အပိုင်း(၁၆၁၀)

ဆုံးဖြတ်ချက်များ

ယွမ်ဟုန်နှင့် ယွမ်ယန်ကလန်မှ ကျင့်ကြံသူများအပြင် ကောင်းကင်ဓားခန်းမ နှင့် ချီရှောင်း နတ်တောင်တန်းမှ ကျင့်ကြံသူများသည် နတ်ဓားဝင်္ကပါ၏ရှေ့တွင်စောင့်နေကြသည်။ မကြာမီ အချိန်တွင် ရီဖူရှင်းနှင့်ရာရာသည် ဓားတစ်ချောင်းကိုင်ကာ ပြန်ရောက်လာကြသည်။

“အဲဒီတစ်ခုကို ထည့်ကြည့်မလား” ယွမ်ဟုန်က ရီဖူရှင်းကိုကြည့်ကာ မေးလိုက်သည်။

“အင်း… စမ်းကြည့်ရအောင်”  ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောလိုက်ပြီး လက်ကိုရမ်းလိုက်သည်။

ဓားသည် လေခွင်းသံနှင့်အတူ လျင်မြန်စွာပျံသန်းထွက်သွားပြီး ဓားဝင်္ကပါ၏ အပေါက်ကိုးခုထဲမှ တစ်ခုထံသို့ ရောက်ရှိသွားသည်။ ဓားဝင်ရောက်သွားသည်နှင့် ချက်ချင်းပင် မရေမတွက်နိုင်သော ဓားအလင်းလှိုင်းများ ထွက်ပေါ်လာပြီး တောက်ပလာသည်။ ဤဓားသည် ပြဿနာမရှိမှန်း သေချာသွားလေသည်။ လူများသည် ရီဖူရှင်းကို ကြည့်လိုက်ကြသည်။ သူသည်ဓားတစ်ချောင်းကို အမှန်တကယ်ပင်  ရှာတွေ့ခဲ့သည်။

“မင်း ဘယ်လိုလုပ်ပြီး အဲလောက်သေချာသိနေတာလဲ” ယွမ်ဟုန်က သိလိုစိတ်ပြင်းပျစွာဖြင့် မေးလိုက်သည်။

“ဓားက အရမ်းသိသာနေတာပဲကို” ရီဖူရှင်းက ပြုံး၍ဖြေလိုက်သည်။

ယွမ်ဟုန် သံသယအနည်းငယ် ဝင်သွားသည်။ အဲလောက် တကယ်ရိုးရှင်းလို့လား။ ဓားများကိုစီစဉ်ချရန် ထိုမျှလွယ်ကူလေသည်လား။ ထိုကဲ့သို့ အလွယ်တကူပြုလုပ်နိုင်လျှင် နတ်ဘုရားအကြွင်းအကျန်နယ်မြေထဲသို့ ၀င်ရောက်ခဲ့သော လူအားလုံးသည် ဓားခြောက်ကိုသာ အဘယ်ကြောင့် ရယူကာ စီစဉ်ချထားနိုင်ခဲ့သနည်း။

“ငါတို့လူတွေနဲ့ ကောင်းကင်ဓားခန်းမကလူတွေလည်း ဓားတစ်ချောင်း ရှာတွေ့ခဲ့ကြတယ်။ ငါတို့ပြောနေတုန်းမှာ သူတို့ဓားကိုယူဖို့ကြိုးစားနေလောက်ပြီ” ယွမ်ဟုန်က ပြောလိုက်သည်။

ရီဖူရှင်း ခေါင်းညိတ်လိုက်သည်။ သို့သော် ဓားကို ရယူရန် အချိန်များစွာယူလိုက်ရသည်။ သူတို့ပြန်လာသည့်အချိန်တွင် လူအနည်းငယ် ပျောက်ဆုံးနေပြီး လူတစ်ဦးဒဏ်ရာရလာသည်။ ထိုသူသည် ကောင်းကင်ဓားခန်းမမှ ကျင့်ကြံသူ တစ်ဦးဖြစ်ပြီး ရန်ဟောင်ဖြစ်ရန်ခြေတစ်လှမ်းသာ လိုပေတော့သည်။  သူနှင့် ယွမ်ယန် ကလန်မှ ထိပ်တန်းကျင့်ကြံသူတစ်ဦး ပူးပေါင်းကာ ထိုဓားကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

ကောင်းကင်ဓားခန်းမမှ လူတစ်ဦးထွက်လာပြီး ဓားကို ဝင်္ကပါထဲသို့ထည့်လိုက်သည်။ ချက်ချင်းပင် ဝင်္ကပါမှ မရေမတွက်နိုင်သော ဓားချီစီးကြောင်းများ ထွက်လာပြီး ဓားမြို့တော်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ နောက်ဆုံး ဓားတစ်ချောင်းသာ ကျန်တော့သည်။ ဓားများသည် ဝင်္ကပါနှင့်ကိုက်ညီကာ ချိတ်ဆက်သွားကြသည်။ ထိုဓားများမှ စွမ်းအားတစ်ခု ဖြစ်တည်လာပုံပေါ်သည်။

“ဓားတစ်ချောင်းပဲ လိုတော့တယ်” ကျန်သူများ အားလုံးသည် နတ်ဓားဝင်္ကပါကို ကြည့်လိုက်ကြသည်။ သူတို့သည် နောက်ထပ်ဓားတစ်ချောင်းအား ရယူနိုင်ခဲ့လျှင် ဓားဝင်္ကပါအား ဖွင့်လှစ်နိုင်မည်ဖြစ်သည်။ ထိုအရာသည် ကံကောင်းမှုကြီးတစ်ခုဖြစ်သည်။ သို့သော် ဓားစွမ်းအားများသည် ဓားမြို့တော်၏ နေရာတိုင်းတွင် ရှိနေသည်။ မြို့အနှံ့တွင် ဓားများစွာရှိနေသည်ဖြစ်ရာ ထိုဓားသည် မည်သည့်ဓား ဖြစ်သနည်း။

“တစ်ခုတွေ့သေးလား” ယွမ်ဟုန်က မေးလိုက်သည်။ အားလုံး ခေါင်းခါလိုက်ကြသည်။

“ငါတို့မြို့ထဲက ဓားတွေအားလုံး ယူလာပြီး တစ်ချောင်းပြီးတစ်ချောင်း စမ်းကြည့်ရမယ်” ယွမ်ဟုန်က ဆက်ပြောလိုက်သည်။

ရီဖူရှင်း ဆွံ့အသွားသည်။ ဗဟိုဧကရာဇ်ဘုံမှ ယွမ်ယန်ကလန်၏ ထိပ်တန်း ပုဂ္ဂိုလ်တစ်ဦး ပီသပါပေသည်။ သာမာန်လူများ၏အတွေးနှင့် နှိုင်းယှဉ်ရန် ခက်ခဲလှပေသည်။ ဤနေရာမှ ဓားအားလုံးကို ရယူနိုင်ရန် မည်မျှကြိုးစားအားထုတ်ရမည်နည်း။ ထိုဓားများကို ယူလာနိုင်ရန်အတွက် လူပေါင်းများစွာ၏ အသက်များဆုံးရှုံးရပေမည်။

“တကယ်လို့ ငါတို့မှားသွားရင် ဓားဝင်္ကပါရဲ့ ဖွဲ့စည်းပုံက ပျက်စီးသွားလိမ့်မယ်” ကောင်းကင်ဓားခန်းမမှ ကျင့်ကြံသူများက ပြောလိုက်သည်။

“ဒါဆို ငါတို့က နောက်ဆုံးဓားကို ရှာတွေ့နိုင်မှပဲ ဖြစ်မှာပေါ့ ဘယ်လိုလုပ်ရမယ်ဆိုတဲ့ အကြံဥာဏ်များ ရှိကြလား။”

ကောင်းကင်ဓားခန်းမမှ ကျင့်ကြံသူများ ခေါင်းခါလိုက်ကြသည်။ ယခုအချိန်တွင် မည်သို့မျှ မတတ်နိုင်ချေ။

“ဓားဘယ်မှာလဲဆိုတာ ငါသိတယ်” ရီဖူရှင်းက ပြောလိုက်သည်။ ချက်ချင်းပင် လူတိုင်း၏အကြည့်က သူ့ထံရောက်လာသည်။

“ဘယ်မှာလဲ” ယွမ်ဟုန်က မေးလိုက်သည်။ ရီဖူရှင်းသည် ဓားဝင်္ကပါ၏ မလှမ်းမကမ်းနေရာသို့ သွားလိုက်သည်။ ထိုနေရာတွင် ဓားကျိုးတစ်ချောင်း ရှိနေသည်။ သူသည် ထိုဓားကျိုးကို ကောက်ကိုင်လိုက်သည်။ သူသည် ထိုဓားကျိုးတွင် ပြင်းထန်သော ဓားစွမ်းအားများ ရှိသည်ကို ရှင်းလင်းစွာ အာရုံခံမိခဲ့သည်။ သူသည် ထိုဓားကျိုးကိုယူပြီး ဓားဝင်္ကပါဆီသို့ သွားလိုက်သည်။ ယွမ်ဟောင်နှင့် ကျန်လူများ၏ မျက်နှာများပေါ်တွင် ထူးဆန်းသောအမူအယာများ ဖြစ်ပေါ်လာသည်။

