အခန်း (၁၄၅) ဝါဒတောင်သခင်လေးနှင့် မိုးကြိုးသခင်လေး
မူလခန္ဓာကိုယ်ပိုင်ရှင်များ၏ မှတ်ဉာဏ်များသာ မရှိလျှင် လင်ကျိုးနှင့် ရန်ကျောက်ကဲတို့ ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်ပေလိမ့်မည်။
သူ့မှတ်ဉာဏ်ထဲတွင် အစဉ်အမြဲတက်ကြွနေတတ်သည့် ‘လင်ကျိုး’ သည် ယခုတော့ အရင်ကထက် များစွာပိုမိုတည်ငြိမ်နေကြောင်း တွေ့လိုက်ရသည်။
သူ၏ တောက်ပသောမျက်ဝန်းများတွင် စိတ်ဓာတ်တက်ကြွမှုများ တွေ့မြင်နေရသည့်တိုင် ဘဝကံကြမ္မာအပြောင်းအလဲတစ်ခုကို ဖုံးကွယ်ထားခြင်းကြောင့် မှောင်မှိုင်းနေသည်ဟုလည်း ထင်မှတ်ရသည်။
လင်ကျိုးကလည်း ရန်ကျောက်ကဲကို အလားတူပင် အကဲခတ်နေသည်။ အပြင်ပန်းသွင်ပြင်အရ သူ့ရှေ့မှလူငယ်သည် ရန်ကျောက်ကဲပင် ဖြစ်သော်လည်း သူ့မှတ်ဉာဏ်ထဲမှပုံစံနှင့် လုံးဝမတူညီပေ။
သူ၏ရောင်ဝါက ထက်ရှပြင်းထန်နေပြီး စွမ်းရည်များလည်း အနည်းငယ်မြင့်မားနေပေသည်။
သို့သော် လွန်ခဲ့သောတစ်နှစ်ကျော်အတွင်း အဖြစ်အပျက်များကို ပြန်တွေးကြည့်သည့်အခါ လင်ကျိုးသည် သူ့ရှေ့မှရန်ကျောက်ကဲနှင့် မှတ်ဉာဏ်ထဲမှရန်ကျောက်ကဲကို ချိတ်ဆက်မရနိုင်ခဲ့ပေ။
ယခင်က မဖြစ်သင့်သောကိစ္စရပ်များစွာဖြစ်ပျက်ခဲ့ပြီး သူ၏ခန့်မှန်းချက်များသည်လည်း များစွာပြောင်းလဲသွားခဲ့ရသည်။
ထိုအဖြစ်အပျက်များက ကောင်းကင်နယ်မြေနှင့်တောင်တန်းနယ်မြေ၏အဝေးတွင် ဖြစ်ပွားခဲ့သော်လည်း အချက်အလက်များကို စုစည်းလိုက်သည့်အခါ သူ မဖမ်းဆုပ်မိသည့် အတွင်းသတင်းအချို့ ရှိနေကြောင်း လင်ကျိုး ရိပ်မိသည်။ သူက သူရရှိထားသည့် သတင်းအချက်အလက်များအပေါ်တွင်သာ စီစစ်ခဲ့ခြင်းဖြစ်ပြီး ယခု အဓိကပြဿနာရှိနေသည်မှာ ရန်ကျောက်ကဲ၏ပုံစံ ပြောင်းလဲသွားခြင်း ဖြစ်၏။
ရန်ကျောက်ကဲက လင်ကျိုးကိုတွေ့တော့ ပေါ့ပေါ့ပါးပါးပင် ပြုံးပြသည်။
“ကောင်းကင်မိုးကြိုးခန်းမက အစ်ကို’လင်’ ၊ မတွေ့တာကြပြီနော် ၊ ပထမတစ်ကြိမ်တွေ့တုန်းက မင်း ငါ့ကို လက်ဆောင်တောင် ပေးသေးတယ်မဟုတ်လား ၊ အဲဒီအတွက် ကျေးဇူးပါဗျာ”
လင်ကျိုးက ပိုက်ကွန်ထဲတွင် နစ်မြုပ်နေသည့် မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစကိုကြည့်လိုက်ပြီး ညင်သာစွာ ပြုံးသည်။
“ဒီလောက် ကြီးကျယ်မြင့်မြတ်တဲ့လက်ဆောင်ကို ပေးတဲ့အတွက် ငါက မင်းကို ကျေးဇူးတင်ရမှာပါကွာ…”
