အပိုင်း(၁၅၉၉)

အမွေအနှစ်နယ်မြေအတွင်းမှ ပထမဆုံး ကြေကွဲဖွယ်ရာ

ရီဖူရှင်းသည် သူ၏ ပတ်လည်ကို သတိထားကာ ကြည့်လိုက်သည်။ ကောင်းကင်ဖြူဖြူတွင် မည်သည့် တိမ်စိုင်မှ ရှိမနေပေ။ စိုထိုင်းထိုင်း လေထုက လေးလံသည့် စိတ်ဓာတ်ကျမှုကို ပေးစွမ်းပေသည်။

အရှိန်အဝါက ထူးဆန်းအံ့ဖွယ်ရာ ဖြစ်ကာ ရှေးဆန်၍ ​တည်ငြိမ်သည်။

သို့သော် ရီဖူရှင်းသည် ကောင်းကင်နှင့် မြေကြီးအကြား နေရာအနှံ့ ရှိနေသည့် အရှိန်အဝါနှင့် မဟာလမ်းစဥ် စွမ်းအားတို့ကို ခံစားမိသည်။ ၎င်းတို့က လောက၏ ထောင့်နေရာတိုင်းကို ထိုးဖောက်နေသကဲ့သို့ပင် ဖြစ်သည်။

သူတို့က တိတ်ဆိတ်စွာနှင့် ပတ်ဝန်းကျင်ကို လေ့လာစူးစမ်းကြည့်သည့်အခါ လူတိုင်းသည် ဤနေရာက မည်မျှ ကွဲပြားခြားနားသည်ကို ခံစားမိကြသည်။ ဤနေရာသည် အလုံပိတ်ထားသော ပျက်စီးခြင်းလောကနှင့် မတူပေ။ ၎င်းသည် အပြင်လောကနှင့် ကွာခြားမှု အများကြီး မရှိသော ကျယ်ပြောသည့် လေဟာနယ်တစ်ခုနှင့် ပိုတူပေသည်။ ဤ​နေရာက အလွန် ကျယ်ပြောလှသည့်အတွက် အမွေအနှစ်နယ်မြေ၏ နယ်နိမိတ်စည်းကို ရှာဖွေတွေ့ရှိရန်မှာ မဖြစ်နိုင်ပေ။

“နတ်ဘုရားအမွေအနှစ်၊ ဒီလောကမှာ တကယ်ပဲ နတ်ဘုရားတွေ ရှိလား။”

ရီဖူရှင်းက ရေရွတ်လိုက်သည်။ ကျင့်ကြံခြင်းလောကတွင် နတ်ဘုရားများသည် အစွမ်းထက်တန်ခိုးရှင်များအတွက် လေးစားကြည်ညိုဖွယ် ဘွဲ့နာမတစ်ခုထက် မပိုပေ။ နတ်သမီးများ၊ ဘုရား နှင့် နတ်ဆိုးများ အားလုံးသည်လည်း ထိုကဲ့သို့ ဘွဲ့နာမပင် ဖြစ်သည်။ နတ်ဘုရားများသည် မှန်းဆ၍ မရသော စွမ်းအားတို့ကို ပိုင်ဆိုင်ထားသူသာ ဖြစ်ပေသည်။

တော်ဝင်ဘုံတွင် ရန်ဟောင်အထက် ပုဂ္ဂိုလ်များမှာ နတ်ဘုရားသဖွယ် ဖြစ်နိုင်သည်။

“ဒီကိုမလာခင် ဆရာဘိုးဘိုးကို မေးကြည့်ခဲ့သေးတယ်။ သူက နတ်ဘုရား အမွေအနှစ်နယ်မြေက တချို့အရာတွေကို ရည်ညွှန်းတယ်။ သူသိသလောက် နတ်ဘုရားနယ်မြေကို လူသိနည်းတဲ့ အခေါ်အဝေါ်တစ်ခု ရှိသေးတယ်။” သူ့ဘေးမှ အမျိုးသမီးက ပြောလိုက်သည်။ သူမက ထိုက်ရွှမ်မြို့တော် အရှင်၏ သမီး လော့ယွဲ့ ဖြစ်သည်။

ဤတစ်ကြိမ်တွင် ရီဖူရှင်းနှင့် အခြားသူများသည် နတ်ဘုရားအမွေအနှစ်နယ်မြေကို ဝင်ရန် ထိုက်ရွှမ်တောင်တပည့်များနှင့် ပူးပေါင်းခဲ့ကြသည်။

ထိုက်ရွှမ်တောင်၏ တပည့်များသည်လည်း ရီဖူရှင်း၏ ကျင့်ကြံခြင်းခွန်အားကို ယုံကြည်ကြပေသည်။

“ဘာလို့ခေါ်လဲ” ရီဖူရှင်းက မေးလိုက်သည်။

“နတ်ဘုရားသင်္ချိုင်း” လော့ယွဲ့က ပြန်ဖြေလိုက်သည်။

ရီဖူရှင်းသည် နတ်ဘုရားသင်္ချိုင်းဟူသည့် အကြောင်းကို တွေးမိပြီး တုန်လှုပ်သွားသည်။

ဤနတ်ဘုရားအမွေအနှစ် နယ်မြေအတွင်း နတ်ဘုရားများအားလုံး မြှုပ်နှံခံထားရသည်လား။

သို့ဆိုလျှင် နတ်ဘုရားအမွေအနှစ် နယ်မြေ၏ မူလအစက ကြောက်မက်ဖွယ် ကောင်းပေလိမ့်မည်။

အရှင်ဒွန်ဟောင်အမိန့်ဖြင့် နတ်ဘုရားအမွေအနှစ် နယ်မြေဖွင့်လှစ်ရန် ဟောကိန်း ပေးခဲ့ပြီး ၎င်းက အထက်ကိုးဘုံမှ တန်ခိုးရှင်များအားလုံးကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။ ရီဖူရှင်းသည် နတ်ဘုရားအမွေအနှစ် နယ်မြေက ထူးခြားသာလွန်သည်ကို သိရှိ၏။ သူက ထိုနာမည်ကို ကြားမိသည့်အခါ သူသည် အတွင်းမှ လှိုက်ကာ တုန်လှုပ်သွားမိသည်။

နတ်ဘုရားသင်္ချိုင်း။

ထိုသည်မှာ ဤပျက်စီးခြင်းနယ်မြေက နတ်ဘုရားတို့ မြှုပ်နှံရာ နယ်မြေဟုဆိုလိုသည် မဟုတ်ပါလား။

ထိုသည်မှာ မည်မျှ ကြောက်မက်ဖွယ် ကောင်းလိုက်သနည်း။

သူတို့ မည်သည့်နေရာကို ရောက်သွားခဲ့တာလဲ။

ဤနေရာက သူတို့ ခန့်မှန်းထားသလောက် ရိုးရှင်းသည့် အပျက်အစီးနယ်မြေ မဟုတ်နိုင်ပေ။

နတ်ဘုရားအမွေအနှစ် နယ်မြေ၏ မူလအစက မည်မျှ ကြောက်မက်ဖွယ် ကောင်းနေပါစေ သူတို့တွင် ထိုသို့သော ကိစ္စများကို တွေးတောနေရန် အချိန်မရှိပေ။

သူတို့က အလျင်မလိုသော်လည်း ရပ်ကာ စကားစမြည်ပြောဆို နေရန် မဖြစ်နိုင်ပေ။

“လိုက်ခဲ့” ရီဖူရှင်းက စတင် လမ်းလျှောက်လိုက်ပြီး ပြောသည်။

လူတိုင်းက ခေါင်းညိတ်ကာ ရီဖူရှင်းနောက်မှ လိုက်ပါသွားသည်။ သူတို့အားလုံးသည် အတူတကွပင် တူညီသော နေရာတစ်ခုသို့ ဦးတည်လိုက်ကြသည်။ သူတို့က ရီဖူရှင်း မည်သည့်နေရာကို သွားနေသည်အား မသိသလို မည်သည့်အတွက် သူက ထိုထူးခြားသည့် ဘက်သို့ ရွေးချယ်လိုက်သည်ကိုလည်း မသိပေ။ သူတို့က မည်သည့် မေးခွန်းမှ မမေးကြပေ။ ထိုသည်မှာ သူတို့၏ အကြွင်းမဲ့ ယုံကြည်မှုကို ပြသပေသည်။

ယူချင်းက သူ့အသံကို ရီဖူရှင်းထံ ပို့လွှတ်လိုက်သည်။ “ငါတို့မှာ လူနည်းနည်းပဲ ရှိတယ်။ ငါတို့က သူတို့ကို စောင့်ရှောက်နေရင်း တိုက်ပွဲ ဖြစ်မယ်ဆို ဒုက္ခရောက်ရလိမ့်မယ်။ ငါတို့ သူတို့ကို စောင့်ရှောက်နိုင်မှာ မဟုတ်ဘူး။”

ရီဖူရှင်း၏ ခွန်အားကို သံသယဝင်ခြင်း မဟုတ်သော်လည်း နတ်ဘုရားနယ်မြေအတွင်းမှ လူများက ပေါ့သေးသေး မဟုတ်ကြပေ။ သူတို့ထဲမှ အများစုက အထက်ကိုးဘုံ၏ အထွတ်အထိပ်တွင် ရပ်တည်နိုင်သူများ ဖြစ်ကြသည်။ ယခု အချို့သည် ရန်ဟောင်အဆင့်သို့ ချိုးဖျက်ဝင်ရောက်သွားနိုင်ပြီ ဖြစ်၏။

သူတို့သာ ပဋိပက္ခဖြစ်ခဲ့ပါလျှင် သူက အနိုင်ရမည်ဟု ယုံကြည်ချက် မရှိဘဲ အခြားသူများကိုပါ ဂရုစိုက်ပေးနေရပါက ပို၍ ရှုပ်ထွေးသွားပေလိမ့်မည်။

“ငါတို့ကို လမ်းပြပေးမယ့်သူ လိုတယ်။” ရီဖူရှင်းက ပြောလိုက်သည်။ ရီဖူရှင်း၏ စကားကို ကြားသည့်အခါ ယူချင်းက ဇဝေဇဝါ ဖြစ်သွားသော်လည်း သူက မည်သည့် မေးခွန်းမှ မမေးခဲ့ပေ။

ရီဖူရှင်းတွင် အစီအစဥ်ရှိနေသည်ဆိုရာ သူက လိုက်ပါလုပ်ဆောင်ပေးရန်သာ လိုပေသည်။

“သခင် အခု ဘယ်ကို သွားကြမှာလဲ။” သိမ်းငှက်နက်၏ မျက်လုံးက စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေသည်။ အချိန်ကြာကြီး နှိမ့်ချနေခဲ့ပြီးနောက် သူသည် နောက်ဆုံး၌ အစွမ်းအစ ပြသရန် အခွင့်အရေးရလာပြီ ဖြစ်သည်။

ရီဖူရှင်းသည် သူ့ကို ပြန်ဖြေရန် စိတ်အခြေအနေ မရှိပေ။ သူက အလွန် လျင်မြန်လှစွာ ရှေ့သို့ ဆက်၍ သွားနေခဲ့သည်။

တန်ခိုးရှင်များသည် နတ်ဘုရားအမွေအနှစ်နယ်မြေအတွင်းသို့ မတူညီသည့် ဝင်ပေါက်များမှ ဝင်ရောက်လာခဲ့ကြသည်။ ရီဖူရှင်းသည် နောက်ကျမှ ဝင်ရောက်ခဲ့သည်မှာ ထိုသူများ အသုံးပြုသည့် ဝင်ပေါက်ကို လေ့လာဆန်းစစ်လို၍ ဖြစ်သည်။ နတ်ဘုရားအမွေအနှစ် နယ်မြေကို ဝင်ရောက်ပြီးနောက်တွင် သူသည် အပြင်ဘက်၌ သူတို့ အသုံးပြုခဲ့သည့် တံခါးပေါက်တည်နေရာ အပြောင်းအလဲ ရှိမရှိနှင့် ထိုသူများ၏ အကွာအဝေးကို မှန်းဆကြည့်နေခြင်း ဖြစ်သည်။

အကွာအဝေးက ယခင်ကထက် ပို၍ ဝေးကွာသွားနိုင်သော်လည်း တည်နေရာက တူညီပေလိမ့်မည်။

ထို့ကြောင့် သူက အနောက်အရပ်သို့ လျှောက်သွားခဲ့ခြင်း ဖြစ်သည်။

ထိုနေရာသည် ကောင်းကင်အာဏာစက်ဘုံမှ တန်ခိုးရှင်များ ဝင်ရောက်သွားရာနေရာဖြစ်သည်။

ကောင်းကင်အာဏာစက်ဘုံ၏ ထိပ်သီးအင်အားစုများအားလုံး ရောက်ရှိနေပြီး နတ်ဆိုးဘုံမှ လူများလည်း ရှိနေမည်မှာ အမှန်ပင် ဖြစ်သည်။ နတ်ဆိုးဘုံမှ အများစုမှာ အတူတကွ ရောက်ရှိလာသော်လည်း အချို့အင်အားစုများမှာ တသီးတသန့် လှုပ်ရှားရန် ရည်ရွယ်နေဆဲ ဖြစ်၏။ ကြည့်ရသည်မှာ သူတို့သည် အခြားနတ်ဆိုးကလန်များနှင့် တူညီသော ဆက်ဆံရေး ရှိပုံရသည်။

ဥပမာ နတ်ဆိုးကလန်များအကြား ခရမ်းရွှေကြွက်ကလန်မှာ ထိပ်သီးအင်အားစု ဖြစ်လာသော်လည်း သူတို့သည် အခြားနတ်ဆိုးကလန်များ၏ လေးစားမှုကို မခံကြရပေ။

ခရမ်းရွှေကြွက်များသည် သူတို့ကိုယ်သူတို့ ခရမ်းရွှေနတ်ကြွက်ဟု ခေါ်ကြသည်။ သူတို့ကို နတ်ဘုရားနယ်မြေအတွင်း ခေါ်ဆောင်လာသည့် ခေါင်းဆောင်မှာ ခရမ်းရွှေကြွက်အင်ပါယာ၏ မြေးဖြစ်သူ ရှုဟွမ်စွန်းဖြစ်ပြီး သူ၏ ခွန်အားက အလွန် အားကောင်းလှသည်။ သူသည် နှစ်ပေါင်းများစွာ တံခါးပိတ်​ကျင့်ကြံနေပြီ ထွက်လာခြင်း ဖြစ်၏။

ခရမ်းရွှေကြွက်ကလန်ကို တည်ထောင်သူက ခက်ခက်ခဲခဲ ကြိုးစား၍ သူတို့၏ ဂုဏ်သရေကို ဖန်တီးခဲ့သည်။ ထို့ကြောင့် ကြွက်ကလန်၏ သားစဥ်မြေးဆက်က နတ်ဆိုးကလန်များအကြား သူတို့၏ ဂုဏ်ကို ဆက်လက်တိုးမြင့်လာစေရန် အားထုတ်ကြပေသည်။ သို့သော် သူတို့၏ မွေးရာ​ပါစွမ်းရည်က အစစ်အမှန် နဂါးများ နတ်ဇာမဏီများနှင့် ခွန်ပန်များထက် နိမ့်ကျနေဆဲ ဖြစ်သည်။

ထို့ကြောင့် သူတို့သည် ခွန်အားကို မြှင့်တင်ရန် နတ်ဘုရားအမွေအနှစ် နယ်မြေသို့ လာရောက်ကြခြင်း ဖြစ်သည်။ သူတို့က ဤတစ်ကြိမ်၌ အခွင့်အရေးကြီး ရခဲ့လျှင် သူတို့ ခရမ်းရွှေကြွက်များကလန်၏ အဆင့်အတန်းက ဆက်လက်တည်မြဲနိုင်ပြီး အနာဂတ်တွင် သူတို့၏ ဂုဏ်ကို ​ပို၍ မြှင့်တင်နိုင်မည် ဖြစ်သည်။

ရှုဟွမ်စွန်း၏ သွင်ပြင်က ကြွက်မိသားစုများနှင့် တူညီစွာပင် အပြောင်းအလဲမရှိသော်လည်း သူ၏ သူခိုးဆန်ဆန် မျက်နှာက အရုပ်ဆိုးသည့်ဘက်သို့ ရောက်ပေသည်။ သို့သော် သူ၏ အရှိန်အဝါက အတော်လေး အားကောင်းလှသည်။ ဗုဒ္ဓအလင်းက သူ့ကိုယ်ပေါ်တွင် ဖြာကျနေပြီး သူ့ကို သာမန်မဟုတ်သည့် ထင်ပေါ်မှု ဖြစ်စေသည်။ ထိုသည်မှာ မြင့်​မြတ်သည့် ဂုဏ်သရေမှ ပေးသည့် စွမ်းအားပင် ဖြစ်ပေသည်။

သူတို့က တစ်နေရာသို့ အလျင်အမြန် သွားနေကြသည်။ သူတို့သည် အမွေအနှစ် နယ်မြေအတွင်း ရတနာရှာဖွေရန် အသင့်ဖြစ်နေခဲ့ပြီ ဖြစ်၏။

ခရမ်းရွှေကြွက်ကလန်သည် ထိုသို့သော အရာများကို ကျွမ်းကျင်ပေသည်။ သူတို့က ထိုသို့သော စွမ်းရည်ကို ပိုင်ဆိုင်ထားသည့်အတွက် သူတို့အတွက် အခြားသူများနှင့် ပူးပေါင်းရန် မလိုပေ။

ထို့ပြင် ခရမ်းရွှေကြွက်များသည် ရှုဟွမ်စွန်းး လက်အောက်တွင် နှိမ့်ချစွာ နေနေကြပေသည်။ လေထဲမှ သွားလာခြင်းအစား သူတို့သည် မြေပြင်ပေါ်မှ သွားလာနေပြီး  အခြားသူများ၏ အာရုံစိုက်ခံရခြင်းမှ ​ရှောင်ရှားကြပေသည်။ ခရမ်းရွှေကြွက်ကလန်သည် ကောင်းကင်အာဏာစက်ဘုံ၏ နတ်ဆိုးဘုံတွင် ထူးခြားသာလွန်သည်ဟု မှတ်ယူ၍ မရပေ။ မြင့်မြတ်သည့် နတ်ဆိုးကလန်များမှ သူတို့ကို ထူးဆန်းသည့် သူများအဖြစ်သာ သတ်မှတ်ထားကြသည်။ အထက်ဘုံကိုးခုတွင် သူတို့သည် အားကောင်းသည့် အနေအထားမရှိနိုင်ပေ။ ထို့ကြောင့် သူတို့သည် နှိမ့်ချနေ၍ အလုပ်လုပ်ခြင်းက ပိုကောင်းပေသည်။

“ဟမ်” ရှုဟွမ်စွန်းက ရုတ်တရက် တစ်စုံတစ်ခုကို ခံစားမိလိုက်သည်။ သူက ရပ်တန့်ပြီး အနီးဝန်းကျင်ကို လှည့်ကြည့်လိုက်သည်။

သူက တစ်စုံတစ်ယောက်သည် သူတို့ကို နတ်စွမ်းအားဖြင့် ချောင်းမြောင်းကြည့်ရှုကာ ချဥ်းကပ်လာသည်ဟု ခံစားမိပေသည်။

“သွားကြည့်လိုက်။” သူက ပြောလိုက်သည်။ သူ့နောက်မှ ကြွက်နတ်ဆိုးနှစ်ကောင်က ကောင်းကင်ထက်သို့ တက်သွားလိုက်ပြီး သူတို့ ခန္ဓာကိုယ်ပေါ်မှ ရွှေရောင်အလင်းများက တောက်ပနေသည်။ သူတို့၏ မျက်လုံးများက ရွှေရောင်သို့ ပြောင်းလဲသွားသည်။ ကြည့်ရသည်မှာ သူတို့သည် လေဟာနယ်ကို ထိုးခွင်း၍ အလွန် ဝေးကွာသည့် ​နေရာထိ ကြည့်ရှုနိုင်ပုံရသည်။

သူတို့၏ ရွှေရောင်မျက်လုံးများက လေဟာနယ်ကို ဖြတ်သန်းထိုးဖောက်သွားသည်။ အဖြူရောင်ဆံပင်နှင့် ပုံရိပ်တစ်ခုက လေထဲမှ အလွန်လျင်မြန်သောအရှိန်ဖြင့် ဖြတ်သန်းကာ သူတို့ထံ ရောက်လာသည်။ တစ်ချိန်တည်းမှာပင် အဖြူရောင်ဆံပင်နှင့် ပုံရိပ်သည် လက်နှစ်ဖက်ကို ချိပ်စည်းသဏ္ဌာန် ပေါင်းစည်းထား၏။ ရုတ်တရက် မရေတွက်နိုင်သည့် ဓားလှိုင်းများက သူ့အနီးတွင် ပေါ်ပေါက်လာသည်။ အဝေးရှိ မရေတွက်နိုင်သည့် နတ်စွမ်းအားများက ရုတ်တရက် ပေါ်ပေါက်လာကာ နတ်ဓားများနှင့် ပေါင်းစပ်သွားခဲ့၏။ အားကောင်းသည့် ဓားစွမ်းအားက ပေါက်ကွဲထွက်ပေါ်လာလေသည်။

​မကြာခင်၌ သူတို့သည် တောက်ပလင်းလက်သည့် မျက်လုံးများနှင့် ငယ်ရွယ်သော ဆံပင်ငွေဖြူရောင် လူငယ်ကို မြင်တွေ့လိုက်ကြသည်။ သူက သူတို့ကို ပြုံးကာ ကြည့်​နေခဲ့၏။

ခဏအတွင်းတွင် ဓားသည် လေဟာနယ်ကို ဖြတ်သန်းကာ ရောက်ရှိလာသည်။

“သတိထား…”

နှစ်ယောက်က အော်ဟစ်လိုက်သည်။ သူတို့၏ အသံ ပျောက်ကွယ်သွားသည်နှင့် တောက်ပသည့် ဓားအလင်းက ပေါက်ပေါက်လာပြီး ကောင်းကင်ထက်တွင် မရေတွက်နိုင်သည့် နတ်ဓားများ ဖြစ်တည်လာသည်။ ဓားနှစ်လက်သည် လေဟာနယ်ကို ခွဲဖြတ်ကာ လူနှစ်ယောက်ဆီသို့ ဦးတည်သွားခဲ့သည်။

“ဖူး..”

၎င်းတို့သည် တုန့်ပြန်ရန်ပင် အချိန်မမီလောက်အောင် အလွန် လျင်မြန်လှသည်။ မဟာလမ်းစဥ် စွမ်းအားများကို သယ်ဆောင်လာသည့် ဓားများက ဖြတ်သန်းထိုးဖောက်သွား၏။ ခရမ်းရွှေကြွက်ကလန်မှ နတ်ဆိုးရှန့်ထိုနှစ်ကောင်က ဖြူဖျော့သွားသည်။ ယင်းတို့က မည်သည့်အတွက် ထိုမျှ လျင်မြန်နေရသနည်း။

နေရာအနှံ့မှ နတ်စွမ်းအားများ​က ချက်ချင်းဆင်းသက်လာသည်။

ဓားချီများက သူတို့၏ ခန္ဓာကိုယ်များကို ဒေါသတကြီးရစ်ပတ်ထားသည်။ ပိုမိုများပြားသော ဓားများက ကောင်းကင်မှ ကျဆင်းလာပြီး သူတို့၏ ခန္ဓာကိုယ်များကို ထိုးဖောက်ကာ နတ်ဆိုးနှစ်ကောင်ကို သတ်ဖြတ်လိုက်သည်။

သူတို့သည် ကောင်းကင်မှ ဓားများ ကျဆင်းလာသည်ကို မြင်သည့်အခါ ခရမ်းရွှေကြွက်ကလန်မှ ကျန်သည့် နတ်ဆိုးသားရဲများက ထိတ်ထိတ်ပျာပျာ ဖြစ်သွား​ကြသည်။ ကြွက်နတ်ဆိုးများက မြေအောက်သို့ ထွက်ပြေးသွားခဲ့သည်။

မျက်စိတစ်မှိတ်အတွင်း မရေတွက်နိုင်သည့် နတ်ဓားများ မိုးရွာသကဲ့သို့ ကျဆင်းလာသည်။ ခန္ဓာကိုယ်များကို ဓားဖြင့် ထိုးဖောက်ခံရသံက ဆက်လက်ထွက်ပေါ်နေသည်။ နတ်ဓားများက အသက်ရှိနေသကဲ့သို့ပင် မြေအောက်ထိ ထိုးဖောက်ကာ ဆက်လက် လိုက်နေခဲ့သည်။ လတ်ဆတ်သည့် သွေးများက မြေပေါ်တွင် စီးဆင်းလာလေသည်။

ဂါး…

ဒေါသတကြီး မာန်ဖီသံကို ကြောက်မက်ဖွယ် ကြားလိုက်ရသည်။ ရှုဟွမ်စွန်းသည် ရှေ့မှ မြင်ကွင်းကို ကြည့်ရင်း သူ၏ မျက်နှာက အလွန် မည်းမှောင်လာသည်။ သူ၏ မူလသဏ္ဌာန် ထွက်ပေါ်လာပြီး ကြီးမားသည့် ခရမ်းရွှေကြွက် နတ်ဆိုးအသွင်သို့ ပြောင်းလဲသွားသည်။ သူသည် သူ၏ ရွှေရောင်ပါးစပ်ကို ကျယ်ကျယ်ဖွင့်လိုက်ကာ ရောက်လာသမျှ နတ်ဓားများကို ဝါးမျိုလိုက်သည်။ သူသည် ၎င်းတို့အား အရူးအမူး ဝါးမျိုနေ၏။

သူတို့သည် နတ်ဘုရားနယ်မြေသို့ ဝင်ရောက်ပြီးပြီးချင်းမှာပင် တစ်စုံတစ်ယောက်က သူတို့်အား လုပ်ကြံချင်နေပေသည်။

လေထဲမှ ပုံရိပ်နှစ်ခု ထွက်ပေါ်လာသည်။ ရှေ့မှ လူသည် နှင်းကဲ့သို့ ဖြူဖွေးသော ဆံပင်များ ရှိသည်။ သူ၏ အဖြူရောင်ဝတ်စုံက လေထဲတွင် မျောလွင့်နေ၏။ သူ့နောက်မှ လူက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့၏ မျက်လုံးများထဲတွင် လူသတ်ငွေ့တို့ လွှမ်းခြုံနေသည်။ သူက လွှမ်းမိုးနိုင်စွမ်းသော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။

“ခရမ်းရွှေကြွက်ကလန်၊ မင်းတို့က ကောင်းကင်နတ်တံခါးကို တိုက်ခိုက်တာမှာ ပါဝင်ခဲ့တယ်။” ရီဖူရှင်းက ပေါ့ပါးစွာ ပြောလိုက်သည်။ သူ၏ အသံက သာမန်ပင် ဖြစ်သော်လည်း သူသည် ခရမ်းရွှေကြွက်ကလန်ကို စီရင်ရသည့် ပြစ်မှုအား ကြေညာနေသကဲ့သို့ ဖြစ်သည်။

သူ၏ စွမ်းအားများက ပြောင်းလဲသွားပြီး မရေတွက်နိုင်သည့် နတ်ဓားများ ပေါ်ပေါက်လာသည်။ ၎င်းတို့သည် ကျယ်ပြောလှသည့် အဆုံးမဲ့ လေဟာနယ်ကို ဖုံးလွှမ်းသွား၏။ ယင်းတို့က လျင်မြန်စွာ သည်းကြီးမည်းကြီး ကျဆင်းလာသည်။ ထိုဓားများက နတ်ဆိုးတို့အား မသတ်ဖြတ်ဘဲ နေရာတစ်ခုအတွင်း ပိတ်ဆို့ထားလိုက်ခြင်း ဖြစ်သည်။

“ယူချင်း၊ မြေအောက်ထိ ထွက်ပြေးတဲ့ ကြွက်တွေကို သတ်ပစ်လိုက်။” ရီဖူရှင်းက အမိန့်ပေးလိုက်သည်။ ယူချင်းက သူ့ ခြေထောက်ကို ဆောင့်နင်းလိုက်၏။ ဖော်ပြ၍ မရအောင် လေးလံသည့် ခံစားမှုက ပေါက်ကွဲထွက်လာသည်။ သူ၏ အနက်ရောင်ချပ်ဝတ်က အရောင်ဖြာကာ တောက်ပနေသည်။ သူသည် အမှောင်နတ်မိစ္ဆာကဲ့သို့ ကောင်းကင်မှ ချက်ချင်း ဆင်းသက်လာသည်။

သူက မြေပြင်သို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။ လက်သီးက မြေပြင်ကို ထိခတ်သွားသည့်အခါ ကမ္ဘာမြေကြီးသည် ခြောက်ခြားဖွယ်အသံနှင့်အတူ ကြီးမားသည့် အက်ကြောင်းကြီး ဖြစ်ပေါ်လာ၏။ မြေပြင်က အပိုင်းပိုင်း ကွဲအက်သွားပေသည်။

မြေပြင်အောက်မှ စူးရှသည့် အော်မြည်သံများကို ကြားလိုက်ရသည်။ လတ်ဆတ်သည့် သွေးတို့က ကမ္ဘာမြေကြီးနှင့် ရောနှောသွားပြီး မြေပြင်သည် သုသာန်မြေကဲ့သို့ ပြောင်းလဲသွားလေ၏။ အသက်ဓာတ်များက လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

ခဏချင်းအတွင်းမှာပင် အသတ်ခံရသူများမှာ ကလန်တစ်ဝက်ထက် ပိုသွားပေသည်။

ခရမ်းရွှေကြွက် နတ်ဆိုးရှန့်ထိုများက တုန်ယင်လာကြသည်။ သူတို့၏ မျက်နှာများတွင် ဒေါသနှင့် ကြောက်ရွံ့မှုတို့ ထွက်ပေါ်လာသည်။ သူတို့က ယူချင်းနှင့် ရီဖူရှင်းကို ကြောက်လန့်တကြား ကြည့်​နေကြပေသည်။

သူတို့က မည်သည့်အတွက် ထိုမျှ အားကောင်းရသနည်း။

ဤနှစ်ယောက်သည် ခရမ်းရင့်ကောင်းကင်နန်းတော်မှ ကျင်းပသည့် အခမ်းအနားတွင် တစ်ကြိမ် ထွက်ပေါ်လာသည်။ ထိုအချိန်၌ သူတို့က ထူးခြားအားကောင်းသည့် တိုက်ပွဲစွမ်းရည်ကို ပြသခဲ့သော်လည်း ဤမျှလောက်အားကောင်းခြင်း မရှိပေ။

ယခု သူတို့က ပြိုင်ဘက်ကင်း ဖြစ်နေပေသည်။

ဤသည်မှာ ခရမ်းရွှေကြွက်ကလန်သည် ယခင်က ကောင်းကင်နတ်တံခါးကို ဝန်းရံတိုက်ခိုက်ခဲ့ရာ၌ ပါဝင်ခဲ့သည့်အတွက် ဖြစ်ပေသည်။

ရှုဟွမ်စွန်းသည် ခပ်တိုးတိုး မာန်ဖီလိုက်ပြီး သူ၏ ထက်ရှသော လက်သည်းများကို ထုတ်လိုက်သည်။ သူသည် ကြောက်မက်ဖွယ် ခြိမ်းခြောက်နိုင်စွာ ကြည့်လိုက်သည်။ သူ၏ မျက်လုံးများက ရီဖူရှင်းနှင့် ယူချင်းပေါ်တွင် စူးစိုက်နေခဲ့၏။

သူတို့ နတ်ဘုရားအမွေအနှစ် နယ်မြေသို့ ဝင်သွားပြီးနောက် သူတို့က ကိုယ့်အလုပ်ကိုယ် လုပ်ရန် တတ်နိုင်သမျှ သိသာပေါ်လွင်ခြင်း မရှိအောင် နေထိုင်ခဲ့သည်။ ဝင်သွားပြီး ငါးမိနစ်ပင် မရှိသေးသည့် အချိန်၌ သူတို့က အမဲလိုက်သတ်ဖြတ်ခြင်း ခံခဲ့ရလေသည်။ ယခု သူတို့၏ လူတစ်ဝက်ကျော် သတ်ဖြတ်ခံခဲ့ရပေသည်။

ရီဖူရှင်း၏ နောက်တွင် သိမ်းငှက်နက်နှင့် အခြားသူများလည်း တစ်ဟုန်ထိုး ရောက်ရှိလာ၏။ သူတို့သည် ရှေ့၌ မည်သည်တို့ ဖြစ်​နေသည်အား မြင်သည့်အခါ  နှိမ့်ချစွာ နေရမည်ဟု ရီဖူရှင်းက ပြောခဲ့သည်အား အမှတ်ရလိုက်သည်။ သူက အတော်လေး စိတ်ဒုက္ခရောက်သွားပေသည်။

သူ့သခင်ပြောသည့် နှိမ့်ချစွာနေခြင်းဟူသည့် အဓိပ္ပါယ်မှာ သိမ်းငှက်နက်ကို အတော်လေး တွေဝေသွားစေသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset