သွမ့်ချင့်သည် ဘုံနန်းတော်၏ မင်းသားတစ်ပါး ဖြစ်ပြီး ရန်ဟောင်အဆင့် တန်ခိုးရှင်တစ်ဦး ဖြစ်သော်လည်း ဤနေရာ၌ ကျဆုံးခဲ့ရသည်။
သူတို့နှစ်ယောက်သည် တူညီသည့်အဆင့်တွင် ရှိနေပြီး သွမ့်ချင့်သည် ထိုအဆင့်သို့ စောစီးစွာ ရောက်ရှိနေခဲ့ကာ သူ၏ နားလည်သဘောပေါက်ကလည်း ပို၍ နက်ရှိုင်းပေသည်။ သူသည် မဟာလမ်းစဥ် နတ်ဝင်ရိုး သုံးခုကို ဖွဲ့စည်းထားနိုင်ပြီးဖြစ်ကာ နောက်တစ်ဆင့်သို့ ရောက်ပါက ရန်ဟောင်အဆင့်၏ အစွမ်းထက်ဆုံးအဆင့်သို့ ရောက်ရှိမည် ဖြစ်သည်။ သို့သော် သူက ချင်ရွှမ်ကန်း၏ သုတ်သင်လိုက်ခြင်းကို ခံခဲ့ရသည်။ သူ၏ နတ်ဝိညာဥ်က ဖျက်ဆီးခံလိုက်ရပြီး သူ၏ သက်စောင့်စွမ်းအားက တစစီကွဲကြေသွားခဲ့သည်။ သူသည် အံ့အားသင့်ရန် အခွင့်အရေးမျှပင် မရရှိခဲ့ပေ။
သို့သော် ချင်ရွှမ်ကန်းက သူ့ကိုယ်သူ ဒဏ်ရာရစေမည့် နည်းလမ်းကို အသုံးပြုကာ စွမ်းအားကို အတင်းအကျပ် မြှင့်တင်ခဲ့ရသည်။ သူက သွမ့်ချင့်ကို သတ်လိုက်နိုင်သည့် တစ်ချိန်တည်းမှာပင် သူကိုယ်တိုင်လည်း ဒဏ်ရာရရှိခဲ့၏။ ထိုသည်မှာ အခြားလူများကို စိုးရိမ်ပူပန်လာစေရန် လုပ်ဆောင်ခဲ့ပေသည်။ သူတို့သည် သွမ့်ချင့်၏ သေခြင်းရှင်ခြင်းကို ဂရုမစိုက်ကြပေ။ ဆန့်ကျင်ဘက်အနေနှင့် သူတို့က ချင်ရွှမ်ကန်းကို ပို ဂရုစိုက်ပေသည်။ သူတို့က ချင်ရွှမ်ကန်းထံ၌ မည်သည့်အရာမှ ဖြစ်ပေါ်ခွင့် မပြုနိုင်ပေ။
သူသည် နတ်ရတနာ ပျောက်ဆုံးမှုအကြောင်း သိရှိသည့် တစ်ဦးတည်းသော သူ ဖြစ်ပေသည်။
သွမ့်ချင့်သေဆုံးသည့် အချိန်တွင် ကြောက်မက်ဖွယ် စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာကာ ချင်ရွှမ်ကန်းပေါ်သို့ ဖိနှိပ်ကျဆင်းလာသည်။ သူ၏ နတ်ဝိညာဥ်က သူ၏ အသွေးအသားများအတွင်းသို့ ပြန်လည်ရောက်ရှိလာသော်လည်း ၎င်းက မဟာလမ်းစဥ် မီးပြင်းဖိုအတွင်း လောင်ကျွမ်းသွားပေသည်။ ကောင်းကင်မှ အဆုံးမဲ့ နတ်အလင်းတို့က သူ၏ စိတ်အတွင်း ထိုးဖောက်နေဆဲ ဖြစ်ကာ မရေတွက်နိုင်သည့် မဟာလမ်းစဥ် စာလုံးများသည် သူ၏ ခံနိုင်ရည်အကန့်အသတ်ကို ကျော်လွန်ခဲ့သည်။
သူ၏ နတ်ဝိညာဥ်နှင့် သူ့ခန္ဓာက နတ်မီးလျှံတို့ဖြင့် လွှမ်းခြုံထားခြင်းကို ခံရပေသည်။ ပေါက်ကွဲထွက်နေသည့် အစွမ်းထက်အင်အားများက စတင် ပျက်ပြယ်လာသည်။ အဆုံးမဲ့အလင်းတို့က ပေါက်ကွဲထွက်လာပြီး ကွဲကြေသွားကာ သူ့စိတ်အတွင်းမှ စွမ်းအားများသည် မည်သည်မှ မရှိတော့သည်ထိ လောင်ကျွမ်းခံလိုက်ရသည်။ လျှပ်တပြက်အတွင်း သူ၏ အဆင့်က လျှောကျသွားကာ သူသည် ယခင်ကလောက် အားကောင်းခြင်း မရှိတော့ပေ။
“ခင်ဗျား လုပ်ရမှာ ပြီးပြီလား” ချင်းယောင်၏ မျက်လုံးအတွင်းမှ ကြောက်မက်ဖွယ် အလင်းက ထိုးထွက်လာကာ သူက ချင်ရွှမ်ကန်းကို ကြည့်သည်။ သူသည် ချင်ရွှမ်ကန်း၏ ဝိညာဥ် အားနည်းသွားသည်ကို ခံစားမိပေသည်။ အစောပိုင်းက တိုက်ပွဲသည် သူသည် သူ၏ ကိုယ်ပိုင်ဝိညာဥ်ကို လောင်ကျွမ်းစေကာ စွမ်းအားကို အတင်းအကျပ် မြှင့်တင်၍ တိုက်ခိုက်ခဲ့သည်။ သွမ့်ချင့်ကို သတ်ဖြတ်ရန် တိုက်ခိုက်မှုသည် သူ့ကိုယ်ပိုင်ဝိညာဥ်ကို ဖျက်ဆီးလိုက်ခြင်းလည်း ဖြစ်ပေသည်။
ချင်ရွှမ်ကန်းသည် သူ့မျက်လုံးများကို ဖွင့်ကာ ချင်းယောင်ကို မော့ကြည့်သည်။ သူက အလွန် တည်ငြိမ်နေ၏။ သူသည် ဤနေရာ၌ လုပ်ရမည့် အရာအားလုံး လုပ်ဆောင်ပြီးခဲ့ပြီ ဖြစ်သည်။
“ခင်ဗျားက ကိုယ်ပိုင်ဝိညာဥ်ကို လောင်ကျွမ်းစေခဲ့တယ်။ ခင်ဗျားရဲ့ မှတ်ဥာဏ်တစ်စိတ်တစ်ပိုင်းကိုလည်း ဖျက်ဆီးပစ်ခဲ့တာလား” ချန်းကလန်မှ တန်ခိုးရှင်က ရှေ့သို့ လျှောက်လာကာ ချင်ရွှမ်ကန်းဆီသို့ စူးရှစွာ ကြည့်သည်။ သို့သော် သူက ဂရုစိုက်ခြင်းမရှိပေ။ သူ့ကို ကြည့်ရသည်မှာ ယခုမှပင် လွတ်လပ်သွားသကဲ့သို့ ဖြစ်နေပေသည်။
သူသည် သူ၏ မှတ်ဉာဏ်များစွာကို ဖယ်ထုတ်ရှင်းလင်းပစ်ခဲ့ပြီး ထိုသူများက မည်သူတို့ ဖြစ်သည်ကို မေ့လျော့သွားခဲ့ပြီ ဖြစ်သည်။ ထိုအထဲတွင် သူ ထွက်ပြေးလွတ်မြောက်သွားခြင်းနှင့် ဖေးရွှီ၏ သတင်းအချက်အလက်များလည်း အပါအဝင်ဖြစ်သည်။ ဤနည်းလမ်းဖြင့်သာ ချန်းကလန်တွင် အစွမ်းထက် နည်းစနစ်များ ရှိလျှင်ပင် သူတို့က သူ့စိတ်ထဲမှနေ၍ ဖေးရွှီနှင့် ပတ်သတ်သည့် မည်သည့်အဖိုးတန် အချက်အလက်မှ ရရှိနိုင်သည့် နည်းလမ်းရှိလိမ့်တော့မည် မဟုတ်ပေ။
သူက ဤမှတ်ဉာဏ်များကို ဖယ်ရှားပစ်ခဲ့သည်။ ထို့ကြောင့် ယခုတွင် ဖေးရွှီက လုံခြုံသွားမည် ဖြစ်သည်။
သူက ထိုမှတ်ဉာဏ်များ မရှိတော့သည်ကိုလည်း မမှတ်မိတော့ပေ။
သူသည် မေ့ပျောက်သွားသော်လည်း ငြိမ်းချမ်းမှုကို ခံစားရပေသည်။
ဘုံနန်းတော်၏ ကျဲဟွမ်က သွမ့်ချင့်ထံသို့ လျှောက်လာခဲ့သည်။ သူသည် အလောင်းကို လက်များနှင့် ပွေ့မလိုက်ပြီး ချင်ရွှမ်ကန်းကို ကြည့်သည့် သူ့အကြည့်များတွင် သတ်ဖြတ်မှု အငွေ့အသက်တို့ ပြည့်နှက်နေခဲ့သည်။
ယနေ့တွင် ချင်ရွှမ်ကန်းက ပြန်ရောက်လာခဲ့ပြီး လူအများ၏ မျက်စိရှေ့၌ပင် သူ၏ သား သွမ့်ချင့်ကို သတ်ဖြတ်ခဲ့သည်။ သွမ့်ချင့်သည် ဘုံနန်းတော်အတွက် အထောက်အပံ့များစွာ ပြုခဲ့သော ဆက်ခံသူ ဖြစ်ပေသည်။ သူက နန်းတော်၏ လက်ရှိကျော်ကြားအောင်မြင်မှုတို့ကို သူ့လက်ဖြင့် အရယူပေးခဲ့ခြင်း ဖြစ်သည်။
သို့သော် ချင်ရွှမ်ကန်းက ဤကဲ့သို့ပင် သူကို သတ်ဖြတ်ခဲ့ပေသည်။
သို့သော် ချန်းကလန်က သူ့ကို လက်စားချေခွင့်ပြုမည် မဟုတ်ကြောင်း သူ နားလည်ပေသည်။
ချန်းကလန်သည် ချင်ရွှမ်ကန်းကို သေခွင့်ပြုလိမ့်မည် မဟုတ်ပေ။
“မှတ်ဉာဏ်အားလုံး ပျက်စီးသွားတယ်။ အားလုံးက အစဖျောက်ခံလိုက်ရပြီ။” ချန်းကလန်မှ အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးက ချင်းယောင်ကို ကြည့်ကာ ပြောသည်။
ချင်းယောင်၏ မျက်လုံးများထဲတွင် ဒေါသအကြည့်တို့ ဖြစ်သွားခဲ့သည်။ သူသည် သူ့ဦးလေး၏ တပည့်က ဤမျှ ရက်စက်လိမ့်မည်ဟု မည်သည့်အခါကမှ မတွေးမိခဲ့ပေ။ ကြည့်ရသည်မှာ သူက အရာအားလုံး ဖြေရှင်းပြီးသွားသည့်အခါ မှတ်ဉာဏ်အားလုံးကို ဖျက်ဆီး၍ ချန်းကလန်အတွက် မျှော်လင့်ချက်မဲ့နေစေရန် လုပ်ဆောင်မည်ဟု ဆုံးဖြတ်ပြီးသား ဖြစ်ရပေမည်။ သူက ပြန်လာခဲ့သော်လည်း သူတို့ကို အခွင့်အရေးပင် မပေးခဲ့ပေ။
ချင်ရွှမ်ကန်းသည် ပြန်လာခဲ့ပြီး သွမ့်ချင့်ကို သတ်ဖြတ်ခြင်းဖြင့် သူ၏ ပြဿနာတို့ကို အဆုံးသတ်ခဲ့သည်။
“ကိစ္စတွေက ဒီလိုဖြစ်သွားပြီဆိုမှတော့ သူ့ကို ကျုပ်ဆီ ပေးလိုက်ပါတော့” အသံတစ်ခု ထွက်ပေါ်လာသည်။ ပြောလိုက်သူမှာ ထျန်းဟယ်မဟာအကြီးအကဲပင် ဖြစ်၏။ သူက ချင်ရွှမ်ကန်းဆီသို့ လျှောက်လာခဲ့သည်။
ချင်းယောင်က ထျန်းဟယ်မဟာအကြီးအကဲကို ကြည့်ကာ ပြောသည်။ “သူက သူ့ ဆန္ဒနဲ့သူ ကိစ္စတွေကို အဆုံးသတ်ဖို့ ရောက်လာခဲ့တယ်။ ခင်ဗျား ဒီကိစ္စနဲ့ ပတ်သတ်ပြီး စိတ်ပူမနေသင့်ဘူး။”
သူက ထျန်းဟယ်မဟာအကြီးအကဲကို တစ်ဖန်ထပ်ကာ သံသယဝင်နေလိမ့်မည် မဟုတ်ပေ။ ချင်ရွှမ်ကန်းသည် ဤပြဿနာကို အဆုံးသတ်ရန် ရောက်ရှိလာခြင်း ဖြစ်သည့်အတွက် သူက ထျန်းဟယ်မဟာအကြီးအကဲကို သတင်းအချက်အလက်များ ပေးထားစရာ သေချာပေါက် မရှိနိုင်ပေ။ ထိုသည်မှာ ရူးသွပ်ရာ ကျပေလိမ့်မည်။ ထျန်းဟယ်မဟာအကြီးအကဲကို အန္တရာယ်အတွင်း ကျရောက်ခံလိမ့်မည်လား။ ချင်ရွှမ်ကန်း၏ ယခု အပြုအမူကို ကြည့်ပါက မဖြစ်နိုင်ပေ။
ဤသို့ ပြုလုပ်ခြင်းဖြင့် ချန်းမိသားစုသည် သူတို့ လိုချင်သည့် သတင်းအချက်အလက်ကို ရရှိနိုင်လိမ့်မည် မဟုတ်ပေ။ ယခင်က ချင်ရွှမ်ကန်း ထွက်ပြေးသည့်အခါတွင် ချန်းကလန်မှ အစွမ်းထက်ပုဂ္ဂိုလ်များက ထျန်းဟယ်ဘုံတစ်လျှောက် နေရာအနှံ့ ရှာဖွေခဲ့သည်။ ထို့နောက် သူတို့က သတင်းအစအန ရစေရန် မဟာလမ်းစဥ်ဘုံသုံးထောင်သို့ပင် လူများလွှတ်ကာ နှစ်ပေါင်းများစွာ ရှာဖွေစေခဲ့သေးသည်။ သို့သော် သူတို့က သူ့ကို ရှာမတွေ့သည့်အတွက်ကြောင့် လက်လျှော့လိုက်ကြရပေသည်။
ယခု သူက ဤနေရာသို့ ရောက်နေပြီး ဖေးရွှီကိုသာ ချန်ရစ်ခဲ့ပေသည်။ ထို့ပြင် ဖေးရွှီသည် သူမ ထွက်ခွာသွားချိန်၌ အလွန် ငယ်ရွယ်သေးသည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင် သူမ၏ အသွင်အပြင်နှင့် အရှိန်အဝါက လုံးဝ ပြောင်းလဲသွားပေလိမ့်မည်။ သူတို့ ဘုံသုံးထောင်ကို ဖြတ်သန်းသွားလာကာ သူတို့၏ စိတ်ဝိညာဥ်ကို ဖြန့်ကျက်ထားလျှင်ပင် သူတို့သည် သူမကို သတိပြုမိလိမ့်ကြမည် မဟုတ်ပေ။
သို့သော် သူတို့သည် ချင်ရွှမ်ကန်းကို သူတို့နှင့်အတူ ပြန်ခေါ်ဆောင်သွားလျှင်ပင် သူတို့က သူ့ထံမှ မည်သည့် သဲလွန်စမှ ရရှိနိုင်မည် မဟုတ်ပေ။
ထျန်းဟယ်မဟာအကြီးအကဲ၏ အရှိန်အဝါက ကြောက်မက်ဖွယ် ကောင်းလှသည်။ သူထံမှ ထိုမျှ အားကောင်းသည့် အရှိန်အဝါတို့ ထွက်ပေါ်လာသော်လည်း ချင်းယောင်က သူ့ရှေ့တွင် တည်ငြိမ်စွာ ရပ်နေခဲ့သည်။ ချင်ရွှမ်ကန်းသည် သူ့ခေါင်းကို ခက်ခက်ခဲခဲ လှည့်ကာ ထျန်းဟယ်မဟာအကြီးအကဲကို ကြည့်၍ ပြောသည်။
“ဆရာ.. တပည့်က ဝတ္တရားမကျေပွန်ခဲ့ပါဘူး။ ကျွန်တော် ဆရာ့ဘေးမှာနေပြီး ဂရုစိုက်မပေးနိုင်တော့သလို ဆရာ့အမွေကိုလည်း ဆက်ခံမပေးနိုင်တော့ဘူး။”
ထျန်းဟယ်မဟာအကြီးအကဲက ရီဖူရှင်းကို ညွှန်ပြကာ ပြောသည်။ “ဒီတပည့်က ငါ့အမွေကို ဆက်ခံနိုင်တယ်။ ပြီးတော့ မင်းရဲ့ မြေးမလေးလည်း အန္တရာယ်ကင်းတယ်။ ငါ သူမကို ကျင့်ကြံဖို့ သင်ကြားပေးမယ်။”
ချင်ရွှမ်ကန်းက ရီဖူရှင်းကို ကြည့်လိုက်ပြီး ထျန်းဟယ်မဟာအကြီးအကဲထံသို့ ခြေလှမ်းလာသည်ကို မြင်လိုက်ရသည်။
ချန်းကလန်မှ လူများက သူ့ဆရာ၏ မှတ်ဉာဏ်များ ပျက်စီးသွားပြီဟု ပြောခဲ့သည်။ ကြည့်ရသည်မှာ သူ့အကြောင်း မှတ်ဉာဏ်များလည်း ဖျက်ဆီးခံလိုက်ရပုံရသည်။
“စိတ်မပူပါနဲ့ စီနီယာအစ်ကို။ ကျွန်တော် သေချာကျင့်ကြံပြီး ဆရာ့ကို ဂရုစိုက်ပါ့မယ်။” ရီဖူရှင်းက ချင်ရွှမ်ကန်းကို ပြောသည်။ သူက ချင်ရွှမ်ကန်းကို ဦးညွှတ်လိုက်ပြီး ထျန်းဟယ်မဟာအကြီးအကဲနှင့် သူသာလျှင် ထိုဦးညွှတ်အရိုအသေပေးမှု၏ နောက်ကွယ်မှ အဓိပ္ပါယ်ကို နားလည်ပေသည်။
“အင်း” ချင်ရွှမ်ကန်းက ခေါင်းညိတ်သည်။ သူ့မျက်နှာက ဖြူဖျော့နေပြီး သူ၏ အရှိန်အဝါက အားနည်းလာနေသည်။ သူက ကောင်းကင်ပေါ်သို့ မော့ကြည့်သည်။ ထိုနေရာတွင် လှပသည့် ပုံရိပ်တစ်ခုကို တွေ့မြင်ရသည်ဟု ထင်မှတ်မိသည်။ သူက သူမနှင့်အတူ အဖော်ပြုပေးနေသင့်ပြီ ဖြစ်သည်။ သူက အဘယ့်ကြောင့် အသက်ရှင်နေရသေးသနည်း။
ချင်ရွှမ်ကန်းသည်ပင် သူ မည်သည့်အတွက် သတ်မသေရသနည်းဆိုခြင်းကို နားမလည်နိုင်ပေ။
သူက နားမလည်နိုင်သော်လည်း ထျန်းဟယ်မဟာအကြီးအကဲနှင့် ရီဖူရှင်းက နားလည်ပေသည်။
“သူ့ကို ချန်းကလန်ဆီ ပြန်ခေါ်ခဲ့။” ချင်းယောင်က ပြောသည်။ မဟာလမ်းစဥ် သံကွင်းဆက်ကြိုးများက ချင်ရွှမ်ကန်းပေါ်သို့ ကျရောက်လာကာ သူ့ကို ချည်နှောင်လိုက်ပြီး ကောင်းကင်သို့ သယ်ဆောင်သွားလေသည်။
“ဂရုစိုက်ပါ ဦးလေး” ချင်းယောင်က ထျန်းဟယ်မဟာအကြီးအကဲထံ အနည်းငယ် ဦးညွှတ်ကာ ပြောသည်။ ထို့နောက် သူက ကောင်းကင်အတွင်း ပျံသန်းထွက်ခွာသွားတော့၏။
တောက်ပသည့် အလင်းတို့က လင်းလက်လာပြီး ချင်ရွှမ်ကန်းသည် အဝေးသို့ ဆွဲခေါ်ခံသွားရသည်။ သူ၏ အကွာအဝေးက ဝေးသထက် ဝေးကွာလာကာ အဆုံး၌ သူက ပျောက်ကွယ်သွားတော့သည်။
ချင်ရွှမ်ကန်းသည် တည်ငြိမ်သည့် အပြုံးတစ်ခုဖြင့် သူ့ဆရာကို ငုံ့ကြည့်နေခဲ့သည်။ သူသည် စိုးရိမ်ပူပန်ခြင်း ကင်းမဲ့နေပုံရသည်။ မည်သည့်အတွက်ကြောင့်ဆိုသည်ကို မသိသော်လည်း သူက အလွန် စိတ်သက်သာရာရနေသည်ဟု ခံစားရပေသည်။
သူက ရီဖူရှင်းကိုလည်း ကြည့်သည်။ ထိုလူ၏ အကြည့်တို့ကို သူ အလွန် ရင်းနှီးနေခဲ့သည်မှာ မည်သည့်အတွက်ကြောင့်နည်း။ ကြည့်ရသည်မှာ ထိုသူက ဆရာ့၏ နောက်ထပ် တပည့်တစ်ဦးဖြစ်သည့်အတွက် ဖြစ်ရပေမည်။
သူတို့နှစ်ယောက်တွင် တူညီသည့် ဇစ်မြစ် ရှိပေသည်။
ယခုမှစကာ ဆရာသည် ဤအခြားတပည့်ပေါ်တွင် မှီခိုအားထားရပေလိမ့်မည်။
“ငါတို့ဆီ ပြန်လာပါ။” အကြီးအကဲသည် ပျောက်ကွယ်သွားသည့် ပုံရိပ်ကို ကြည့်ကာ တီးတိုးရေရွတ်သည်။ ရီဖူရှင်းက ခေါင်းညိတ်လိုက်၏။ သူတို့နှစ်ယောက်သည် ပြန်လှည့်ကာ မည်သည်မှ မဖြစ်ပျက်ခဲ့သလို လမ်းလျှောက်ထွက်ခွာ သွားခဲ့သည်။ သူတို့ကို ကြည့်ရသည်မှာ တည်ငြိမ်နေသော်လည်း ထိုတည်ငြိမ်မှုများထဲတွင် ဝမ်းနည်းမှုအချို့ ရှိနေခဲ့၏။
ထျန်းဟယ်မဟာအကြီးအကဲက အသက်ရလာခဲ့ပြီ ဖြစ်သည်။
သူသည် ဤအချင်းအရာများကို ရင်ဆိုင်ရသည့်အခါ သူ့တွင် အစွမ်းမဲ့နေသည်ဟု ခံစားခဲ့ရသည်။ ဤအဖြစ်သာ ယခင်က ဖြစ်ခဲ့လျှင် သူက တိုက်ခိုက်လိမ့်မည် ဖြစ်ကာ ချင်ရွှမ်ကန်းကို ချန်းကလန်မှ ခေါ်ဆောင်သွားရန် ခွင့်ပြုလိမ့်မည် မဟုတ်ပေ။
သို့သော် ယခုတွင် သူက တိုက်ခိုက်ခြင်းမပြုခဲ့ဘဲ တစ်ချိန်လုံး တည်ငြိမ်စွာ စောင့်ကြည့်နေခဲ့သည်။
ဖြစ်နိုင်သည်မှာ သူက အမှန်တကယ် အိုမင်းလာ၍ ဖြစ်ပေလိမ့်မည်။
လူအများသည် ထျန်းဟယ်နန်းတော်ကို ကြည့်လိုက်ကြပြီး ခမ်းနားထည်ဝါ၍ အစွမ်းထက်သည့် ရန်ဟောင်တစ်ပါးဖြစ်သည့် သွမ့်ချင့် အသတ်ခံရခြင်းကို တွေးတောလိုက်ကြသည်။ ကြည့်ရသည်မှာ ထိုသူက ထျန်းဟယ်မဟာအကြီးအကဲကို ရောင်းစားခဲ့ပြီး ရလဒ်အနေနှင့် မဟာအကြီးအကဲ၏ တပည့်သုံးထောင် အသတ်ခံခဲ့ရသည်။
ထိုစဥ်က အဖြစ်အပျက်များက သူ့ကို အလွန် တုန်လှုပ်နာကျင်စေခဲ့သည့်အတွက် ယခုအခါ၌ သူ့တွင် တုန်လှုပ်ချောက်ခြားမှုကို မခံစားရတော့ခြင်း ဖြစ်နိုင်ပေသည်။
သူ၏ တပည့်သုံးထောင်က အသတ်ခံခဲ့ရပြီး ယခုတွင် ချင်ရွှမ်ကန်းက အဝေးသို့ ခေါ်ဆောင်ခံသွားရသည်။ ဒီအရာအားလုံးက သူ့အပေါ် လှုံ့ဆော်မှု ဖြစ်စေခဲ့မလား။
ချင်ရွှမ်ကန်းပင်လျှင် ပြန်လာပြီး မည်သည့်ပေးဆပ်မှုမဆို ပြု၍ သစ္စာဖောက်ကို သတ်ပစ်ရန် ဆန္ဒရှိခဲ့သည်။
သူက မေးခွန်းထုတ်ခဲ့ပြီး နန်းတော်အပြင်၌ သွမ့်ချင့်ကို သတ်ပစ်ခဲ့၏။
လူအိုကြီးနှင့် လူငယ်လေးက ဘေးချင်းယှဥ်လျက် လျှောက်နေခဲ့သည်။
မဟာအကြီးအကဲ၏ အသံက ရီဖူရှင်း၏ စိတ်ထဲတွင် ပေါ်ပေါက်လာသည်။ “မင်းဆရာက ဒီကိုပြန်လာပြီး အသေခံတာပဲ။”
“ကျွန်တော်သိပါတယ်။” ရီဖူရှင်းက စိတ်ချင်းဆက်သွယ်ကာ ပြန်ဖြေသည်။ သူ့ဆရာသည် ဤနေရာမှ အသက်ရှင်လျက် ထွက်ခွာသွားရန် အစီအစဥ်မရှိပေ။ သူက အမှန်ပင် ပြန်လာကာ အသေခံခြင်း ဖြစ်နေသည်။
သူ၏ သေဆုံးခြင်းက လူအများအတွက် အကျိုးကျေးဇူး ရှိပေလိမ့်မည်။
ဖေးရွှီသည်လည်း ကောင်းစွာ အခြေကျနေကာ သူသည်လည်း အထက်ဘုံ၌ ခြေကုပ်ရနေခဲ့ပြီ ဖြစ်သည်။ သူ့ဆရာသည် သူမကို ဆက်သွယ်ခြင်း မရှိခဲ့သည့်အတွက် သူမကို အန္တရာယ်အတွင်း ကျရောက်စေလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် သူက ထျန်းဟယ်ဘုံသို့ တစ်ယောက်တည်း ပြန်လာခဲ့ခြင်း ဖြစ်သည်။
“ဒါပေမယ့် သူက မသေပါဘူး” အကြီးအကဲက ပြောလိုက်၏။
“အဲဒါက ကျွန်တော့ကြောင့်ပါပဲ။ သူ အသက်ရှင်နေသမျှ ချန်းကလန်က သူ့အပေါ်မှာပဲ အာရုံစိုက်ထားကြလိမ့်မယ်။ သူ့အမွေကို ဘယ်သူဆက်ထံမလဲဆိုတာ ဘယ်သူကမှ စိတ်ပူလိမ့်မှာ မဟုတ်ဘူး။” ရီဖူရှင်းက ပြောသည်။
သေခြင်းသည် သူ့ဆရာအတွက် လွယ်ကူပေလိမ့်မည်။ သူသည် သေခြင်းနှင့် ရင်ဆိုင်ရန် ဆန္ဒရှိပြီး ဖြစ်သည်။ သို့သော် သူက ထျန်းဟယ်ဘုံသို့ ရောက်နေခဲ့သည်ဖြစ်ရာ ဆရာ့၏ အစီအစဥ်က ပြောင်းလဲသွားခဲ့ရသည်။ သူက ချန်းကလန် ရောက်ရှိလာသည်ကို သိသည့်အခါ နန်းတော်အပြင်ဘက်တွင် စောစီးစွာ ထွက်ပေါ်လာခဲ့သည်။ သူက လွတ်မြောက်နိုင်မည့် လမ်းအားလုံးကို ဖြတ်တောက်ပစ်ခဲ့သည်။ ထို့ပြင် သူက ကိုယ်ပိုင်မှတ်ဉာဏ်များကိုပင် ဖျက်ဆီးပစ်ခဲ့၏။
သူ့အတွက် အသက်ရှင်နေခြင်းက သေဆုံးခြင်းထက် ပို၍ ခက်ခဲပေမည်။
အသက်ရှင်နေခြင်းက သူ့အတွက် ဖိနှိပ်စော်ကားခံရခြင်းတို့ဖြင့် ပြည့်နေပေလိမ့်မည်။ ချန်းကလန်က သူ မတွေ့ကြုံလိုသည့် အရာများကို ဖိအားပေးကာ နှိပ်စက်ပေလိမ့်မည်။ သို့သော် သူ အသက်ရှင်နေသမျှ ချန်းကလန်က ရီဖူရှင်းကို အာရုံစိုက်လိမ့်မည် မဟုတ်ပေ။ သူ့ဆရာက ထိုနေရာ၌ ရှိသည့်အခါ သူတို့က တပည့်တစ်ယောက်ကို မည်သည့်အတွက်ကြောင့် အာရုံစိုက်နေပါမည်နည်း။
သူတို့နှစ်ယောက် စကားပြောနေရင်း တောင်ထိပ်သို့ ရောက်ရှိလာသည်။ သူတို့က ထိုနေရာတွင် တည်ငြိမ်စွာ ရပ်နေပြီး အဝေးသို့ ငေးမျှော်ကြည့်နေကြသည်။ ဖျင်အန်းသည် သူတို့ ပြန်လာသည်ကို မြင်သည့်အခါ စိတ်အေးသွားခဲ့သည်။ သို့သော် ချင်ရွှမ်ကန်းကို မတွေ့ရတော့သည်က သူမကို ဝမ်းနည်းလာစေသည်။
“သူက သူ့ရဲ့ သေဆုံးခြင်းကို အရာအားလုံး အဆုံးသတ်လို့ တွေးခဲ့တာ။ ဒါပေမယ့် အဲဒါက မလွယ်ကူလှဘူး။” သူတို့နှစ်ယောက်သည် တောင်ပေါ်မှ ဆင်းလာခဲ့သည်။ ထျန်းဟယ်မဟာအကြီးအကဲက ကောင်းကင်သို့ မော့ကြည့်လိုက်၏။
အဆုံးသတ်လား။
ထိုသည်က မည်သို့ အဆုံးသတ်ကို သယ်ဆောင်နိုင်ပါမည်နည်း။
သစ္စာဖောက်သွမ့်ချင့်ကို သတ်ကာ သူကိုယ်တိုင် သေဆုံးခြင်းဖြင့် ပြဿနာများကို အဆုံးသတ်နိုင်ပါသည်လား။
ထိုသည်မှာ အလွန် စောလွန်းလှသည်။
ရီဖူရှင်းက အဘိုးအိုကို ကြည့်သည်။
ထိုသည်မှာ ဤမျှ မလွယ်ကူပေ။
“မင်း တောင်ပေါ်က ထပ်မဆင်းသင့်ဘူး။ ဒီမှာပဲနေပြီး ကျင့်ကြံပါ။ ပြီးတော့ ရန်ဟောင်အဆင့် မြန်မြန်ရောက်အောင် လုပ်ရမယ်။” ထျန်းဟယ်မဟာအကြီးအကဲက ဆက်ပြောသည်။ ရီဖူရှင်းက ခေါင်းညိတ်လိုက်၏။
အကြီးအကဲသည် အဝေးသို့ ကြည့်ကာ သူတို့ထံသို့ လာနေသည့် ဖျင်အန်းကို ခေါ်သည်။ သူသည် သူမအား မြင်သည့်အခါ နွေးထွေးသည့်အပြုံးတို့ ဖြစ်ပေါ်လာခဲ့သည်။
“ဖျင်အန်း” သူက ပြောသည်။
“ဆရာ” ဖျင်အန်းက သူ့ကို ကြည့်သည်။ သူမသည် ထို့ထက်ပို ပြောချင်နေသော်လည်း ရပ်တန့်လိုက်၏။ သူမသည် တစ်ခုခု မေးလိုသော်လည်း မမေးဖြစ်ခဲ့ပေ။
“မင်း တခြားတစ်နေရာရာမှာ ရှင်သန်ချင်လား။ လက်တွဲဖော် ရှာပေးရမလား။ အရာအားလုံးကို လက်လျှော့ပြီး မတူညီတဲ့ဘဝကို ရွေးချယ်ချင်လား။” ထျန်းဟယ်မဟာအကြီးအကဲက မေးသည်။
ဖျင်အန်းက သူ့ကို မော့ကြည့်လိုက်ပြီး ခက်ထန်လာသည်။ သူမက ခေါင်းကို ခါယမ်းလိုက်၏။ သူမက မည်သည့်စကားမှ မဆိုသော်လည်း မျက်လုံးများထဲတွင် အဖြေရှိနေနှင့်ပြီး ဖြစ်သည်။
အကြီးအကဲက ခေါင်းညိတ်သည်။ သူက လက်ကို ဆန့်ထုတ်ကာ သူမ၏ ပခုံးကို ခပ်ဖွဖွ ပုတ်လိုက်၏။ သူက အဝေးသို့ ကြည့်သည်။
သူမက ဆန္ဒ မရှိလျှင် လုပ်ရန် မလိုပေ။
***