ထျန်းဟယ်မဟာအကြီးအကဲနှင့် ရီဖူရှင်းသည် ပျက်စီးခြင်းနယ်မြေ ထောင့်တစ်နေရာ၌ ကျင့်ကြံနေကြသည်။ ရုတ်တရက် ထျန်းဟယ်မဟာအကြီးအကဲက မျက်လုံးများကို ဖွင့်ကာ အဝေးသို့ ကြည့်သည်။ သူက ပြောလိုက်၏။ “ထိုက်ရွှမ်တောင်က လူတွေ ရောက်နေပြီ။”
သူ့ဘေးရှိ ရီဖူရှင်းက တဖြည်းဖြည်း မျက်လုံးဖွင့်သည်။ သူသည်လည်း အဝေးသို့ ကြည့်သည်။ ရက်အနည်းငယ် စောင့်ဆိုင်းပြီးနောက်၌ ထိုက်ရွှမ်တောင်မှ လူများရောက်လာကြပြီ ဖြစ်သည်။
“ထိုက်ရွှမ်တောင်က လူတွေနဲ့ အထက်ကောင်းကင်ဘုံက တခြားအင်အားစုတွေ စုရပ်မှာ ရှိနေပုံပဲ။” ထျန်းဟယ်မဟာအကြီးအကဲက ပြောသည်။ “အခု သွားကြရအောင်”
“ကောင်းပါပြီ” ရီဖူရှင်းက ခေါင်းညိတ်သည်။ လျှပ်တပြက်အတွင်း သူတို့နှစ်ယောက်သည် တူညီသည့်နေရာသို့ ဦးတည်သွားခဲ့ကြ၏။
ထိုက်ရွှမ်တောင်မှ လူများက အတူတူ စုစည်းနေကြသည်။ အရှင်ထိုက်ရွှမ်က စောင့်ဆိုင်းနေ၏။ သူသည် ထျန်းဟယ်မဟာအကြီးအကဲကို အသိစိတ် ပို့လွှတ်ကာ အသိပေးပြီး တက်ကြွစွာ စောင့်ကြိုနေသည့် တစ်ဦးတည်းသောသူဖြစ်သည်။ ယခု သူသည် ထျန်းဟယ်မဟာအကြီးအကဲတို့က သူတို့နှင့် တွေ့ဆုံရန် လာရောက်နေပြီကို သိရှိပေသည်။
အထက်ကောင်းကင်ဘုံမှ တန်ခိုးရှင်များသည် စုရပ်တွင် ဝိုင်းရံကာ ရပ်နေကြသည်။ သူတို့အားလုံး၏ အကြည့်များက အရှင်ထိုက်ရွှမ်ထံ ရောက်ရှိနေ၏။
သူတို့သည် ယခင်က အရှင်ထိုက်ရွှမ် ခရီးတစ်ခု ထွက်သွားသည်ဟု ကြားခဲ့ကြသည်။ ထို့နောက်တွင် နောက်ပိုင်းနှစ်များ၌ ရီဖူရှင်းက ပေါ်ပေါက်မလာတော့ပေ။ ဤခရီးအတွင်း ထိုက်ရွှမ်တောင်မှ အဖွဲ့ဝင်များအကြားတွင် ရီဖူရှင်း၏ အရိပ်အယောင် မြင်တွေ့လိုနေကြသည်။ သူက မည်သည့်နေရာသို့ ရောက်သွားခဲ့သနည်း။
နတ်နန်းတော်၊ ရွှေရောင်နတ်ပြည်ထောင်နှင့် အထက်ကောင်းကင်ဘုံမှ အခြားသော အင်အားစုများမှာ ရီဖူရှင်း မည်သည့်နေရာတွင် ရှိနေမည်ကို အာရုံစိုက်နေကြသည်။
ရီဖူရှင်းသည် မျိုးဆက်သစ် တန်ခိုးရှင်များအကြား ဦးဆောင်နိုင်သူ တစ်ယောက်ဖြစ်သည်။ အထက်ကောင်းကင်ဘုံတွင် ရန်ဟောင်အဆင့်အောက် လူများအကြား သူသည် ထိပ်ဆုံးသုံးယောက် စာရင်းဝင်သည်။ နတ်ဘုရားနန်းတော် ဘိုးဘေးနယ်မြေမှ ဟွမ်ကျုံးသာလျှင် သူ့ကို ဖိနှိပ်နိုင်လိမ့်မည်။
ထိုအချိန်တွင် လူအများသည် အဝေးသို့ မော့ကြည့်လိုက်ကြသည်။ သူတို့သည် တစ်ခုခုကို ခံစားမိလိုက်ကြပြီး ကိုးရို့ကားယားနိုင်သည့် အကြည့်တို့ ဖြစ်ပေါ်လာသည်။
ရီဖူရှင်းက ပေါ်ပေါက်လာ၏။ သို့သော် သူသည် အရှင်ထိုက်ရွှမ်မဟုတ်သည့် အခြားစီနီယာတစ်ဦးနှင့် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ သူတို့သည် ဤဘက်သို့ ဦးတည်လာနေကာ အရှင်ထိုက်ရွှမ်နှင့် လာရောက်တွေ့ဆုံခြင်း ဖြစ်သည်။
ခဏကြာပြီးနောက်၌ ထိုက်ရွှမ်တောင်မှ လူများရှေ့တွင် ပုံရိပ်နှစ်ခု ဆင်းသက်လာပြီး လူအုပ်၏ ရှေ့၌ ပေါ်ပေါက်လာသည်။
“အရှင်ထိုက်ရွှမ်” ရီဖူရှင်းက သူ့ကို ထျန်းဟယ်ဘုံသို့ ပို့ပေးခဲ့သည့် အရှင်ထိုက်ရွှမ်ကို အရိုအသေပေးသည်။ မတော်တဆ ဖြစ်သော်လည်း ထိုသည်က သူ့ဆရာ၏ အခြေအနေကို ရီဖူရှင်းအား သိခွင့်ရစေခဲ့သည်။ မဟုတ်လျှင် ရီဖူရှင်းသည် သူ့ဆရာက ချန်းကလန်၏ အဖမ်းခံလိုက်ရသည်ကိုပင် သိရှိလိုက်ရမည် မဟုတ်ပေ။
“ဒီနှစ်တွေမှာ မင်းရဲ့ ကျင့်ကြံမှုက ဘယ်လိုနေလဲ။” အရှင်ထိုက်ရွှမ်က မေးသည်။
“ဆရာနဲ့အတူ တစ်နှစ်လောက် ကျင့်ကြံပြီးတော့ ကျွန်တော် မဟာလမ်းစဥ်ကို ချဥ်းကပ်နိုင်ခဲ့ပါတယ်။” ရီဖူရှင်းက ဖြေသည်။ အရှင်ထိုက်ရွှမ်က ရီဖူရှင်း၏ အဖြေကို ကြားသည့်အခါ သူက အသိအမှတ်ပြုဟန်ဖြင့် ခေါင်းညိတ်ကာ ပြုံးသည်။ ထျန်းဟယ်မဟာအကြီးအကဲ၏ ကျင့်စဥ်က ရန်ဟောင်အဆင့်သို့ ရောက်ရှိနိုင်ရန် သင့်တော်ပေသည်။ ရီဖူရှင်း ကို ထိုနေရာသို့ ပို့ဆောင်ပေးခဲ့ခြင်းက အလဟဿ မဖြစ်ခဲ့ပေ။
ရီဖူရှင်းက မဟာလမ်းစဥ်ကို ချဥ်းကပ်နိုင်ပြီဟု ပြောသည်ဖြစ်ရာ သူက အဆင့်တက်ရန် နီးစပ်နေပြီဟု ဆိုလိုခြင်း ဖြစ်သည်။
“လွန်ခဲ့တဲ့တစ်နှစ်က ငါ မဟာလမ်းစဥ်ကို ချဥ်းကပ်နိုင်ခဲ့တယ်။ ဒါပေမယ့် အခုထိ ငါက အဆင့်မတက်နိုင်သေးဘူး။ အခု ကြည့်ရတာတော့ မင်းက ငါ့ကို မီလာပြန်ပြီပဲ။” အရှင်ထိုက်ရွှမ်၏ အနောက်မှ ပုံရိပ်က အပြုံးနှင့် ပြောသည်။ ထိုသူမှာ ထိုက်ရွှမ်တောင် ဓားချောက်နက်မှ တန်ခိုးရှင် တစ်ဦးဖြစ်သော ဝမ်ရှိုးရီဖြစ်သည်။ ယခင်က သူသည် ရီဖူရှင်း၏ အကူအညီနှင့် ဓားပညာကို ထိုးထွင်းသိမြင်ခဲ့သည်။ ထိုက်ရွှမ်တောင်သို့ ပြန်ရောက်ပြီးနောက်တွင် သူသည် အခွင့်အရေးကို အသုံးချကာ မဟာလမ်းစဥ်ကို ချဥ်းကပ်နိုင်ခဲ့သည်။ ဤနှစ်များအတွင်း သူသည် အချိန်အားလုံးကို ကျင့်ကြံခြင်း၌ပင် နှစ်မြှုပ်ထားသော်လည်း သူသည် ခြေတစ်လှမ်းသာ လှမ်းနိုင်သကဲ့သို့ ထင်ရပေသည်။
သူ၏ အရည်အချင်းက ရီဖူရှင်းထက် နိမ့်ကျသည်ဟု ခံစားမိသော်လည်း သူသည် ရီဖူရှင်းထက် အရင် ရန်ဟောင်အဆင့်သို့ ဝင်ရောက်နိုင်မည်ဟု ယုံကြည်နေဆဲ ဖြစ်သည်။ သို့သော် ယခု ကြည့်ရသည်မှာ ထိုအဖြစ်က မသေချာတော့သလို ခံစားလာရ၏။
ဤလူ၏ ကျင့်ကြံခြင်း တိုးတက်မှု အရှိန်က အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။
ဝမ်ရှိုးရီသည် နောက်တစ်ဆင့်ကို ချိုးဖျက်နိုင်ခြင်း မရှိသည့်အတွက် သူက ကျင့်ကြံဆင့်ကို ဖိနှိပ်ထားရန် မလိုပေ။ သူက နောက်တဆင့်သို့ ချိုးဖျက်နိုင်စွမ်းရှိခဲ့လျှင် သူက တမင်သက်သက် ကျင့်ကြံခြင်းကို ဖိနှိပ်ထားမည် မဟုတ်ပေ။ သူက စီးမျောမှုအတိုင်းလိုက်ကာ ရန်ဟောင်အဆင့်သို့ တက်ရောက်လိုက်မည် ဖြစ်၏။
ရီဖူရှင်းက ပြုံးသည်။ ရီဖူရှင်း၏ ပင်ကိုစရိုက်က အလွန် ကောင်းမွန်ပေသည်။
ရီဖူရှင်းသည် ထျန်းဟယ်မဟာအကြီးအကဲအား ဆရာဟု ခေါ်သည်ကို ကြားသည့်အခါ အရှင်ထိုက်ရွှမ်က ထျန်းဟယ်မဟာအကြီးအကဲကို အပြုံးနှင့် မေးသည်။ “ထျန်းဟယ်.. ငါ ပို့ပေးခဲ့တဲ့ တပည့်ကို မင်း ဘယ်လိုထင်လဲ။” ထျန်းဟယ်မဟာအကြီးအကဲသည် ရီဖူရှင်းနှင့်အတူ လိုက်ပါလာသည့်အတွက် သူသည် ယခင်က ဒဏ်ရာများကို ကုစားနိုင်ပြီလားဟု သိချင်မိပေသည်။
အရှင်ထိုက်ရွှမ်သည် ရီဖူရှင်းနှင့် ထျန်းဟယ်မဟာအကြီးအကဲကြားမှ ဆက်ဆံရေးကို ရှင်းလင်းစွာ မသိပေ။ သူက ရီဖူရှင်း၏ ဆရာ ပြန်လာပြီးနောက် ဖြစ်ခဲ့သည့် အဖြစ်အပျက်များအား မသိရှိခဲ့ပေ။
ရုတ်တရက် အေးစက်မှုက သူတို့အပေါ်ကို ကျဆင်းလာသည်။ လေထဲတွင် လူတစ်စု လျှောက်လာနေပြီး သူတို့ထံမှ နတ်အလင်းများတောက်ပနေသည်။
ရီဖူရှင်းက ခေါင်းမော့ကာ ထိုနေရာသို့ ကြည့်သည်။ သူသည် တောက်ပသည့် ရွှေရောင်နတ်အလင်းတို့ကို တွေ့လိုက်ရသည်။ သူတို့သည် ရွှေရောင်နတ်ပြည်ထောင်မှ တန်ခိုးရှင်များ ဖြစ်သည်။ ကိုက်ရှီက သူတို့အကြားတွင် ရှိနေသည်။
ရွှေရောင်နတ်ပြည်ထောင်က အလွန် အစွမ်းထက်လှသည်။ ဤတစ်ခေါက်တွင် နတ်ဘုရားနန်းတော်က ဒုတိယသာလျှင် ဖြစ်သည်။ ရွှေရောင်နတ်ပြည်ထောင်၏ ရန်ဟောင်များ ခန္ဓာကိုယ်တို့မှ တောက်ပနေသည့် ရွှေရောင်နတ်အလင်းတို့က မျက်စိကျိန်းလောက်အောင်ပင် ဖြစ်သည်။ ထိုက်ရွှမ်တောင်မှ တပည့်များသည် သူတို့း မျက်လုံးများကို လက်များဖြင့် ကာထားကြပေသည်။
အရှင်ထိုက်ရွှမ်က ခေါင်းကို မော့ကာ ရွှေရောင်နတ်ပြည်ထောင်မှ လူများကို မေးသည်။ “ကျုပ်တို့နဲ့ ဘာကိစ္စရှိလို့လဲ။”
“အရှင်ထိုက်ရွှမ်က ဒီနေရာမှာ ရောက်နေတာ မြင်လို့ လာတွေ့တာပါ။” ရွှေရောင်နတ်ပြည်ထောင်မှ စစ်သူကြီးက ပြောသည်။ သူ့အသံက တည်ငြိမ်နေ၏။ သူ၏ အကြည့်တို့က ရီဖူရှင်းပေါ်သို့ ကျရောက်လာသည့်အခါ အလွန် ထက်ရှသွားသည်။ ကိုက်ရှီသည် ရီဖူရှင်းကို စူးစိုက်ကြည့်နေသည်။ သူသည် ယခင်က စော်ကားခံရမှုအား ရီဖူရှင်း ကို သေချာပေါက် ပြန်ပေးဆပ်စေမည် ဖြစ်၏။
ကိုက်ရှီ၏ ကျင့်ကြံမှုက အလွန် တိုးတက်လာသော်လည်း သူသည် ယခုတွင် ရီဖူရှင်းက မည်သည့်အဆင့် ရောက်နေပြီကို မသိပေ။ ရီဖူရှင်း ယခင်က ပြသခဲ့သည့် တိုက်ပွဲစွမ်းရည်နှင့် ကိုက်ရှီသည် သူ့ကို ရှုံးနိမ့်စေရန် အတော်လေး ခက်ခဲနေခဲ့သည်။
“ခင်ဗျားက အရမ်းအားနာနေတာပဲ” အရှင်ထိုက်ရွှမ်က ပြောသည်။ “ကြည့်ရတာ ရွှေရောင်နတ်ပြည်ထောင်အရှင်က မလာဘူးထင်တယ်။ သူ့ကို နှုတ်ဆက်တယ်လို့ ပြောပေးပါ။”
“ပြောပေးပါ့မယ်” စစ်သူကြီးက တုန့်ပြန်သည်။ နှစ်ဖက်လုံးသည် မုန်းတီးမှု မရှိဘဲ သာမန်အတိုင်း စကားပြောနေသည်ဟု ထင်မှတ်ရသည်။ သူတို့သည် ပုံမှန်အတိုင်း စကားများကို ပြောနေသော်လည်း အလွန်အမင်း ယဥ်ကျေးနေသည်။ သို့သော် လူတိုင်းသည် သူတို့ကြားမှ အားပြိုင်မှုကို ခံစားကြရပေသည်။
ရီဖူရှင်းက နတ်ဘုရားပူဆွေးခြင်းကို ကိုက်ရှီထံမှ ရယူခဲ့သည်။ ထိုသည်မှာ ရွှေရောင်နတ်ပြည်ထောင်၏ အရေးပါဆုံး ကျင့်စဥ်တစ်ခု ဖြစ်သည်။ ယခု ၎င်းက အပြင်လူ၏ လက်ထဲသို့ ကျရောက်သွားခဲ့သည်ဖြစ်ရာ သူတို့က မည်သို့ အလွယ်တကူ လွှတ်ပေးနိုင်မည်နည်း။
“အရှင်ထိုက်ရွှမ်” နောက်ထပ် အသံတစ်ခု ခေါ်သည်။ နောက်ထပ် အဖွဲ့တစ်ဖွဲ့က သူတို့ထံချဥ်းကပ်လာ၏။ ထိုသူမှာ နတ်ဘုရားနန်းတော်မှ အစွမ်းထက်တန်ခိုးရှင်များကို ဦးဆောင်လာသူ ဖြစ်သည်။ ရီဖူရှင်းသည် ရင်းနှီးနေသည့် မျက်နှာများစွာကို မြင်တွေ့ခဲ့သည်။ သူတို့သည် နတ်ဘုရားနန်းတော်၏ ထင်ရှားကျော်ကြားသူများ ဖြစ်ကြသည်။
နတ်ဘုရားနန်းတော်မှ အဖွဲ့ဝင်များတွင် လီနတ်ဓားမိသားစု၊ ချန်ဖုန်းကလန်နှင့် Sky Burying God ကလန်မှ လူတို့ ပါဝင်သည်။
အဝေးမှ သူတို့၏ နောက်တွင် နတ်ရှီလင်မြို့မှ တန်ခိုးရှင်များ ရှိသည်။ ရှီလင်နတ်ဆိုးအိုကြီးက အဖွဲ့ကို ရှေ့ဆုံးမှ ဦးဆောင်လာသည်။ သူ၏ အကြည့်များက အလွန် နက်ရှိုင်းကာ အေးစက်နေပြီး လူအများက ကြေက်ရွံ့သွားစေနိုင်သည်။
အထက်ကောင်းကင်ဘုံ၏ အကျော်ဇေယျများက ဤနေရာ၌ စုစည်းရောက်ရှိနေကြသည်။
နတ်ဘုရားနန်းတော်မှ အဖွဲ့ဝင်များအကြားတွင် ရီဖူရှင်းသည် ဟွမ်ကျုံးလည်း ရောက်ရှိလာသည်ကို မြင်တွေ့ခဲ့သည်။ တစ်နှစ် နှစ်နှစ်အတွင်း ဟွမ်ကျုံးသည် ရန်ဟောင်အဆင့်သို့ ချိုးဖျက်ရန် အဆင့်မီနေခဲ့ပြီ ဖြစ်သည်။ သို့သော် သူက သူ၏ မဟာလမ်းစဥ် နတ်ဝင်ရိုးကို ထပ်ခါတလဲလဲ သွေးချင်နေခဲ့သည်။ သူသည် သူ၏ အကန့်အသတ်ရောက်သည်အထိ ပြီးပြည့်စုံစွာ တည်ဆောက်ချင်နေခဲ့၏။ သူက နတ်ဘုရားနန်းတော် ဘိုးဘေးနယ်မြေသို့ ဝင်ရောက်ခဲ့ပြီး နောက်နှစ်ကြာသွားခဲ့သော်လည်း ဟွမ်ကျုံးက နောက်တစ်ဆင့်သို့ ချိုးဖျက်ဝင်ရောက်သွားခြင်း မရှိသေးပေ။ သူက ရှန့်ထိုအဆင့်တွင် မည်မျှ အစွမ်းထက်မည်ကို လူတိုင်းခန့်မှန်းနိုင်ပေသည်။ သူသည် ပြိုင်ဘက်ကင်းလုနီးပါးပင် ဖြစ်၏။
ဟွမ်ကျုံးကဲ့သို့ လူမျိုးသည် ရန်ဟောင်အဆင့်အောက်၌ ပို၍ အားကောင်းသန်မာလာစေရန် ကျင့်ကြံနေသည်။
ရိထျန်းယွီသည်လည်း ရှိနေခဲ့သည်။ သူ၏ အကြည့်များက ရီဖူရှင်းပေါ် ကျရောက်နေခဲ့သည်။ သူသည် ရှန်ကျင်းက ရီဖူရှင်းဖြစ်ကြောင်း ရှာတွေ့သည့်အချိန်၌ သူ့အပေါ် ကြီးစွာ သက်ရောက်မှု ရှိခဲ့သည်။ ယခုတွင် နောက်ဆုံး၌ သူက ရီဖူရှင်းနှင့် တစ်ဖန် ထပ်ကာ တွေ့ဆုံခဲ့ပြီ ဖြစ်သည်။ ဤတကြိမ်၌ ရီဖူရှင်းသည် သူ၏ မူလသွင်ပြင်နှင့် ပြန်ဖြစ်နေခဲ့ပြီ ဖြစ်၏။ သူ၏ အရှိန်အဝါသည် ကောင်းကင်အာဏာစက်ဘုံတွင် ရှိနေစဥ်ထက်ပင် ပို၍ အားကောင်း ထူးချွန်လာခဲ့သည်။
“မင်းက ဘိုးဘေးနယ်မြေကို ဝင်လာခဲ့တဲ့ တစ်ယောက်လား။” ဟွမ်ကျုံးက ရီဖူရှင်းကို မေးသည်။ ယခင် ဟွမ်ကျုံး ရီဖူရှင်းကို တွေ့ခဲ့စဥ်က ရှန်ကျင်းအဖြစ် ရုပ်ဖျက်ထားချိန်၌ ဖြစ်သည်။
“ဟုတ်ပါတယ်” ရီဖူရှင်းက ဟွမ်ကျုံးကို ကြည့်ကာ ပြန်ဖြေသည်။
သူက ရီဖူရှင်း၏ ခန္ဓာကိုယ်မှ အရှိန်အဝါကို ခံစားမိသည့်အခါ ဟွမ်ကျုံးက ရေရွတ်လိုက်၏။ “မင်းက မြင့်မားတဲ့ကျင့်ကြံဆင့်ကို ရောက်နေခဲ့ပြီပဲ။ ကျုပ်တို့ အရင်တွေ့ခဲ့တုန်းကထက် ဘယ်လောက် တိုးတက်လာလဲ သိချင်မိတယ်။”
ရီဖူရှင်းက ပြုံးလိုက်၏။
“ရီဖူရှင်းနဲ့ နတ်ဘုရားနန်းတော်က ကံကြမ္မာတွေ ရစ်နှောင်ထားတယ်လို့ ဆုံးဖြတ်နိုင်တယ်။ တကယ်လို့ စိတ်မရှိရင် နတ်ဘုရားအမွေအနှစ် နယ်မြေကို ဝင်ပြီးနောက်မှာ လာရှာနိုင်ပါတယ်။” နတ်ဘုရားနန်းတော်က စီနီယာတစ်ယောက်က ပြောသည်။ ရီဖူရှင်းသည် ယခင်က နတ်ဘုရားနန်းတော် ဘိုးဘေးနယ်မြေသို့ ဝင်ရောက်ခဲ့သည်။ သူသည် နတ်ဘုရားနန်းတော်နှင့် မဖျက်ဆီးနိုင်သည့် ဆက်နွယ်မှု ရှိသည်ဟု သတ်မှတ်နိုင်သည်။
“ကျုပ်ကို တခြားလူတွေ လာရှာဖို့ မလိုအပ်ဘူး။ နတ်ဘုရားအမွေအနှစ် နယ်မြေကို ဝင်ပြီးနောက်မှာ ကျုပ် အချိန်တွေကို သူတို့ကြောင့် အလကားအဖြစ်မခံနိုင်ဘူး။” ဟွမ်ကျုံးက ပြန်ပြောသည်။ သူက နတ်ဘုရားအမွေအနှစ် နယ်မြေကို ဝင်ပြီးနောက်တွင် တစ်ယောက်တည်း ခရီးဆက်မည် ဖြစ်၏။ သူတို့က ဂိုဏ်းတစ်ခုတည်း ဖြစ်သော်လည်း သူနှင့် အခြားတပည့်များ၏ ဆက်ဆံရေးက ရင်းနှီးခြင်း မရှိပေ။ သူက အခြားသူများကို ဂရုစိုက်ပေးနေရန် အချိန်မရှိပေ။
ဤသည်က နတ်ဘုရားအမွေအနှစ် ဖြစ်သည်။ သူက အခြားသူများအတွက်နှင့် မည်သို့ အချိန်ကုန်ခံနိုင်ပါမည်နည်း။
“ကျုပ်က အကြံဉာဏ်ပေးရုံပါ။ ဘယ်လိုတွေ လုပ်ကြမလဲဆိုတာကတော့ မင်းတို့ကိုယ်တိုင် ဆုံးဖြတ်ရမှာပဲ။” နတ်ဘုရားနန်းတော်မှ စီနီယာက ပြောသည်။ နတ်ဘုရားနန်းတော်သည် အခြားသူများ၏ အရေးကို မည်သည့်အခါကမှ ဝင်မပါခဲ့ပေ။ သူတို့ ဤနေရာ၌ ရှိနေခြင်းမှာ ဟောကိန်း လက်ခံရရှိခဲ့ခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် သူတို့က သူတို့၏ တပည့်များကို ခေါ်ဆောင်လာခြင်း ဖြစ်သည်။
တပည့်များက နတ်ဘုရားအမွေအနှစ် နယ်မြေသို့ ဝင်ပြီးနောက် ကြုံတွေ့ရမည်များကို စီနီယာများက ထိန်းချုပ်ပေးနိုင်လိမ့်မည် မဟုတ်ပေ။
လူအများသည် ဟွမ်ကျုံးကို ကြည့်သည်။ သူက အထက်ကောင်းကင်ဘုံတွင် ရန်ဟောင်အဆင့်အောက် ထိပ်သီးအဆင့်ပုဂ္ဂိုလ်ဟု ကျော်ကြားပေသည်။ မျှော်လင့်ထားသလိုပင် သူ့တွင် အချို့ စရိုက်တို့ ရှိနေသည်။
သို့သော် ဟွမ်ကျုံး၏ စွမ်းအားအရ သူသည် အထက်ဘုံကိုးခု၌ပင် မြင့်မားသည့်အဆင့် ဝင်နိုင်ပေသည်။ သူက အထက်ဘုံကိုးခုတွင် ထိပ်တန်း ဆယ်ယောက်စာရင်းပင် ဝင်နိုင်ချေ ရှိပေသည်။
စုရပ်၏ အစွန်းများတွင် တန်ခိုးရှင်များ စုစည်းနေကြသည်။ သူတို့အားလုံးသည် အထက်ကောင်းကင်ဘုံမှ အဖွဲ့ဝင်များအားလုံးကို သိကြသည်။ ဟောကိန်း လက်ခံရရှိပြီးနောက်၌ လူအများသည် ဤအင်အားစုများသို့ လာရောက်လာကာ နတ်ဘုရားအမွေအနှစ် နယ်မြေသို့ ဝင်ရောက်ခွင့်ရလိုကြသည်။
ထိုသို့သော မြင်ကွင်းက အလွန် သမရိုးကျဆန်ပေသည်။ သူတို့က နတ်ဘုရားအမွေအနှစ် နယ်မြေကို ဝင်လိုလျှင် ကျောထောက်နောက်ခံမရှိသည့် ရှန့်ထိုအထွတ်အထိပ်အဆင့်မှ လူများသည် ထိပ်သီးအင်အားစုများ၏ အကူအညီပေါ်တွင် မှီခိုကြရသည်။
ထို့ကြောင့် စုရပ်၏ အစွန်အဖျားတွင် တန်ခိုးရှင်များက ရပ်ကာ စောင့်ကြပ်နေကြသည်။ သူတို့သည် အပြင်လူများက စုရပ်အတွင်းသို့ ဝင်လာမည်အား တားမြစ်ရန် စောင့်ကြည့်နေကြခြင်း ဖြစ်သည်။
“ဘယ်လောက် ကြီးလိုက်တဲ့ လူစုလူဝေးလဲ။” လူအုပ်ကြားမှ အင်ပါယာရှားသည် ထိုနေရာကို စိတ်ဝင်တစားနှင့် လှည့်ပတ်ကြည့်နေသည်။ “ဒီလူအုပ်က အရမ်း အစွမ်းထက်တယ်။ ပဲဒီကောင်စုတ်လေးက ဒီအထက်ဘုံမှာ မိတ်ဆွေတွေ ရနေလောက်တယ်။”
အင်ပါယာရှားဘုံမှ လူငယ်များကို တွေးမိသည့်အခါ အင်ပါယာရှားသည် ဤသည်က အတော်လေး လွန်ကဲသည်ဟု ခံစားရပေသည်။
ယခင်က သူသည် ဘုံတစ်ခု၏ အရှင်သခင်ဖြစ်သည်။ ဤနေရာ၌ စုရပ်များ အပြင်အနားတွင် စောင့်ကြပ်နေသူများမှာ သူ့ထက် အားနည်းသူ မရှိပေ။ ဤနေရာတွင် ရန်ဟောင်များ ပေါများလှသည်။
အင်ပါယာရှားသည် စိတ်ပျက်အားငယ်မှုကို ခံစားနေရ၏။ အခုကစပြီး သူက ရီဖူရှင်းရှေ့တွင် သူ၏ ခန့်ညားသည့်အမူအရာကို မည်သို့ ထိန်းသိမ်းရမည်နည်း။
“မိတ်ဆွေ.. ကျုပ် စုရပ်ထဲမှာ တစ်ယောက်ယောက်ကို ရှာချင်လို့ ရမလား။” အင်ပါယာရှားက အပြင်တွင် စောင့်ကြပ်နေသူအား ပြောသည်။
သို့သော်လည်း သူ့ရှေ့မှ ရန်ဟောင်သည် သူ့ကို သာမန်မျှပင် တစ်ချက်ကြည့်ကာ လျစ်လျူရှုသွားလေသည်။
“ကျုပ် တကယ်ပဲ တစ်ယောက်ယောက်ကို ရှာချင်လို့ပါ။” အင်ပါယာရှားက ဆက်ပြောသည်။
“သူတို့အားလုံးရောပဲ။” ရန်ဟောင်က သူတို့အနီးဝန်းကျင်ကို ဝေ့ကြည့်သည်။ အင်ပါယာရှားက လူအုပ်ကို ဝေ့ကြည့်ပြီးနောက် သူ၏ မျက်နှာက ရဲတက်သွားလေသည်။
“ရီဖူရှင်း…” အကူအညီမဲ့စွာနှင့် အင်ပါယာရှားက အော်ခေါ်ရုံသာ တတ်နိုင်တော့ပေသည်။
အဝေးမှ လူအုပ်ထဲ၌ ရှိနေသည့် ရီဖူရှင်းသည် အင်ပါယာရှား၏ အသံကို ကြားလိုက်ရသည်။ သူသည် အကြည့်များကို အင်ပါယာရှားဘက်သို့ ပို့လိုက်၏။ ရီဖူရှင်းသည် အင်ပါယာရှား၏ မထင်မှတ်ထားစွာနှင့် အံ့အားသင့်သည့် အကြည့်တို့ ပေါ်ပေါက်လာသည်။ သူက လျင်မြန်စွာ ပြေးထွက်လာခဲ့သည်။
ရီဖူရှင်း၏ အပြုအမူကို မြင်သည့်အခါ တန်ခိုးရှင်များက သူ့ကို ကြည့်လိုက်ကြသည်။ သူတို့သည် ရီဖူရှင်းက အင်ပါယာရှားနှင့် ရှားရှင်းယွန်၏ အရှေ့၌ ထွက်ပေါ်လာသည်ကို မြင်လိုက်ကြသည်။
“အရှင်မင်းကြီး၊ မင်းသမီး” သူသည် သူတို့နှစ်ယောက်အား မြင်သည့်အခါ ပြုံးသည်။ သူက ရှားရှင်းယွန်ကို အန္တရာယ်ကင်းကင်း ပြန်တွေ့ရသည့်အတွက် ဝမ်းသာမိပေသည်။
“အင်း” အင်ပါယာရှားသည် အနည်းငယ် ပြုံး၍ ခေါင်းညိတ်ကာ ဘုံအရှင် ရန်ဟောင်တစ်ပါး၏ အရှိန်အဝါကို ထုတ်လွှတ်လိုက်မိသည်။ သို့သော်လည်း အင်ပါယာရှားသည် လူတစ်စုက သူတို့ထံ ချဥ်းကပ်လာသည်ကို မြင်လိုက်ရ၏။ သူတို့ တစ်ယောက်ချင်းစီ၏ အရှိန်အဝါက နက်နဲလွန်းလှသည်။ တစ်ယောက်က သူ့ကို လှမ်းကြည့်လိုက်ရုံဖြင့် သူသည် အသည်းခိုက်အောင် တုန်ယင်သွားရသည်။ အင်ပါယာရှား၏ အရှိန်အဝါက ချက်ချင်းပင် ပျက်ပြယ်သွားတော့သည်။
ဤကောင်စုတ်လေး၏ အပေါင်းအဖော်များက ကောင်းလွန်းလှသည်။ သူ့တွင် မျက်နှာပြစရာပင် မရှိတော့ပေ။
“ဖူရှင်း သူက ဘယ်သူလဲ။” အရှင်ထိုက်ရွှမ်က မေးသည်။
အင်ပါယာရှားက အရှင်ထိုက်ရွှမ်ကို မည်သူဖြစ်သည်ဟု မသိသော်လည်း သူသည် အကြည့်တစ်ချက်နှင့်ပင် အရှင်ထိုက်ရွှမ်က သူ့ထက် အများကြီး အစွမ်းထက်သည်ကို သိရှိသည်။ သူတို့သည် အဆင့်တူ၌ပင် ရှိမနေပေ။
“စီနီယာ” အင်ပါယာရှားက ဦးညွှတ်၍ နှုတ်ဆက်သည်။
“ယဥ်ကျေးနေစရာမလိုပါဘူး။” အရှင်ထိုက်ရွှမ်က အသိအမှတ်ပြုဟန်ဖြင့် ခေါင်းညိတ်သည်။
“အင်ပါယာရှားပါ။ ကျွန်တော်ရဲ့ စီနီယာတစ်ယောက်ပေါ့။” ရီဖူရှင်းက ပြောသည်။ “ပြီးတော့ သူမက ကျွန်တော့ရဲ့ သူငယ်ချင်းကောင်း ရှားရှင်းယွန်”
“အဲဒီတော့ သူတို့က မင်းရဲ့ သူငယ်ချင်းဟောင်းတွေပေါ့။” အရှင်ထိုက်ရွှမ်က ခေါင်းညိတ်၍ ပြောသည်။ “ဒါဆို ပြောစရာရှိတာ ဆက်ပြောကြလေ။”
အရှင်ထိုက်ရွှမ်က ပြောလိုက်ပြီး အဝေးသို့ လျှောက်သွားခဲ့သည်။ ရာရာက လျှောက်သွားကာ နှုတ်ဆက်လိုက်၏။ “အင်ပါယာရှား”
“မင်းလည်း ရောက်နေတာပဲ။” ရာရာ့ကို မြင်သည့်အခါ အင်ပါယာရှားက ပြောသည်။ “အင်ပါယာရှားဘုံရဲ့ အစွမ်းထက်ဆုံး ဓားသမားနှစ်ယောက်က ဒီမှာ ရောက်နေကြတာပဲ။”
“လီဟန်ဓားသမားရော ရောက်နေတာလား။” ရီဖူရှင်းက မေးသည်။
“သူ ရောက်သင့်ပြီ။” အင်ပါယာရှားက ပြောသည်။ “အင်ပါယာလီဘုံက အဖြစ်အပျက်တွေ ပြီးသွားပြီး မကြာဘူး။ လီဟန်ဓားသမားက လီဟန်နန်းတော်ကို စွန့်ခွာပြီး ကျုပ်ကို လာနှုတ်ဆက်တယ်။ သူပြောတာက သူ ကျင့်ကြံဖို့ ခရီးထွက်ချင်တယ်တဲ့။ ပြီးတော့ အစွမ်းထက်ဆုံး ဗဟိုအင်ပါယာဘုံကိုလည်း လာမယ်ပြောတယ်။ နှစ်ပေါင်းများစွာ ကြာသွားပြီးတော့ သူလည်း ဗဟိုအင်ပါယာဘုံကို ရောက်နေသင့်ပြီ။ ဒီလိုဆိုမှ သူက ဒီကိုလည်း ရောက်လာနိုင်တယ်။”
ရီဖူရှင်းက ခေါင်းညိတ်သည်။ လီဟန်ဓားသမားသည် ယခင်က အရာအားလုံး ပေးအပ်မြှုပ်နှံပြီး ဓားပညာကိုသာ လိုက်စားခဲ့သည်။ နောက်ဆုံး၌ သူက အဟန့်အတားကို ဖြုတ်ကျ၍ အဝေးသို့ ထွက်ခွာရန် ဆုံးဖြတ်ကာ အင်ပါယာရှားဘုံမှ ထွက်ခွာခဲ့သည်။
“သူက တကယ် ဒီကိုလာတယ်ဆိုရင် နတ်ဘုရားအမွေအနှစ် နယ်မြေကို ဝင်ဖို့ အင်အားစုတစ်ခုခုနဲ့ ဆက်သွယ်ဖို့ ရှာတွေ့ထားသင့်ပြီ။” အင်ပါယာရှားက ပြောသည်။ “တိုက်ဆိုင်လို့ မင်း သူနဲ့ တွေ့ခဲ့ရင် သူ့ကို လက်ကမ်းကူပေးလိုက်ပါဦး”
“သေချာပေါက် လုပ်မှာပါ” ရီဖူရှင်းက ပြန်ဖြေသည်။ လီဟန်ဓားသမားသည် သူ့အပေါ်တွင် ကြင်နာခဲ့သည်။ ရီဖူရှင်းက မိတ်ဆွေဟောင်းနှင့် တွေ့ဆုံခဲ့လျှင် သူက တတ်နိုင်သမျှ ကူညီမည်သာ ဖြစ်သည်။
***