Switch Mode

အပိုင်း(၁၅၈၂)

တောင်းဆိုချက်

မဟာကောင်းကင်မြစ်အကြီးအကဲသည် နတ်ဘုရားဂိုဏ်းမှလူများကို စိတ်အနှောက်အယှက်ဖြစ်ဟန်မတူဘဲ  မထူးခြားနားသော အမူအယာြဖင့် ကြည့်လိုက်သည်။ နတ်ဘုရားဂိုဏ်းသည် ယနေ့ရောက်မလာလျှင်ပင် သူ့အားစောင့်ကြည့်နေခြင်းအား မည်သည့်အချိန်မှ ရပ်တန့်မည်မဟုတ်ကြောင်း သိပေသည်။ သူ ထျန်းဟယ်မြို့မှ ထွက်သည်နှင့်တပြိုင်နက် နတ်ဘုရားဂိုဏ်းက ချက်ချင်းသိပေလိမ့်မည်။

ထိုအချိန်တွင် နတ်ဘုရားဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သောလူလတ်ပိုင်းအရွယ် ရန်ဟောင်က တောင်ပေါ်တွင် ရှိနေသော မဟာကောင်းကင်မြစ်အကြီးအကဲအား ဦးညွှတ်ကာပြောလိုက်သည်။ “ချန်းယောင်က ဦးလေးကို ဂါဝရပြုပါတယ်” တစ်ချိန်က ထျန်းဟယ်ဘုံကိုဖျက်ဆီးလုနီးပါးဖြစ်စေခဲ့သော အစွမ်းထက်သည့်ဂိုဏ်းတွင် အလွန် ရှားပါးသည့် မျိုးရိုးအမည်ရှိ၏။ “ချန်း”ဟူသော မျိုးရိုးနာမည်သည် “နတ်ဘုရား” ဟုလူသိများပြီး သူတို့အား နတ်ဘုရားဂိုဏ်းဟုခေါ်ဆိုခဲ့ကြသည်။ နတ်ဘုရားဂိုဏ်းသည် အဓိပတိဘုံတွင်သာမက ကောင်းကင်ဘုံကိုးလွှာ၏ ထိပ်တန်းတွင်ရပ်တည်နိုင်သောဂိုဏ်းတစ်ခုဖြစ်သည်။

“နတ်ဘုရားဆိုတဲ့အမည်ကို မျိုးရိုးနာမည်သုံးထားတာလား” ရီဖူရှင်းက မယုံနိုင်စွာဖြင့် ပြောလိုက်သည်။

ဤသည်မှာ နတ်ဘုရားဂိုဏ်း၏ အဓိပ္ပာယ်အမှန်ပေလော။ ဂိုဏ်းတစ်ခုအနေဖြင့် မိမိတို့ပိုင်ဆိုင်သည့် စွမ်းရည်ကို အလွန်အမင်းယုံကြည်မှုမရှိလျှင် ထိုသို့သောမျိုးရိုးနာမည်မျိုး အသုံးပြုမည်မဟုတ်ပေ။ အခြားမျိုးရိုးနာမည် များသည် မည်မျှပင်လွှမ်းမိုးနိုင်သည်ဖြစ်စေ နှိုင်းယှဉ်ရန်အရေးမပါပေ။ သို့သော် မျိုးနွယ်စုငယ်တစ်ခုသည် “နတ်ဘုရား”ဟူသောအမည်သည် သူတို့၏မျိုးရိုးနာမည်ဖြစ်နေပါက ချက်ချင်း မျိုးရိုးနာမည်ကို ပြောင်းရ ပေလိမ့်မည်။ သို့မဟုတ်ပါကထိုနာမည်သည် သူတို့မျိုးနွယ်စုအပေါ်တွင် ဘေးအန္တရာယ်ဆိုးများ ဖြစ်ပေါ်လာ စေမည် ဖြစ်သည်။

မဟာကောင်းကင်မြစ်အကြီးအကဲက သူ့ကိုကြည့်ကာပြောလိုက်သည်။

“အချိန်တွေ ကုန်တာမြန်လိုက်တာ မင်းတောင် ရန်ဟောင်ဖြစ်နေပြီပဲ”

“ဟုတ်တယ် အချိန်တွေက အရမ်းမြန်တယ်။ အဲဒီအချိန်တုန်းက ကျွန်တော်က ဦးလေးနောက် တကောက်ကောက် လိုက်ပြီး ကျင့်ကြံနည်းတွေ သင်ပေးဖို့တတွတ်တွတ်လိုက်ပြောနေခဲ့တာ။ မျက်စိတစ်မှိတ်အတွင်းမှာပဲ အချိန်တွေ အားလုံး ကုန်သွားခဲ့တယ်”

ချန်းယောင်သည် မဟာကောင်းကင်မြစ် အကြီးအကဲကိုကြည့်ကာ နှလုံးသားထဲတွင် ခံစားချက်များ ပြည့်နှက်လာသည်။

မဟာကောင်းကင်မြစ်အကြီးအကဲသည် နတ်ဘုရားမျိုးနွယ်စုထဲတွင်ပင် ပြိုင်ဘက်ကင်းသူတစ်ဦးဖြစ်ပြီး သူ့ထက်ပိုပြီး အစွမ်းထက်သူ အနည်းသာရှိပေသည်။ သူ၏ဦးလေးသည် သင်ကြားရေးနည်းစနစ်တွင်လည်း အသင်အပြကောင်းသူဖြစ်ကြောင်း လူသိများပေသည်။ သူသည် မဟာကောင်းကင်မြစ်အကြီးအကဲနှင့် သူ၏အဒေါ်တို့ ပညာရှာရာနောက်သို့ လိုက်ပါခဲ့သည်များကို အမှတ်ရနေမိဆဲဖြစ်သည်။

သို့သော်အတိတ်ကအချိန်များသည် အတိတ်တွင်ကျန်ရစ်ခဲ့ပြီးအရာရာတိုင်း ကြာရှည်မတည်မြဲသလို ထပ်မံ လိုချင်၍လည်းမရနိုင်ပေ။ သူ၏အဒေါ်သည် ထိုအတိတ်ကာလက မရေမတွက်နိုင်သောလူများ၏ အမြင်တွင် ရှိခဲ့သော အဖိုးတန်မိန်းမပျိုလေးအဖြစ်နှင့် မည်သည့်အခါမျှ တူညီနိုင်တော့မည်မဟုတ်ပေ။

“မင်းဒီကိုလာတာ အတိတ်က နေ့ရက်ကောင်းတွေကို ပြန်ပြောင်းပြောဖို့တော့ ဟုတ်ဟန်မတူဘူး” မဟာကောင်းကင်မြစ် အကြီးအကဲက ချန်းယောင်ကိုကြည့်ကာပြောလိုက်သည်။

“ကျွန်တော်က ဦးလေးကို ဘယ်လိုနေလဲလို့ လာကြည့်တာပါ။ အဖေကလဲ ဦးလေးကို သတိရကြောင်းပြောခိုင်းလိုက်ပါတယ်” ချန်းယောင်က ပြန်ပြော လိုက်သည်။

“သူမရော ဘယ်လိုနေလဲ”  မဟာကောင်းကင်မြစ်အကြီးအကဲက မေးလိုက်သည်။ ချန်းယောင်သည် သူမဆိုသည်မှာ မည်သူ့ကိုဆိုလိုမှန်းသိပေသည်။

“နတ်ဘုရားဂိုဏ်းရဲ့ အထူးအမိန့်ထုတ်ပြန်ထားတာကြောင့် ဒေါ်လေးရဲ့အခြေအနေနဲ့ပတ်သက်လို့ ဦးလေးကို ပြောမပြနိုင်တာ ဘယ်လိုမှ မထင်စေချင်ဘူး။ ကျေးဇူးပြုပြီး နားလည်ပေးပါ။” ချန်းယောင်က ပြောလိုက်သည်။

မဟာကောင်းကင်မြစ်အကြီးအကဲ ထပ်၍မပြောတော့ပေ။ သူသည်နတ်ဘုရားဂိုဏ်းနှင့်ပတ်သက်သည့် မည်သည့် သတင်းမှ မရခဲ့သော်လည်း နတ်ဘုရားဂိုဏ်းသည် သူမကိုသတ်ရန် ဆန္ဒရှိလိမ့်မည်မဟုတ်ပေ။

သို့သော်နှစ်ပေါင်းများစွာကုန်လွန်ပြီးနောက်တွင် သူမ မည်သို့ရှိမည်နည်း။  သူတို့သည် နတ်ဘုရားဂိုဏ်းကို သစ္စာဖေါက်ကာ ဆန့်ကျင်တိုက်ခိုက်ခဲ့ကြသဖြင့် သူမအား သစ္စာဖေါက်တစ်ယောက်အဖြစ်သတ်မှတ်ခဲ့ကြသည်။ သူမသည်အကြီးအကျယ် ဒဏ်ရာရသွားခဲ့ပြီး အကျဉ်းချခံခဲ့ရသည်။ သူ၏ ချစ်လှစွာသော ဇနီး၏ကံကြမ္မာကို မသိရခြင်းသည် သူ့အတွက် အလွန်နာကျင်ခံစားရစေလေသည်။

“ကျေးဇူးပြုပြီးသူမကို ပြောပေးပါ။ ဘာမှထပ်ပြီးမလိုအပ်ဘူး။ သူမကျန်းမာနေသမျှကာလပတ်လုံး ငါ့အတွက် လုံလောက်ပါပြီလို့။” မဟာကောင်းကင်မြစ်အကြီးအကဲက ချန်းယောင်ကိုကြည့်ပြီး ဆက်မေးလိုက်သည်။ “ ငါနဲ့ လာတွေ့တဲ့အပြင် တခြားဘာတွေရှိသေးလဲ”

“ဦးလေးရဲ့ အမွေဆက်ခံဖို့ နောက်တပည့်တစ်ယောက်ကို လက်ခံခဲ့တယ်လို့ ကြားလို့ လာကြည့်တာပါ” ယခုမှသာ ချန်းယောင်၏အကြည့်က မဟာကောင်းကင်မြစ်အကြီးအကဲ၏ ဘေးတွင်ရှိနေသော ရီဖူရှင်းထံရောက်လာသည်။

တောင်ပေါ်တွင် လူသုံးယောက်သာရှိပြီး ရီဖူရှင်းနှင့် ရွှီဖျန်အန်းသာရှိသည်ဖြစ်ရာ မဟာကောင်းကင်မြစ်အကြီးအကဲ၏ဆက်ခံသူသည် ဆံပင်အဖြူရောင်များရှိသည့် ထိုလူငယ်သာဖြစ်ကြောင်း ရှင်းလင်းပေသည်။ သူ၏အကဲဖြတ်ချက်အရ ထိုသူငယ်သည် အလွန်ထူးခြားသူ ဖြစ်ရပေမည်။ သူသည် မယုံနိုင်လောက်အောင် အစွမ်းထက်သူဟုလည်း ဆိုနိုင်သည်။ သူသည် ရှန့်ထိုအဆင့်၏ ထိပ်ဆုံးတွင်ရှိနေပြီး မဟာလမ်းစဉ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီးဖြစ်သည်။ ထျန်းဟယ်ဘုံမှ ထူးချွန်သည့် ပါရမီရှင်များစွာထဲတွင်ပင် သူနှင့်အဆင့်တူသည့်သူ မရှိပေ။

“အခု သူ့ကိုမြင်ပြီမဟုတ်လား” မဟာကောင်းကင်မြစ်အကြီးအကဲက ပြောလိုက်သည်။

“မြင်ပါပြီ” ချန်းယောင်က ခေါင်းညိတ်လိုက်သည်။ “နှစ်ပေါင်းများစွာ မကျင့်ကြံတော့ဘဲနေနေရာက ဘာကြောင့် ဆက်ခံသူတစ်ယောက် လက်ခံဖို့ ဦးလေးဆုံးဖြတ်ခဲ့တာလဲ”

“ငါ့ရဲ့တစ်ဘဝလုံး ကျင့်ကြံခြင်းနဲ့ပဲ တန်ဖိုးရှိရှိဖြတ်သန်းသွားလို့ မရဘူးလား” မဟာကောင်းကင်မြစ်အကြီးအကဲက ချန်းယောင်ကိုကြည့်ပြီး မေးလိုက်သည်။ “သူကခုမှ ရှန့်ထိုအဆင့်ပဲ ရှိသေးတယ်။ နတ်ဘုရားဂိုဏ်းက စိုးရိမ်နေရင်တောင်မှ အခုအချိန်မှာတော့ဘာမှလုပ်မှာမဟုတ်ဘူး”

ချန်းယောင်က ခေါင်းခါပြီးပြုံးလိုက်သည်။ “ဦးလေး အတွေးလွန်နေပြီ။ နတ်ဘုရားဂိုဏ်းက ဦးလေးရဲ့ဆက်ခံသူနဲ့ ပတ်သက်ပြီး စိတ်မပူပါဘူး။ ဒီနှစ်တွေအတွင်းမှာ ဦးလေးက တပည့်တွေကိုလက်ခံခဲ့ရင်တောင် နတ်ဘုရားဂိုဏ်းက တားမြစ်ခဲ့မှာ မဟုတ်ဘူး။ ဒီကိစ္စလေးလောက်နဲ့တော့ နတ်ဘုရားဂိုဏ်းက စိုးရိမ်ဖို့မထိုက်တန်ဘူး။ ဦးလေးရဲ့ ဆက်ခံသူက ဦးလေးကိုယ်စား လက်စားချေမယ်ဆိုရင်တောင် သူတို့ဂရုမစိုက်မှာမဟုတ်ဘူး။ ”

သူ မုသားပြောနေခြင်း မဟုတ်ပေ။ နတ်ဘုရားဂိုဏ်းသည် အလွန်မောက်မာပေသည်။ မဟာလမ်းစဉ်၏ ဘုံသုံးထောင်၏ ထိပ်တွင်ရပ်တည်နေသည့် စွမ်းအားကြီးသော နတ်ဘုရားမျိုးနွယ်စုသည် မဟာကောင်းကင်မြစ် အကြီးအကဲ၏ ဆက်ခံသူအား ကြောက်ရွံ့စရာမလိုပေ။

“ဒါဆိုရင် အခုမင်းသူ့ကို တွေ့ပြီးပြီဆိုတော့ မင်း ပြန်လို့ရပြီ” မဟာကောင်းကင်မြစ်အကြီးအကဲသည် မဆိုင်းမတွပြောလိုက်သည်။ ချန်းယောင် ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ “ဒီနှစ်တစ်လျှောက်လုံးမှာ ဘုရားမျိုးနွယ်စုရဲ့အတွေးတွေကို ဦးလေးနားမလည်ခဲ့ဘူးလား။ နတ်ဘုရားဂိုဏ်းရဲ့မျိုးဆက်သစ်တွေတိုင်းဟာ ခေတ်အဆက်ဆက် တစ်ခြားသူတွေကို ကျော်ဖြတ်နိုင်ပြီး နတ်ဘုရားဂိုဏ်းကို အထွပ်အထိပ်မှာ ရပ်တည်နိုင်ခဲ့တယ်။ အဲဒီတုန်းက နတ်ဘုရားဂိုဏ်းက ဦးလေးနဲ့ ဒေါ်လေးတို့ အပြင် ညီမလေးကိုပါ အမှန်တကယ် ယုံကြည်ခဲ့ကြပေမယ့် ဦးလေးတို့က ယုံကြည်မှုကို ဖျက်ဆီးခဲ့ကြတယ်။” မဟာကောင်းကင်မြစ်အကြီးအကဲသည် သူတို့ဌာနခွဲတွင် ထိုနတ်ပစ္စည်း ပျောက်ဆုံးသွားခဲ့ခြင်းသည် မည်သည်ကို ညွှန်းဆိုနေမှန်း သိပေသည်။

“နတ်ဘုရားဂိုဏ်းရဲ့ဆန္ဒအတိုင်း တစ်သွေးတစ်သံတစ်မိန့်လွှမ်းမိုး ချုပ်ကိုင်ထားတာကို ယုံကြည်မှုလို့ ခေါ်တာ လား။ ဒီလိုယုံကြည်မှုမျိုး ရှိဖို့မထိုက်တန်ဘူး” မဟာကောင်းကင်မြစ်အကြီးအကဲက ကြေကွဲဟန်ဖြင့် ပြောလိုက် သည်။ နတ်ဘုရားဂိုဏ်းသည် အရာအားလုံးကို ထိန်းချုပ်ထားနိုင်သည်အထိ စွမ်းအားရှိသည်ဟု ယုံကြည်နေသည်။ ထို့ကြောင့် နတ်ဘုရားဂိုဏ်းသည် မည်သည့်အရာမဆို သူတို့၏ဆန္ဒအတိုင်း လိုက်နာခြင်းသည်သာ အမှန်တရား ဖြစ်သည်ဟု ယူဆခဲ့ကြသည်။

ထိုနှစ်တွင် တိုက်ခတ်ခဲ့သည့် မုန်တိုင်းမတိုင်ခင်နေ့အထိ သူတို့သည် နတ်ဘုရားဂိုဏ်း၏ဆန္ဒကို မဆန့်ကျင် ခဲ့ကြပေ။

“အရာရာတိုင်းက နတ်ဘုရားဂိုဏ်းရဲ့ဆန္ဒအတိုင်း ဖြစ်ရမယ်” ချန်းယောင်က ပြောလိုက်သည်။

“ဒါဆို ဒီနေ့မင်း ဒီကိုလာတာကလည်း နတ်ဘုရားဂိုဏ်းရဲ့ဆန္ဒကြောင့်ပဲလား” မဟာကောင်းကင်မြစ်အကြီးအကဲသည် တစ်ဖက်လူကို စူးစိုက်ကြည့်ကာမေးလိုက်သည်။

“အမှန်ပဲ ကျွန်တော်တို့က နတ်ဘုရားဂိုဏ်းရဲ့ အမိန့်အတိုင်း ရောက်လာကြတာ” ထို့နောက် သူ၏အာရုံသည် ရီဖူရှင်းဘက်ပြောင်းသွားသည်။ “တကယ်လို့ ပြဿနာ မရှိဘူးဆိုရင် သူ့ကို နတ်ဘုရားဂိုဏ်းကို ခေါ်သွားဖို့လိုတယ် ကျွန်တော်တို့ သူ့ကို မထိခိုက်စေဘဲ ပြန်ပို့ပေးမှာပါ။ ”

ရီဖူရှင်းသည် ထိုစကားကိုကြားသောအခါ သူ၏ကျောရိုးတစ်လျှောက် အေးစိမ့်သွားသည်ဟု ခံစားလိုက်ရသည်။

ထိုနေရာသည် အထက်ဘုံ၏ နတ်ဘုရားဂိုဏ်းသည် သူ့အား နတ်ဘုရားဂိုဏ်းသို့ ခေါ်ဆောင်သွားရန် တောင်းဆို နေခြင်းသည် မည်မျှ မောက်မာဝံ့ကြွားသည့် အပြုအမူနည်း။ မဟာကောင်းကင်မြစ်အကြီးအကဲသည် သူ၏ အမွေအနှစ်များကို ဆက်ခံသူရွေးချယ်ကာ လက်ဆင့်ကမ်းလိုသော်လည်း သူတို့က ဆက်ခံသူကို ခေါ်ဆောင်သွား လိုကြသည်။ ၎င်းသည် သူ၏လျှို့ဝှက်ချက်များအားလုံးကို ဖော်ထုတ်ရန် လှုံ့ဆော်မှုတစ်ခုပေလော။

နတ်ဘုရားဂိုဏ်းသည် သူ့အား အတိတ်ကာလမှ အဖြစ်အပျက်များနှင့် ဆက်နွယ်မှုရှိမရှိနှင့် ချင်ရွှမ်ကန်း ပျောက်ကွယ်သွားမှုတို့နှင့် ဆက်စပ်မှုရှိမရှိသိလိုခဲ့သည်။ ရီဖူရှင်းသည် နတ်ဘုရားဂိုဏ်းသည် မည်သည်ကိုမှ သိရှိထားခြင်းမရှိသော်လည်း ဖိန်းရှီ၏ခန္ဓာကိုယ်အတွင်းတွင် ရှာဖွေလိုခြင်းဖြစ်သည်။ သူတို့သည် ဖြစ်နိုင်ခြေ ရှိသမျှအား လျစ်လျူရှုမည် မဟုတ်ပေ။ သူထွက်ပေါ်လာခြင်းသည် နတ်ဘုရားဂိုဏ်းအတွက် သံသယဖြစ်စရာ ဖြစ်ခဲ့သည်။ ထို့ကြောင့် သူ့အားနတ်ဘုရားဂိုဏ်းသို့ခေါ်ဆောင်ကာ စစ်ဆေးလိုခြင်းဖြစ်သည်။

နတ်ဘုရားဂိုဏ်းသည် သူတို့အလိုရှိသည့်အတိုင်း ပြုလုပ်ရန် မည်သည့်အထောက်အထားမှမလိုအပ်ဘဲ ပြုလုပ် နိုင်ပေသည်။ ထိုအရာကပင် နတ်ဘုရားဂိုဏ်းသည် မည်မျှအစွမ်းထက်ပြီး လွှမ်းမိုးနိုင်စွမ်းရှိသည်ကို ရှင်းလင်းစွာတွေ့မြင်နိုင်ပေသည်။ နတ်ဘုရားဂိုဏ်းသည် ဖျန်အန်းအကြောင်း အရာအားလုံးသိသောကြောင့် ရွှီဖျန်အန်းအား‌ ခေါ်ဆောင်သွားရန် မလိုအပ်ပေ။

မဟာကောင်းကင်မြစ်အကြီးအကဲသည် သူမအား ကျင့်ကြံခြင်းတွင် ညွှန်ကြားပြသပေးခြင်းအားလည်း နတ်ဘုရားဂိုဏ်းမှ ဂရုမစိုက်ပေ။ ချန်းယောင်၏ စကားအဆုံးတွင် တစ်လောကလုံးတိတ်ဆိတ်သွားသည်။ မည်သူမျှ စကားမစခဲ့ကြပေ။ နတ်ဘုရားဂိုဏ်း၏ ကျင့်ကြံသူအားလုံးနှင့် သူတို့နောက်ကွယ်ရှိ သွင့်ချင့်သည် မဟာကောင်းကင်မြစ်အကြီးအကဲနှင့် ရီဖူရှင်းတို့အား စိုက်ကြည့်နေကြသည်။

ဆရာသည် အသက်ရလာပြီဖြစ်သော်လည်း သူ၏ကျင့်ကြံခြင်းသည် ဆက်လက်တည်ရှိနေဆဲဖြစ်သည်။ ထို့အပြင် နတ်ဘုရားဂိုဏ်းသည် အစဉ်အမြဲမာနထောင်လွှားနေခဲ့သည်။ အရာအားလုံးသည် အစစ်အမှန်စွမ်းအားအပေါ် မူတည်လေသည်။ ဆန့်ကျင်ဘက်အနေဖြင့်ဆိုရသော် ထျန်းဟယ်ဘုံ၏ ဘုံကမ္ဘာနန်းတော်သခင်သည် ထျန်းဟယ်ဘုံ၏ စစ်မှန်သော ခေါင်းဆောင်တစ်ဦးမဟုတ်ကြောင်း ပေါ်လွင်ပေသည်။

မဟာကောင်းကင်မြစ် အကြီးအကဲသည် နတ်ဘုရားဂိုဏ်းမှလူများကိုကြည့်လိုက်သည်။ သူ၏အကြည့်တစ်ချက်ဖြန့်ကျက်လိုက်သည်နှင့် မမြင်နိုင်သော မဟာလမ်းစွမ်းအားများ တောင်ပေါ်သို့ ကျဆင်းလာသည်။ ကောင်းကင်နှင့်မြေကြီးသည် ကောင်းကင်ကို ပြောင်းလဲသွားစေပြီး မဟာလမ်းစဉ် စွမ်းအားများသည် ကောင်းကင်နှင့်မြေကြီးကြားတွင် ပျံ့နှံ့သွားသည်။ ချန်းယောင်သည် မျက်လုံးပြူးသွားသည်။

မဟာကောင်းကင်မြစ်အကြီးအကဲက ကြားနိုင်ရုံလောက် မျှသော လေသံဖြင့်ပြောသည်။ “ငါမင်းကိုမယုံဘူး။ အတိတ်က ဖြစ်ခဲ့တဲ့မတော်တဆမှုမှာ တပည့်သုံးထောင်ထဲက  ဘယ်နှစ်ယောက်များ နတ်ဘုရားဂိုဏ်းရဲ့ လက်ထဲမှာသေခဲ့ကြရသလဲ။ အခု ငါ အဲဒီလိုအမှားမျိုးထပ်ပြီး လုပ်သင့်လား။”

ထိုအချိန်တွင် မဟာကောင်းကင်မြစ်အကြီးအကဲသည် ဖြောင့်မတ်စွာရပ်နေပြီး သူ၏ ဆံပင်ရှည်များသည် လေထဲတွင် ဝဲပျံနေကြသည်။ “သူက မင်းတို့နဲ့နတ်ဘုရားဂိုဏ်းကို လိုက်မှာမဟုတ်ဘူး” ဟုပြောလိုက်သည်။ နတ်ဘုရားဂိုဏ်းမှလူများသည် တင်းကျပ်သောဖိအားကို ခံစားနေရသောကြောင့် အသက်ပြင်းပြင်းရှုကာ ဖိအားကိုတောင့်ခံနေကြရသည်။ နှစ်ပေါင်းများစွာကြာပြီးနောက်တွင်ပင် မဟာကောင်းကင်မြစ်အကြီးအကဲ၏ အမျက်ဒေါသသည် ကောင်းကင်ကိုပြောင်းလဲပစ်ရန် လုံလောက်နေဆဲဖြစ်သည်။ ဤတောင်တန်းသည် သူ၏ စိတ်စွမ်းအားဖြင့် ဖုံးအုပ်ထားပြီးဖြစ်သည်။ ဤဧရိယာသည် အလွန်ကျယ်ပြန့်သည်ဟုထင်ရသော်လည်း မဟာကောင်းကင်မြစ် အကြီးအကဲကဲ့သို့လူများအတွက်မူ အမိန့်စကားတစ်ခွန်းဖြင့်ပင် အလွယ်တကူ ချုပ်ကိုင် နိုင်စွမ်းရှိပေသည်။

“ဦးလေး၊ ဘာလို့အတိတ်ကလိုပဲ ဆက်ပြီးခေါင်းမာနေရတာလဲ။” ချန်းယောင်သည် မဟာကောင်းကင်မြစ် အကြီးအကဲအား မေးလိုက်သည်။ “အခုချိန်မှာ ငါ့ရဲ့တစ်ဦးတည်းသော ဆက်ခံသူက  ငါ့ဆီကနေ ဆွဲထုတ် သွားမဲ့အန္တရာယ်နဲ့ ရင်ဆိုင်နေရတာလေ မင်းပြန်သွားပြီး သူ့ကိုခေါ်ခဲ့ပါ။ ငါ့တပည့်ကို ခေါ်သွားချင်ရင် ငါ့အလောင်းကို ကျော်သွားနိုင်မှပဲရမယ်”

မဟာကောင်းကင်မြစ်အကြီးအကဲသည် စိတ်ပိုင်းဖြတ်ထားသည့် လေသံဖြင့် ပြောလိုက်သည်။ သူရည်ညွှန်းနေသည့် “သူ”သည် နတ်ဘုရားဂိုဏ်းတွင် အစွမ်းထက်ဆုံးပုဂ္ဂိုလ် ဖြစ်သည်။ ဘုံတစ်ခုလုံးအား ဖျက်ဆီးလုနီးပါး ဖြစ်စေခဲ့သောစစ်ပွဲတွင် နတ်ဘုရားဂိုဏ်းအား ဦးဆောင်လာကာ အောက်ဘုံသို့ ဆင်းလာသည့်သူ ဖြစ်သည်။

မဟာကောင်းကင်မြစ်အကြီးအကဲသည် သူ၏လူအား ခေါ်ဆောင်သွားမည်ကို အလွယ်တကူခွင့်ပြုလိမ့်မည် မဟုတ်ကြောင်း ခန့်မှန်းထားပြီးဖြစ်သော်လည်း ထိုသို့သောအစွန်းရောက် စိတ်သဘောထားကို မမျှော်လင့်ခဲ့မိပေ။ သူ့အလောင်းကို …။ သို့ဆိုလျှင်ပင် ယနေ့ရောက်လာခဲ့သည့် အစွမ်းထက်သော ကျင့်ကြံသူများစွာရှိသော်လည်း သူ၏ဦးလေး၏ထံမှ တစ်စုံတစ်ယောက်အား ခေါ်ဆောင်ရန်မှာ မဖြစ်နိုင်သလောက်ဖြစ်သည်။ ထိုအလွန် အစွမ်းထက်သောသူအား အောက်ဘုံသို့ အလွယ်တကူဆင်းလာစေရန်မဖြစ်နိုင်ပေ။ သူသည် နတ်ဘုရားဂိုဏ်းနှင့် ပတ်သက်သောကိစ္စရပ်အားလုံးကို အာရုံစိုက်လိမ့်မည်မဟုတ်ပေ။

“ဦးလေးက အရာအားလုံးကို ဘာကြောင့်ခက်ခဲအောင်လုပ်နေရတာလဲ။ နတ်ဘုရားဂိုဏ်းက သူ့ကို ကြည့်ချင်ရုံ လေးပါပဲ။ သူတို့က သူ့ကိုဘာမှလုပ်မှာမဟုတ်ဘူး” ချန်းယောင်က ပြောလိုက်သည်။

“မင်းသူ့ကို ကြည့်ပြီးပြီပဲ” မဟာကောင်းကင်မြစ်အကြီးအကဲက တင်းမာစွာပြောလိုက်သည်။ ချန်းယောင် တိတ်ဆိတ်သွားသည်။ မဟာမြစ် အကြီးအကဲသည် သူတို့အား မည်သည့်နည်းနှင့်မှ လက်သင့်ခံမည်မဟုတ်ပေ။ သူသည် သူ့ဦးလေး၏ စိတ် သဘောထားကို ကောင်းကောင်းနားလည်ပြီး အတိတ်ကဖြစ်ရပ်များအတွက် အကြောင်းပြချက် မရှိကြောင်း သိပေသည်။ သူသည် သူယုံကြည်သည့်အတိုင်း ခေါင်းမာစွာလုပ်ခဲ့ပြီး အနည်းငယ်မျှ ပြောင်းလဲခြင်းမရှိပေ။

“ဦးလေးက သူ့ကို မသွားခိုင်းဘူးဆိုမှတော့ သူ့အနားကိုကပ်ပြီး သေချာကြည့်လို့ရမလား” ချန်းယောင်သည် မည်သို့မျှမရနိုင်တော့သည့်ကို သိပြီး ဆက်လက်မတောင်းဆိုတော့ပေ။ “မရဘူး” မဟာကောင်းကင်မြစ် အကြီးအကဲက ရိုးရှင်းစွာပင် ငြင်းလိုက်သည်။ ချန်းယောင် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် တတ်နိုင်သမျှ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။ အကယ်၍ မဟာကောင်းကင်မြစ်အကြီးအကဲသာ ဆက်လက် ငြင်းဆန်နေပါက…..

“သူတို့ ကျွန်တော့်ကို စစ်ဆေးကြည့်တာက ဘာမှထိခိုက်နစ်နာသွားတာမှမဟုတ်တာ” ချန်းယောင်သည် ထိုသို့ပြောလိုက်သောသူမှာ ရီဖူရှင်းကိုယ်တိုင်ဖြစ်နေသည်ကို တွေ့လိုက်ရ၍ အံ့အားသင့်သွားသည်။ ထိုအချိန်တွင် ရီဖူရှင်းသည် သူ့အားကြည့်နေသော မဟာကောင်းကင်မြစ်အကြီးအကဲကို ပြန်ကြည့်လိုက်သည်။

“ဆရာလည်း ဒီမှာရှိနေတာပဲ။ သူတို့ကို ဘာလို့ မစစ်ဆေးကြည့်ခိုင်းရမှာလဲ။ ” ရီဖူရှင်းက ဂရုမစိုက်စွာ ပြုံးရင်း ပြောလိုက်သည်။ မဟာကောင်းကင်မြစ်အကြီးအကဲ၏ အကြည့်အောက်တွင် နတ်ဘုရားဂိုဏ်းမှ ကျင့်ကြံသူများက မည်သည်ကို ပြုလုပ်နိုင်ပါမည်နည်း။

ရီဖူရှင်း၏ စကားကိုကြားသောအခါ မဟာကောင်းကင်မြစ်အကြီးအကဲသည် ခေတ္တမျှ တိတ်ဆိတ်သွားသည်။ “ မင်း လုပ်ချင်တာလုပ်နိုင်တယ်” သူကခေါင်းညိတ်ပြကာ ပြောလိုက်သည်။

“ဟမ့်”

ရီဖူရှင်း၏ ချောမောသော မျက်နှာတွင် အပြုံးရေးရေးရှိနေပြီး နတ်ဘုရားဂိုဏ်းမှ ကျင့်ကြံသူများရှေ့သို့တိုးသွားလိုက်သည်။ နတ်ဘုရား ဂိုဏ်းသည် ရွှေရောင်နတ်ပြည်ထောင်၏ စွမ်းအားများနှင့် မည်သို့ နှိုင်းယှဉ်နိုင်ပါမည်နည်း။

***

Comment

Leave a Reply

Options

not work with dark mode
Reset