောက်ပိတ်ဆို့ထားသောကြောင့် ဖြစ်လေ၏။


Comment

Leave a Reply


Options

not work with dark mode
Reset