Switch Mode

အပိုင်း(၁၅၉၃)

လက်ရည်စမ်းခြင်း

လီဟန်ဓားသမားသည် လက်နှစ်ဖက်နှင့် ဓားမုဒြာကို ပုံဖော်သည်။ သူ၏ အကြည့်များက တည်ငြိမ်နေပြီး ဆုံးဖြတ်ချက် အပြည့်ဖြင့် လေထဲသို့ မော့ကြည့်သည်။

လောက ဓားစွမ်းအားများ ပေါင်းစပ်လာခဲ့၏။ တဖြည်းဖြည်း သူ့ခန္ဓာကိုယ်တွင် ဓားတစ်လက် ထွက်ပေါ်လာသည်။ ဓား၏ ကြောက်မက်ဖွယ် တုန်ခါသံက နေရာအနှံ့ကို ပဲ့တင်ထပ်သွားသည်။

မရေတွက်နိုင်သည့် ဓားများက ထွက်ပေါ်လာကာ လျှပ်စီးကဲ့သို့ပင် ကောင်းကင်သို့ ပျံသန်းသွားခဲ့သည်။

လေထဲတွင် ကောင်းကင်ဓားခန်းမမှ တန်ခိုးရှင်က အောက်သို့ ငုံ့ကြည့်သည်။ သူ၏ လက်ချောင်းက မြေပြင်သို့ ညွှန်ပြလိုက်ပြီး မိုးကြိုးဓားများက လေဟာနယ်ကို လွှမ်းမိုးကာ အခြားဓားများအားလုံးကို ပိတ်ဆို့တာဆီး၍ ပျက်စီးသွားစေသည်။

သူက ခုခံရန် ရည်ရွယ်နေဆဲလား။

တစ်ချိန်တည်းမှာပင် လီဟန်ဓားသမား၏ ပုံရိပ်က ပျောက်ကွယ်သွားပြီး တောက်ပသည့် အလင်းတန်းကို ကောင်းကင်ထက်တွင် ချန်ရစ်ခဲ့သည်။ အလင်းတန်းသည် ဓားတစ်လက်အဖြစ် ပြောင်းလဲသွား၏။ ဓားအရိပ်များက မရေတွက်နိုင်သည့် မိုးကြိုးဓားများ အကြားပေါ်ပေါက်လာသည်။ ဓားအရိပ်များသည် လီဟန်ဓားသမား ဖန်တီးခြင်းကြောင့် ပေါ်ပေါက်လာသည်။

ဘန်း… ဘန်း… ဘန်း…

မိုးကြိုးဓားများသည် တစ်ခုပြီးတစ်ခု ပေါက်ကွဲကာ ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားပေသည်။ လေဟာနယ်ကို စုတ်ဖြဲကာ လင်းလက်လာသည့် ဓားက ကောင်းကင်ဓားခန်းမမှ တန်ခိုးရှင်ကို အနည်းငယ် ခြိမ်းခြောက်မှု ဖြစ်သွားစေသည်။ သူသည် ခန္ဓာကိုယ်က အကွဲကွဲအပြဲပြဲ ဖြစ်ကာ သူ၏ စိတ်ဝိညာဥ်သည်လည်း နှစ်ပိုင်းဖြတ်ခံလိုက်ရပြီး သူ့ကို များပြားလှသည့် ဓားချီတို့ဖြင့် လွှမ်းခြုံခံရသကဲ့သို့ပင် ဖြစ်သည်။

ဤဓားသည် နှုတ်ဆက်မှု၏ ဝမ်းနည်းခြင်းကို သရုပ်ဖော်နေသည်။

များပြားလှသည့် အရိပ်များက သူ့ခန္ဓာကိုယ်အနီးတွင် ပေါ်ပေါက်လာသည်။ ၎င်းတို့သည် လီဟန်ဓားသမား၏ အရိပ်များ ဖြစ်ကြသည်။

ကောင်းကင်ဓားခန်းမမှ တန်ခိုးရှင်၏ ဓားဝိညာဥ်သည် သူ့အရှေ့တွင် မျောလွင့်နေသည်။ တန်ခိုးရှင်၏ လက်ချောင်းက ဓားကို ပွတ်သည်။ ချက်ချင်းပင် များပြားလှသည် မိုးကြိုးဓားများက သူ့ခန္ဓာကိုယ်ကို ဝန်းရံကာ လင်းလက်လာပြီး ဓားအကာအကွယ် ဖြစ်တည်လာသည်။ သူ့အနီးမှ မိုးကြိုးဓားများသည် သူ့ကို ဗဟိုထားကာ ဝန်းရံလှည့်ပတ်နေသည်။ ဓားတစ်လက်ချင်းစီတွင် အရာအားလုံးကို သုတ်သင်ရှင်းလင်းနိုင်သည့် အံ့အားသင့်ဖွယ် မဟာလမ်းစဥ် နတ်စွမ်းအားတို့ ထုတ်လွှတ်နေသည်။

တစ်ချိန်တည်းမှာပင် အရိပ်များက တန်ခိုးရှင်ထံ ချဥ်းကပ်လာသည်။ ထိုသည်မှာ ဓားသမားလီဟန်၏ များပြားလှသော ပုံရိပ်များက တစ်ချိန်တည်း တိုက်ခိုက်လာခြင်း ဖြစ်ပြီး တိုက်ခိုက်မှုများသည် တန်ခိုးရှင်အနီး ဝန်းရံနေသော ဓားများကို ဖြတ်တောက်သွားခဲ့သည်။

“မင်းရဲ့ စွမ်းရည်က မဆိုးဘူးပဲ။” ကောင်းကင်ဓားခန်းမမှ တန်ခိုးရှင်က အရိပ်များကို ကြည့်သည်။ ကောင်းကင်တွင် အသင်္ချေဓားများ ကျဆင်းလာပြီး နေရာတစ်ခုလုံးကို ပိတ်ဆို့တားဆီးထားသည်။ အရာအားလုံးသည် ဓားများဖြင့် အပိုင်းပိုင်း ဖျက်ဆီးခံလိုက်ရကာ အရိပ်များလည်း အပါအဝင် ဖြစ်သည်။ မကြာခင်တွင် လီဟန်ဓားသမား၏ ခန္ဓာကိုယ်အစစ်သာ ရပ်၍ ကျန်နေခဲ့သည်။ သူ၏ ဓားသည် ထိုတန်ခိုးရှင်၏ ဓားအကာအကွယ်ကို ထိုးဖောက်နေသော်လည်း မလုပ်နိုင်ခဲ့ပေ။

ဓားများက လျင်မြန်စွာ လှုပ်ရှားလာပြီး လီဟန်ဓားသမားက ပြန်ဆုတ်ခွာရန် ကြိုးစားသည်။ သို့သော် ပြိုင်ဘက်က သူ့ကို ထိုသို့ လုပ်ရန် အခွင့်အရေး မပေးခဲ့ပေ။ ဓားဝိညာဥ်သည် အောက်သို့ ထိုးဆင်းလာပြီး လီဟန်ဓားသမားကို ချောင်ပိတ်ဖမ်းသည်။ လီဟန်ဓားသမားသည် ရွေးစရာမရှိတော့ဘဲ ထိုတိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်ခဲ့ရသည်။

ဘုန်း…

မရေတွက်နိုင်သည့် နတ်အလင်းတန်းများက ကောင်းကင်ဓားခန်းမ တန်ခိုးရှင်၏ ဓားဝိညာဥ်မှ ထွက်ပေါ်လာကာ လီဟန်ဓားသမား၏ ဓားဝိညာဥ်ကို ဖျက်ဆီးသည်။ ဓားဝိညာဥ်ပေါ်တွင် အက်ကြောင်းများ ပေါ်ပေါက်လာ၏။ လီဟန်ဓားသမား၏ ခန္ဓာကိုယ်သည်ပင် မိုးကြိုးဓားတို့၏ ဝါးမျိုခြင်းကို ခံနေရသည်။ မှော်စာလုံးအလင်းများက သူ့ခန္ဓာကိုယ်အတွင်းမှ လှုပ်ရှားလာသည်။

“သွား” ပြိုင်ဘက်သည် တိုက်ခိုက်မှုကို မရပ်တန့်ခဲ့ပေ။ သူ၏ လက်ချောင်းက ရှေ့သို့ ​ညွှန်ပြလာပြီး မိုးကြိုးဓားဝိညာဥ်က ရှေ့သို့ တစ်ဟုန်ထိုး ပြေးထွက်လာကာ လီဟန်ဓားသမား၏ ခန္ဓာကိုယ်ကို ဆက်လက်ဖျက်ဆီးနေခဲ့သည်။ သူက သေခြင်းမှ လွတ်မြောက်လျှင်ပင် ဒုက္ခိတ ဖြစ်သွားပေလိမ့်မည်။

“သနားညှာတာပေးပါ”

အဝေးမှ အသံတစ်သံ လွင့်ပျံလာသည်။ ကောင်းကင်ဓားခန်းမမှ ဓားသမားက အဝေးသို့ တစ်ချက် ကြည့်လိုက်သော်လည်း သူက တိုက်ခိုက်မှုကို မရပ်တန့်ခဲ့ပေ။ သူ၏ ဓားက အောက်သို့ ဆက်လက် ကျဆင်းနေသည်။ လီဟန်ဓားသမားက မဟာလမ်းစဥ်စွမ်းအား၏ အဆက်မပြတ် တိုက်ခိုက်မှုကို သူ၏ ခန္ဓာကိုယ် စိတ်ဝိညာဥ် တို့နှင့် တောင့်ခံနေခဲ့သော်လည်း သူ၏ ဓားက ကျိုးမသွားခဲ့ပေ။

ဓားနှင့်လူက တသားတည်း ဖြစ်နေခဲ့သည်။ ဓားက ကျိုးသွားသည့်အခါ လူလည်း သုတ်သင်ခံရပြီး ဖြစ်ပေလိမ့်မည်။

ဖပ်…

ရန်ဟောင်အလင်းက တောက်ပလာပြီး ကြာပန်းပွင့်တစ်ပွင့်က ဆင်းသက်လာကာ လီဟန်ဓားသမား၏ ခန္ဓာကိုယ်ကို အတွင်း၌ ရစ်ပတ်ထားသည်။ ကြာပန်းပွင့်မှ အသက်စွမ်းအားများ ပေါကြွယ်စွာ ထုတ်လွှတ်နေခဲ့၏။ တစ်ချိန်တည်းမှာပင် ပွင့်ချပ်များမှ လမ်းစဥ်စွမ်းအားတို့ကို ထုတ်လွှတ်ကာ မရေတွက်နိုင်သည့် ကပ်ဘေးဓားများ ဖြစ်တည်လာပြီး တိုးဝင်လာနေသည့် ဓားဝိညာဥ်ကို ဟန့်တားသည်။

ဓားဝိညာဥ်သည် သူ၏ သခင်ထံသို့ ပြန်သွားခဲ့သည်။ ကောင်းကင်ဓားခန်းမမှ တန်ခိုးရှင်သည် ခေါင်းကို မော့ကာ ကြည့်လိုက်ပြီး ကောင်းကင်မှ ဆင်းသက်လာသည့် လူတစ်စုကို မြင်တွေ့သည်။ ထို့နောက် လူစုသည် အောက်ဘက်ရှိ လူအုပ်အကြားသို့ ဆင်းသက်လာခဲ့၏။

အင်ပါယာရှားသည် ရှေ့သို့ အရင်ဆုံး ခြေလှမ်းသည်။ ကြာပန်းပွင့်သည် လီဟန်ဓားသမား၏ ခန္ဓာကိုယ်ကို ရစ်ပတ်နေပြီး အသက်စွမ်းအားများက သူ့ခန္ဓာကိုယ်မှ ဒဏ်ရာများကို ကုသပေးနေသည်။

“လက်မတင်လေးပဲ” အင်ပါယာရှားက ရေရွတ်သည်။ ကံကောင်းထောက်မစွာဖြင့် ရီဖူရှင်းက အရှင်ထိုက်ရွှမ်ကို ဤနေရာမှ အခြေအနေအား မေးမြန်းခဲ့သည်။ မဟုတ်လျှင် လီဟန်က အန္တရာယ်တွင်း ကျရောက်နေပေလိမ့်မည်။

လီဟန်ဓားသမားက မြေပေါ်သို့ ဆင်းသက်ပြီးနောက် အနည်းငယ် ငုံ့ကိုင်းကာ သွေးများ အန်ထုတ်သည်။ သူ့ ခန္ဓာကိုယ်မှ အသက်ဓာတ်ကို ခံစားမိပြီး သူ ပြန်လှည့်ကာ ရောက်လာသူတို့ကို ကြည့်သည်။ “အရှင်မင်းကြီး” သူက အနည်းငယ် အံ့အားသင့်စွာဖြင့် နှုတ်ဆက်သည်။

သူက အင်ပါယာရှားတစ်ယောက်တည်းကို မြင်ခြင်း မဟုတ်ဘဲ ရီဖူရှင်းနှင့် ရှားရှင်းယွန်လည်း ရောက်ရှိလာသည်ကို မြင်တွေ့လိုက်ရသည်။ သူက အရာရာကို ချက်ချင်း နားလည်သွားခဲ့သည်။  ကြည့်ရသည်မှာ ဤ ဆံပင်အဖြူနှင့် လူငယ်လေးက သူ့အဆင့်သို့ ရောက်ရှိနေခဲ့ဟန် တူသည်။ ထို့ကြောင့် သူသည်လည်း ဤနေရာသို့ ရောက်လာခြင်း ဖြစ်၏။

“လူတိုင်းပဲ”  လီဟန်ဓားသမား၏ ရှေ့မှ အေးစက်သည့် အသံတစ်ခု ထွက်ပေါ်လာသည်။ စင်မြင့်ထက်တွင် ရပ်နေသည့် ကောင်းကင်ဓားခန်းမမှ ရန်ဟောင် တန်ခိုးရှင်က သူတို့ကို စိုက်ကြည့်ကို မေးသည်။ “ဘာလုပ်ကြတာလဲ”

ဤလူများသည် အလွန်ပင် အစွမ်းထက်ပုံရသည်။ သူတို့သည် ထိပ်စီးအင်အားစုများမှ ဖြစ်နိုင်သည်။ ထို့ပြင် လူများက ပို၍ များပြားစွာ ရောက်ရှိလာသည်။ သူတို့သည် ရီဖူရှင်းနှင့် ဤနေရာသို့ လိုက်ပါလာသူများ ဖြစ်ပြီး သူတို့ထဲတွင် နတ်ဘုရားနန်းတော်နှင့် လီနတ်ဓားမိသားစုမှ လူများလည်း ပါဝင်သည်။

သို့သော် ကျူးကျော်လာသူများကြောင့် ကောင်းကင်ဓားခန်းမမှ တန်ခိုးရှင်များက ဒေါသထွက်ခဲ့ကြသည်။

သူတို့ ကောင်းကင်ဓားခန်းမမှ တပည့်တစ်ယောက်က တစ်စုံတစ်ယောက်နှင့် ပညာဖလှယ် တိုက်ခိုက်ခဲ့သည်။ သို့သော် ဤမျှ များပြားသည့် တန်ခိုးရှင်များ ရောက်ရှိလာ၏။ သူတို့က မည်သည့် ရည်ရွယ်ချက် ရှိနေသနည်း။

“ဒီ ဂျူနီယာရဲ့ နာမည်က ရီဖူရှင်း ပါ။ သူက ကျွန်တော့ရဲ့ စီနီယာတစ်ယောက် ဖြစ်ပါတယ်။ တိုက်ပွဲက ရလဒ် ထွက်နေပြီဆိုမှတော့ ကျေးဇူးပြုပြီး သနားညှာတာပေးပါ။” ရီဖူရှင်းက လီဟန်ဓားသမား၏ အရှေ့သို့ လျှောက်လာကာ ကောင်းကင်ဓားခန်းမမှ တန်ခိုးရှင်ကို ပြောသည်။

“တိုက်ပွဲက မပြီးသေးဘူးဆိုတာ မင်း မမြင်ဘူးလား။”

လီဟန်ဓားသမားကို ရှုံးနိမ့်စေခဲ့သည့် လူငယ်က ဒေါသထွက်စွာ ပြောသည်။ ဤသည်မှာ ရေးကြီးခွင်ကျယ် လုပ်စရာ မဟုတ်သော်လည်း ဤကိစ္စအတွက်နှင့် အစွမ်းထက်သည့် ပုဂ္ဂိုလ်အများကြီး ရောက်ရှိလာခဲ့ကာ သူတို့အားလုံးသည် အခြားဘုံရှိ အစွမ်းထက်အင်အားစုများမှ ဖြစ်နေသည်က ကောင်းကင်ဓားခန်းအမှ တန်ခိုးရှင်များကို အလိုမကျ ဖြစ်စေခဲ့သည်။ ဤလူများက အုပ်စုလိုက်လာ၍ သူတို့ကို ခြိမ်းခြောက်နေသည်ဟု အဘယ့်ကြောင့် ထင်​နေရသနည်း။

“အနိုင်ရသူက ဆုံးဖြတ်ပြီးပြီလေ မိတ်ဆွေ။ ဘာလို့ သေတဲ့အထိ တိုက်ဖို့ လိုရတာလဲ။” ရီဖူရှင်းက ခေါင်းမော့ကာ မေးသည်။

“သူ့ရွေးချယ်မှုက ဒီလိုဆိုမှတော့ အဲဒါက မင်းနဲ့ ဘယ်လို ပတ်သတ်လို့လဲ။” လေထဲမှ လူငယ်၏ ထက်ရှသော အကြည့်တို့ဖြင့် အောက်ဘက်ရှိ ရီဖူရှင်းကို ကြည့်လာသည်။

“စီနီယာလီဟန်က ကျုပ်ကို သင်ကြားပြသပေးဖူးတဲ့အတွက် ကျုပ်က ကျေးဇူးကြွေး တင်နေခဲ့တယ်။ အဲဒါကြောင့် သူ့ကိစ္စက ကျုပ်နဲ့ ပတ်သတ်တယ်။” ထို့နောက် ရီဖူရှင်းက အကြံပြုသည်။ “တကယ်လို့ ခင်ဗျားက သေတဲ့အထိ တိုက်ဖို့ ဆန္ဒ ရှိနေတယ်ဆိုရင် ကျုပ်က ကိုယ်စားပြိုင်ပေးမယ်ဆို ဘယ်လိုလဲ။”

“သေတဲ့ထိ တိုက်မယ်ဆိုရင်တောင်လား။” လေထဲမှ လူငယ်က မေးသည်။

“အဲဒီလို ရပါတယ်” ရီဖူရှင်းက ခေါင်းညိတ်သည်။

“ကောင်းပြီလေ” လူငယ်က သဘောတူလိုက်၏။ ရီဖူရှင်းက လီဟန်ဓားသမားကို ကြည့်ကာ ပြောသည်။ “စီနီယာ ဘေးမှာ ခဏလောက် အနားယူနေပါ”

“သတိထားနော်။ သူ့ရဲ့ ဓားဝိညာဥ်က အရမ်းအစွမ်းထက်တယ်။” လီဟန်ဓားသမားက တီးတိုးပြောသည်။

“ကျွန်တော် သိပါတယ်။” ရီဖူရှင်းက တုန့်ပြန်ခေါင်းညိတ်သည်။ ထို့နောက် လီဟန်ဓားသမားက ဘေးသို့ ရွှေ့ပေးလိုက်ကာ အင်ပါယာရှားကို တိတ်တဆိတ် ဆက်သွယ်၍ မေးသည်။ “အရှင်မင်းကြီး သူနိုင်မယ်လို့ ယုံကြည်ချက်ရှိလား။”

“မင်း ကိုယ့်ဒဏ်ရာကိုယ် အရင် ဂရုစိုက်သင့်တယ်။” အင်ပါယာရှားက ပြန်ပြောသည်။ အင်ပါယာရှား တည်ငြိမ်နေသည်ကို ကြည့်ပြီး လီဟန်ဓားသမားက မည်သည်စကားမှ ထပ်မပြောတော့ဘဲ သူ၏ အာရုံကို တိုက်ပွဲဆီသို့ ရွှေ့သည်။

ကောင်းကင်ထက်တွင် မရေတွက်နိုင်သည့် မိုးကြိုးဓားတို့ ပေါ်ပေါက်လာသည်။ နတ်ဓားများ တစ်ချောင်းချင်းစီတွင် တောက်ပသည့် စာကြောင်းများ ရှိနေသည်။ ထိုအက္ခရာများမှ အံ့အားသင့်ဖွယ်ကောင်းအောင် လွှမ်းမိုးနိုင်သည့် လမ်းစဥ်စွမ်းအားတို့ကို ထုတ်လွှတ်နေသည်။

ရီဖူရှင်းသည် စိတ်ဝိညာဉ်ထွေပြားခြင်းကို ကဲ့သို့ ခံစားလိုက်ရသည်။ ယခင်က ပိုင်လွေလီသည် သက်စောင့်ဝိညာဉ်ပုံဖော်ခြင်းကျမ်းကို ကျင့်ကြံခဲ့သည်။  ပိုင်လွေလီသာ ထိုအဆင့်ထိ ရောက်အောင် ကျင့်ကြံခဲ့ပါလျှင် တစ်ဖက်တန်ခိုးရှင်၏ စွမ်းအားနှင့် ဆင်တူပေလိမ့်မည်။ ထိုသို့သော တိုက်ခိုက်မှုက ပို၍ပင် လွှမ်းမိုးနိုင်ပေလိမ့်မည်။

“ဆင်းစမ်း”

ကောင်းကင်ဓားခန်းမမှ တန်ခိုးရှင်၏ အကြည့်တို့က ဓားတစ်လက်ကဲ့သို့ ထက်ရှနေသည်။ သူ၏ လက်ချောင်းက အောက်သို့ ညွှန်ပြနေပြီး မရေတွက်နိုင်သည့် မိုးကြိုးဓားများက ချက်ချင်းပင် အောက်သို့ ကျဆင်းလာသည်။ မိုးကြိုးဓားများသည် ၎င်း၏ လမ်းကြောင်းအတွင်း အရာအားလုံးကို ဖျက်ဆီးပစ်ခဲ့သည်။ အလင်းများက လေဟာနယ်အတွင်း လွင့်မျောနေသည်။

နတ်ဘုရားနန်းတော်၏ အဖွဲ့ဝင်များ၊ လီနတ်ဓားမိသားစုမှ လူများနှင့် အခြားသော အစွမ်းထက် တန်ခိုးရှင်များက ရီဖူရှင်းကို ကြည့်လိုက်ကြသည်။ သူတို့အားလုံးသည် လက်ရှိတွင် ရီဖူရှင်း မည်သည့်အဆင့် ရောက်နေပြီကို ပို၍ သိချင်နေကြသည်။

ဤတိုက်ပွဲ၌ ဆန္ဒစောရန် အကြောင်းမရှိပေ။ ကောင်းကင်ဓားခန်းမသည် ဘုံကိုးခု၌ ဓားပညာအသုံးပြုသည့် ထိပ်သီးအင်အားစုများကြား ကျော်ကြားသော်လည်း ဤတပည့်လေးက တိုက်ပွဲတွင် ရီဖူရှင်းကို ဆန့်ကျင်အနိုင်ရရန် အခွင့်အရေး မည်သို့ ရှိနိုင်ပါမည်နည်း။

ရီဖူရှင်း၏ ပြိုင်ဘက်သည် နတ်ဘုရားနန်းတော်၌ သူ၏ တိုက်ပွဲမှတ်တမ်းကိုသာ သိခဲ့ပါက ဤတိုက်ပွဲကို သဘောတူခဲ့လိမ့်မည် မဟုတ်ပေ။

မရေတွက်နိုင်သည့် မိုးကြိုးဓားများ သူ့အပေါ် ကျဆင်းလာသည်ကို ကြည့်ကာ ရီဖူရှင်းသည် လက်တစ်ချောင်းကို ​မြှောက်၍ ကောင်းကင်သို့ ညွှန်ပြသည်။ နတ်အလင်းတန်းတို့က တောက်ပလာသည်။ အက်ကွဲသည့် အသံများနှင့်အတူ မရေတွက်နိုင်သည့် မိုးကြိုးဓားများက ချက်ချင်း ကွဲကြေပျက်စီးကာ အမှုန်များအဖြစ် ပြောင်းလဲသွားခဲ့သည်။

ရီဖူရှင်းက ဆက်မတိုက်ခိုက်ခဲ့ပေ။ သူသည် လေထဲရှိ ကောင်းကင်ဓားခန်းမမှ တန်ခိုးရှင်ကို မော့ကြည့်သည်ဆိုရုံမျှ ကြည့်ကာ ပြောသည်။ “ဒီလောက်ဆို လုံလောက်ပါရဲ့လား။”

သူက မတိုက်ခိုက်ခဲ့ပေ။ နတ်ဘုရားအမွေအနှစ် နယ်မြေသို့ မဝင်ခင်တွင် သူသည် ဤနေရာ၌ မည်သည့် ထိပ်သီးအင်အားစုကိုမှ မဆန့်ကျင်လိုပေ။ သူက ဤနေရာသို့ လာရောက်ခြင်းမှာ လီဟန်ဓားသမားကို ခေါ်ဆောင်သွားလို၍သာ ဖြစ်သည်။

လေထဲရှိ ကောင်းကင်ဓားခန်းမမှ တန်ခိုးရှင်လူငယ်သည် ပျောက်ကွယ်သွားသည့် မိုးကြိုးဓားများကို ကြည့်နေရင်း ကြက်သေသေနေခဲ့သည်။ သူ၏ တိုက်ခိုက်မှုက တစ်ချက်တည်းနှင့် ဖျက်ဆီးခံလိုက်ရသည်။

သူက လက်နှစ်ဖက်ကို ဆန့်ထုတ်သည်။ သူ၏ အမူအရာက တည်ငြိမ်နေ၏။ သူက ပို၍ လေးနက်သွားပုံပေါ်သည်။ ယခင်က ရီဖူရှင်းသည် လီဟန်ဓားသမားကို သူ့စီနီယာဟု ပြောခဲ့သောကြောင့် ကောင်းကင်ဓားခန်းမမှ တန်ခိုးရှင်က သူ့ကို အရေးတယူမလုပ်ခဲ့ပေ။ သူက ရီဖူရှင်းကို အထင်ပင်သေးခဲ့သေးသည်။ သို့သော် ယခု သူတို့၏ တိုက်ခိုက်မှုမှ နေ၍ သူ ပြောနိုင်သည်က ဤ ဆံပင်အဖြူနှင့် လူငယ်၏ ဓားစွမ်းရည်က အလွန် အစွမ်းထက်လှပေသည်။

သူ၏ ဓားဝိညာဥ်မှ မိုးကြိုးအော်မြည်သံတို့ ထွက်ပေါ်လာသည်။ လျှပ်စီးတန်းများလည်း လင်းလက်လာသည်။ ကောင်းကင်တွင် ကြီးမားလှသည့် ဓားများ မရေတွက်နိုင်အောင် ပေါ်ပေါက်လာကာ  နေကိုပင် ဖုံးလွှမ်းသွား၏။

မဟာလမ်းစဥ် စာလုံးများသည် ဓားကြီးများ တစ်ချောင်းစီတိုင်းတွင် ရေးထွင်းထားသည်။ ပြင်းထန်သည့် ဓားစွမ်းအားက နေရာတစ်ခုလုံးကို ဖျက်ဆီးပစ်တော့မည်ဟု ထင်မှတ်ရ၏။ လေထဲ၌ မရေတွက်နိုင်သည့် ဓားများ တစ်ချိန်တည်း ပေါ်ပေါက်လာသည်။ ၎င်းတို့၏ ဖျက်ဆီးခြင်းစွမ်းအားက ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းလှသည်။

ဘုန်း။ ရီဖူရှင်း၏ ခေါင်းထက်တွင် တောက်ပသည့် နတ်ဓားတစ်လက် ပေါ်ပေါက်လာသည်။ သူ့ခန္ဓာကိုယ်သည် မဟာလမ်းစဥ်နှင့် တသားတည်း ဖြစ်သွားကာ မီးပြင်းဖိုအဖြစ် ပြောင်းလဲသွား၍ နတ်ဓားတစ်လက် ဖြစ်တည်စေကာ သူ့ခန္ဓာနှင့် တသားတည်း ဖြစ်လာစေသည်။

ကောင်းကင်ဓားခန်းမမှ တန်ခိုးရှင်သည် ထိုမြင်ကွင်းကို မြင်သည့်အခါ သူ့လက်ချောင်းက အောက်သို့ ညွှန်ပြလာသည်။ ကောင်းကင်မှ မရေတွက်နိုင်သည့် ဖျက်ဆီးခြင်း မိုးကြိုးဓားများက ကောင်းကင်မှ ကျဆင်းလာ၏။ ဤတိုက်ခိုက်မှုသည် ယခင်က တိုက်ခိုက်မှုထက် ပို၍ ကြမ်းတမ်းရက်စက်ပေသည်။

ဘုန်း… ဘုန်း… ဘုန်း…

ချက်ချင်းပင် အနန္တ ဓားများက ကောင်းကင်မှ ကျဆင်းလာပြီး ရီဖူရှင်းထံသို့ တစ်ဟုန်ထိုး ကျဆင်းလာသည်။ ဓားများသည် ပုံစံတကျ တိုက်ခိုက်မှုပင် မဖော်ထုတ်နိုင်ခဲ့ပေ။ ပိုမိုများပြားသည့် ဓားများက လေဟာနယ်တွင် ပြည့်နှက်လာပြီး ရီဖူရှင်းကို အတွင်း၌ မြှုပ်နှံသည်။

သို့သော် ရီဖူရှင်းကို ဖုံးလွှမ်းထားသည့် ဓားက နတ်အလင်းတို့ဖြင့် တောက်ပနေဆဲ ဖြစ်သည်ကို  လူတိုင်း တွေ့မြင်နိုင်သည်။ အဆုံးမဲ့ မဟာလမ်းစဥ်စွမ်းအားများက မြင့်တက်လာပြီး နတ်ဓားကို အားဖြည့်ပေးကာ ဖျက်ဆီး၍ မရနိုင်အောင် ဖြစ်လာစေသည်။ အသင်္ချေဓားများက ရီဖူရှင်းထံ နီးကပ်လာသည့်အခါ မဟာလမ်းစဥ် စာလုံးများ၏ အလင်းက ဖျက်ဆီးခြင်းစွမ်းအားအဖြစ် ပြောင်းလဲသွားသော်လည် ရီဖူရှင်း၏ ဓားအကာအကွယ်ကို မချိုးဖျက်နိုင်ခဲ့ပေ။

ရီဖူရှင်းသည် မတိုက်ခိုက်ခဲ့ဘဲ ခုခံကာကွယ်ရန်သာ ရွေးချယ်ခဲ့သည်။ သို့သော် သူ့ ပြိုင်ဘက်က သူ၏ ခံစစ်ကို မထိုးဖောက်နိုင်ခဲ့ပေ။

လေထဲတွင် ရပ်နေသည့် လူငယ်၏ အမူအရာက ပြောင်းလဲသွားသည်။ သူ့ရှေ့မှ မြင်ကွင်းသည် သူ၏ ကိုယ်ပိုင်ဓားကိုပင် သံသယဝင်လာစေရန် လုပ်ဆောင်နေသည်။

လီဟန်ဓားသမားသည်လည်း အဖြစ်အပျက်များကို မြင်သည့်အခါ ကြက်သေသေနေခဲ့သည်။ ထို့နောက် သူက ခံစားချက်ပြင်းထန်စွာဖြင့် မှတ်ချက်ချသည်။ “ငါ အိုနေပြီပဲ”

သူသည် ခေါင်းမာသော ဤလူငယ်လေးက လီဟန်နန်းတော်ကို ကျူးကျော်ကာ လီဟန်နန်းတော်မှ တပည့်များကို စိန်ခေါ်ခဲ့သည့်အချိန်​ကို အမှတ်ရသည်။ ဤလူငယ်လေးက ငယ်ရွယ်ပြီး ယုံကြည်မှု လွန်ကဲလေသည်။

ယခုတွင် ထိုလူငယ်လေးက ပြောင်းလဲသွားပြီ ဖြစ်သည်။

ရီဖူရှင်း၏ မီးပြင်းဖိုမှ ဖြစ်တည်လာသော ထိတ်လန့်ဖွယ် ဓားတစ်လက်သည် သူ့အနီးသို့ ရောက်ရှိလာသည့် မိုးကြိုးဓားကြီးများ အားလုံးကို ဖျက်ဆီးပစ်သည်။ သို့သော် ပြိုင်ဘက်၏ ဓားများ ပျောက်ကွယ်သွားခြင်းနှင့်အတူ ရီဖူရှင်း၏ ဓားကလည်း ပျောက်ကွယ်သွားလေသည်။

“ခင်ဗျားရဲ့ တိုက်ခိုက်မှုက ထူးခြားပြောင်​မြောက်လှတယ်။ အဲဒါကို တွေ့ကြုံခွင့်ရတာ ဂုဏ်ယူမိပါတယ်။” ရီဖူရှင်းက ကောင်းကင်ဓားခန်းမမှ တန်ခိုးရှင်ကို စိုက်ကြည့်ကာ မှတ်ချက်ချသည်။ “ကျုပ်တို့ ဘာလို့ ဒီမှာပဲ မရပ်လိုက်ရမှာလဲ။”

ထိုတန်ခိုးရှင်သည် နှုတ်ခမ်းထောင့်များက လှုပ်ခတ်သွားသော်လည်း သူသည် ပြောစရာစကားများ ပျောက်ရှသွားပုံရသည်။

ဘေးမှ ကြည့်နေသူများသည်လည်း ဆွံ့အသွားခဲ့၏။ ထူးခြားပြောင်မြောက်တဲ့ တိုက်ခိုက်မှုတဲ့လား။

ကောင်းကင်ဓားခန်းမမှ တန်ခိုးရှင်သည် ရီဖူရှင်း၏ ခံစစ်အကာအကွယ်ကိုပင် မချိုးဖျက်နိုင်ခဲ့ပေ။ ထိုသို့ တိုက်ခိုက်မှုမျိုးကို အမှန်တကယ် ထူးခြားပြောင်မြောက်သည်ဟု ခေါ်နိုင်ပါရဲ့လား။

သို့သော် ရှင်းလင်းစွာပင် ရီဖူရှင်းသည် ဆက်၍ တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိတော့ပေ။ မဟုတ်လျှင် သူသည် မတုန်မလှုပ် ခုခံကာကွယ်နိုင်မည် မဟုတ်ပေ။ ထိုအချိန်၌ လူတိုင်းသည် ဆံပင်အဖြူရောင်နှင့် လူငယ်လေးက အလွန် အားကောင်းကြောင်း  ပြောနိုင်ပြီ ​ဖြစ်သည်။ အနည်းဆုံးတော့ သူသည် ကောင်းကင်ဓားခန်းမမှ တန်ခိုးရှင်များထက် ပို၍ သန်မာကာ အစွမ်းထက်ပေသည်။

ဤနေရာမှ တိုက်ပွဲသည် လူများစွာ၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။ တစ်ယောက်ပြီးတစ်ယောက် တန်ခိုးရှင်များ စုစည်းလာကြသည်။ ဓားစွမ်းရည်ကျင့်ကြံသည့် ကောင်းကင်ဓားခန်းမက အခြားဘုံမှ ဓားစွမ်းရည်ကျင့်ကြံသူနှင့် ပဋိပက္ခ ဖြစ်နေသည်လား။

တစ်စုံတစ်ယောက်က ကောင်းကင်ဓားခန်းမကို စိန်ခေါ်ရန် လာရောက်ခဲ့သည်လား။

ထိုအကြည့်များအရ ကောင်းကင်ဓားခန်းမမှ တန်ခိုးရှင်က ဖိနှိပ်ခံခဲ့ရခြင်း ဖြစ်ပေမည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset