Switch Mode

အပိုင်း(၁၆၀၉)

ရှေးဟောင်းအမွေအနှစ်အား ဆက်ခံမည့်သူ

ဓားမြို့တော်သည် အသက်မဲ့ကာ ဆိတ်ငြိမ်နေသော်လည်း အလွန်ကြောက်မက်ဖွယ်ရာ လေထုက ဖုံးလွှမ်းထားသည်။ နေရာတိုင်းတွင် ဓားစွမ်းအင်များရှိနေသည်။ ရီဖူရှင်းသည် မဟာလမ်းစဉ်၏ ဓားခန္ဓာကိုယ်ကို ဖွဲ့စည်းထားနိုင်ခဲ့ပြီးဖြစ်ရာ ဓားစွမ်းအင်များသည် သူ့အပေါ်သက်ရောက်မှုမရှိပေ။ သို့သော်သူ့နောက်မှ လူအများစုသည် ဓားစွမ်းအင်များကို အင်တိုက်အားတိုက် ခုခံနေကြရသည်။

“တစ်မြို့လုံးက ဓားစွမ်းအားတွေနဲ့ လှောင်ပိတ်နေတာပဲ။ ဒီနေရာမှာ ဘာများ ချန်ခဲ့တာလဲ။” ရီဖူရှင်းက တီးတိုး ရေရွတ်လိုက်သည်။

အတိတ်အချိန်က ဤနေရာတွင် ကမ္ဘာပျက်စေသည့်စစ်ပွဲကြီးဖြစ်ခဲ့သဖြင့် တစ်မြို့လုံး ပျက်စီးခဲ့သော်လည်း မြို့စားသည် သူမသေဆုံးမီအချိန်တွင် တစုံတရာအား လျှို့ဝှက်စီမံကာ ချန်ထားခဲ့ခြင်းကြောင့် နှစ်ထောင်ပေါင်းများစွာကြာသည်အထိ မြို့တော်သည် ဓားစွမ်းအားများဖြင့် ပြည့်နှက်နေခဲ့ခြင်း ဖြစ်ပေမည်။  သူသည် ဤနေရာအား ချိတ်ပိတ်ထားချင်ခဲ့သည်။ ဤနေရာတွင် တစ်ချိန်ကနေထိုင်ခဲ့ဖူးကြောင်း နောင်လာနောက်သားများ အမှတ်ရနေစေရန်လည်း ဖြစ်ကောင်းဖြစ်နိုင် ပေသည်။

“အဲဒီမှာ ဓားတစ်ချောင်းရှိနေတယ်”

ရာရာက ညွှန်ပြကာပြောလိုက်သည်။ ရီဖူရှင်းလည်း ထိုအရာကို မြင်ပေသည်။ သူတို့နှင့် မလှမ်းမကမ်းတွင် ဓားတစ်ချောင်းသည် လေထဲတွင်လွင့်မျောနေသည်။ ဓား၏ပတ်လည်တွင် ဓားစွမ်းအားများ ရစ်သိုင်းနေသည့် ကြောက်မက်ဖွယ်ရာဓားဝင်္ကပါတစ်ခု ရှိနေသည်။ ထိုနေရာရှိဓားစွမ်းအားများသည် သူတို့ယခုရပ်နေသည့်နေရာရှိ ဓားစွမ်းအားများထက် အဆပေါင်းများစွာ ပြင်းထန်သည်။

သို့သော်သူတို့ထက်အရင် မြို့အတွင်းသို့ဝင်လာကြသောလူများသည် ဓားစွမ်းအင် စကားလုံးအပေါ် ပို၍အာရုံစိုက်နေကြပုံပေါ်ပြီး ထိုနေရာသို့ဦးတည်ကာ သွားနေကြသည်။ ရီဖူရှင်းနှင့်အခြားသူများသည် အပျက်အစီးများအပေါ် ဆက်လက်ဖြတ်သန်းလာကြသည်။ တခါတရံတွင် ပြင်းထန်သောဓားစွမ်းအင်များသည် သူတို့ရှေ့မှ ဖြတ်သန်းသွားသည်။

“ငါ့နောက်ကလိုက်ခဲ့ကြ” ရီဖူရှင်းက သူ့နောက်မှလူများကို ပြောလိုက်သည်။ “ငါ့ရဲ့ခြေလှမ်းအတိုင်း လှမ်းကြ။ လမ်းကြောင်းမလွှဲစေနဲ့”

လူတိုင်း ခေါင်းညိတ်လိုက်ကြသည်။ သေဆုံးခြင်းဓားစွမ်းအားများသည် သူတို့အပေါ်ကျလာနိုင်ပေသည်။ မြေကြီးပေါ်တွင် သွေးကွက်များကိုတွေ့ရသည်ဖြစ်ရာ သူတို့ရှေ့တွင် ရောက်လာကြသောသူတချို့သည် ဓားစွမ်းအားများ၏ ရိုက်ခတ်ခြင်းခံခဲ့ရပုံပေါ်သည်။ သို့သော် အလောင်းများမရှိတော့သည်ဖြစ်ရာ ဓားစွမ်းအားများကြောင့် အလုံးစုံပျက်စီးသွားပုံပေါ်လေသည်။  သွေးကွက်များကို ကြည့်ရသည်မှာ သူတို့သေဆုံးသွားသည်မှာ ကြာမြင့်ပုံ မပေါ်ပေ။

“ဒါက ပိုပြီးအန္တရာယ်များလာတာပဲ” ရီဖူရှင်းက တီးတိုးရေရွတ်လိုက်သည်။ သူ၏မျက်လုံးများသည် နတ်ဘုရားမျက်လုံးများကဲ့သို့ ပုံရိပ်ယောင်အားလုံးကို ထွင်းဖေါက်ဖြတ်ကျော်လာနိုင်ခဲ့သည်။ ထို့အပြင် သူသည် အန္တရာယ်ကို ကြိုတင်ခံစားနိုင်စွမ်းလည်းရှိသဖြင့် သူတို့သည် ယခုအချိန်အထိ အန္တရာယ်အားလုံးကို ရှောင်ရှားလာနိုင်ခဲ့ခြင်းဖြစ်သည်။

ရှေ့မှ ကြိုတင်သွားနေကြသော လူအုပ်ကြီးသည် မြို့တွင်းသို့ ဆက်လက်ဝင်ရောက်နိုင်ခြင်းမရှိတော့ဘဲ ရပ်တံ့လိုက်ကြသည်။ ထိုသူများမှာ ယွမ်ယန်ကလန်မှ ကျင့်ကြံသူများ၊ ကောင်းကင်ဓားခန်းမ၊ ချီရှောင်းနတ်တောင်တန်းနှင့် ဗြဟ္မာ့သန့်စင် ကောင်းကင်မှ ကျင့်ကြံသူများဖြစ်ကြသည်။ ထိုလူစုတွင် လူတစ်ချို့လျော့နည်းနေပြီး အချို့မှာ ဒဏ်ရာများ ရရှိထားကြသည်။

ရီဖူရှင်းနှင့်အခြားသူများရောက်လာသောအခါ သူတို့အားလုံး လှည့်ကြည့်လိုက်ကြသည်။ လီဟန်ဓားသမားအတွက်ကြောင့် တစ်ချိန်ကကောင်းကင်ဓားခန်းမနှင့် ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး သိန်းငှက်လေးကြောင့် ယွမ်ယန်မျိုးနွယ်စုများနဲ့ တိုက်ခိုက်ခဲ့သဖြင့် လူအတော်များများက သူ့ကိုသတိပြုမိခဲ့ကြသည်။ သူနှင့် အဆက်အဆံမရှိသည်မှာ ချီရှောင်း နတ်တောင်တန်းမှ လူများသာကျန်ပေတော့သည်။

“မင်း ဒီကိုအရင်က ရောက်ဖူးတာလား” ယွမ်ယန်မျိုးနွယ်စု၏ခေါင်းဆောင် လူငယ်က ရီဖူရှင်းကို မေးလိုက်သည်။ ထိုလူစုသည် သူတို့နောက်မှ ရောက်လာသည်ကို သူတို့သိကြသော်လည်း ဂရုမစိုက်ခဲ့ကြပေ။ သို့သော် ရီဖူရှင်းတို့လူစုသည် အန္တရာယ်များကိုရှောင်ရှားရန် အလွန်ကောင်းမွန်သော နည်းလမ်းများရှိသည်ကိုသူတို့တွေ့ရှိခဲ့ကြသည်။ ထို့ကြောင့် သူတို့သည်သွားနေရာမှ ရပ်တံ့ကာ သူ့အား စောင့်နေကြခြင်း ဖြစ်သည်။

“မရောက်ဖူးဘူးလား” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။

“မရောက်ဖူးဘူးလား” ယွမ်ယန်ကလန်၏ ခေါင်းဆောင်လူငယ်၏အမည်မှာ ယွမ်ဟုန်ဖြစ်သည်။ ရီဖူရှင်း၏ ငြင်းပယ်မှုကို ကြားလိုက်ရသောအခါတွင် သူ့မျက်နှာပေါ်တွင် သံသယအရိပ်များထင်ဟပ်လာသည်။

“ဒါဆို မင်းက အန္တရာယ်တွေကို ဘယ်လိုရှောင်တိမ်းနိုင်ခဲ့တာလဲ”

“ငါက ထောင်ချောက်တွေကို ခန့်မှန်းနိုင်တယ်လေ” ရီဖူရှင်းကပြန်ဖြေလိုက်သည်။

“ဒါဆို ငါတို့ရော မင်းနဲ့လိုက်လို့ရမလား” ယွမ်ဟုန်က မေးလိုက်သည်။

“ဒါဆို ငါတို့အားလုံး အတူတူစွန့်စားကြတာပေါ့”

ချီရှောင်းနတ်တောင်တန်း နှင့် ကောင်းကင်ဓားခန်းမမှ လူများလည်း သူ့အားကြည့်လိုက်ကြသည်။ အကယ်၍ သူသာငြင်းပယ်လိုက်မည်ဆိုလျှင် ဤနေရာတွင် ရာဇဝင်တွင်သည့်အဖြစ်အပျက်များ ဖြစ်ပေါ်လာနိုင်ပေသည်။

ရီဖူရှင်းက ခဏမျှစဉ်းစားလိုက်ပြီး ပြုံးကာ ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီ။ မင်းတို့အားလုံး ငါ့နောက်လိုက်နိုင်တယ်”

“ကျေးဇူးတင်ပါတယ်။” ယွမ်ဟုန်သည် ရီဖူရှင်းက ထိုမျှ ရိုးရှင်းစွာဖြင့်လက်ခံမည်ဟုထင်မထားခဲ့ပေ။ သူက ကျေးဇူးတင်စွာဖြင့် ပြုံးပြလိုက်သည်။ ရီဖူရှင်းနှင့်အခြားလူများသည် ရှေ့သို့ခရီးဆက်ကြချိန်တွင် ကျူးချီသည် သူနှင့် သိန်းငှက်လေးတို့ကို ကြည့်နေမိသည်။ ယခင်က ယူချင်း၏စွမ်းအားသည် သူမကိုထိတ်လန့်စေခဲ့သည်။ သူမသည် သူတို့ဤနေရာသို့လာမည်ဟု ထင်မထားခဲ့ပေ။ မည်ကဲ့သို့ ဖြစ်ပျက်နေသည်ကို သူမ လိုက်မမှီတော့ပေ။

“မတွေ့တာကြာပြီနော် အရှင်ရီ”

ဗြဟ္မာ့သန့်စင် ကောင်းကင်မှ ချင်းဟယ်က ခေါင်းညိတ်ကာ နှုတ်ဆက်လိုက်သည်။ သူမဘေးမှ ဗြဟ္မာ့သန့်စင် ကောင်းကင်မှ အခြားသော နတ်မိမယ်များလည်း ရီဖူရှင်းကို ကြည့်နေကြသည်။ သူသည် ချင်းဟယ်နှင့် အလွန်ရင်းနှီးပုံပေါ်သည်။ သူမသည် ဗြဟ္မာကောင်းကင်မြို့တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲကို အမှတ်ရနေဆဲဖြစ်သည်။

“နတ်မိမယ်ချင်းက အရင်ကထက်ပိုပြီးတော့ လှလာတာပဲ” ရီဖူရှင်းက ပြောလိုက်သည်။ ချင်းဟယ် ခေါင်းညိတ်လိုက်သည်။ ရီဖူရှင်းသည် အုပ်စုတစ်ခုလုံး၏ ရှေ့မှ ဦးဆောင်ကာ လမ်းလျှောက်နေသည်။ အခြားအင်အားစုများမှ လူများသည် အနည်းငယ်အံ့အားသင့်သွားကြသည်။ သူတို့သည် တစ်ဦးနှင့်တစ်ဦးသိကျွမ်းပုံ မပေါ်ခဲ့သော်လည်း အမှန်တွင် သူတို့သည် အတော်အတန်နီးစပ်ပုံပေါ်ပေသည်။ သို့သော်လည်း ရီဖူရှင်း၏ အဖွဲ့သည် အလွန်အားနည်းလေသည်။

ဓားမြို့တော်သို့ ဦးဆောင်နေသည့်ရီဖူရှင်း၏ မျက်လုံးများသည် နတ်အလင်းများဖြင့် လင်းလက် တောက်ပနေသည်။ အတန်ငယ်ကြာသောအခါတွင် သူတို့အားလုံး မြို့လယ်ခေါင်သို့ ရောက်လာ ကြသည်။

ဓားနန်းတော်၏ရှေ့ဘက်တွင် ကြီးမားသောဓားဝင်္ကပါကြီးတစ်ခု ရှိနေသည်။ မရေမတွက်နိုင်သောဓားများသည် နန်းတော်ဝင်ပေါက်ကို ပိတ်ဆို့ထားကြသည်။ ထိုကြီးမားသော ဓားဝင်္ကပါ၏ အထက်ဘက် ပေရာပေါင်းများစွာကွာဝေးသောနေရာတွင် အလင်းရောင်များ ဖြာထွက်နေသော အခြားဓားတစ်ချောင်းသည် လေထဲတွင် လွင့်မျောနေသည်။

ဓားစွမ်းအားများသည် ထိုနေရာမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ လူတစ်ချို့၏မျက်နှာများ နက်မှောင်သွားကြသည်။ ထိုဓားစွမ်းအင်များသည် သူတို့အပေါ်သို့ ဖိအားများဖြစ်ပေါ်လာစေပြီး ခုခံနိုင်ရန်ခဲယင်းလွန်းလှသည်။ သူတို့သည် ဓားပေါ်တွင်ထိုင်နေသည့် အားနည်းပြီးမှုန်ဝါးနေသော ပုံရိပ်တစ်ခုကို မြင်လိုက်ကြရသည်။ ၎င်းသည် မြို့စားချန်ထားရစ်ခဲ့သော စွမ်းအားဖြစ်ပုံပေါ်သည်။

“ဒီကိုရောက်နှင့်နေတဲ့လူတစ်ချို့ရှိတယ်”

ယူချင်းကပြောလိုက်သည်။ ထိုဓားဝင်္ကပါ၏ဘေး ပတ်ပတ်လည်တွင် အပေါက်များရှိနေပြီး ထိုဓားအပေါက်များတွင် ဓားခြောက်ချောင်းက စိုက်ဝင်နေသည်။ ဓားဝင်္ကပါမှ အလင်းတန်းများသည် ဘေးပတ်လည်သို့ ဖြာထွက်နေပြီး အလင်းရောင်ကျရောက်နေသည့် နေရာတိုင်းတွင် ဓားရာများ ထင်ကျန်နေခဲ့သည်။ ထိုထင်ကျန်နေသောဓားရာများမှာ ဤနေရာသို့ ယခင်က ရောက်လာခဲ့သော သူများကြောင့် ဖြစ်နိုင်ပေသည်။ သို့သော် ထိုဓားဝင်္ကပါတွင် ဓားပေါက်သုံးခုမှ ဓားသုံးချောင်း ပျောက်ဆုံးနေပြီး ရှိနေသည်။ ထိုဓားများ ပျောက်ဆုံးနေခြင်းကြောင့် ဓားဝင်္ကပါကြီးက အသက်မဲ့နေခြင်း ဖြစ်ပုံပေါ်ပေသည်။

“ဟုတ်တယ် အရင်က ငါတို့ရဲ့အကြီးအကဲတချို့က ဒီအပျက်အစီးနယ်မြေကို ရောက်ဖူးပြီး ဒီနေရာအကြောင်းပြောဖူးတယ်။ နောက်ဆုံးဓားသုံးချောင်းကို ရှာပြီး ဓားဝင်္ကပါထဲ ထည့်နိုင်ခဲ့ရင် ဓားတွေကို အမွေဆက်ခံနိုင်လိမ့်မယ်။” ယွမ်ဟောင်သည် လေထဲတွင် ဝဲပျံနေသောဓားကို ကြည့်လိုက်သည်။

“ဒီဓားကိုကြည့်ရတာ မရိုးရှင်းဘူး။ ဒီမြို့ကိုအုပ်ချုပ်တဲ့ ဓားသမားရဲ့အမွေအနှစ်က ဒီမြို့ထဲမှာပဲ ရှိကောင်းရှိကောင်းရှိလိမ့်မယ်။”

“ဒါဆို ငါတို့နောက်ဆုံးဓားသုံးချောင်းကို ရှာကြရမှာပေါ့” ရီဖူရှင်းက ပြောလိုက်သည်။

ယွမ်ဟောင်ခေါင်းညိတ်လိုက်သည်။  “ငါတို့အတူတူရှာကြရအောင်။ ငါတို့ ဓားကြီးကို အသက်ဝင်လာအောင်လုပ်နိုင်တဲ့ အခွင့်အရေးရှိမရှိ စမ်းကြည့်ကြတာပေါ့။”

ယွမ်ဟောင်သည် ယွမ်ယန် မျိုးနွယ်စု၏ခေါင်းဆောင်တစ်ဦးဖြစ်သော်လည်း မောက်မာခြင်းလုံးဝမရှိဘဲ ဖေါ်ရွေစွာ ပြောလိုက်သည်။ ထို့အပြင် ဤနေရာမှလူများအားလုံးသည် ပဋိပက္ခဖြစ်ခြင်းမရှိဘဲ အလွန်သင့်မြတ်နေပုံ ပေါ်လေသည်။ သို့သော် ထိုသည်မှာလည်း ပျက်စီးခြင်းနယ်မြေမှာ ယခုချိန်ထိ ချိတ်ပိတ်ထားပြီး ဖွင့်မလာသေးသောကြောင့်လည်း ဖြစ်နိုင်ပေသည်။

ယွမ်ယန်မျိုးနွယ်စုများသည် ဤနေရာတွင် အင်အားအကြီးဆုံး အင်အားစုလည်းဖြစ်သည်။ ယခုအချိန်တွင် ယွမ်ယန်မျိုးနွယ်စု၏ ရည်မှန်းချက်မှာ အပျက်အစီး နယ်မြေအား ဖွင့်လှစ်နိုင်ရန်ဖြစ်သည်။ ထိုသို့ဖွင့်လှစ်နိုင်သည်နှင့် အတွင်းထဲရှိ ပစ္စည်းများကို သူတို့ရရှိနိုင်ရန် အခွင့်အရေးရှိနိုင်ပေသည်။

ရီဖူရှင်း ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီလေ။ ဓားတွေထဲက တစ်ချောင်း ဘယ်မှာရှိတယ်ဆိုတာ ငါသိတယ်။ ငါသွားယူလိုက်မယ်”

ရာရာနှင့် လီဟန်ဓားသမားက သူ့ကိုကြည့်လိုက်ကြသည်။

“စောစောတုန်းက လေထဲမှာလွှင့်မျောနေတဲ့ဓားတစ်လက် တွေ့ခဲ့တယ်။ ငါသွားယူလိုက်မယ်။  မင်းဒီမှာစောင့်နေလိုက်” ရီဖူရှင်းက ပြောပြီလှည့်ထွက်သွားသည်။

သူဆုံးဖြတ်ချက် ချလိုက်သည့် အမူအယာကြောင့် အခြားကျင့်ကြံသူများ အံ့အားသင့်သွားကြသည်။ သူလိုချင်သည့်အတိုင်း စိတ်တိုင်းကျ ပြုမူနိုင်သည်ဟု အဘယ်ကြောင့် ထင်မြင်နေသနည်း။

“ငါ နင်နဲ့လိုက်ခဲ့မယ်”ရာရာက ပြောလိုက်သည်။

“ကောင်းပြီ” ရီဖူရှင်းက ခေါင်းညိတ်ကာပြောလိုက်သည်။ သူတို့နှစ်ဦး အတူတကွ ထွက်သွားကြသည်။ ယွမ်ယန်မျိုးနွယ်စုများနှင့် ကောင်းကင်ဓားခန်းမမှ ကျင့်ကြံသူများလည်း အခြားဓားနှစ်ချောင်းကို ရှာရန် ထွက်သွားကြသည်။

“အဲဒီဓားဆိုတာ နင်ဘယ်လိုသိတာလဲ” ရာရာက သူ့ကိုစိတ်ချင်းဆက်သွယ်ကာ မေးလိုက်သည်။

“ငါခံစားမိတာ” ရီဖူရှင်းက အပြုံးဖြင့်ပြန်ဖြေလိုက်သည်။

“နင် ဘာလို့ ဒီလိုတွေ လုပ်နေတာလဲ” ရာရာ နားမလည်နိုင်ပေ။

ရီဖူရှင်း လုပ်ဆောင်နေသမျှအရာတိုင်းသည် အလွန် ရိုးသားနေသည်။ သူသည် ထိုသို့ပြုလုပ်ရန်မလိုအပ်ပေ။

“ကျန်တဲ့ဓားနှစ်ချောင်း ဘယ်မှာလဲဆိုတာလဲ ငါသိတယ်” ရီဖူရှင်းက ပြောလိုက်သည်။ သူ၏နတ်ဘုရားမျက်လုံးများဖြင့် ပုံရိပ်ယောင်များအားလုံးကို ဖေါက်ထွင်း၍ မြင်နိုင်ပေသည်။ သူသည်ထိုဓားနှင့် ဝင်္ကပါကိုမြင်သည့်အချိန်တွင် အမှန်တကယ်အားဖြင့် ဤတစ်မြို့လုံးသည် ဓားဝင်္ကပါအတွင်း ကျရောက်နေသည်ကို သူသိခဲ့ပေသည်။

ရာရာသည် သူ့ကို ထိတ်လန့်စွာ ကြည့်လိုက်မိသည်။ ထိုအကြောင်းကိုကြားသောအခါ သူမသည် ပို၍နားမလည်နိုင် ဖြစ်သွားသည်။ သူတို့၏ပြိုင်ဘက်များကို အနိုင်ယူပြီးမှ ဓားများကိုယူသည်က ပို၍လွယ်ကူသည် မဟုတ်လော။

“ရာရာ ကြည့်ရတာ ငါဒီအပျက်အစီးနယ်မြေထဲမှာ ရန်ဟောင်တစ်ယောက်ဖြစ်လာတော့မယ် ထင်တယ်” ရီဖူရှင်းက ပြောလိုက်သည်။ ရီဖူရှင်းအား ပြန်ကြည့်လိုက်ပြီး ရာရာ၏မျက်နှာအရောင်ပြောင်းသွားသည်။ ဒဏ္ဍာရီလာ ရန်ဟောင်အဆင့်။ ရီဖူရှင်းသည် ထိုအဆင့်သို့ အမှန်တကယ်ရောက်နိုင်ပါမည်လော။ ရီဖူရှင်း ထိုသို့ပြောကတည်းက သူသည်ထိုအဆင့်သို့ရောက်ရှိရန် နီးကပ်နေပြီဟု ခံစားမိနေပုံပေါ်သည်။ ထိုအဆင့်သို့ရောက်ရန် ဝေးတော့မည်မဟုတ်ပေ။

“နှစ်တွေကြာလာပြီးတော့ ငါပိုပြီးအစွမ်းထက်လာပြီး ပိုပြီးအဆင့်မြင့်လာပေမယ့် အခြားထပ်သီးအင်အားစုတွေရဲ့ ပိတ်ဆို့မှုတွေကို ပိုကြုံခဲ့ရပြီး ခါးသည်းမှုတွေအများကြီး ခံစားခဲ့ရတယ်။ အဲဒါ ငါ့ရဲ့ စွမ်းအားတွေ နိမ့်ကျနေလို့ပဲ။ မင်းက ပိုပြီး အစွမ်းထက်လာလေ ပိုပြီးအစွမ်းထက်တဲ့လူတွေနဲ့ ကြုံရလေပဲ။ အဲဒီလိုပဲ မင်းက ပါရမီပိုများလေလေ မင်းကို လူတွေက အာရုံစိုက်လာလေလေပဲ”

ရီဖူရှင်းက သူမကိုပြောလိုက်သည်။ “ငါက ရန်ဟောင် ဖြစ်လာပြီဆိုတာနဲ့ ငါကဂျူနီယာတစ်ယောက်မဟုတ်တော့ဘူး။ မဟာလမ်းစဉ်ရဲ့ ဘုံသုံးထောင်လုံးက လူတွေက ငါ့ကို အစွမ်းရှိသူအဖြစ် အသိအမှတ်ပြုရလိမ့်မယ်။ အဲဒီအခါကျရင် ငါတစ်ခြားထိပ်သီး အင်အားစုတွေနဲ့ ဆက်သွယ်လာနိုင်လိမ့်မယ်။”

ရာရာ ခေါင်းညိတ်လိုက်သည်။ ထိုသဘောတရားကို သူမနားလည်ပေသည်။ ရီဖူရှင်း ရန်ဟောင်ဖြစ်လာသည်နှင့်တစ်ပြိုင်နက် အခြေအနေများ ပြောင်းသွားပေလိမ့်မည်။ သူ၏ပါရမီခွန်အားဖြင့်ဆိုလျှင် ဘုံကိုးပါးရှိလူများ၏အာရုံကို အမှန်တကယ် ဆွဲဆောင်နိုင်ပေလိမ့်မည်။

“ပြိုင်ဘက်ကင်းတဲ့ ပါရမီရှင်တစ်ယောက်ဟာ သူတစ်ဦးတစ်ယောက်တည်း ရပ်တည်နေရင် တစ်ကမ္ဘာလုံးက သူ့ရဲ့ရန်သူဖြစ်လာနိုင်တယ်။ ငါအရင်က မြေရိုင်းဒေသမှာတုန်းက အဲလိုအခြေအနေမျိုး ကြုံခဲ့ရဖူးတယ်။ မဟာလမ်းစဉ်ရဲ့ ဘုံသုံးထောင်ကို လွှမ်းမိုးဖို့ဆိုရင် ငါ့မှာ မိတ်ဆွေတွေ အများကြီးရှိဖို့ လိုအပ်တယ်။ ဒီနတ်ဘုရားအကြွင်းအကျန်နယ်မြေထဲမှာ အင်အားစုအသီးသီးရဲ့ အမွေဆက်ခံမဲ့ ဂျူနီယာတွေအများကြီးရှိတယ်။ အနာဂတ်မှာသူတို့ဟာ သက်ဆိုင်ရာအင်အားစုတွေကို အုပ်ချုပ်ရ လိမ့်မယ်။ သူတို့ဟာ ဘုံကိုးပါးကိုလွှမ်းမိုးလာနိုင်တဲ့သူတွေဖြစ်တယ်” ရီဖူရှင်းကပြောလိုက်သည်။

သူဆက်ပြီး မရှင်းပြတော့ပေ။ သူပြုလုပ်ချင်သည့် အရာအချို့ရှိပေသေးသည်။ သို့သော် ထိုအရာများသည် သူကိုယ်တိုင်လုပ်ဆောင်ရမည်ဖြစ်ပြီး ရန်ဟောင်တစ်ပါးဖြစ်လာလျှင်ပင် ပြုလုပ်နိုင်ရန် ခဲယင်းနေ သေးသည်။

သူသည် ဤအပျက်အစီးနယ်ထဲတွင် အစွမ်းအထက်ဆုံးသူ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ သူသာ တိုက်ခိုက်လိုလျှင် သူတို့အားလုံးကို တိုက်ခိုက်နိုင်ပေသည်။ အကယ်၍ ထိုသို့သာ လုပ်ဆောင်ခဲ့လျှင် ဤနေရာမှ ထွက်ခွာသည်နှင့် သူသည် ဘုံကိုးပါးလုံး၏ ဘုံရန်သူဖြစ်လာပေလိမ့်မည်။

ရာရာသည် သူ၏ချောမောသော ပုံရိပ်ကိုငေးကြည့်နေမိသည်။ သူမ၏စိတ်အခြေအနေပြောင်းလဲသွားပုံရသည်။ ရီဖူရှင်း ရန်ဟောင်ဖြစ်လာသည့်အခါတွင် တစ်လောကလုံးကို လွှမ်းမိုးနိုင်တော့မည်လား။

“ဒီနေရာကို အုပ်ချုပ်သူရဲ့ ဓားစွမ်းအားတွေကို အမွေဆက်ခံနိုင်တာက အရမ်းကောင်းမွန်တဲ့အခွင့်အလမ်းတစ်ခု ဖြစ်သလို အန္တရာယ်လည်း များတယ်။ တကယ်တော့ မင်းကို အန္တရာယ်ထဲ မဆွဲခေါ်ချင်ဘူး။ မင်းသာ ဘေးကင်းမယ်ဆိုရင် အားလုံးအဆင်ပြေတယ်။ ဒါပေမယ့် မင်းနဲ့ လီဟန်ဓားသမားတို့ နှစ်ယောက်လုံး စွမ်းအားတွေကို ဆက်ခံနိုင်တဲ့အခွင့်အရေးရှိတယ်။ မင်းလိုချင်လား ဒါမှမဟုတ် လီဟန်ဓားသမားကို ပေးမလား” ရီဖူရှင်းက ရုတ်တရက် စကားလမ်းကြောင်းပြောင်းကာ မေးလိုက်သည်။ ယခု သူတို့ ပြောနေသည့် မည်သူအမွေဆက်ခံမည်နည်း ဆိုသည့်အကြောင်းအရာအား အခြားအင်အားစုများသာ သိလျှင် မည်သို့ ခံစားသွားကြမည် မသိပေ။

ရီဖူရှင်းသည် ခင်မင်ရင်းနှီးမှုတည်ဆောက်မည်ဟု ပြောခဲ့သော်လည်း တိုက်ပွဲတွင် အရှုံးပေးမည် မဟုတ်ကြောင်း သိနိုင်ပေသည်။ သူအယုံကြည်ရဆုံးသူများကိုသာ ထိုအခွင့်ကောင်းများကို ပေးလိုပေသည်။ “အဲဒါကို လီဟန်ဓားသမားကို ပေးလိုက်ပါ။ အန္တရာယ်ရှိရင်တောင် သူကဒီအခွင့်အရေးကို လက်လွတ်ချင်မှာမဟုတ်ဘူး။” ရာရာကပြောလိုက်သည်။ သူမသည် လီဟန်ဓားသမားကို သိကျွမ်းခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။

“ကောင်းပြီလေ” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset