ထိုနှစ်များအတွင်းတွင် ဤအဘိုးအဘွားစုံတွဲသည် သူတို့၏ကျင့်ကြံခြင်းများ ပျက်စီးသွားသောကြောင့် သူတို့၏ သမီးအပေါ်တွင် မှီခိုအားထားနေခဲ့ရကြောင်း ရီဖူရှင်း ကောင်းကောင်းသိပေသည်။ ထို့အပြင် သူတို့၏လက်ကျန် စွမ်းအင်တို့ကို ထိန်းထားနိုင်ရန်အတွက် ဖျန်အန်းသည် ဆေးဝါးများ မကြာခဏရှာဖွေခဲ့ရကြောင်း မနေ့က အဖြစ်ကိုကြည့်ကာ သိနိုင်ပေသည်။
သူတို့သည် ဖျန်အန်းကို ဆက်လက်ဒုက္ခမရောက်စေချင်သောကြောင့် ဤကမ္ဘာမှ ငြိမ်းချမ်းစွာထွက်သွားဖို့ ဆုံးဖြတ်လိုက်ကြခြင်းဖြစ်သည်။ အနာဂတ်တွင် မည်သည့်ကိစ္စမျိုး ကြုံလာသည်ဖြစ်စေ ဖျန်အန်းသည် အကြီးအကဲနောက်သို့ လိုက်ပါသွားပြီဖြစ်ရာ အန္တရာယ်ရှိတဲ့အခြေအနေသို့ ရောက်ခဲ့လျှင်ပင် သူတို့နှင့်နေသည်က် ပို၍လုံခြုံပေလိမ့်မည်။ မနေ့ကဖြစ်ခဲ့သည့်အဖြစ်အပျက်ကြောင့်ပင် သူတို့ ထိုသို့ရွေးချယ်လိုက်ကြခြင်းဖြစ်သည်။
ရီဖူရှင်းသည် ထိုစုံတွဲ၏အလောင်းများကို သင်္ဂြိုဟ်ရန် တောင်ပေါ်သို့ ယူဆောင်လာခဲ့သည်။ အဘိုးအိုသည် မိမိကိုယ်ကို မဟာကောင်းကင်မြစ်အကြီးအကဲ၏တပည့်တစ်ဦးအဖြစ် အမြဲတမ်းနှလုံးသွင်းထားခဲ့သည်။ ရီဖူရှင်း တွင် ဤသို့သော အတွေ့အကြုံများမရှိခဲ့သော်လည်း သူကြားခဲ့ရသည့်အရာများနှင့် ကြုံတွေ့ခဲ့ရသည့် အဖြစ် အပျက်တို့အရ မည်သို့လုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရှိပြီးဖြစ်သည်။
ဖြောင့်မတ်သောဓါးဘုရင်၊ မဟာ ကောင်းကင်မြစ် အကြီးအကဲ၏ အကြီးဆုံးတပည့်၊ သူ့ဆရာ၏ ဂိုဏ်းတူအစ်ကို၊ ဖျန်အန်း၏အဘိုးအဖြစ် တလေးတစားဆက်ဆံရမည်ဖြစ်သော်လည်း သူ၏မျိုးဆက်သည် ဤသို့အဆုံးသတ်ခဲ့ရပေသည်။
ယခုအခါတွင် တောင်၏နယ်နမိတ်အတွင်းတွင် သင်္ချိုင်းတစ်ခုရှိလာခဲ့ပြီဖြစ်သည်။ ရီဖူရှင်းနှင့် ရွှီဖျန်အန်းတို့အပြင် မဟာကောင်းကင်မြစ်အကြီးအကဲလည်း အသုဘအခမ်းအနားသို့ ရောက်လာခဲ့သည်။ သူသည် အရာအားလုံးကို စိတ်ထဲတွင်သိမ်းဆည်းကာ တည်ငြိမ် အေးဆေးသော မျက်နှာထားဖြင့် ထိုနေရာတွင် တိတ်ဆိတ်စွာ မတ်တပ်ရပ်နေခဲ့သည်။
“ဒီနေရာက မင်းအဘိုးကျင့်ကြံခဲ့တဲ့နေရာဖြစ်ပေမယ့် နောက်ပိုင်းမှာ ဒီနေရာကိုစွန့်ပစ်ထားခဲ့ကြတယ်။ ဟောက်ရန်နဲ့ သူ့ဇနီးကို ဒီမှာမြှုပ်နှံသင်္ဂြိုလ်စေတာက သူတို့အတွက် ငါလုပ်ပေးနိုင်တာတစ်ခုပါပဲ” မဟာ ကောင်းကင်မြစ်အကြီးအကဲက လေသံတိုးတိုးဖြင့်ပြောလိုက်သည်။
“ဖျန်အန်း ကွယ်လွန်သူတွေကို ငြိမ်းချမ်းစွာ နားခွင့်ပေးလိုက်ပါ။ အရမ်းဝမ်းနည်းမနေပါနဲ့တော့။ ဒီနှစ်တွေအတွင်းမှာ မင်းရဲ့မိဘတွေက ဆင်းရဲ ဒုက္ခတွေခံစားခဲ့ကြရမှာပဲ။ ဒါကြောင့် သူတို့က ဒီကမ္ဘာကြီးကနေ ငြိမ်းချမ်းစွာထွက်ခွါဖို့ဆုံးဖြတ်ခဲ့ကြတယ်။”
“အင်း…”
ဖျန်အန်းသည် သင်္ချိုင်းရှေ့တွင် ဒူးထောက်ကာထိုင်နေသည်။ သူမ၏မျက်ရည်များ ခမ်းခြောက်သွားပြီး သူမ၏မျက်လုံးများတွင် ပြတ်သားသောဆုံးဖြတ်ချက်များကို မြင်နေရပေသည်။ သူမသည် မိသားစု၏ နောက်ဆုံးမျိုးဆက်ဖြစ်သောကြောင့် သူမအတွက်ပါမက သူမ၏မိဘများနှင့် အဘိုးအတွက်ပါ ကောင်းမွန်စွာ အသက်ရှင်နေထိုင်ရပေမည်။
“ခုချိန်ကစပြီး ငါ့နောက်ကိုလိုက်ပြီး ကျင့်ကြံပေတော့။ ကျင့်ကြံခြင်းနဲ့ ပတ်သက်လို့ မေးစရာတွေရှိရင် မင်းရဲ့ ဆရာဦးလေးကို မေးလို့ရတယ်။ တောင်ပေါ်မှာရှိနေတုန်းမှာပဲ သူ့ကို ဆရာဦးလေးလို့ ခေါ်ပြီး အပြင်ဘက်ရောက်သွားရင်တော့ ဆရာဦးလေးကြီးလို့ခေါ်ရမယ်” မဟာကောင်းကင်မြစ် အကြီးအကဲက ပြောလိုက်သည်။
ဖျန်အန်းခေါင်းညိတ်လိုက်သည်။ ဆရာဦးလေးကြီးသည် သူမအား သူနှင့်ဆရာဦးလေးတို့၏ ဆက်နွယ်မှုကို ဖြတ်တောက်လိုသည့် စကားကိုပြောစေခဲ့ပြီး သူတို့ပြန်ဆုံကြလျှင် တစ်ဦးနှင့်တစ်ဦး သိကျွမ်းခြင်းမရှိသလို နေစေလိုခဲ့သည်။ ထိုစကား၏ နောက်ကွယ်က အဓိပ္ပာယ်အား နားလည်ပြီးဖြစ်ရာ သူမမည်သို့ပြုမူသင့်သည်ကို သိရှိပေသည်။
“ဖူရှင်း… မင်းလည်း မင်းဆရာရဲ့စကားတွေကို မှတ်သားထားပါ။” မဟာကောင်းကင်မြစ်အကြီးအကဲက ထပ်ပြီး ပြောလိုက်သည်။
ရီဖူရှင်းသည် မဟာကောင်းကင်မြစ်အကြီးအကဲကို ကြည့်လိုက်ပြီး လေးနက်စွာ ခေါင်းညိတ်ပြ လိုက်သည်။ အနာဂတ်၌အချို့သောအရာများ ဖြစ်ပျက်နိုင်ကြောင်းသူသိသော်လည်း သူ၏ဆရာအတွက်မှာမူ ထိုအရာများသည် လေးလံသောဖိအားများပင်ဖြစ်သည်။
ဆရာသည် မိမိကိုယ်မိမိ ရင်ဆိုင်နိုင်ရန် အချို့အရာများ လိုအပ်ပေသည်။ ထိုအရာများအတွက် ရွေးချယ်မှုပြုလုပ်မည်ဆိုလျှင် မည်သို့သော တန်ဖိုးအားပေးဆပ်ရသည် ဖြစ်စေ ဆရာဘိုးဘိုးသည် ဆရာ၏ရွေးချယ်ခြင်းကို လေးစားသကဲ့သို့ သူလည်းထိုအရာကို လေးစားရပေမည်။
…
တစ်စုံတစ်ယောက်သည် သွမ့်ချင့်နေထိုင်ရာ ဘုံကမ္ဘာနန်းတော်သို့ သတင်းတစ်ခုယူဆောင်လာခဲ့သည်။
“ရွှီစံအိမ်ကို သွားတိုက်ခဲ့တဲ့လူတွေကို တစ်ယောက်ယောက်က သတ်လိုက်တယ် ပြီးတော့ ရွှီဟောက်ရန်နဲ့ သူ့ဇနီးက ကိုယ့်ကိုယ်ကိုသတ်သေသွားတာတယ်လို့ မင်းပြောလိုက်တာလား” သွင့်ချင့်က သတင်းပို့သူကို ကြည့်လိုက်သည်။
“အင်း”
သတင်းပို့သူက ခေါင်းညိတ်ပြလိုက်ရာ သွင့်ချင့်သည် ဝမ်းနည်းကြေကွဲဟန်ဖြင့် အဝေးသို့ လှမ်းကြည့် လိုက်သည်။ ရွှီဟောက်ရန်သည် သူတို့ညီအစ်ကိုများ ကြည့်ရှုစောင့်ရှောက်ခဲ့ကြပြီး ဂိုဏ်းတူ တူလေးအဖြစ် ယူဆ၍ ရပေသည်။ သူ၏ကျင့်ကြံခြင်း ဖျက်ဆီးခံရပြီးနောက်တွင် သူ၏ရှင်သန်ခြင်းသည် အဓိပ္ပာယ်မရှိတော့ပေ။ ယခုအချိန်တွင် အရာအားလုံး ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
“လမ်းခရီးမှာသာယာပါစေ” သွင့်ချင့်က တီးတိုးရေရွတ်လိုက်သည်။ သူ၏အစ်ကိုကြီးသည် ဖြောင့်မတ် တည်ကြည်ကာ ပြိုင်ဘက်ကင်းသူဖြစ်သော်လည်း သူ၏အသက်ကို ဆုံးရှုံးသွားခဲ့သည်။ သူ၏ခေါင်းမာခြင်းသည် မိသားစုတစ်ခုလုံးအတွက် ဒုက္ခရောက်စေခဲ့ပြီး မလိုအပ်ဘဲနာကျင်ခံစားခဲ့ကြရသည်။ ထိုအရာအတွက် လူအများအပြား အသက်ဆုံးရှုံးရန် မလိုအပ်ပေ။
“အဲဒီလူတွေကို သတ်လိုက်တဲ့သူကို မင်းသိလား” သွင့်ချင့်က မေးလိုက်သည်။
ထိုသူက ခေါင်းခါလိုက်၏။
“သူက သတ်ပြီးတာနဲ့ ချက်ချင်းထွက်သွားခဲ့တယ်။ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဆိုတော့ ကျွန်တော်တို့ ရွှီဟောက်ရန်နောက်ကို သိပ်ပြီးမလိုက်ဖြစ်တော့ဘူး။”
“တကယ်ပဲနှစ်ပေါင်းများစွာ ကြာသွားခဲ့ပြီပဲ။ ဒါပေမယ့် တစ်ခုခုဖြစ်လာတော့မယ်လို့ ငါခံစားနေရတယ်” သွင့်ချင့်သည် သူ့ကိုယ်သူအသံထွက်၍ ရေရွတ်နေသည်။ ပထမဆုံး သူ၏ဆရာသည် ဆက်ခံသူကို ရွေးချယ် ခဲ့သည်။ ထို့နောက် ရွှီဟောက်ရန်နှင့်သူ၏ဇနီးတို့ သတ်သေသွားခဲ့ပြီး သူတို့၏သမီးကို တောင်ပေါ်သို့ ကျင့်ကြံရန် ခေါ်ဆောင်လာခဲ့သည်။
ဤအကြောင်းအရာများသည် သာမန်အသေးအဖွဲကိစ္စများဖြစ်ပုံပေါ်သော်လည်း တရားခံမပေါ်သည့်လူသတ်မှုကြောင့် သွင့်ချင့်သည် အနည်းငယ် ဘဝင်မကျဖြစ်နေသည်။ ထိုသူတို့အား သတ်ခဲ့သည့် လျှို့ဝှက်ဆန်းကြယ်သောသူသည် မည်သူနည်း။
“သဲလွန်စမှန်သမျှကို ဂရုတစိုက်စစ်ဆေးလိုက်” သွင့်ချင့်အမိန့်ပေးလိုက်သည်။
“အမိန့်အတိုင်းပါ အကြီးအကဲ” ထိုလူက ဦးညွှတ်အရိုအသေပေးကာ ထွက်ခွါသွားသည်။
သွင့်ချင့်သည် ထိုနေရာတွင် ရပ်ကာ အတွေးနက်နေသည်။ အချိန်များကုန်ဆုံးသွားသော်လည်း ဆရာအသက်ရှင်နေသမျှကာလပတ်လုံးတွင် ဘုံကမ္ဘာနန်းတော်နှင့် ပတ်သက် သည့် ဖုံးကွယ်ထားသောအန္တရာယ်များ ရှိနေဦးမည်ဖြစ်သည်။
ဆရာသည် ထျန်းဟယ်ဘုံတွင် အလွန် အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦးအဖြစ် ထင်ရှားသည်။ ထို့ကြောင့် နှစ်ပေါင်းများစွာ ကုန်လွန်သွားသော်လည်း ဆရာနေထိုင်သည့်တောင်အား အမြဲတမ်းစောင့်ကြည့်နေခဲ့ကြသည်။ အနည်းငယ်လှုပ်ရှားလိုက်သည်နှင့် ချက်ချင်း အထက်ကို သတင်းပို့ကြမည်ဖြစ်သည်။ ထိုအချိန်က ဆရာ မသေခဲ့သည်မှာ နောက်ကွယ်မှ ထိပ်တန်း ပုဂ္ဂိုလ်တစ်ဦးက ဆရာ့ကို ကာကွယ်ပေးနေခြင်းကြောင့် ဖြစ်သည်ကို သူသိခဲ့သည်။
နောက်ဆုံးတွင် သူသည် နတ်ဘုရားဂိုဏ်း၏ သားမက် ဖြစ်သောကြောင့် အစဉ်အလာအရ သတင်းပို့ရမည်ဖြစ်သည်။ ထို့ကြောင့် မဟာကောင်းကင်မြစ်အကြီးအကဲ၏ ဆက်ခံသူရွေးချယ်သည့်သတင်းအား အထက်သို့တင်ပြရန် ဆုံးဖြတ်ချက် ချလိုက်သည်။
…
ရက်ပေါင်းများစွာကြာပြီးသည့်နောက်တွင် ရုတ်တရက် ဘုံကမ္ဘာနန်းတော်၏ အထက်ကောင်းကင်မှ တောက်ပသော အလင်းတန်းတစ်ခု ကျဆင်းလာသည်။ ဘုံကမ္ဘာနန်းတော်တစ်ခုလုံးသည် တုန်ခါသွားပြီး မရေမတွက်နိုင်သောသူများသည် ကောင်းကင်သို့ မော့ကြည့်လိုက်သည်။
လူတစ်ချို့သည် မကျေမနပ်ဖြစ် နေကြသည်။ မည်သူက ဤမျှရဲဝံ့စွာဖြင့် ဘုံကမ္ဘာနန်းတော်၏ အပေါ်တွင် တိုက်ရိုက်ထွက်ပေါ်လာဝံ့သနည်း။ တစ်ချို့က တစ်စုံတစ်ရာကို ခန့်မှန်းမိခဲ့ကြသော်လည်း အများစုသည် မျက်မှောင်ကျုတ်ပြီး ဇဝေဇဝါ ဖြစ်နေကြသည်။
မြင့်မြတ်သောနတ်အလင်းတန်းသည် ဘုံကမ္ဘာနန်းတော်သို့ တိုက်ရိုက်ကျဆင်းလာပြီး နန်းတော်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ သူတို့၏အထက်တွင် လူတစ်စု ထွက်ပေါ်လာပြီး တစ်နေရာသို့ ဦးတည်ကာ သွားနေသည်။ မြေပြင်ပေါ်ရှိလူများကို ဦးဆောင်နေသော သွင့်ချင့်သည်လည်း ထိုနေရာတွင် ရှိနေသည်။ သူသည် ထောင်လွှားသော ရန်ဟောင်တစ်ယောက်ဖြစ်သော်လည်း ကောင်းကင်ထက်မှ ဆင်းသက် လာသည့် လူစုကိုကြည့်ကာ ဦးညွှတ်လိုက်သည်။
တစ်ချိန်တည်းမှာပင် နန်းတော်တစ်ခုလုံးမှလူများအားလုံးလည်း အရိုအသေပေးလိုက်ကြသည်။ ထိုဖြစ်ရပ်သည် မသိသေးသောသူများအား ထိတ်လန့်စေသော်လည်း နောက်ဆုံးတွင် ထိုသူတို့သည် မည်သည့်နေရာမှလူများ ဖြစ်ကြောင်းသိရှိနားလည်သွားကြသည်။ အဓိပတိဘုံမှ နတ်ဘုရားဂိုဏ်း။
ထျန်းဟယ်ဘုံသည် ရန်ဟောင်မြောက်များစွာရှိသည့် အလွန်အင်အားကြီးမားသောဘုံတစ်ခု ဖြစ်သည်ဟု ယူဆကြပြီး အဓိအပတိဘုံနှင့်အိမ်နီးချင်းဘုံတစ်ခုဖြစ်သည်။ ထျန်းဟယ်ဘုံအား အဓိပတိဘုံ၏ အရှေ့ဘက် နယ်စပ်တွင်ရှိသော အင်အားကြီးဂိုဏ်းတစ်ခုဖြစ်သည့် နတ်ဘုရားဂိုဏ်းကပိုင်ဆိုင်သော်လည်း ၎င်းသည် ယခုတိုင် အသိအမှတ်မပြုခဲ့ပေ။ တစ်ချိန်က နတ်ဘုရားဂိုဏ်းသည် စီရင်ချက်တစ်ခုချမှတ်ပြီး အဆုံးမဲ့ကြီးမားကျယ်ပြန့်သည့် ထျန်းဟယ်ဘုံတစ်ခုလုံး မျိုးသုဉ်းသတ်ဖြတ်ခြင်းခံရမည့် အန္တရာယ်ဖြင့်ကြုံတွေ့ခဲ့ရသည်။
သို့သော် ဘုံကမ္ဘာနန်းတော်မှ ဝင်ရောက်ဖျန်ဖြေခဲ့ပြီး မှန်ကန်သောလမ်းစဉ်ကိုရွေးချယ်ခဲ့သောကြောင့်သာ ထျန်းဟယ်ဘုံသည် ယနေ့တိုင် ဆက်လက်ရပ်တည်နေနိုင်ခဲ့ခြင်းဖြစ်သည်။ ထိုသို့မဟုတ်ပါက ထိုစစ်ပွဲအပြီးတွင် ထျန်းဟယ်ဘုံ၏ ဘုံကမ္ဘာနန်းတော်အဖြစ် ဆက်လက်တည်နိုင်ရှိတော့မည်မဟုတ်ပေ။
ထိုနတ်ဝိညာဉ်စွမ်းအားများ ထွက်ပေါ်နေကြသည့်သူများအား အသက်သုံးဆယ်၊လေးဆယ်ခန့် ရှိသောသူက ဦးဆောင်လာသည်။ ထိုသူသည် တန်ခိုးအာဏာထက်ပုံပေါ်သည့် ရန်ဟောင်တစ်ပါးဖြစ်သည်။ သူ၏နံဘေးတွင် ကြောက်မက်ဖွယ်နက်ရှိုင်းသော နတ်စွမ်းအင်အရှိန်အဝါရှိသည့် မျက်ဝန်းများနှင့် လူငယ်တစ်ဦး ရပ်နေသည်။ သူတို့နှစ်ဦးအတူတကွရပ်နေပုံအား ကြည့်ရသည်မှာ သားအဖများ ဖြစ်ပုံပေါ်လေသည်။
သူတို့၏ဘေးနှစ်ဘက်တွင် အကြီးအကဲများစွာရှိသော်လည်း သူတို့ထံမှ တန်ခိုးစွမ်းအားများကိုသာမက အသက်ရှုသံကို သတိပြုမိရန်ပင် ခက်ခဲသည်အထိ အရှိန်အဝါတို့အား ထိန်းချုပ်ထားကြသည်။ သို့သော် သွင့်ချင့်သည် ထိုသူတို့သည် အမှန်တကယ်အစွမ်းထက်သူများဖြစ်သည်ဟု ခန့်မှန်းမိလိုက်သည်။ အထူးသဖြင့် နောက်ဖက်တွင် ရပ်နေသောအဘိုးအိုဖြစ်သည်။
အဘိုးဘို၏အကြည့်တစ်ချက်သည် အန္တရာယ်အငွေ့အသက် များကို ခံစားရစေသည်။ သူသည်ရန်ဟောင်အဆင့်ဖြစ်ပြီး အဘိုးအို၏အဆင့်သည် မည်မျှကြောက်မက်ဖွယ် ကောင်းသည့် အဆင့်တွင်ရှိကြောင်းမခန့်မှန်းနိုင်ပေ။ ယခုတစ်ကြိမ် အောက်သို့ဆင်းလာရန်စေလွှတ်လိုက်သော ကိုယ်စားလှယ်အဖွဲ့သည် အလွန်အားကောင်းကြောင်း ရှင်းလင်းနေပေသည်။
မဟာကောင်းကင်မြစ်အကြီးအကဲနှင့်ပတ်သက်သည့်ကိစ္စသည် မည်မျှပင်သေးငယ်သည်ဖြစ်စေ နတ်ဘုရားဂိုဏ်းမှ ပေါ့ပေါ့တန်တန် သဘောထားမည်မဟုတ်ပေ။ ဤအချိန်တွင် ဘုံကမ္ဘာနန်းတော်၏ အမြင့်ဆုံးခန်းမဆောင်မှ အဘိုးအိုတစ်ဦး ပျံသန်းထွက်ပေါ်လာသည်။ အဘိုးအိုသည် ခမ်းနားထယ်ဝါသော ရွှေရောင်တော်ဝင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ လူအားလုံး ဦးညွှတ်အရိုအသေပေးလိုက်ကြသည်။ ထိုသူသည် ထျန်းဟယ်ဘုံ၊ ဘုံကမ္ဘာ နန်းတော်၏အရှင်သခင် ထျန်းဟယ်ဧကရာဇ်ဖြစ်သည်။
“အထက်ဘုံက လာခဲ့ကြတော့အားလုံးပင်ပန်းနေကြတော့မယ် မင်းတို့အတွက် စားသောက်ပွဲတစ်ခု ပြင်ဆင်ထားပါတယ်” ထျန်းဟယ်ဧကရာဇ်ကပြောလိုက်သည်။
ထိုဧည့်သည်များအား ဧကရာဇ်ကိုယ်တိုင် ထွက်လာကာ ကြိုဆိုသည်ကိုကြားလိုက်ရသောသူများသည် အံ့ဩတုန်လှုပ်သွားကြသည်။ အထက်ဘုံမှ ပုဂ္ဂိုလ်များသာ ထိုသို့သော ကြိုဆိုမှုမျိုးရနိုင်ပေမည်။
“ဘုံကမ္ဘာဧကရာဇ်က အရမ်းကြင်နာတတ်တာပဲ။ အဲလောက်အထိ လုပ်ဖို့တကယ်မလိုပါဘူး။ အလုပ်ကိစ္စကို အရင်လုပ်ကြတာပေါ့”
အထက်ဘုံမှ ကိုယ်စားလှယ်များ၏ ခေါင်းဆောင်က လူအုပ်ကိုတစ်ချက်ဝေ့ကြည့်ကာပြောလိုက်သည်။ “ဧကရာဇ်ကို လေးစားစွာနဲ့ မေးပါရစေ ကျွန်တော်တို့ရဲ့အလုပ်ကိစ္စကို ဘယ်သူနဲ့ပြောလို့ရနိုင်မလဲ”
“သွင့်ချင့်” ဘုံကမ္ဘာ ဧကရာဇ်က သွင့်ချင့်ကိုကြည့်လိုက်လျှင် သွင့်ချင့်က ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်သည်။
“ကျုပ်တို့ကို အသေးစိတ်ပြောြပပါ” ထိုသူက သွင့်ချင့်ကိုပြောလိုက်သည်။ သွင့်ချင့်က ခေါင်းညိတ်လိုက်ပြီး မကြာသေးမီက ဖြစ်ပျက်သွားခဲ့သည့်အရာများကို အသေးစိတ်ပြောြပလိုက်သည်။ သူတို့သည် သွင့်ချင့် ပြောသည်ကို တည်ငြိမ်အေးဆေးစွာ နားထောင်နေကြပြီး သူတို့မည်ကဲ့သို့ခံစားနေရသည်ကို ခန့်မှန်းရ ခက်ပေသည်။
“ဦးလေးဆီကို ဧည့်သည်တွေမရောက်တာ ကြာနေပြီပဲ။ ဦးလေးဆီမရောက်တာလဲ အတော်ကြာနေပြီဆိုတော့ သွားလည်ကြရအောင်” ထိုသူသည် ထိုသို့ပြောလိုက်ပြီး မဟာကောင်းကင်မြစ်အကြီးအကဲလေ့ကျင့်ရာ တောင်ဘက်သို့ဦးတည်ကာ လှည့်ထွက်သွားသည်။
“ဦးလေး”
ဘုံကမ္ဘာနန်းတော်မှလူများသည် ထိုစကားကို ကြားရသောအခါ သူတို့စိတ်ထဲမှာတုန်လှုပ်ချောက်ချားသွားကြပြီး မဟာကောင်းကင်မြစ်အကြီးအကဲသည် အမှန်တကယ်ပင် အစွမ်းထက်သူဖြစ်သည်ဟု တွေးမိလိုက်ကြသည်။ သူသည် နတ်ဘုရားကလန်မှ အသိအမှတ်ပြုခြင်းကို ခံခဲ့ရသူဖြစ်သည်။ အကယ်၍ သူသည် မှားယွင်းသောလမ်းစဉ်ကိုသာ မလျှောက်လှမ်းခဲ့လျှင် အဓိပတိဘုံ၏ ထိပ်ဆုံးတွင်ရပ်တည်နိုင်ပေလိမ့်မည်။
နတ်ဘုရားဂိုဏ်းမှ ထိုအထင်ကရပုဂ္ဂိုလ်များသည်ပင် သူ့ကိုမြင်သောအခါ ဦးလေးဟုခေါ်နေရဆဲဖြစ်သည်။ သို့သော် ဘုံကမ္ဘာနန်းတော်မှလူများသည် အထက်ဘုံမှလူများကိုမြင်သောအခါ ကြောက်ရွံ့တုန်လှုပ်နေရပေသည်။
“မင်းလိုက်သွားကြည့်လိုက်” ထျန်းဟယ်ဘုံဧကရာဇ်က သွင့်ချင့်ကိုပြောလိုက်သည်။ သွင့်ချင့်ခေါင်းညိတ်လိုက်ပြီး သူတို့နောက်မှ လိုက်ပါသွားသည်။
သူတို့တောင်ပေါ်မရောက်ခင်အချိန်မှာပင် မဟာကောင်းကင်မြစ် အကြီးအကဲက သူတို့ရောက်လာကြောင်း သိရှိပြီးဖြစ်လေသည်။ ထိုအချိန်တွင် အကြီးအကဲနှင့်ရီဖူရှင်းသည် တောင်၏ရှေ့ဘက်တွင်ရပ်နေပြီး သူတို့၏ နောက်ဘက်တွင် ရွှီဖျန်အန်းက တိတ်ဆိတ်စွာဖြင့်ရပ်နေကာ အဝေးတစ်နေရာသို့ ငေးကြည့်နေကြသည်။
“ သူတို့ ရောက်လာကြပြီ” မဟာကောင်းကင်မြစ်အကြီးအကဲက လေသံတိုးတိုးဖြင့်ပြောလိုက်သည်။ ရီဖူရှင်းက မမေးပေ။ ရောက်လာသူတို့ကို မြင်လျှင် မည်သူတွေလဲဆိုသည်အား သူသိလာပေမည်။ မကြာမီတွင် တောက်ပသော အလင်းတန်းတစ်ခုသည် လေဟာနယ်ကို ဖြတ်သန်းကျဆင်းလာပြီး လူတစ်စုသည် တောင်၏ အရှေ့ဘက် လေထဲတွင်ရပ်လျက်ထွက်ပေါ်လာသည်။ သူတို့၏နောက်တွင် သွင့်ချင့်လည်း ပါလာသည်။ ဤအရာကို မြင်လိုက်သောအခါ မည်သူတို့ရောက်လာကြောင်း ရီဖူရှင်းသိလိုက်သည်။
အထက်ဘုံမှလူများ ရောက်လာကြလေပြီ။
***