အခန်း ( ၃၈ )

ခရမ်းရောင်ချီဒယ်စောက်အိုး ဆင့်ခေါ်နည်း

ပိုင်ရှောင်ချန်းမှာ အလွန်စိတ်လှုပ်ရှားသွားပြီး ထခုန်လိုက်ကာ ခြေလက်များကို ခါယမ်း၍ သူ၏သစ်သားဓားကို ခြံဝန်းထဲတွင် ကဗျာဆန်ဆန် ပျံဝဲဆော့ကစားနေတော့သည်။ အချို့အကြိမ်များတွင် ဓားကလျှင်မြန်စွာ လေကိုခွင်းသွားပြီး အချို့အချိန်များတွင်မူ လေထဲတွင် တုတ်တုတ်မျှမလှုပ်ပဲ ငြိမ်နေသည်။

ခြံဝန်းထဲတွင် သစ်သားဓားလေးခမျာ ပုံစံမတူသော ပြောင်းလဲမှုများကို တွေ့ကြုံနေရတော့သည်။ မကြာမီ လေပြင်းတိုက်ခတ်သည့်အလား ထိုနေရာတစ်ခွင်လုံး ဓားချီစွမ်းအားများဖြင့် ဂယက်ထနေသည်။ ပိုင်ရှောင်ချန်းသည်ကား ပို၍ပင် စိတ်လှုပ်ရှားလာသည်။

ခဏအကြာတွင် သူကညာလက်ကိုဝှေ့ယမ်းလိုက်သောအခါ သစ်သားဓားလေးက သူ၏လက်ထဲသို့ ပြန်၍ရောက်လာသည်။ ထိုတောက်ပနေသောဓားလေးမှာ အံ့သြဖွယ်ကောင်းလောက်အောင် မထူးခြားသော်လည်း စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း၃ဆင့်လုပ်ထားသည့်အတွက်ကြောင့် အရင်ကထက်တော့ သာလွန်နေပြီဖြစ်သည်။

” ပေါ့ပါးရာမှသည်လေးလံခြင်းဆီသို့ရယ်၊ လေးလံရာမှသည် ပေါ့ပါးခြင်းဆီသို့ရယ် နှစ်မျိုးလုံးကို ကျွမ်းကျင်ပြီဆိုရင် သူတို့နှစ်မျိုးကိုပေါင်းစပ်ပြီး ခရမ်းရောင်ချီ ဒယ်စောက်အိုး ထိန်းချုပ်နည်းပညာရပ်ထဲမှာပါတဲ့ တစ်ခုထဲသော နတ်ဘုရားစွမ်းရည်ကို ထုတ်သုံးလို့ရပြီကွ။” ပိုင်ရှောင်ချန်းက မျှော်လင့်ချက်မီးများတောက်လောင်နေသည့် မျက်လုံးတွေနှင့်တွေးတောကာ အသက်ပြင်းပြင်းရှူလိုက်သည်။

” ခရမ်းရောင်ချီ ဒယ်စောက်အိုး ဆင့်ခေါ်နည်း ” ပိုင်ရှောင်ချန်းက သူ၏သစ်သားဓားကိုသိမ်းကာ မျက်လုံးများကို အကြာကြီးမှိတ်ထားလိုက်သည်။ သူကရုတ်တရက်ညာလက်ကို မြှောက်လိုက်ပြီး ကောင်းကင်သို့ ညွှန်ပြလိုက်သည်။သူ၏ မမြင်ရသော စိတ်စွမ်းအင်များက ရုတ်တရက် မျက်စိကျိန်းစရာအလင်းတန်းတစ်ခုအဖြစ်ထွက်ပေါ်လာသည်။ စိတ်စွမ်းအင်၏ ကြိုးမျှင် ပါးပါးလေးများက ဒယ်စောက်အိုး၏ ပုံကြမ်းအဖြစ် ပြောင်းလဲသွားသည်။

ထူးဆန်းနက်နဲသော စွမ်းအားများက စိတ်စွမ်းအင်များကိုထိန်းချုပ်ကာ ပုံစံရုပ်လုံးပေါ်လာအောင် အသွင်ပြောင်းနေသည့်အလားပင်။

ထို ဒယ်စောက်အိုးအတွင်းမှ ကြီးမားသောဖိအားများ ဖြာထွက်လာပြီး ၎င်းတို့က ဓားပျံ၏ ဖိအားထက်ပင် ပို၍အားပြင်းသော စိတ်စွမ်းအင်များပင် ဖြစ်သည်။

သူ၏ခန္ဓာကိုယ်ထဲမှ စိတ်စွမ်းအင်၈၀ ရာခိုင်နှုန်းနီးပါးလောက်ကုန်ခန်းသွားသောအခါပိုင်ရှောင်ချန်း၏မျက်နှာမှာ သွေးမရှိတော့သည့်အား ဖြူဖတ်သွားသည်။ ထိုအချိန်တွင် ဒယ်စောက်အိုးမှာ အပြည့်အဝပုံပေါ်လာပြီ ဖြစ်ပြီး ပြင်းထန်သော စိတ်စွမ်းအင်များကို ထုတ်လွှတ်နေသည်။ ပိုင်ရှောင်ချန်းက သူ၏လက်ချောင်းများဖြင့် လက်ကွက်များကိုပုံဖော်လိုက်သောအခါ ထိုဒယ်စောက်အိုးကြီးမှာ မြေကြီးပေါ်သို့ ပိကျသွားတော့သည်။

ထိုအခါ ဒယ်စောက်အိုးကြီးမှာ အစိတ်စိတ်အမွှာမွှာကွဲသွားပြီး များပြားလှသော စိတ်စွမ်းအင်များစွာ လွင့်စင်ထွက်လာသည်။

အုန်းခနဲအသံကျယ်ကြီးပေါ်ထွက်လာပြီး ၃၀၀မီတာ ပတ်ပတ်လည်ရှိမြေကြီးများမှာ ကွဲအက်သံများထွက်ပေါ်လာကာ အက်ကွဲကြောင်းကြီးများ ပေါ်လာလေသည်။

သို့သော်လည်း မွှေးရနံ့တိမ်တောင်၏ အကာအကွယ် အစီအရင်များက ထိုထိခိုက်မှုများကို ချက်ချင်းပြန်၍ ပြုပြင်ပေးသောကြောင့်သာ စိတ်အေးရတော့သည်။ သို့သော်လည်း ထိုပေါက်ကွဲသံကြီးကိုကြားလိုက်ရသော အပြင်စည်းဂိုဏ်းသားအနည်းငယ်ကမူ တုန်လှုပ်သွားကြသည်။

ပိုင်ရှောင်ချန်းက အသက်ပြင်းပြင်းရှူလိုက်သည်။ ခရမ်းရောင်ချီဒယ်စောက်အိုးဆင့်ခေါ်ခြင်းမှာ ဤမျှလောက် အံ့သြဖွယ်ကောင်းမည်ဟု သူ မထင်ထားပေ။ တစ်ခါသာ ထုတ်ဖော်ရသေးသော်လည်း ယှဉ်နိုင်မည့်သူမရှိသည့်အလားပင်။

” ခရမ်းရောင်ချီဒယ်စောက်အိုးဆင့်ခေါ်နည်းက ခရမ်းရောင်ချီဒယ်စောက်အိုး ထိန်းချုပ်နည်း ပညာရပ်တွေထဲက တစ်ခုတည်းသော နတ်ဘုရားစွမ်းရည်လို့ ခေါ်ထိုက်ပါပေတယ်။ ပေါ့ပါးရာမှသည်လေးလံခြင်းဆီသို့နဲ့ လေးလံရာမှသည်ပေါ့ပါးခြင်းဆီသို့ဆိုတဲ့ ၂မျိုးလုံးကိုတတ်မှ အဲ့ဒီဆင့်ခေါ်နည်းကိုသုံးလို့ရတာ မဆန်းပါဘူး။”

ပိုင်ရှောင်ချန်းက ခရမ်းရောင်ချီဒယ်စောက်အိုး ဆင့်ခေါ်နည်းကို နှစ်သက်သဘောကျနေတော့သည်။ သူ၏မျက်လုံးများက တောက်ပလာပြီး ချက်ချင်းပင် မျက်မှောင်ကြုံ့လိုက်သည်။ ဤနတ်ဘုရားစွမ်းရည်မှာ အင်အားကြီးမား လှသော်လည်း ထိုစွမ်းရည်ကိုသုံးရန် သူ၏စိတ်စွမ်းအင်များစွာ ထုတ်သုံးလိုက်ရသည်။

သူစိတ်စွမ်းအင်၏၈၀ ရာခိုင်နှုန်းသာကုန်သွားရသည့် ရည်ရွယ်ချက်မှာ သူ့စိတ်စွမ်းအင်က သန့်စင်လွန်း၍ဖြစ်ကြောင်း ပိုင်ရှောင်ချန်းကသိသည်။ ဤနတ်ဘုရားစွမ်းရည်ကို တတ်မြောက်သည့် ချီစုစည်းမှုအဆင့်ရှစ်အောက်ရှိ မည်သည့်ဂိုဏ်းသားမဆို သူတို့၏ စိတ်စွမ်းအင်အားလုံးတစ်ခါထဲကုန်ခမ်းသွားမည်ဖြစ်သည်။ ဤအတတ်ကို မှန်မှန်ကန်ကန်၊စွမ်းအင်အလေအလွင့်နည်းနည်းနှင့် အသုံးချဖို့ရာ ချီစုစည်းမှုအဆင့်၉ထိရောက်အောင် အရင်စောင့်ရန်လိုအပ်သည်။

” ခရမ်းရောင်ချီ ဒယ်စောက်အိုး ဆင့်ခေါ်နည်းအတတ်ရဲ့ အညွှန်းအရ အဆင့်မြင့်၊ အလယ်အလတ်အဆင့် နဲ့ အဆင့်နိမ့်ဆိုပြီး ခွဲခြားထားတယ်။ ငါအခု ထုတ်လိုက်တဲ့ ဒယ်စောက်အိုးက အဆင့်နိမ့်ပဲရှိသေးတယ်။ အလယ်အလတ်အဆင့်ကိုရောက်ပီဆို ဒယ်စောက်အိုး၂လုံးထိ ထုတ်လို့ရပြီ။ အဆင့်မြင့်ကိုရောက်သွားရင် ဒယ်စောက်အိုး၃လုံးအထိရမယ်။ အဲ့ဒီ၃လုံးကိုပေါင်းပြီး အကြီးစားတစ်လုံးပါ ထုတ်လို့ရတယ် ” ပိုင်ရှောင်ချန်းက အခြေအနေများကို ခွဲခြမ်းစိတ်ဖြာနေတော့သည်။

ခဏတာမတ်တတ်ရပ်ကာ အတွေးထဲနစ်မျောနေပြီးနောက် ပိုင်ရှောင်ချန်းက တင်ပျဉ်ခွေထိုင်ချလိုက်ပြီး အသက်ရှူလေ့ကျင့်ခန်းများကို စကျင့်တော့သည်။ ညကောင်းကင်ယံတွင် လမင်းကြီးပေါ်ထွက်လာသည့်အထိ သူကလေ့ကျင့်နေပြီး အဆုံးတွင်သူကမျက်လုံးဖွင့်လိုက်သောအခါ တောက်ပသောစိတ်စွမ်းအင်အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။

ထိုအချိန်တွက် သူ၏ ကျင့်ကြံ ခြင်းအခြေခံမှာ အကုန်ပြန်ပြည့်လုနီးပါးဖြစ်သွားပြီဖြစ်သည်။

” ဒီလိုမျိုး နတ်ဘုရားစွမ်းရည်ကို ဝှက်ဖဲလိုမျိုး သုံးလို့ရတယ်။ ကျိုးရှင်းချီပရိတ်သတ်တွေ ငါ့ကိုဇယားလာရှုပ်လို့ကတော့ သင်ခန်းစာကောင်းကောင်းပေးပစ်မယ်။ ”

ပိုင်ရှောင်ချန်းမှာ အနည်းငယ်ယုံကြည်မှုရှိလာသော်လည်း ‘ချန်း’မျိုးနွယ်အတွင်းစည်းဂိုဏ်းသားအကြောင်းကိုတွေးမိလိုက်သောအခါ မျက်မှောင်ကြုံ့သွားသည်။

” အတွင်းစည်းဂိုဏ်းထဲကိုဝင်ဖို့ဆို အနည်းဆုံး ချီစုစည်းမှုအဆင့်၈လောက်ရှိမှရမှာ။” ထိုအကြောင်းတွေးမိသွားသောအခါ ပိုင်ရှောင်ချန်းမှာ စိတ်များပြန်လည်ပူပန်လာတော့သည်။ သူ၏အရေပြားကို ခဏမျှ ငုံ့ကြည့်လိုက်ပြီး မျက်လုံးများမှာ တလက်လက်တောက်ပလာသည်။ ထို့နောက်သူက မတ်တတ်ထရပ်ကာ ခြေလှမ်းအနည်းငယ်လှမ်းလိုက်ပြီး သူ၏လက်မနှင့် လက်ညှိုးကို ထုတ်လိုက်သည်။ ထိုလက်၂ ချောင်း၏ထိပ်ကလေးများ ပူးကပ်သွားသောအခါ အနက်ရောင်အလင်းတန်းတစ်ခုက ဖြတ်ခနဲ လက်သွားသည်။

လေထဲတွင် ကွဲအက်သံများက ပေါက်ကွဲမှုအရှိန်အဝါတစ်ခုနှင့်အတူ ပေါ်ထွက်လာသည်။ ပိုင်ရှောင်ချန်းကမူ သူ၏လက်နှစ်ချောင်းကို တအံ့တသြကြည့်ကာမှင်သက်နေရင်း ခဏအကြာမှ သတိပြန်လည်လာသည်။

” ဒါ လူသတ်လို့ရတဲ့ တိုက်ကွက်ပဲဟ။ ဒီတိုက်ကွက်ကို ငါ့အသက်ကိုကယ်ဖို့ သုံးလို့ရတာပဲ။” အရောင်တောက်နေသောမျက်လုံးများဖြင့် ပိုင်ရှောင်ချန်း ရေရွတ်လိုက်သည်။ အနည်းငယ်ထပ်ကာတွေးတောပြီးသောအခါ ထိုတိုက်ကွက်က ပိုမိုအစွမ်းထက်လာလေ သူ့အတွက်ပိုကောင်းလေဖြစ်မည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။ ယခုသူစိတ်ပူရမည့်အဓိကအရာမှာ ထာဝရအသက်ရှည်နည်းကျင့်စဉ်ဖြစ်သည်။

ထာဝရသံမဏိအရေပြားကိုရရှိပြီးချိန်မှစ၍ သူက ထာဝရအသက်ရှည်နည်း ပညာရပ်ကိုဆက်၍ကျင့်ရန် အားထုတ်ခဲ့ပါသော်လည်း ကျင့်ကြံရန်စလိုက်သည်နှင့် သူ့ဗိုက်မှာ ဆာလာတော့သည်။ ထို့အပြင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏တောင်ဘက်ရှိ ဝိညာဉ်အမြီးကြက်များကိုလည်း ခိုး၍မရတော့ပေ။ သာမာန်စိတ်စွမ်းအင်အစားအစာပေါ်များတွင်သာ မှီခိုနေရသော်လည်း ဗိုက်ဝသည်အထိ ဖူဖူလုံလုံ မစားရချေ။

အခြားစားစရာ ဝိညာဉ်သတ္တဝါများရှိလို့ရှိငြား တစ်တောင်လုံးကိုလှန်လှောရှာဖွေပါသော်လည်း မိစ္ဆာကြက်သူခိုးပေါ်လာကထဲက တောင်ဘက်ရှိတောင်သုံးတောင်လုံးသည် ဝိညာဉ်သတ္တဝါများမွေးမြူသည့်နေရာတွင် လုံခြုံရေးများကို တင်းကျပ်စွာချထားတော့သည်။

ထိုပြဿနာအကြောင်းစဉ်းစားမိတိုင်း သူ၏မျက်နှာပေါ်တွင် စိုးရိမ်စိတ်များ ပေါ်လာတော့သည်။ ပြင်းထန်လှသော ဆာလောင်မှုပြဿနာကို ဖြေရှင်းနိုင်ရန်တွေးတောနေစဉ်မှာပင် ရုတ်တရက် အသက်ဆက်ဆေးလုံးအကြောင်း သူ့ခေါင်းထဲပြန်လည်ဝင်ရောက်လာသည်။

” ဟုတ်တယ်။ အဲ့တစ်နည်းပဲရှိတာပဲ။” သူကတွေးရင်းတွေးရင်း မျက်လုံးမျာအရောင်တောက်လာသည်။ ထိုဆေးလုံးက လူတစ်ယောက်၏ ကျင့်ကြံခြင်းအခြေခံကိုတိုးပွားစေသည်သာမကပဲ သက်စောင့်စွမ်းအင်ကိုပါဖြည့်တင်းပေးသည်။ ထာဝရသံမဏိအရေပြားကိုရရှိပြီးနောက် ၎င်းကိုလေ့ကျင့်လျှင် သက်စောင့်စွမ်းအင်များစွာလိုအပ်သဖြင့် ဗိုက်ဆာလာခြင်းဖြစ်ကြောင်း သူသိလာသည်။

” အပင်နဲ့အသီးအရွက်တွေမှာ ငါကအတော်လေး ခရီးရောက်နေပြီ။ အဆင့်သာမတိုးသေးတာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆေးဖော်လိုတော့ရလောက်ပြီ။ ပြီးတော့ စိတ်စွမ်းအင်ဆေးလုံးတွေကို ဂိုဏ်းထဲမှာရောင်းတဲ့စျေးက ကြီးသာကြီးတာ တကယ့်ပါဝင်ပစ္စည်းတွေက စျေးပေါပေါနဲ့ ရတယ်။ ” တစ်ဆင့်ခြင်းစီတွေးတောရင်း ပိုင်ရှောင်ချန်းမှာ ပြဿနာကိုဖြေရှင်းနိုင်ပြီဟု ယုံကြည်နေတော့သည်။

” လောလောဆယ်တော့ ဆေးတွေကို ငါ့ဟာငါ ဖော်စပ်လိုက်မယ်။ အဲ့တာမှ အဆင့်တိုးစာမေးပွဲဖြေရင် ကိုယ့်ကိုယ်ကိုယုံကြည်မှုပိုရှိမှာ။ ပြီးတော့ နောင်တစ်ချိန် အခြေခိုင်မာခြင်းအဆင့်ဆေးလုံးဖော်စပ်တဲ့အခါ ပိုလွယ်သွားမှာ။”

သူကဆုံးဖြတ်ချက်ချလိုက်ပြီး ကိစ္စအဝဝကို ရေရှည်အတွက် ကြိုတွေးနေတော့သည်။ နောက်နေ့မနက်ခင်း အာရုဏ်ဦးတွင်မူ သူက နိုးနေပြီဖြစ်သည်။

” ဆေးဖော်စပ်ဖို့ဆို ဆေးဖော်စပ်နည်းတွေအရင်လိုတယ်ကွ။ အဲ့ဒီဖော်စပ်နည်းတွေကိုတော့ နယ်လှည့်သမားတော်မဟုတ်သေးလည်း ရအောင်လုပ်လို့ရတယ်။ တောင်ခြေက စျေးဆီသွားပြီးတော့ ရသမျှ ဆေးဖော်စပ်နည်းတွေ ဝယ်ခဲ့ရုံပဲ။ ”

ပိုင်ရှောင်ချန်းက သူ၏ထည့်စရာအိတ်ကိုပုတ်လိုက်ရင်း မွှေးရနံ့တိမ်တောင်သို့သူစရောက်ရှိစဉ်ကထဲက ပိုက်ဆံများများစားစား မသုံးရသေးကြောင်း သတိရသွားသည်။ အပြင်စည်းဂိုဏ်းသားဖြစ်သည့်အတွက် လစဉ်လစဉ် ဝိညာဉ်ကျောက်တုံး အနည်းငယ်ရသည်ကို စုထားသည့်အတွက် အတော်အတန် စုဆောင်းမိထားလေသည်။

ပိုင်ရှောင်ချန်းက ငွေကြေးဥစ္စာပိုင်ဆိုင်မှုများကို အများကြီးအလေးမထားပေ။ ချက်ချင်းပင် ခြံဝန်းထဲမှထွက်ခွာသွားပြီး တောင်ဆင်းလမ်းသို့ သွားတော့သည်။

မွှေးရနံ့တိမ်တောင်တွင် သူရှိနေစဉ်တစ်ချိန်လုံး သူတောင်ကနေထွက်ခွာပြီး စျေးသို့သွားသည်မှာ ဤအကြိမ်က ဒုတိယအကြိမ်ဖြစ်သည်။ ပထမဆုံးအကြိမ်တုံးက ဆေးလုံးနှင့်လဲလှယ်ရန်လိုအပ်သော ဆေးပင်များဝယ်ရန်သွားခဲ့ခြင်းဖြစ်သည်။

သူမွှေးရနံ့တိမ်တောင်ပေါ်မှ ထွက်ခွာသွားနှင့် တစ်ပြိုင်နက် လူနှစ်ယောက်မှာ ရုတ်တရက် အနီးအနားရှိ ခြံဝန်းထဲသို့ ပြေးဝင်သွားသည်။

” ဂိုဏ်းတူအစ်ကိုချန် ။ အစ်ကို အိမ်ထဲမှာလား။”

“ဂိုဏ်းတူအစ်ကိုချန်ရေ။ ပိုင်ရှောင်ချန်းကတော့ တောင်ပေါ်ကနေဆင်းသွားပြီဗျို့။” ထိုသို့ပြောဆိုနေသူ၂ဦးမှာ အင်အားကြီးကြပြီး ချီစုစည်းမှုအဆင့်လေးရှိသူများဖြစ်သည်။ သူတို့စိတ်လှုပ်ရှားစွာ ပြေးဝင်သွားသော ခြံဝန်းထဲတွင် ဗလကြီးတစ်ယောက် တင်ပျဉ်ခွေထိုင်ကာ တရားမှတ်နေသည်ကိုမြင်နိုင်သည်။

ထိုဗလကြီးမှာ အင်မတန်ကြွက်သားများ ထူထဲလှပြီး ဝက်ဝံတစ်ကောင်အလား ပုခုံးကျယ်ကြီးများရှိကာ ခြင်္သေ့တစ်ကောင်လို ကြောက်မက်ဖွယ်ကောင်းသည်။ ထိုလူ၂ယောက်ဆီက စကားသံကိုကြားလိုက်ရသောအခါ သူ၏မျက်လုံးများက တောက်ပလာတော့သည်။

” ပိုင်ရှောင်ချန်း…။ နောက်ဆုံးတော့မင်း တောင်ပေါ်ကနေထွက်လာပြီပေါ့ ဟုတ်လား။” ဗလကြီးက ကျယ်လောင်စွာရယ်မောရင်း မတ်တတ်ထရပ်လိုက်သည်။

သူသည် တောင်တစ်လုံးကဲ့သို့ ကြီးမားပြီး ချီစုစည်းမှုအဆင့်ငါးရှိပြီး သူ့ဆီမှ ပြင်းထန်သော စိတ်စွမ်းအင်အားတစ်ခုပင် ထွက်ပေါ်နေသည်။

ထိုဗလကြီးမှာ စီမံရေးရာဌာနတွင် အလုပ်လုပ်ခဲ့ဖူးသော ချန်ဖေးမှလွဲ၍ အခြားလူမဟုတ်ချေ။

ထိုသုံးယောက်မှာ ဟိုးအရင်ထဲက သူငယ်ချင်းများဖြစ်ကြပြီး ထိုအချိန်တုံးက ပူပင်ကြောင့်ကြစရာမရှိခဲ့ပေ။ သူတို့၏ ဝေရာဝစ္စများကို ရှင်းလင်းပေးသည့်အစေခံများရှိသည့်အပြင် ဝိညာဉ်ကျောက်တုံးများကိုလည်း ပမာဏတစ်ခုအထိ ဖျောင်နိုင်ခဲ့လေသည်။ ပိုင်ရှောင်ချန်းတို့ကြောင့် အပြင်စည်းဂိုဏ်းသားများဖြစ်သွားမည်ဟု လုံးဝပင်တွေးမထားမိပေ။ ပြီးခဲ့သော၂နှစ်တာကာလအတွင်း သူတို့သည်ရုန်းကန်ခဲ့ရပြီး ပိုင်ရှောင်ချန်းအပေါ်ထားသော သူတို့၏ အမုန်းတရားမှာ အရိုးထဲထိပင် စိမ့်ဝင်နေတော့သည်။

သို့သော်လည်း သူတို့မှာ ဖက်တီးကျန်းကြီးနှင့် အမှတ်သုံးဖက်တီးဟီကို သွား၍ ရန်မစရဲပေ။ ပိုင်ရှောင်ချန်းမှာ သန်မာသည်ဟုထင်ရသော်လည်း ထိုဖက်တီးနှစ်ယောက်နှင့်ယှင်လျှင် အားနည်းလိမ့်မည်ဟု သူတို့ကထင်ထားလေသည်။ ထို့ကြောင့် သူတို့က လက်စားချေရန် အစီစဉ်ဆွဲနေခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်သည်။ ကံမကောင်းစွာနှင့်ပဲ ထိုတချိန်လုံး ပိုင်ရှောင်ချန်းက ဂိုဏ်းထဲမှ တစ်ဖဝါးပင် မထွက်ခွာချေ။ ချန်ဖေးက အချိတ်အဆက်များရှိသော်လည်း ဂိုဏ်း၏စည်းကမ်းများကိုတော့ မဖောက်ဖျက်ရဲပေ။

သူ၏ ဂိုဏ်းထဲတွင်ရှိသော အကြီးမားဆုံး အချိတ်အဆက်မှာ အတွင်းစည်းဂိုဏ်းသားတစ်ယောက်ဖြစ်သော သူ၏အစ်ကိုတစ်ဝမ်းကွဲဖြစ်သည်။ သို့သော်လည်း သူ့အစ်ကိုကမူ သူ့ကို ထင်သလောက်ဂရုမစိုက်ပဲ အစေခံဘဝတုံးကပင်လျှင် ဝတ်ကျေတန်းကျေသာ ကူညီပေးခဲ့သည်။

ထို့ကြောင့် သူတို့မှာ ဂိုဏ်းမှ ပိုင်ရှောင်ချန်း ထွက်ခွာချိန်ကို ၂နှစ်တိတိစောင့်ခဲ့ရသည်။ ယခုတွင်မူ သူတို့စောင့်ဆိုင်းနေသောအချိနိရောက်ရှိလာပြီဖြစ်သည်။ ချန်ဖေးကမူ သူက လတ်တလောအတွင်း ချီစုစည်းမှုအဆင့်ငါးသို့ ရောက်ရှိနေသဖြင့် ယုံကြည်မှုများ ပြင်းထန်နေသည်။

လူအနည်းငယ်ကိုလိုက်မေးမြန်းပြီးနောက် ပိုင်ရှောင်ချန်း၏ ကျင့်ကြံခြင်းအဆင့်နှင့် သူပြီးခဲ့သောပြိုင်ပွဲတွင်အဆင့်၁ရရှိခဲ့သော်လည်း ကံကောင်း၍ရရှိခဲ့ခြင်းသာဖြစ်ကြောင်းကို ချန်ဖေးက သိထားသည်။

” အရင်တုံးက သူက လေးလံရာမှသည်ပေါ့ပါးခြင်းဆီသို့အတတ်ကို ကျွမ်းကျင်တဲ့အထာဖမ်းပြီး ငါတို့ကို လိမ်ခဲ့တာ။ ဟွန်း။ ဒီကောင့်ကြောင့် အပြင်စည်းဂိုဏ်းထဲဝင်လိုက်ရတာ ယုံတောင်မယုံနိုင်ဘူး။ နောက်ဆုံးတော့ ငါ့ရဲ့ဒေါသတွေကို ဖြေဖျောကိနိုင်တော့မယ်ကွ။” ချန်ဖေးက ဒေါသမီးများလောင်ကျွမ်းကာ စိတ်တိုနေတော့သည်။

သူ၏မျက်လုံးတွေက ကြောက်မက်ဖွယ်ကောင်းအောင် တောက်ပနေသည်။ သူ၏အကြံမှာ ပိုင်ရှောင်ချန်းကို အသေသတ်ရန်မဟုတ်ပဲ သူ၏အရိုးများကိုချိုး၊ အရွတ်များကို ဆုတ်ဖြဲပြီး အိပ်ယာပေါ်တွင်တစ်နှစ်လောက် လှဲနေရအောင် ဆုံးမရန်ပင်ဖြစ်သည်။

ဂိုဏ်းက ထိုအကြောင်းကို စုံစမ်းမည်မှာသေချာသော်လည်း မျက်မြင်သက်သေမရှိ၊ သေဆုံးမှုလည်းမရှိသည့်အပြင် ချန်ဖေး၏ အချိတ်အဆက်များလည်းရှိသည့်အတွက် ထိုကိစ္စကြီးမှာ ကိစ္စအသေးလေးအဖြစ်ပြောင်းလဲသွားမည်ဖြစ်ပြီး အလွယ်တကူဖြေရှင်းနိုင်မည်ဖြစ်သည်။

” ကဲ ငါတို့ကိုတော့အပြစ်မတင်နဲ့ဟေ့။” ချန်ဖေးက ပြောပြောဆိုဆိုဖြင့် လှုပ်ရှားကာ တောင်အောင်သို့ သူ့သူငယ်ချင်းနှစ်ယောက်နှင့်အတူ ဆင်းသွားတော့သည်။ သူတို့သုံးယောက်မှာ ပိုင်ရှောင်ချန်းအပြန်လမ်းတွင် သေချာပေါက်ဖြတ်ရမည့်နေရာသို့ အလျှင်အမြန်သွားကာ ထိုနေရာတွင် ထိုင်စောင့်နေသည်။

***

စျေးကအကြီးကြီးမဟုတ်သည့်အတွက် ပိုင်ရှောင်ချန်းမှာ အဆင့်တစ်ဆေးဖော်စပ်နည်း၂မျိုး ကိုရှာရန် အချိန်သိပ်၍ပင် မကြာလိုက်ချေ။ ဖော်စပ်နည်းတစ်မျိုးမှာ စိတ်စွမ်းအင်ကို ပြန်လည်ဖြည့်တင်းပေးနိုင်ပြီး ကျန်တစ်မျိုးမှာ သက်စောင့်စွမ်းအင်ကို တိုးပွားစေသည်။ သက်စောင့်စွမ်းအင်ကိုတိုးပွားစေသော အဆင့်မြင့် ဆေးဖော်စပ်နည်းများကမူ စျေးအလွန်ကြီးသည်။ သို့သော်လည်း အဆင့်နိမ့် ဆေးဖော်စပ်နည်းများကိုမူ လူသားများက ကျန်းမာရေးနှင့်လေ့ကျင့်ခန်းများအတွက် အများစုသုံးကြသည်။

ကျင့်ကြံသူအများစုက ထိုဖော်စပ်နည်းများကို အသုံးမဝင်ဟု ထင်ကြသော်လည်း ပိုင်ရှောင်ချန်းအတွက်မူ ၎င်းတို့မှာ အဖိုးတန်ရတနာများပင်ဖြစ်သည်။ သူ၏ လိပ်ဒယ်အိုးလေးကိုသုံးပြီး ထိုရလာသောဆေးလုံးများကို စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းသုံးဆင့်လုပ်လိုက်ပါက လုံးဝကွဲပြားသော ရလဒ်များကို ပေးစွမ်းမည် မဟုတ်ပါလော။

ဆေးဖော်စပ်ရာတွင်လိုသော ဆေးဖက်ဝင်အပင်များကိုဝယ်ရန်မူ ပိုင်ရှောင်ချန်းက ဝိညာဉ်ကျောက်တုံးအများကြီးမသုံးခဲ့ပေ။ သူ၏ထည့်စရာအိတ်လေးကို ပျော်ရွှင်စွာပုတ်ရင်း လေလေးချွန်ကာ စျေးကနေထွက်လာသည်။ အပြန်လမ်းလေးတွင် ဆေးဖော်စပ်ရမည်ကိုတွေးတောစိတ်ကူးယဉ်ရင်း ပျော်ရွှင်နေတော့သည်။

သို့သော်လည်း သူသိပ်ကြာကြာပင် လမ်းမလျှောက်လိုက်ရပေ။ သူ၏ အမူအရာမှာ ချက်ချင်းပြောင်းလဲသွားပြီး နေရာမှာပင် ချက်ချင်းရပ်လိုက်သည်။ အဆင့်၆ချီစုစည်းမှုအဆင့်သို့ ရောက်ပြီးသောအခါ သူ၏ အာရုံခံနိုင်စွမ်းမှာပို၍သန်မာလာပြီဖြစ်ပြီး အနီးနားရှိခြုံထဲတွင် လူသုံးယောက်အသက်ရှူနေသည်ကို ခံစားမိလေသည်။ သူလမ်းတစ်လျှောက် လျှောက်လာသည်ကိုကြည့်ရင်း ထိုလူသုံးယောက်၏ နှလုံးသားများမှာလည်း မြင်းတစ်ကောင်အလား ဒုန်းစိုင်းနေတော့သည်။

ပိုင်ရှောင်ချန်းရပ်လိုက်သည်ကိုမြင်သောအခါ ချန်ဖေးနှင့် သူ၏သူငယ်ချင်းနှစ်ယောက်က ထွက်လာကာ ပိုင်ရှောင်ချန်း၏ရှေ့တွင် မတ်တတ်ရပ်လိုက်တော့သည်။

” ပိုင်ရှောင်ချန်း။ ငါတို့ရဲ့ရန်ငြိုးတွေကို အဆုံးသတ်ရမဲ့နေ့ရောက်လာပြီဟေ့။” ချန်ဖေးက ကြမ်းတမ်းသောလေသံဖြင့် အော်ဟစ်လိုက်သည်။ သူ၏သူငယ်ချင်းများကလည်း ပိုင်ရှောင်ချန်းကို ဝိုင်းလိုက်ကာ ကြောက်မက်ဖွယ်ပြုံးနေကြတော့သည်


Comment

Leave a Reply

Options

not work with dark mode
Reset