ဓားသည် ဓားဝင်္ကပါဘေးတွင် အမှန်တကယ်ရှိနေသည်လား။ ထို့ပြင် ထိုဓားသည် ကျိုးနေသေးသည်။ လူတိုင်း သံသယဝင်မိကြသည်။

“နေပါဦး” ရီဖူရှင်းက ဓားကိုကိုင်ကာ ဓားဝင်္ကပါနား သွားနေသည်ကို မြင်လျှင် ကောင်းကင်ဓားခန်းမမှ ကျင့်ကြံသူများက တားမြစ်လိုက်သည်။ ရီဖူရှင်းက သူတို့ကို ကြည့်လိုက်သည်။

“မင်းက နောက်ဆုံးဓားက ဒီဓားကျိုးဆိုတာ ဘယ်လိုလုပ် သေချာသိနေတာလဲ” ဒီဓားဟာကျိုးပဲ့နေပြီဆိုတာဘယ်လိုသိနိုင်သလဲ။ ကောင်းကင်ဓားခန်းမမှ ကျင့်ကြံသူများ၏ ခေါင်းဆောင်သည် အသင်္ချေဘုံတွင် ကျော်ကြားသူတစ်ဦးဖြစ်သည်။ သူသည်နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီး ဓားရှန့်ထိုတစ်ဦးသာဖြစ်သော်လည်း သူ၏စွမ်းအားသည် ခန့်မှန်း၍မရနိုင်ပေ။ သူသည် ရှန့်ထို ငရဲဓားဟူ၍ ကျော်ကြားလေသည်။

“ဓားဝင်္ကပါက ညွှန်ပြခဲ့တာ” ရီဖူရှင်းက သူ့ရှေ့ရှိ ဓားဝင်္ကပါအား ကြည့်ကာ ပြောလိုက်သည်။

“မင်းသေချာလား” ရှန့်ထို ငရဲဓားသည် ရီဖူရှင်းကို စိုက်ကြည့်ကာမေးလိုက်သည်။ သူ၏မျက်လုံးထဲတွင် နတ်ဘုရားအလင်းရောင်များ တောက်ပနေပြီး သူ၏အကြည့်သည် ကြောက်မက်ဖွယ် စူးရှနေသည်။

“ဘာပြဿနာမှ မဖြစ်နိုင်လောက်ပါဘူး” ရီဖူရှင်းက ပြောလိုက်သည်။

“တကယ်လို့ မင်းမှားသွားပြီး ဓားဝင်္ကပါ ပျက်စီးသွားရင် အဲဒီအတွက် ပြန်ပေးဆပ်ရမယ်” ရှန့်ထိုငရဲဓားက ထိုသို့ပြောလိုက်ပြီး မည်သည့်စကားမျှ ထပ်မပြောတော့ပေ။

ထိုစကားကို ကြားသောအခါ ယူချင်းက မျက်မှောင်ကြုတ်လိုက်သည်။ ထိုသူ၏ လေသံသည် အလွန်ထောင်လွှားသည်။ ရီဖူရှင်းအား မည်သို့သဘောထားနေသနည်း။ ရီဖူရှင်းအား သူတို့၏အခိုင်းအစေထင်မှတ်နေသည်လား။ အကယ်၍ အမှားလုပ်မိရင် ပြန်ပေးဆပ်ရန် လိုအပ်သည်လော။ ရီဖူရှင်းက ပြုံးပြီး ဆက်လျှောက်သွားလိုက်သည်။ သူသည် ဓားကျိုးကို ဝင်္ကပါ၏နောက်ဆုံးဓားပေါက်ထဲ ထည့်လိုက်သည်။ ဓားစွမ်းအင်များ မူလအတိုင်း ရှိနေပြီး လူတိုင်းသည် ဓားဝင်္ကပါအား စိုက်ကြည့်နေမိကြသည်။ ခဏအတွင်းတွင် ဓားကိုးချောင်းသည် ထိတ်လန့်ဖွယ်ရာ အလင်းများတောက်ပလာသည်။ ဓားကျိုးသည် မူလအတိုင်း ပြန်ကောင်းသွားပုံ ပေါ်သည်။

နတ်အလင်းများတောက်ပလာပြီး နတ်ဓားများသည် ဝင်္ကပါ၏ဓားပေါက်များထဲသို့ နစ်ဝင်သွားသည်။ ထိုအချိန်တွင် နတ်ဓားဝင်္ကပါသည် စတင်လှုပ်ခတ်လာသည်။ ဝင်္ကပါ၏အလယ်တွင် စတင် လည်ပတ်လာသည်။ ပတ်ပတ်လည်မှ မရေမတွက်နိုင်သော ဓားချီများသည် ဝင်္ကပါဆီသို့ စီးဝင်လာကြသည်။ ဓားဝင်္ကပါအား ဖွင့်လှစ်လိုက်ပြီးဖြစ်၍  ယခု သူတို့ဝင်္ကပါအတွင်းသို့ ဝင်နိုင်ပြီ ဖြစ်သည်။

“ငါတို့လုပ်နိုင်ခဲ့တာလား” လူတိုင်းအံ့အားသင့်သွားကြသည်။ ကျိုးနေသော ထိုဓားသည် အမှန်တကယ်ပင် သူတို့လိုအပ်နေခဲ့သော ဓားတစ်ချောင်းဖြစ်သည်။ သူက ထိုဓားအား မည်သို့ သိနိုင်ခဲ့သနည်း။ ဓားဝင်္ကပါက သူ့အား အမှန်ပင် လမ်းညွှန်ခဲ့သည်လော။

ရီဖူရှင်းသည် သူ့အကြောင်း တစ်ခြားသူများ မည်သို့တွေးထင်နေသည်ကို ဂရုမစိုက်ပေ။ သူ၏အကြည့်များသည် ဓားဝင်္ကပါအပေါ် ကျရောက်နေသည်။ သူ၏မျက်ဝန်းများသည် အလွန်တောက်ပနေပြီး အရာအားလုံးကို မြင်နိုင်သည့်ပုံ ပေါ်သည်။ တစ်မြို့လုံးရှိ ဓားစွမ်းအားများသည် ထိုနတ်ဓားအတွင်းသို့ စီးဝင်နေသည်ကို သူမြင်နေရသည်။ ထို့နောက် ဓားစွမ်းအားများသည် ဝင်္ကပါ၏အလယ်ဗဟိုတွင် စုစည်းသွားသည်။ ထိုဓားစွမ်းအားများသည် သူခုခံနိုင်သည့် စွမ်းအင်မျိုးမဟုတ်ပေ။

ရီဖူရှင်း တွေးထင်ထားသည့်အတိုင်းပင် အလွယ်တကူ အမွေဆက်ခံနိုင်သည့် အရာမဟုတ်ပေ။ အချို့ထိပ်တန်းအင်အားစုမှ အဖွဲ့ဝင်များ အထူးသဖြင့် ကောင်းကင်ဓားခန်းမမှ ကျင့်ကြံသူများသည် လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။ သူတို့သည် ထိပ်တန်း အင်အားစုများထဲတွင် အသန့်စင်ဆုံး ဓားအင်အားစုတစ်ခုဖြစ်သည်။

သို့သော် သူတို့သည်လည်း ဓားစွမ်းအားများ၏ စွမ်းအားကို ခံစားမိပေသည်။ ဤဓားစွမ်းအားများအား အမွေဆက်ခံရန်မှာ လွယ်ကူမည်မဟုတ်ပေ။ ထိုစွမ်းအားများသည် သူတို့၏ အသက်ကိုပင် အန္တရာယ်ပေးနိုင်ပေသည်။

“ဓားဝင်္ကပါကို ဖွင့်ပြီးပြီ။ ကျေးဇူးပြုပြီး ကိုယ်စားလှယ်တစ်ယောက် ပို့ပြီး စမ်းကြည့်နိုင်တယ်။ ငါအဖွဲ့က နောက်ဆုံးမှသွားမယ်။ ဓားကို ရနိုင်တဲ့သူက ယူနိုင်တယ်။ ဘယ်လိုလဲ”

ရီဖူရှင်းက လူအုပ်ဘက်လှည့်ကာ မေးလိုက်သည်။ ယွမ်ဟုန်က ရီဖူရှင်းကိုကြည့်ပြီး ခေါင်းညိတ် လိုက်သည်။ “ ငါသဘောတူတယ်။ အဖွဲ့တိုင်း အလှည့်ကျ ဝင်ကြမယ်။”

ရီဖူရှင်းသည် ဤဝင်္ကပါ အသက်ဝင်အောင် အကြီးကျယ်ဆုံး စွမ်းဆောင်ခဲ့သူဖြစ်သည်။ သူက သူတို့ကို ပထမဆုံး သွားခွင့် ပေးခြင်းသည် သူ၏ညှာတာမှုပင်ဖြစ်သည်။ ကောင်းကင်ဓားခန်းမမှကျင့်ကြံသူများက မည်သည့်စကားမျှ မဆိုဘဲ ဝင်္ကပါကို စူးစိုက်ကာ ကြည့်နေကြသည်။ ရီဖူရှင်းတို့အဖွဲ့၏ စွမ်းအားဖြင့်ဆိုလျှင် သူတို့အား အရင်သွားစေလျှင်ပင် ဘာမျှစွမ်းဆောင်နိုင်မည်မဟုတ်ပေ။ ရီဖူရှင်းသည် သူတို့အားအရင်သွားစေခဲ့ပြီးမှ နောက်ဆုံးတွင် သူတို့က ဓားကိုယူနိုင်မည်ဟု ထင်မှတ်နေသည်လား။ မည်သို့သော ကိစ္စမျိုးပင် ဖြစ်ပါစေ သူတို့အဖွဲ့၏အလှည့်ရောက်နိုင်တော့မည်မဟုတ်ပေ။

“သခင်လေးရီက ဒီကိုရောက်နေမှတော့ ကျွန်မတို့ ဝင်မပါတော့ပါဘူး”

ချင်းဟယ်က စိတ်လျော့သည့် အပြုံးဖြင့် ပြောလိုက်သည်။ အခြားသူများက ရီဖူရှင်းအကြောင်းမသိသော်လည်း သူမက သိပေသည်။ ထို့အပြင် ရီဖူရှင်းနှင့် သူမကြားတွင် ရင်းနှီးခင်မင်မှုကလည်း ရှိနေသည်။ သူမတို့ ဝင်ပါမည် မဟုတ်ကြောင်း ကြေညာလိုက်သည်။

“ကျေးဇူးတင်ပါတယ် နတ်မိမယ်” ရီဖူရှင်းက ပြုံးကာ ခေါင်းညိတ်လိုက်သည်။ တစ်ချို့လူများသည် ချင်းဟယ်တို့ အုပ်စုကို ကြည့်လိုက်ကြသည်။ ဤမိန်းမပျိုသည် ရင်သပ်ရှုမောဖွယ်ကောင်းသော အသွင်သဏ္ဍာန်ရှိသော်လည်း ရီဖူရှင်းရှေ့တွင် နူးညံ့စွာ ပြုမူနေသည်။ ထိုအရာသည် ရီဖူရှင်း၏ ရုပ်ရည်ကြောင့်ဖြစ်နိုင်သည်လား။ ရီဖူရှင်းသည် အမှန်တကယ်ပင် ချောမောခန့်ညားသည့် ရုပ်သွင်ရှိပေသည်။ သို့သော် သူမသည် ထိုမျှ အတွေးတိမ်ပါမည်လော။ ကျင့်ကြံသူများတွင် အထူးသဖြင့်ကျင့်ကြံသူယောက်ျားများတွင် အရာရာတိုင်းသည် သူတို့၏ရုပ်ရည် အပေါ်တွင် မူတည်သည်မဟုတ်ဘဲ စွမ်းရည်သည်သာ အဓိကကျပေသည်။

“ကျေးဇူးပြုပြီး လူတိုင်းရှေ့က သွားကြပါ” ရီဖူရှင်းက ပြုံးကာပြောလိုက်သည်။ ဤဓားအား အမွေဆက်ခံရန် မည်သို့လွယ်ကူမည်နည်း။ ယင်းကို သူသာမဟုတ်၊ အခြားသောအင်အားစုများလည်း သိပေသည်။ သူတို့၏ အမူအယာများ လေးနက်သွားကြသည်။

“ကောင်းကင်ဓားခန်းမက ဓားသမားအင်အားစုဖြစ်လို့ မင်းအရင်သွားလိုက်ပါ” ယွမ်ယန်ကလန်မှ ယွန်ဟုန်က ကောင်းကင်ဓားခန်းမမှ ကျင့်ကြံသူများကို အရင်ဝင်ရန် ပြောလိုက်သည်။ ရှန့်ထိုငရဲဓားသည် ဓားဝင်္ကပါအလယ်သို့ ကြည့်လိုက်သည်။ သူ့ထံတွင် ယုံကြည်မှုများစွာမရှိပေ။

“ဘယ်သူသွားမှာလဲ” သူသည် ကောင်းကင်ဓားခန်းမမှ ကျင့်ကြံသူများအား မေးလိုက်သည်။ သူတို့ အားလုံးသည် အနည်းငယ် ချီတုံချတုံဖြစ်နေကြသည်။ သူတို့အောင်မြင်ခဲ့မည်ဆိုလျှင် နတ်ဘုရားဓားကို အမွေဆက်ခံနိုင်မည်ဖြစ်သည်။ သို့သော် သူတို့မအောင်မြင်ပါက သူတို့သေသွားနိုင်ပေသည်။ ပထမဆုံးသွားခြင်းသည် ကောင်းမွန်သော်လည်း အန္တရာယ်နှင့် ကြုံတွေ့နိုင်ပေသည်။

“ငါသွားမယ်။” ကောင်းကင်ဓားခန်းမမှ အကြီးအကဲတစ်ဦးထွက်လာသည်။ သူသည် နတ်ဓားဝင်္ကပါ၏ ဗဟိုဆီသို့ ဦးတည်ကာ လျှောက်သွားလိုက်သည်။ ချက်ချင်းပင် ကြောက်မက်ဖွယ်ကောင်းသော အဆုံးမဲ့ ဓားစွမ်းအားများ ကျဆင်းလာသည်။ သူသည် လက်ကိုဆန့်လိုက်ပြီး နတ်ဓားကိုကိုင်လိုက်သည်။

ဝှစ်…

ဓားမြို့တော်အတွင်းမှ အဆုံးမဲ့ဓားစွမ်းအားများသည် နတ်ဓားထဲသို့ စီး၀င်သွားသည်။ ဓားစွမ်းအားများကျဆင်းလာပြီး အကြီးအကဲရဲ့ခန္ဓာကိုယ်ကို ထိုးဖေါက်သွားသည်။ သူ၏ မျက်နှာအမူအယာများ ပြောင်းလဲသွားသည်။ သူ့ခန္ဓာကိုယ်အတွင်းမှ အစွမ်းထက်သော ဓားစွမ်းအင်များ ထွက်ပေါ်လာသည်။ သူ၏ဓားဝိညာဉ်လည်း ထွက်ပေါ်လာသည်။

ချွင်..ချွင်…

ဓားစွမ်းအားများသည် ဓားများအသွင်ဖြစ်ပေါ်လာပြီး သူ၏ဓားဝိညာဉ်နှင့် ရင်ဆိုင်မိသွားကြသည်။ အကြီးအကဲသည် ငယ်သံပါအောင် အော်ဟစ်လိုက်သည်။ ဓားစွမ်းအားစီးကြောင်းသည် အဆက်မပြတ်ကျဆင်းလာပြီး သူ၏ကိုယ်ခန္ဓာသည် တဖြည်းဖြည်းနှင့် လုံးဝပျောက်ကွယ်သွားသည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသူတိုင်း ထိတ်လန့်တုန်လှုပ်သွားသည်။ အကြီးအကဲ ကျဆုံးသွားလေပြီ။ မျှော်လင့်ထားသည့်အတိုင်းပင် သူ၏အရှုံးအား အသက်ပေးခဲ့ရလေသည်။ ရှန့်ထိုငရဲဓား၏မျက်နှာ သုန်မှုန်သွားသည်။

“မင်းတို့အလှည့်” သူသည် အခြားအင်အားစုများမှ ကျင့်ကြံသူများကိုကြည့်ကာ ပြောလိုက်သည်။ ယွမ်ယန်ကလန် နှင့် ချီရှောင်းနတ်တောင်တန်းမှ ကျင့်ကြံသူများသည် တိတ်ဆိတ်စွာဖြင့် နတ်ဓားဝင်္ကပါကို စိုက်ကြည့်နေကြသည်။

ထိုကဲ့သို့သောအခြေအနေမျိုးတွင် သူတို့သည်လည်း ဓားရရှိနိုင်လိမ့်မည်ဟု ယုံကြည်ချက်မရှပေ။

“ငါတို့ စောင့်ကြည့်ဖို့ပဲ ဆုံးဖြတ်လိုက်ပြီ” ချီရှောင်းနတ်တောင်တန်းမှ ကျင့်ကြံသူများက ပြောလိုက်သည်။

“တစ်ယောက်ယောက် စမ်းကြည့်ချင်သေးလား” ယွမ်ဟုန်သည် ယွမ်ယန်ကလန်မှ ကျင့်ကြံသူများကို မေးရင်း ကြေငြာလိုက်သည်။ “ဘယ်သူပဲဖြစ်ဖြစ် ရယူနိုင်ခဲ့မယ်ဆိုရင် မင်းတို့ကိုယ်ပိုင်အဖြစ် ယူနိုင်တယ်” ရှေ့မှအဖြစ်အပျက်ကိုကြည့်ကာ မည်သူမျှ အရဲမစွန့်ဝံ့ကြချေ။ သူတို့အားလုံး အောင်မြင်နိုင်မည်ဟု ယုံကြည်ချက်မရှိပေ။ ဤနတ်ဓားကို ရယူရန်မလွယ်ပေ။

ဤမြင်ကွင်းကို မြင်သည်နှင့် ယွမ်ဟုန်က ရီဖူရှင်းကို လှည့်ကာပြောလိုက်သည်။ “ ကြည့်ရတာ မင်းတို့အားလုံး အရင် သွားသင့်တယ်ထင်တယ်။”

“ကောင်းပြီ။” ရီဖူရှင်း ခေါင်းညိတ်လိုက်ပြီး ဓားဝင်္ကပါ၏အလယ်သို့ လျှောက်သွားလိုက်သည်။ ထိုအရာကို မြင်သောအခါ လူတိုင်းသည် အံ့အားသင့်ဟန်ပေါ်လာသည်။ သူကိုယ်တိုင် ဓားကိုယူရန် ကြိုးစားနေသည်လား။ ရီဖူရှင်းသည် နတ်ဓားဝင်္ကပါထဲသို့ ၀င်ရောက်သောအခါ အဆုံးမဲ့သော ဓားစွမ်းအားများ ကျဆင်းလာသည်ကို ခံစားလိုက်ရသည်။ လွတ်လပ်ခြင်းကျင့်စဉ်အသက်ဝင်လာပြီး မီးပြင်းဖို ပေါ်ထွက်လာသည်။ စာလုံးကိုးလုံးသည် ကောင်းကင်နှင့်မြေကြီးကြားတွင် ပဲ့တင်ထပ်နေပြီး သူ့ကို စက်ဝိုင်းသဏ္ဍာန်လှည့်ပတ်နေသည်။ တစ်ချိန်တည်းမှာပင် သူ၏ကိုယ်ခန္ဓာအတွင်းတွင် မရေမတွက်နိုင်သော အကိုင်းအခက်များနှင့် အရွက်များ ရှိနေသည်။ သူ့ဆီစီးဆင်းလာသော ဓားစွမ်းအင်များကို သူ့ကိုယ်ခန္ဓာမှ စုပ်ယူလိုက်သည်။

“ဟမ်” လူအုပ်ကြီးသည် ရီဖူရှင်းကိုစိုက်ကြည့်နေကြသည်။ သူ၏တုံ့ပြန်မှုမှာ သိမ်မွေ့လှသည်။ ရီဖူရှင်းသည် ခေါင်းမော့ကာ သူ့အထက်ရှိနတ်ဓားကို ထိတ်လန့်ဖွယ်ရာ အကြည့်ဖြင့် ကြည့်လိုက်သည်။ ထိုအချိန်တွင် သူသည် ဓားကမ္ဘာထဲ ရောက်သွားပုံပေါ်သည်။ ထိုဓားကမ္ဘာထဲတွင် ဓားကွက်များကို လေ့ကျင့်နေသော ပုံရိပ်ယောင်တစ်ခု ရှိနေသည်။ ဤသည်မှာ ဓားဝိညာဉ်ဖြစ်နိုင်သည်ဟု ရီဖူရှင်း သိလိုက်သည်။ အချိန်ခဏအတွင်းတွင် ဓားဝင်္ကပါအတွင်းတွင် ပြင်းထန်သောဖိအားဖြစ်ပေါ်လာသည်။ ရီဖူရှင်း ထိုဝင်္ကပါအတွင်းမှ ထွက်ခွာလာခဲ့သည်။

သူသည် ဝင်္ကပါအတွင်းမှ အထိအခိုက်မရှိဘဲ ပြန်ထွက်လာခဲ့သော်လည်း နတ်ဓားကို အမွေ ဆက်ခံခြင်း မရှိပေ။ ယွမ်ယန်ကလန်နှင့် ကောင်းကင်ဓားခန်းမမှကျင့်ကြံသူများသည် ရီဖူရှင်းကို ထူးဆန်းစွာ ကြည့်နေမိကြသည်။ သူ အသက်ရှင်လျက်ထွက်လာဖို့ပဲ ကြံနေခဲ့တာလား။ သို့သော် သူ့ထံတွင် ကြီးမားသော သဘောတူညီမှုရှိပြီးဖြစ်သည်။

“ဘယ်လိုလဲ” ရာရာက ရီဖူရှင်းကို ကြည့်လိုက်သည်။

“အဆင်ပြေတယ်” ရီဖူရှင်းက လေသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သည်။ သူသည် စိတ်အနည်းငယ် လှုပ်ရှားနေပြီး လီဟန်ဓားသမားကိုကြည့်ကာ  လျှို့ဝှက်အသံပို့လွှတ်ကာ ပြောလိုက်သည်။

“လီဟန်ဓားသမား ခင်ဗျား ဒီဓားအမွေအနှစ်ကို ဆက်ခံချင်လား” လီဟန်ဓားသမားသည် ရီဖူရှင်းကို ထူးဆန်းဟန်ဖြင့် ပြန်ကြည့်လိုက်သည်။

“အခု ကျုပ်ဓားကိုစစ်ဆေးခဲ့တယ်။ ဒီဓားထဲမှာ ဓားဝိညာဉ်တစ်ခု ပုန်းခိုနေတယ်။ အရင်နတ်ဓားပိုင်ရှင်က ချန်ထားခဲ့တာထင်တယ်” ရီဖူရှင်းက ရှင်းပြလိုက်သည်။

“တကယ်လို့ လီဟန်ဓားသမားက အမွေဆက်ခံချင်တယ်ဆိုရင် ဓားဝင်္ကပါထဲကို ဝင်သွားတဲ့အခါ ပထမဆုံး ဓားဝိညာဉ်ကို သတိပြုရမယ်။  လုံးဝတွန့်ဆုတ်မနေဘဲနဲ့ ခင်ဗျားရဲ့စိတ်ဝိညာဉ်ကို ဓားထဲကို တိုက်ရိုက်ထည့်ပြီးတော့ ဓားဝိညာဉ်နဲ့ ပေါင်းစပ်လိုက်ပါ။ ဒါပေမယ့် အဲလိုလုပ်ပြီးရင် ဘာဖြစ်မယ်ဆိုတာ မသေချာဘူး။ တကယ်လို့ ကျရှုံးခဲ့မယ်ဆိုရင် အသက်သေဆုံးသွားနိုင်တယ်။ ကျုပ်အထင်တော့ အောင်မြင်ဖို့အခွင့်အလမ်းက ငါးဆယ်ရာခိုင်နှုန်းပဲရှိတယ်။ ”

လီဟန်ဓားသမား တိတ်ဆိတ်သွားသည်။ သူကရီဖူရှင်းကိုကြည့်ပြီး‌ မေးလိုက်သည်။

“မင်းအတွက် ဆိုရင်ရော” “ ရာနှုန်းပြည့်” ရီဖူရှင်းက မည်သည့်အရာမျှဖုံးကွယ်ထားခြင်းမရှိဘဲ ပြောလိုက်သည်။

“ဒါက ငါ့အတွက် သိပ်ပြီး အဖိုးမတန်ပါဘူး။ ဒါကြောင့် လီဟန်ဓားသမား ကိုယ့်အတွက်ပဲ ကိုယ်ဆုံးဖြတ်ပါ။” လီဟန်ဓားသမားသည် နှစ်ပေါင်းများစွာ ကျင့်ကြံလာခဲ့ပြီးဖြစ်သည်။ သူ၏တိုက်ခိုက်ရေးစွမ်းအားသည် အလွန်အစွမ်းထက်သည်ဟု သတ်မှတ်၍မရသော်လည်း သူ၏စိတ်အခြေအနေသည် နှစ်ပေါင်းများစွာ စိတ်ရှည်စွာကျင့်ကြံခဲ့သည့်အတွက် အလွန်တည်ငြိမ်ပေသည်။ သူသည် အဆင့်တက်နိုင်ရန် အခွင့်အရေးများကို အဆက်မပြတ်ရှာဖွေနေခဲ့သည်။ ထို့ကြောင့် ထိုအခွင့်အရေးသည် အန္တရာယ်များ သော်လည်း ရီဖူရှင်းသည် လီဟန်ဓားသမားကို ကိုယ်တိုင်ဆုံးဖြတ်စေခဲ့ခြင်းဖြစ်သည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset