အပိုင်း (၁၅၉၇)

ပြင်ဆင်မှုများ

“ဘယ်လောက်တောင် အစွမ်းထက်လိုက်လဲ” ကျူးချီသည် အနက်ရောင်ဝတ်စုံနှင့်သူ၏ နောက်ကျောကို ကြည့်ကာ တိတ်တဆိတ် မှတ်ချက်ချသည်။

လက်သီးတစ်ချက်တည်းနှင့် လေထုတစ်ခုလုံးကို ဖိနှိပ်နိုင်ခဲ့သည်။ သူတို့ဘက်မှလူများသည် ယွမ်ယန်နန်းတော်၏ ထိပ်တန်းကျင့်ကြံသူများဖြစ်ကြသည်။

“ဘယ်သူက ဒီလောက်ထိ ကြမ်းကြမ်းတမ်းတမ်းဆက်ဆံရဲတာလဲ”

အလိုမကျသည့် အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။ နန်းတော်ဘက်မှ လူတစ်စုသည် လာနေသည်ကို တွေ့လိုက်ရသည်။ ကျူးချီနှင့် အခြားသူတို့၏အကြည့်များသည် ထိုသူတို့ထံ ရောက်ရှိသွားသည်။

ထိုသူသည် ယွမ်ယန်ဘုံနန်းတော်၏ သခင်ငယ်ဖြစ်သလို ယွမ်ယန်ဘုံ၏ ခေါင်းဆောင်လည်း ဖြစ်သည်။ သူ၏ တိုက်ခိုက်ရေးစွမ်းအားသည် အလွန်ပြင်းထန်ပြီး နောင်တွင် ယွမ်ယန်ဂိုဏ်းတွင် ကျင့်ကြံနိုင်လိမ့်မည်ဟု ဆိုကြသည်။

သူ၏အသံ ထွက်ပေါ်လာသည်နှင့် ရီဖူရှင်းနှင့် အခြားသူများသည် မလှမ်းမကမ်း နေရာတွင် ရပ်တန့်လိုက်ကြသည်။ တောက်ပသောအလင်းတန်းတစ်ခု ကျဆင်းလာပြီး ကြီးမားသောကျောက်တိုင်များ ကောင်းကင်မှ ဆင်းသက်လာကြပြီး သူတို့သွားမည့် လမ်းရှေ့တွင် တားဆီးထားသည်။ တစ်ချိန်တည်းမှာပင် ရှေ့သို့တိုးတက်သွားသည်။ သူ၏ပုံစံသည် အရေးမစိုက်သည့်ဟန် ပေါ်နေသည်။

အနက်ရောင်လူငယ်လေးသည် အဝေးမှ ထိုးနှက်လိုက်သည့် ပြင်းထန်သည့် စွမ်းအားကို ခံစားမိပြီး ဖြစ်သည်။ သို့သော် ရီဖူရှင်းနှင့်အဖွဲ့သည် ရှေ့သို့ဆက်လက် လျှောက်လှမ်းနေဆဲဖြစ်သည်။ သူတို့သည် သူ၏လှုပ်ရှားမှုကို မမြင်သည့်နှယ် သူတို့၏လမ်းကိုသာ ရှေ့ဆက်သွားနေကြသည်။ ယွမ်ယန်နန်းတော်၏ နန်းတော်သခင်ငယ်သည် ရှေ့သို့ တစ်လှမ်းတိုးသည်။ ကောင်းကင်တွင် အလွန်များပြားသည့် အလင်းတန်းများသည် အလွန်ချွန်ထက်သည့် ဆူးချွန်များ ချိတ်ဆွဲထားသကဲ့သို့ ထွက်ပေါ်လာသည်။ အနက်ရောင်လူငယ်လေးသည် တစ်ချက်လှည့်ကြည့်သည်။

ဘန်း…

သူတို့ခြေထောက်အောက်ရှိ မြေကြီးသည် ပြင်းထန်စွာ လှုပ်ခတ်သွားသည်။ အနက်ရောင် လူငယ်လေး အထက်သို့ လျှောက်လှမ်းလိုက်ရာ ဆူညံသံများ ထွက်ပေါ်လာသည်။ ခြေလှမ်းတိုင်းသည် လေထုကိုပြိုကွဲပျက်စီးသွားစေပုံပေါ်သည်။ ထိုအလင်းတန်းဆူးချွန်များ အမှုန်အမွှားများအဖြစ် ပျက်စီးပြိုကျသွားသည်။ ရုတ်တရက် နန်းတော်သခင်ငယ်၏ မျက်နှာထားသည် ပြောင်းလဲသွားသည်။

အနက်ရောင်လူငယ်လေးသည် ခြေလှမ်းအနည်းငယ်ဖြင့် သူ၏ရှေ့သို့ ရောက်ရှိလာသည်။ သူသည် လက်သီးကိုပင့်မြှောက်လိုက်ပြီး ရိုးရှင်းလက်သီးချက်ကို ထုတ်လွှင့်သည်။ လက်သီးချက်သည် ရုတ်တရက် နက်မှောင်သော နတ်ဆိုးနဂါးအသွင်သို့ ပြောင်းလဲသွားပြီး ကျယ်လောင်သော ဟိန်းဟောက်သံကြီးကို ကြားလိုက်ရသည်။

နတ်နဂါးတို့၏စွမ်းအားများသည် လေထုတစ်ခုလုံးကို ဖြတ်သန်းပျက်စီးသွားစေသည်။ ယွမ်ယန်နန်းတော်သခင်ငယ်၏ရှေ့တွင် တောက်ပသော အလင်းတန်း ပုံစံများ ထွက်ပေါ်လာသည်။ သူသည် နက်မှောင်သော နတ်ဆိုးနဂါး၏ တိုက်ခိုက်မှုကို ပိတ်ဆို့ရန် ကြိုးစားသည်။ သို့သော် ကျိုးပျက်ကြေကွဲသံများထွက်ပေါ်လာပြီး လက်သီးချက်သည် အကာအကွယ်ကို ထိုးဖေါက်ဝင်ရောက်လာသည်။

ဘုန်း…

ကျယ်လောင်သော မြည်ဟည်းသံကြီးထွက်ပေါ်လာပြီး ယွမ်ယန်နန်းတော်၏သခင်ငယ်သည် ပြင်းထန်သောစွမ်းအားကြောင့် နောက်သို့လွှင့်စင်သွားသည်။ သူသည် ညည်းညူလိုက်ပြီး သွေးတစ်လုပ် အန်ထုတ်သည်။ သူ၏အသက်ရှုသံသည် မတည်မငြိမ်ဖြစ်နေပြီး သူ၏မျက်နှာသည် ဖြူဖျော့ သွားသည်။ သူ၏ပတ်ဝန်းကျင်မှလူများသည် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် တုန်လှုပ်သွားကြသည်။ ထိုသူသည် ထိုမျှသန်မာသည်လော။

နန်းတော်သခင်ငယ်၏ ခွန်အားကို သူတို့အားလုံးသိကြသည်။ ယွမ်ယန်ဘုံတွင် သူသည် ရန်ဟောင်အဆင့်အောက်တွင် အားအကောင်းဆုံးသူအဖြစ် နာမည်ကျော်သူ ဖြစ်သည်။  သို့သော် သူသည် ထိုးနှက်ချက်တစ်ခုတည်းကိုပင်  ခုခံနိုင်စွမ်းမရှိဘဲ နောက်သို့ ဆုတ်ပေးခဲ့ ရသည်။ ထိုစွမ်းအားသည် မည်မျှပြင်းထန်လေသနည်း။

ရန်ဟောင်အဆင့်ကဲ့သို့ မဟာလမ်းစဉ်စွမ်းအားများ ဆင်းသက်လာသည်နှင့် ယွမ်ယန်နန်းတော်မှ ရန်ဟောင်အဆင့် ကျင့်ကြံသူများ ရှေ့သို့ထွက်လာကြသည်။ သူတို့ ရှေ့သို့တိုးရန်ပြင်လိုက်သော်လည်း နန်းတော်သခင်ငယ်က သူ၏လက်ကိုမြှောက်ကာ တားမြစ်သည်။

“သူတို့သွားပါစေ”

ရန်ဟောင်အဆင့် ကျင့်ကြံသူများသည် ဆက်လက်လိုက်ပါသွားခြင်းမရှိတော့ဘဲ ရပ်တံ့လိုက်ကြသည်။

“ပျက်စီးခြင်းမြို့မှာ သန်မာတဲ့ကျင့်ကြံသူတွေနဲ့ ပြည့်နှက်နေကြတယ်။ နှိုင်းယှဉ်လိုက်မယ်ဆိုရင် ငါတို့ယွမ်ယန်ဘုံက ဘာမှမဟုတ်တော့ဘူး။ တစ်ခြားအဖွဲ့က တိုက်ခိုက်ဖို့ဆန္ဒမရှိဘူးဆိုရင် ရန်ပွဲတွေ မဖန်တီးကြနဲ့”

ယွမ်ယန်နန်းတော်သခင်ငယ်က အဝေးသို့ထွက်သွားသော အနက်ရောင်ဝတ်လူငယ်ကို ကြည့်ကာပြောသည်။ ထိုကဲ့သို့သော အင်အားကြီးမားသောတိုက်ခိုက်ရေးစွမ်းအားရှိသောသူသည် အနည်းငယ်မျှ ကျော်ကြားမှုမရှိသောသူတစ်ဦးမဖြစ်နိုင်ပေ။ ထိုသူများအားလုံးသည် ပျက်ဆီးခြင်းမြို့မှ နတ်ဘုရားအပျက်အစီးနယ်မြေအတွက်ရောက်လာကြခြင်းဖြစ်သည်။ သူသည် အောက်ဘုံများကို ထိန်းချုပ်ထားနိုင်သော ယွမ်ယန်နန်းတော်၏သခင်ငယ် ဖြစ်သော်လည်း သူ၏အကန့်အသတ်ကို သူသိပေသည်။ အထက်ဘုံ၏ ထိပ်တန်းအင်အားစုများသည် ၎င်းတို့ထက် များစွာပိုမို အားကောင်း ပေသည်။ အတိအကျဆိုရလျှင် သူတို့၏တည်ရှိမှုမှာ ဗဟိုဧကရာဇ်ဘုံမှ ယွမ်ယန်ဂိုဏ်းမျှသာ ဖြစ်သည်။

ထို့ကြောင့် သူသည် ထိုကိစ္စကို မပြင်းထန်စေချင်ပေ။ ရီဖူရှင်းတို့အဖွဲ့သည် အဝေးသို့ ရောက်သွားပြီး မကြာမီ သူတို့၏မြင်ကွင်းမှ ပျောက်ကွယ်သွားကြသည်။ ကျူးချီသည် ပျောက်ကွယ်သွားသည့် သူများကို ငေးကြည့်နေမိခဲ့သည်။ သူမ၏ စိတ်တည်ငြိမ်မှုများ ပြန်လည်ရရှိရန် အချိန်များစွာယူလိုက်ရသည်။

အနက်ရောင်ဝတ်လူငယ်လေးသည် သန်မာလှသည်။ သူမတွေ့ဖူးသမျှ ရှန့်ထိုအဆင့်များထဲတွင် အားအကောင်းဆုံးသူဖြစ်သည်။ နန်းတော်သခင်ငယ်သည်ပင် လက်သီးတစ်ချက်တည်းဖြင့် ထိုးနှက်ခြင်း ခံခဲ့ရပေသည်။

ယခင်က သိန်းငှက်နက်လေးသည် ထိုအနက်ရောင်ဝတ်လူငယ်အား “ ဒုတိယသခင်”ဟု ခေါ်ခဲ့သည်။ သူသည် ဒုတိယဖြစ်ရာ ပထမသခင်ရှိရပေမည်။ ထိုသူသည် မည်သူဖြစ်နိုင်သနည်း။ သိန်းငှက်လေး၏သခင်သည် အလယ်တွင်ရပ်နေသည့် ဆံပင်အဖြူရောင်နှင့် လူငယ်ဖြစ်နိုင်ပေသည်။ သိန်းငှက်လေး၏ ပေါက်ကရစကားများကြောင့် သူမသည် ရီဖူရှင်းအပေါ်တွင် အမြင်ကောင်းမရှိပေ။

ထိုကဲ့သို့သော နတ်ဆိုးသားရဲ၏သခင်သည် လူတော်လူကောင်း မဖြစ်နိုင်ပေ။ သူမပြန်လည် စဉ်းစားမိသည်မှာ ရီဖူရှင်းသည် ယဉ်ကျေးပြီး လုံးဝရိုင်းပျခြင်းမရှိခဲ့ပေ။ သူသည် တင့်တယ် ချောမောသူလည်းဖြစ်သည်။ အနက်ရောင်ဝတ်လူငယ်အား လွှမ်းမိုးထားနိုင်သော ထိုသူသည်လည်း အလွန်ကောင်းမွန်သည့် စွမ်းရည်ရှိမည်ဟု ထင်မြင်ယူဆနိုင်ပေသည်။ သိန်းငှက်နက်၏ အရှက် ကင်းမဲ့သော ဝါကြွားခြင်းများသည် အမှန်တကယ်ဖြစ်နေသည်လား။ သူ၏ သခင်မှာ မည်သူနည်း။

ရီဖူရှင်းနှင့်သူ၏လူများသည် သူတို့၏ဌာနသို့ ပြန်ရောက်လျှင် သိန်းငှက်နက်ကို ကြည့်လိုက်ကြသည်။

ရီဖူရှင်း၏ အပြုံးမျက်ဝန်းများကို မြင်ရသောအခါ သိန်းငှက်နက်၏ ကိုယ်သည် ကျုံ့ဝင်သွားသည်။

သူသည် အလွန်သနားစဖွယ်အသံဖြင့် ပြောသည်။ “သခင် ဘာများ မိန့်မှာချင်နေတာလဲ”

“ငါစဉ်းစားနေတာ သားရဲအသစ်ရှာပြီး မွေးရမလားလို့” ရီဖူရှင်းက လေသံတိုးတိုးဖြင့်ပြောသည်။

“မလုပ်ပါနဲ့သခင်ရယ်။ သိန်းငှက်လေးက ရိုးသားပြီးသစ္စာရှိပါတယ်။ ကျွန်တာ် အပြင်မှာ ရောက်နေပေမဲ့လည်း သခင့်ဆီကို ပြန်လာနိုင်ဖို့ပဲ အမြဲစဉ်းစားနေခဲ့တာပါ။”

သိန်းငှက်နက်သည် နှစ်အနည်းငယ်အကြာ သူနှင့်ဝေးကွာနေခဲ့သည်။ သူသည် ထိုအချိန်တွင် မထီလေးစားဖြင့် ပျော်ပါးနေခြင်းမရှိရုံမျှမက သူ၏စွမ်းအားများကိုလည်း တိုးမြှင့်နိုင်ခဲ့ပေသည်။ ကျင့်ကြံခြင်းတွင်သာ အာရုံစိုက်ခဲ့ပေသည်။ သူ၏စိတ်ဝိညာဉ်ဉာဏ်ရည်သည်လည်း ပြည့်ဝလာခဲ့ပြီး လူသားအသိဉာဏ်နှင့် မခြားတော့ပေ။ သူသည် ယခင်က နတ်ဆိုးသားရဲလေး မဟုတ်တော့ပေ။ သိန်းငှက်လေးသည် သားရဲရှန့်ထိုဖြစ်နေပြီဖြစ်ရာ သားရဲနတ်ဆိုးကြီးဖြစ်လာခဲ့ပြီဟု ဆိုနိုင်ပေသည်။

“မင်းအပြင်မှာ အနိုင်ကျင့်ခံခဲ့ရတာတောင်မှ ပြန်လာဖို့စဉ်းစားနေသေးတာလား။” ရီဖူရှင်းသည် သူ့ကိုကြည့်သည်နှင့် ကျူးချီ၏စိတ်သဘောကိုခန့်မှန်းမိပေသည်။ ဤကောင်လေးသည် သူ၏ချွန်ထက်သောလျှာကို မဆုံးရှုံးခဲ့ သေးရာ ကျူးချီ၏အမြင်သည် လွဲမှားခဲ့ပုံပေါ်သည်။ သည်ကောင်သည် သူမအား ဆွဲဆောင်နိုင်ခဲ့ပုံ ပေါ်သည်။  ရီဖူရှင်းသည် သိန်းငှက်နက်က မပြောသင့်သောအရာများစွာအား ပြောခဲ့မည်ဟု ယုံကြည်ပေသည်။

“နောက်ထပ် မင်းငါ့ရဲ့ ဂုဏ်သိက္ခာကိုညှိုးနွမ်းအောင် လုပ်မယ်ဆိုရင် မင်းကို ရှင်းယွန်ရဲ့ တပည့်အဖြစ် လွှဲပြောင်းပေးလိုက်မယ်”

“အာ…”

သိန်းငှက်နက်က သက်ပြင်းချလိုက်ပြီး သူ့နံဘေးရှိ ရှားရှင်းယွန်ကို အားနည်းစွာကြည့်လိုက်ရာ ရှားရှင်းယွန်က သူ့ကိုပြုံးပြုံးကြီး ကြည့်နေသည်ကို မြင်လိုက်ရလေသည်။ သိန်းငှက်နက်၏ အရည်ပြားများ ကျိန်းစပ်သွားသည်ဟု ခံစားလိုက်ရသည်။ ထိုမိန်းမသည် ရန်လိုလွန်းပေသည်။ သူမလက်ထဲသို့ မည်သည့်အခါမှ ရောက်၍မဖြစ်ပေ။

“တော်လောက်ပြီ” ရီဖူရှင်းကပြောသည်။

“ရက်တွေကုန်လွန်လာပြီးတော့ နတ်ဘုရားအပျက်အစီးနယ်မြေဖွင့်ဖို့ နီးလာပြီ။ ငါတို့ ပြဿနာတွေကို ရှောင်ပြီး လိုအပ်တာတွေအားလုံး ကြိုတင်ပြင်ဆင်ထားသင့်တယ်”

လူတိုင်းရောက်ရှိလာကြပြီဖြစ်သည်။ သူသည်ထိုနေရာတွင် များစွာသောလူတို့နှင့်တွေ့ဆုံခဲ့ခြင်းသည် သူ့အားပျော်ရွှင်စေသည်။ ယခုအချိန်တွင် သူတို့အားလုံးသည် နတ်ဘုရားအပျက်အစီးနယ်မြေသို့ အာရုံအပြည့်အဝထားသင့်ပေသည်။

ထိုရှေးဟောင်းနယ်မြေသည် အရှင်ဒွန်ဟောင်၏ထိန်းချုပ်မှုအောက်တွင်ရှိသည်။ ၎င်းအား နှစ်ပေါင်းငါးဆယ်တွင် တစ်ကြိမ်သာ ဖွင့်လှစ်ခြင်း မဟာဗျူဟာကြီးသည် ဘုံသုံးထောင်ရှိ မဟာလမ်းစဉ် ကျင့်ကြံသူများအား သက်ရောက်မှု ရှိပေသည်။ ထင်ရှားသောပုဂ္ဂိုလ်အများစုသည် မြို့တော်ကြီး တစ်ခုအဖြစ် မယူဆနိုင်သော ပျက်စီးခြင်းမြို့တော်တွင် တစ်စုတစ်စည်းတည်း ရောက်လာကြသည်။

လူတိုင်းသည် နတ်ဘုရား အပျက်အစီးနယ်မြေ ဖွင့်မည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။ လူတိုင်းရှေးဟောင်းနယ်မြေထဲသို့ ၀င်ရောက်ကြသည်နှင့် သွေးထွက်သံယို တိုက်ခိုက်မှုများ ဖြစ်ပေါ်လာမည်မှာ သေချာပေသည်။

ဘုံကိုးခု၏ ထိပ်တန်းပုဂ္ဂိုလ်များသည် နတ်ဘုရား ရှေးဟောင်းနယ်မြေထဲတွင် စုစည်းကြမည်ဖြစ်ရာ မည်ကဲ့သို့ ဖြစ်လာမည်ကို ခန့်မှန်းရန်လွယ်ကူပေသည်။ ထို့အပြင် အကြီးအကဲများသည် သူတို့နှင့် လိုက်ပါလာနိုင်မည် မဟုတ်ပေ။ သူတို့သည် တစ်ခြားဘုံများမှ သူတို့ချုပ်ကိုင်နိုင်သော အင်အားစုများကိုလည်း ခေါ်ဆောင်လာ ကြပေသည်။ ထို့ကြောင့် အများစုသည် လူပေါင်းများစွာဖြင့် ဖွဲ့စည်းထားသော စစ်တပ်ကြီးတစ်ခုနှင့် တူညီပေသည်။ ဥပမာအားဖြင့်ဆိုရလျှင် မကြာသေးမီက ရောက်ရှိလာခဲ့သော အင်အားစုများထဲတွင် ရီဖူရှင်းနှင့်အနီးကပ်ဆုံးဖြစ်သော အင်အားစုသည် ကောင်းကင်အာဏာစက်ဘုံဖြစ်ပြီး သူတို့တွင် ကျင့်ကြံသူများစွာ ပါဝင်ကြသည်။

ကောင်းကင်အာဏာစက်ဘုံ၏မင်းဆက်သည် ပတ်ဝန်းကျင်ရှိ အင်ပါယာအားလုံးကို အုပ်ချုပ်ခဲ့သည်။ ထိုအကြီးအကဲများအားလုံးအောက်မှ ရှန့်ထိုအဆင့် ထိပ်တန်း ကျင့်ကြံသူအားလုံးသည် နတ်ဘုရားအပျက်အစီးနယ်မြေထဲသို့ ဝင်ကြမည်ဖြစ်သည်။ ထိုကျင့်ကြံသူများ အားလုံးတွင် ရီထျန်းယုသည် အသန်မာဆုံးဖြစ်သည်။ စောင့်ဆိုင်းနေရသည့်အချိန်တွင် ရီဖူရှင်းသည် တိတ်ဆိတ်စွာ ကျင့်ကြံနေခဲ့ပြီး နတ်ဘုရားအပျက်အစီးနယ်မြေသို့ ဝင်ရောက်ရန် ကြိုတင်ပြင်ဆင် နေခဲ့သည်။ ဤတစ်ကြိမ်တွင် သူသည် မဟာလမ်းစဉ်၏ သုံးထောင်လုံးမှ သူတို့မျိုးဆက်၏ အစွမ်းအထက်ဆုံး ကျင့်ကြံသူများနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ရီဖူရှင်းတစ်ယောက်တည်း ပြင်ဆင်မှုများ ပြုလုပ်နေခြင်းမဟုတ်ပေ။ အခြားဘက်မှ ကျင့်ကြံသူများအားလုံးလည်း ပြင်ဆင်မှုများ ပြုလုပ်နေ ကြသည်။

ပျက်စီးခြင်းမြို့၏ တောင်တန်းတစ်နေရာတွင် ရောင်ခြည်ဘုံမှ ကျင့်ကြံသူများရှိနေကြသည်။ ၎င်းသည် ရောင်ခြည်ဘုံမှ ကျင့်ကြံသူများ ပိုင်ဆိုင်သည့်နေရာဖြစ်ပြီး တောင်တန်းတစ်ခုလုံးသည် မီးတောက်များ သဏ္ဍန် ဖြစ်ပေါ်နေသည်။ တောင်ပေါ်တွင် ရောင်ခြည်နန်းတော် တည်ရှိသည်။ တောင်တန်း၏ အစွန်းဘက်တွင် လူတစ်စုရပ်နပြီး ပျက်စီးခြင်းမြို့တော်ရှိ လူများ၏လှုပ်ရှားမှုကို ကြည့်နေကြသည်။ နေမင်း၏ နတ်အလင်းရောင်သည် သူတို့အပေါ်သို့ ဖြာကျနေသည်။ သူတို့၏မျက်ဝန်းများသည်ပင် နေရောင်ကဲ့သို့ လင်းလက်နေကြသည်။ သူတို့သည် နေရောင်ကဲ့သို့ လောင်ကျွမ်းနေသော အရှိန်အဝါများ ထုတ်လွင့်နေပြီး သူတို့၏ခေါင်းပေါ်တွင် နေမင်း၏ရောင်ခြည်စက်ဝန်းကဲ့သို့သော အလင်းတန်း စက်ဝန်းများ ထွက်ပေါ်နေသည်။

ဒဏ္ဍာရီအရ ရောင်ခြည်ဘုံသည် နတ်ပစ္စည်းတစ်ခုမှ ပြောင်းလဲဖြစ်ပေါ်လာခြင်းဖြစ်သဖြင့် ဘုံပေါ်ရှိ အရာအားလုံးသည် ထွန်းလင်းတောက်ပနိုင်ကြပေသည်။ ထိုရောင်ခြည်ဘုံ၏ မျိုးဆက်များသည် အလွန်ပင်ပြင်းထန်သော မီးလျှံအရည်အချင်းများကို ပိုင်ဆိုင်ထားကြသည်။ ရောင်ခြည်ဘုံ၏ တစ်ခြားဒဏ္ဍာရီမှာ သူတို့သည် နေနတ်ဘုရား၏မျိုးဆက်သွေးဖြစ်သည်ဟု ဆိုကြသည်။

“ဒီတစ်ခါ ရှေးဟောင်းအပျက်အစီးနယ်ဖွင့်တဲ့အခါကျရင် ဗဟိုဧကရာဇ်ဘုံ၊ တောင်တန်းဘုံ၊ အသင်္ချေဘုံ၊  သူရိယဘုံ၊ သဏ္ဌာန်မဲ့ဘုံတို့လို အဖွဲ့အစည်းတွေက ကျင့်ကြံသူတွေအပြင် နေရာတိုင်းကကျင့်ကြံသူတွေအပြင် အခြား ထူးခြားအစွမ်းထက်တဲ့ အကြီးအကဲတွေလည်း ရှိနေလိမ့်မယ်” အုပ်စု၏ အလယ်မှလူက ပြောသည်။

“နတ်ဘုရား အကြွင်းအကျန်နယ်မြေကို ဝင်တဲ့အခါကျရင် အာရုံစိုက်ခံရမဲ့အရာမျိုးတွေ ရှောင်ရှားဖို့လိုမယ်။ ပြီးတော့ တကယ်လိုအပ်တဲ့အခါမှပဲ တိုက်ခိုက်ကြရမယ်။  ဒါက မင်းတို့ အားလုံးအတွက် ထူးခြားပြီး အရမ်းအရေးပါတဲ့ အခွင့်အရေးကြီးတစ်ခုပဲ”

“ဟုတ်ကဲ့”

သူ့ဘေးနားရှိသော သူများက ခေါင်းညိတ်လိုက်ကြသည်။ သူတို့သည် ရောင်ခြည်ဘုံ၏ဤမျိုးဆက်တွင် အကျော်ကြားဆုံး သူများ ဖြစ်ကြသည်။ ပုံမှန်အားဖြင့် သူတို့နှင့်မျိုးဆက်တူများသည် သူတို့အတွက် မထူးခြားကြ သော်လည်း ယခုတစ်ခေါက်တွင်မူ ခြားနားပေသည်။ ရှေးဟောင်းနယ်မြေထဲသို့ ဝင်ရောက်မည့် သူများသည် သူတို့ကဲ့သို့ပင်ထူးချွန်သူများဖြစ်ကြသည်။

အခြားနေရာတစ်ခုရှိ ကြီးမားလှသော နီရဲတောက်လောင်နေသော ခန်းမတစ်ခုတွင် ကြယ်ပွင့်များ စီရီထားသည့်အင်္ကျီကို ဝတ်ထားသည့် လူလတ်ပိုင်းလူတစ်ယောက်သည် အောက်တွင်ရှိနေသော လူများကို ငုံ့ကြည့်သည်။ သူသည် သရဖူတစ်ခုကို ဆောင်းထား၏။ သူသည် ကမ္ဘာမြေပေါ်ရှိ ဧကရာဇ်များကဲ့သို့ ခမ်းနားထည်ဝါပြီး ခန့်ညားလှသည်။ ထိုနေရာရှိလူများသည် ဇီဝေ့ဘုံ၏ ထိပ်တန်းအင်အားစုများမှ ကျင့်ကြံသူများဖြစ်ကြသည်။

“အတိတ်တုန်းကတော့ နတ်ဘုရား အကြွင်းအကျန်နယ်မြေထဲကို ဝင်ရောက်ကြပြီဆိုရင် အလွန်ကြမ်းတမ်းပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်လေ့ရှိတယ်။ ဘုံအားလုံးရဲ့ ကျော်ကြားတဲ့ပါရမီရှင်များစွာဟာ ဒီနေရာမှာအသက်ဆုံးရှုံးခဲ့ရတယ်”

သရဖူဆောင်းထားသည့် ဧကရာဇ်နှင့်တူသောသူက ကျင့်ကြံသူများကို ပြောသည်။

“ဒါကြောင့် နတ်ဘုရားအကြွင်းအကျန်နယ်မြေကိုသွားတဲ့ဒီခရီးမှာ ပါရမီရှင်တွေအများကြီး ပျက်စီးကြလိမ့်မယ်။ မင်းတို့ရဲ့စွမ်းအားက အစွမ်းထက်တယ်ဆိုတာ သံသယဖြစ်စရာမဟုတ်ပေမယ့် ဘုံကိုးပါးလုံးက မင်းတို့နဲ့ စွမ်းအားတူတဲ့သူတွေနဲ့ ရင်ဆိုင်ရမယ်ဆိုတာကို မမေ့စေချင်ဘူး။ ဒါကြောင့် မင်းတို့နည်းနည်းလေးမှ ပေါ့ဆလို့မရဘူး။ မင်းတို့ရှေ့မှာရပ်နေတဲ့ရန်သူတိုင်းက မင်းရဲ့အလေးအနက်ထားမှုကို ခံယူထိုက်သူတွေ ဖြစ်တယ်။ “

ဒီနေရာတွင် စုရုံးရောက်ရှိလာတဲ့သူတွေတိုင်းသည် အတော်ဆုံးထဲက အတော်ဆုံးသူများ ဖြစ်ကြသည်။ သို့သော်လည်း သူတို့ထဲမှ ပါရမီရှင်များစွာသည် ရှေးဟောင်းနယ်မြေထဲတွင် ပျက်စီးပျောက်ကွယ်သွားခဲ့ ကြသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ သူတို့သည် ပါရမီရှင်များဖြစ်သော်လည်း လျှို့ဝှက်သော အန္တရာယ်များနှင့် ပတ်သက်၍ သတိပေးရန်လိုပေသည်။

အကြီးအကဲများအားလုံးသည် နတ်ဘုရား အပျက်အစီးနယ်မြေထဲ ဝင်ရောက်ရန် ပြင်ဆင်မှုများ ပြုလုပ်ထားကြမည်သာ ဖြစ်သည်။ တဖြည်းဖြည်းနှင့် သက်ဝင်လှုပ်ရှားနေခဲ့သော ပျက်စီးခြင်းမြို့တော်သည် အမည်မသိဖိအားတစ်ခု ဖြစ်တည်လာသည်။ လူတိုင်းသည် ဘုံကိုးပါးလုံးတွင် အပြင်းထန်ဆုံး စစ်ဆေးမှုဟုပင် ဆိုနိုင်သော သူတို့ဘ၀တွင် အရက်စက်အပြင်းထန်ဆုံးသော စစ်ဆေးမှုတစ်ခုကို  ရင်ဆိုင်ရမည်ဆိုသည်ကို နားလည်သဘောပေါက်လိုက်ကြသည်။

နောက်ဆုံးတော့ အချိန်ကျလာပေပြီ။ ပျက်စီးခြင်းမြို့နေရာ၏ ကောင်းကင်ထက်မှ အံ့သြဖွယ် ကောင်းသော အလန်းတန်းများ ကျဆင်းလာသည်။ ကောင်းကင်ထက်တွင် မြင့်မြတ်ထည်ဝါသော လူတစ်စုရပ်နေသည်။ ၎င်းတို့သည် မြင့်မြတ်သောဗိုလ်ချုပ်များကဲ့သို့ ခမ်းနားထည်ဝါသံချပ်အင်္ကျီတို့ကို ဝတ်ဆင်ထားကြသည်။ ၎င်းတို့သည်အရှင်ဒွန်ဟောင်၏လက်အောက်ရှိ ဗလာဧကရာဇ်နန်းတော်မှ မြင့်မြတ်သော နတ်ဘုရားတမန်တော်များဟု ကျော်ကြားသူများဖြစ်သည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset