အပိုင်း(၁၆၁၄):

ဝေးခြင်း

အရှေ့ဘက်သို့ ဦးတည်နေစဥ်တွင် ရီဖူရှင်းသည် ခရမ်းရွှေကြွက်ကလန်မှ သူများကို အခြား အရေးကြီး​နေရာများသို့ သွားရန် အမိန့်ပေးလိုက်သည်။

နတ်ဘုရားအမွေအနှစ် နယ်မြေကို ဝင်ပြီးနောက် သောကျောက် ပြောခဲ့သည်က သူတို့သည် နေရာတစ်ခုသို့ ဦးတည်သွားခဲ့လျှင် အမွေအနှစ်တစ်ခုကို တွေ့နိုင်မည်ဟူ၍ ဖြစ်သည်။ ထိုအဓိပ္ပါယ်က တူညီသည့် နေရာများတွင် မတူညီသည့် အမွေအနှစ်များ ရှိနေသည်ဟု ဆိုလိုသည်လား။

မည်သည့်အတွက် ထိုသို့ ဖြစ်ရသနည်း။

ခရမ်းရွှေကြွက်များသည် အရှေ့၊ အနောက်၊ တောင်၊ မြောက်သို့ အဆောတလျင် ဦးတည်သွားကြသည်။ ရီဖူရှင်း အာရုံခံနိုင်သည့် အကျယ်အဝန်းကလည်း သိသာစွာ ကျယ်ပြန့်လာသည်။

သို့သော် အချိန်ခဏကြာ ခရီးဆက်ပြီးနောက် အရှေ့ဘက်သို့ ဦးတည်သွားနေသည့် ရီဖူရှင်းက ရုတ်တရက် ရပ်တန့်လိုက်သည်။ သူ၏ မျက်လုံးများတွင် ထူးဆန်းသည့် အရိပ်အယောင်တို့ ဖြစ်ပေါ်လာသည်။

“ဘာဖြစ်လို့လဲ။” သူ့ဘေးမှ ရာရာက သူ့ကို ကြည့်ကာ မေးလိုက်သည်။ ယူချင်းသည်လည်း ရုတ်တရက် အရှိန်လျှော့လိုက်သော ရီဖူရှင်းကို မယုံသင်္ကာကြည့်လိုက်သည်။

ရီဖူရှင်း၏ မျက်ခုံးများက တွန့်ချိုးလျက် လေးလေးနက်နက် စဥ်းစားနေဟန်ရှိသည်။ သူသည် လော့ယွဲ့ကို ကြည့်ကာ မေးလိုက်သည်။ “ထိုက်ရွှမ်တောင်မှာတုန်းက နတ်ဘုရားအမွေအနှစ် နယ်မြေနဲ့ ပတ်သတ်ပြီး အရှင်ထိုက်ရွှမ် ပြောတာ ကြားဖူးသေးလား။ ဒီနတ်ဘုရားအမွေအနှစ် နယ်မြေထဲမှာ ဘယ်လိုနေရာမျိုးတွေ ရှိတယ်လို့ ကြားဖူးလဲ။”

လော့ယွဲ့က ခေါင်းခါလိုက်သည်။ “ဒီနေရာနဲ့ ပတ်သတ်ပြီး ထိုက်ရွှမ်တောင် သိထားတွေက အကန့်အသတ် ရှိတယ်။”

ရီဖူရှင်းက နားလည်ပေသည်။ ထိုက်ရွှမ်တောင်၏ စွမ်းရည်က သာမန်ပင် ​ဖြစ်ကာ သူတို့က သိပ်မကျော်ကြားလှပေ။

ယှဥ်ပြောရလျှင် နတ်ဘုရားနန်းတော်ကဲ့သို့ အင်အားစုကပင် နတ်ဘုရားအမွေအနှစ် နယ်မြေနှင့် ပတ်သတ်သည့်အကြောင်းကို ပိုသိလိမ့်မည်။

“တစ်ခုခု မှားနေလို့လား” လော့ယွဲ့ က မေးလိုက်သည်။

“အင်း” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ “ကျုပ်တို့ နတ်ဘုရားအမွေအနှစ် နယ်မြေကို ဝင်လာတဲ့အချိန်က မတူညီတဲ့ လေဟာနယ်ဝင်ပေါက်တံခါးတွေကို သုံးခဲ့တာကြောင့် မတူညီတဲ့ နေရာတွေကို ရောက်သွားကြတယ်။ ဒါပေမယ့် ကျုပ်တို့တွေ အဝေးက တခြားလူတွေရဲ့ အရှိန်အဝါကို ခံစားမိနိုင်သေးတယ်။ ဆိုလိုတာက သူတို့နဲ့ ကျုပ်တို့ရဲ့ အကွာအဝေးက သိပ်မလှမ်းဘဲ ကျုပ်တို့်အားလုံးက တူညီတဲ့ နေရာတစ်ခုမှာ ရှိနေတာပဲ။ ဒီလိုအခြေအနေအောက်မှာ ကျုပ်တို့ အားလုံးက မတူတဲ့ နေရာတွေကို သွားနေကြတာမို့လို့ ကျုပ်တို့ကြား အကွာအဝေးတွေက ပိုဝေးမသွားသင့်ဘူးလား။”

“ဟုတ်တာပေါ့” လော့ယွဲ့က ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။

“အဲဒီလိုဆိုရင် အစကတည်းကနေ ဘာလို့ ကျုပ်တို့တွေ တစ်ဖွဲ့နဲ့တစ်ဖွဲ့ နီးသထက်နီးလာရတာလဲ။” ရီဖူရှင်းက မေးလိုက်သည်။

သူသည် ထူးဆန်းသည့် ဖြစ်ရပ်ကို သတိပြုမိလိုက်သည်။ သူနှင့် ခရမ်းရွှေကြွက်ကလန်သားများသည် အစက မတူညီသည့် နေရာများသို့ ဦးတည်နေခဲ့ခြင်း ဖြစ်သည်။ ယခုအချိန် မတိုင်ခင်က သူတို့ကြားမှ အကွာအဝေးက အမှန်ပင် ဝေးကွာပေသည်။ သို့သော် သူတို့က ရှေ့သို့ ဆက်သွားလေ ခရမ်းရွှေကြွက်များ၏ ဦးတည်ရာက တစ်နေရာတည်းသို့ ဖြစ်လာလေဖြစ်ကာ သူတို့ကြားမှ အကွာအဝေးက ဝေးကွာမလာဘဲ ပို၍ နီးကပ်လာပေသည်။

သူသည် တစ်ခုခုမှားနေသည်ကို ခံစားမိပေသည်။ သူက ခရမ်းရွှေကြွက်ကလန်ကို သူ ထိန်းချုပ်သည့်အခါ သူသည် သူတို့ကြားတွင် မည်မျှ ကွာဝေးသည်ကို ခံစားမိပေသည်။ သို့သော် သူက သူတို့၏ တည်နေရာကို အတိအကျ မခန့်မှန်းနိုင်ပေ။ သူက အကြမ်းဖျင်းသာလျှင် ခံစားမိပေသည်။

သို့သော် သူတို့က ဆက်သွားသည့်အခါ သူဝည် အခြားသော ထောင့်နေရာနှစ်ခုမှ လာ​ေ သည့် အဖွဲ့သားများကို တူညီစွာ ခံစားမိလိုက်သည်။ သူသည် သူတို့က နီးကပ်လာခြင်း ဖြစ်နိုင်သည်ဟု သံသယဖြစ်လာမိပေသည်။

“ဖြစ်နိုင်ချေတစ်ခုရှိတယ်။” ရှားရှင်းယွန်က ပြောလိုက်သည်။

“ဘာဖြစ်နိုင်ချေလဲ” ရီဖူရှင်းက မေးလိုက်၏။

“ဒီနတ်ဘုရားနယ်မြေက ဘုံတစ်ခုလိုမျိုးဆိုရင် စက်ဝန်းပုံစံပဲ ဖြစ်ရမယ်။ ဒါဆို ကျွန်မတို့က တူညီတဲ့နေရာတစ်ခုမှာ ပေါ်ပေါက်လာပြီးနောက် ဆန့်ကျင်ဘက်အရပ်မျက်နှာတွေဆီ ဦးတည်သွားတဲ့အခါ ကျွန်မတို့ကြားက လောက အကွာအဝေးက အရင်ဆုံး ကျယ်ပြန့်လာပြီး အဲဒီနောက် လျော့ကျသွားလိမ့်မယ်။” ရှားရှင်းယွန်က ရှင်းပြလိုက်သည်။

“မင်း မှန်တယ်။” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ ရှားရှင်းယွန်၏ သုံးသပ်ချက်က သူနှင့် တူပေသည်။

“ကျုပ်တို့ ဆက်သွားကြတာပေါ့။” ရီဖူရှင်းက ထပ်မပြောတော့ပေ။ သူက ထိုအကြောင်းကို စိတ်ထဲတွင် သိမ်းထားကာ အရှေ့အရပ်သို့ လျင်မြန်စွာ ဦးတည်သွားတော့သည်။

သူသည် ခရမ်းရွှေကြွက်များနှင့် သူတို့၏ အကွာအဝေးက ပို၍ နီးကပ်လာသည်ကို ခံစားမိသည့်အခါ သူ၏ မှန်းဆချက်ကို အတည်ပြုလိုက်ရတော့သည်။

အချိန်အတော်ကြာပြီးနောက် ရီဖူရှင်းနှင့် အခြားသူများ၏ ရှေ့တွင် အဆုံးမဲ့ စွန့်ပစ်နယ်မြေတစ်ခု ပေါ်ပေါက်လာသည်။ အခြားသော အရပ်မျက်နှာ သုံးခုသို့ ဦးတည်သွားခဲ့သည့် ခရမ်းရွှေကြွက်ကလန်မှ အဖွဲ့ဝင်များသည် ရှေ့သို့ လျင်မြန်စွာ သွားနေကြဆဲ ဖြစ်သည်။ သို့သော် ရီဖူရှင်းသည် သူတို့ကြားမီ အကွာအဝေးက အလွန် နီးကပ်နေပြီကို သတိထားမိပြီး ဖြစ်သည်။

အကယ်၍ သူတို့က ရှေ့သို့ ဆက်လက် ဦးတည်နေမည်ဆိုလျှင် တစ်နေရာတည်း၌ လာရောက်စုံစည်းကြပေလိမ့်မည်။

သောကျောက်၏ ဖော်ပြချက်ကို အခြေခံ၍ သူတို့သည် နတ်ဘုရားအမွေအနှစ်နယ်မြေမှ တစ်နေရာသို့ ဦးတည်သွားကြမည် ဖြစ်သည်။ သူတို့ ရှာဖွေနေသော အရပ်လေးမျက်နှာမှ အမွေအနှစ်ဟူသည်မှာ အမှန်တကယ်တွင် တူညီသည့် အမွေအနှစ် တစ်ခုသာ ဖြစ်နိုင်သည်လား။

ထိုသည်က တူညီသည့် အမွေအနှစ် ဖြစ်သည်ိုက မည်သူကမှ မသိရှိသည်လား။

ဆိုလိုသည်မှာ ယခင်က နတ်ဘုရားအမွေအနှစ် နယ်မြေကို ဝင်ရောက်ဖူးသူတို့မှာ နေရာတစ်ခုလုံးကို စေ့စေ့စပ်စပ် မရောက်ဖူးခဲ့သည်လား။

“ကျုပ်တို့ မကြာခင်ရောက်တော့မယ်။” ရီဖူရှင်းက ခပ်တိုးတိုး ပြောလိုက်သည်။ သောကျောက်၏ သတင်းအချက်အလက်က မမှားလျှင် အရပ်မျက်နှာတစ်ခုစီ၌ အမွေအနှစ် တစ်ခု ရှိပေလိမ့်မည်။ဆိုလိုသည်မှာ အရပ်မျက်နှာလေးခုသည် တစ်နေရာတည်း၌ လာရောက်စုံစည်းကြမည်ဟူ၍ ဖြစ်သည်။

ဤနေရာတွင် သူသည် လူသား၏ စွမ်းအား အကြွင်းအကျန်တို့ကို ခံစားမိသည်။ ဤနေရာ၌ ယခင်က တိုက်ပွဲကြီး ဖြစ်ပွားခဲ့ပုံရသည်။

“အဲဒါက ဘာလဲ” ရာရာသည် စွန့်ပစ်တောင်တန်းကို ဖြတ်ကာ အဝေးသို့ ကြည့်လိုက်သည်။ သူတို့ရှေ့ စွန့်ပစ်မြေတွင် ကြီးမားသည့် ရွှေရောင်အရိုးစုကြီးတစ်ခုက ထီးထီးမားမား ရှိနေသည်ကို မြင်တွေ့လိုက်ရပေသည်။

သူတို့သည် အရှိန်မြှင့်လိုက်ပြီး ထို အရိုးစုကြီးထံသို့ ဦးတည်လိုက်သည်။

“နဂါးတစ်ကောင်ရဲ့ အလောင်းပဲ။” ရီဖူရှင်းက ရေရွတ်လိုက်သည်။

ဤအရိုးစုသည် မီတာသောင်းချီ ရှည်လျားပေသည်။ အရွယ်အစားက အလွန် ကြီးမားလှသည်။ ထိုနေရာ၌ လဲလျောင်းနေရုံဖြင့် မျက်စိကို အလွန် ဖမ်းစားနိုင်သော မြင်ကွင်းဖြစ်ပေသည်။ ထိုနဂါးကြီး အသက်ရှိစဥ်က မည်မျှ အစွမ်းထက်သည့် နတ်နဂါးဖြစ်မည်ကို ခန့်မှန်းကြည့်နိုင်သည်။ ကံမကောင်းစွာနှင့် ယခုတွင် အရိုးများသာ ကျန်ရစ်ပေသည်။

သို့သော် အရိုးတစ်ချောင်းထဲ၌မှာပင် ပြင်းထန်သည့် စွမ်းအားတို့ ပါဝင်ပေသည်။

“ဒါကို ဘယ်သူကမှ ယူမသွားကြဘူးလား။” လော့ယွဲ့က ရေရွတ်လိုက်သည်။

“ယူသွားဖို့လား။” ရီဖူရှင်းက ပြောလိုက်သည်။ “ဒါကို ဒီကနေ အဝေးယူသွားဖို့ မင်း ဘာလို့ မကြိုးစားကြည့်ရတာလဲ။”

လော့ယွဲ့က အံ့သြသွားခဲ့သည်။ သူမသည် ရှေ့သို့ ခြေလှမ်းကာ နဂါးအရိုးများကို ထိလိုက်၏။ သူမက ထိုအရိုးတစ်ခုကို မ ကြည့်ရန် ကြိုးစားလိုက်သော်လည်း ထိုနဂါးအရိုးများက စွန့်ပစ်မြေမှ အနည်းမျှပင် ရွေ့မသွားသည်ကို ရှာတွေ့လိုက်ရသည်။ သူမသည် ၎င်းတို့ကို ​မ ရန် မဖြစ်နိုင်ပေ။

“ရွှေရောင်နတ်နဂါးတစ်ကောင်က ရွှေရောင်အရိုးတွေ ကျန်ရစ်ခဲ့တယ်။” ရီဖူရှင်းက ခပ်တိုးတိုး ရှင်းပြလိုက်သည်။ “ဒါက နတ်ဆိုးအင်ပါယာအဆင့်ပဲ။ အရိုးတစ်ချောင်းက ရန်ဟောင်လက်နက်တစ်ခု ထုလုပ်ဖို့ လုံလောက်တယ်။ ဒီလို ကြီးမားတဲ့ ရွှေရောင်နဂါးအလောင်းက လုံးဝကို ရတနာတစ်ခုဖြစ်မှာ မြေကြီးလက်ခတ်မလွဲပဲ။ ဒါပေမယ့် နတ်ဘုရားနယ်မြေကို ဝင်နိုင်တဲ့ လူတွေက ကျင့်ကြံဆင့်နိမ့်တယ်။ သူတို့က ဒါကို မ မ နိုင်ကြဘူး။ အဲဒါကြောင့် ဒီမှာ ကျန်နေတာပဲ။” နတ်ဘုရားနယ်မြေအတွင်း ရန်ဟောင်အဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သူများပင် မလုပ်ဆောင်နိုင်ကြပေ။

“ဘယ်လိုဖြုန်းတီးမှုလဲ။ ဒီရွှေရောင်နဂါးကြီးရဲ့ အရိုးတွေ တန်ဖိုးက တိုင်းတာလို့တောင် မရဘူး။” လော့ယွဲ့က နှမြောတသ ရေရွတ်လိုက်သည်။ ကျန်သူများကလည်း သူမ မည်သို့ ခံစားနေရသည်ကို နားလည်ပေသည်။ ဤနေရာ၌ ထိုမျှ တန်ဖိုးကြီးသည့် ရတနာတစ်ပါး ရှိနေသော်လည်း မည်သူကမှ ယူမသွားနိုင်ကြပေ။ ထိုသည်မှာ အလွန် စိတ်အနှောက်အယှက် ဖြစ်ဖွယ်ပင် ဖြစ်၏။

ယခင်က နတ်ဘုရားအမွေအနှစ်နယ်မြေသို့ လာရောက်သူများမှာလည်း ထိုသို့ပင် ခံစားခဲ့ကြရပေမည်။

“ရှေ့ဆက်သွားကြည့်ရအောင်။” ရီဖူရှင်းက ပြောလိုက်သည်။ သူသည် သူ့တို့အနီးမှ စွမ်းအား​များကို ခံစားမိသည်။ ရှေ့တည့်တည့်၌ အလွန် ကြောက်မက်ဖွယ် မီးလျှံနယ်မြေတစ်ခု ရှိနေသည်။

သူတို့သည် စွန့်ပစ်မြေ၏ တောင်တန်းတလျှောက် ဆက်သွားကြသည်။ မကြာခင်၌ သူတို့သည် နောက်ထပ် ကြီးမားသည့် အရိုးစုကြီးကို မြင်တွေ့လိုက်ရပြန်သည်။ ထိုအရိုးများတွင် အလွန် အစွမ်းထက်သည့် မီးလျှံများ ပါဝင်နေပေသည်။ ထိုနေရာသည် အနီရောင်အမှတ်အသားသဖွယ် ဖြစ်နေသည်။ ယင်းသည် ထိုနေရာကို မီးလျှံတောင်တန်းသဖွယ် ဖြစ်ပေါ်နေစေ၏။ အပူချိန်မှာလည်း အလွန် မြင့်မားပေသည်။

မီးချီလင်။ သူတို့သည် ထိုကြီးမားသော နတ်သားရဲ၏ အရိုးများကို မြင်တွေ့လိုက်ရသည့်အခါ အတွင်းမှပင် လှိုက်ကာ တုန်ယင်သွားပေသည်။ ဤသည်မှာ မီးချီလင်၏ အရိုးစုဖြစ်ပေသည်။ ၎င်းသည် ဤနေရာကို ဟုန်းဟုန်း တောက်လောင်နေစေသည်။ သူတို့ ရပ်နေသည့် နေရာကပင်  ပြင်းထန်သည့် စွမ်းအားကို ခံစားမိပေသည်။

မီးလျှံဖြင့် ကျင့်ကြံသူများ ဖြစ်လျှင် သူတို့သည် ဤနေရာ၌ ကျင့်ကြံပါက အကျိုးအမြတ်များစွာ ရရှိနိုင်ပေလိမ့်မည်။

ဤနေရာက မည်သည့်နေရာနည်း။ ရှားရှင်းယွန်က ထိတ်လန့်နေခဲ့သည်။ ဤစွန့်ပစ်မြေ တောင်တန်းသည် သုသာန်မြေကဲ့သို့ တိတ်ဆိတ်နေခဲ့သည်။ သို့သော် ဤသေဆုံးနေသော နတ်သားရဲတို့၏ အလောင်းများက လူတိုင်းကို ထိတ်လန့်အံ့အားသင့်နေကြပေသည်။ ဤနေရာတွင် တည်ငြိမ်စွာ ကျန်ရစ်ရန် ခက်ခဲပေသည်။

ဤနေရာတွင် အတိအကျ မည်သည်တို့ ဖြစ်ခဲ့သနည်း။

ဤနေရာသည် အမှန်ပင် နတ်ဘုရားတို့ မြှုပ်နှံရာ သင်္ချိုင်းမြေ ဖြစ်ခဲ့သည်လား။

ရှေ့ဆက်သွားလျှင် ထိုနေရာတွင် သူတို့ကို သုသာန်မြေပြင်က စောင့်ကြိုနေနိုင်သည်လား။

သူတို့က ရှေ့သို့ ဆက်သွားခဲ့ကြသည်။ မကြာခင်မှာပင် သူတို့သည် ​အလွန် ကြောက်မက်ဖွယ် ကြီးမားသည့် သားရဲကြီး နောက်တစ်ကောင်ကို မြင်တွေ့လိုက်ကြရပေသည်။ ယင်း၏ တောင်ပံတစ်စုံက ပြန့်ကားနေကာ ကောင်းကင်ကို ပိတ်ကွယ်၍ ကြီးမားသည့် မြေနေရာကို အရိပ်ကျနေစေသည်။ ၎င်းက ကျဆုံးသွားသော်လည်း စွန့်ပစ်မြေတွင် ထီးထီးမားမား ရပ်တည်နေပြီး နတ်ဆိုးများ၏ ဘုရင် ဖြစ်နေဆဲ ဖြစ်၏။ ထိုနေရာ၌ တည်ရှိနေသည်မှာ ကောင်းကင်သို့ ပျံတက်တော့မည့် ဟန်ပင် ဖြစ်သည်။

“ရွှေတောင်ပံခွန်ပန်”

ဤရွှေတောင်ပံခွန်ပန်ငှက်၏ အလောင်းက အပြည့်အစုံပင် ဖြစ်သည်။  ယင်းက အရိုးစုမဟုတ်ပေ။ ၎င်း၏ အသွေးအသားတို့က အကောင်းပကတိပင် ရှိနေသေး၏။ ၎င်းမှ တောက်ပသည့် အလင်းတို့ ထုတ်လွှတ်နေပြီး ရွှေရောင်နတ်အလင်းနှင့် အရောင်သည် နှစ်ပေါင်းမရေတွက်နိုင်အောင် ကြာသည့်တိုင် မှေးမှိန်သွားခြင်း မရှိပေ။ သူသည် ကောင်းကင်၏ ဘုရင်သဖွယ် ဦးခေါင်းကို မော်ထားပေသည်။ သို့သော် သူ၏ စိတ်ဝိညာဥ်က ဖျက်ဆီးခံလိုက်ရပြီး အသက်ရှိသည့် အရှိန်အဝါတို့ မရှိတော့ပေ။

တစ်စုံတစ်ယောက်ကသာ ဤရွှေတောင်ပံခွန်ပန်ငှက် အလောင်းကို ထိန်းချုပ်နိုင်ပါက ရန်ဟောင်တစ်ပါးပင် သူ့ကို အခက်တွေ့ရန် ပြုလုပ်နိုင်မည် မဟုတ်ပေ။

ဤကြောက်မက်ဖွယ် နတ်ဆိုးများနှင့် နတ်သားရဲတို့ အားလုံးက လူသားများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်လား။

ဤအလောင်းများက ဤနေရာတွင် မည်သည့်အတွက် ရောက်ရှိနေသနည်း။ အရှေ့တွင် မည်သည်တို့ ရှိနေသနည်း။

ရီဖူရှင်း၏ အဖွဲ့သည် သူတို့၏ လမ်းကို ဆက်သွားခဲ့ကြသည်။ နတ်ဆိုးအင်ပါယာအဆင့် သားရဲများ၏ အခြားသော အရိုးစုများသည် သူတို့ကို ရှေ့ဆက်သွားရန် ဆွဲဆောင်နေသည်။

ဤနေရာသည် နတ်သားရဲများ၏ သင်္ချိုင်း ဖြစ်နိုင်ပေသည်။

နောက်ဆုံး၌ ရီဖူရှင်းသည် လူအရိပ်အယောက်ကို သတိပြုမိခဲ့ပြီ ဖြစ်သည်။

ထို့ပြင် ထိုပုံရိပ်က သူနှင့် ရင်းနှီးနေခဲ့သည်။

ထိုသူမှာ ကောင်းကင်နတ်ဆိုးနန်းတော်မှ ထိပ်သီးပုဂ္ဂိုလ် ကျွင့် ဖြစ်သည်။

နတ်ဆိုးဘုံမှ ကျွင့်သည် နတ်နဂါးလုံချန်နှင့် တန်းတူပင် ကျော်ကြားပေသည်။ သူသည် လူသား တန်ခိုးရှင်ဖြစ်သည့် ကောင်းကင်အာဏာစက်ပြည်ထောင် အိမ်ရှေ့စံ ရိထျန်းယွီနှင့်ပင် နှိုင်းယှဥ်၍ ရသည်။

ယခု သူသည် သားရဲတစ်ကောင်၏ အလောင်းရှေ့တွင် ထိုင်ကာ ကျင့်ကြံနေသည်။ ထိုသားရဲသည် ခြေသုံးချောင်းရွှေကျီးတစ်ကောင် ဖြစ်သည်။ ၎င်းက ကျွင့် နှင့် မျိုးတူပင် ဖြစ်သည်။

ကျွင့်၏ မူလသဏ္ဌာန်မှာ ခြေသုံးချောင်းရွှေကျီးပင် ဖြစ်လေသည်။

တစ်စုံတစ်ခုကို အာရုံခံမိဟန်ဖြင့် ကျွင့်သည် သူ၏ မျက်လုံးများကို ဖွင့်ကာ ရီဖူရှင်းတို့ဘက် ကြည့်လိုက်သည်။

“မင်းတို့အားလုံးလည်း ရောက်လာပြီလား။” ကျွင့်က မှတ်ချက်ပြုလိုက်သည်။

“ဒါက ဘယ်လိုနေရာလဲ” ရီဖူရှင်းက မေးလိုက်၏။

“မသိဘူး။ ကောင်းကင်နတ်ဆိုးနန်းတော်က မှတ်တမ်းတွေအရ နတ်ဘုရား အမွေအနှစ် နယ်မြေ အရှေ့အရပ်မှာ နတ်သားရဲသင်္ချိုင်းတစ်ခု ရှိတယ်တဲ့။ အဲဒါအမှန်ပဲ။” ကျွင့်က ပြောလိုက်သည်။ “နတ်ဆိုးအင်ပါယာ အားလုံးကို သူတို့ဆီ အညံ့ခံပြီး ဒီလိုဖြစ်စေခဲ့တာ ဘယ်သူလဲ သိချင်မိတယ်။”

“မင်းဆိုလိုတာက ဒီ နတ်ဆိုးအင်ပါယာအားလုံး အသက်ရှိစဥ်က သူတို့မှာ သခင်ရှိတယ်လား။” ရီဖူရှင်းက တအံ့တသြ ရေရွတ်လိုက်သည်။

“ဟုတ်တယ်။” ကျွင့်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ဒီနေရာက နယ်မြေကို စောင့်ရှောက်ဖို့ သားရဲတွေ မွေးမြူပျိုးထောင်တဲ့ နေရာဖြစ်မယ်လို့ ခံစားမိတယ်။”

“နတ်ဆိုးအင်ပါယာတွေကို မွေးမြူပျိုးထောင်တာလား။” ရီဖူရှင်းက ကျွင့်ကို ကြည့်လိုက်သည်။ သူသည် ဤအကြံအစည်ကို အလွန် ရဲတင်းလှသည်ဟု ပြောရမည် ​ဖြစ်သည်။

“အင်း” ကျွင့်က ခေါင်းညိတ်လိုက်သည်။ “လူ တော်တော်များများ ရှေ့ဆက်သွားကြပြီ။ မင်းလည်း လိုက်ကြည့်လေ။ အဲဒါဆို နားလည်လာမှာပါ။”

ရီဖူရှင်းက ခေါင်းမော့ကာ ရှေ့သို့ ကြည့်လိုက်သည်။ သူသည်လည်း ထိုနေရာမှ ကြောက်မက်ဖွယ် အရှိန်အဝါတို့ လာနေသည်ကို ခံစားမိပေသည်။ သူသည် ထိုနေရာ၌ ပြိုင်ဘက်ကင်း နတ်အလင်းတို့ တောက်ပနေသည်ကိုပင် မြင်ရပေသည်။

ထိုနေရာ၌ မည်သည်တို့ ရှိနေသနည်း။

သူက တွေဝေနေခြင်းမရှိဘဲ ရှေ့သို့ တိုက်ရိုက်တိုးသွားခဲ့သည်။ သူတို့က မြေရိုင်းတောင်ကို ကျော်ဖြတ်သွားပြီးနောက် တောက်ပလင်းလက်နေသည့် အလင်းတို့ကို မြင်လိုက်ရသည်။ သူတို့က မြေရိုင်းတောင်ကို ရောက်သည့်အခါ ရီဖူရှင်းသည် အချို့သော ရင်းနှီးနေသည့် သူများကို ဖြတ်ကျော်လာခဲ့သည်။

ဤနေရာ၌ ကောင်းကင်အာဏာစက်ဘုံ နတ်ဆိုးကလန်တို့မှ အဖွဲ့သားများ စုစည်းနေကြသည်။ ကောင်းကင်နတ်ဆိုးနန်းတော်ကဲ့သို့ အခြားသော အင်အားစုများမှ အဖွဲ့သားတို့နှင့် နတ်ဆင်များလည်း ရောက်ရှိနေကြ၏။

ထို့ပြင် ရီဖူရှင်းသည် ကောင်းကင်အာဏာစက်ဘုံမှ အခြားသော တန်ခိုးရှင်များကိုလည်း မြင်သည်။ သူတို့သည် ကောင်းကင်အာဏာစက် ပြည်ထောင်၊ ခရမ်းရင့်ကောင်းကင်နန်းတော်နှင့် ထောင်ချီနတ်တောင်မှ တန်ခိုးရှင်များ ဖြစ်သည်။ ရီဖူရှင်းနှင့်အတူ ဗြဟ္မာ့သန့်စင်ကောင်းကင်မှ တန်ခိုးရှင်များလည်း လာရောက်ကြရာ ဤနေရာတွင် ကောင်းကင်အာဏာစက်ဘုံမှ ထိပ်သီးအင်အားစုများအားလုံး စုဝေယနေသည်ဟု ထင်မှတ်ရပေသည်။

ထို့ပြင် အထက်ကောင်းကင်ဘုံမှ ထိပ်သီးအင်အားစုအချို့လည်း ရှိနေသည်။ အထက်ကိုးဘုံမှ ထိပ်သီးအင်အားစုအချို့လည်း ရောက်ရှိနေပေသည်။

အထက်ကိုးဘုံမှ ထိပ်သီးအင်အားစုများသည် အဓိက အရပ်လေးမျက်နှာကို ခွဲ၍ သွားကြခြင်း ဖြစ်သည်။ အထက်ဘုံမှ ထိပ်သီးအင်အားစုများသည် မည်သည့် အရပ်မျက်နှာ၌မဆို ပေါ်ပေါက်လာနိုင်သည်။ သို့သော် ကောင်းကင်အာဏာစပ်ဘုံမှ ထိပ်သီးအင်အားစုများ အားလုံးက ဤထောင့်၌သာ ပေါ်ပေါက်လာပေသည်။ သူတို့က အမှတ်မထင် စုစည်းမိခြင်းလား၊ တစ်ယောက်နောက်တစ်ယောက် အတူတကွ လိုက်ပါလာခြင်းလား မသေချာပေ။

ရီဖူရှင်း ရောက်ရှိလာမှုက လူအများ၏ အာရုံကို ဖမ်းစားသွားနိုင်ခဲ့သည်။ ကောင်းကင်အာဏာစက်ဘုံမှ လူများက သူ့ကို ဗြဟ္မာ့သန့်စင်ကောင်းကင်မှ နတ်မိမယ်ချင်းဟယ်နှင့် အတူ ရှိနေသည်ကို မြင်သည့်အခါ ထူးဆန်းသည့် အကြည့်တို့ ဖြစ်ပေါ်လာသည်။ သူတို့နှစ်ယောက်က ပတ်သတ်မှုမရှိသည်မှာ အမှန်တကယ်မှ ဟုတ်ရဲ့လား။

လူအများသည် ရိထျန်းယွီကို လှမ်းကြည့်လိုက်ကြ၏။ သို့သော် ရိထျန်းယွီ၏ ဘေးတွင်လည်း အလွန် ထူးခြားလှပသည့် မိန်းကလေးတစ်ဦး ရှိနေခဲ့သည်။ သူမက ကျော့ရှင်းကာ အေးစက်သည်။ ထင်ထားသည့်အတိုင်းပင် သူမက နတ်ဘုရားနန်းတော်မှ ယဲ့မန်ပင် ဖြစ်သည်။

ရိထျန်းယွီနှင့် ယဲ့မန်က ရီဖူရှင်းကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူတို့က ချင်းဟယ်ကိုလည်း ကြည့်လိုက်၏။

“အဲဒါက ဗြဟ္မာ့သန့်စင်ကောင်းကင်က နတ်မိမယ်လား။” ယဲ့မန်က ရိထျန်းယွီကို ညင်သာစွာ မေးလိုက်သည်။ သူမသည် ချင်းဟယ်၏ သရုပ်ကို အနည်းနှင့် အများ ခန့်မှန်းနိုင်ပေသည်။

“အင်း” ရိထျန်းယွီက ခေါင်းညိတ်လိုက်သည်။

ယဲ့မန်က ချင်းဟယ်ကို အသေးစိတ် စူးစမ်းကြည့်လိုက်သည်။ ဤအမျိုးသမီးက ယခင် ကလန်၏ စီမံမှုဖြင့် ရိထျန်းယွီ လက်ထပ်ယူရလုနီးပါး ဖြစ်ခဲ့သူလား။

***


Comment

Leave a Reply


Options

not work with dark mode
Reset