အပိုင်း(၁၆၀၇)

အမွေ

ယူချင်းသည် နတ်ဆိုးအခြေအ​နေသို့ ပထမဆုံး ဝင်ရောက်သွားသည့်အခါ သူက အလွန် အစွမ်းထက်သည့် နတ်ဆိုးစွမ်းအားများကို ထိန်းချုပ်နိုင်ခြင်း မရှိတော့ဘဲ အလွန် ရက်စက်ကြမ်းကြုတ်လာပေလိမ့်မည်။ သို့သော် သူက အားကောင်းလာသည်နှင့်အမျှ သူ၏ ထိန်းချုပ်နိုင်စွမ်းအားသည်လည်း အားကောင်းလာခဲ့ပြီး အဖြစ်များက ယခင်နှင့် ကွာခြားသွားပေလိမ့်မည်။ ယခုတွင် သူက ရှန့်ထိုအဆင့် အထွတ်အထိပ်သို့ပင် ရောက်နေပြီ မဟုတ်ပါလား။

အနက်ရောင် နတ်ဆိုးအလင်းများသည် မြေအောက်နန်းတော်တစ်ခုလုံးကို ပြည့်နှက်နေခဲ့ပြီး နတ်ဆိုးစွမ်းအားများ၏ အသံ​က လေထုကို ရစ်ပတ်နေသည်ဟု ထင်မှတ်ရသည်။ မရေတွက်နိုင်သည့် နတ်ဆိုးအရိပ်များ ပေါ်ပေါက်လာကာ ယူချင်းအား သူတို့၏ သခင်အဖြစ် ကြည့်လိုက်ကြသည်။

တစ်ချိန်တည်းမှာပင် နတ်ဆိုးချပ်ဝတ်က သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွား၏။ ကြည့်ရသည်မှာ နဂါးကြေးခွံများ ထွက်ပေါ်ဖုံးခလွှမ်းလာသကဲ့သို့ ဖြစ်သည်။ ကြောက်မက်ဖွယ် နဂါးကြေးခွံများက သူ့အနီးတွင် ရစ်ပတ်လာပြီး နတ်ဆိုးတစ်ကောင်ကဲ့သို့ ဖြစ်လာခဲ့ပေသည်။

နဂါးသည် အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။ ယင်းက သောကျောက်ကို ကြည့်လိုက်သည့်အခါ သူသည် အလွန် အန္တရာယ်များလှသည့် ခံစားမှုကို ခံစားမိသည်။ နဂါး၏ မျက်လုံးများက အမှန်ပင် အသက်ရှိနေသကဲ့သို့ ဖြစ်ကာ အလွန် အစွမ်းထက်သည့် နတ်ဆိုးတစ်ကောင်၏ ဖြစ်တည်မှုနှင့် အလားတူပေသည်။

ထိုသည်မှာ နတ်ဆိုးနဂါးက ယူချင်းသော ပေးခဲ့သည့်အရာ ဖြစ်သည်။ သူ ထွက်မခွာခင်၌ နတ်ဆိုးနဂါးသည် မတွေး​ကြည့်နိုင်လောက်သော နာကျင်မှုကို ဖြစ်ပေါ်စေလျက် သူ၏ နဂါးဝိညာဥ်ကို ဆွဲထုတ်ကာ သူ့ကို စွမ်းအားများ ပေးအပ်ခဲ့သည်အား ရှင်းလင်းစွာ မှတ်မိပေသည်။ ယင်းသည် နဂါးကြီးအား အလွန် အားနည်းသွားစေသည်။ ယူချင်းသည် ထိုနဂါးကြီးက မည်သည့်အတွက် ထိုသို့ လုပ်ဆောင်ခဲ့သည်ကို မသိရှိခဲ့ပေ။ သူ့အတွက် ယူချင်းအား ကျင့်ကြံမှု၌ လေ့ကျင့်သင်ကြားပေးခြင်းနှင့်ပင် မလုံလောက်နိုင်ခဲ့သည်လား။

သူသည် ထိုနဂါးကြီး၌ သူ့အပေါ်တွင် ခံစားချက်အမျိုးအစားအချို့ ရှိသည်ကို ခံစားမိနိုင်သည်။ သူက သူ့ကို သိခြင်းဖြစ်သလို သူ့ဆရာအား သိခြင်းလည်း ဖြစ်နိုင်သည်။ ထို့ကြောင့်ပင် သူ့အပေါ်၌ နားလည်မှုရှိခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ သူ ထိုကိစ္စကို မည်သည့်အတွက် လုပ်ဆောင်ရခြင်းဟူသည့် အကြောင်းရင်းလည်း ဖြစ်နိုင်သည်။

သူသည် ငယ်စဥ်အခါက သူ့အဖေ ပြောဖူးသည်များကို တစ်ခါတစ်ရံ တွေးမိခဲ့သည်။ သူသည် အလွန် ထူးခြားသာလွန်စွာ မွေးဖွားလာခဲ့ပြီး ဧကရာဇ်တစ်ပါး၏ လမ်းကြောင်းကို လျှောက်ရန် မွေးဖွားလာသည်ဟု ပြောခဲ့ဖူးသည်။ ထို့ပြင် ယူချင်းသည် သူ၏ လမ်းကြောင်းမှ ခက်ခဲကြမ်းတမ်းမှုများကို ကူညီ၍ချေမွေ့အောင် လုပ်ဆောင်ပေးရမည်။ ထိုသည်မှာ သူ ယုံကြည်ထားသည့် အရာပင် ဖြစ်သည်။

သူကိုယ်တိုင်အတွက် သူသည် ထိုမျှ များများစားစား စဥ်းစားဖူးခြင်း မရှိပေ။

သူက ရှေ့သို့ လျှောက်လှမ်းလာပြီး နတ်ဆိုးစွမ်းအားများက မြေအောက်နန်းတော်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ထောင်ချီသည့် နတ်ဆိုးအော်မြည်သံများ ထွက်ပေါ်လာပြီး ယင်းတို့၏ ချီစီးဆင်းမှုက မြစ်များကဲ့သို့ ဖြစ်တည်လာ၏။ ထိုနေရာသည် နတ်ဆိုးနယ်မြေတတစ်ခုကဲ့သို့ ပြောင်းလဲသွားပြီး အထဲရှိ စွမ်းအား အားလုံးနှင့် သတ်ဖြတ်ခြင်းနတ်ဘုရားများကို တားဆီးပိတ်ဆို့ထားလိုက်သည်။

သောကျောက်သည် ယူချင်း၏ လှုပ်ရှားမှုကို မြင်လိုက်ရသည့် တစ်ချိန်တည်းမှာပင် သူသည်လည်း လှုပ်ရှားလိုက်သည်။ သူ၏ တိုက်ခိုက်ခြင်းနတ်ဘုရားအသွင်နှင့်ပင် သူသည် အလွန် ကြီးမားသော ဖိအားပမာဏကို ခံစားမိပေသည်။ သူက ရှေ့သို့ ခြေလှမ်းလိုက်ပြီး သူ၏ မျက်လုံးများက အစွမ်းထက်သည့် စိတ်စွမ်းအား နတ်အလင်းများ ထိုးထွက်လာသည်။ တိုက်ခိုက်ခြင်း စွမ်းအားက မြေအောက်နန်းတော်တစ်ခွင်ကို ဖြတ်ကာ တောက်ပနေသည့် နတ်အလင်းများအဖြစ် ပြောင်းလဲသွားသည်။ ကြည့်ရသည်မှာ နတ်ဆိုးစွမ်းအားများကို ဖျက်ဆီးပစ်တော့မလိုပင် ဖြစ်သည်။ သူ၏ မျက်ခုံးကြားမှ တိုက်ပွဲနတ်ဘုရား၏ သတ္တမမြောက် အမှတ်အသားက အလင်းရောင်များ ထုတ်လွှတ်နေပြီး သူ၏ စွမ်းအားကို ပိုမိုမြင့်မားသော အဆင့်သို့ ရောက်အောင် ပြုလုပ်ပေးသည်။

သူက တိုက်ခိုက်ခြင်းနတ်ဘုရား၏ လက်သီးစွမ်းအားအပြည့်နှင့် လက်သီးကို ဆန့်ထုတ်လိုက်သည်။

တခဏအကြာတွင် ပေရာချီမြင့်မား၍ ကြီးမားသည့် ပုံရိပ်ကြီးနှစ်ခုက ခန်းမအတွင်း ပေါ်ပေါက်လာ၏။ တစ်ခုမှာ တိုက်ခိုက်ခြင်းနတ်ဘုရား ဖြစ်ကာ နောက်တစ်ခုမှာ နတ်မိစ္ဆာတစ်ပါး ဖြစ်သည်။ သူတို့သည် မြေအောက်နန်းတော်တစ်ခုလုံးကိုပင် အပြည့်အဝ လွှမ်းခြုံသွားခဲ့သည်။ သူတို့က ချက်ချင်း တိုက်ခိုက်လိုက်သည့်အခါ သူတို့၏ ကျိုးပဲ့နိုင်ခြင်းမရှိသည့် လက်သီးများက အချင်းချင်း ထိခတ်မိကြသည်။

ဘုန်း…

လေထုက တုန်ခါသွားပြီး ပြင်းထန်သည့် လေပွေတစ်ခု ဖြစ်ပေါ်လာသည်။ ကြည့်နေသူတို့က ခုခံမှုကို အသက်သွင်းလိုက်ကြသော်လည်း သူတို့သည် ထိုလေပြင်းကြောင့် နောက်သို့ ဆုတ်ခွာလိုက်ရပေသည်။ အများစုသည် နောက်သို့ ခြေလှမ်းများစွာ ဆုတ်ခွာသွားရပြီး မတ်မတ်ပင် မရပ်နိုင် ဖြစ်သွားရ၏။ သို့သော် သူတို့၏ မျက်လုံးများက တိုက်ပွဲပေါ်တွင်သာ ရှိနေကြသေးပေသည်။

ဤတိုက်ခိုက်မှုက မည်သည့်အဆင့် ဖြစ်သနည်း။

နတ်ဘုရားအမွေအနှစ် နယ်မြေသို့ ရောက်ပြီး ပထမဆုံးတိုက်ပွဲမှာပင် သူတို့သည် ထိုမျှ ရက်စက်ပြင်းထန်သည့် တိုက်ခိုက်မှုကို ကြုံတွေ့ခဲ့ရသည်။ လောလောလတ်လတ် ရန်ဟောင်အဆင့်သို့ တက်ရောက်ထားသူများပင် ထိုမျှထိ အစွမ်းထက်လိမ့်မည် မဟုတ်ပေ။

ဘန်း… ဘန်း… ဘန်း…

နတ်အလင်းတန်းများက တိုက်ခိုက်ခြင်းနတ်ဘုရား၏ ခန္ဓာကို ဖြတ်ကာ ယင်းတို့က သူ့အား အပိုင်းပိုင်း စုတ်ဖြဲသွားသကဲ့သို့ ထင်မှတ်လိုက်ရသည်။ မိုးချုန်းသံတမျှ ​ကျယ်လောင်သည့် အသံထွက်ပေါ်လာကာ တိုက်ပွဲနတ်ဘုရား၏ ခန္ဓာကိုယ်က ပြိုကျပျက်စီးသွားခဲ့သည်။ သောကျောက်က လွင့်ထွက်သွားကာ နံရံနှင့် ရိုက်မိခဲ့သည်။ သူ၏ တိုက်ခိုက်ရေးနတ်ဘုရား သဏ္ဌာန်က ပျောက်ကွယ်သွားပြီး သူသည် မူလအရွယ်အစားသို့ ပြန်ရောက်သွားခဲ့သည်။ သူ၏ နဖူးမှ တိုက်ခိုက်ရေးနတ်ဘုရား ချိပ်တံဆိပ်သည်လည်း နက်မှောင်သွားခဲ့၏။

“အဟွတ်… အဟွတ်…”

သူက ချောင်းဆိုးလိုက်လျှင် သူ့ပါးစပ်မှ သွေးတို့ စမ်းချောင်းသဖွယ် စီးကျလာ၏။ သောကျောက်သည် ယူချင်းကို ကြည့်ကာ သွေးများကို သုတ်၍ ပြုံးလိုက်သည်။ ထို့​နောက် ပြောလိုက်၏။ “ငါသာ သတ္တမမြောက် ချိပ်တံဆိပ်ကို အသက်သွင်းနိုင်ခဲ့ရင် ဒီမဟာလမ်းစဥ် ဘုံသုံးထောင်မှာ ရန်ဟောင်အဆင့်အောက် လူတွေထဲက ဘယ်သူမှ ငါ့ကို တိုက်ခိုက်နိုင်မှာ မဟုတ်ဘူးလို့ ထင်မိခဲ့တယ်။ အဲဒီစွမ်းအားက ပြိုင်ဘက်မရှိဘူးလို့လည်း တွေးမိခဲ့တယ်။ ဒါပေမယ့် ငါတို့ရဲ့ ပထမဆုံးတိုက်ပွဲမှာပင် ငါမင်းကို ရှုံးခဲ့ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်မိခဲ့ဘူး။ ဒါပေမယ့် မင်းအနေနဲ့ အထက်ကိုးဘုံက တန်ခိုးရှင်တွေကို လျှော့တွက်မထားစေချင်ဘူး။ ငါ အဋ္ဌမစည်းကို အသက်သွင်းနိုင်တာနဲ့ မင်းကို တိုက်ခိုက်နိုင်လိမ့်မယ်။”

“အခုလည်း မင်းက အတော်အားကောင်းနေပါပြီ။” ယူချင်းက တွန့်ဆုတ်ခြင်းမရှိ ပြောလိုက်သည်။ သူသည် တူညီသောအဆင့်၌ သူ့ကို စိန်ခေါ်နိုင်သူ အနည်းငယ်ကိုသာ တွေ့ဖူးခဲ့သည်။ သူ့ဘေးမှ လူက နောက်ထပ်တစ်ယောက် ဖြစ်လိမ့်မည်။ သို့သော် သူတို့က မတိုက်ခိုက်ကြသည့်အတွက် လက်တွေ့ကျကျ ပြောရလျှင် သောကျောက်တစ်ယောက်သာလျှင် ဖြစ်ပေသည်။

ထို့ကြောင့် သူက အလွန်အားကောင်းကြောင်း သိသာစေသည်။

သောကျောက်သည် ယူချင်းဆိုလိုသည့် အဓိပ္ပါယ်ကို ပြောနိုင်သော်လည်း အချို့သော အကြောင်းရင်းများအရ သူသည် သူ့ကိုယ်သူ မလုံလောက်ဟု ခံစားနေရဆဲ ဖြစ်သည်။ သောကျောက်က သူ့ကို ရှုံးနိမ့်ခဲ့သော်လည်း သောကျောက်က အလွန် အားကောင်းသည်ဟု ပြောနေခြင်းမှာ သူက ပို၍ အားကောင်းသည်ဟု သူ့ကိုယ်သူ ချီးကျူးနေခြင်းပေလော။

သို့သော် အဆုံးမှာတော့ သူက ရှုံးနိမ့်ခဲ့ခြင်းသာ ဖြစ်၍ အခြားအကြောင်းအရာကို တွေးရန်မလိုပေ။

“ဒီတိုက်ခိုက်ရေးစွမ်းအားက ငါနဲ့ သင့်တော်ပေမယ့် ရှုံးသွားပြီဆိုမှတော့ မင်းကို ပေးလိုက်ပါ့မယ်။ သတ္တမဝရိန် လည်း ကန့်ကွက်မှာမဟုတ်ဘူးလို့ ယုံတယ်။” သူက ပြောလိုက်သည်။ သူက ရှုံးနိမ့်သွားခဲ့ပြီး သတ္တမဝရိန် သည်လည်း အနိုင်ရရန် မျှော်လင့်ချက် မရှိပေ။ သူက ထိုအချက်ကို အတော်လေး ယုံကြည်ချက် ရှိသည်။ ဤနေရာတွင် သူ့ထက်ပိုအားကောင်းသော လူများစွာ ရှိနေသည်မှာ မဖြစ်နိုင်ပေ။

သတ္တမဝရိန် သည် အမှန်ပင် မည်သည့် ကန့်ကွက်ချက်မှ မရှိသလို သူက သတ္တမမြောက်လှံတိုက်ခိုက်မှုကို အသုံးပြုရန် စဥ်းပင် မစဥ်းစားချေ။ သောကျောက်က ဤကဲ့သို့ ရှုံးနိမ့်သွားခဲ့သည်ဖြစ်ရာ ဆက်တိုက်ခိုက်နေလျှင်လည်း အလဟဿသာ ဖြစ်ပေလိမ့်မည်။ ပေးဆပ်ရမည့် တန်ဖိုးကလည်း အတော် မြင့်မားပေသည်။

သောကျောက်သည် တိုက်ပွဲပြီးနောက် အနားယူရန် လိုအပ်ပြီး သူ၏ ကျင့်ကြံရေးက နှောင့်နှေးသွားပေလိမ့်မည်။

“သွားကြစို့” သတ္တမဝရိန် က အနည်းငယ်မှ တွေဝေခြင်းမရှိဘဲ လှည့်ထွက်သွားခဲ့သည်။ သူတို့သည် ဤနေရာသို့ မူလအစက အင်ပါယာရှင်းကျောင်းတော်၏ တိုက်ခိုက်ရေးစွမ်းအားများကို လုယူရန် လာခဲ့သော်လည်း မရနိုင်တော့သည်ဖြစ်ရာ ဆက်နေရန် အကြောင်းရင်း မရှိတော့ပေ။ ထို့ကြောင့် ဤနေရာ၌ အချိန်ဖြုန်းနေရန် မလိုပေ။

မကြာခက်၌ ဝရိန်ခုနစ်ပါး ကလန်မှ လူများအားလုံး မြေအောက်နန်းတော်မှ ထွက်ခွာသွားခဲ့ပေသည်။

“ယူချင်း သွားပြီး စမ်းကြည့်လိုက်” ရီဖူရှင်းက ပြောလိုက်သည်။ ဤတိုက်ခိုက်ရေးစွမ်းအားများက ယူချင်း၏ မူလစွမ်းအားအပြင် နဂါးစွမ်းအားများနှင့် သင့်တော်နေသည်ဖြစ်ရာ သူရရှိလိုက်ပါက မည်မျှ အားကောင်းသွားလိမ့်မည်နည်း။

သို့သော် ယူချင်းက ခေါင်းခါ၍ ပြောလိုက်သည်။ “ငါက အဲဒီလိုကိစ္စမျိုးမှာ မကျွမ်းကျင်ဘူး။ အဲဒါကြောင့် ယူနိုင်မှာ မဟုတ်ဘူး။ မင်း သွားပါ။”

သူ၏ ထင်မြင်ယူဆချက်အရ ရီဖူရှင်းသာ လိုချင်ပါက မရနိုင်သည့်အရာဟူ၍ မရှိဟုပင် ဖြစ်ပေသည်။

ရီဖူရှင်းသည် အမွေအနှစ် နယ်မြေများ၏ သတ်ဖြတ်သူဟု ခေါ်ရန် သင့်တော်ပြီး သူ့တွင် စွမ်းရည်အချို့ရှိနေရာ သူ အသုံးပြုရန် မသင့်တော်သည့်အရာ မရှိပေ။ သူတို့က နောက်ပိုင်း ရန်ဟောင်များနှင့် ရင်ဆိုင်ရနိုင်သည့်အတွက် ရီဖူရှင်း ဤတိုက်ခိုက်ရေးစွမ်းအားများကို ဆက်ခံခြင်းက ပိုသင့်တော်ပေလိမ့်မည်။

ရီဖူရှင်းသည် မည်သည့် ကန့်ကွက်စကားမှ ထပ်မဆိုတော့ပေ။ သူက သောကျောက်ကို ကြည့်လိုက်ပြီး အသက်ဓာတ်များဖြင့် ပြည့်ဝနေသော လမ်းစဥ်သစ်သီးတစ်လုံးက သူ့လက်ထဲ၌ ပေါ်ပေါက်လာသည်။ သူက ထိုသစ်သီးအား သောကျောက်ကို ပေးလိုက်၏။

သောကျောက်က ထိုသစ်သီးကို တုန်လှုပ်စွာ ကြည့်၍ ရီဖူရှင်းကို ပြန်ကြည့်လိုက်သည်။

“မင်းက အရမ်းအစွမ်းထက်တယ်။ ငါတို့ မိတ်ဆွေဖွဲ့ရအောင်။ တကယ်လို့ ဒီနတ်ဘုရားအမွေအနှစ် နယ်မြေထဲမှာ ပြဿနာတစ်ခုခု ကြုံရင် ငါတို့အတူ ဖြေရှင်းလို့ရတယ်။ ဒီလမ်းစဥ်  သစ်သီးစွမ်းအားကို မင်းကို မြန်မြန်ဆန်ဆန် သက်သာလာစေလိမ့်မယ်။” ရီဖူရှင်းက ပြောလိုက်သည်။

သောကျောက်က ရီဖူရှင်း၏ စကားကို ကြားပြီးနောက် တိတ်ဆိတ်သွားသည်။ သို့သော် သူက ပါးနပ်သူ ဖြစ်သည့်အလျောက် ပြုံး၍ ပြောလိုက်သည်။ “ငါက သောမျိုးနွယ်စုက သောကျောက်ပါ”

ထို့သို့ပြောပြီးနောက် သူက လမ်းစဥ်သစ်သီးကို တစ်ကိုက်ကိုက်လိုက်သည်။ ဤနေရာသို့ ရောက်လာသည့် လူနှစ်ယောက်က အမှန်ပင် ထူးခြားဆန်းကြယ်လှသည်။

“ကျုပ်တို့က ရီဖူရှင်းနှင့် ယူချင်းပါ” ရီဖူရှင်းက ပြောလိုက်သည်။ “ကျုပ် နတ်ဘုရားအမွေအနှစ်ကို ယူဖို့ ဆန္ဒရှိတယ်။ အဲဒါကြောင့် ထွက်သွားပေးဖို့ တောင်းဆိုလို့ရမလား။”

“ကိစ္စမရှိဘူး။” သောကျောက်က ခေါင်းညိတ်၍ ပြောလိုက်သည်။ သူက ထပ်မပြောတော့ဘဲ ထရပ်ကာ သောမျိုးနွယ်စုဝင်များနှင့်အတူ ထွက်ခွာသွားတော့သည်။

ယူချင်းက ရီဖူရှင်းကို ဆွံ့အစွာ ကြည့်လိုက်သည်။

သူသည် သောကျောက်က တည့်တိုးဆန်လှသည့်အတွက် ပေးခဲ့ခြင်း ဖြစ်ရမည်။ တိုက်ပွဲတွင် လှည့်စားမှု အသုံးပြုကြသည့် လူများမှာ သူတို့၏ စရိုက်ကို မကြာခဏ ရောင်ပြန်ဟပ်တတ်သည်။ ထို့ပြင် သောကျောက်က အမှန်ပင် အစွမ်းထက်လှသည်။ ယခု သူတို့ တိုက်ခိုက်ခဲ့ကြသော သုံးယောက်တွင် သောကျောက်က တိုက်ခိုက်ရေးနတ်ဘုရား၏ သတ္တမစည်းကို အသက်သွင်းလိုက်သည့်အခါ သူက အစွမ်းထက်ဆုံး ဖြစ်သွားခဲ့သည်။

သူတို့က အထက်ကိုးဘုံ၌ ပဋိပက္ခ ဆက်ဖြစ်နေလျှင် သူတို့သည် ပိုမိုများပြားသော ထိပ်သီး တန်ခိုးရှင်များနှင့် ရင်ဆိုင်ရမည်မှာ သေချာပေသည်။ ထို့ပြင် သူတို့တွင် ယခင်က ရန်သူများစွာ ရှိနေသေးသည်။ ကောင်းကင်အာဏာစက် ဘုံမှ အစွမ်းထက် အင်အားစုများ၊ အထက်ကောင်းကင်ဘုံမှ ရွှေရောက်နတ်ပြည်ထောင်အပြင် ယခု ရှန်းကလန်သည်လည်း သူတို့၏ ရန်သူပင် ဖြစ်သည်။ သူတို့သည် နောက်ပိုင်းတွင် မည်သည်တို့ကို ရင်ဆိုင်ရမည်အား မသိရှိပေ။ အကယ်၍ သူတို့က အစွမ်းထက် အင်အားစုများမှ ဆက်ခံသူတို့နှင့် မိတ်ဆွေဖြစ်ထားခဲ့လျှင် မကောင်းသည့်ကိစ္စ ဖြစ်နိုင်စရာအကြောင်း မရှိပေ။

နတ်ဘုရားအမွေအနှစ်နယ်မြေတွင် တွေ့ရသမျှ လူတိုင်းက ရန်သူ ဖြစ်လာရမည်ဟု မည်သူက ပြောသနည်း။ သူတို့က မတိုက်ခိုက်လျှင် မည်သည့်အခါမှ တွေ့ဆုံခဲ့ကြလိမ့်မည် မဟုတ်ပေ။

တိုက်ခိုက်ခြင်းသည် မိတ်ဆွေလုပ်ရန် အကောင်းဆုံး နည်းလမ်းပင် ဖြစ်ကြောင်း သောကျောက်နှင့် ယူချင်း၏ တိုက်ပွဲက ပြသနေသည်။

သောမျိုးနွယ်စုမှ လူများ ထွက်ခွာသွားပြီးနောက် မြေအောက်နန်းတော်အတွင်း၌ ယူချင်းနှင့် ရီဖူရှင်းသာ ကျန်ရစ်တော့သည်။

ရီဖူရှင်းသည် တိုက်ခိုက်ရေးစွမ်းအား အလင်းလွှာဖြင့် ဖုံးလွှမ်းထားသည့် ခန်းမအဆုံးသို့ လျှောက်သွားခဲ့သည်။ သူက နီးကပ်လာလေ အစွမ်းထက်သည့် ဖိအားကို ခံစားမိလေ ဖြစ်သည်။ သူက ခက်ခက်ခဲခဲ ကြိုးစား၍ တစ်လှမ်းချင်း လှမ်းသွားခဲ့သည်။

ဘုန်း…

တိုက်ခိုက်ရေးစွမ်းအားများ သူ့ကိုယ်ထဲ ဝင်လာပြီး သူ​က နောက်သို့ လွင့်ထွက်သွားခဲ့သည်။

ဤတိုက်ခိုက်ရေးစွမ်းအားက ဤနေရာ၌ နှစ်ထောင်ချီကြာသည့်တိုင် တည်ရှိနေသော်လည်း အလွန် အားကောင်းနေဆဲပင် ဖြစ်၏။

ရီဖူရှင်း၏ ခန္ဓာကိုယ်မှ အကိုင်းအခက် သစ်ရွက်များ ထွက်ပေါ်လာသည်။

“ငါ အပြင်သွားပြီး စောင့်နေပေးမယ်။” ယူချင်းက လှည့်ကာ နန်းတော်အပြင်သို့ ထွက်ခွာသွားသည်။ ရီဖူရှင်း၏ သက်စောင့်ဝိညာဥ်က ပေါက်ကွဲထွက်လာကာ သူ၏ တောက်ပသော နတ်သစ်ပင်က သူ့ခန္ဓာကို ဖုံးလွှမ်းသွား၍ နန်းတော်အတွင်း ဖြန့်ကျက်လာခဲ့သည်။ ယင်းသည်  တိုက်ခိုက်ရေးစွမ်းအားများ ရှိနေသည့် နေရာကို ဖုံးလွှမ်းသွားသည်။

သစ်ပင်က ယိမ်းထိုးနေပြီး ယင်းမှ ရွှေရောင်အလင်းများ ပေါက်ကွဲထွက်လာသည်။ တော်ဝင်ချိတ်စည်းက သစ်ပင်ပေါ်တွင် ပေါ်ပေါက်လာသည်။ တိုက်ခိုက်ရေးစွမ်းအားများက ၎င်း၏ အတွင်းသို့ ဆွဲယူခံလိုက်ရကာ ရီဖူရှင်းကို ဖုံးလွှမ်းသွားခဲ့သည်။

အကိုင်းအခက်နှင့် အရွက်များက ယင်းကို ထိတွေ့ပြီး တိုက်ခိုက်ရေးစွမ်းအားများသည် တဖြည်းဖြည်းနှင့် ကမ္ဘာ့သစ်ပင်၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။

ပညာရှိကျမ်းက အသက်ဝင်လာပြီး ရီဖူရှင်း၏ ခန္ဓာကိုယ်က မဟာလမ်းစဥ် မီးပြင်းဖိုကဲ့သို့ ဖြစ်လာကာ ကမ္ဘာ့သစ်ပင်ကို တိုက်ခိုက်ရေးစွမ်းအားများအား ပို၍ လျင်မြန်စွာ စုပ်ယူလာနိုင်စေသည်။ ယင်းသည် တိုက်ခိုက်ရေးစွမ်းအားများ၏ မူလရင်းမြစ်ကို စုပ်ယူနိုင်ရန် ပို၍ နီးကပ်လာသည်။

ရီဖူရှင်းက နတ်သစ်ပင်၏ ဖုံးလွှမ်းခံထားရသော ပလ္လင်ရှိရာသို့ လျှောက်သွားခဲ့သည်။ သူက တိုက်ခိုက်ခြင်းလှံကို ကြည့်ကာ နတ်ဘုရားတစ်ပါး၏ ပုံရိပ်ကို မြင်ယောင်လာသည်။ ပျောက်ကွယ်ခြင်းမရှိသေးသည့် တိုက်ခိုက်ရေးစွမ်းအားများက ရှေးဟောင်းနတ်စစ်သူကြီးတစ်ပါး၏ ပုံရိပ်ကို ဖြစ်ပေါ်လာစေသည်။

သစ်ပင်၏ အကိုင်းအခက် အရွက်များသည် လှံကိုလည်း ဖုံးအုပ်သွားခဲ့သည်။ သူက အတွင်းမှ အစွမ်းထက် တိုက်ခိုက်ရေးစွမ်းအားများကို ခံစားမိသည့်အတွက် လက်ကို ဖြည်းညင်းစွာဆန့်ထုတ်၍ ဆုပ်ကိုင်လိုက်သည်။ ရုတ်တရက် သူ၏ ခန္ဓာကိုယ်က ကြောက်မက်ဖွယ် နတ်အလင်းတို့ဖြင့် တောက်ပလာပြီး လူသားလောက၏ ဧကရာဇ်တစ်ဦးနှင့် အလားတူလာစေသည်။ သူက ဝါးမျိုခံထားရသည့် တိုက်ခိုက်ရေး စွမ်းအားများကို သန့်စင်ကာ ပို၍ ပို၍ အားကောင်းလာသည်။ ကြည့်ရသည်မှာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက မီးလျှံကြား ရောက်ရှိနေသလိုပင် ဖြစ်သည်။

နန်းတော်အပြင်ဘက်တွင် သောကျောက်က ထိုင်ကာ ပြန်လည်ကုစားနေသည်။ ယူချင်းက ဝင်ပေါက်ဆီသို့ လျှောက်ထွက်လာ၏။

“မင်း ဘာလို့ ထွက်လာတာလဲ” သောကျောက်က သူ့ကို မေးလိုက်သည်။

“သူက တိုက်ခိုက်ရေးစွမ်းအားတွေကို ဆက်ခံနေတယ်။” ယူချင်း ဖြေလိုက်သည်။

သောကျောက်က မည်သည့်စကားမှ မပြောသော်လည်း သူက စဥ်းစားနေသည်။ ယူချင်းက ထိုမျှထိ တိုက်ခိုက်ရေး၌ ကောင်းမွန်နေလျှင် တိုက်ခိုက်ရေး စွမ်းအားများကို ဆက်ခံသူက မည်သည့်အတွက် ယူချင်း မဖြစ်ရသနည်း။

သို့သော် သူက ထိုအကြောင်းကို မမေးခဲ့ပေ။

မကြာခင်၌ မြေအောက်နန်းတော်အတွင်းမှ လူတစ်ယောက် ထွက်ပေါ်လာသည်။ သောကျောက်သည် ရီဖူရှင်းကို မော့ကြည့်၍ မေးလိုက်သည်။ “မင်းကရော ဘာလို့ထွက်လာတာလဲ။”

“ကျုပ်လုပ်စရာ ပြီးသွားပြီလေ” ရီဖူရှင်းက ပြောလိုက်၏။

ဘယ်လို…

သောကျောက်က ရီဖူရှင်းကို စိုက်ကြည့်လိုက်သည်။ သူက မည်သူ့ကို အရူးလုပ်ရန် ကြိုးစားနေသနည်း။

“လှံက မဆိုးဘူးပဲ။” ရီဖူရှင်းက လက်ကို ဆန့်ထုတ်လိုက်သည်။ အလင်းတို့က တောက်ပလာပြီး သူ၏ လက်အတွင်း၌ တောက်ပလင်းလက်နေသည့် လှံတစ်ချောင်း ပေါ်ပေါက်လာသည်။ ယင်းမှ တိုက်ခိုက်ရေးစွမ်းအားများ လျှံကျနေခဲ့၏။

“….”

သောကျောက်သည် သူ၏ စိတ်က ကသောင်းကနင်း ဖြစ်သွားသည်ဟု ခံစားလိုက်ရပေသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset