ရီဖူရှင်းသည် ဘုံကမ္ဘာနန်းတော်မှထွက်ခွာပြီးနောက် တောင်ပေါ်သို့ပြန်သွားသည်။ မဟာကောင်းကင်မြစ် အကြီးအကဲ သည် ဆက်လက်ကျင့်ကြံနေဆဲဖြစ်သောကြောင့် အများကြီး မမေးတော့ပေ။ သို့သော် ဆရာ့ထံတွင် ထိုကိစ္စနှင့် ပတ်သက်ပြီး စိတ်ကူးအချို့ရှိပုံပေါ်သည်။ အကယ်၍ ဆရာက ထိုကိစ္စအား စတင်ပြောဆိုလိုခြင်း မရှိလျှင် သူသည်လည်း မေးမြန်းမည် မဟုတ်ပေ။
သူသည် ဂူဆီသို့ပြန်သွားလိုက်ပြီး ပညာရှိကျမ်း ကိုလေ့လာကျင့်ကြံလိုက်သည်။ နောက်တစ်နေ့တွင် အလွန်လှပကာ ငယ်ရွယ်သည့် မိန်းမပျိုလေးတစ်ဦးသည် တောင်တက်လမ်းအတိုင်း တောင်ပေါ်သို့တက်လာနေသည်။ သူမသည် သူမ၏ရှေ့မှတောင်ကိုကြည့်ကာ နှလုံးသားထဲတွင်များစွာသော ခံစားချက်များဖြင့် ပြည့်နှက်လာသည်။ ထိုမိန်းမပျိုသည် ရွှီဖျန်အန်းဖြစ်သည်။
မနေ့က ဘိုးဘိုးဆရာဦးလေး ရောက်လာပြီး မကြာခင်ပြန်ထွက်သွားခဲ့သော်လည်း ထိုအဖြစ်အပျက်များသည် သူမအား နက်နက်ရှိုင်းရှိုင်း စွဲထင်စေခဲ့သည်။ သူက သူမကို တောင်ဆီသို့ လာရန်ပြောခဲ့သဖြင့် ယခုလို ရောက်လာခြင်းဖြစ်သည်။
သူမတောင်ပေါ်သို့ရောက်လာချိန်တွင် ဖရိုဖရဲနှင့်ကြမ်းတမ်းသော ဆံပင်များရှိသည့် အဘိုးအိုတစ်ဦးသည် သူမအားရပ်စောင့်နေလေသည်။ သူ၏ပုံရိပ်သည် များစွာသော လောကဓံများအား ဖြတ်သန်းလာခဲ့ရပုံပေါ်လွင်သည်။ သို့သော် ရွှီဖျန်အန်းသည် သူမရှေ့တွင်ရပ်နေသောသူသည် သူမမှတ်ဉာဏ်တွင် စွဲထင်နေခဲ့သည့် သူမတစ်ကြိမ်မျှ မတွေ့ဖူးခဲ့သော ဒဏ္ဍာရီလာပုဂ္ဂိုလ်ဖြစ်ကြောင်းကိုသိသည်။
ရွှီဖျန်အန်းသည် အဘိုးအိုကိုကြည့်ပြီး မြေပေါ်မှာဒူးထောက်လိုက်ကာ လေးစားစွာဖြင့် ဂါဝရပြုလိုက်သည်။
“တပည့် ရွှီဖျန်အန်းက ဆရာဘိုးဘိုးကို ဂါဝရပြုပါတယ်”
“ထပါ”
အဘိုးအိုသည် သူမလက်မောင်းကို လက်နှစ်ဖက်ဖြင့်ဆွဲထူလိုက်ပြီး ထရပ်စေလိုက်သည်။ ရွှီဖျန်အန်းသည် အဘိုးအို၏နူးညံ့ကြင်နာသော မျက်ဝန်းများ ကို တွေ့လိုက်ရသောအခါ သူမ၏ရင်ထဲတွင် ခံစားချက်များပြည့်နှက်လာသည်။
သူမ၏ဘဝတစ်လျှောက်တွင် သူမ၏မိဘများသည် သူ၏နာမည်ကို အကြိမ်ပေါင်းများစွာ မရေမတွက်နိုင်အောင် ပြောပြခဲ့ကြသည်။ သူတို့အားလုံးသည် ထျန်းဟယ်မြို့တွင်ရှိကြသော်လည်း ဤသည်မှာ ဆရာဘိုးဘိုးနှင့် ပထမဆုံး အကြိမ် တွေ့ဆုံခြင်းဖြစ်သည်။ သူမအဘိုးသည် ထျန်းဟယ်ဘုံ၏ ပထမဓါးဘုရင်ဖြစ်ပြီး သူမအဘိုး၏ဆရာသည် ထျန်းဟယ်ဘုံ၏နံပါတ်တစ်ကျင့်ကြံသူ မဟာကောင်းကင်မြစ်အကြီးအကဲဖြစ်သည်။
သူမသည် အချိန်များနောက်ပြန်ဆုတ်ကာ အတိတ်ကာလမှ ထိုထူးချွန်သောပုဂုဂ္ဂိုလ်တို့၏အတွေ့အကြုံများကို ကိုယ်တိုင်မြင်တွေ့လိုမိသည်။ တကယ်တမ်းတွင် မဟာကောင်းကင်မြစ်အကြီးအကဲသည် ရွှီဖျန်အန်းကို သိသည် ဆိုသော်လည်း ကိုယ်တိုင်ကိုယ်ကျ တွေ့ဖူးခြင်းတော့ မဟုတ်ဘဲ သူ၏အကြီးဆုံးတပည့် ရွှီဟောက်ရန်၏ သမီးဖြစ်သူမှ မွေးဖွားလာသည့်မျိုးဆက်အဖြစ်သာ သိခြင်းဖြစ်လေသည်။
သူ့ဖခင်၏ ဖြောင့်မတ်သောဓားဘုရင်ဟူသော အမည်အတိုင်း တည်ကြည်ဖြောင့်မတ်မှုများ ပြည့်နှက်စေလိုသော အားဖြင့် ရွှီဟောက်ရန်ဟူသော အမည်အား သူပေးခဲ့ခြင်းဖြစ်သည်။ တစ်ချိန်က သူသည် ထိုသူငယ်လေးပေါ်တွင် မျှော်လင့်ချက်များထားရှိခဲ့သည်။ သို့သော်ထိုအချိန်က ပါရမီရှင်လူငယ်လေးသည် ယခုအခါ ဆံပင်များက မီးခိုးရောင်သမ်းလာပြီး အသက်ရကာ အားနည်းလာချေပြီ။ ထိုအကြောင်းကို စဉ်းစားမိသောအခါတိုင်း သူ့အား မည်မျှဝမ်းနည်းစေမည်နည်း။
“မင်းရဲ့ မိသားစုကိုဂရုမစိုက်မိခဲ့တဲ့အတွက် တောင်းပန်ပါတယ်။”
မဟာကောင်းကင်မြစ်အကြီးအကဲက အပြစ်ရှိသည့်လေသံဖြင့် ပြောလိုက်ပြီး သက်ပြင်းချလိုက်သည်။
ရွှီဖျန်အန်းသည် သူမ၏ဦးခေါင်းကို ညွှတ်ကာ အရိုအသေပေးလိုက်သည်။ သူမ၏အနေအထားသည် အကြီးအကဲများအကြားရှိသော ကိစ္စများနှင့် ပတ်သက်၍ မှတ်ချက်ပေးနိုင်သည့်နေရာတွင်မရှိပေ။ ထိုအရာများအားလုံးသည် သူမအဘိုး၏ကိုယ်ပိုင်ရွေးချယ်မှုဖြစ်ပြီး သူမ၏ မိဘများကလည်း မည်သည့်အခါမျှ ညည်းညူခြင်းမရှိခဲ့ကြပေ။ သူမ၏ဖခင်သည် ပတ္တမြားမှန်လျှင် နွံထဲနှစ်မြုတ်နေလျှင်ပင် တောက်ပနေဆဲဖြစ်သည်ဟု အမြဲပြောလေ့ရှိသည်။
“ ငါလည်း မင်းကိုစောင့်နေခဲ့တာ” မဟာကောင်းကင်မြစ် အကြီးအကဲကပြောလိုက်သည်။
“သမီးလည်း ဆရာဘိုးဘိုးနဲ့အမြဲတမ်း တွေ့ချင်ခဲ့ပေမယ့် အဖေက ဆရာဘိုးဘိုးရဲ့ကျင့်ကြံမှုကို အနှောက်အယှက် ဖြစ်မယ်ဆိုပြီး မလာခိုင်းခဲ့ဘူး” ရွှီဖျန်အန်းကပြောလိုက်သည်။
“မင်းအဖေက ငါဝင်ပါမှာကို စိုးရိမ်နေခဲ့တာ” မဟာ ကောင်းကင်မြစ်အကြီးအကဲက အပြုံးဖြင့်ပြောလိုက်သည်။ သူသည် ထိုအခက်အခဲမှ လွတ်မြောက်ခဲ့သော်လည်း နတ်ဘုရားဂိုဏ်း၏ အမြင်တွင် အပြစ်သားတစ်ဦးဖြစ်နေဆဲဖြစ်ကြောင်း လူတိုင်းထက်ပို၍သိခဲ့သည်။ ဤတောင်သည် သူ့အတွက်အကျဉ်းထောင်ဖြစ်ပြီး သူသည် လူမသိသူမသိ အကျဉ်းသားတစ်ဦးဖြစ်ခဲ့သည်။ ရွှီဖျန်အန်းသည်လည်း ထိုအရာကိုနားလည်ပေသည်။ သူမသည် အရာတော်တော်များများကို သိခဲ့ပေသည်။
“ဆရာဘိုးဘိုး ဆရာဦးလေးပြန်လာပါပြီ ပြီးတော့ ဆရာဘိုးဘိုးဆီကို အမှာပါးခိုင်းလိုက်ပါတယ်” ရွှီဖျန်အန်းက ပြောလိုက်သည်။
ကောင်းကင်မြစ်အကြီးအကဲ၏လက်မောင်း အနည်းငယ် တုန်ခါသွားသည်။ သူ့ထံတွင် တပည့်များစွာရှိသော်လည်း ရွှီဖျန်အန်းထိုသို့ပြောလိုက်သည်နှင့် အဓိပ္ပာယ်ကို ချက်ချင်းသိသည်။ နောက်ဆုံးတွင် သူပြန်လာပေပြီ။ မကြာသေးခင်က အရှင်ထိုက်ရွှမ်ကလည်း သူ့တပည့်ကို ဤနေရာသို့ပို့ခဲ့သည်။
“ဆရာဦးလေးက ဆရာဘိုးဘိုးကိုလာမတွေ့နိုင်တဲ့အတွက် စိတ်မကောင်းကြောင်း သိစေချင်နေပါတယ်” ရွှီဖျန်အန်းက ပြောလိုက်သည်။
“ဒါက တကယ့်ကို စိတ်မကောင်းစရာပဲ” မဟာကောင်းကင်အကြီးအကဲသည် အဝေးသို့ငေးကြည့်ကာ ပြောလိုက် သည်။
“ဆရာဦးလေးက ဆရာဘိုးဘိုးရဲ့ကိုယ်စား တပည့်တွေလက်ခံခဲ့ပြီး တပည့်တွေထဲက တစ်ယောက်ကို ဆရာဘိုးဘိုးနဲ့လည်း တွေ့ပြီးပြီဖြစ်လို့ အဲဒီတပည့်ကို ဂရုစိုက်ပေးပါလို့တောင်းဆိုပါတယ်လို့လည်း ပြောခဲ့ပါ သေးတယ်။”
မဟာကောင်းကင်မြစ်အကြီးအကဲက မည်သို့မျှ ပြန်မပြောပေ။ ကြည့်ရသည်မှာ သူသည် ဤနေရာတွင် ဖြစ်နေသည့် အဖြစ်အပျက်များအားလုံးကို သိပြီးပုံပေါ်လေသည်။ မဟာကောင်းကင်မြစ်အကြီးအကဲမှ ဆက်ခံသူ ရွေးချယ်ခဲ့သည့်သတင်းသည် ထျန်းဟယ်မြို့တစ်မြို့လုံး ပြန့်နှံ့နေသည်ဖြစ်ရာ ထျန်းဟယ်မြို့သို့ရောက်ရှိလာသော ချင်ရွှမ်ကန်းသည် ထိုအကြောင်းအရာအား ကြားသိပြီးဖြစ်လောက်ပေသည်။
“နောက်ထပ်ပြောစရာ ရှိသေးလား” မဟာကောင်းကင်မြစ်အကြီးအကဲက မေးလိုက်သည်။
“ဆရာဦးလေးက ထပ်ပြီးပြောသေးတယ် အဲဒါက သမီးကိုမြင်တဲ့အခါ ဆရာဘိုးဘိုးက သူ့ရဲ့စိတ်ကူးကို နားလည်နိုင်ပါလိမ့်မယ်တဲ့” ရွှီဖျန်အန်းသည် အတန်ကြာအောင် တိတ်ဆိတ်သွားပြီးပြောလိုက်သည်။
မဟာ ကောင်းကင်မြစ် အကြီးအကဲသည် ရွှီဖျန်အန်းကိုကြည့်လိုက်ပြီး အမှန်တကယ်ပင်နားလည်ခဲ့သည်။ သူ၏ ထိုတပည့်သည် အမှန်ပင်မနာခံတတ်သူဖြစ်ပြီး သူ့အတွက် အရာရာကိုစီစဉ်ခဲ့သည်။ သို့သော် သူ၏ ညွှန်ကြားချက်မရှိဘဲနှင့် ထိုအရာများစွာကို ပြုလုပ်ခဲ့သည်လော။
“ဪ ဒါနဲ့ အခုကနေစပြီး မင်းက ဒီတောင်တန်းမှာပဲ ကျင့်ကြံရလိမ့်မယ်ဆိုတော့ မင်းမိဘတွေကိုလည်း ဒီကို ခေါ်လာခဲ့လိုက်ပါ” မဟာကောင်းကင်မြစ်အကြီးအကဲက ပြောလိုက်သည်။
ရွှီဖျန်အန်းသည် အံ့အားသင့်သွားပြီး သူမ၏ဆရာဘိုးဘိုးကို မော့ကြည့်ကာ သူမယခင်က ပြောဆိုခဲ့သည့် စကားများကိုအမှတ်ရသွားသည်။ သူမကို တွေ့သည်နှင့် ဆရာဘိုးဘိုးက မည်သည့်အရာကို နားလည်မည်နည်းဟု သူမစိတ်ထဲတွင် ရှုပ်ထွေးနေခဲ့ပြီး ယခုအချိန်တွင်မူ သဘောပေါက်သွားချေပြီ။ ဆရာဦးလေးက ဆရာဘိုးဘိုးအား တောင်းဆိုခဲ့သည့် တတိယအချက်မှာ သူမအား ဂရုစိုက်ရန်ပင်ဖြစ်သည်။
ရွှီဖျန်အန်းသည် ထိုအကြောင်းကို တွေးမိသွားသောအခါတွင် အနည်းငယ် ခါးသက်မှုကို ခံစားလိုက်ရသော်လည်း စိတ်ထဲနွေးထွေးသွားသည်။ သူမ၏ဘဝသည်စိတ်ဆင်းရဲစရာကောင်းပြီး ထိုသို့သော ခံစားချက်ကို သူမ၏မိဘများ ထံမှလွဲ၍ မည်သူ့ဆီကမျှ ရဖူးခြင်းမရှိပေ။ အခုအချိန်တွင်မူ ဆရာဦးလေးကြီးနှင့် ဆရာဘိုးဘိုးတို့ နှစ်ဦးစလုံးသည် သူမကိုဂရုစိုက်ကြသည်။
“သမီး အဖေ့ဆီပြန်သွားပြီး ဒီအကြောင်းကို ပြောလိုက်ပါ့မယ်” ရွှီဖျန်အန်းက ဦးညွှတ်အရိုအသေပြုကာ ပြောလိုက်သည်။
“မင်းရဲ့စိတ်ထဲမှာ မင်းရဲ့မိဘတွေလို့ ဆက်ပြီးသတ်မှတ်ထားတယ်ဆိုရင် မင်းအဖေစကားကို နားထောင်ပါ” မဟာကောင်းကင်မြစ်အကြီးအကဲက ပြောလိုက်သည်။
ရွှီဖျန်အန်းသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ပြတ်သားစွာ ခေါင်းညိတ်လိုက်သည်။ သူမ၏ စိတ်ထဲတွင် ရှင်းလင်းစွာ အဓိဌာန်ချထားပြီး ဖြစ်သည်။
“ဆရာဦးလေးကြီးက ဆရာဦးလေးကို ပြောခိုင်းလိုက်တာရှိသေးတယ်” ရွှီဖျန်အန်းက ထပ်ပြီးမေးလိုက်သည်။
မဟာ ကောင်းကင်မြစ်အကြီးအကဲက ခေါင်းညိတ်လိုက်သည်။
ထို့နောက် ကျင့်ကြံနေသော ရီဖူရှင်းသည် သူ၏ အသံကိုကြားသဖြင့် ရောက်လာပြီး ရွှီဖျန်အန်းကိုတွေ့သွားသည်။ ရီဖူရှင်းသည် ရွှီဖျန်အန်းအား မည်သူမှန်း မသိသဖြင့် ဝေခွဲမရနိုင်သည့်ဟန်ဖြင့် ကြည့်နေသည်။
“ဒါက ဖျန်အန်းပဲ။ မင်းရဲ့ ဆရာဦးလေး၊ ငါ့ရဲ့အကြီးဆုံးတပည့်ရဲ့ မြေးမလေးပဲ။ သူက ထျန်းဟယ်ဘုံရဲ့ ပထမ ဓါးဘုရင်ဖြစ်ပြီး တိုက်ပွဲမှာ သေဆုံးသွားခဲ့တယ်။ ဖျန်အန်းရဲ့မိဘတွေရဲ့ ကျင့်ကြံခြင်းတွေလည်း ပျက်စီးသွားပြီး ဖျန်အန်းကပဲ သူတို့ကို စောင့်ရှောက်ခဲ့ရတယ်” မဟာကောင်းကင်မြစ်အကြီးအကဲက ပြောလိုက်သည်။
ဤတိုတောင်းသော မိတ်ဆက်စကားသည် ရီဖူရှင်း၏စိတ်ထဲ ပြင်းထန်စွာ ခံစားသွားရစေပြီး ထိုခဏအတွင်းတွင် ပြန်ပြောရန်စကားလုံး ကင်းမဲ့သွားသည်။ မဟာကောင်းကင်မြစ်အကြီးအကဲသည် စိတ်လှုပ်ရှားဖွယ်ကောင်းသော ကြေကွဲဖွယ်အဖြစ်အပျက်ကို စကားလုံးအနည်းငယ်ဖြင့် ပြောကြားခဲ့သည်။ ထိုတိုက်ပွဲ၏ အချို့သောကိစ္စများသည် သူ၏ဆရာနှင့် ပတ်သက်နေပေသည်။
“မင်းရဲ့ဆရာလည်း ဖျန်အန်းရဲ့မိဘတွေဆီမှာ ရောက်နေခဲ့တယ် ပြီးတော့ ဖျန်အန်းကိုလွှတ်ပြီး မင်းဆီ သတင်းပို့ခိုင်းခဲ့တယ်” မဟာကောင်းကင်မြစ်အကြီးအကဲက ဆက်ပြီးပြောလိုက်ရာ ရီဖူရှင်း၏ စိတ်နှလုံးထဲသို့ ထပ်မံပူပန်စိတ်များ ဝင်ရောက်လာသည်။ ဆရာ အဆင်မှ ပြေရဲ့လား။
ရီဖူရှင်းသည် “ဆရာဦးလေး” ဟုခေါ်ကာ သူ့အားဦးညွှတ်ဂါဝရပြုနေသည့် ရွှီဖျန်အန်းကိုကြည့်လိုက်သည်။ ဝါစဉ်များအရ ရွှီဖျန်အန်းက သူ့အား ဆရာဦးလေးဟုခေါ်ရပေမည်။
“အင်း” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ ဆရာသည် သူတို့ထံသွားရောက်ခြင်းမှာ အလွန်သံယောဇဉ်ကြီးခြင်းကြောင့် ဖြစ်ပေမည်။ မဟုတ်ပါက ထိုမျှ စွန့်စားမည် မဟုတ်ပေ။ ထိုစဉ်က ဆရာ၏ဂိုဏ်းတူအစ်ကိုဖြစ်သော ထျန်းဟယ်ဘုံ၏ ပထမဓါးဘုရင်သည် ဆရာနှင့် ပတ်သက်သောကိစ္စကြောင့် သူ၏အသက်ကိုဆုံးရှုံးခဲ့ရသည်ဖြစ်ရာ ဆရာသည် အပြစ်ရှိသည်ဟု ခံစားရ ပေမည်။
“ဆရာဦးလေးကြီးက ဆရာဦးလေးကို ပြောခိုင်းလိုက်တာကတော့ ခုချိန်မှာ သူနဲ့တွေ့ကြရင် ဘာမှပတ်သက်မှုမှ မရှိတော့ဘူးတဲ့။ ကျင့်ကြံခြင်းမှာ အာရုံစိုက်ပါ။ သူပြောခဲ့တဲ့ ဘယ်သူနဲ့ဘယ်နေရာမှာ ဘယ်သူနဲ့တွေ့ပါစေဆိုတဲ့ စကားကို မမေ့ပါနဲ့တဲ့” ရွှီဖျန်အန်းကပြောလိုက်သည်။
ရုတ်တရက် ရီဖူရှင်း၏ အမူအရာများ ပြောင်းလဲ သွားသည်။ ထိုစကားများသည် မကောင်းသောနိမိတ်ဆိုးများ ထင်ဟပ်နေသည်။ ထိုစကားများသည် သူ၏နောက်ဆုံးဆန္ဒနှင့် သဘောထားကိုပြောပြနေသကဲ့သို့ဖြစ်သည်။
“သူဘာပြောခဲ့တာလဲ” ရီဖူရှင်း၏ အမူအရာကို သတိပြုမိသွားသော မဟာကောင်းကင်မြစ်အကြီးအကဲက မေးလိုက်သည်။
“ကောင်းကင်က အမြဲတမ်း စွမ်းအားကြီးစွာ ရွေ့လျားနေသလိုပဲ ဖြောင့်မတ်သူဟာ အမြဲတမ်း ကိုယ့်ကိုယ်ကို စွမ်းအားတွေတိုးတက်နေစေရမယ်။” ရီဖူရှင်းသည် ဆရာဘိုးဘိုးကိုကြည့်လိုက်သည်။ သူသည် အနည်းငယ် မျက်နှာပျက်နေခဲ့သည်။
“ပြီးတော့ရော” ကောင်းကင်မြစ်အကြီးအကဲက မေးလိုက်သည်။
“ဖြောင့်မတ်သူဆိုတာ မတည်မြဲတဲ့နံရံပေါ်မှာ မရပ်တည်ဘူး” ရီဖူရှင်းက ထပ်ပြောလိုက်သည်။ “ဆရာက သူနဲ့ဆက်ဆံရေးကို လုံးဝဖြတ်တောက်ပစ်ဖို့ပြောခဲ့တယ်။ ဘယ်အချိန် ဘယ်နေရာမှာ ဘယ်သူနဲ့တွေ့တွေ့ ကျွန်တော် သူ့ကို သိတယ်ဆိုတာကိုငြင်းရမယ်တဲ့ ”
ရီဖူရှင်း၏စကားကိုကြားသောအခါ ကောင်းကင်မြစ်အကြီးအကဲ အသံတိတ်သွားသည်။ ထိုအရာ၏ဆိုလိုချက်ကို သူသဘောပေါက်ပေသည်။ ရီဖူရှင်းပြောသဖြင့် ဖိန်းရွှမ်သည် ကျင့်ကြံခြင်းတွင် နှစ်မြုတ်နေကြောင်း သိပြီးဖြစ်ရာ သူ့အတွက် စိုးရိမ်ပူပန်စရာမလိုပေ။ နောက်ဆုံးတွင် သူပြန်လာလေပြီ။
“ဆရာဘိုးဘိုး အရင်ကဘာတွေဖြစ်ခဲ့တာလဲ။ ဆရာက ဘာလုပ်ဖို့ကြံနေတာလဲ” ရီဖူရှင်းကမေးလိုက်သည်။
“အချို့အရာတွေက ဖြေရှင်းဖို့ခက်ပေမယ့် အနှေးနှင့်အမြန်တွေ့ကြုံရမဲ့အရာတွေပဲ” ကောင်းကင်မြစ်အကြီးအကဲ သည် မှုန်မှိုင်းသောမျက်လုံးများဖြင့် ရီဖူရှင်းကိုကြည့်ကာ ပြောလိုက်သည်။ “ဒါကြောင့် မင့်ဆရာရဲ့ ရွေးချယ်မှုကို လေးစားရမယ်။”
ရီဖူရှင်း၏မျက်နှာ ဖြူဖျော့သွားသည်။
“မင်းက ဖျန်အန်းနဲ့လိုက်သွားပြီး သူ့မိဘတွေကို ဒီကို ခေါ်လာခဲ့လိုက်”
“ကောင်းပါပြီ”
ရီဖူရှင်းက ခေါင်းညိတ်လိုက်ပြီး ရွှီဖျန်အန်းကို ကြည့်ကာပြောလိုက်သည်။
“သွားကြမယ်”
“ဟုတ်ကဲ့”
ရွှီဖျန်အန်း ခေါင်းညိတ်လိုက်သည်။ ရွှီဟောက်ရန်နှင့်သူ၏ဇနီးကို ခေါ်ဆောင်ရန် ရီဖူရှင်းနှင့်အတူ လိုက်သွားလိုက်သည်။
အိမ်ဟောင်းလေးသို့ ရီဖူရှင်းနှင့် ရွှီဖျန်အန်းတို့ရောက်လာကြသည်။
“ဖေဖေ…မေမေ…”
ရွှီဖျန်အန်းက အော်ခေါ်လိုက်သော်လည်း မည်သူမျှပြန်မထူးကြပေ။ ရီဖူရှင်းသည် တစ်ခုခုမှားယွင်းနေသလိုခံစားလိုက်ရပြီး အိမ်ဆီသို့ ဦီးတည်ကာ လျင်မြန်စွာပျံသန်းသွားလိုက်သည်။ ရွှီဖျန်အန်းလည်း ထိုသို့ ခံစားမိဟန်တူသည်။ သူမ၏မျက်နှာများပျက်ယွင်းသွားပြီး တံခါးပေါက်အားဖွင့်လိုက်သည်။ ရီဖူရှင်းနှင့် ရွှီဖျန်အန်းတို့၏ ခြေလှမ်းများ ရုတ်တရက်ရပ်တံ့သွားပြီး ရှေ့သို့ဆက်မလှမ်းနိုင်ကြတော့ပေ။
ရွှီဖျန်အန်းသည် တစ်ကိုယ်လုံးတုန်ရီလာကာ ခြေထောက်များ မခိုင်တော့ပေ။ ထိုနေရာတွင် တိတ်ဆိတ် ိငြိမ်သက်စွာ လဲလျောင်းနေသောသူနှစ်ယောက်ကို ကြည့်ရင်း မျက်ရည်များ အဆက်မပြတ်ကျဆင်းလာသည်။ အတန်ကြာသည်အထိ ကြည့်နေမိပြီးနောက် အဘိုးအိုနံဘေးသို့ လျှောက်သွားကာ ဒူးထောက်ထိုင်ချပြီး ပြောလိုက်သည်။
“အဖေနဲ့အမေ…ဒါပေမယ့်…ဘာကြောင့်လဲ” ချက်ချင်းပင် မျက်ရည်မိုးများ ကျဆင်းလာသည်။
ရီဖူရှင်းသည် ထိုအဘိုးအဘွားစုံတွဲနားသို့ တိတ်တဆိတ်လျှောက်သွားကာ ကြည့်လိုက်သည်။ သူတို့နှစ်ဦးသည် အသက်ကြီးသူများဖြစ်သော်လည်း သူ၏ ဂိုဏ်းတူအစ်ကိုနှင့်အစ်မဖြစ်ကြသည်။ ရုတ်တရက် သူ၏စိတ်ထဲတွင် နာကျင်စွာခံစားလိုက်ရသည်။ သူ၏ဆရာသည် ထိုတစ်လျောက်လုံးတွင် သူ၏စိတ်ထဲတွင် မည်သို့သော ခံစားချက်များဖြင့် နေထိုင်ခဲ့သနည်း။
ရွှီဖျန်အန်းသည် သူမ၏မိဘများပေါ်တွင် လဲချကာ ငိုကြွေးနေချိန်တွင် ရီဖူရှင်းသည် သူတို့ဘေးတွင်စာတစ်စောင်ကို တွေ့လိုက်ရသဖြင့် ထိုင်ချလိုက်သည်။ ယခုအချိန်တွင် ရွှီဖျန်အန်းသည် မည်သည့်အစွမ်းမှမရှိသော သာမန်မိန်းကလေးတစ်ဦးကဲ့သို့ပင် အလွန်တရာ ဝမ်းနည်းကြေကွဲ နေခဲ့သည်။
“သူတို့ငြိမ်းချမ်းစွာထွက်ခွာသွားကြပြီပဲ။ မင်းကိုလည်း စာတစ်စောင်ချန်ထားခဲ့တယ်။” ရီဖူရှင်းက လေသံ တိုးတိုးဖြင့် ပြောလိုက်သည်။ သူတို့သည် ခံစားချက်မထားတော့ဘဲ ငြိမ်းချမ်းစွာထွက်ခွာသွားခဲ့ကြသည်။ ရွှီဖျန်အန်းသည် ဝမ်းနည်းစာဖြင့်စာကို ကောက်ကိုင်လိုက်ပြီး မျက်ရည်များကျဆင်းလာသည်။
“ဖျန်အန်း ဝမ်းနည်းမနေပါနဲ့တော့။ အဖေတို့က သမီးနဲ့အတူ နေချင်သေးပြီး သမီးနဲ့ခွဲဖို့ တွန့်ဆုတ်နေကြလို့သာမဟုတ်ခဲ့ရင် အရင်ကတည်းက ထွက်သွားနှင့်ကြပြီးပါပြီ။ သမီးတောင်ပေါ်ကိုရောက်တဲ့အခါကျရင် သမီးရဲ့ ဆရာဦးလေးကြီး ပြောခဲ့တဲ့စကားရဲ့ အဓိပ္ပာယ်ကိုသင်နားလည်လာလိမ့်မယ်။ အဖေတို့ အတ္တကြီးခဲ့တယ်ဆိုတာသိပါတယ်။ ဒါပေမယ့်အဖေတို့က သမီးကို မကာကွယ်ပေးနိုင်ခဲ့ဘူး။ သမီးရဲ့ဆရာဘိုးဘိုးနဲ့နေတာက အနည်းဆုံးတော့ သမီးကို အန္တရာယ်ကနေ ကာကွယ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”
ထိုစာထဲတွင် အခြားအရာများပါဝင်သေးသော်လည်း အရာအားလုံးသည် ပူဆွေးဝမ်းနည်းဖွယ်များဖြင့် ပြည့်နှက် နေသည်။ ရွှီဖျန်အန်းသည် စာကိုဖတ်နေရင်း မျက်ရည်မဆည်နိုင်ဖြစ်နေလေသည်။ သူမသည် သူမ၏ကံကြမ္မာအား မည်သည့်အခါမျှ မညည်းညူခဲ့ပေ။
“ဖျန်အန်း အဖေနဲ့အမေတို့ရဲ့စကားကို ဘယ်တော့မှမမေ့ပါနဲ့။ ပတ္တမြားမှန်ရင် နွံမနှစ်ပါဘူး။ အနာဂတ်ကို ငါတို့ မသိမြင်ကြပေမယ့် ငါတို့ရဲ့ တစ်ခုတည်းသော ဆန္ဒက မင်းကိုအမြဲတမ်း လုံခြုံမှုရှိစေချင်တာပါ။” ထိုစာသည် လက်ရေးများမှုန်ဝါးသွားသည်အထိ မျက်ရည်များဖြင့်စိုနှစ်သွားသည်။
ရီဖူရှင်း၏ နှလုံးသားထဲတွင် နာကြည်းမှုများ ခံစားလိုက်ရသည်။ ဆရာသည် ဖိန်းရွှမ်၏ မျက်နှာကိုထောက်ထားကာ အဝေးသို့ထွက်သွားခဲ့သည်။ ဖိန်းရွှမ်၏ကိစ္စများဖြေရှင်းပြီးမှသာ ဆရာသည် သူ့နောက်သို့လိုက်လာခြင်းဖြစ်သည်။ ယခုအချိန်တွင် ဆရာမည်မျှ လေးလံသောခံစားချက်များ ရှိနေသည်ကို သူသိခဲ့ပြီဖြစ်သည်။ အထက်ဘုံသို့ ရောက်သည့်တိုင်အောင် ဖျန်အန်းမိဘများကဲ့သို့ပင် စဉ်ဆက်မပြတ်စိုးရိမ်ပူပန်သောစိတ်က ရှိနေခဲ့သည်သာ ဖြစ်သည်။
***