ရီဖူရှင်းက သောကျောက်ကို ကြည့်လိုက်သည်။ သူသည် သူ့ကို ရိုက်ခတ်လာသည့် ဖိအားကို ခံစားမိပေသည်။ သောကျောက်သည် အလွန် အားကောင်းလှသည်။
သောမျိုးနွယ်စု၏ အနာဂတ်ဆက်ခံသူ အနေနှင့် သောကျောက်သည် တိုက်ပွဲနတ်ဘုရား ခန္ဓာကို ပိုင်ဆိုင်ပြီး သန့်စင်သည့်အလင်းများ လွှမ်းခြုံထားပေသည်။ သူ၏ တိုက်ခိုက်ရေးစွမ်းအားများက လှိုင်းများအသွင် သူ့ကို လှည့်ပတ်နေသည်။ သူ့ မျက်လုံးများကို ဖွင့်လိုက်သည့်အခါ ကြောက်မက်ဖွယ် အကြည့်တို့ ဖြစ်ပေါ်လာသည်။ သူသည် ရီဖူရှင်းထံသို့ ခြေလှမ်းသွားခဲ့ပြီး ကျယ်လောင်သည့် အသံတစ်ခု ပေါက်ကွဲထွက်လာကာ တိုက်ပွဲနတ်ဘုရားသဏ္ဌာန်က ချက်ချင်း ဖြစ်ပေါ်လာပေသည်။ ၎င်းသည် လျင်မြန်စွာ ဖွဲ့တည်လာပြီး ရီဖူရှင်းထံသို့ ရောက်ရှိသွားခဲ့သည်။
ရီဖူရှင်းက ထိုအချင်းအရာကို မြင်သည့်အခါ သူ့တိုက်ပွဲစွမ်းအားများကို တိုက်ပွဲနတ်ဘုရားများအဖြစ် ဖန်တီးနိုင်သည်လားဟု တွေးလိုက်ပေသည်။ ထိုသည်မှာ မဟာလမ်းစဥ် စွမ်းအားများနှင့် တိုက်ခိုက်ရေးစွမ်းအားများ ပေါင်းစပ်သွားသည်နှင့် တူနေသည်လား။
တိုက်ပွဲနတ်ဘုရားသည် သူ၏ လက်သီးများကို ဆန့်ထုတ်လာပြီး မြေအောက်နန်းတော်ကို တုန်ခါသွားစေသည်။ နှိုင်းယှဥ်မရအောင် ထည်ဝါသည့် စွမ်းအားများက ရီဖူရှင်းထံ တိုးဝင်လာ၏။ သောကျောက်သည် မြေအောက်နန်းတော်သို့ ကျူးကျော်လာသည့် ဆံပင်အဖြူရောင်နှင့် လူငယ်က မည်မျှ အားကောင်းသည်ကို တွေ့မြင်လိုပေသည်။
ခဏအတွင်းတွင် ကျယ်လောင်သည့် ဆင်အော်သံများက ရှင်းလင်းပြတ်သားစွာ ထွက်ပေါ်လာသည်။ ထိုသည်မှာ လေထုကို ပြင်းထန်စွာ တုန်ခါသွားစေပြီး ထောင်သောင်းချီသည့် ဆင်များက လေထုကို ဖြတ်ကာ တစ်ဟုန်ထိုး ပြေးဝင်လာ၏။ ယင်းတို့သည် ကြီးမား၍ အစွမ်းထက်သည့် ပုံရိပ်တစ်ခုအဖြစ်သို့ စုစည်းသွားခဲ့သည်။ ၎င်းသည် ရှေ့သို့ တစ်ဟုန်ထိုး ပြေးဝင်သွားပြီး ချီတက်လာသည့် တိုက်ပွဲနတ်ဘုရားကို ဖျက်ဆီးလိုက်သည်။
ဘုန်း…
ခြောက်ခြားဖွယ်အသံတစ်ခု ထွက်ပေါ်လာပြီး စွမ်းအားနှစ်ခုက ထိပ်တိုက်တွေ့ဆုံခဲ့သည်။ ယင်းသည် ခန်းမတစ်ခုလုံးကို အစွမ်းထက်မုန်တိုင်းတစ်ခု လွှမ်းခြုံသွားစေ၏။
သောကျောက်၏ အမူအရာက ပြောင်းလဲသွားခြင်း မရှိပေ။ သူက ဤသည်ကို ကြိုတင်မှန်းဆထားပြီး ဖြစ်ကာ သူသည် ရှေ့သို့ နောက်တစ်လှမ်း လှမ်းလိုက်၏။ သူထံမှ နတ်အလင်းများက ပို၍ပင် တောက်ပလာခဲ့သည်။ စစ်နတ်ဘုရားပုံရိပ်များသည် ပိုမိုများပြားစွာ ဖွဲ့စည်းလာပြီး စွမ်းအားအပြည့် လက်သီးများ ပစ်သွင်းလိုက်ကြသည်။ အဆုံးမဲ့ လက်သီးစွမ်းအားများက ချက်ချင်းပင် နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ရီဖူရှင်းကို အလွန် ကျဥ်းမြောင်းသည့် နေရာတွင် ချုပ်နှောင်ထားလိုက်သည်။ ဤမြေအောက်နန်းတော်အတွင်း ထွက်ပြေးလွတ်မြောက်နိုင်ရန် မည်သည့်နေရာမှ ရှိမနေပေ။ သူ၏ တစ်ခုတည်းသော အကြံဉာဏ်မှာ ကြိုးစား၍ ရင်ဆိုင်ရန်သာ ဖြစ်သည်။ ဤနေရာသည် အစွမ်းထက်သည့် တိုက်ခိုက်မှုများကို ပိုအရေးသာစေသည်။ အနီးကပ်တိုက်ခိုက်မှု၌ ကောင်းမွန်သူတို့က ပိုအကျိုးရှိပေသည်။
ရီဖူရှင်းက ရှေ့သို့ လှမ်းလိုက်သည်။ နတ်ဆင်က လေထုကို ဖြတ်ကာ တစ်ဖန် တိုးဝင်လာပြန်သည်။ ယင်းသည် နှိုင်းယှဥ်မရအောင် ကြီးမားလှကာ မှန်းဆ၍ မရသော စွမ်းအားများ ပါဝင်နေသည်။ နတ်ဆင်များ၏ ကြီးမားသော စွမ်းအားများက သူတို့ကို နတ်ဆိုးဘုံ၏ အသန်မာဆုံး အင်အားစုများမှ တစ်ခုအဖြစ် ပြုလုပ်ပေးခဲ့သည်။ သူတို့သည် အလွန် လွှမ်းမိုးနိုင်စွမ်းရှိကာ အထက်ကောင်းကင်နှင့် အောက်ငရဲကိုပင် ဖျက်ဆီးနိုင်စွမ်း ရှိသည်။
အဆုံးမဲ့ လက်သီးစွမ်းအားများ ထွက်ပေါ်လာသော်လည်း နတ်ဆင်များက ၎င်းတို့ကို ဖျက်ဆီးလိုက်သည်။ ချက်ချင်းပင် မြေအောက်နန်းတော်အတွင်း၌ ပို၍ပင် အစွမ်းထက်သည့် မုန်တိုင်းတို့ ထွက်ပေါ်လာသည်။ ပေါက်ကွဲထွက်လာသည့် အသံက လူတိုင်း၏ နားစည်များကို တုန်ခါသွားစေသည်။ သူတို့အနီးမှ တန်ခိုးရှင်များသည် သူတို့၏ စွမ်းအားများကို ထုတ်လွှတ်၍ ကိုယ့်ကိုယ်ကိုယ် ကာကွယ်လိုက်ကြရသည်။ သူတို့သည် ထိုနှစ်ယောက်၏ တိုက်ပွဲမှ အကြည့်ကို မလွှဲဖယ်နိုင်ကြပေ။
ရီဖူရှင်းသည် သောကျောက်၏ တိုက်ခိုက်မှုများနှင့် ထိပ်တိုက် ရင်ဆိုင်ရသော်လည်း အနည်းငယ်မျှပင် အားကုန်ပင်ပန်းသွားခြင်း မရှိပေ။ သောကျောက်က သူ့ကို စမ်းသပ်နေခြင်း ဖြစ်လျှင်ပင် ရီဖူရှင်း၏ တုန့်ပြန်မှုများမှ ဆုံးဖြတ်ရလျှင် သူသည် သောကျောက်၏ မည်သည့် စမ်းသပ်မှုကိုမဆို တူညီသည့် လှည့်ကွက်ဖြင့် တုန့်ပြန်နိုင်စွမ်း ရှိပေသည်။
သောကျောက်သည် သူ့ကို လွှမ်းမိုးနိုင်ရန် မည်သည့် အားသာချက်မှ ရှိမနေပေ။
ထို့ပြင် သူတို့၏ အရေးသာမှုကို ဆုံးဖြတ်သည့်အခါ သူတို့နှစ်ယောက်လုံးသည် ရန်ဟောင်အဆင့်သို့ ရောက်ရှိရန် မဝေးတော့သော ရှန့်ထိုအဆင့်များ ဖြစ်ကြပေသည်။
သောမျိုးနွယ်စုမှ တန်ခိုးရှင်များသည် ထိုအဖြစ်ကြောင့် အတုန်လှုပ်ဆုံး ဖြစ်နေကြသည်။ သူတို့က သောကျောက်၏ ခွန်အားကို သိရှိပေသည်။ သူသည် သောမျိုးနွယ်စု၏ သွေးဆက်ကို အပြည့်အဝ နှိုးဆွနိုင်သူဟု ဆိုနိုင်သည်။ အစွမ်းထက်သည့် တိုက်ပွဲနတ်ဘုရား သွေးများက သူ၏ သွေးကြောများထဲတွင် စီးဆင်းနေသည်။ သူသည် သူ့မျိုးဆက်များအတွင်းတွင် Sevenfold Fighting God တိုက်ပွဲစွမ်းအားကို အသုံးပြုနိုင်သည့် တစ်ဦးတည်းသော လူဖြစ်သည်။ ထိုသို့ လုပ်ဆောင်နိုင်ရန်အတွက် တစ်စုံတစ်ယောက်က မည်မျှအစွမ်းထက်ရမည်နည်း။ သောမျိုးနွယ်စုမှ အကြီးအကဲအချို့သာလျှင် ထိုသို့ လုပ်ဆောင်နိုင်ပေသည်။ ထို့ပြင် သောကျောက်၏ အရည်အချင်း အလားအလာက ဆက်လက်တိုးမြင့်နေသည်။
သူက ကိုးဆတိုက်ခိုက်ရေးနတ်ဘုရား အဆင့်ကို ရရှိပါက သူသည် ဒဏ္ဍာရီအကြီးအကဲများ အဆင့်ကို ရောက်ရှိနိုင်ပြီး စစ်မှန်သော တိုက်ပွဲနတ်ဘုရားတစ်ပါး ဖြစ်လာပေလိမ့်မည်။
ထိုသည်က စမ်းသပ်တိုက်ခိုက်ခြင်းသာ ဖြစ်သော်လည်း သောကျောက်၏ စွမ်အားက အလွန် ကြီးမားသည့် အန္တရာယ်ရှိနေဆဲ ဖြစ်သည်။ သူ၏ တိုက်ခိုက်မှုတို့က အစွမ်းထက်လှသော်လည်း ဤလူစိမ်းက တိုက်ရိုက် ခုခံနိုင်ပေသည်။
ဤပုဂ္ဂိုလ်က အခြားသော ဘုံအချို့မှ ထိပ်သီးတန်ခိုးရှင်တစ်ဦး ဖြစ်နေနိုင်သည်လား။
သို့ဆိုလျှင် သူတို့က မည်သည့်အတွက် နတ်ဘုရားအမွေအနှစ် နယ်မြေသို့ လူနှစ်ယောက်သာ ပို့ဆောင်ရသနည်း။
ထိုသည်မှာ သာမန်အမြင်နှင့် ဆန့်ကျင်နေပေသည်။
“မဆိုးဘူး” သောကျောက်၏ ထက်ရှသော အကြည့်များက ရီဖူရှင်းပေါ်သို့ ကျရောက်သွားသည်။ ထိုလူစိမ်းက အမှန်တကယ်ပင် သူ့ဖိအားကို ခံနိုင်စွမ်း ရှိပေသည်။
“မင်းလည်း မဆိုးပါဘူး” ရီဖူရှင်းက သာမန်အတိုင်း ပြန်ပြောလိုက်သည်။
သောကျောက်၏ ခန္ဓာကိုယ်က ကြီးထွားလာပြီး အကန့်အသတ်မဲ့ စွမ်းအားများ ပြည့်နှက်လာသည်။ သူ၏ အကြည့်က ရီဖူရှင်းကို ဖြတ်သန်းထိုးဖောက်လာသည်ဟု ထင်မှတ်ရသည်။ များပြားလှသော တိုက်ပွဲနတ်ဘုရားများက ရီဖူရှင်း၏ စိတ်ကို ဖိအားပေးလာသည်ဟု ထင်မှတ်ရသည်။ သောကျောက်၏ နောက်တွင် အခြားသော တိုက်ပွဲနတ်ဘုရားတစ်ပါး၏ ပုံရိပ်ပေါ်ပေါက်လာသည်။ တစ်ချိန်တည်းမှာပင် သူ၏ မျက်ခုံးတန်းကြားမှ နတ်အလင်းတို့ တောက်ပလာသည်။ တခဏအတွင်း သူ့အနီးဝန်းကျင်မှ စွမ်းအားများက သူ၏ နဖူးအတွင်းသို့ စီးဝင်သွားကာ သူ့ကို ပို၍ အစွမ်းထက်လာစေသည်။
ရီဖူရှင်းသည် ပို၍ အားကောင်းလာသော သူ့ပေါ်မှ ဖိအားကို ခံစားမိပေသည်။ သူ၏ အမူအရာက အနည်းငယ် ပို၍ လေးနက်လာသည်။ သူ ရင်ဆိုင်နေရသူသည် ကျီဝေးဘုံ ထိပ်သီးအင်အားစု တစ်ခုမှ အားအကောင်းဆုံး တပည့်တစ်ယောက် ဖြစ်သည်။ ထို့ပြင် သူ့တွင် အထူးစွမ်းရည်များလည်း စီးဆင်းနေသေးသည်။ သူ၏ နတ်ဆင်အင်ပါယာအရိုးကဲ့သို့ပင် ယင်းက သူ့ကို ပို၍ အားကောင်းလာစေသည်။
ဆင်များ၏ အော်မြည်သံက မြေအောက်နန်းတော်တစ်ခုလုံးကို တုန်ခါသွားစေပြီး ခန်းမကိုဖြတ်ကာ ပဲ့တင်ထပ်သွားစေသည်။ သောကျောက်သည် သူ လက်များကို နောက်သို့ ပြန်ရုတ်ကာ တစ်ဖန် ရှေ့သို့ ရိုက်ခတ်လိုက်သည်။ လေဟာနယ်ရွှေ့ပြောင်းရေးကို အသုံးပြုလိုက်ပြီး သူ၏ ခန္ဓာကိုယ်က လေထဲသို့ ထိုးဖောက်သွားကာ ရီဖူရှင်း၏ အရှေ့တွင် ပေါ်ပေါက်လာသည်။ သူသည် လက်သီးကို ပြင်းထန်လှသည့် အရှိန်ဖြင့် ဆန့်ထုတ်လိုက်သည်။ စွမ်းအားများ ထွက်ပေါ်လာသည့်အခါ သူတို့အနီးရှိ ဝန်းကျင်ကို မွန်းကြပ်သည့် ဖိအားများ ဖြစ်ပေါ်လာစေသည်။
“အခု သောကျောက်က ပိုလေးနက်လာပြီး တိုက်ခိုက်ရေးနတ်ဘုရားရဲ့ စိတ်စွမ်းအားကိုတောင် သုံးနေတာပဲ။” အင်ပါယာရှင်းကျောင်းတော်မှ ပေချန်နှင့် ဝရိန်ခုနစ်ပါး ကလန်မှ သတ္တမဝရိန် တို့ နှစ်ဦးလုံးက အံ့အားသင့်နေခဲ့သည်။ သောကျောက်သည် သူတို့ကို တိုက်ခိုက်ခဲ့စဥ်က ဤစွမ်းအားကို အသုံးပြုခဲ့သေးသည်။ သူက သူတို့နှင့် တိုက်ခိုက်ခြင်းမရှိတော့ဘဲ ယခု အပြင်မှ လာခဲ့သူတစ်ဦးနှင့် တိုက်ခိုက်နေသည်။
ရီဖူရှင်းသည် တွေဝေခြင်းမရှိ တုန့်ပြန်နေခဲ့၏။ သူက လက်သီးကို ဆန့်ထုတ်လိုက်သည်။ သူသည် မည်သည့် တိုက်ခိုက်ရေးနည်းစနစ်ကိုမှ ဖော်ထုတ်ခြင်းမရှိဘဲ အခိုင်အမာကာကွယ်ရန်သာ ဆုံးဖြတ်ထားသည်။ ထိုသက်ရောက်မှုသည် သူ၏ အရိုးများကိုပင် တုန်ယင်လာစေသည်။ သူ၏ သွေးကြောများထဲမှ သွေးတို့က ဆူပွက်နေသည်။ ကြည့်ရသည်မှာ သူ့ခန္ဓာကိုယ်မှ စွမ်းအား အားလုံးကို အသုံးပြုလိုက်သကဲ့သို့ ထင်မှတ်ရသည်။ သူ၏ လမ်းစဥ်ခန္ဓာခွန်အားကို သူ၏ လက်သီးများသို့ ပေါင်းထည့်လိုက်သည်။ နတ်ဆင်များ၏ လွှမ်းမိုးနိုင်စွမ်းသော အလင်းက ပြင်းထန်စွာ ပေါက်ကွဲထွက်လာသည်။
ဘန်း…
ကြောက်မက်ဖွယ် အသံတစ်ခု ထွက်ပေါ်လာ၏။ မြေအောက်နန်းတော်က ကြံ့ကြံခံနိုင်နေဆဲ ဖြစ်သော်လည်း လူတိုင်း၏ ခန္ဓာကိုယ်များက ယိမ်းယိုင်သွားသည်ကို ခံစားမိကြပေသည်။
သူတို့နှစ်ယောက်သည် လူချင်းခွဲ၍ ပြန်ဆုတ်လိုက်သည်။ ထိုသည်မှာ သောကျောက်အတွက် သူနှင့် အဆင့်တူသော သူဖြင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ရင်း နောက်ပြန်ဆုတ်ရန် ဖိအားပေးခံရသည့် ပထမဆုံးအကြိမ် ဖြစ်သည်။ သူ၏ ခြေထောက်များက မြေပြင်၌ ဒရွတ်ဆွဲ ပွတ်တိုက်သွားခဲ့ပြီး နားစည်ကွဲလုမတတ် ဆူညံသံကို ဖြစ်ပေါ်စေသည်။
ရီဖူရှင်းသည်လည်း သူ့ကိုယ်သူ မေးခွန်းထုတ်ခဲ့သည်။ သူ၏ အသွေးအသား ခန္ဓာက ယူချင်းကဲ့သို့ မသန်မာသော်လည်း အံ့သြဖွယ်ကောင်းလောက်အောင် သန်မာနေဆဲ ဖြစ်သည်။ သို့သော် ထိုတိုက်ခိုက်မှုသည် အလွန် အစွမ်းထက်လှပြီး သောကျောက် မည်မျှ အားကောင်းသည်ကို ပြသနေသည်။
သူတို့က အကြိမ်ပေါင်းများစွာ ထိပ်တိုက် တိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်မှုတစ်ခုချင်းစီက အလွန်ပင် တည့်တိုးဆန်လှသည်။ ယခုတွင် သူတို့၏ ပတ်ဝန်းကျင်က ထူးဆန်းစွာ တိတ်ဆိတ်သွားခဲ့ကြသည်။
သောကျောက်က ရီဖူရှင်းကို စူးစိုက်ကြည့်ကာ မေးလိုက်၏။ “မင်း ဘယ်သူလဲ။ ဘယ်အင်အားစုကနေ လာခဲ့တာလဲ။”
သူ့အသံက ကျယ်လောင်ပြီး အားအင် ပြည့်ဝစွာ ထွက်ပေါ်လာသည်။ ၎င်းသည် မြေအောက်နန်းတော်တစ်ခွင် ပဲ့တင်ထပ်သွားစေသည်။ သူက ရီဖူရှင်း၏ အကြောင်းကို အလွန် သိချင်လာမိသည်။ မည်သို့ဖြစ်၍ ဤအမည်မရှိသော တန်ခိုးရှင်လေးက သူ၏ တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိရသနည်း။ ရှန့်ထိုအဆင့် အထွတ်အထိပ်မှ သူသည်ပင် ထိုတိုက်ခိုက်မှုမျိုးကို ခံနိုင်ရည် ရှိလိမ့်မည် မဟုတ်ပေ။ လက်သီးတစ်ချက်က သူတို့၏ အတွင်းကလီစာများကို ဖျက်ဆီးပစ်လိုက်ပေလိမ့်မည်။
“ကျုပ်က ထျန်းဟယ်ဘုံက ထျန်းဟယ်မဟာအကြီးအကဲရဲ့ တပည့် ရီဖူရှင်းပါ။ ထိုက်ရွှမ်တောင်မှာလည်း ကျင့်ကြံဖူးပါတယ်။” ရီဖူရှင်းက ပြောလိုက်သည်။
သောကျောက်က သူ့ကို ကြည့်လိုက်သည်။ ထျန်းဟယ်ဘုံ။ ထိုသည်က အထက်ဘုံကိုးခုမှ မဟုတ်ပေ။ ထို့နောက် သူသည် ဗဟိုအင်ပါယာဘုံမှ ရှန်းကလန်နှင့် ဖြစ်ပွားခဲ့သည့် တစ်စုံတစ်ခုကို အမှတ်ရသွားခဲ့သည်။ ထိုက်ရွှမ်တောင်အကြောင်းမှာ သူသည်လည်း ကြားဖူးပေသည်။ လွန်ခဲ့သည့် တစ်နှစ်လောက်က အရှင်ထိုက်ရွှမ်သည် ရန်ဟောင်အထက်ဆင့်သို့ ချိုးဖျက်ဝင်ရောက်သွားနိုင်ပြီဟု ပြောကြသည်။ ထိုသည်က အထက်ကိုးဘုံမှ အင်အားစုများကို သူ့အား သတိပြုမိလာစေသည်။
ယခု ဤလူငယ်သည် ထိုအင်အားစုများနှင့် ဆက်စပ်နေပြီး သူနှင့် ယှဥ်နိုင်စွမ်းရှိပေသည်။
“မင်းက အရမ်းအားကောင်းတယ်။ ဒါပေမယ့် အခုက ငါ့ရဲ့ အကန့်အသတ်ကို မရောက်သေးဘူး။” သောကျောက်က ပြောလိုက်သည်။ “တကယ်လို့ ဆက်ပြိုင်ချင်တယ်ဆိုရင် မင်း အနိုင်ရဖို့ မျှော်လင့်ချက် မရှိနိုင်ဘူး။ မင်း ထွက်သွားသင့်တယ်။”
“မင်းလည်း အစွမ်းထက်တာပါပဲ။ ဒါပေမယ့် ဒီလိုတိုက်ခိုက်မှုမျိုးက ကျုပ် ကျွမ်းကျင်တဲ့အရာမျိုး မဟုတ်ဘူး။ ရီဖူရှင်းက ပြောလိုက်သည်။ “အပြင်ဘက်က ကျုပ်သူငယ်ချင်းက ကျုပ်ထက် ပိုပြီး အားကောင်းတယ်။ ခဏလောက်နေရင် မင်းတို့ အချင်းချင်း စမ်းသပ်ကြည့်နိုင်တယ်လေ။ ဒီအကြွင်းအကျန် အမွေအနှစ်အတွက်ကတော့ တိုက်ခိုက်နေရင် အဓိပ္ပါယ်မရှိဘူး။ ကျုပ်တို့ ဒီနေရာက တိုက်ခိုက်ရေးစွမ်းအားကို ယူနိုင်တဲ့သူ ယူခွင့်ပြုလိုက်တာက ဘယ်လိုလဲ။”
“အဲဒီလိုဆိုရင်တောင် ကြိုးစားကြည့်ဖို့ အရည်အချင်း ပြည့်မီဖို့ လိုသေးတယ်လေ။” ပေချန်က ပြောလိုက်သည်။ အပြင်ဘက်၌ ရီဖူရှင်း၏ သူငယ်ချင်းတစ်ယောက် ရှိနေခြင်းကို ထည့်တွက်ရန် မလိုပေ။
အကယ်၍ သူက တိုက်ခိုက်ရေး စွမ်းအားကို လိုချင်လျှင် အနည်းဆုံးတော့ သူက သူတို့နှင့် အဆင့်တူကြောင်း သက်သေပြရန် လိုပေသည်။ သူက အားကောင်းသည်မှာ အသေအချာဖြစ်သော်လည်း သူမည်မျှထိ အားကောင်းသည်ကို သူတို့ မသိရှိပေ။
“ဒီလိုဆိုရင် မင်းတို့သုံးယောက် ထွက်သွားလို့ရပြီ” ရီဖူရှင်း၏ နောက်မှ အသံတစ်ခု ထွက်ပေါ်လာသည်။ သူက သူတို့ထံလျှောက်လာသူအား ကြည့်လိုက်သည်။ ထိုသူမှာ ရီဖူရှင်း၏ သူငယ်ချင်းဆိုသူ ဖြစ်ပုံရသည်။
သူက အပြင်ဘက်မှ လူများက အနိုင်ရခဲ့ပြီးဖြစ်ကြောင်း သိသာပေသည်။
ထိုသည်မှာ နန်းတော်အတွင်းရှိ လူများအတွက် အံ့အားသင့်ဖွယ်ပင် ဖြစ်သည်။ ကြည့်ရသည်မှာ ရီဖူရှင်းတစ်ယောက်သာ အားကောင်းခြင်း ဖြစ်ပုံမရပေ။
သို့သော် ဤလူက အတော်လေး မောက်မာလှသည်။ သူက သူတို့သုံးယောက်အား ထွက်သွား၍ ရပြီဟုပင် ပြောနေသေးသည်။ သူ ဆိုလိုသည်မှာ သူတို့က ရီဖူရှင်းကို ယှဥ်ပြိုင်တိုက်ခိုက်ရန် အဆင့်မမီဟူသည် အဓိပ္ပါယ်ပေလား။
သူတို့၏ မျိုးဆက်အတွင်း သူတို့သုံးယောက်သည် ကျီဝေးဘုံ အထွတ်အထိပ်၌ ရပ်တည်နေပေသည်။ ယခု တစ်စုံတစ်ယောက် သူတို့ကို အဆင့်မမီဟု မောက်မာစွာ ပြောရဲပေသည်။ ထိုသည်က အမှန်ပင် လွန်လွန်းလှသည်။
ပေချန်က သူတို့ကို ကြည့်လိုက်သည်။ အဆုံးမဲ့ ကြယ်စွမ်းအားများက သူ့အနီးတွင် စုဝေးလာသည်။ သူ၏ ကြောက်မက်ဖွယ် အရှိန်အဝါက ထွက်ပေါ်လာကာ သူ့ခန္ဓာကို အလင်းများဖြင့် ဖုံးလွှမ်းသွားသည်။ ခန်းမအတွင်း မိုးကြိုးသံတို့ဖြင့် ပြည့်နှက်သွားသည်။ သူ့ရှေ့တွင် ခရမ်းရောင်နတ်ဓားတစ်လက် ပေါ်ပေါက်လာ၏။ ၎င်းကို နတ်အလင်းတို့ဖြင့် လွှမ်းခြုံထားသည်။ ၎င်းကို ကြည့်ရသည်မှာ ဓားများကြားမှ ဘုရင်တစ်ပါးကဲ့သို့ ဖြစ်ပေသည်။
ရီဖူရှင်းသည် ပေချန်ကို အံ့အားတသင့် ကြည့်လိုက်သည်။ သူသည် နှင်တံ ကို ကိုင်ဆောင်သော်လည်း ဓားစွမ်းအားများကို အသုံးပြုနိုင်သည်။ ထို့ပြင် ဤ ခရမ်းရောင်ဓားသည် အခန်းတွင်းမှ အရာအားလုံးကို ဖိနှိပ်ထားသကဲ့သို့ ထင်မှတ်ရသည်။ ၎င်းသည် လေကို ဖြတ်သန်းသွားကာ လေဟာနယ်အတွင်း သေးငယ်သည့် ဖျက်ဆီးခြင်းအလင်း အစက်အပျောက်များ ချန်ရစ်ခဲ့ပေသည်။
ချက်ချင်းပင် ထိုဖျက်ဆီးခြင်းအလင်း အစက်အပြောက်များက မြေအောက်နန်းတော်ကို ဖြတ်သန်းထိုးထွက်လာသည်။ မိုးကြိုးနှင့် သတ်ဖြတ်ခြင်းဓားချီများက ထိုနေရာတစ်ခုလုံးတွင် ချက်ချင်း ပြည့်နှက်လာသည်။
မြေအောက်နန်းတော်အတွင်း၌ ခရမ်းရောင်ဓားပုံရိပ်များ ပေါ်ပေါက်လာသည်။ ၎င်းတို့ အားလုံးသည် ရီဖူရှင်းနှင့် ယူချင်းကို ညွှန်ပြနေသည်။ သူတို့နှစ်ဦးက ပိတ်မိသွားဟန်တူပေသည်။
အတိတ်ကာလတွင် ကြယ်သခင်ကျီဝေးက လောကတွင် အစွမ်းထက်ဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ဦး ဖြစ်ခဲ့ကာ မတူညီသော စွမ်းရည်အမျိုးမျိုးကို ကျွမ်းကျင်ပေသည်။ သူသည် ကျီဝေးဘုံရှိ အရာအားလုံးကို ထိန်းချုပ်ပြီး သူတို့အားလုံး၏ တိုက်ခိုက်မှုများကို စီမံပေးခဲ့သည်။ သူတို့က ကျင့်ကြံခြင်း၌ အာရုံစိုက်သော နည်းလမ်းကို မကျင့်သုံးလျှင်ပင် သူသည် သူတို့အားလုံးနှင့် တန်းတူ အားကောင်းနေဆဲ ဖြစ်သည်။
“သွား” ပေချန်က ပြောလိုက်သည်။ ခရမ်းရောင်ဓားများက တစ်ချိန်တည်း၌ လေထုကို ဖြတ်သန်းလာကာ ရောက်လာသည့် လူနှစ်ယောက်ကို တိုက်ရိုက် သတ်ဖြတ်ရန် ကြိုးပမ်းလိုက်သည်။ သူတို့သည် ထွက်ပြေးလွတ်မြောက်နိုင်ရန် မည်သည့်နေရာမှ မရှိတော့သလိုပင် ဖြစ်၏။
ဓားများက အတွေးတစ်ချက်နှင့် လှုပ်ရှားလာကြသည်။ ၎င်းတို့ လှုပ်ရှားသည့်အချိန်က အလွန်လျင်မြန်လှပြီး အချိန်မီတုန့်ပြန်ရန် မဖြစ်နိုင်ပေ။
ယင်းတို့သည် ရီဖူရှင်းနှင့် ယူချင်း၏ ခန္ဓာကိုယ်ကို အချိန်မရွေး ဖြတ်တောက်ပြီး အသွေးအသားများကို ပိုင်းဖြတ်ကာ သူတို့၏ ဝိညာဥ်များကို ဖျက်ဆီးပစ်တော့မည် ဖြစ်သည်။
***