Switch Mode

အခန်း ( ၃၃၁ )

အမှောင်ဂိုဏ်း၏မျိုးဆက်

ဝမ်ပေါင်လဲ့ ပုံရိပ်ယောင် နယ်မြေထဲသို့ ဝင်သွားပြီး မမလေးဆီမှ အကြံဉာဏ်များ တောင်းနေစဉ် ကမ္ဘာနှင့် အလွန်အင်မတန်မှ ဝေးကွာသည့် အာကာသ တစ်နေရာထဲရှိ အဆုံးမရှိလောက်အောင် ကျယ်ပြောနေသော ကြယ်စင်စုများထဲတွင် ပုံပျက်ကာ တွန့်လိမ်ရှုံ့တွနေသည့် နယ်မြေကြီးတစ်ခု ရှိနေ၏။

ထိုနယ်မြေကြီးမှာ နဂါးငွေ့တန်း ဂလက်ဆီကဲ့သို့ပင် အလွန်အင်မတန်မှ ကျယ်ပြောနေ၏။ ထိုနယ်မြေထဲတွင် မရေမတွက်နိုင်လောက်အောင် များပြားသော အလင်းရောင် အမျှင်အတန်းများဖြင့် ပြည့်နှက်နေပြီး ၎င်းတို့မှာ ထိုနယ်မြေကြီး တွန့်လိမ်ရှုံ့တွနေရသည့် အကြောင်းအရင်းဖြစ်နေသည်။ အလင်းလှိုင်းအမျိုးမျိုးမှာ တစ်ခုပေါ်တစ်ခု ထပ်နေကြသောကြောင့် ထိုနယ်မြေထဲရှိ ပုံရိပ်များမှာလည်း တစ်ခုပေါ်တစ်ခု ထပ်နေကြ၏။ မျောလွင့်နေကြသည့် ဖုန်မှုန့်များဖြစ်စေ၊ တိတ်ဆိတ်ငြိမ်သက်နေကြသည့် ကြယ်တာရာများဖြစ်စေ ၎င်းတို့အားလုံးမှာ မရေမတွက်နိုင်လောက်အောင် များပြားသော ပုံရိပ်များကို အတူတကွ စုပေါင်းထားသည့်ပုံစံ ဖြစ်နေကြသည်။

ထိုနယ်မြေထဲတွင် အမြင်အာရုံနှင့် အခြားအာရုံများကို သိရှိခံစားနိုင်မည် မဟုတ်ဘဲ ပုံရိပ်ယောင်တစ်ခုထဲသို့ ရောက်နေသည့်အလား ခံစားနေရမည်ဖြစ်သည်။ မျက်လုံးဖြင့် မြင်နိုင်သမျှ အရာအားလုံးမှာ တွန့်လိမ်ရှုံ့တွကာ ပုံပျက်နေကြ၏။

ထို အတွန့်အခေါက် နယ်မြေကြီး၏ ကျယ်ပြောမှုကို စကားလုံးများနှင့်ပင် ဖော်ပြ၍မရနိုင်ပေ။ ထိုနယ်မြေထဲမှ ထွက်ပေါ်လာသည့် သက်ရှိများအားလုံး ထို တွန့်လိမ်ရှုံ့တွမှု ဂုဏ်သတ္တိအား ပိုင်ဆိုင်ထားကြသည့်ပုံပင်။ ၎င်းတို့မှာ အစစ်နှင့် အတုအယောင်ဆိုသည့် အခြေအနေ နှစ်ခုကြားတွင် ရှိနေ၏။ ထို့ကြောင့် စကြဝဠာထဲရှိ အဖွဲ့အစည်းများစွာမှာ ထိုနယ်မြေအား တမူထူးခြားသည့် အမည်တစ်ခု ပေးထားကြ၏။

၎င်း၏ အမည်မှာ ပုံရိပ်ယောင်အမှောင်နယ်မြေပင် ဖြစ်သည်။

ပုံရိပ်ယောင်အမှောင်နယ်မြေ၏ အနက်ရှိုင်းဆုံးဖြစ်သည့် ဗဟိုချက်နေရာတွင် နေအဖွဲ့အစည်း၏ အရွယ်အစားခန့်ရှိသော အတွင်းပိုင်းနယ်မြေတစ်ခု ရှိနေ၏။ ထိုနယ်မြေထဲတွင် သက်ရှိများ လုံးဝနီးပါး မရှိသလို ၎င်းမှာ လူအများစု လုံးဝရှာတွေ့နိုင်မည်မဟုတ်သော လျှို့ဝှက်ဆန်းကြယ် နယ်မြေတစ်ခုဖြစ်သည်။

ထို့ကြောင့် ၎င်းမှာ ပုံရိပ်ယောင်အမှောင်နယ်မြေထဲရှိ တားမြစ်နယ်မြေတစ်ခုကဲ့သို့ပင် ဖြစ်နေ၏။ ထို နယ်မြေထဲသို့ ဝင်သွားခဲ့သည့် လူတိုင်း အသက်ရှင်လျက် ပြန်ထွက်လာနိုင်ခြင်း မရှိပေ။

ထို တားမြစ်နယ်မြေကြီးထဲရှိ ကျယ်ပြောသော ဟင်းလင်းပြင်ကြီးတစ်ခုထဲ၌ ကြယ်လေးတစ်လုံးသာ ရှိသည်ဟု ဒဏ္ဍာရီများထဲတွင် ပြောစမှတ်ပြုကြ၏။ ၎င်းမှာ မီးခိုးရောင်ကြယ်လေးတစ်လုံးဖြစ်သည်။

ထိုဒဏ္ဍာရီများ မည်ကဲ့သို့ ပေါ်ပေါက်လာသည်ကို မည်သူကမှ မသိကြပေ။ ထို နယ်မြေထဲသို့ စူးစမ်းဝင်ရောက်ခဲ့သည့် လူများထဲတွင် မည်သူကမှ အသက်ရှင်လျက် ပြန်ထွက်လာနိုင်ခဲ့ခြင်း မရှိသည် မဟုတ်ပါလော။ သို့သော် ထိုဒဏ္ဍာရီများမှာမူ ရှေးပဝေသဏီကတည်းက သမိုင်းမှတ်တမ်းများထဲ၌ ရှိနေ၏။

ထိုဒဏ္ဍာရီများ မှန်ကန်မှု ရှိ၊ မရှိကို မည်သူကမှ သက်သေမပြနိုင်ပေ။

အမှန်တွင် ထို တားမြစ်နယ်မြေ၏ အနက်ရှိုင်းဆုံးသော ဗဟိုချက်နေရာ‌၌ ကြယ်တစ်လုံးမှ မရှိပေ။ အာကာသတွင်းနက်ကြီးတစ်ခုနှင့် တူသည့် အလွန်အင်မတန်မှ ကျယ်ပြောသော ရေဝဲတစ်ခုသာ ရှိနေသည်။ ၎င်းမှာ မီးခိုးရောင်ဖြစ်ပြီး တိတ်ဆိတ်ငြိမ်သက်စွာ လည်ပတ်နေ၏။ အဝေးမှ ကြည့်လိုက်ပါက ၎င်းမှာ ကြယ်ပေါင်းမြောက်မြားစွာဖြင့် ဖန်တီးထားသည့် ဝဲတစ်ခုနှင့် တူနေသည်။

ဝမ်ပေါင်လဲ့၏ မျက်လုံးထဲ၌ အမှောင်မီးတောက် ပြန်လည်အသက်ဝင်လာသည့် အချိန်တွင် ရှေးယခင်ကတည်းက ယခုအချိန်ထိ လုံးဝပြောင်းလဲခြင်းမရှိခဲ့သော ရေဝဲကြီးထဲတွင် အလင်းရောင်တစ်ခု စတင်တောက်ပလာ၏။ ၎င်းမှာ အတိတ်တုန်းက အလင်းရောင်များအားလုံးနှင့် မတူညီဘဲ ကွဲပြားနေသည်။

ထိုအလင်းရောင်မှာ ရောင်စုံဖြစ်နေပြီး ဝင်းလက်စွာ တဖိတ်ဖိတ် တောက်ပလာတော့သည်။ ထိုအချိန်တွင် ရေဝဲကြီးထဲမှ မီးခိုးရောင် ခေါင်းတလားတစ်လုံး တဖြည်းဖြည်းနှင့် ပျံထွက်လာ၏။ ၎င်းမှာ မည်သည့်နေရာကမှန်းမသိ ဗြုန်းစားကြီး ပေါ်ထွက်လာသကဲ့သို့ပင်။

ထို‌ခေါင်းတလားကြီးမှာ မည်းနက်နေပြီး အမည်မသိ ပစ္စည်းတစ်မျိုးဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ ထို ခေါင်းတလားကြီး ပေါ်ထွက်လာသောအခါ ၎င်းထဲမှ စကားလုံးများနှင့် ဖော်ပြ၍မရနိုင်သော အအေးဓာတ်တစ်မျိုး ထွက်ပေါ်လာ၏။

ထို အေးစက်စက် အငွေ့အသက်ကြီးမှာ အရာအားလုံးကို အေးခဲသွားစေမည့် ပုံစံဖြင့် အာကာသထဲသို့ ပျံ့လွင့်လာ၏။ အကယ်၍ ဝမ်ပေါင်လဲ့သာ ထိုနေရာ၌ ရှိနေမည်ဆိုလျှင် အံ့ဩတုန်လှုပ်သွားရမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအအေးဓာတ်ကြီးမှာ သူ အမှောင်ပညာရပ်ကို အောင်မြင်စွာ လေ့လာတတ်မြောက်နိုင်ခဲ့သည့် အချိန်တုန်းက ခံစားခဲ့ရသော ခံစားချက်ကြီးနှင့် တစ်ထေရာတည်း တူနေသောကြောင့်ဖြစ်သည်။

” ငါတို့ အမှောင်ဂိုဏ်း ထိပ်ဆုံးအဆင့်မှာ ရှိနေခဲ့ပြီး တန်ခိုးအာဏာတွေ မလျော့ကျသေးတဲ့ အချိန်တုန်းက အမှောင်အဆောင်ပစ္စည်းတချို့ကို လက်ဆောင်ပေးခဲ့တဲ့ပုံပဲ ”

” ရာစုနှစ်တွေ အများကြီး ကုန်ဆုံးသွားပြီးတော့ ငါတို့ရဲ့ မျိုးဆက်တွေကလည်း အင်အားဆုတ်ယုတ်လာခဲ့တော့ နောက်ဆုံးမှာ မျိုးဆက်တစ်ခုလုံး ပျက်သုဉ်းသွားခဲ့ရတာပဲ။ ငါတို့ရဲ့ ဂိုဏ်းနဲ့ ပတ်သက်တဲ့ အရာအားလုံးကလည်း အတိတ်မှာကျန်ခဲ့တာပေါ့။ အတိတ်တုန်းက အမှောင်အဆောင်ပစ္စည်းတွေကလည်း ဟိုတစ်စ သည်တစ်စ ပြန့်ကျဲသွားပြီးတော့ စွမ်းအား‌တွေကို ဆုံးရှုံးလိုက်ရတာ။ ဒီလောက် အချိန်တွေအများကြီး ကြာပြီးမှ အမှောင်အဆောင်ပစ္စည်းတစ်ခုက ပြန်အသက်ဝင်လာပြီး ငါတို့အတွက် အမွေဆက်ခံသူ အသစ်တစ်ယောက်ကို ဆောင်ကျဉ်းလာပေးလိမ့်မယ်လို့ ဘယ်သူက ထင်ခဲ့မှာလဲ။ နည်းနည်းလေးတော့ နောက်ကျနေပေမယ့် ငါတို့ရဲ့ အမှောင်ဂိုဏ်းဝင်တစ်ယောက် ဖြစ်နေတုန်းပါပဲ။ သူ မူလကပ်ဘေးကြီးဆီကနေ ရှောင်ပြေးလွတ်မြောက်နိုင်ဖို့ မျှော်လင့်ရင်း ငါတို့တွေ ဒီ အမှောင်ခေါင်းတလားကို လက်ဆောင်ပေးလိုက်ပါတယ် ”

ရေဝဲကြီးထဲမှ ရှေးဟောင်း စကားသံကြီးတစ်သံ ဖြည်းဖြည်းချင်း ထွက်ပေါ်လာ၏။ ၎င်းမှာ လေသံတိုးတိုးဖြင့် ရေရွတ်လိုက်သည့် အသံတစ်သံနှင့် တူနေသလို သက်ပြင်းချလိုက်သည့် အသံနှင့်လည်း တူနေ၏။ ထို့နောက် ထိုရေဝဲကြီး၏ အရွယ်အစား တစ်ဝက်ခန့်ရှိသည့် မှုန်ဝါးဝါး ဖြစ်နေသော ဧရာမ လက်ကြီးတစ်ဖက်မှာ ရေဝဲကြီးထဲမှ တဖြည်းဖြည်း ဆန့်ထွက်လာ၏။

၎င်းမှာ စပေါ်လာခဲ့သည့် အချိန်တုန်းက အရိပ်တစ်ခုအနေနှင့်သာ ရှိနေခဲ့ပါသော်လည်း ခဏအကြာတွင် အရိုးနှင့် အသားများ ထွက်ပေါ်လာသောကြောင့် ၎င်းမှာ အကောင်းပတိအတိုင်း ရှိနေသည့် လက်ကြီးတစ်ဖက်အသွင် ပြောင်းလဲသွားသည်။ ၎င်းမှာ မီးခိုးရောင် အင်္ကျီလက်ထဲမှ ဆန့်တန်းထွက်ပေါ်လာပြီး ၎င်းပေါ်ရှိ အရေပြားမှာ ရှုံ့တွကာ ၎င်း၏ လက်သည်းများမှာလည်း ရှည်လျားကွေ့ကောက်နေကြ၏။ ထိုလက်ကြီးမှာ ဆန့်ထွက်လာပြီးနောက် ၎င်းနှင့် ယှဉ်လိုက်ပါက ပိုးကောင်တစ်ကောင် အရွယ်အစားမျှသာရှိသော ခေါင်းတလားလေးကို အသာအယာ လှမ်းတောက်လိုက်၏။

ထိုအခါ ထို ခေါင်းတလားလေးမှာ ချက်ချင်းဆိုသလိုပင် အရှိန်အဟုန်ဖြင့် လွင့်ထွက်သွားတော့သည်။ ၎င်း၏ ပန်းတိုင်မှာ အင်္ဂါဂြိုဟ် ဖြစ်၏။

ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ ပုံရိပ်ယောင်နယ်မြေထဲမှ ပြန်ထွက်လာပြီဖြစ်ပြီး အံ့ဩတုန်လှုပ်နေရဆဲပင်။ ထိုသို့ဖြစ်နေရသည့် ကြောင်းအရင်းတစ်ခုမှာ မမလေး သူ့အား ပြောပြခဲ့သည့် အရာများကြောင့်ဖြစ်ပြီး နောက်ထပ်အကြောင်းအရင်းတစ်ခုမှာ သူသည် အမှောင်ပညာရပ်အား မည်ကဲ့သို့ လေ့လာတတ်မြောက်သွားမှန်း သေသေချာချာ မသိသေးသောကြောင့် ဖြစ်သည်။

သူသည် အခန်းထဲသို့ ပြန်ရောက်လာပြီးနောက် တင်ပျဉ်ခွေထိုင်ချကာ စတင်တွေးတောနေလိုက်တော့သည်။ သူသည် အချိန်အကြာကြီး စဉ်းစား‌တွေးတောရင်း သူ ကျော်ဖြတ်ခဲ့ရသည့် အဖြစ်အပျက် အမျိုးမျိုးနှင့် အတွေ့အကြုံ အမျိုးမျိုးတို့ကို ပြန်ပြောင်းစဉ်းစားကြည့်လိုက်၏။ ထို့နောက် သူသည် တစ်စုံတစ်ခုကို မှတ်မိသွားသည့်ပုံစံဖြင့် အသားများတုန်ရီသွားတော့သည်။

” ငါ ဂူထဲမှာ ရှိနေခဲ့တုန်းက သွေးရောင်မြူခိုးတွေကို ရှူမိလိုက်တာကြောင့်များ ဖြစ်နေမလား ”

ဝမ်ပေါင်လဲ့မှာ ထိုသို့ တွေးမိလိုက်တော့အခါ အသက်ရှူသံများ မြန်ဆန်လာရတော့သည်။ သူသည် ထိုဂူကြီးဆီသို့ မသွားခင်တုန်းက အမှောင်ပညာရပ်အား လေ့ကျင့်ရန် ကြိုးစားခဲ့သည့်အချိန်တိုင်း ကျရှုံးမှုများနှင့်သာ ရင်ဆိုင်ခဲ့ရသည်ဖြစ်ကြောင်း သိထား၏။ သူသည် ထိုဂူကြီးထဲမှ ပြန်ရောက်လာခဲ့ပြီးနောက် တံခါးပိတ် လေ့ကျင့်ခဲ့ပါသော်လည်း အမှောင်ပညာရပ်အား ချက်ချင်း မလေ့ကျင့်ခဲ့ပေ။ ယခုလေးတင် ပြီးသွားခဲ့သည် တံခါးပိတ်ကျင့်စဉ်မှာ သူ ဂူကြီးဆီသို့ သွားရောက်လည်ပတ်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အမှောင်ပညာရပ်အား ပြန်လည်လေ့ကျင့်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုနိုင်ပေသည်။

သူသည် ထို ပထမဆုံးအကြိမ်တွင် ချက်ချင်းပင် အောင်မြင်သွားကာ အနုတ်ဝိညာဉ်ခန္ဓာကိုယ်အား အာရုံခံနိုင်ခဲ့ပြီး သူ၏ ခန္ဓာကိုယ်ထဲ၌ အမှောင်မီးတောက်ကို ဖန်တီးနိုင်စွမ်း ရှိသွားခြင်း ဖြစ်သည်။

သူသည် ထိုအကြောင်းများကို တွေးတောရင်း သူ၏ ရင်ထဲမှ ခံစားချက်များကို ထိန်းချုပ်၍ မရနိုင်လောက်အောင် ဖြစ်နေတော့သည်။ ထို့ကြောင့် သူသည် သွေးရောင်မြူခိုးအကြောင်းကို တွေးမိလိုက်၏။ သို့သော် ယခုလက်ရှိတွင် အရာအားလုံးမှာ ထင်မြင်ယူဆချက် အဆင့်တွင်သာ ရှိသေး၏။ ဝမ်ပေါင်လဲ့မှာ သူ၏ ကောက်ချက်ချမှုများကို သူကိုယ်တိုင်ပင် အပြည့်အဝ မယုံကြည်နိုင်သေးပေ။

ဝမ်ပေါင်လဲ့မှာ ထိုသွေးရောင်မြူခိုးအကြောင်းကို တွေးမိလိုက်သောအခါ လင်းတျန်ဟောက်အား သတိရသွား၏။ သူသည် လူပေါင်းများစွာအား ဆက်သွယ်ခဲ့သလို သတင်းများကိုလည်း မကြာခဏ ရရှိခဲ့ပါသော်လည်း သွေးရောင်မြူခိုးများမှာ အလွန်အင်မတန်မှ ထူးဆန်းသော ဖြစ်ရပ်ကြီးတစ်ခု ဖြစ်နေဆဲပင်။ ထို့ကြောင့် သူသည် လင်းတျန်ဟောက်အတွက် စိုးရိမ်ပူပန်နေရတော့သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏ အသံလွှင့်လက်စွပ်ကို ချက်ချင်းပင်ထုတ်ယူလိုက်၏။ ထို့နောက် သူသည် ခေတ္တမျှ စဉ်းစားတွေးတောလိုက်ပြီး လီဝမ်အာဆီသို့ လှမ်း၍ဆက်သွယ်ရန် ဆုံးဖြတ်လိုက်တော့သည်။ သူ၏ အသံလွှင့်လက်စွပ်ထဲမှ လီဝမ်အာ၏ အေးစက်စက် စကားသံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသောအခါ သူသည် ချောင်းဟန့်မိလိုက်၏။

” ဝန်ကြီးလီ။ ကျနော် ဝမ်ပေါင်လဲ့ပါ။ အဲ…. ကျနော်ရဲ့လက်ထောက်ဖြစ်တဲ့ လင်းတျန်ဟောက်ကို စစ်တပ်က ခေါ်သွားတာ တစ်လကျော်နေပြီ။ ကျနော် သူနဲ့ အခုအထိ အဆက်အသွယ် လုံးဝမရသေးလို့ပါ ”

ဝမ်ပေါင်လဲ့မှာ ထိုမျှလောက်နှင့် စကားရပ်လိုက်ပြီး ဆက်မပြောတော့ပေ။

ထိုအခါ လီဝမ်အာမှာ တစ်ခဏမျှ တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် တည်ကြည်စွာ ဆိုလိုက်၏။

” တခြားအဖွဲ့တွေ အကုန်လုံးက ပြန်ရောက်လာပြီး။ လင်းတျန်ဟောက်ရဲ့ အဖွဲ့ကလည်း လွန်ခဲ့တဲ့ နှစ်ရက်ကပဲ အကုန်အဆင်ပြေတယ်လို့ အကြောင်းပြန်ထားတယ်။ သိပ်မကြာခင်မှာ သူတို့တွေ စခန်းဆီကို ပြန်ရောက်လာလိမ့်မယ် ”

လီဝမ်အာမှာ ထိုသို့ဆိုလိုက်ပြီး အကြောင်းကြားစာကို အဆုံးသတ်လိုက်၏။

ဝမ်ပေါင်လဲ့မှာ လီဝမ်အာ၏ ပြောဆိုပြုမူပုံကို စိတ်ထဲ၌ ထည့်မနေခဲ့ပေ။ သူမသည် ဝမ်ပေါင်လဲ့၏ စိတ်နှလုံးထဲမှ စိုးရိမ်ပူပန်မှုများအား ပြေလျော့သွားစေခဲ့သည့် အဖြေတစ်ခုကို ပေးခဲ့သည်မဟုတ်ပါလော။ ထို့ကြောင့် သူသည် သူ၏ အမှောင်ပညာရပ်ကိုသာ ဆက်၍ လေ့လာနေလိုက်တော့သည်။ ထို့နောက် သူသည် ရုတ်တရက်ဆိုသလို သူ၏ပေါင်ကို ရိုက်ကာ ခေါင်းမော့လာပြီး သူ၏ အခန်းတံခါးကို စိုက်ကြည့်မိလိုက်တော့သည်။

” ဟာ…. ငါက မြည်းလေးကို မေ့နေတာပဲကွ ”

ဝမ်ပေါင်လဲ့မှာ အလောတကောနှင့် မတ်တတ်ထလာ၏။ ထို့နောက် သူ၏ အခန်းတံခါးကို ဝုန်းခနဲဖွင့်လိုက်သောအခါ အပေါက်ဝရှေ့တွင် ခြေကားရား လက်ကားရားဖြစ်နေသည့် မြည်းလေးကို လှမ်းမြင်လိုက်ရတော့သည်။ ၎င်းမှာ သိသိသာသာ ပိန်ကျသွားပြီး ၎င်း၏ မျက်ဝန်းများမှာလည်း အသက်မရှိတော့သည့်ပုံ ပေါက်နေ၏။

ထိုမြည်းလေးမှာ ဝမ်ပေါင်လဲ့အား သတိထားမိလိုက်၏။ ၎င်းမှာ ဆာလောင်မွတ်သိပ်ကာ နုံးချည့်နေပြီဖြစ်သည်။ ၎င်း၏ မျက်ဝန်းများထဲတွင်လည်း မကျေမချမ်းဖြစ်နေသည့် အရိပ်အယောင်များ ပေါ်လာ၏။ ၎င်းမှာ ဝမ်ပေါင်လဲ့အား အဘယ့်ကြောင့် သူပြောခဲ့သည့် ဆယ်ရက်ဆိုသော အချိန်မှာ အလွန်အင်မတန်မှ ရှည်လျားနေရပါသနည်းဟု မေးခွန်းထုတ်နေသည့် ပုံပင်။

ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် မလုံမလဲဖြစ်သွားသလို ခံစားလိုက်ရ၏။ ထို့ကြောင့် သူသည် မြည်းလေး‌၏ ခန္ဓာကိုယ်ပေါ်ရှိ ချုပ်တည်းမှုကို ချက်ချင်းပင် ဖယ်ရှားပြီးလိုက်၏။ ထိုချုပ်တည်းမှုအား ဖယ်ရှားပြီးပြီးချင်းမှာပင် နှစ်ပတ်တိတိ ပါးစပ်ပိတ်ခံထားရသော မြည်းလေးမှာ နောက်ဆုံးတွင် အသံထွက်လာတော့သည်။

” သား ”

၎င်း၏ အသံမှာ အားပျော့လွန်းနေပြီး ၎င်းမှာ ချုံးပွဲချငိုတော့မည့်ပုံ ပေါက်နေသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် အပြစ်ရှိသလို ခံစားလိုက်ရသဖြင့် မုန့်ထုပ်များကို ထုတ်ယူကာ မြည်းလေးဆီသို့ လှမ်းပစ်ပေးလိုက်၏။

” မင်း နောက်ခါ လိမ်လိမ်မာမာနေတော့နော် ”

ဝမ်ပေါင်လဲ့မှာ မုန့်ထုပ်များကို လှမ်းပစ်ပေးလိုက်ပြီးနောက် ချောင်းဟန့်လိုက်၏။ ထို့နောက် သူသည် မြည်းလေးအား အနည်းငယ်ခန့် ထပ်၍ ဆူပူကြိမ်းမောင်းရင်း ထိုမြည်းလေး စားစရာများအား ဆာလောင်မွတ်သိပ်နေသည့် ဝံပုလွေတစ်ကောင်ကဲ့သို့ အငမ်းမရ စားသုံးနေသည်ကို ကြည့်နေလိုက်တော့သည်။ ထိုမြင်ကွင်းကြောင့် သူ၏ နှလုံးသားမှာ ပျော့ပျောင်းနူးညံ့သွားရ၏။ ထို့ကြောင့် သူသည် မုန့်ထုပ်အနည်းငယ်ခန့် ထပ်၍ ထုတ်ယူလိုက်ပြန်သည်။

ထိုအခါ မြည်းလေးမှာ ၎င်း၏ရှေ့၌ မုန့်များစွာကို မြင်လိုက်ရသောကြောင့် စိတ်နှလုံး လှုပ်ရှားသွားရပြီး မျက်ရည်များ ဝဲလာတော့သည်။ ထို့နောက် ၎င်းမှာ ဝမ်ပေါင်လဲ့အား ကျေးဇူးတင်နေသည့် မျက်ဝန်းများဖြင့် ကြည့်လိုက်၏။

” ဒီလိုမှပေါ့ကွ။ မြည်းလိမ္မာလေးရ ”

ဝမ်ပေါင်လဲ့မှာ ဤပြစ်ဒဏ်ကြောင့် ပြန်လည်ရရှိခဲ့သည့် အကျိုးသက်ရောက်မှုကို ကျေနပ်နေတော့သည်။ နောက်လေးရက်အတွင်း သူသည် အမှောင်မီးတောက်ကို ဆက်လက်လေ့လာခဲ့ပြီး သူ၏ ခံတပ်အတွက် လိုအပ်သော ပုံစံစာရွက်များကို အချောသတ်လိုက်၏။ ထို့အပြင် သူသည် ဆောက်လုပ်ရေးလုပ်ငန်းသုံး ရုပ်သေးရုပ်များကိုလည်း စတင်ဖန်တီးနေပြီဖြစ်သည်။ မြည်းလေးမှာ ပါးစပ်ပိတ်ခံခဲ့ရသည့် သင်ခန်းစာကို ဦးနှောက်ထဲ၌ စွဲနေအောင် မှတ်သွားသည့်ပုံပင်။ ၎င်းမှာ အားအင်များ ပြန်လည်ပြည့်ဖြိုးလာပြီး တက်တက်ကြွကြွ ပြန်ဖြစ်လာသည့်တိုင်အောင် အလွန်အကျွန် မသောင်းကျန်းတော့ပေ။ အထူးသဖြင့် ဝမ်ပေါင်လဲ့၏ ရှေ့တွင်ဆိုလျှင် ၎င်းမှာ လိမ်လိမ်မာမာနှင့် ရိုသေကျိုးနွံမှုအပြည့် ရှိနေ၏။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ ကျေနပ်အားရနေရတော့သည်။ ယခုတွင် ထိုမြည်းလေးမှာ လိမ္မာနေပြီဖြစ်ရာ ၎င်းအတွက် သားရဲသိုလှောင်အိတ်တစ်လုံး ဝယ်ပေးရန် တွေးတောနေ၏။ ထို့ကြောင့် သူသည် ကျောင်းအပြင်သို့ထွက်ရန် ပြင်လိုက်စဉ်မှာပင် သူ၏ အသံလွှင့်လက်စွပ်မှတစ်ဆင့် စစ်တပ်ဆီမှ ဖိတ်ကြားမှုတစ်ခုကို လက်ခံရရှိလိုက်သည်။

အင်္ဂါဂြိုဟ်စစ်တပ်မှာ ပေါင်လဲ့အမြောက် တပ်ဆင်ရာ၌ သူတို့အား ကူညီညွှန်ကြားပေးရန် ဝမ်ပေါင်လဲ့အား လှိုက်လှိုက်လှဲလှဲ ဖိတ်ကြားလိုက်ခြင်းဖြစ်သည်။

ဝမ်ပေါင်လဲ့ ဖန်တီးခဲ့သည့် ပေါင်လဲ့အမြောက်မှာ ကမ္ဘာပေါ်ရှိ စစ်တပ်ထဲတွင် လူသုံးများနေပြီဖြစ်သည်။ အင်္ဂါဂြိုဟ်စစ်တပ်မှာလည်း ထိုအမြောက်အချို့ကို ခွဲတမ်းရရှိခဲ့သည်။ သို့သော် သယ်ယူပို့ဆောင်ရေး လွယ်ကူစေရန်နှင့် အလေအလွင့် မရှိစေရန် ထိုအမြောက်များကို အစိတ်အပိုင်း တစ်ခုချင်းစီချင်းစီခွဲ၍ သူတို့ဆီသို့ ပို့ဆောင်ခဲ့သည်ဖြစ်ရာ ၎င်းတို့ကို ပြန်လည်တပ်ဆင်ရန်လိုအပ်ပေသည်။

ပုံမှန်အတိုင်းဆိုလျှင် ထိုသို့တပ်ဆင်ရာ၌ ကူညီကြီးမှူးပေးရန် အကြံပေးပုဂ္ဂိုလ်တစ်ယောက် လိုအပ်သည်။ အဘယ့်ကြောင့်ဆိုသော် ဝမ်ပေါင်လဲ့မှာ ထိုပေါင်လဲ့အမြောက်များ၏ အတွင်းပိုင်းထဲတွင် လျှို့ဝှက်စာများ ရေးထားခဲ့သောကြောင့်ဖြစ်သည်။ သူသည် ထိုအမြောက်အား စစ်တပ်ဆီသို့ ရောင်းချခဲ့စဉ်တုန်းက ထိုလျှို့ဝှက်စာများကိုပါ ပြောပြခဲ့သည်ဖြစ်သော်လည်း ၎င်းတို့မှာ စစ်တပ်အသိုင်းအဝိုင်းထဲတွင် ထိပ်တန်းအဆင့် လျှို့ဝှက်ချက်တစ်ခုအဖြစ် ရှိနေဆဲပင်။

သို့သော် ပေါင်လဲ့အမြောက်အား ဖန်တီးခဲ့သူဖြစ်သည့် ဝမ်ပေါင်လဲ့မှာ အင်္ဂါဂြိုဟ်ပေါ်၌ ရောက်နေသည်မဟုတ်ပါလော။ ထို့ကြောင့် မည်သည့်အကြံပေးပုဂ္ဂိုလ်ကမှ ဝမ်ပေါင်လဲ့လောက် ပေါင်လဲ့အမြောက်အကြောင်းကို နားလည်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် စစ်တပ်မှာ ဝမ်ပေါင်လဲ့အား သူတို့၏ တပ်ဆင်မှုကို ကြီးမှူးပေးရန် လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

ဝမ်ပေါင်လဲ့မှာလည်း ထိုဖိတ်ကြားမှုကို လိုလိုလားလားပင် လက်ခံလိုက်၏။ သူသည် မြူခိုးတာအိုကျောင်း၏ အဆောင်မှူး ဖြစ်နေပြီဖြစ်သလို အင်္ဂါဂြိုဟ်ပေါ်တွင်လည်း ထင်ပေါ်ကျော်ကြားသည့် လူပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေရုံသာမက လူမှုရေး အဆက်အသွယ်များစွာကိုလည်း ပိုင်ဆိုင်ထားသည်မှာ အမှန်ပင်။ သို့သော် အင်္ဂါဂြိုဟ်စစ်တပ်နှင့် ကောင်းမွန်ခိုင်မာသော ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်မည်ဆိုပါက သူသည် အင်္ဂါဂြိုဟ်ပေါ်တွင် ပို၍ ဘေးကင်းလုံခြုံသွားမည် ဖြစ်သည်။

ဝမ်ပေါင်လဲ့က သဘောတူလက်ခံလိုက်သဖြင့် စစ်တပ်မှာ သင်္ဘောပျံတစ်စင်း စေလွှတ်ကာ သူ့အား လာခေါ်လိုက်၏။ ဝမ်ပေါင်လဲ့မှာ မြည်းလေးကို တစ်ချက်ကြည့်လိုက်ပြီးနောက် ၎င်းအား တစ်ကောင်တည်း မထားခဲ့ရဲသောကြောင့် သူနှင့်အတူ သင်္ဘောပျံကြီးပေါ်သို့ ခေါ်သွားလိုက်တော့သည်။ ထို့နောက် သူတို့မှာ အင်္ဂါဂြိုဟ်စစ်တပ်စခန်းဆီသို့ ထွက်ခွာသွားတော့သည်။

Comment

  1. Anonymous says:

    ဝယ်ထားပြီးသားလေ ဖတ်မရဘူး

    1. Than Htet Aung says:

      acc ပြန်ဝင်ပေးပါ

  2. Waiwai says:

    ၀ယ်လို့မရဘူး

  3. ko224763 says:

    ဝ္မရဘူးဗ်ယ

Leave a Reply

Options

not work with dark mode
Reset