Switch Mode

အပိုင်း(၁၅၉၀)

ပျက်စီးခြင်းမြို့တော်

ပျက်စီးခြင်းမြို့တော်ကို ရှေးဟောင်းမြို့တော်ဟု မှတ်ယူ၍ မရပေ။ ၎င်းကို မြို့တော်မှ ခေါ်သော်လည်း အမှန်တွင် ပျက်စီးယိုယွင်းနေသည့် နယ်မြေတစ်ခု ဖြစ်ကာ ကာလရှည်ကြာသည့်အခါ ပျက်စီးခြင်းမြို့တော်ဟု ဖြစ်လာသည်။

ဤနေရာသည် ရှေးအချိန်ကာလကပင် စွန့်ပစ်ခံထားရပုံရသည်။ ၎င်းသည် အလွန် ကျယ်ပြောကာ အဆုံးမရှိဟု ထင်မှတ်ရသည်။

ပျက်စီးခြင်းနယ်မြေသည် နတ်ဘုရားအမွေအနှစ် နယ်မြေ၏ ဝင်ပေါက်ဖြစ်သည်။ ထို့ကြောင့် ဗဟိုအင်ပါယာဘုံတွင် နေထိုင်သူများက ထိုစွန့်ပစ်ခံနယ်မြေကျယ်ကြီးကို ပျက်စီးခြင်းမြို့တော်ဟု ခေါ်ဝေါ်ခဲ့ကြခြင်း ဖြစ်သည်။

သို့သော် ယခုတွင် ဤ ပျက်စီးခြင်းနယ်မြေက ဗဟိုအင်ပါယာဘုံ၏ အကျော်ကြားဆုံး နေရာတစ်ခု ဖြစ်လာသည်။ အထက်ဘုံကိုးမှ လူတိုင်းနှင့် မဟာလမ်းစဥ်ဘုံထောင်မှ လူများအားလုံးက ထိုနေရာသို့ ရောက်လာကြသည်။ ပုံမှန်အားဖြင့် ဤစွန့်ပစ်ခံထားရသည့် နယ်မြေသည် ချက်ချင်းပင် စည်ကားသိုက်မြိုက်သည့် နေရာတစ်ခု ဖြစ်လာသည်။

ဤသည်မှာ နှစ်ပေါင်း ငါးဆယ် ကြာတိုင်း ကျင်းပသည့် အထူးပွဲတော်တစ်ခု ဖြစ်သည်။ ပျက်စီးခြင်းစွန့်ပစ်ခံနယ်မြေက အထက်ဘုံကိုးခု၏ အချက်အချာ ဖြစ်လာခဲ့သည စားသောက်ဆိုင်နှင့် တည်းခိုခန်းများလည်း နေရာအနှံ့တွင်ပေါ်ပေါက်လာ၏။ အချို့လူများက ရောက်လာသူများကို အစားအသောက်နှင့် သောက်စရာများ အခမဲ့ ကျွေမွေးခဲ့သည်။ သို့ဆိုလျှင်ပင် ပျက်စီးခြင်းမြို့တော်သို့ လာရောက်ကြသူများမှာ အလွန် သဘောထားကြီးသူများ ဖြစ်ကြသည့်အတွက် ထောက်ပံ့သူများအတွက် အကျိုးအမြတ်များစွာ ပြန်လည် ရရှိခဲ့ပေသည်။

ထို ရောက်ရှိလာသည့် လူများအကြားတွင် နေ့စဥ် စကားစမြည်ပြောဆိုသည့် အကြောင်းအရာမှာ အမြဲလိုလို အထက်ဘုံကိုးခုမှ ရောက်ရှိလာသည့် အဓိကအင်အားစုများ အကြောင်းဖြစ်သည်။

သို့သော် ရောက်ရှိသူ အများစုမှာ ဗဟိုအင်ပါယာဘုံမှ အင်အားစုများ ဖြစ်သည်။ သူတို့သည် ထိပ်သီးအင်အားစုများနှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိသူများ နှင့် ဗဟိုအင်ပါယာဘုံ၏ ထင်ရှားသူများ ဖြစ်ကြသည်။ အခြားဘုံမှ မရင်းနှီးသည့် အစွမ်းထက်တန်ခိုးရှင်များအကြောင်းကို စုံစမ်းလေ့လာကာ အားလုံးသော ထိပ်သီးအင်အားစုများကိုလည်း စူးစမ်းခဲ့သည်။ အထူးသဖြင့် အထက်ဘုံကိုးခုတစ်ခွင်တွင် ကျော်​ကြားသည့် ရန်ဟောင်အဆင့်အောက် တန်ခိုးရှင်များအကြောင်းကို လေ့လာဆန်းစစ်ကြသည်။

ပျက်စီးခြင်းမြို့တော်အတွင်းမှ လူအများသည် သတင်းများ ဖြန့်ဝေပြောဆိုကြသည်။ နတ်ဘုရားအမွေအနှစ် နယ်မြေသို့ ဝင်ရောက်မည့် လူအများသည် ထိုသို့ သတင်းအချက်အလက်များ လိုအပ်ပေသည်။

ထိုနေရာတွင် အလွန် စုတ်ပြတ်ယိုင်နဲ့နေသည့် အမိုးဖွင့် စားသောက်ဆိုင်လေး ရှိပြီး လူအများသည် နေရာအနေအထားကို ဂရုစိုက်ခြင်း မရှိကြပေ။

“နှစ်ငါးဆယ်မှ တစ်ခါပဲ ကျင်းပပြီး အထက်ဘုံကိုးခုရဲ့ ပွဲတော်ကြီးဖြစ်တဲ့ နတ်ဘုရားအမွေအနှစ် နယ်မြေဖွင့်လှစ်တာကို မျက်မြင်ကြုံတွေ့ခဲ့ရတယ်ဆိုတော့ ငါ သေပျော်ပါပြီကွာ။” တစ်ယောက်က ပြောသည်။ “နှမြောစရာကောင်းတာ ငါက အထက်ဘုံကိုးခုရဲ့ ထိပ်သီးအင်အားစုတွေကိုတောင် ကွဲကွဲပြားပြား မပြောနိုင်ပဲ။”

“ဟူး…”

ကောင်းကင်ထက်တွင် လေပြင်းတစ်ခု ဖြတ်တိုက်သွားသည်။ လူတစ်စုက ကောင်းကင်မှ ဖြတ်သန်းသွားခဲ့သည်။

အဝေးမှ ဓားချီက အော်မြည်နေခဲ့သည်။ ဓားသမားများ အဖွဲ့သည်လေထံတွင် ဓားများကို စီးနင်းကာ ပျက်စီးခြင်းမြို့တော်သို့ ပျံသန်းသွားကြ၏။

လှမ်းကြည့်လိုက်လျှင် ထိုသို့သော မြင်ကွင်းမျိုးက နေရာအနှံ့ ဖြစ်ပေါ်နေသည်။ စားသောက်ဆိုင်မှ လူများသည်လည်း အသားကျနေပြီ ဖြစ်၏။ သူတို့က အသံကြားသည့်အခါ အံ့သြခြင်းမရှိစွာဖြင့် ခေါင်းမော့ကြည့်လိုက်ကြသည်။ သူတို့သည် ကျင့်သားရနေပြီ ဖြစ်ကာ လွန်ခဲ့သည့် ရက်များတွင်လည်း နေ့တိုင်း ထိုကဲ့သို့ပင် ဖြစ်သည်။

“ဟုတ်တယ်။ ကျုပ် သူတို့ကို မခွဲနိုင်တော့ဘူး။” ဘေးရှိ အခြားတစ်ယောက်က ပြောသည်။ “ဘုံကိုးခုက ထိပ်သီးအင်အားစု အဖွဲ့ဝင်တွေ ကျုပ်ရှေ့မှာ လာထိုင်နေရင်တောင် ကျုပ် သူတို့ကို မှတ်မိနိုင်မှာ မဟုတ်တော့ဘူး။”

“ထိပ်သီးအင်အားစုက လူတွေ အားလုံးမှာ ထူးခြားသာလွန်တဲ့ အရှိန်အဝါတွေ ရှိကြတယ်။ သူတို့ရဲ့ အရှိန်အဝါက အရမ်း အစွမ်းထက်တယ်။ ပြီးတော့ သူတို့ကို အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တွေက ဦးဆောင်လာကြတယ်။ မင်း အဲဒီလို အချက်တွေကနေ သူတို့ကို ခွဲခြားလို့ရတယ်။” အခြားတစ်ယောက်က ရှင်းပြသည်။ စကားသံများညတစ်ယောက်တစ်ပေါက် ပြောဆိုနေကြသည့်အချိန်တွင် လူငယ်​လေးတစ်ယောက်နှင့် အကြီးအကဲတစ်ယောက် ဆိုင်အတွင်းဝင်ရောက်လာကာ ထိုင်ချသည်။

ထိုသူနှစ်ယောက်မှာ ထျန်းဟယ်မဟာအကြီးအကဲနှင့် ရီဖူရှင်းတို့ ဖြစ်သည်။

သူတို့နှစ်ယောက်ကို မည်သူမှ သတိမပြုမိကြပေ။ ရီဖူရှင်းသည် စကားပြောနေသည့်သူကို တစ်ချက်လှမ်းကြည့်သည်။ ထျန်းဟယ်မဟာအကြီးအကဲသည် အစွမ်းထက်ပုဂ္ဂိုလ်ကြီးဖြစ်သော်လည်း တစ်ဖက်လူက သူ့ကို သတိပြုမိခြင်း မရှိပေ။ တကယ့်ကိုပင်  ထင်ရှားသည့် ပုဂ္ဂိုလ်တစ်ဦးက လျှောက်လာပြီး ဘေးတွင် ထိုင်ခဲ့လျှင်ပင် ထိုသူက မည်သူဖြစ်သည်ကို သိလိမ့်မည်မဟုတ်ဟု ရီဖူရှင်းက တွေးသည်။

ထိုသို့သော အခြေအနေမျိုးမှာ ပျက်စီးခြင်းမြို့တော်၌ သာမန်ပင် ဖြစ်သည်။

“ဆရာ.. အချိန်ရရင် အရှင်ထိုက်ရွှမ် ရောက်နေပြီလား စစ်ကြည့််လို့ရမလား။” ရီဖူရှင်းက ထျန်းဟယ်မဟာအကြီးအကဲထံသို့ စကားသံပို့လွှတ်သည်။ အရှင်ထိုက်ရွှမ် ရောက်ရှိနေလျှင် သူတို့က သူနှင့်ဘသွားရောက်တွေ့ဆုံမည် ဖြစ်သည်။ ထိုက်ရွှမ်တောင်သည် ဟောကိန်း ရရှိနိုင်ပေသည်။ သည့်မတိုင်ခင် ရီဖူရှင်းသည် ဗဟိုအင်ပါယာဘုံမှ အဓိကအင်အားစု သုံးခု၏ ငြင်းပယ်ခြင်းကို ခံခဲ့ရသည်။ သူသည် နတ်ဘုရားအမွေအနှစ် နယ်မြေသို့ ဝင်ရန် ထိုက်ရွှမ်တောင်မှ လူများဖြင့်သာ လိုက်ပါရပေတော့မည်။

“ကောင်းပြီ” ထျန်းဟယ်မဟာအကြီးအကဲက သဘောတူ၍ ခေါင်းညိတ်သည်။ သူက စွမ်းအားကို ထုတ်လွှတ်သည်။ ချက်ချင်းပင်  စားသောက်ဆိုင်အတွင်းမှ လူများသည် ထူးဆန်းသည့် ခံစားချက်ကို ခံစားလိုက်ကြရသည်။ သို့သော် သူတို့သည် မည်သို့ဖြစ်သည်ကို မသိခဲ့ကြပေ။ ချက်ချင်းပင် ထျန်းဟယ်မဟာအကြီးအကဲ၏ စွမ်းအားက ရောက်ရှိနေသူများကို လွှမ်းခြုံ ဖြတ်ကျော်သွားသည်။

ခဏကြာပြီးနောက် ထျန်းဟယ်မဟာအကြီးအကဲက သူ၏ စွမ်းအား ကို ပြန်ရုတ်သိမ်းလိုက်ပြီး ရီဖူရှင်းကို စိတ်ချင်းဆက်သွယ်ကာ ပြောသည်။ “သူ ရောက်နေတာ မခံစားမိသေးဘူး။ သူနောက်ကျနေတာ ဖြစ်ရမယ်။ အစွမ်းထက်ပုဂ္ဂိုလ်တွေ အများကြီး ရောက်နေကြပြီ။ ငါ့ရဲ့ စွမ်းအားကို အဲဒီလို ဖြန့်ကျက်ရတာက သိပ်မယဥ်ကျေးရာရောက်တယ်။ တခြားလူတွေရဲ့ စွမ်းအားတွေကလည်း ငါတို့ကို အာရုံခံမိနိုင်တယ်။ ဒီနည်းလမ်းကို မကြာခဏ မသုံးသင့်ဘူး။”

ထင်သည့်အတိုင်းပင် ရီဖူရှင်းသည် ထူးဆန်းသည့် ခံစားမှုတစ်ခုကို ခံစားလိုက်ရသည်။ ထိုသည်မှာ တစ်ယောက်ယောက်က သူ့ကို စောင့်ကြည့်နေခြင်း ဖြစ်ပေသည်။

သူသည် သူ့ကို လွှမ်းခြုံထားသော အစွမ်းထက်ပုဂ္ဂိုလ်၏ စွမ်းအားကို သိရှိပေသည်။

“ဒါဆို ကျွန်တော်တို့ ရက်နည်းနည်းလောက် ထပ်စောင့်ကြတာပေါ့” ရီဖူရှင်းက ပြန်ဖြေသည်။

“အင်း။ သူက တခြားဘုံကလာမှာဆိုတော့ အရှင်ထိုက်ရွှမ်မှာလည်း ပြင်ဆင်စရာတွေ ရှိနေလိမ့်မယ်။ သူက ပျက်စီးခြင်းနယ်မြေထဲဝင်ဖို့ တပည့်တွေလည်း ရွေးရဦးမယ်။” ထျန်းဟယ်မဟာအကြီးအကဲက ပြောသည်။ “ဒီမှာ နတ်ဘုရားအမွေအနှစ် နယ်မြေကို ဝင်ဖို့ ထိပ်သီး အင်အားစုတွေနဲ့ ဆက်သွယ်ချင်တဲ့ သူတချို့လည်း ရှိတယ်။ ဒီလိုတိုရင် အရှင်ထိုက်ရွှမ်အတွက် အချိန် ပိုလိုလိမ့်မယ်။” ရီဖူရှင်းက ထိုအကြောင်းကို နားလည်ပေသည်။

ဟောကိန်းများက ထိပ်သီးအင်အားစုများသာလျှင် ရရှိနိုင်သည်။ သာမန်တန်ခိုးရှင်များကတော့ မည်သည့်အခါမှ မရရှိနိုင်ကြပေ။ ထိပ်သီးအင်အားစုများကို ဆက်သွယ်ဝင်ရောက်ခြင်းကသာလျှင် နတ်ဘုရားအမွေအနှစ် နယ်မြေကို ဝင်ရောက်ခွင့်ရရှိနိုင်ပေလိမ့်မည်။

အထက်ဘုံကိုးခု အပြင်ဘက်တွင်ပင် ထိုအခွင့်အရေးကို လုယူချင်နေသူများ ရှိတတ်ကြသည်။

သူတို့သည် စားသောက်ဆိုင်တွင် အချိန်တချို့ နေပြီးနောက် ထွက်ခွာသွားခဲ့သည်။ ရီဖူရှင်းသည် နတ်ဘုရားအမွေအနှစ် နယ်မြေပွင့်ရန် စောင့်ဆိုင်းနေသည့် ရက်အတွင်း ငြိမ်းချမ်းစွာ ကျင့်ကြံနိုင်ရန် နေရာရှာဖွေဖို့ရာ ပြင်ဆင်နေသည်။ ထိုက်ရွှမ်တောင်မှ လူများသည် အနှေးနှင့်အမြန် ရောက်ရှိလာကြမည် ဖြစ်၏။ အရှင်ထိုက်ရွှမ် ရောက်မလာလျှင်ပင် ကောင်းကင်အာဏာစက်ဘုံမှ အလွန် အစွမ်းထက်သည့် တန်ခိုးရှင်များ ရောက်လာနိုင်ပေသည်။

ယနေ့ရက်များ ကုန်ဆုံးသွားပြီး နတ်ဘုရားအမွေအနှစ် နယ်မြေပွင့်ရန် တဖြည်းဖြည်း နီးကပ်လာပြီ ဖြစ်၏။ ပို၍ များပြားသော တန်ခိုးရှင်များလည်း ရောက်ရှိလာကြသည်။

အထက်ဘုံကိုးခုမှ ထိပ်သီးအင်အားစုများသည်လည်း ဟောကိန်း ကို လက်ခံရရှိပြီးနောက် တဖြည်းဖြည်း ရောက်ရှိလာသည်။

ကောင်းကင်အာဏာစက်ဘုံမှ ထိပ်သီးအင်အားစုများလည်း ရောက်ရှိလာ၏။

ထိပ်သီးအင်အားစုအချို့သည် မလာခင်၌ မဟာမိတ်ဖွဲ့လာခဲ့ကြသည်။ ဥပမာအားဖြင့် ကောင်းကင်အာဏာစက် ပြည်ထောင်နှင့် ခရမ်းရင့်ကောင်းကင်နန်းတော်တို့သည် ယခင်က သူတို့၏ ဆက်ဆံရေးကြောင့် အတူတကွ ရောက်ရှိလာကြသည်။ ကောင်းကင်အာဏာစက်ပြည်ထောင် ဘုရင်၏ အသွင်အပြင်က စစ်သူကြီးတစ်ဦးသဖွယ်ပင် ဖြစ်သည်။ ခရမ်းရင့်ကောင်းကင်နန်းတော်၏ နန်းတော်သခင်က ရောက်မလာခဲ့ပေ။ ကောင်းကင်နတ်တံခါးမှ လူနှစ်ယောက်က ထိုနေရာတွင် ရှိနေဆဲပင်​​ဖြစ်သည်။ ကောင်းကင်အာဏာစက်ပြည်ထောင်နှင့် ခရမ်းရင့်ကောင်းကင်နန်းတော်သည် သူတို့၏ စောင့်ကြပ်မှုကို လိုအပ်နေဆဲ ဖြစ်သည်။ ကောင်းကင်အာဏာစက်ပြည်ထောင်သည် အလွန် အစွမ်းထက်ပြီး အားကောင်းသည့် ခုခံကာကွယ်မှုများ ရှိနေသည် ဖြစ်ရာ ထိုနှစ်ယောက်ကို ရင်ဆိုင်နိုင်စွမ်းရှိသည်။ ခရမ်းရင့်ကောင်းကင်နန်းတော်သည် အန္တရာယ်ကျရောက်နေသည်။ ထို့ကြောင့် သူတို့၏ နန်းတော်သခင်က နောက်တွင် ချန်ရစ်နေခဲ့ရကာ ခရမ်းရင့်ကောင်းကင်နန်းတော်မှ လူများကို ကောင်းကင်အာဏာစက် ပြည်ထောင်ဘုရင်မှ စောင့်ရှောက်ပေးရန် အပ်လိုက်ခြင်း ဖြစ်သည်။

လက်ရှိတွင် သူတို့အင်အားစုနှစ်ခုက မဟာမိတ်ဖွဲ့ထားသည်ဖြစ်ရာ အစွမ်းထက် တန်ခိုးရှင်များစွာ ပါဝင်ပေသည်။ သူတို့တွင် ရန်ဟောင်အဆင့် တန်ခိုးရှင်များပင် ရှိသည်။ ခရမ်းရင့်ကောင်းကင်နန်းတော်၏ မဟာလမ်းစဥ်ခန္ဓာပိုင်ရှင် ကျန်းယွမ်သည်လည်း ရောက်ရှိနေသည်။ သို့သော် ရိထျန်းယွီက သူတို့နှင့်အတူ ရှိမနေပေ။ ရိထျန်းယွီသည် အထက်ကောင်းကင်ဘုံရှိ နတ်နန်းတော်မှ လူများနှင့်အတူ လာရောက်မည် ဖြစ်၏။

ပျက်စီးခြင်းမြို့တော်တွင် ဘုံကိုးခုမှ တန်ခိုးရှင်များသည် ဘုံတစ်ခုစီမှ တန်ခိုးရှင်များက သူတို့၏ ပိုင်နက်ကို ကိုယ်စားပြုကြောင်း နားလည်ကြသည်။ တူညီသည့် ဘုံမှ တန်ခိုးရှင်များသည် အချင်းချင်း ရင်းနှီးကြသည်ဖြစ်ရာ သူတို့အကြားတွင် ပဋိပက္ခဖြစ်ပွားရန် ခဲယဥ်းပေသည်။

ကောင်းကင်အာဏာစက်ဘုံရှိ အင်အားစုများက တစ်စုပြီးတစ်စု ရောက်ရှိလာသည့်အခါ သိစိတ်နှင့် ဖြစ်စေ မသိစိတ်ကဖြစ်စေ သူတို့၏ စုရပ်၌ အတူတကွ လာရောက်စုစည်းကြသည်။

“ဗြဟ္မာ့သန့်စင်ကောင်းကင်မှ အမျိုးသမီးတွေ ရောက်လာပြီ။” ကောင်းကင်အာဏာစက်ပြည်ထောင်ဘုရင်က ပြောသည်။ “လမ်းသွားလျှောက်ရအောင်”

သူက ပြောပြီး ချက်ချင်းပင် လျှောက်သွားခဲ့၏။ ထိုနေရာ၌ ဗြဟ္မာ့သန့်စင်ကောင်းကင်မှ အမျိုးသမီးများ ဦးဆောင်သည့်အဖွဲ့ ရှိနေခဲ့သည်။ ကျိုထျန်းနတ်မိမယ်နှင့် အခြားနတ်မိမယ်များလည်း ရောက်ရှိနေခဲ့သည်။ သူတို့ကို နတ်မိမယ်ချင်းဟယ်က ဦးဆောင်လာခဲ့၏။ သူမ၏ လက်ရှိအဆင့်က အလွန် မြင့်မားနေပြီး ရန်ဟောင်အဆင့်သို့ ရောက်လုနီးပါးပင် ဖြစ်နေပြီ ဖြစ်သည်။

ကောင်းကင်အာဏာစက်ဘုံရှိ လူအချို့က ခန့်မှန်းကြသည်မှာ နတ်မိမယ်ချင်းဟယ်သည် ရန်ဟောင်အဆင့်သို့ တက်ရန် ဖြစ်နိုင်နေပြီ ဖြစ်သော်လည်း သူမက မဟာလမ်းစဥ်စွမ်းအားများကို ဖိနှိပ်၍ အဆင့်မတက်ဘဲ ရပ်တန့်ထားခြင်း ဖြစ်သည်ဟူ၍ ဖြစ်၏။

ရန်ဟောင်တစ်ပါး ဖြစ်လာရန်မှာ မလွယ်ကူလှပေ။ ဤအဆင့်သို့ ရောက်ရှိရန်မှာ အလွန် ခက်ခဲသည်။ ပါရမီရှင်များသည် အဆင့်တက်ရန် ဖြစ်နိုင်လျှင်ပင် နတ်ဘုရားအမွေအနှစ် နယ်မြေကို ဝင်ရောက်ရန် ဆုံးဖြတ်ကာ အဆင့်မတက်ဘဲ ဖိနှိပ်ထားကြပေသည်။ ဗဟိုအင်ပါယာဘုံမှ တန်ခိုးရှင်အများစုသည်လည်း ထိုသို့ ရွေးချယ်မှုမျိုး လုပ်ကြသည်။ ဤနေရာသည် သူတို့၏ အိမ်ကွင်းဖြစ်သည့်အတွက် သူတို့သည် နတ်ဘုရားနယ်မြေသို့ ဝင်ရောက်ရန် ရွေးချယ်ပြီး ပြင်ဆင်ဖို့ရာ အခွင့်အရေးအရဆုံး ဖြစ်သည်။ အခြားဘုံများမှ လူများအကြားတွင် အလွန့်အလွန် ပါရမီရှိသူများသာ အဆင့်တက်ရန်မှ တစ်နှစ်ပတ်လုံး ဖိနှိပ်ထားနိုင်မည် ဖြစ်သည်။

အဆုံးမှာတော့ လူတိုင်းက သူတို့အတွက်ကိုသာ ကိုယ်တိုင် ရွေးချယ်ကြခြင်း ဖြစ်သည်။ ပျက်စီးခြင်းနယ်မြေအတွင်း ဝင်ရောက်ရန် အတွက်ကြောင့် သူတို့ကိုယ်သူတို့ ဖိနှိပ်ထားခြင်းမပြုသူများလည်း ရှိသည်။ ထိုသည်မှာ သေချာသည့် စွန့်စားခြင်း ဖြစ်ပေသည်။ ရန်ဟောင်အဆင့်သို့ ချောချောမွေ့မွေ့ ချက်ချင်းရောက်ရှိလိုသည်ကလည်း မရေတွက်နိုင်သည့် လူအများ၏ အိပ်မက်ပင် ဖြစ်သည်။

“ဗြဟ္မာ့သန့်စင်ကောင်းကင်အရှင်မ” ပြည်ထောင်ဘုရင်က သူမကို ခေါ်ကာ မေးသည်။ “ကျုပ်တို့ အရင်က လျှောက်တဲ့လမ်း မတူခဲ့ပေမယ့် နတ်ဘုရားအမွေအနှစ် နယ်မြေကို ဝင်တဲ့အခါမှာတော့ ကောင်းကင်အာဏာစက်ဘုံက အင်အားစုတွေ ဘာလို့ မပူးပေါင်းဘဲနေကြမှာလဲ။ ကျုပ်တို့ အချင်းချင်း ဂရုစိုက်ပြီး ဂျူနီယာလေးတွေအတွက် အခွင့်အရေး ကောင်းတွေ ပေးလို့ရတာပဲ။ ဘယ်လိုလဲ။”

“ရိထျန်းယွီ မလာဘူးလား” ဗြဟ္မာ့သန့်စင်ကောင်းကင် အရှင်မက လူအုပ်ထဲကို ဝေ့ကြည့်ကာ မေးသည်။

“သူက နတ်ဘုရားနန်းတော်က သူငယ်ချင်းတွေနဲ့ ရှိနေတယ်။” ပြည်ထောင်ဘုရင်က ပြောသည်။ “ကောင်းကင်အာဏာစက်ဘုံက အားမနည်းဘဲ ပါရမီရှိကြပေမယ့် ဒီတစ်ခေါက်တော့ ခက်ခဲလိမ့်မယ်။ကောင်းကင်အာဏာစက်ဘုံတစ်ခုလုံးမှာ ဘယ်သူကမှ နတ်ဘုရားအမွေအနှစ်နယ်မြေကနေ အသက်ရှင်လျက် ထွက်လာနိုင်မယ်လို့ အာမခံချက်မရှိဘူးလေ။”

ဤတစ်ကြိမ်၌ ကောင်းကင်အာဏာစက်ဘုံက အားလုံး ဝင်ရောက်မည် မဟုတ်သော်လည်း ဘုံကိုးခုမှ အားလုံးက ပါဝင်ကြမည် ဖြစ်သည်။

ဘုံကိုးခုအကြားတွင် ကောင်းကင်အာဏာစက်ဘုံသည် အားနည်းသည့်ဘုံတစ်ခုဟု သတ်မှတ်၍ ရသည်။ အထက်ကောင်းကင်ဘုံသည်ပင် ကောင်းကင်အာဏာစက်ဘုံထက် ပို၍ အစွမ်းထက်ပေသည်။

ဗဟိုအင်ပါယာဘုံက ကြောက်မက်ဖွယ် ကောင်းသည့်အပြင် အခြားဘုံများလည်း ရှိနေသေးသည်။ ရိထျန်းယွီသည်ပင် ရီဖူရှင်းက နတ်ဘုရားနန်းတော်သို့ ဝင်ရောက်သည်ကို ​ကြားပြီးနောက် နတ်ဘုရားအမွေအနှစ် နယ်မြေမှ အသက်ရှင်လျက် ထွက်လာနိုင်ရန် ယုံကြည်ချက်မရှိပေ။

“ကျွန်မတို့အတွက် ဒီလိုလုပ်ဖို့ မလိုပါဘူး။” အရှင်မ၏ ပုံရိပ်က တောက်ပနေသည်။ သူမ၏ သန့်စင်မှုက ညစ်ထေးမှု မရှိပေ။ သူမသည် ပြည်ထောင်ဘုရင်ကို ဆန့်ကျင်လျက်ပင် မသိလိုက်မသိဘာသာ ဆက်ပြောသည်။ “ကျွန်မတို့ ပျက်စီးခြင်းနယ်မြေကို ဝင်တဲ့အခါ ကောင်းကင်အာဏာစက်ဘုံက အဖွဲ့ဝင်တွေဖြစ်​နေရင်တောင် ယုံကြည်လို့ရမှာမဟုတ်ဘူး။ ဘာလို့ အလုပ်ရှုပ်ခံပြီး မဟာမိတ်ဖွဲ့နေတော့မှာလဲ။ ကျွန်မတို့ နတ်ဘုရားအမွေအနှစ် နယ်မြေကို ဝင်သွားတာနဲ့ ကိုယ့်သမိုင်းကိုယ်ရေးကြရမှာပဲ။”

ထိုသို့သော မဟာမိတ်မျိုးက အလွန် အပြောင်းအလဲ မြန်ပေသည်။

“ဗြဟ္မာ့သန့်စင်အရှင်မက အတော်ရဲတင်းတာပဲ။” ပြည်ထောင်ဘုရင်က တည်ငြိမ်စွာ ပြန်ဖြေသည်။ သူသည် သူ့လူများကို ဦးဆောင်ကာ ချက်ချင်း ထွက်ခွာသွားတော့သည်။ သူက သူမကို မျက်နှာသာပေးကာ နှုတ်ဆက်ရန် လာခဲ့ခြင်း ဖြစ်သည်။ ကံမကောင်းစွာနှင့် ဗြဟ္မာ့သန့်စင်ကောင်းကင်က ထိုသို့ မျက်နှာပေးမှုမျိုးဖြင့် မတန်ခဲ့ပေ။

သူတို့ ထွက်သွားပြီးနောက်၌ ဗြဟ္မာ့သန့်စင်ကောင်းကင်၏ နတ်မိမယ်များ အကြားမှ ချင်းဟယ်၏ အကြည့်က အဝေးသို့ ကျရောက်သွားခဲ့သည်။ သူမသည် သူ လာလိမ့်မည်လားမသိ​ပေ။

ကောလာဟလများအရ သူသည် အထက်ကောင်းကင်ဘုံမှ ထိုက်ရွှမ်တောင်တွင် ကျင့်ကြံနေသည်ဟူ၍ ဖြစ်သည်။ ယခုတွင် သူ မည်သည့်နေရာ၌ ရောက်နေသည်ကို သူမ မသိရှိပေ။

အထက်ကောင်းကင်ဘုံမှ အင်အားစုများက တစ်စုပြီးတစ်စု ရောက်ရှိလာခဲ့ကြသည်။ နတ်ဘုရားနန်းတော်နှင့် ရွှေရောင်နတ်ပြည်ထောင်က အတူတကွ ရောက်လာကြကာ တောက်ပ၍ မျက်စိကို ဖမ်းစားနိုင်ကြပေသည်။

ထိုက်ရွှမ်တောင်သည်လည်း ရောက်ရှိလာသည်။ အစွမ်းထက် တန်ခိုးရှင်အဖွဲ့ကို အရှင်ထိုက်ရွှမ်က ဦးဆောင်လာခဲ့သည်။ သို့သော် ဤတစ်ကြိမ်၌ ထိုက်ရွှမ်တောင်အတွက် မျှော်လင့်ချက်မရှိပေ။ သူသည် ရီဖူရှင်းနှင့် တွေ့ရန် လာခဲ့ခြင်း ဖြစ်သည်။

ပျက်စီးခြင်းနယ်မြေ၌ လူအရေအတွက် ကြောက်မက်ဖွယ် မြင့်တက်လာသည်။ လူအများကို နေရာအနှံ့တွင် မြင်နိုင်ပေသည်။

ပျက်စီးခြင်းမြို့တော်အတွင်းသို့ နောက်ထပ် ပုံရိပ်နှစ်ခု လျှောက်လာခဲ့သည်။ တစ်ယောက်သည် သက်လတ်ပိုင်းအရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ကာ နောက်တစ်ယောက်မှာ အမျိုးသားဝတ်စုံဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ယောက် ဖြစ်သည်။ သူမသည် အလွန်လှပပေသည်။ လူတိုင်းသည် သူမက လှပသည်ကို အကြည့်တစ်ချက်နှင့်ပင် ပြောနိုင်ကြသည်။

“အစွမ်းထက် တန်ခိုးရှင်တွေ အများကြီးပဲ။” သက်လတ်ပိုင်းလူကြီးက လမ်းလျှောက်နေရင်း ပြောသည်။ သူ၏ အကြည့်တို့က ဘယ်မှညာ ကျရောက်နေသည်။ ရှန့်ထိုအဆင့်မှ တန်ခိုးရှင်များက နေရာအနှံ့ပင် ဖြစ်သည်။ သူက လျှောက်လာရင်းနှင့် သူနှင့် အဆင့်တူ ရန်ဟောင်အဆင့်မှ လူများစွာကို တွေ့ရပေသည်။

“ဒါက ဘုံကိုးဘုံရဲ့ အခမ်းအနားကြီးတစ်ခု ဖြစ်ရမယ်။” သူ့ဘေးမှ အမျိုးသမီးက ပြောသည်။

“အထက်ဘုံက တကယ် ကွဲပြားတာပဲ။ အင်ပါယာရှားဘုံကို ဒီလိုနေရာမျိုးနဲ့ ယှဥ်မိရင် တော်တော်အားနည်းတာပဲ။ ငါတို့ ထောင့်စွန်းနေရာလေးကိုပဲ သွားနိုင်မယ်။” သက်လတ်ပိုင်းလူကြီးက ရယ်မောကာ မေးသည်။ “ဟိုကောင်စုတ်လေး ဒီကိုလာမယ်ဆိုတာ သေချာရဲ့လား။”

ရောက်ရှိလာသည့် ထိုရန်ဟောင်လူကြီးမှာ အင်ပါယာရှားပင် ဖြစ်သည်။

သူ့ဘေးမှ အမျိုးသမီးက ရှားရှင်းယွန် ဖြစ်၏။

ကောင်းကင်နတ်တံခါးဂိုဏ်းက လူများကို မတူညီသည့်နေရာများသို့ ပို့လိုက်ကြသည်။ ရှားရှင်းယွန်က အောက်ဘုံသို့ ရောက်ရှိသွားခဲ့သည်။ ထိုသို့သော အခြေအနေမျိုးတွင် သူမသည် သူမကို အကူအညီပေးရန် ဆက်သွယ်နိုင်သူမှာ သူမ၏ ဖခင်ဖြစ်သော အင်ပါယာရှားသာ ဖြစ်ပေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset