အပိုင်း(၁၅၈၉)

အောက်ကျို့ခြင်း

ဗဟိုအင်ပါယာဘုံတွင် အစွမ်းထက်ဆုံးနှင့် အားအကောင်းဆုံး အင်အားစုများ ​ရှိနေပေသည်။

ထို့ပြင် ကောင်းကင်မျှော်စင်ကျောင်းတော် သည် ကိုယ်ပိုင်နေရာတစ်ခု ပိုင်ဆိုင်ထားပေသည်။

ကောင်းကင်မျှော်စင်တောင်ထွတ်မှ စံအိမ်ကြီးတစ်ခု ရှိနေပြီး ထျန်းဟယ်မဟာအကြီးအကဲနှင့် ရီဖူရှင်းက ကောင်းကင်မျှော်စင်ကျောင်းတော် သို့ ရောက်ရှိနေပြီ ဖြစ်သည်။

“ကောင်းကင်မျှော်စင်ကျောင်းတော်က ဒုကျောင်းအုပ်နဲ့ ငါ တစ်ချိန်တုန်းက မိတ်ဆွေတွေ ဖြစ်ခဲ့ဖူးတယ်။ ကျောင်းက တပည့်တွေကလည်း  အရမ်းအစွမ်းထက်ကြတယ်။ မင်း သူတို့နဲ့ အတူ သွားမယ်ဆိုရင်တော့ မင်းအတွက် နည်းနည်း လွယ်ကူလိမ့်မယ်။” ထျန်းဟယ်မဟာအကြီးအကဲက ပြောသည်။ မရေတွက်နိုင်သည့် တန်ခိုးရှင်များက ဤခရီးသို့ လာရောက်ကြမည် ဖြစ်သည်။ မဟာလမ်းစဥ်ဘုံသုံးထောင်မှ လူစွမ်းကောင်းများ အားလုံးသည် မဟာအင်ပါယာက သူတို့အတွက် ပေးခဲ့သော ဤအခွင့်အရေးအတွက် စုရုံးရောက်ရှိလာကြမည် ဖြစ်၏။

ရီဖူရှင်းက အလွန် ပါရမီရှိသော်လည်း သူတစ်ယောက်တည်း ကိုယ်တိုင် လုပ်ဆောင်ရန်မှာ အလွန် ခက်ခဲပေလိမ့်မည်။ အနည်းငယ် ဂရုမမူမိရုံဖြင့် သူသည် သေခြင်းဖြင့် အဆုံးသတ်သွားနိုင်၏။

“ဒါပေမယ့် ကောင်းကင်မျှော်စင်ဆရာသခင်က အရမ်း မာနကြီးတယ်။ သူ့တပည့်တွေ အားလုံးကလည်း အဲဒီလိုစရိုက်မျိုးပဲ။ ငါ အရင်တုန်းက ဒုကျောင်းအုပ်နဲ့  မိတ်ဆွေတွေ ဖြစ်ပေမယ့် အခု အရာရာက ကွာခြားသွားပြီဆိုတော့ အငြင်းခံရနိုင်တယ်။ မင်း အရမ်းကြီး မျှော်လင့်မထားသင့်ဘူး။” ထျန်းဟယ်မဟာအကြီးအကဲက ပြောသည်။ ရီဖူရှင်းက အနည်းငယ် ခေါင်းညိတ်လိုက်၏။

ကြည့်ရသည်မှာ သူက အများကြီး တွေးတောထားခဲ့သော်လည်း အခြေအနေကို ရှင်းလင်းစွာ မြင်ပုံရသည်။ သူသည် တစ်ချိန်က ချန်းကလန်၏ သားမက်ဖြစ်ပြီး ကြီးမားသည့် စွမ်းအားနှင့် တောက်ပသည့် အနာဂတ်ရှိသည်။ ယခု ကိစ္စများက ကွာခြားနေပြီဖြစ်ပြီး သူက အငြင်းခံရလျှင်ပင် ထိုသည်က ပုံမှန်သာ ဖြစ်သည်။

သို့သော် သူက သွားရောက်ခဲ့ပါက သူ၏ သိက္ခာကို ခဝါချထားရမည် ဖြစ်သည်။ သူသည် ထျန်းဟယ်မဟာအကြီးအကဲဖြစ်ပြီး အတိတ်မှပင် ထိုသို့ မာနကြီးသည့် လူမျိုးနှင့် ပြောဆိုဆက်ဆံရမည်မှာ လွယ်ကူမည် မဟုတ်ပေ။ ယခုတွင် အချိန်ကာလများက သူ့ကို ကြီးမားစွာ သက်ရောက်ပြီး သူ၏ စရိုက်ကလည်း ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

သူတို့နှစ်ယောက်သည် ကောင်းကင်လှေကားမှ တက်လာခဲ့ကြ၏။ ရီဖူရှင်းက သူ့ရှေ့မှ မြင်ကွင်းကို ကြည့်သည်။ လှေကား၏ ​အောက်တွင် အဆုံးမဲ့ ချောက်နက်ကြီး ရှိပြီး ကောင်းကင်သို့တိုင် ရောက်ရှိနေသော ကြီးမားသည့် တောင်ထွတ်က စံအိမ်ကို ထောက်ကူပေးထားသည်။ ချောက်နက်အတွင်းတွင် ကြောက်မက်ဖွယ် အရှိန်အဝါတို့နှင့် ပြည့်နေပြီး ဖျက်ဆီးခြင်းအလင်းတို့ တောက်ပနေသော လမ်းစဥ်မီးတောက်များက ကခုန်နေသည်။ ဖျက်ဆီးခြင်းစွမ်းအားများက  ကြောက်မက်ဖွယ် ရောထွေးနေပြီး ခြောက်ခြားဖွယ် အလင်းတို့က လှေကားပေါ်တွင် အဆက်မပြတ် တောက်ပလာနေသည်။

သူတို့သည် လှေကားထိပ်မှ အလွန် ခြိမ်းခြောက်နိုင်စွမ်းသော လေထုအခြေအနေကို ခံစားမိပေသည်။

ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ သူတို့သည် ထိုချောက်နက်အတွင်းမှ ဖျက်ဆီးခြင်းစွမ်းအားများကြားတွင် ကျင့်ကြံနေသူများကို မြင်တွေ့နေရခြင်း ဖြစ်သည်။ အဆုံးမဲ့ချောက်နက်သည် ကျင့်ကြံရေးအတွက် အသုံးပြုရာ နေရာတစ်ခု ဖြစ်သည်။

သူတို့နှစ်ယောက်သည် စံအိမ်သို့ လမ်းလျှောက်တက်လာကြသည်။ အရှေ့တွင် ကြီးမားသည့် ဂိတ်တံခါးတစ်ခု ရှိနေပြီး အပြင်၌ အစောင့်နှစ်ယောက်က စောင့်ကြပ်နေသည်။ ထိုအစောင့်များက သူတို့ထံ လာနေသည့် သူနှစ်ယောက်ကို ကြည့်သည်။

ထိုအချိန်တွင် ဂိတ်မှ လူတစ်ယောက် ထွက်လာကာ ထျန်းဟယ်မဟာအကြီးအကဲကို အနည်းငယ်ဦးညွှတ်၍ ပြောသည်။ “ဒုကျောင်းအုပ်က စီနီယာ လာတာကို သိလို့ ကျွန်တော့ကို အကြိုလွှတ်လိုက်ပါတယ်။ အထဲဝင်ခဲ့ပါ။”

ထျန်းဟယ်မဟာအကြီးအကဲက ခေါင်းညိတ်သည်။ “ကျေးဇူးတင်ပါတယ်။” သူက ထိုသည်နှင့် ပတ်သတ်ပြီး မည်သည့် ထူးဆန်းသော ခံစားချက်ကိုမှ မပြသခဲ့ပေ။ သူတို့က ကောင်းကင်လှေကားမှ တက်လာခဲ့သည့်အတွက် တစ်စုံတစ်ယောက်က သူတို့ကို စောင့်ဆိုင်းနေသည်မှာ ပုံမှန်ပင် ​ဖြစ်သည်။

ကောင်းကင်မျှော်စင်ကျောင်းတော် က အလွန်ကြီးမားပြီး စံအိမ်တော်ကြီး တစ်ခုနှင့် တူပေသည်။ အပြင်မှ အထဲသို့ ရောက်သွားပြီးနောက် သူတို့သည် ခမ်းနားထည်ဝါသည့် ရှေးဟောင်းအဆောင်အတွင်း ရောက်ရှိရန် သူတို့၏ အရှိန်ကို များစွာ တိုးမြှင့်ခဲ့ရသည်။ မီးလျှံနက်ပုံရိပ်တို့ ရေးထိုးထားသည့် ဝတ်ရုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းလူကြီးက အပြင်ထွက်လာကာ သူတို့နှင့် တွေ့ဆုံခဲ့သည်။ သူ၏ နက်မှောင်သည့် ဆံပင်တို့က ပခုံးတွင် ကျဆင်းနေပြီး သူ့တွင် အနက်ရောင် မုတ်ဆိတ်တို့ ရှိသည်။ သူ့တွက် ကျယ်ပြန့်သည့် ပခုံးတို့ ရှိကာ လွှမ်းမိုးနိုင်သည့် အရှိန်အဝါရှိသည်။

“နှစ်ပေါင်းအတော် ကြာခဲ့ပြီ… ထျန်းဟယ်မဟာအကြီးအကဲ။ ခင်ဗျား အများကြီး ပြောင်းလဲသွားတယ်။” သက်လတ်ပိုင်းလူကြီးက ပြောသည်။ သူ၏ အသံက မိုးခြိမ်းသံကဲ့သို့ပင် ဖြစ်ကာ သူစကားပြောသည့်အခါ လူတိုင်း၏ နားစည်ကို တုန်ခါသွားစေနိုင်သည်။ ရီဖူရှင်း၏ အဆင့်မှ တစ်စုံတစ်ယောက်အတွက် သူ၏ အသံကို ကြားလိုက်ရလျှင် စိတ်အခြေအနေကိုပင် ယိမ်းယိုင်သွားစေနိုင်သည်။ သိသာစွာပင် ဤလူက အစွမ်းထက် ပုဂ္ဂိုလ် ဖြစ်၏။

ထို့ပြင် သူသည် ထိုသည်ကို ရည်ရွယ်ချက်ရှိရှိ လုပ်ခြင်းမဟုတ်ဘဲ သူက အစကပင် ထိုအတိုင်း ဖြစ်ပေသည်။

“အမှန်ပဲ…” ထျန်းဟယ်မဟာအကြီးအကဲက အပြုံးနှင့် ပြောသည်။ “ဖူရှင်း.. သူက ကောင်းကင်မျှော်စင်ကျောင်းတော် ရဲ့ ဒုကျောင်းအုပ်။ သူက ငါ့ရဲ့ မိတ်ဆွေဟောင်းတစ်ယောက်ပဲ။”

“စီနီယာကို နှုတ်ဆက်ပါတယ်။ ကျွန်တော့နာမည်က ရီဖူရှင်းပါ။” ရီဖူရှင်းက အရိုအသေပေး၍ ပြောသည်။ သူက သူ၏ သရုပ်ကို ဖုံးကွယ်ထားခြင်း မပြုခဲ့ပေ။ မဟာလမ်းစဥ်ဘုံသုံးထောင်မှ အစွမ်းထက် တန်ခိုးရှင်အားလုံး အထူးသဖြင့် ထိပ်သီးအင်အားစုများက ဤခရီးကို လာကြမည် ဖြစ်သည်။ ထို့ကြောင့် သူ့ကိုယ်သူ ဖုံးကွယ်ထားစရာ အကြောင်းမရှိပေ။

ဗဟိုအင်ပါယာဘုံမှ လူများက သူ့ကို ကြားဖူးလျှင်ပင် အများဆုံး သူတို့သည် သူသည် ထျန်းဟယ်မဟာအကြီးအကဲ၏ မိတ်ဆွေဖြစ်သော အရှင်ထိုက်ရွှမ်၏ တပည့်ဖြစ်ခဲ့ဖူးသည်ဟုသာ သိကြပေလိမ့်မည်။ အထက်ကောင်းကင်ဘုံမှ လူများသည် သူ့ကို အရှင်ထိုက်ရွှမ်၏ တပည့်ဟုပင် တွေးထင်နေကြဆဲ ဖြစ်သည်။ အရှင်ထိုက်ရွှမ်က သူ့ကို ထျန်းဟယ်ဘုံသို့ ပို့ပေးခဲ့သည်ဟူသော အဖြစ်ကို ချန်းကလန်မှ လူများ သိရှိသော်လည်း သူတို့က ထိုအကြောင်းနှင့် ပတ်သတ်၍ များများစားစား တွေးကြလိမ့်မည် မဟုတ်ပေ။

သူ၏ ယခင်ဆရာက ထွက်ပေါ်မလာခဲ့လျှင် ချန်းကလန်သည် သူ့ကို စစ်ဆေးလိမ့်မည် ဖြစ်သော်လည်း သူ၏ ယခင် ဆရာက ထွက်ပေါ်လာသည်ဖြစ်ရာ သူတို့သည် ရီဖူရှင်းကို မည်သည့် အာရုံမှ စိုက်တော့မည် မဟုတ်ပေ။ သူတို့သည် ချင်ရွှမ်ကန်းကို ခေါ်ဆောင်သွားပြီး ဖြစ်သည့်အတွက် သူ၏ တပည့်ကို မည်သည့်အတွက်ကြောင့် အာရုံ စိုက်တော့မည်နည်း။

ဆရာ ချင်ရွှမ်ကန်းသည် နှစ်ကြိမ်သာလျှင် ထွက်ပေါ်လာခဲ့ဖူးသည်။ တစ်ကြိမ်သည် သူ့ကို လူအနည်းငယ်မျှသာ သိသော မိစ္ဆာနတ်ဘုရားတောင်တိုက်ပွဲတွင် ဖြစ်ပြီး ဒုတိယအကြိမ်သည် သူက လူရှေ့သို့ ထွက်လာကာ ရိထျန်းယွီကို ရှုံးနိမ့်စေခဲ့သော်လည်း သူ၏ အမည်ကို မည်သူကမှ မသိခဲ့ကြပေ။ သူသည် လူအများ သူ၏ အမည်ကို သိခြင်းမသိခြင်းအား ဂရုစိုက်ခြင်း မရှိပေ။ တာလီပြည်ထောင်မှ လူများသည်ပင် သူ့ကို နန်းတွင်းအကြံပေးအဖြစ်သာ သိကြပေသည်။

အကယ်၍ တစ်စုံတစ်ယောက်က သူ့ကို စုံစမ်းစစ်ဆေးချင်လျှင် သူတို့သည် သူ၏ တပည့် ရီဖူရှင်းက မည်မျှ အရည်အချင်းရှိသည်ကို တွေ့မြင်နိုင်ပေလိမ့်မည်။ သူသည် ကောင်းကင်နတ်တံခါးတွင် ကျင့်ကြံခဲ့ပြီး ရိထျန်းယွီကို ရှုံးနိမ့်စေခဲ့ဖူးကာ ထိုက်ရွှမ်တောင်တွင် ကျင့်ကြံပြီးနောက် နတ်ဘုရားနန်းတော်မှ ပြိုင်ဘက်များအားလုံးကို ရှုံးနိမ့်စေခဲ့သည်။ ထို့ကြောင့် လူအများက ချင်ရွှမ်ကန်းကို သတိပြုမိလိမ့်ကြမည် မဟုတ်ပေ။

သူတို့သည် သူ့အကြောင်း အရာအားလုံးကို အောက်ခြေမှ စကာ နှိုက်နှိုက်ချွတ်ချွတ် မစုံစမ်းနိုင်ပါက သူတို့က ဆရာနှင့်တပည့် ဟူသည့် အချက်ကို ဖော်ထုတ်နိုင်ကြလိမ့်မည် မဟုတ်ပေ။

ဒုကျောင်းအုပ်က ရီဖူရှင်းကို ကြည့်ကာ ပြောသည်။ “ထျန်းဟယ်မဟာအကြီးအကဲက နောက်ထပ်တပည့်တစ်ယောက် လက်ခံလိုက်လိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး။ မင်းက အရမ်း အရည်အချင်း ရှိပုံရတယ်။”

ဒုကျောင်းအုပ် ရှိနေရာဘက်တွင် တပည့်အနည်းငယ်ရှိနေသည်။ သူတို့၏ မျက်လုံးများက လျှပ်စီးများကဲ့သို့ပင် ဖြစ်နေပြီး ခမ်းနားထည်ဝါသည့် အရှိန်အဝါများ ရှိကာ သူတို့သည် ရီဖူရှင်းကို စူးစိုက်ကြည့်နေကြသည်။

“ကျုပ်က အိုနေပြီလေ။ ဒါကြောင့် ကျုပ်ရဲ့ အမွေကို ဆက်ခံနိုင်မယ့် တစ်စုံတစ်ယောက်ကို ရှာဖို့ ဆန္ဒရှိတာ သဘာဝပါပဲ” ထျန်းဟယ်မဟာအကြီးအကဲက ပြောသည်။ “ဖူရှင်းက တကယ် အရည်အချင်းရှိတယ်။ သူက အခု ရှန့်ထိုအဆင့် အထွတ်အထိပ်မှာ ရောက်နေပြီ။ ကျုပ် သူ့ကို ဒီခေါ်လာပြီး အထူးတလည် တောင်းဆိုချင်တာက နတ်ဘုရားအမွေအနှစ် စမ်းသပ်မှုမှာ ကောင်းကင်မျှော်စင်ကျောင်းတော် က လူတွေနဲ့အတူ သူပါ လိုက်လို့ ရနိုင်မလားလို့ပါ။”

ဒုကျောင်းအုပ်၏ နက်ရှိုင်းသော အကြည့်များက ရီဖူရှင်းထံသို့ ကျရောက်လာသည်။ သူက ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက်တွင် ပြောသည်။ “ထျန်းဟယ်မဟာအကြီးအကဲ.. ခင်ဗျား နဲ့ ကျုပ်တို့ တစ်ချိန်တုန်းက အရမ်း ရင်းနှီးခဲ့ကြတယ်။ အဲဒါကြောင့် ခင်ဗျား တောင်းဆိုသမျှ ကျုပ် လုပ်ပေးမှာပါ။ ဒါပေမယ့် ခင်ဗျားလည်း သိတယ်။ ဒီတစ်ခေါက် နတ်ဘုရားအမွေအနှစ် စမ်းသပ်မှုက အရမ်း အရေးကြီးတာကြောင့် ကျုပ်တို့ ဘာအမှားမှ လုပ်လို့ မရနိုင်ဘူး။ ကျုပ်ဆရာကတောင် ဒီကိစ္စကို အရမ်း အရေးစိုက်နေတာ။ ကျုပ်က ခင်ဗျား တပည့်ကို ကျုပ်တို့နဲ့အတူ သွားခိုင်းလိုက်ရင် ချန်းကလန်ရဲ့ ရန်စကို ဖိတ်ခေါ်လိုက်သလို ဖြစ်သွားပြီး သူတို့က ကျုပ်တို့ရဲ့ ရန်သူ ဖြစ်သွားလိမ့်မယ်။ ဒါက ကောင်းကင်မျှော်စင်ကျောင်းတော် အတွက် ကောင်းတဲ့ ကိစ္စ မဟုတ်ဘူး။ အဲဒါကြောင့် ကျုပ် ခင်ဗျားအတွက် လုပ်ပေးနိုင်တဲ့ စွမ်းအားမရှိမှာ စိုးမိတယ်။”

ဒုကျောင်းအုပ်ပြောသည့်စကားကို ကြားသည့်အခါ ထျန်းဟယ်မဟာအကြီးအကဲက ခေါင်းညိတ်ကာ ပြောသည်။ “ကျုပ်လည်း ခင်ဗျားကို ပြဿနာဖြစ်စေလိုတဲ့ ဆန္ဒမရှိပါဘူး။ ဒါဆို ကျုပ် ထပ်မပြောတော့ဘူး။ နှုတ်ဆက်ပါတယ်။”

“ခဏလောက် မနေတော့ဘူးလား။” ဒုကျောင်းအုပ်က မေးသည်။

“မနေတော့ပါဘူး။ ကျုပ် သူ့ကို ခေါ်ပြီး တခြားနေရာတွေ သွားကြည့်လိုက်ဦးမယ်။” ထျန်းဟယ်မဟာအကြီးအကဲက ပြောသည်။

“ကောင်းပါပြီ။ ဒါဆို ကျုပ် လိုက်မပို့တော့ဘူး။” ဒုကျောင်းက ထပ်မပြောတာကြောင့် သူတို့လည်း နှုတ်ဆက်ကာ ထွက်လာကြပေသည်။

သူတို့နှစ်ဦးက တဖြည်းဖြည်း အဝေးသို့ ရောက်ရှိသွားကာ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။ ဒုကျောင်းအုပ်သည် သက်ပြင်းချကာ ပြောလိုက်၏။ “ထျန်းဟယ်မဟာအကြီးအကဲက သူ့တပည့်ကို နတ်ဘုရားအမွေအနှစ် စမ်းသပ်မှုမှာ ပါဝင်နိုင်ဖို့ ကျုပ်တို့ဆီ လာ တောင်းဆိုလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးဖူးခဲ့ဘူး။ သူ တကယ် အိုသွားခဲ့ပြီပဲ။”

အတိတ်မှဆိုလျှင် ဤကိစ္စမှာ မည်သည့်အချိန်မှာမှ မဖြစ်ပျက်မည့် အရာဖြစ်သည်။

သူက ထျန်းဟယ်မဟာအကြီးအကဲ ဖြစ်သည်။ သူသည် ချန်းကလန်မှ သမီးနှင့် လက်ထပ်ခဲ့ပြီး သူက သူတို့ကို ဖီဆန်ရဲသည်။

ယခု သူ၏ ရဲရင့်ခဲ့သော နေ့ရက်များက အတိတ်တွင် ကျန်ခဲ့ပြီ ဖြစ်သည်။ သူက သူ၏ အမွေကို ဆက်ခံစေနိုင်ရန်သာ ဆန္ဒရှိပေတော့သည်။

“နတ်ဘုရားအမွေအနှစ်အတွက် သွားချင်တဲ့ တန်ခိုးရှင်တွေ အများကြီး ရှိတယ်။ ထျန်းဟယ်မဟာအကြီးအကဲက သူ့တပည့်အတွက်နဲ့ ကျွန်တော်တို့ ချန်းကလန်ကို ဆန့်ကျင်ဖို့ ပြောခဲ့တယ်။ သူက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ။” မျက်လုံးများထဲမှ မိုးကြိုးနှင့် မီးလျှံအလင်းတို့ တောက်ပနေသည့် လူငယ်လေးက ပြောသည်။ သူ့အသံက အေးစက်ကာ လှောင်ပြောင်ဟန်တို့ ပါဝင်နေသည်။ သူက ထျန်းဟယ်မဟာအကြီးအကဲကို စီနီယာဟုပင် လေးစားမှု မရှိပေ။

ထျန်းဟယ်မဟာအကြီးအကဲ၏ အမည် ဖြစ်တည်လာသည့်အချိန်တွင် သူက မမွေးခဲ့သေးပေ။

ဒုကျောင်းအုပ်က ပြုံးသည်။ ထျန်းဟယ်မဟာအကြီးအကဲသည် သူ့ကိုယ်သူ အလွန် တန်ဖိုးထားလေးစားပေသည်။ ယခင်က သူ့တွင် ထိုသို့ အခွင့်အရေးမျိုး ရှိသည်။ သို့သော် ယခုတွင် ကွဲပြားသွားပြီ ဖြစ်သည်။

ပြောကြသည်မှာ မကြာသေးခင်က သူ့ဇနီးကို ချန်းကလန်မှ ခေါ်ဆောင်သွားခဲ့သည်ဟူ၍ ဖြစ်သည်။ ယခု သူ၏ နောက်ဆုံး မျှော်လင့်ချက်မှာ သူ့ တပည့်ကို သူ၏ သင်ခန်းစာများ သင်ကြားပေးရန်သာ ဖြစ်သည်။

သို့သော် သူတို့က ချန်းကလန်ကဲ့သို့ ကြီးမားသည့် အတားအဆီးကို ကျော်ဖြတ်နိုင်မည်နည်း။

သူက ထိုသို့ လုပ်၍ သူ့တပည့်အသစ်ကို သင်ကြားပေးနေသည်လား။

ထိုသည်မှာ မဖြစ်နိုင်ပေ။

ထျန်းဟယ်မဟာအကြီးအကဲသည် ရီဖူရှင်းကို ခေါ်ဆောင်သွားကာ သူတို့နှစ်ယောက်သည် အခြားအင်အားစုများသို့ သွားရောက် လည်ပတ်ခဲ့သည်။ အကြိမ်တိုင်း တူညီစွာပင် အငြင်းခံခဲ့ရ၏။

လူတိုင်းသည် သူက ထျန်းဟယ်မဟာအကြီးအကဲ ဖြစ်နေသည့်အတွက် ယဥ်ကျေးစွာ နှုတ်ဆက်ကြသော်လည်း သူတို့၏ နှုတ်ဆက်မှုတွင် စိတ်အားထက်သန်မှု မရှိဘဲ ပွင့်ပွင့်လင်းလင်းပင် ငြင်းဆန်ခဲ့ကြသည်။  ထျန်းဟယ်မဟာအကြီးအကဲအတွက်နှင့် မည်သူက ထိပ်သီးအင်အားစုတစ်ခုကို ဆန့်ကျင်လိမ့်မည်နည်း။

ထို့ပြင် သူတို့သည် ရီဖူရှင်းကို ခေါ်သွားပေရသည့်အတွက် အကျိုးအမြတ် ရှိမည်လည်း မဟုတ်ပေ။

သူတို့သည် သူ့ထံမှ မည်သည်မှ ပြန်ရနိုင်မည်ဟု မထင်ကြပေ။ သူက ထျန်းဟယ်မဟာအကြီးအကဲ၏ ဆက်ခံသူ ဖြစ်နေလျှင်ပင် လူအများက ထိုအကြောင်းကို ဂရုစိုက်ကြလိမ့်မည် မဟုတ်ပေ။ သူ့ကို အရေးစိုက်၍ ခေါ်ဆောင်လာပါက ထိုသည်မှာ ချန်းကလန်ကို တိုက်ရိုက်ဆန့်ကျင်လိုက်ခြင်းနှင့် တူပေသည်။ မည်သူက ဝန်ထုပ်ဝန်ပိုးကို သယ်ဆောင်သွားချင်ပါမည်နည်း။

ထိုအချိန်တွင် ထျန်းဟယ်မဟာအကြီးအကဲနှင့် ရီဖူရှင်းက ခရီးဆက်နေသည်။ ရီဖူရှင်းသည် သူ့ဆရာကို ​ကြည့်ကာ မေးသည်။ “ကျွန်တော်တို့ နောက်တစ်နေရာ သွားဦးမှာလား။”

သူတို့သည် သုံးကြိမ်တိုင်တိုင် ငြင်းပယ်ခံခဲ့ရပြီး ဖြစ်သည်။ ထျန်းဟယ်မဟာအကြီးအကဲက အစော်ကားခံနေရသည်ဟုပင် သူ စတင်ခံစားလာရသည်။ သို့သော်လည်း သူက ဂရုမစိုက်ဟု ပြောခဲ့သည်။ သူ့ဆရာက ဆက်လက်လုပ်ဆောင်မည်ဆိုလျှင် သူ့တွင် စောဒကတက်စရာမရှိပေ။

“မသွားဘူး။ သူတို့က တော်ဝင်ဘုံမှာ ငါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိခဲ့သူတွေပဲ။” ထျန်းဟယ်မဟာအကြီးအကဲက ပြန်ဖြေသည်။

“ဒါဆို ကျွန်တော်တို့ အခု ဘယ်ထပ်သွားကြမှာလဲ။” ရီဖူရှင်းက မေးသည်။

“ပျက်စီးခြင်းမြို့တော်ကို သွားမယ်။ နတ်ဘုရားအမွေအနှစ် နယ်မြေ ဝင်ပေါက်ကို” ထျန်းဟယ်မဟာအကြီးအကဲက ပြန်ဖြေသည်။ “ငါတို့ အဲဒီမှာ ထိုက်ရွှမ်ကို စောင့်ကြမလား။”

ရီဖူရှင်းက မည်သည့် စကားမှ မဆိုဘဲ ခေါင်းညိတ်သည်။ သူက သူ့ဆရာကို ကြည့်နေသည်။

အမှန်တွင် သူသည် သံသယအချို့ကို စတင်ခံစားနေရသည်။

အစက သူသည် သူ့ဆရာက သူနှင့်အတူ သွားနိုင်ရန် အင်အားစုတစ်ခုကို ရှာဖွေချင်နေသည်ဟု ရိုးရှင်းစွာ တွေးခဲ့ပြီး သူ့အတွက် မျှော်လင့်ချက် အနည်းငယ် ရှိနေခဲ့သေးသည်။

သို့သော် သူတို့က သုံးကြိမ်တိုင်တိုင် ငြင်းပယ်ခံခဲ့ရပြီးနောက်၌ သူက ထိုအကြောင်း မတွေးနေတော့ပေ။

ရှင်းလင်းစွာပင် သူတို့က ငြင်းပယ်ခံခဲ့ရသော်လည်း သူ့ဆရာက တည်ငြိမ်နေဆဲ ဖြစ်သည်။ သူ့ဆရာ၏ သဘောထားကို မြင်သည့်အခါ ရီဖူရှင်းသည် သူ့ဆရာက သည်အဖြစ်ကို ရည်ရွယ်ချက်ရှိရှိ လုပ်သည်ဟု တွေးထင်လာပေသည်။

အခြားလူများက ရှင်းလင်းစွာ မြင်နိုင်စွမ်းမရှိသော်လည်း သူသည် ဆရာ့ဘေးမှ နေ၍ သူ့ဆရာ မည်သည်တို့ လုပ်နေသည်ကို သေသေချာချာ မြင်တွေ့ပေသည်။ သူ၏ အတွေးမှာ သူ့ဆရာက ဤအချင်းအရာတို့ကို တစ်စုံတစ်ယောက်ကို ပြသရန် တမင် လုပ်နေသည်ဟူ၍ ဖြစ်သည်။

ထိုသည်က ချန်းကလန်များ ဖြစ်နေမလား။

သို့ဆိုလျှင် သူ့ဆရာ ဤသို့ လုပ်ရခြင်း၏ ရည်ရွယ်ချက်က မည်သည်နည်း။

ချန်းကလန်က သူ့ကို လျှော့တွက်သည်အား လိုချင်နေသည်လား။

ရီဖူရှင်းသည် သံသယများ ရှိနေသော်လည်း သူ့ဆရာက မည်သို့မှ မပြောသည့်အတွက် သူက မမေးခဲ့ပေ။

သူတို့နှစ်ယောက်သည် ရှေ့ဆက်ကာ ပျက်စီးခြင်းမြို့တော်သို့ သွားနေခဲ့သည်။ သူတို့သာ သွားနေသည်မဟုတ်ပေ။ ထိုအချိန်တွင် ဗဟိုအင်ပါယာဘုံမှ မရေတွက်နိုင်သည့် တန်ခိုးရှင်များသည်လည်း ထိုနေရာသို့ အလျင်အမြန် သွားနေကြပေသည်။

ထျန်းဟယ်မဟာအကြီးအကဲ တော်ဝင်ဘုံသို့ ပြန်လာသည့် သတင်းသည် တဖြည်းဖြည်း လူအများထံ ရောက်ရှိလာသည်။ မကြာခင်၌ သူတို့အားလုံးသည် ထျန်းဟယ်မဟာအကြီးအကဲက အစွမ်းထက်အင်အားစုသုံးခုသို့ သွားခဲ့သော်လည်း အားလုံးက သူ့ကို ငြင်းပယ်ခဲ့ကြောင်း သိရှိသွားခဲ့ကြသည်။ သူ၏ ယခင် ဂုဏ်သရေတို့မှာ ကုန်ဆုံးသွားပြီ ဖြစ်သည်။ တော်ဝင်ဘုံမှ လူများက သက်ပြင်းချလိုက်ကြသည်။ သူရဲကောင်းက အိုမင်းသွားခဲ့ပြီ ဖြစ်သည်။

ထျန်းဟယ်မဟာအကြီးအကဲသည် ချန်းကလန်၏ ဖိအားအောက်မှာပင် ခေါင်းငုံ့အောက်ကျို့ရန် ငြင်းဆန်ခဲ့သော်လည်း ယခုတွင် သူ၏ ဆက်ခံသူအတွက် ခေါင်းငုံ့ခဲ့ရပေသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset