ရီဖူရှင်းက သူ၏ အကြည့်တို့ကို ရှားရှင်းယွန်ထံ လှည့်ကာ မေးသည်။ “မင်းသမီး ဒီနှစ်တွေမှာ အဆင်ပြေရဲ့လား။”
ကောင်းကင်နတ်တံခါးတိုက်ပွဲအတွင်း နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါက လူတိုင်းကို မတူညီသည့် နေရာများဆီ ပို့ပေးသည်။ ရီဖူရှင်းသည် ရှားရှင်းယွန်နှင့် တစ်ဖန် ပြန်တွေ့ရသည့်အတွက် အလွန် ပျော်ရွှင်မိပေသည်။
ရှားရှင်းယွန်က ရီဖူရှင်းကို တစ်ချက်ကြည့်လိုက်သော်လည်း သူ့ကို လျစ်လျူရှုလေသည်။
ရီဖူရှင်းက ဇဝေဇဝါ ဖြစ်သွားသည်။
သူ မည်သည့်အချိန်က ဤမင်းသမီးလေးကို ထပ်ပြီး ဆန့်ကျင်မိခဲ့သည်လဲ။
“ရှင်းယွန်က အောက်ဘုံကို ပို့ခံလိုက်ရတာ။” အင်ပါယာရှားက အပြုံးနှင့် ပြောသည်။ “ကျုပ် သူ့ကို အိမ်ပြန်ခေါ်လာပြီးတော့ သူမက မင်းရှိတဲ့နေရာ တွေ့အောင် ရှာဖို့ တတွတ်တွတ် ပြောနေတာ။ သူမ ကောင်းကင်အာဏာစက်ဘုံကို ရောက်တော့ မင်း အထက်ဘုံကို ရောက်သွားတယ်လို့ ကြားခဲ့တယ်။ နောက်တော့ ဘုံကိုးဘုံက ခေါင်းလောင်းသံကို ကြားခဲ့ရတာကြောင့် ရှင်းယွန်က မင်းလည်း ဒီကိုလာမယ်လို့ ခန့်မှန့်ခဲ့တာ။ ထင်တဲ့အတိုင်း မင်းကို ဒီမှာ ရှာတွေ့ခဲ့တာပဲ။ အရွယ်ရောက်တဲ့ သမီးမိန်းကလေးကို အိမ်မှာ ထိန်းထားလို့ မရတော့ဘူး။ အဖေတစ်ယောက်အနေနဲ့တောင် ဒီလို ဆက်ဆံမှုမျိုး ဘယ်တုန်းကမှ မကြုံဖူးခဲ့ရပါဘူးကွာ။”
အင်ပါယာရှားသည် ဇဝေဇဝါ ဖြစ်နေခဲ့သည်။ ဤမိန်းကလေးက မည်သည်ကို တွေးနေသနည်း။ ရီဖူရှင်းက ယခု မည်သူတို့နှင့် အတူရှိနေသည်ကို သူမ သတိမပြုမိသည်လား။ ဘုံအရှင်တစ်ယောက်ဖြစ်သည့် အင်ပါယာရှားသည်ပင် ထိုပုဂ္ဂိုလ်များ၏ ရှေ့၌ မာနတခွဲသား မနေရဲပေ။ ဤကလေးမက ရီဖူရှင်းနှင့် ပတ်သတ်၍ ဂရုစိုက်သော်လည်း နောက်ဆုံးတွေ့ခဲ့သည့်အခါ၌ အေးစက်စွာ ပြုမူနေသည်။
မိန်းမတွေများ.. ကျွတ်…
သူမက သူမ၏ အတ္တကို စွန့်လွှတ်နိုင်ခြင်း မရှိလျှင် သူမ နာကျင်ခံစားရမည်မှာ အနှေးနှင့်အမြန်ပင် ဖြစ်သည်။
သူ၏ စကားများကို ကြားသည့်အခါ ရှားရှင်းယွန်သည် အင်ပါယာရှားကို အပြစ်ကင်းသည့် မျက်နှာနှင့် စိုက်ကြည့်သည်။
ဟမ့်…
ဒါက ဘယ်လို အဖေမျိုးလဲ။
အဖေဖြစ်သူသည် သူမ၏ အကြောင်းကို ပြတ်ပြတ်သားသား ထုတ်ဖော်နေခဲ့သည်။
“ကျွန်တော်လည်း ဒီနှစ်တွေမှာ မင်းသမီးအကြောင်း စိတ်ပူနေခဲ့တာ။” ရီဖူရှင်းက အပြုံးနှင့် ပြန်ဖြေသည်။ “အခု မင်းသမီးနဲ့ ပြန်တွေ့ပြီဆိုတော့ ကျွန်တော် စိတ်ပူစရာမလိုတော့ဘူးပေါ့။”
“ငါ ယုံလိုက်မယ်” ရှားရှင်းယွန်က ရီဖူရှင်းကို ပြောသည်။ သူမ၏ အကြည့်တို့က သူ့အပေါ်တွင် တည်မြဲနေခဲ့သည်။ သူမက အကြည့်တို့ကို စူးစမ်းကြည့်ရင်း ရီဖူရှင်းသည် စိတ်မသက်မသာ ဖြစ်လာခဲ့သည်။ သူမက မည်သည့်အတွက် စိုက်ကြည့်နေရသနည်း။
သူက သူမကို လိမ်နေသည်ထင်၍လား။
“ကျွန်တော် နတ်ဘုရားနန်းတော် စမ်းသပ်ပွဲမှာ ပစ္စည်းတွေ အများကြီး ရခဲ့တယ်။ ဒါက မင်းသမီးအတွက်ပါ။” ရီဖူရှင်းက အသက်လမ်းစဥ်စွမ်းအားတို့ ကြွယ်ဝစွာ ပါဝင်နေသည့် လမ်းစဥ်သစ်သီး အနည်းငယ် ထုတ်ကာ ရှားရှင်းယွန်ကို ပေးသည်။ သစ်သီးများက စွမ်းအားကို ခံစားမိကာ ရှားရှင်းယွန်သည် ခေတ္တမျှ ရပ်တန့်သွားခဲ့သည်။ သူမက ခေါင်းကို မော့ကာ သူ့ကို ကြည့်သည်။ သူမ၏ အကြည့်တို့က နူးညံ့လာခဲ့သည်။
ရှားရှင်းယွန်သည် သူမ၏ လက်ကို ဆန့်ထုတ်ကာ တွေဝေခြင်းမရှိဘဲ သစ်သီးများကို သိမ်းယူသည်။ သူမသည် လျင်မြန်စွာ သိမ်းဆည်းသည်။ သူမ၏ နှလုံးသားနွေးထွေးသွားသည်။
သူတို့ ဘေးမှာ ကြည့်နေသည့် အင်ပါယာရှားသည် သူ့သမီး၏ အပြောင်းအလဲ မြန်ပုံကြောင့် အကူအညီမဲ့သလိုပင် ခံစားလိုက်ရသည်။ သူမက မြင့်မားသည့် ကျင့်ကြံဆင့် ရှိနေလျှင်ပင် သူမ၏ စရိုက်သဘာဝက ဆယ်ကျော်သက်ကလေးကဲ့သို့ပင် ရှိသေး၏။ အချို့သော ပညာရှိကြီးများ ပြောခဲ့သည့် ‘မိန်းမတွေက အားလုံး အရူးတွေပဲ’ ဟူသော စကားမှာ ကျိန်းသေ မှန်ကန်သည့် အတွေးအမြင်ပင် ဖြစ်သည်။
“ကျွန်တော့မှာ လမ်းစဥ်သစ်သီးနည်းနည်း ရှိသေးတယ်။ ဒါပေမယ့် အရှင်မင်းကြီးအတွက် အသုံးဝင်မှာ မဟုတ်ဘူး။” ရီဖူရှင်းက ပြောသည်။ “တကယ်လို့ ဓားသမား ဒီမှာရှိနေရင် သူက ဒီသစ်သီးတွေကြောင့် အကျိုးကျေးဇူး ရနိုင်တယ်။ ကျွန်တော်သွားပြီး ဓားသမားက ပျက်စီးခြင်းနယ်မြေမှာ ရှိမရှိ စစ်ကြည့်လိုက်ဦးမယ်။”
“ဘယ်လို စစ်ဆေးမှာလဲ” အင်ပါယာရှားက မေးသည်။
“ကျွန်တော် အရှင်ထိုက်ရွှမ်ကို အကူအညီတောင်းလိုက်မယ်။” ရီဖူရှင်းက ပြန်ဖြေသည်။ “သူက စွမ်းအားကို ထုတ်လွှတ်ပြီး ပျက်စီးခြင်းမြို့တစ်မြို့လုံးကို စစ်ဆေးကြည့်ပေးနိုင်တယ်။”
အင်ပါယာရှားထံတွင် ရှက်ရွံ့သည့် အမူအရာတို့ ပေါ်ပေါက်လာသည်။
ဒါက….
အင်ပါယာရှား၏ စွမ်းအားသည်လည်း ကျယ်ပြန့်သော နေရာအထိ ဖုံးလွှမ်းထားနိုင်သည်။ သို့သော် ပျက်စီးခြင်းမြို့တော်က အလွန် ကျယ်ပြန့်ကာ အလွန်အစွမ်းထက်သည့် လူပေါင်းမရေတွက်နိုင်အောင် ရှိနေသည်။ သူက စွမ်းအား ထုတ်လွှတ်ကာ သူ၏ ဝန်းကျင်ကို အရမ်းကာရော မစစ်ဆေးရဲပေ။ သူက ရန်ဟောင်အဆင့်၌ ရှိနေလျှင်ပင် သူက တတိယအဆင့်မှ အဆင့်နိမ့်ရန်ဟောင်ပင် ဖြစ်သည်။ သူက သူ၏ စွမ်းအားကို ထိုတန်ခိုးရှင်များအား စစ်ဆေးရန် အသုံးပြုခဲ့လျှင် သူတို့အတွက် စိတ်အနှောက်အယှက် ဖြစ်စေလိမ့်မည်။ အကယ်၍ သူတို့က သူ့ကို သူတို့၏စွမ်းအားများနှင့် တန်ပြန်တိုက်ခိုက်ခဲ့လျှင် သူက ထိုတိုက်ခိုက်မှုများကို ခံနိုင်ရည် ရှိပါမည်လား။
ရီဖူရှင်းက ဤသည်ကို အလွယ်တကူ ပြောဆိုနေသည်။
“အဲဒါက အကြံကောင်းပဲ။” အင်ပါယာရှားက တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သော်လည်း သူက ရှက်ရွံ့နေခဲ့သည်။
ရီဖူရှင်းက အင်ပါယာရှား၏ ခံစားမှုကို မသိရှိခဲ့ပေ။ ရီဖူရှင်းသည် အခြားလူများ၏ တည်နေရာကို ရှာဖွေရန် စွမ်းအားအသုံးပြုခြင်းနည်းလမ်းကို အသားကျနေခဲ့ပြီ ဖြစ်သည်။ သို့သော် အင်ပါယာရှားသည် ဘုံတစ်ခု၏ အရှင်သခင်ဖြစ်သည်။သူက အင်ပါယာရှားဘုံ၏ မဏ္ဍိုင်ဖြစ်ကာ သူ့စကားက ဥပဒေ ဖြစ်သည်။ သူသည် မဟာလမ်းစဥ် ဘုံသုံးထောင်က လူများသည် သူ့ထက် အားကောင်းသည်ကို သိရှိပြီး ဖြစ်သော်လည်း သူသည် မြင်တွေ့ခဲ့သမျှ အကြောင်းအရာ အားလုံးကို အစီအစဥ်တကျ ဖြစ်ရန် အချိန်လိုပေသည်။
“ဒါဆို ဟိုကို သွားကြရအောင်။” ရီဖူရှင်းက ပြောလိုက်ပြီး အရှင်ထိုက်ရွှမ်ရှိနေရာသို့ ဦးတည်လိုက်ကြသည်။ သူက ပြောလိုက်၏။ “အရှင်ထိုက်ရွှမ်။ ကျွန်တော် တစ်ယောက်ယောက်ကို ရှာဖို့ အကူအညီတောင်းချင်လို့ပါ။ သူက ပျက်စီးခြင်းမြို့တော်ထဲမှာ ရှိမရှိ သိချင်လို့။”
ဆရာဘိုးဘိုးဖြစ်သည့် ထျန်းဟယ်မဟာအကြီးအကဲသည် အရှင်ထိုက်ရွှမ်ထက် ကျင့်ကြံဆင့် နိမ့်သည်။ ထို့ကြောင့် ထိုသို့ ရှာဖွေရန်မှာ အရှင်ထိုက်ရွှမ်က ပိုသင့်တော်ပေသည်။ သူ၏ စွမ်းအားက အခြား ထိပ်သီးပုဂ္ဂိုလ်များကို ဖြတ်သန်းသွားလျှင်ပင် ထိုသို့သော မတော်တဆလေးက မည်သည့် ပြဿနာမှ ဖြစ်စေနိုင်မည် မဟုတ်ပေ။ သူတို့နှစ်ယောက်လုံးက ထိပ်သီးပုဂ္ဂိုလ်များပင် မဟုတ်ပါလား။
သို့သော် အင်ပါယာရှားကဲ့သို့ အဆင့်နိမ့် ရန်ဟောင်တစ်ပါးနှင့် ကွာခြားပေသည်။ အကယ်၍ တစ်စုံတစ်ယောက်ကို သူနှင့် အဆင့်တူ သို့မဟုတ် မြင့်သည့်အဆင့်မှ လူက စစ်ဆေးကြည့်မိလျှင် သူတို့က မည်သည်မှ မဖြစ်သလို ဟန်ဆောင်နိုင်သည်။ သို့ပေမယ့် သူတို့ထက် နိမ့်သည့် အဆင့်မှ လူတစ်ယောက်က စစ်ဆေးလာသည်ကို မည်သို့ သည်းခံနိုင်ပါမည်နည်း။
အင်ပါယာရှားက အကျင့်စရိုက်ဆိုးဆိုး တန်ခိုးရှင်တစ်ဦးကိုသာ သွားစစ်ဆေးကြည့်မိပါက သူက အဝေးမှ ချက်ချင်း တိုက်ခိုက်လိုက်နိုင်ပေသည်။ ထိုသို့သော အစွမ်းထက် ပုဂ္ဂိုလ်အတွက် အကွာအဝေးက အရေးမပါလှပေ။ သူတို့သည် စွမ်းအား ဖုံးလွှမ်ထားသည့် နေရာမှန်သမျှကို တိုက်ခိုက်နိုင်စွမ်းရှိသည်။
ထို့ကြောင့် သာမန် ရန်ဟောင်များသည် အနီးဝန်းကျင်ကို မစစ်ဆေးကြည့်ရဲကြပေ။ ရန်ဟောင်အထက်အဆင့်များပင်လျှင် ယခင်ထျန်းဟယ်မဟာအကြီးအကဲကဲ့သို့ပင် ထိုသို့ မလုပ်ခင် နှစ်ခါစဥ်းစားရန် လိုပေသည်။
“ကောင်းပြီ။ သူ့ ပုံစံ ပြလေ။” အရှင်ထိုက်ရွှမ်က ပြောသည်။ ရီဖူရှင်း၏ စွမ်းအားက သူ၏ မျက်ခုံးများကြားမှ ထွက်ကာ အရှင်ထိုက်ရွှမ်၏ မျက်လုံးများထဲ ဝင်ရောက်သွားသည်။
“အဲဒါဆို လုံလောက်ပြီ။” အရှင်ထိုက်ရွှမ်က ခေါင်းညိတ်သည်။ သူ၏ အစွမ်းထက်စွမ်းအားက ချက်ချင်း အပြင်သို့ ထွက်သွားကာ ပျက်စီးခြင်းမြို့တော် တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
မကြာခင်၌ သူသည် ပျက်စီးခြင်းမြို့တော် အစွန်အဖျား၌ ရီဖူရှင်း ရှာနေသည့်သူကို တွေ့လိုက်ရ၏။ ထိုသူသည် မြို့အတွင်း ရောက်နေခဲ့ပြီ ဖြစ်သည်။
…
မဟာလမ်းစဥ် ဘုံသုံးထောင်အကြား အထက်ဘုံကိုးဘုံသည် ဘုံသုံးထောင်၏ အလယ်တွင် တည်ရှိသည်။
အထက်ဘုံကိုးခုမှ ရှစ်ခုသည် ဗဟိုအင်ပါယာဘုံကို ဝန်းရံထားသည်။
၎င်းတို့သည် ကောင်းကင်အာဏာစက်ဘုံ၊ အထက်ကောင်းကင်ဘုံ၊ အင်ပါယာရှင်းဘုံ၊ တောင်တန်းဘုံ၊ အသင်္ချေဘုံ၊ သူရိယဘုံ၊ သဏ္ဌာန်မဲ့ဘုံ၊ လျှို့ဝှက်နယ်မြေဘုံ တို့ ဖြစ်ကြသည်။ [ရှင်း= ကြယ်စင်]
ဘုံကိုးဘုံသည် ဘုံသုံးထောင်၏ အလယ်တွင် အတိအကျ တည်ရှိပေသည်။ ဘုံတစ်ခုစီတွင် ထိပ်သီးအင်အားစုများ ရှိကြသည်။
မဟာလမ်းစဥ် ဘုံသုံးထောင်၏ ထိပ်သိးအင်အားစုများ တစ်ခုအဖြစ် ဆုံးဖြတ်ရန် ဘုံတစ်ခုတွင် စောင့်ရှောက်ထိန်းသိမ်းရန် အနည်းဆုံး သတ္တမအဆင့်ရှိ နတ်ဝင်ရိုးကို ဖွဲ့စည်းထားနိုင်သော ရန်ဟောင်အထက်အဆင့် အစွမ်းထက်တန်ခိုးရှင်တစ်ဦး ရှိနေရန် လိုသည်။ အမှန်တွင် သတ္တမဆင့် နတ်ဝင်ရိုးနှင့် ရန်ဟောင်အထက်အဆင့် တန်ခိုးရှင်မှာ ထိပ်သီးအင်အားစုများ အကြား၌ လုံလောက်သည့် အဆင့် မဟုတ်သေးပေ။ ဘုံတစ်ခုတွင် အနည်းဆုံး အဋ္ဌမဆင့်ရှိ နတ်ဝင်ရိုး ဖွဲ့စည်းထားနိုင်သည့် ရန်ဟောင်အထက်အဆင့် တစ်ယောက်နှင့် သူ့ကို ထောက်ကူရန် သတ္တမဆင့် နတ်ဝင်ရိုး ဖွဲ့စည်းထားနိုင်သည့် အခြားသော ရန်ဟောင်အထက်အဆင့် တစ်ယောက် လိုအပ်ပေသည်။
အစွမ်းထက်ဆုံး အင်အားစုများသည် နဝမအဆင့် နတ်ဝင်ရိုးကို ဖွဲ့စည်းထားနိုင်သူအား ခေါင်းဆောင်အဖြစ် အခြား သတ္တမဆင့် အဋ္ဌမဆင့် နတ်ဝင်ရိုးရှိသူများအား ထောက်ပံ့သူ အဖြစ် ထားရှိသည်။
ယခင်က ကောင်းကင်အာဏာစက်ပြည်ထောင်မှ ပြည်ထောင်ဘုရင်ဟောင်းနှင့် အရှင်ထိုက်ရွှမ်သည် နဝမဆင့် နတ်ဝင်ရိုးအထက်မှ ဖြစ်ကြသည်။
ရန်ဟောင်များကို အဆင့်သုံးဆင့် ပိုင်းခြားထားပြီး အထက်အဆင့်၊ အလယ်ဆင့်နှင့် အဆင့်နိမ့် တို့ ဖြစ်ကြသည်။ အဆင့်တစ်ခုချင်းစီကို ခွန်အားအရ ပိုင်းခြားထားကြသည်။ ဥပမာအားဖြင့် တန်ခိုးရှင် နှစ်ဦးသည် ပြန်လည်မွေးဖွားခြင်း အဆင့်မှ ဖြစ်လျှင်ပင် မတူညီသည့် စွမ်းရည်အဆင့်များ ရှိသည်။ ရန်ဟောင်အဆင့်တွင်လည်း တန်ခိုးရှင်၏ ကျင့်ကြံမှု နက်ရှိုင်းခြင်းပေါ် မူတည်၍ ကြီးမားသော ကွဲပြားမှုရှိသည်။ ထို့ကြောင့် အဆင့်တိုင်းတွင် တန်ခိုးရှင်၏ မဟာလမ်းစဥ် နတ်ဝင်ရိုး အင်အားကို ကြည့်ကာ အဆင့်သေးများ ပြန်၍ ခွဲခြားထားသည်။
အထက်အဆင့် ရန်ဟောင်များကို သတ္တမ၊ အဋ္ဌမ၊ နဝမ အဆင့်များဖြင့် ခွဲခြားထားပြီး နဝမဆင့် နတ်ဝင်ရိုးက အားအကောင်းဆုံးဖြစ်သည်။
အသင်္ချေဘုံတွင်လည်း ထိပ်သီးအင်အားစု များစွာ ရှိ၏။
အလွန်အစွမ်းထက်သည့် အင်အားစုတစ်ခုမှာ ကောင်းကင်ဓားခန်းမဟု ကျော်ကြားသည်။
ကောင်းကင်ဓားခန်းမသည် အသင်္ချေဘုံတွင် ကျော်ကြားသည့် ဓားပညာရပ် အင်အားစု ဖြစ်သည်။ အသင်္ချေဘုံမှ အစွမ်းထက်ဆုံး ဓားသမားများသည် ကောင်းကင်ဓားခန်းမမှ လာကြခြင်း ဖြစ်သည်။
ကောင်းကင်ဓားခန်းမသည် အသင်္ချေဘုံ၏ ပြယုဂ်ဖြစ်ကာ မဟာလမ်းစဥ် ဘုံသုံးထောင်အကြား ထိပ်သီးအဆင့် ဓားအသုံးပြုအင်အားစု ဖြစ်သည်။
ကောင်းကင်ဓားခန်းမတွင် ဓားပညာရပ်နှင့် သက်ဆိုင်သော မတူညီသည့် အင်အားစုများမှ မတူညီသည့် ပြိုင်ဘက်ကင်း ကျင့်စဥ်နည်းလမ်းများ ရှိသည်။ ကောင်းကင်ဓားခန်းမသို့ ဝင်ရောက်ရန် ဆန္ဒရှိသူများသည် လိုအပ်ချက်တစ်ခု ပြည့်မီရန် လိုသည်။ သူတို့သည် ဓားဝိညာဥ်ကို ပိုင်ဆိုင်ထားရမည်။ ထိုသူများသည် ယခင်က ဓားစွမ်းရည်ကို လေ့ကျင့်ထားလျှင်ပင် ကောင်းကင်ဓားခန်းမက လက်ခံမည် မဟုတ်ပေ။
သူတို့၏ ကျင့်ကြံမှုလမ်းစဥ်သည် သူတို့၏ ဓားဝိညာဥ်ပေါ်တွင် အာရုံစိုက်ထားခြင်း ဖြစ်သည်။ သူတို့က ဓားပေါ်တွင် အာရုံစိုက်မှု အားနည်းသည်။ သူတို့၏ ရည်မှန်းချက်သည် ဓားဝိညာဥ်များကို အကန့်အသတ်ရောက်သည်ထိ သန့်စင်ကာ ဓားဝိညာဥ်ကို ကိုယ်ပိုင်လက်နက်အဖြစ် မွေးဖွားလာစေခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့သည် ဓားပညာတွင် အဆုံးစွန် ကျွမ်းကျင်ရန် ကြိုးစားကြပေသည်။
ထို့ပြင် ဤကျင့်စဥ်နည်းလမ်းမှ အခြား အကျိုးကျေးဇူး ရှိနေသေးသည်။ တန်ခိုးရှင်များသည် သူတို့ ဓားအင်ပါယာအဆင့်ကို ချိုးဖျက်ဝင်ရောက်သည့်အခါ အကျိုးအမြတ်ပိုရနိုင်ပေသည်။
သူတို့၏ ဓားဝိညာဥ်များက အရာအားလုံး၏ မဟာလမ်းစဥ်များနှင့် ပို၍ ကောင်းမွန်စွာ ပေါင်းစပ်လာနိုင်သည်။ ထို့ပြင် နှစ်ပေါင်းများစွာ ကျင့်ကြံလာသည့် ဓားဝိညာဥ်သည် ပိုင်ရှင်၏ ကိုယ်ခန္ဓာကိုပါ ထောက်ပံ့ပေးနိုင်သည်။
ကောင်းကင်ဓားခန်းမမှ အဖွဲ့ဝင်များသည် ဓားဝိညာဥ်ကို ဦးစားပေးလေ့ကျင့်ကြသည်။ နှိုင်းယှဥ်ရလျှင် ဓားနည်းစနစ်နှင့် ဓားမုဒြာက အရေးမကြီးပေ။
ကောင်းကင်ဓားခန်းမ၏ ကျင့်စဥ်သည် အလွန် ကြမ်းတမ်းခက်ခဲသည်။ ကန့်သတ်ချက်ကလည်း အလွန် မြင့်မားသည်။ သူတို့၏ ဓားဝိညာဥ်ကို ကျင့်ကြံသည့် လူအများသည် ကျင့်ကြံရင်းနှင့် သူတို့၏ ဓားဝိညာဥ်က ပျက်စီးသွားရသည်လည်း ရှိသည်။ သို့သော် သူတို့သည် အစွမ်းထက် ဓားသမားအဖွဲ့တစ်ဖွဲ့ကို မွေးထုတ်ပေးနိုင်ခဲ့သည်။
နတ်ဘုရားအမွေအနှစ် နယ်မြေက မကြာခင် ပွင့်လာတော့မည် ဖြစ်တာကြောင့် ကောင်းကင်ဓားခန်းမကလည်း အခွင့်အရေးကို လွဲချော်ခံလိမ့်မည် မဟုတ်ပေ။
အသင်္ချေဘုံ၏ တန်ခိုးရှင်များစုဝေးရာနေရာတွင် ကောင်းကင်ဓားခန်းမမှ တန်ခိုးရှင်များလည်း ရောက်ရှိလာကြသည်။ ဤစုရပ်အတွင်းတွင် တိုက်ပွဲလည်း ဖြစ်ပွားနေခဲ့သည်။
ပျက်စီးခြင်းမြို့တော်၏ ကျယ်ပြန့်သော နေရာတွင် ကောင်းကင်ဓားခန်းမသည် မြင့်မားသည့် စင်မြင့်ကို တည်ဆောက်ခဲ့သည်။ တန်ခိုးရှင်များသည် စင်မြင့်ပေါ်တွင် ရပ်ကာ တိုက်ပွဲကို ကြည့်နေခဲ့၏။
သူတို့ရှေ့တွင် ဓားသမားများအကြားတိုက်ပွဲတစ်ခု ဖြစ်ပေါ်နေသည်။
သူတို့အနီးတွင် တန်ခိုးရှင်များသည် ပွဲကြည့်ရန် စုစည်းလာသည်။ အများစုမှာ အသင်္ချေဘုံ အခြားအင်အားစုများမှ လူများ ဖြစ်ကြသည်။
သူတို့သည် ပျက်စီးခြင်းမြို့တော်သို့ လာသည့် လူများသည် ထိပ်သီးအင်အားစုများကို မှီခိုက်ကာ နတ်ဘုရားအမွေအနှစ် နယ်မြေသို့ ဝင်ရောက်ရန် အခွင့်အရေး ရယူလိုကြကြောင်း သိရှိပေသည်။ သို့သော် ထိပ်သီးအင်အားစုများ၌ အရေအတွက်က အပိုမထွက်ခဲ့ပေ။
တူညီစွာပင် များပြားလှသည့် ဓားသမားများသည်လည်း ကောင်းကင်ဓားခန်းမကို လာရှာကြသည်။ အခြားအင်အားစုများနှင့် မတူသည်က ကောင်းကင်ဓားခန်းမသည် လူတိုင်းကို တိုက်ရိုက်မငြင်းဆန်ခဲ့ပေ။ ထို့အစား သူတို့သည် အခွင့်အရေးတစ်ခု ပေးခဲ့သည်။ ထိုသူတို့သည် ကောင်းကင်ဓားခန်းမမှ ဓားသမားတို့ကို ဆန့်ကျင်တိုက်ခိုက်စေပြီး အနိုင်ရပါက ကောင်းကင်ဓားခန်းမက သူတို့ကို နတ်ဘုရားအမွေအနှစ် နယ်မြေသို့ ခေါ်ဆောင်သွားမည် ဖြစ်သည်။ ထိုဓားသမားသည် ကောင်းကင်ဓားခန်းမသို့ပင် ဝင်ရောက်ကာ ဓားပညာကို ကျင့်ကြံနိုင်ပေသည်။
လူအများသည် ထိုသည်မှာ ကောင်းကင်ဓားခန်းမက နတ်ဘုရားအမွေအနှစ် နယ်မြေသို့ မဝင်ရောက်ခင် တပည့်များကို လေ့ကျင့်ပေးသည့် နည်းလမ်းတစ်ခုဟု နားလည်ကြသည်။ သူတို့သည် ဤဓားသမားများကို သုံးကာ သူတို့၏ တပည့်များကို လေ့ကျင့်ပေးပြီး နယ်မြေအတွင်း မဝင်ခင် သူတို့တပည့်များ၏ အရည်အသွေးကို မြှင့်တင်ပေးနေခြင်း ဖြစ်သည်။
တိုက်ပွဲကို လက်ခံသူများမှာ ထိုအချက်ကို နားလည်သော်လည်း သူတို့က လုပ်ဆောင်လိုကြပေသည်။ အဆုံးတွင် လူအများက သူတို့၏ အသက်များနှင့် ပေးဆပ်သွားရသည်။ ဓားသမားများကြားမှ တိုက်ပွဲသည် အလွန် အန္တရာယ်များလှသည်။ ကောင်းကင်ဓားခန်းမမှ ဓားသမားများသည် အလွန် အစွမ်းထက်သည့် တိုက်ခိုက်မှုတို့ ရှိကြသည်။ သူတို့က သတ်ဖြတ်မှုတိုက်ကွက်ကို တစ်ခါ ထုတ်ဖော်ပြီးပါက ပြန်ရုတ်သိမ်း၍ မရနိုင်တော့ပေ။
သို့ဆိုလျှင်ပင် လူအများက ကြိုးစားကြည့်ချင်ကြဆဲ ဖြစ်သည်။ လီဟန်ဓားသမားသည်လည်း သူတို့ထဲက တစ်ယောက် ဖြစ်၏။
ယခု လက်ရှိ တိုက်ပွဲကွင်းပြင်တွင် တိုက်ခိုက်နေသူ နှစ်ယောက်အနက် တစ်ယောက်သည် အင်ပါယာရှားဘုံမှ လီဟန်ဓားသမားဖြစ်သည်။
တိုက်ပွဲကွင်းပြင်တွင် အဆုံးမဲ့ ဓားစွမ်းအားတို့ လွှမ်းခြုံနေသည်။ မရေတွက်နိုင်သည့် ဓားများက လေထဲတွင် လွင့်ဝဲနေကာ လေဟာနယ်ကို စုတ်ဖြဲရန် ကြိုးစားနေသည်။ သို့သော်လည်း အဖျားချွန်များက အောက်သို့ တွဲလောင်းကျနေသည့် ဓားများက ပြိုင်ဘက်၏ ဓားတို့ကို ဖိနှိပ်ထားသည်။ ပြိုင်ဘက်က၏ ဓားအလက်တိုင်းသည် သာမန်ဓားထက် ပိုကျယ်ပြန့်ပြီး မိုးကြိုးသွားဖြင့် ထွင်းထုထားခြင်း ဖြစ်သည်။ ဓားများမှ ကြောက်မက်ဖွယ် အလင်းတို့ ဖြာထွက်နေသည်။
အလင်းများက မျက်စိကျိန်းလောက်အောင်ပင် ဖြစ်သည်။ ဓားသမားလီဟန်သည် သူ့ခေါင်းကို မော့ကာ အသင်္ချေ မိုးကြိုးဓားတို့အား ကြည့်သည်။ ဓားတိုင်းတွင် မိုးကြိုးစာလုံးများကလင်းလက်တောက်ပလာသည်။ ကြီးမားသည့် မိုးကြိုးဓားက ကောင်းကင်အလယ်တွင် ပျံသန်းနေသည်။ အောက်သို့ ညွှန်ပြနေသော ၎င်း၏ ထိပ်ဖျားသည် ပတ်ဝန်းကျင်ရှိ လမ်းစဥ်မိုးကြိုးတို့ကို စုပ်ယူနေသည်။ ၎င်း၏ စွမ်းအားတို့က အလွန် နက်နဲသိမ်မွေ့လှသည်။
လွှမ်းမိုးနိုင်သည့် ဓားစွမ်းအားများကို ခံစားမိသည့်အခါ လီဟန်ဓားသမားသည် ဤတိုက်ခိုက်မှုက သူ့အသက်ကို နှုတ်ယူနိုင်ကြောင်း ကောင်းစွာ သတိထားမိသည်။ သို့သော် သူ့ အကြည့်တို့က တည်ငြိမ်နေသည်။ သူသည် နှစ်ပေါင်းများစွာ ကြာသည်ထိ ဘုံများစွာကို ဖြတ်သန်းခရီးဆက်ခဲ့သည်။ သူ၏ ဓားပညာသည် အင်ပါယာရှားဘုံ၌ ရှိစဥ်ကပင် အကန့်အသတ်တစ်ခုသို့ ရောက်ရှိခဲ့ပြီး အင်ပါယာလီဘုံက မည်သူမှ သူ့ကို ခြိမ်းခြောက်နိုင်စွမ်း မရှိခဲ့ပေ။ နောက်ဆုံး၌ သူက မဟာလမ်းစဥ် ဘုံသုံးထောင်အနှံ့လျှောက်သွားရင်း ဗဟိုအင်ပါယာဘုံသို့ သွားရောက်မည်ဟု ဆုံးဖြတ်ခဲ့သည်။
ထင်ထားသလိုပင် သူက ခရီးရှည်ကြီးလျှောက်ခဲ့ရသည်။
သူသည် လီဟန်ဓားသမားအဖြစ် အင်ပါယာရှားဘုံတွင် လေးစားခံရသည်။ သို့သော် သူက ကောင်းကင်ဓားခန်းမမှ တပည့်ကို ရှုံးနိမ့်စေခြင်းငှာ မစွမ်းသာခဲ့ပေ။ သူ့ပြိုင်ဘက်၏ ဓားဝိညာဥ်က သူ၏ ဓားဝိညာဥ်ထက် ပို၍ အားကောင်းပေသည်။ သူ့ ပြိုင်ဘက်၏ ဓားဝိညာဥ်က မဟာလမ်းစဥ်စွမ်းအားများနှင့် မရေတွက်နိုင်သည့် တိုက်ပွဲများမှ ဖွဲ့စည်းလာနိုင်ခြင်း ဖြစ်သည်။
လီဟန်ဓားသမားသည် နောင်တ တရားကို ခံစားမိခဲ့သည်။ သူသည် ငယ်ရွယ်စဥ်ကပင် ဘုံများအတွင်း လှည့်လည်သွားလာသင့်ပေသည်။ ထိုစဥ်က သူ၏ အလားအလာက ပိုမိုကောင်းမွန်သည်။ သူသည် ပို၍ အန္တရာယ်များမည် ဖြစ်သော်လည်း တိုးတက်မှုအခွင့်အလမ်းလည်း ပိုများပေလိမ့်မည်။
အမှန်တွင် လီဟန်ဓားသမားက နားလည်မှုလွဲနေခြင်း ဖြစ်သည်။ နတ်ဘုရားအမွေအနှစ် နယ်မြေသို့ ဝင်ရောက်ရန် ရွေးချယ်ခံထားရသည့်တပည့်များက အလွန် ထူးချွန်သည်။ အင်ပါယာရှားဘုံမှ လီဟန်ဓားသမားသည် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီး ဓားပညာအပေါ် သူ၏ သဘောပေါက်နားလည်မှုက အလွန် ကြီးမားသည်။ သူ့အတွက် ကောင်းကင်ဓားခန်းမမှ ဓားသမားနှင့် တိုက်ခိုက်ရန် အရည်အချင်း ပြည့်မီခြင်းကပင် အောင်မြင်မှု ရနေခဲ့ပြီး ဖြစ်၏။
***