အခန်း (၁၆၉) ကျန်းလန်ကိုသဘောကျနေတာလား
လုန်ယွိ လင်စီးယာကို တိတ်ဆိတ်စွာပင် လှမ်းကြည့်လိုက်သည်။
လင်စီးယာကတော့ စကားဆက်ပြောနေ၏။
“အဲဒီတုန်းက စတုတ္ထတောင်ထွတ်က ဂိုဏ်းတူညီမလေးတစ်ယောက်ဆီက ပြဒါးဆေးသန့်စင်ခြင်းနဲ့ပတ်သက်တဲ့ တာအိုဟောပြောချက်တစ်ခု ရခဲ့တာလေ… ၊ ကျွန်မ သွားပြီး နားမထောင်ဖြစ်လို့ အဲဒီ ညီမလေးကို အကူအညီတောင်းလိုက်ရတာ… ၊ အဲဒီ ဟောပြောချက်ကို ဂိုဏ်းတူအစ်မ ကြည့်ပြီးပြီ မဟုတ်လား… ၊ အဲဒါနဲ့ပတ်သက်ပြီး မှတ်မိသေးလားဟင်…”
လုန်ယွိက ခေါင်းခါရမ်းလိုက်ရင်း နူးညံ့သည့်လေသံဖြင့်…
“မမှတ်မိတော့ဘူး…”
“ဟမ်…”
လုန်ယွိတော့ တစ်ခုခုလွဲနေပြီဟု လင်စီးယာ ခံစားလိုက်ရသည်။
ထို့နောက် သူမက ထပ်မေးလိုက်ပြန်သည်။
“ဂိုဏ်းတူအစ်မ… ကျွန်မ ဂိုဏ်းတူအစ်မကို မှတ်တမ်းတင် မှော်ဝင်ပစ္စည်းတွေပေးတော့… ကျွန်မတို့ဆရာက မူလဝိညာဉ်အဆင့်နဲ့ပတ်သက်ပြီး ဟောပြောတဲ့အကြောင်း အစ်မကို ပြောပြဖူးသေးတယ်လေ… ၊ အဲဒါ… ဆရာ့ရဲ့ ဟောပြောချက်ကိုရော အစ်မ လေ့လာပြီးသွားပြီလား…”
လင်စီးယာ၏ မေးခွန်းကြောင့် လုန်ယွိ၏ မျက်နှာအမူအရာက ပြောင်းလဲသွားခြင်း မရှိပေ။ သူမက အေးဆေးတည်ငြိမ်နေဆဲပင် ဖြစ်သည်။
သူမက မျက်ခုံးလေးများကို အသာတွန့်ချိုးထားရင်း…
“ဘာတွေ မှတ်တမ်းယူထားခဲ့လဲဆိုတာ ငါ မေ့သွားပြီ…”
လင်စီးယာက…
“ဂိုဏ်းတူအစ်မ… အဲဒီ မှတ်တမ်းတွေကို ကြည့်ရောကြည့်ရဲ့လား…”
လုန်ယွိက လင်စီးယာကို တစ်ချက်လှမ်းကြည့်လိုက်ပြီး မည်သည့်စကားမှ မပြောဘဲ ငြိမ်သက်နေလေ၏။
လင်စီးယာက…
“ဒါဖြင့်… ဂိုဏ်းတူအစ်မက လေ့လာတာလည်း မဟုတ်ဘဲနဲ့ ကျွန်မကို မှတ်တမ်းတွေ ယူခိုင်းနေတာပေါ့… ၊ ဘာလဲ… အဲဒီမှတ်တမ်းတွေကို နဝမတောင်ထွတ်က ဂိုဏ်းတူမောင်လေးကို သွားပေးလိုက်တာလား…”
မေးသာမေးလိုက်ရသည် ထိုသို့ဖြစ်လိမ့်မည်ဟု လင်စီးယာ ထင်မထားပေ။ သို့သော် သူမ သိချင်နေမိသည်။
ယခင်ကဆိုလျှင် နဝမတောင်ထွတ်မှ ဂိုဏ်းတူမောင်လေးနှင့် ကျောက်စိမ်းရေကန်နတ်ဘုရားမ၏ စေ့စပ်ပွဲသတင်းက ခွန်လွန်တောင်တစ်ခွင်တွင် တောမီးပမာ ပျံ့နှံ့သွားခဲ့ဖူးသည်။
ထိုအကြောင်းနှင့်ပတ်သက်ပြီး တပည့်များစွာ၏ ဝေဖန်ပြောဆိုသံများကိုလည်း လင်စီးယာ မကြားချင်မှအဆုံး ကြားခဲ့ရသည်။
ပြောကြသည်များမှာ….
တကယ်တမ်း လက်ထပ်ပွဲကျင်းပသည့်အချိန်ရောက်လျှင် ကျောက်စိမ်းရေကန်နတ်ဘုရားမက နဝမတေင်ထွတ်မှ ကျန်းလန်ကို မုန်းတီးသောကြောင့် လက်ထပ်ပွဲကို ငြင်းဆန်လိမ့်မည်ဟု ဆိုကြသည်။
နဝမတောင်ထွတ်မှ ဆက်ခံသူတပည့်တစ်ယောက်အနေဖြင့် ကျန်းလန်က အသုံးမကျသူတစ်ယောက် မဟုတ်ပေ။
သို့သော် ကျောက်စိမ်းရေကန်နတ်ဘုရားမနှင့် ယှဉ်လိုက်လျှင်တော့ ကျန်းလန်ဆိုသည်က ဘာမှမဟုတ်သည့် လူတစ်ယောက်သာ ဖြစ်သည်။
ကျန်းလန်ကဲ့သို့ လူတစ်ယောက်က ကျောက်စိမ်းရေကန်နတ်ဘုရားမနှင့် အဘယ်မှာ ထိုက်တန်ပါမည်နည်း။
ထို့ပြင် ဂုဏ်အသရေအားဖြင့် ကြည့်မည်ဆိုလျှင်လည်း နဝမတောင်ထွတ်မှတပည့်က လုန်ယွိထက် အဆင့်အတန်း နိမ့်ကျလေသည်။
လုန်ယွိက မြင့်မြတ်သည့် တော်ဝင်နဂါးမင်းသမီးတစ်ပါး ဖြစ်လေရာ အဆင့်အတန်းနိမ့်ကျသည့် ကျန်းလန်ကို သေချာပေါက် အထင်သေးမည်ဟုလည်း ဝေဖန်ပြောဆိုကြသည်။
လုန်ယွိက ကျန်းလန်ကို အထင်သေးစွာဖြင့် သေချာပေါက် မုန်းတီးနေလိမ့်မည်ဟု လူအချို့က ယူဆကြသည်။
အချုပ်ဆိုရသော် ကျန်းလန်နှင့် လုန်ယွိ၏ ဆက်ဆံရေးကို ခန့်မှန်းမှုများစွာဖြင့် ဝေဖန်ပြောဆိုကြလေသည်။
သို့သော် ထိုအကြောင်းများကို လင်စီးယာက လုန်ယွိကို မေးမြန်းရဲခြင်း မရှိပေ။ သူမ မေးမြန်းလိုက်ပါက ဂိုဏ်းတူအစ်မ စိတ်နာကျင်သွားမည်ကို စိုးထိတ်မိသည်။
သို့ရာတွင် သူမ သိချင်သည်က လုန်ယွိက တောင်သခင်များနှင့် အကြီးအကဲများ၏ သင်ကြားပို့ချမှုများကို တကူးတကဖြင့် မှတ်တမ်းယူပေးပါရန် သူမကို တောင်းဆိုခဲ့သည်။
ယခုတော့ သူမက ထိုမှတ်တမ်းများကို တစ်ချက်မှ မကြည့်ဘဲ ရက်ရက်ရောရာဖြင့် အခြားသူကို ပေးပစ်လိုက်သည်လား။
လုန်ယွိက သူမကိုယ်တိုင်လေ့လာရန်အတွက် သင်ကြားပို့ချမှုများကို မှတ်တမ်းယူခိုင်းခဲ့သည်ဟု လင်စီးယာ ထင်မှတ်ခဲ့မိသည်။ ယခုတော့ သူမ၏ ဂိုဏ်းတူအစ်မက သူမပို့ပေးခဲ့သည့် မှတ်တမ်းများကို တစ်ချက်ပင် မကြည့်ခဲ့ပေ။
သင်ကြားပို့ချပေးမှုများကို လုန်ယွိက မလေ့လာဘူးဆိုလျှင် မည်သူ့အတွက် ဖြစ်ပါသနည်း။
လုန်ယွိက ကျောက်စိမ်းရေကန်နတ်ဘုရားမ ဖြစ်မလာခင်ကတည်းက မိတ်ဆွေအပေါင်းအသင်း နည်းပါးသူ ဖြစ်သည်။
သူမသည်ပင် တတိယတောင်ထွတ် ၊ မှော်ရုံနယ်မြေထဲတွင် အန္တရယ်ရင်ဆိုင်ခဲ့ရပြီးမှ လုန်ယွိနှင့် ခင်မင်ရင်းနှီးလာခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ဂိုဏ်းတူအစ်မ အနေဖြင့် တောင်သခင်များနှင့် အကြီးအကဲများ သင်ကြားပို့ချပေးသည့် မှတ်တမ်းများကို အခြားမိတ်ဆွေသူငယ်ချင်းများကို ပေးပစ်လိုက်ခြင်း မဖြစ်နိုင်ပေ။
ဖြစ်နိုင်ချေ တစ်ခုသာ ရှိသည်။ နဝမတောင်ထွတ်မှ ဂိုဏ်းတူမောင်လေးကို ပေးလိုက်ခြင်းသာ ဖြစ်ပေလိမ့်မည်။
လင်စီးယာ၏မေးခွန်းကို လုန်ယွိက နူးညံ့စွာဖြင့် ခေါင်းညိတ်အဖြေပေးလိုက်သည်။
သူမအနေဖြင့် ထိုကိစ္စကို ဖုံးကွယ်ထားရန် ဆန္ဒမရှိပေ။ သို့သော် လင်စီးယာက ထုတ်ဖော်မေးမြန်းခြင်းမပြုလျှင် သူမကလည်း ပြောပြရန် အစီအစဉ် မရှိပေ။
ယခု လင်စီးယာက မေးမြန်းလာပြီဖြစ်လေရာ သူမအနေဖြင့် ဝန်ခံရတော့မည် ဖြစ်သည်။
လုန်ယွိက…
“ငါတို့ အပေးအယူလုပ်ထားတာလေ… ၊ ငါက သူ့ကို တောင်သခင်တွေရဲ့ သင်ကြားပေးမှုတွေပေးတယ်… ၊ သူက ငါ့အတွက် နဂါးသုတ်သင်ဓားဝိညာဉ်ကို ဒီသစ်သားဓားထဲကို ထည့်ပေးတယ်…”
“………………”
လင်စီးယာ တစ်ခဏမျှ စကားမပြောနိုင်ဖြစ်သွားသည်။
နဂါးမျိုးနွယ်ဖြစ်သူ လုန်ယွိက နဂါးသုတ်သင်ဓားဝိညာဉ်ကို သစ်သားဓားအတွင်းသို့ ထည့်သွင်းခိုင်းသည်တဲ့လား။
ထိုကိစ္စက ရိုးရောရိုးရဲ့လားဟု တွေးလိုက်မိသည့်တိုင် သူမ သိပ်အရေးမစိုက်ခဲ့ပေ။
လင်စီးယာက အနည်းငယ် စပ်စုလိုစိတ်ဖြင့် မေးခွန်းထုတ်လိုက်သည်။
“ဒါဖြင့်… ဂိုဏ်းတူအစ်မ… နဝမတောင်ထွတ်က ဂိုဏ်းတူမောင်လေးနဲ့ပတ်သက်ပြီး ဘယ်လိုခံစားချက်မျိုးရှိလဲ…”
လုန်ယွိက…
“ငါ သူ့ကို မမုန်းပါဘူး…”
သူမ ဘယ်တုန်းကမှ ကျန်းလန်အပေါ် မုန်းတီးခဲ့ခြင်း မရှိပေ။
လင်စီးယာက တစ်ခဏမျှ တုန့်ဆိုင်းနေပြီး မေးခွန်းလမ်းကြောင်း ပြောင်းလိုက်သည်။
“ဂိုဏ်းတူအစ်မ… နဝမတောင်ထွတ်က ဂိုဏ်းတူမောင်လေးကို သဘောကျနေတာလား…”
ထိုမေးခွန်းက လုန်ယွိကို အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်။
သူမက လင်စီးယာကိုသာ ကြည့်နေပြီး မေးခွန်းကို ဖြေဆိုနိုင်ခြင်း မရှိခဲ့ပေ။
လင်စီးယာက…
“ဒါဖြင့် မေးခွန်းပြောင်းမေးကြည့်မယ်… ၊ ဂိုဏ်းတူအစ်မ ပထမတောင်ထွတ်က ကျိုးရွှီးကို သဘောကျသလား…”
လုန်ယွိက…
“ကျိုးရွှီး ဘယ်သူလဲဆိုတာတောင် ငါ မသိဘူး…”
“ဒါဖြင့် ကျိုးရွှီး ဘယ်သူလဲဆိုတာ သိရင်ရော ဂိုဏ်းတူအစ်မ သဘောကျမှာလား…”
“ဟမ်… ငါက သူ့ကို ဘာကိစ္စ သဘောကျရမှာလဲ… ၊ သဘောကျစရာလား…”
“ရပြီ ရပြီ… ကျွန်မ နားလည်သွားပြီ…”
လုန်ယွိ လင်စီးယာကို လှမ်းကြည့်လိုက်သည်။
လင်စီးယာ ဘာတွေနားလည်သွားမှန်း သူမ နားလည်ခြင်း မရှိပေ။
သူမက လင်စီးယာကို အစကားအများကြီး ပြောခြင်းမျိုးမရှိဘဲ အမှန်ကိုသာ ပြောပြခဲ့ခြင်း ဖြစ်သည်။ လင်စီးယာက ဘာတွေများ နားလည်သွားရပါသနည်း။
လင်စီးယာက ခဏမျှ တုန့်ဆိုင်းနေပြီးမှ…
“ဂိုဏ်းတူအစ်မတော့ နဝမတောင်ထွတ်က ဂိုဏ်းတူမောင်လေးကို ချစ်မိတော့မယ် ထင်တယ်…”
ဟု ပြောလိုက်၏။
ပြီးမှ သူမက တစ်စုံတစ်ခုကို စဉ်းစားလိုက်ရင်း…
“ဒါမှမဟုတ်… နဝမတောင်ထွတ်က ဂိုဏ်းတူမောင်လေးက အစ်မကို ချစ်လာမယ့်အချိန်ကို မျှော်လင့်နေတာ ဖြစ်ရမယ်…”
ထိုစကားများကြောင့် လုန်ယွိ တအံ့တသြဖြင့် လင်စီးယာကို လှမ်းကြည့်လိုက်မိသည်။
အချစ်…
အချစ်ဆိုသည့်အကြောင်းအရာနှင့် အချစ်နှင့်ပတ်သက်သည့် ခံစားချက်များကို သူမ နားလည်ခြင်း မရှိပေ။
ထို့ကြောင့် လင်စီးယာပြောသည့်စကားများ မှားသည်လား ၊ မှန်သည်လား သူမ ဝေခွဲနိုင်ခြင်း မရှိပေ။
ကျန်းလန်နှင့် သူမက စေ့စပ်ထားသူများဖြစ်လေရာ သူမနှင့် ကျန်းလန်ကြားတွင် ပတ်သက်ဆက်နွယ်မှု များစွာရှိသည်ဟုသာ သူမက လက်ခံထားခဲ့သည်။
ထို့ကြောင့်လည်း သူမက ကျန်းလန်နှင့် ဆက်ဆံရေးပိုမိုကောင်းမွန်လာစေရန် မျှော်လင့်ခဲ့မိသည်။
ယခုအချိန်များအတွင်း ကျန်းလန်နှင့် အတန်ကြာ ပတ်သက်ဆက်ဆံခဲ့ပြီးနောက် ဂိုဏ်းတူမောင်လေးက မဆိုးလှကြောင်း သူမ သိရှိခဲ့ရသည်။
သူတို့ (၂)ယောက်၏ ဆက်ဆံရေးက တစ်လျှောက်လုံး ကောင်းမွန်ခဲ့သည်ပဲ ဖြစ်သည်။
ကျန်းလန်က လူမှုရေးသိပ်မကောင်းသည့်တိုင် ထင်သလောက်တော့ အေးစက်သူ မဟုတ်ပေ။ သူတို့ (၂)ယောက်လုံး ကောင်းမွန်သည့် ရည်ရွယ်ချက်များကို အပြန်အလှန် ဖလှယ်ခဲ့ကြသည်ပဲ ဖြစ်သည်။
အနာဂတ်တွင်လည်း သူတို့၏ ဆက်ဆံရေးက ပိုမိုကောင်းမွန်လာနိုင်မည်ဟု သူမ ယုံကြည်ထားခဲ့သည်။
သို့ပေသိ ယခုလိုမျိုးကတော့…
အချစ်ဆိုသည်ကတော့ သူမ တကယ်ပဲ နားမလည်သည့်ကိစ္စပင်။
တစ်နေ့နေ့တွင်တော့ အချစ်ဆိုသော ထိုအရာကို သူမ နားလည်ကောင်း နားလည်လာပေလိမ့်မည်။ သို့သော် မည်သည့်အချိန်တွင် နားလည်လာမည်လဲဆိုသည်ကိုတော့ သူမ သိရှိခြင်း မရှိပေ။
အချစ်ကို နားလည်လာသည့်တစ်နေ့သို့ရောက်ရှိလာလျှင်လည်း သူမက ကျန်းလန်ကိုသာ ချစ်မိမည် ထင်လေသည်။
………………
အနောက်ဘက်တောင်တန်းများ…
ကျန်းလန်ရင်ဆိုင်ရသည့် မိုးကောင်းကင်စမ်းသပ်ခံရခြင်းကြောင့် ပျက်စီးကြေမွသွားသည့် တောင်ထွတ်များနေရာတွင် အသစ်ပေါက်ရောက်လာသည့် သစ်ပင်များက ဖုံးလွှမ်းနေရာယူသွားခဲ့ပြီ ဖြစ်သည်။
အခြေအနေများက ဘာမှမဖြစ်ခဲ့သည့်အလား ပုံမှန်အတိုင်း ဆက်လက်လည်ပတ်လျှက် ရှိလေသည်။
မြေအောက်အနက် (၁၂)မီတာခန့်တွင် မြေအောက်လိုဏ်ခေါင်းတစ်ခု ရှိနေလေသည်။ ထိုမြေအောက်လိုဏ်ခေါင်းထဲတွင် ကျန်းလန် ရှိနေ၏။
ယနေ့တော့…
ကျန်းလန် မျက်လုံးများကို ရုတ်တရက် ဖွင့်ကြည့်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် (၃)လဆိုသည့်အချိန်က ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
သူက ဒဏ်ရာများ ပြန်လည်ကောင်းမွန်လာစေရန် တန်ခိုးစွမ်းအားများလှည့်ပတ်ကာ အချိန် (၃)လလုံးလုံး ကျင့်ကြံနေခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် အစွမ်းထက် ပြဒါးဆေးအချို့ကိုလည်း စားခဲ့သည့်အတွက် ဒဏ်ရာများက အလျှင်အမြန် သက်သာလာခဲ့လေသည်။
မဟုတ်ပါက သူ့ဒဏ်ရာများ ပြန်လည်ကောင်းမွန်ရန်အတွက် (၃)နှစ်မှ (၅)နှစ်အထိ အချိန်ယူရမည် ဖြစ်သည်။ အခြားပြဿနာများသာ ထပ်မံကြုံတွေ့ရမည်ဆိုလျှင် (၁၀)နှစ်ခန့် အချိန်ယူရပေလိမ့်မည်။
သူရင်ဆိုင်ခဲ့ရသည့် သွေးနီရောင်နဂါးက အတော်လေး စွမ်းအားမြင့်မားသည်။ သူသာ အလျှင်အမြန် တိုက်ခိုက်နိုင်ခြင်း မရှိလျှင် သူ့အနေဖြင့် ယခုကဲ့သို့ ကံကောင်းနိုင်မည် မဟုတ်ပေ။
နောက်တစ်ခုမှာ စနစ်တွင်မှတ်ပုံတင်ခြင်းမှ ရရှိလိုက်သည့် တန်ခိုးစွမ်းအားကလည်း သိပ်မဆိုးလှပေ။
“သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို အဆင့်မြှင့်တင်ထားတဲ့ အဆင့်လွန်နတ်တန်ခိုးစွမ်းအား…”
ကျန်းလန် အဆင့်မြှင့်တင်ထားသည့် အဆင့်လွန်နတ်တန်ခိုးစွမ်းအားများကို အလွန်စိတ်ဝင်စားလေသည်။
အန္တရယ်ကိုးသွယ်စွမ်းအားကလည်း နွားရိုင်းကိုးကောင်စွမ်းအားကို အဆင့်မြှင့်တင်ထားသည့် စွမ်းအားတစ်ခု ဖြစ်သည်။ ယခု ကောင်းကင်လွှမ်းသစ်ရွက်တန်ခိုးစွမ်းအားကို ထပ်မံရရှိပြီဖြစ်ရာ သူ့အတွက်တော့ အကျိုးရှိသည်မှာ သေချာသည်။
သစ်ရွက်အမြင်တန်ခိုးစွမ်းအားက သူလုပ်သမျှအလုပ်များကို မိုးကောင်းကင်နှင့် မြေကြီးထက်မှ သက်ရှိများအားလုံးထံမှ ဖုံးကွယ်ပေးထားနိုင်စွမ်း ရှိသည်။
ထိုတန်ခိုးစွမ်းအားက အလွန်အစွမ်းထက်လွန်းလှသော်လည်း အကန့်အသတ်တော့ရှိမည် ဖြစ်၏။
ကောင်းကင်လွှမ်းသစ်ရွက် တန်ခိုးစွမ်းအားကတော့ သစ်ရွက်အမြင်တန်ခိုးစွမ်းအား၏ အထွတ်ထိပ်အဆင့် ဖြစ်သည်။ ထိုတန်ခိုးစွမ်းအားက မဟာတာအိုနှင့် ပညာရှိသူတော်စင်များ၏ မျက်စိများ ၊ နားများထံမှပင် ဖုံးကွယ်ထားနိုင်စွမ်းရှိသည်ဟု ဆိုသည်။
မဟာတာအိုဆိုသည်က ဘာများလဲ။
သုံးလောကနှင့် ဒြပ်စင်ငါးမျိုးတို့မှာ မဟာတာအို၏ အစိတ်အပိုင်းများ ဖြစ်သည်။
ပန်းပွင့်တစ်ပွင့် ၊ သစ်ရွက်တစ်ရွက် ၊ လောကတစ်ခု။
ထိုအရာများအားလုံးက မဟာတာအို ဖြစ်သည်။
ကောင်းခြင်းနှင့်ဆိုးခြင်း ၊ သေခြင်းနှင့် ရှင်ခြင်း ၊ လူပြန်ဝင်စားခြင်း။
ထိုအရာများသည်လည်း မဟာတာအို၏ အစိတ်အပိုင်းများ ဖြစ်ကြသည်။
ပညာရှိသူတော်စင်တစ်ပါး၏ တည်ရှိမှုက မည်သည့်အဆင့်တွင် ရှိပါသနည်း။
သူတော်စင်ဆိုသည်က အထွတ်ထိပ်အင်မော်တယ်အဆင့်ကို ပြောခြင်းဖြစ်ပြီး ကောင်ကင်ခရီးတွင် မဟာတာအိုနှင့်အတူ လျှောက်လှမ်းရင်း ထာဝရအသက်ရှင်သန်သည့် ဘဝကို ပိုင်ဆိုင်ထားသူများကို သူတော်စင်ဟု ခေါ်ဆိုနိုင်သည်။
ယခု ကျန်းလန်ရရှိထားသည့် ကောင်းကင်လွှမ်းသစ်ရွက်တန်ခိုးစွမ်းအားသည်ကား မဟာတာအိုနှင့် ပညာရှိသူတော်စင်များထံမှပင် ကျန်းလန်၏ လုပ်ရပ်များကို ဖုံးကွယ်ပေးထားနိုင်မည် ဖြစ်သည်။
ထိုသို့တွေးမိသည်နှင့် ကျန်းလန် ချက်ချင်းပင် ကောင်းကင်လွှမ်းသစ်ရွက်တန်ခိုးစွမ်းအားကို ထုတ်ဖော်အသုံးပြုကြည့်ရန် ဆုံးဖြတ်လိုက်သည်။
သို့သော် သူ့စိတ်အာရုံထဲမှ ကောင်းကင်လွှမ်းသစ်ရွက် တန်ခိုးစွမ်းအားစာအုပ်ကို ဖွင့်လိုက်သည်နှင့် ထိုတန်ခိုးစွမ်းအားကို ထုတ်ဖော်အသုံးပြုနိုင်စွမ်း မရှိသေးကြောင်း နားလည်လိုက်ရသည်။
သို့ရာတွင် ထိုစာအုပ်မှ သူ အချက်အလက်တစ်ခုကို သိရှိခဲ့ရသည်။
ကောင်းကင်လွှမ်းသစ်ရွက်တန်ခိုးစွမ်းအားကို ကျင့်ကြံနိုင်ရန်အတွက် လူတစ်ယောက်သည် မိုးကောင်းကင်မှ အရင်ဆုံး ပုန်းကွယ်နေရန်လိုအပ်သည်ဟု ဆိုလေသည်။
သို့မှသာ အဆင့်လွန်နတ်တန်ခိုးစွမ်းအားကို သင်ယူနိုင်မည် ဖြစ်သည်။
သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို အသုံးပြုထားရုံမျှဖြင့် ကောင်းကင်လွှမ်းသစ်ရွက်တန်ခိုးစွမ်းအားကို ထုတ်ဖော်အသုံးပြုရန် လုံလောက်ခြင်း မရှိပေ။
“ကြည့်ရတာ အစီအရင်ပညာကို အကူအညီယူရမယ် ထင်တယ်…”
ကောင်းကင်လွှမ်းသစ်ရွက်တန်ခိုးစွမ်းအားကို ကျင့်ကြံနိုင်ရန်အတွက် သစ်ရွက်အမြင်တန်ခိုးစွမ်းအားအပြင် အစီအရင်တစ်ခုခုကိုလည်း ထပ်မံ အသုံးပြုရမည် ဖြစ်သည်။
ဤအချက်က သဘာဝကျသည်ဟု ဆိုရမည်။
အကယ်၍ ကျင့်စဉ်တစ်ခုခုသာ ထပ်မံကျင့်ကြံခိုင်းခြင်းမျိုး ဖြစ်နေလျှင် ကျန်းလန်အတွက် ပိုမိုခက်ခဲမည် ဖြစ်သည်။
သူ၏ တည်ရှိမှုကို မိုးကောင်းကင်မှ ဖုံးကွယ်ပေးနိုင်သည့် အစီအရင်အနည်းငယ်ကို ကျန်းလန် သိရှိထားသည်။
သို့သော် ထိုအစီအရင်များကို အချိန်တိုအတွင်း ပြုလုပ်ရန် မဖြစ်နိုင်ဘဲ များစွာ အချိန်ယူရမည် ဖြစ်သည်။
“ကြည့်ရတာ ငါ နဝမတောင်ထွတ်ကိုပြန်ရောက်မှ ဒီအစီအရင်တွေ ပြုလုပ်လို့ရမယ်ထင်တယ်…”
မရဏဂူထဲတွင် လျှို့ဝှက်အစီအရင်တစ်ခုပြုလုပ်ထားခြင်းက ကျန်းလန်အတွက် ပြဿနာ ဖြစ်မလာနိုင်ပေ။
နဝမတောင်ထွတ်တွင် အရေးအပါဆုံးနေရာမှာ မရဏဂူ ဖြစ်သည်။
ထို့ကြောင့် မရဏဂူအတွင်းပိုင်းတွင် အစီအရင် ပြုလုပ်ထားသည်ကို အခြားသူများ သိရှိနိုင်မည် မဟုတ်ပေ။ သိရှိခဲ့လျှင်လည်း ကျန်းလန်အတွက် ပြဿနာဖြစ်လာမည့်ကိစ္စ မဟုတ်ပေ။
သို့သော် သူ့အနေဖြင့် မရဏဂူအဝင်ဝတွင်တော့ ထိုအစီအရင်ကို ပြုလုပ်ထားနိုင်မည် မဟုတ်ပေ။ ထိုအစီအရင်ပြုလုပ်ရန်အတွက် ပြင်ဆင်မှုများစွာ ပြုလုပ်ရမည် ဖြစ်သည်။
ထိုသို့တွေးမိသည်နှင့် ကျန်းလန် ခွန်လွန်တောင်သို့ပြန်ရန် ဆုံးဖြတ်လိုက်သည်။
သူ၏ ဒဏ်ရာများလည်း အတော်အတန်သက်သာနေပြီဖြစ်ပြီး လောလောဆယ်တွင် ကျင့်ကြံခြင်းပြုလုပ်ရန်လည်း မလိုအပ်သေးပေ။
လူသားအင်မော်တယ်ဖြစ်သွားပြီးနောက်ပိုင်း သူ၏ကျင့်ကြံခြင်းက ထူးထူးခြားခြား တည်ငြိမ်သွားသည်။
ပိုပြီးထူးခြားသည်မှာ ကျန်းလန်က လူသားအင်မော်တယ် ကနဦးအဆင့်သို့ အဆင့်တက်ရောက်ခြင်းမဟုတ်ဘဲ အဆင့်ကျော်တက်ပြီး လူသားအင်မော်တယ် နောက်ဆုံးအဆင့်သို့ တန်းရောက်သွားခြင်း ဖြစ်သည်။
အဘယ်ကြောင့် ထိုသို့ဖြစ်ရသည်ကို ကျန်းလန်ကိုယ်တိုင်လည်း သိရှိခြင်း မရှိပေ။ မရှိမှုအာကာသအဆင့်တွင် ထူးခြားမှုတစ်စုံတစ်ခု ဖြစ်ခဲ့ခြင်းလည်း မရှိပေ။
“မိုးကောင်းကင်စမ်းသပ်ခံရခြင်းနဲ့ ပတ်သက်နေမယ်ထင်တယ်… တောင်ပေါ်ပြန်ရောက်မှပဲ အဲဒီအကြောင်းတွေ လေ့လာကြည့်တော့မယ်…”
ဆုံးဖြတ်ချက်ချပြီးသည်နှင့် ကျန်းလန် သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို ထုတ်ဖော်လိုက်ပြီး နေရာမှ ချက်ချင်း ပျောက်ကွယ်သွားလေတော့သည်။
မြေအောက်လိုဏ်ခေါင်းပတ်ပတ်လည်တွင် သူပြုလုပ်ထားသည့် အစီအင်များကိုတော့ ကျန်းလန် ဒီအတိုင်း ထားရစ်ခဲ့သည်။
ထိုအစီအရင်များကို ရုတ်သိမ်းမသွား၍လည်း ဘာပြဿနာမှ မဖြစ်နိုင်ပေ။
ကျန်းလန် မြေအောက်လိုဏ်ခေါင်းအတွင်းမှ ပျောက်ကွယ်သွားပြီးနောက် အနောက်ဘက်တောင်တန်းများတစ်နေရာတွင် ပြန်ပေါ်လာသည်။
တောင်ထိပ်တစ်ခုတွင် မတ်တတ်ရပ်နေရင်း မကြာမီ မွှေးပျံ့သည့်ရနံ့တစ်ခုကို ရရှိလိုက်သည်။
ဝိညာဉ်ဆေးပင်များလား။
ကျန်းလန် သိချင်စိတ်ဖြစ်သွားမိပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်လေရာ နေရာမှ ချက်ချင်းပျောက်ကွယ်သွားသည်။
လူသားအင်မော်တယ်ဖြစ်လာပြီးနောက်ပိုင်း ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်းတန်ခိုးစွမ်းအား အသုံးပြုရသည်မှာ အရင်ကနှင့်မတူတော့ဘဲ ပိုမိုလွယ်ကူလာသည်။
စက္ကန့်ပိုင်းအတွင်းမှာပင် ပန်းများပွင့်လန်းနေသည့် ဝိညာဉ်ဆေးပင်တစ်ပင်ရှေ့သို့ ကျန်းလန် ရောက်ရှိလာသည်။
ချင်းယီရေစင်ပန်း…
ထိုပန်းက ထူးခြားသည့် ဝိညာဉ်ဆေးပင်တစ်မျိုးဖြစ်၏။
ပန်းပင်ပေါက်ရောက်နေရာ ရေကန်အတွင်းမှ ရေများကို ထိတွေ့လိုက်ရုံဖြင့် ဒဏ်ရာများနှင့် ရောဂါများကို ချက်ချင်း သက်သာပျောက်ကင်းသွားစေမည် ဖြစ်သည်။
ချင်းယီရေစင်ပန်းသည်ကား ဆေးဝါးအဖြစ် အသုံးပြုနိုင်သည့် အလွန်ရှားပါး အဖိုးတန် ဝိညာဉ်ဆေးပင်တစ်မျိုး ဖြစ်လေတော့၏။