ကျန်းယွမ်က သောကျောက်ကို ကြည့်လိုက်သည်။ သူက ဒေါသထွက်နေသော်လည်း သောကျောက်၏ လွှမ်းမိုးနိုင်စွမ်းကို ခံစားမိပေသည်။
ထိုအချိန်တွင် သောကျောက်၏ မျက်ခုံးကြား နဖူးနေရာတွင် စစ်နတ်ဘုရား၏ အမှတ်အသားပေါ်ပေါက်လာပြီး ကြောက်မက်ဖွယ်စွမ်းအားတို့ ထုတ်လွှတ်နေသော စစ်နတ်ဘုရား၏ အရိပ်ကြီးက သူ့နောက်တွင် ပေါ်ပေါက်လာသည်။
ကောင်းကင်တွင် နတ်မိုးကြိုးတို့ ပြိုးပျက်လက်နေပြီး ချက်ချင်းပင် သူ၏ အနီး၌ ကပ်ဘေးမိုးကြိုးဝင်္ကပါ ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီးအကြား အော်မြည်လှည့်ပတ်နေသည့် မိုးကြိုးတို့ကြောင့် ဤလောကသည် အဆုံးမဲ့ မိုးကြိုးကပ်ဘေးတို့ ကျရောက်လာတော့မယောင် ထင်မှတ်ရပေသည်။ သူက ဝင်္ကပါအောက်မှ ခြေလှမ်းလိုက်ပြီး သူ့ရှေ့၌ ကမ္ဘာဖျက်ဓားများ ပေါ်ပေါက်လာကာ နတ်မိုးကြိုးအလင်းတို့ကို ဝါးမျိုပစ်လိုက်သည်။
ခရမ်းရင့်ကောင်းကင်နန်းတော်၏ မဟာလမ်းစဥ် အထွတ်အထိပ်ခန္ဓာပိုင်ရှင် ကျန်းယွမ်သည် အားကောင်းလှသည့် ရန်သူနှင့် ရင်ဆိုင်နေရပေသည်။
ဝုန်း…
ရွှေရောင်အလင်းတစ်ခု ပေါက်ကွဲထွက်လာပြီး သောကျောက်က သူ၏ တိုက်ခိုက်မှုကို စတင်လိုက်သည်။ သူ၏ ခန္ဓာကိုယ်သည် ရွှေရောင်အလင်းတန်းကဲ့သို့ လေဟာနယ်ကို ထိုးဖောက်သွားကာ ကျန်းယွမ်၏ အရှေ့သို့ လျှပ်တပြက်ရောက်ရှိ လာသည်။
“သတ်…” ကျန်းယွမ်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး မိုးကြိုးနတ်ဘုရား၏ ပြင်းထန်သောဒေါသကဲ့သို့ ကမ္ဘာဖျက်နတ်ဓားများက အော်မြည်ကာ သူ့အရှေ့မှ အရာအားလုံးကို ဖျက်ဆီးတော့မလို ပြေးထွက်သွားတော့သည်။
သို့သော် သောကျောက်သည် သူ၏ အသွေးအသားခန္ဓာနှင့်ပင် ရှောင်တိမ်းနောက်ဆုတ်ခြင်းမရှိ လက်သီးတစ်ချက် ရိုက်ထုတ်လိုက်သည်။
သူတို့နှစ်ယောက်ကြားတွင် ကြောက်မက်ဖွယ် ဆူညံနေသော ပေါက်ကွဲသံက ထွက်ပေါ်လာသည်။ ပြင်းထန်သည့် ဖျက်ဆီးခြင်းနတ်မိုးကြိုးတို့က သောကျောက်ကို ဝါးမျိုလုနီးပါးပင် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သောကျောက်၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် စွမ်းအားတို့ ထွက်ပေါ်လာပြီး ရွှေရောင်အလင်းတန်းတို့က နတ်ဓားများကို ထိုးဖောက်သွားခဲ့သည်။
ဘန်း…… ဘန်း…
ကြောက်မက်ဖွယ် အသံက ကျန်းယွမ်၏ ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာသည်။ သူက ညည်းညူလိုက်ပြီး သူ၏ ပါးစပ်ကို အတင်း ပိတ်ထားလိုက်သည်။ သူ၏ မျက်နှာက နီရဲလာပြီးနောက်၌ သူ့ခန္ဓာကိုယ်သည် နောက်သို့ လွင့်စင်ထွက်သွားကာ နောက်ဆုံး၌ ပါးစပ်အပြည့်သွေးတို့ အန်ထုတ်လိုက်ရပြီး သူ၏ အသက်ဓာတ်က လျင်မြန်စွာ အားနည်းသွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်အတွင်းမှ အရိုးများနှင့် အကြောတို့က အပိုင်းပိုင်း ပျက်စီးသွားပြီဟု ထင်မှတ်ရပေသည်။
သူ၏ မျက်လုံးတို့က ဖျက်ဆီးခြင်း မိုးကြိုးအလင်းတို့ဖြင့် ဝါးမျိုခံနေရသည့် သောကျောက်ထံ ရောက်ရှိသွားသည်။ သူ၏ ကြီးမားတုတ်ခိုင်သော ခန္ဓာကိုယ်ထက် တောက်ပကာ မျောလွင့်နေသည့် ခရမ်းရင့် မိုးကြိုးများက တဖြည်းဖြည်း ပျက်ပြယ်လာပြီး အစွမ်းထက်၍ အားကောင်းလှသည့် ရုပ်ပိုင်းဆိုင်ရာ သန်စွမ်းမှုကို ပြသနေသည်။
သောကျောက်၏ မျက်လုံးများက ရွှေရောင်နတ်အလင်းတို့ဖြင့် တောက်ပနေဆဲ ဖြစ်သည်။ သူက သူ့ရှေ့မှ ကျန်းယွမ်ကို စူးစိုက်ကြည့်လိုက်သည်။ သိသာစွာပင် သူက စိတ်ပျက်နေပုံရ၏။
“မဟာလမ်းစဥ် အထွတ်အထိပ် ခန္ဓာကိုယ်တဲ့လား။” သောကျောက်က ရေရွတ်ကာ ရီဖူရှင်းအားကြည့်၍ ပြောလိုက်သည်။ “အဲဒီဘွဲ့က သူ့ကိုယ်သူ ပေးထားတာလား။”
သူက နည်းနည်းမျှပင် ခံနိုင်ရည်မရှိခဲ့ပေ။
ဖူး…..
ကျန်းယွမ်သည် ထိုစကားကို ကြားသည့်အခါ ပါးစပ်အပြည့်သွေးတို့ တစ်ဖန် အန်ထုတ်လိုက်ရပြန်သည်။ သူ၏ မျက်နှာက ရှက်ရွံ့မှုကြောင့် အလွန်အမင်း နီရဲနေ၏။
သူသည် မဟာလမ်းစဥ် အထွတ်အထိပ် ခန္ဓာပိုင်ရှင်ဟု ကျော်ကြားကာ ခရမ်းရင့်ကောင်းကင်နန်းတော်မှ လူငယ်မျိုးဆက်များကြား၌ နံပါတ်တစ် ဖြစ်ခဲ့သည်။ ထိုနာမည်သည် ကောင်းကင်အာဏာစက်ဘုံ တစ်ခုလုံး၌ပင် ကျော်ကြားခဲ့ဖူး၏။ သူသည် ယခင်က ကောင်းကင်အာဏာစက်ဘုံ၌ အရည်အချင်းရှိသူ တစ်ဦးဖြစ်သော်လည်း ရီဖူရှင်း ပေါ်ပေါက်လာမှုကြောင့် အရာအားလုံး ပြောင်းလဲသွားရသည်။
ယနေ့ သူက ထို့သို့ပင် အစော်ကားခံနေရ၏။
ကျန်းယွမ်နောက်၌ ရပ်နေသော ခရမ်းရင့်ကောင်းကင်နန်းတော်မှ တန်ခိုးရှင်များက ရှေ့ထွက်လာကာ သူတို့အားလုံးက သောကျောက်ကို ကြည့်လိုက်ကြသည်။ သူတို့ထံမှ အသက်ဓာတ်က ကြောက်မက်ဖွယ်ပင် ဖြစ်၏။
“ဖြစ်နိုင်ပါတယ်” ရီဖူရှင်းက ပြုံးလိုက်သည်။
“ဒါဆို မင်းကရော ဘယ်လိုခန္ဓာမျိုးလဲ။” သောကျောက်က သိလိုစိတ်ဖြင့် မေးလိုက်သည်။
“ကောင်းကင်လမ်းစဥ်နတ်ခန္ဓာ” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။
“…” သောကျောက်သည် သူ မမေးသင့်သလို ခံစားလိုက်ရသည်။ မည်သူကမှ ထိုမျှ အရှက်မဲ့ကြလိမ့်မည် မဟုတ်ပေ။
ကောင်းကင်လမ်းစဥ်နတ်ခန္ဓာ ဆိုသည်မှာ မည်သို့သော အမျိုးအစားနည်း။
ကောင်းကင်လမ်းစဥ်အောက်တွင် မည်သည့် ဖွဲ့စည်းတည်ဆောက်ပုံမျိုးက ၎င်းကို ယှဥ်နိုင်မည်နည်း။
အလွန်ပင် အရှက်မဲ့လှသည်။
“ဒါကို ဘယ်လိုဖြေရှင်းလိုက်ရမလဲ။” သောကျောက်သည် သူ့ထံသို့ စွမ်းအားများ ထုတ်လွှတ်ထားသည့် တန်ခိုးရှင်များကို ကြည့်ကာ မေးလိုက်သည်။
“ဒီလို အင်အားမျိုးလောက်က ဒီမှာ ယှဥ်ပြိုင်ဖို့ ထိုက်တန်တယ်လို့ ခင်ဗျား ထင်လား။” ရီဖူရှင်းက မေးလိုက်၏။
“မတန်ဘူး။” သောကျောက်က ပြန်ဖြေလိုက်သည်။ သူသည်ပင် ရတနာ ယှဥ်ပြိုင်ခြင်း၌ အနိုင်ရရန် ယုံကြည်မှုမရှိခဲ့ပေ။ ထို့ကြောင့်ပင် သူက ရီဖူရှင်းနှင့် လက်တွဲခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ကျန်းယွမ်နှင့် အခြားသူများက ပို၍ပင် မထိုက်တန်ချေ။
“ဒါဆို သူတို့ကို ဘာလုပ်မလဲဆိုတာ ခင်ဗျားပဲ ဆုံးဖြတ်လိုက်တော့။” ရီဖူရှင်းက ပြောလိုက်သည်။ ထို့နောက် သောကျောက်က ခြေလှမ်းသွားကာ ခရမ်းရင့်ကောင်းကင်နန်းတော် လူစုထံ ပြေးဝင်သွားကာ ပြင်းထန်သည့် ရွှေရောင်လက်သီးတို့ကို တရစပ် ပစ်လွှတ်လိုက်သည်။ ခရမ်းရင့်ကောင်းကင်နန်းတော်က မည်သူမှ သူ၏ လက်သီးတစ်ချက်ကို ခံနိုင်ရည်မရှိခဲ့ပေ။
သူတို့အားလုံး ရိုက်နှက်ခံရကာ ကျရှုံးသွားသည်ကို ကြည့်နေသည့် ရီဖူရှင်း၏ အမူအရာက ထူးခြားမသွားခဲ့ပေ။ ခရမ်းရင့်ကောင်းကင်နန်းတော်သည် အားနည်းလှခြင်း မရှိသော်လည်း သောကျောက်က စစ်နတ်ဘုရား၏ တတိယအလွှာ တိုက်ခိုက်မှုကို ထုတ်ဖော်သုံးစွဲခဲ့သည်။ ထိုအဆင့်ကို ယှဥ်နိုင်သူသည် အထက်ကိုးဘုံ၌ပင် များများစားစားမရှိပေ။
သောကျောက်၏ တိုက်ပွဲစွမ်းအားက သေချာပေါက် ထိပ်တန်းအဆင့်ပင် ဖြစ်၏။
“ဘယ်လောက်ဝမ်းနည်းဖို့ ကောင်းလိုက်သလဲ။” ထိုမြင်ကွင်းကို မြင်ရသည့် လူအများက တိတ်တဆိတ် မှတ်ချက်ချလိုက်ကြသည်။ သို့သော် အများစုက စာနာမှုမရှိကြပေ။ သူတို့၏ ရည်ရွယ်ချက်မှာ အချင်းချင်း ယှဥ်ပြိုင်ကြရန် ဖြစ်သည်။ ထို့ကြောင့် အင်အားနိမ့်ကျသူများမှာ ယှဥ်ပြိုင်ရန် နေရာမရှိပေ။
ခရမ်းရင့်ကောင်းကင်နန်းတော်သည် အမှန်ပင် အားနည်းနေဆဲဖြစ်သည်။
ကောင်းကင်အာဏာစက်ဘုံမှ လူများက အလွန် ရှုပ်ထွေးစွာ ခံစားနေရသည်။ ယခု ရီဖူရှင်း၏ နောက်သို့ လိုက်ပါလိုသည့် တစ်စုံတစ်ယောက်က ချက်ချင်း လှုပ်ရှားခဲ့ကာ ပြန်တိုက်ခိုက်ရန်ပင် အခွင့်အရေးမပေးခဲ့ဘဲ ခရမ်းရင့်ကောင်းကင်နန်းတော်ကို ဖျက်ဆီးပစ်ခဲ့သည်။
ခရမ်းရင့်ကောင်းကင်နန်းတော်မှ တန်ခိုးရှင်များသည် ထိုမျှထိ ကြီးစွာသော စော်ကားခံရမှုကို မခံစားဖူးကြသည်ဖြစ်ရာ အလွန်အမင်း နာကြည်း ဒေါသထွက်နေကြသည်။ အတိတ်မှ ရန်ငြိုးကို လက်စားချေလိုပါက ရီဖူရှင်း ကိုယ်တိုင် တိုက်ခိုက်နိုင်သည်။ သို့သော် သူက လှုပ်ရှားရန် နည်းနည်းမှပင် စိတ်မကူးခဲ့ဘဲ သူ၏ နောက်လိုက် သောကျောက်ကို အမိန့်ပေးလိုက်ရုံမျှဖြင့် သူတို့က ထိုမျှထိ အစော်ကားခံခဲ့ရပေသည်။
“တော်လောက်ပြီ” အေးစက်သည့် အသံတစ်ခုကို ကြားလိုက်ပြီး ထိုအသံရှင်မှာ ကောင်းကင်အာဏာစက် ပြည်ထောင်မှ အိမ်ရှေ့စံ ရိထျန်းယွီပင် ဖြစ်သည်။ ဤတစ်ကြိမ် နတ်ဘုရား အမွေအနှစ် နယ်မြေအတွင်း ကောင်းကင်အာဏာစက် ပြည်ထောင်နှင့် ခရမ်းရင့်ကောင်းကင်နန်းတော်က မဟာမိတ်ဖွဲ့ရန် ဆုံးဖြတ်ခဲ့ကြသည်။ ထို့ပြင် ယဲ့မန်၏ တိုင်းပြည်ဖြစ်သော နှင်းနတ်ပြည်ထောင်လည်း သူတို့နှင့် ပူးပေါင်းထားရာ ထိုထိပ်သီးအင်အားစု သုံးခုကို အင်အားစုတစ်ခုအဖြစ် သတ်မှတ်နိုင်ပေသည်။
သောကျောက်သည် သောမျိုးနွယ်စုမှ မွေးဖွားလာခဲ့ပြ ကျီဝေးဘုံ၏ ထိပ်သီးအင်အားစုတစ်ခု ဖြစ်သည်။ ယခင်က သူသည် ကျန်းယွမ်တို့ တိုက်ခိုက်မှု၌ ဝင်မပါခဲ့ခြင်းမှာ သူသည် ရန်သူအများအပြား မဖြစ်လို၍ ဖြစ်ပေသည်။ သို့သော် ယခုတွင် သူသည် ခရမ်းရင့်ကောင်းကင်နန်းတော်မှ တန်ခိုးရှင်များက လူတစ်ယောက်၏ ရိုက်နှက်ခြင်းကို ခံနေရသည်အား သိသည့်အခါ သူက ရွေးစရာမရှိတော့ဘဲ ဝင်ပြောရုံသာ တတ်နိုင်ပေသည်။
ဘုန်း…
အခြားသော ပြင်းထန်သည့် လက်သီးတစ်ချက်ကျရောက်လာပြီး လူနှစ်ယောက်ကို လွင့်စင်သွားစေသည်။ သောကျောက်သည် သူ၏ ခေါင်းကို ရိထျန်းယွီဘက်သို့ လှည့်ကာ ကြည့်လိုက်ပြီး ရိထျန်းယွီဘေး၌ ကောင်းကင်အာဏာစက် ပြည်ထောင်မှ အဘိုးအိုတစ်ယောက် ဖြစ်သော ရန်ဟောင်တစ်ပါးကို တွေ့လိုက်ရသည်။ သူသည် နတ်ဘုရားအမွေအနှစ်နယ်မြေသို့ မဝင်ခင်၌ သူ၏ အဆင့်ကို ဖိနှိပ်ထားခဲ့ပြီး သူ၏ အဆင့်တက်မှုက ကောင်းကင်အာဏာစက်ဘုံမှ လူများကို အကာအကွယ်ရစေကာ နတ်ဘုရားအမွေအနှစ် နယ်မြေတွင် အခွင့်အလမ်း ပိုမို ရစေနိုင်ရန် ဖြစ်သည်။
သောကျောက်သည် သူ၏ အာရုံကို ရိထျန်းယွီဘက်သို့ လှည့်ကာ ပြောလိုက်သည်။ “မင်းက ဝင်ပါဖို့ ကြိုးစားနေတာလား။”
ရိထျန်းယွီသည် သောကျောက်ကို စူးစိုက်ကြည့်လိုက်သည်။ သူတို့က တိုက်ခိုက်လျှင် သူသည် သောကျောက်ကို အနိုင်ရရန် မသေချာပေ။ ဤလူသည် ခရမ်းရင့်ကောင်းကင်နန်းတော်မှ လူများကို သူတစ်ယောက်တည်းနှင့် အပြတ်အသတ် ဖိနှိပ်နိုင်ခဲ့သည်။ သူ ဖော်ပြခဲ့သော တိုက်ပွဲစွမ်းရည်ကို ဆုံးဖြတ်ရလျှင် ထိုသူက ပို၍ သန်မာနိုင်သည်။
“တော်လောက်ပြီ” ရီဖူရှင်းက ပြောလိုက်သည်။ သောကျောက်က သူ့ခေါင်းကို လှည့်ကာ ဇဝေဇဝါ ကြည့်လိုက်သည်။ သူက သူ့အား တိုက်ခိုက်ပေးစေချင်သော်လည်း ယခု မည်သည့်အတွက် ဟန့်တားနေရသနည်း။
သူက ရီဖူရှင်းထံသို့ ပြန်လျှောက်လာကာ ခပ်တိုးတိုး ပြောလိုက်သည်။ “အခု ငါ မင်းရဲ့ သိက္ခာကို အများကြီး မြှင့်ပေးထားတယ်နော်။ အကျိုးအမြတ်တစ်ခုခု ရလာရင် ဘာလုပ်ရမလဲ မင်းသိတယ်မလား။”
“…”
ရီဖူရှင်းက အနည်းငယ် အံ့အားသင့်သွားသည်။ သူ့ဘေးမှ နတ်ဘုရားသဖွယ် ပုံရိပ်ကို ကြည့်ကာ သူသည် အနည်းငယ် ထူးဆန်းသည်ဟု ခံစားမိပေသည်။
ဤလူသည် မျက်နှာအမျိုးမျိုး တတ်နိုင်ပုံရလေသည်။ သူသည် အပြင်ပန်း၌ ကြမ်းတမ်းရူးသွပ်ပုံပေါ်သော်လည်း အတွင်းစိတ်က အနည်းငယ် ချစ်စဖွယ်ကောင်းလေသည်။
သောကျောက်သာ ရီဖူရှင်း သူ့ကို ဖော်ပြလာသည့် စကားကို သိပါက မည်သို့ ထင်မည်နည်း။
ထိုအချိန်တွင် ခရမ်းရင့်ကောင်းကင်နန်းတော်မှ တန်ခိုးရှင်များ အားလုံးက ရီဖူရှင်းကို ကြည့်လိုက်ကြသည်။ သူတို့၏ အရေအတွက်က များပြားသည်ဟု ဆိုနိုင်ပြီး သူတို့အကြားတွင် ခရမ်းရင့်ကောင်းကင်နန်းတော်၏ ခက်မရှစ်ခုမှ တန်ခိုးရှင်များစွာ ရှိသည်။ ယခင်က သူတို့ ဂူတုံးလျှိုကို ခေါ်ဆောင်သွားရန် ပြဿနာဖန်တီးခဲ့သော်လည်း သူ့ကို လက်လွှဲပေးရန် ငြင်းဆန်ခဲ့ကြသည်။ ထိုအချိန်က သူတို့သည် မည်မျှ အစွမ်းထက်၍ အားကောင်းခဲ့ကြသနည်း။
သို့သော် ယခုတွင် ရီဖူရှင်းက သူတို့ကို အထင်အမြင်သေးစွာ ကြည့်နေခဲ့ပြီး ပြောလိုက်သည်။ “ခရမ်းရင့်ကောင်းကင်နန်းတော်က လူတွေ အခု ထွက်သွားလို့ရပြီ။ ဒီနေရာမှာ မင်းတို့နဲ့ သက်ဆိုင်တာ မရှိဘူး။”
ဘုန်း……
ခရမ်းရင့်ကောင်းကင်နန်းတော်မှ တန်ခိုးရှင်များသည် ထိုသို့ စော်ကားခံရသည့် စကားကို ကြားသည့်အခါ သူတို့ထံမှ ပြင်းထန်သည့် စွမ်းအားတို့ ပေါက်ကွဲထွက်လာပြီး မိုးကြိုးလျှပ်စီးတို့ လင်းလက်လာသည်။ သို့သော် ရီဖူရှင်းက သူတို့ကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ မျက်လုံးများအတွင်းမှ ထက်ရှမှုတို့ကို မြင်သည့်အခါ မည်သူကမှ သူ့ကို စိန်မခေါ်ရဲကြပေ။ သူတို့အားလုံးသည် နှလုံးသားထဲ၌ အဆုံးမဲ့ စော်ကားခံရမှုတို့ဖြင့် ပြည့်နေခဲ့ပြီး အဝေးသို့ကြည့်ရုံသာ တတ်နိုင်ပေသည်။
“သွားစို့” ကျန်းယွမ်က ပြောလိုက်သည်။ သူတို့အဖွဲ့သည် ထိခိုက်ဒဏ်ရာများစွာနှင့် ထွက်ခွာသွားကြပေသည်။
ခရမ်းရင့်ကောင်းကင်နန်းတော်မှ လူများ ထွက်ခွာသွားပြီးနောက် ထိုနေရာတွင် တစ်ဖန် တိတ်ဆိတ်ငြိမ်သက်သွားပေသည်။ ကျန်းယွမ်၏ အဖွဲ့ ခွန်အားက အစကတည်းကပင် အံ့အားသင့်ဖွယ် မကောင်းခဲ့သည့်အတွက် သူတို့၏ အခြေအနေကို သက်ရောက်နိုင်ခြင်း မရှိခဲ့ပေ။
မည်သူကမှ မလှုပ်ရှားကြသလို ရီဖူရှင်းသည်လည်း ငြိမ်သက်စွာ ရပ်နေခဲ့သည်။ သူသည် ခန်းမအတွင်း ရတနာ၏ ချိပ်ကို ဖွင့်နိုင်မည်ဟု ယုံကြည်သော်လည်း သူက အရင်ဆုံး လှုပ်ရှားရန် ဆန္ဒမရှိဘဲ အခြားလူများသည်လည်း တူညီစွာပင် ဖြစ်သည်။
မည်သူကမှ သူတို့၏ အပြုအမူများကို သတိမထားမိဘဲ မလှုပ်ရှားလိုကြပေ။
ထိုအချိန်တွင် တစ်စုံတစ်ယောက်က ရှေ့သို့ လျှောက်လာခဲ့သည်။ ထိုသည်မှာ သူတစ်ယောက်တည်းမဟုတ်ဘဲ ထိပ်သီးအင်အားစု တစ်ခုစီမှ တန်ခိုးရှင်များသည်လည်း လေဟာနယ်ခန်းမသို့ လျှောက်လာကြပေသည်။ တစ်ချိန်တည်းမှာပင် အပြင်ဘက်၌ စောင့်ကြပ်နေသူများလည်း ရှိကာ သူတို့က ပြောလိုက်သည်။ “ခင်ဗျားတို့ထဲ ဘယ်သူကမှ မလှုပ်ရှားရဲဘူးဆိုမှတော့ အခုကစပြီး ကျုပ်တို့ ဖွင့်လိုက်တဲ့ ဘယ် ရတနာပစ္စည်းကိုမဆို ထိရဲခဲ့ရင် အသတ်ခံရမယ်။”
ဤစကားလုံးများတွင် အလွန် ကြောက်မက်ဖွယ် သတ်ဖြတ်မှုစွမ်းအားတို့ ပါဝင်နေသည်။ လူအများသည် ပြောသည့်သူကို ကြည့်လိုက်ကြလျှင် ထိုသူတို့က ဗဟိုအင်ပါယာဘုံမှ လူများ ဖြစ်သည်ကို သိလိုက်ကြရ၏။
“သူတို့က ဘယ်ကလဲ။’“ ရီဖူရှင်းက သောကျောက်ကို မေးလိုက်သည်။ ထိုမောက်မာလှသည့် စကားများကို ဆုံးဖြတ်ရလျှင် သူတို့သည် သူတို့၏ ကိုယ်ပိုင်ခွန်အားကို အလွန် ယုံကြည်ကြပေသည်။ မည်သူမဆို သူတို့၏ ရတနာကို လုယူပါက ခြွင်းချက်မရှိ တွေဝေခြင်းမရှိ သတ်ဖြတ်လိမ့်မည် ဖြစ်၏။
“ဗဟိုအင်ပါယာဘုံ သိုင်းနတ်ဘုရားကလန်က လူတွေ။ တစ်ချိန်တုန်းက ရှေးဟောင်းထိပ်သီးကလန်တွေထဲက တစ်ခုပဲ။” သောကျောက်က ရီဖူရှင်း၏ အမေးကို စိတ်ချင်းဆက်သွယ်၍ ဖြေလိုက်သည်။ ဗဟိုအင်ပါယာဘုံသည် မဟာလမ်းစဥ် ဘုံသုံးထောင်၏ အချက်အချာ ဖြစ်ပြီး ထိပ်သီးအင်အားစုများအကြား ထိပ်တန်းအဆင့်ရှိကာ အလွန် ရှေးကျသည့် အင်အားစုတစ်ခု ဖြစ်သည်။ သူတို့ထဲမှ အများစုသည် နတ်ဘုရားတို့မှ ဆင်းသက်လာသည်ဟု ဆိုကြပြီး သူတို့၏ သွေးကြောများအတွင်း နတ်ဘုရားသွေးများ စီးဆင်းနေသည်ဟု ဆိုကြသည်။
သိုင်းနတ်ဘုရား၏ အမည်ဖြစ်သည့် ‘သိုင်းပညာ’ သည် သူတို့ကလန်၏ တိုက်ခိုက်ရေး စွမ်းအားကို ဖော်ပြနေသည်။ ပြောကြသည်မှာ စစ်ပွဲ၏ သိုင်းနတ်ဘုရားတို့က သူတို့၏ ဘိုးဘေးများ ဖြစ်သည်ဟူ၍ပင် ဖြစ်သည်။
ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ လက်ရှိလူများအကြားတွင် သူတို့ကို အမှန်တကယ် ခြိမ်းခြောက်နိုင်သည့် အစွမ်းထက် ရန်ဟောင်အချို့ ရှိနေသည်။
“ဒီလိုဆိုမှတော့ တခြားလူကိုပဲ အကျိုးအမြတ်တွေ ပေးမနေဘဲ ငါတို့ ကိုယ်တိုင် ဝင်ယူကြမယ်။” ယွမ်ယန်ကလန်မှ တန်ခိုးရှင်များကလည်း ရှေ့သို့ လျှောက်လာရင်း ပြောလိုက်ကာ အတွင်းသို့ ကျောင်းဆောင်အတွင်း ဝင်ရောက်သွားသည်။
အားလုံးသော တန်ခိုးရှင်များက တစ်ယောက်ပြီးတစ်ယောက် စတင် လှုပ်ရှားလာသည်။ သူတို့အားလုံးသည် ယခုတွင် လေဟာနယ်ခန်းမသို့ ဝင်ရောက်သွားကြပြီ ဖြစ်၏။
ရီဖူရှင်း၏ ဘေးမှ လူများက သူ့ကို အချက်ပြကာ ကြည့်လိုက်သည်။ သူတို့သည် ရီဖူရှင်းက အတွင်းပိုင်းသို့ လျှောက်သွားသည်ကို မြင်သည့်အခါ လူအများက လိုက်ပါသွားကြပေသည်။
ဤလေဟာနယ်ခန်းမက အလွန် ကျယ်ပြန့်လှသည်။ ထိုအတွင်းတွင် နေရာအနှံ့၌ လေဟာနယ်စွမ်းအားများ ပြည့်နှက်နေသည်။ အဆုံးမဲ့ နတ်အလင်းတို့သည် ဖြာကျနေပြီး သူတို့ အတွင်းသို့ ခြေလှမ်းလိုက်သည်နှင့် အားကောင်း၍ ပြင်းထန်သည့် အရှိန်အဝါကို ခံစားမိလိုက်ပေသည်။ နတ်လက်နက်ပစ္စည်းများသည် အစွမ်းထက် အရှိန်အဝါတို့ကို ထုတ်လွှတ်နေပေသည်။
“မင်းတို့ ဘာလိုချင်ကြလဲ” ရီဖူရှင်းက သူ့အနီးမှ လူများကို မေးလိုက်သည်။
“များများရလေ ကောင်းလေပေါ့။ ကျုပ်တို့က ပစ္စည်းမရွေးပါဘူး။” သောကျောက်က ရိုးသားစွာ ပြန်ပြောလိုက်သည်။
“ငရဲကိုသွားစမ်း….” ရီဖူရှင်းသည် သူ့ဘေးမှ လူထွားကြီးကို ကြည့်လိုက်သည်။ သူက မည်သည့်ပစ္စည်းဟူ၍ပင် မရွေးတော့ပေ။
သူတို့ထဲမှ အချို့သည် ရီဖူရှင်း၏ စကားကို ကြားသည့်အခါ အနည်းငယ် ဆွံ့အသွားကြသည်။ ဤရတနာသိုက်အတွင်း၌ နတ်လက်နက်ပစ္စည်းများစွာ ရှိနေသော်လည်း ရရှိရန် ထိုမျှ လွယ်ကူသည်လား။ ချိပ်စည်းတစ်ခုသည်ပင် ဖြိုဖျက်ရန် အလွန် ခက်ခဲနေသည်ကို ရီဖူရှင်းက သူတို့ကို မည်သည့်အရာ လိုချင်သနည်းဟု မေးနေသည်။
သူက နှလုံးသားထဲမှ ဆန္ဒရှိသမျှ ရယူနိုင်သည်လား။
“ဟိုမှာ ပုဆိန်တစ်လက်ရှိတယ်။ ယူချင်း.. အဲဒါလေး ငါတို့ သစ်ခုတ်ဖို့ ယူသွားကြမယ်။” ရီဖူရှင်းက ပြောလိုက်သည်။
“သစ်ခုတ်ဖို့လား” သောကျောက်က အူကြောင်ကြောင် ဖြစ်သွားသည်။
သိသာစွာပင် သူသည် ကော့တေးတောင်၌ ယူချင်း မည်သို့ ထင်းခုတ်ခဲ့သည့် အကြောင်းကို သိရှိမထားပေ။
“အင်း” ယူချင်းက ခေါင်းညိတ်လိုက်သည်။ သူက အမှန်ပင် ပစ္စည်းမရွေးပေ။ သူ၏ စွမ်းအားများအတွက် တိုက်ပွဲပုဆိန်က အလွန် လိုက်ဖက်ညီလှသည့် စုံတွဲပင် ဖြစ်လေသည်။
***