ရန်ကျောက်ကဲက…
“ဒီပစ္စည်းကို ဘယ်သူက မင်းကိုပေးမယ်ပြောလို့တုန်း”
သူက ဆက်ပြောသည်။
“တာ့ပေဘိုးဘိုးရဲ့ ဂူသင်္ချိုင်းထဲမှာ မင်းရဲ့စေတနာကြောင့် ဝိညာဉ်စွမ်းအားအစီအရင် ပြောင်းပြန်လှည့်ပတ်သွားတာလေ ၊ ရေခဲဂူတစ်ခုလုံးပြိုကျပြီး အရှင်လတ်လတ် မြေမြှုပ်ခံရဖို့ နည်းနည်းပဲလိုတယ်”
ရန်ကျောက်ကဲက လင်ကျိုးကို စိုက်ကြည့်ရင်း…
“ဒါပေမဲ့ ငါ အရမ်းသိချင်နေတာတစ်ခုရှိတယ် ၊ ဂူသင်္ချိုင်းကို တားဆီးကန့်သတ်ထားတဲ့ယန္တရားတွေကို မင်း ဘယ်လိုလုပ် ဒီလောက်မြန်မြန်ကျော်ဖြတ်ပြီး အထွတ်ထပ်မှော်ဝင်ပစ္စည်းအပိုင်းအစကို ရယူလိုက်တာလဲ ၊ ဝိညာဉ်စွမ်းအားအစီအရင် ဗဟိုချက်ကိုတောင် တွေ့အောင်ရှာလိုက်သေးတယ်”
လင်ကျိုးက မနှေးမမြန် လေသံဖြင့်…
“တာ့ပေဘိုးဘိုးက သိုင်းပညာတော်သလို အစီအရင်ပညာမှာလည်း ကျွမ်းကျင်တယ် ၊ ဒါပေမဲ့ သူသေသွားတာ နှစ်တွေအရမ်းကြာနေပြီလေ ၊ ဒီတော့ အချိန်ကြာလာတာနဲ့အမျှ အစီအရင်ကလည်း ယိုယွင်းလာတာပေါ့ ၊ ငါကလည်း အစီအရင်ပညာကျွမ်းကျင်တော့ အခက်အခဲ သိပ်မရှိပါဘူး”
လင်ကျိုးက ရန်ကျောက်ကဲကိုကြည့်ပြီး ပြုံးလိုက်သည်။
“ဘာလဲ… မင်းအတွက် ခက်နေလို့လား”
ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါးပင် လက်ခုပ်တစ်ချက်တီးလိုက်ရင်း…
“အံ့သြစရာပဲ ၊ နောက်ပိုင်း အချိန်အားမှ မင်းဆီမှာ အစီအရင်ပညာလေးဘာလေး လာသင်ဦးမယ်”
လင်ကျိုးက…
“ဟင့်အင်း… ငါတော့ မအားဘူး”
“ပြီးတော့ ဝိညာဉ်စွမ်းအားအစီအရင်ရဲ့ ဗဟိုချက်ကနေ ဂူသင်္ချိုင်းတစ်ခုလုံး ပြိုကျသွားအောင်လုပ်တာလည်း ငါမဟုတ်ဘူး ၊ အဲဒါ ငါနဲ့ဘာမှမဆိုင်ဘူး ၊ ကြည့်ရတာ တစ်ယောက်ယောက် အဲဒီနေရာကိုရောက်နေတာ ဖြစ်နိုင်တယ်”
ရန်ကျောက်ကဲ နှုတ်ခမ်းများမဲ့သွားသည်။
လင်ကျိုး အစီအရင်ကို ဖြိုခွင်းနိုင်ခြင်းက ဘာမှမဟုတ်ပေ။ သို့သော် အချိန်တိုအတွင်း အစီအရင်ဗဟိုချက်ကို ရှာတွေ့ပြီး ထိန်းချုပ်နိုင်ခဲ့ခြင်းက အလွန်တုန်လှုပ်စရာ ဖြစ်သည်။ အရင်က လင်ကျိုးနှင့် ယခု လင်ကျိုး သိသိသာသာ ကွာခြားလွန်းသည်။
လင်ကျိုးသည်လည်း သူ့အကြောင်းအခြားသူများ ရိပ်မိမသွားစေရန် တတ်နိုင်သမျှ ကြိုးစားခဲ့သည်ပင်။ သူ့ကိုယ်သူ ထိန်းချုပ်ထားရမည့်အချိန် မဟုတ်သည့်တိုင် သူက ကျောက်ဟိုထက်ပင် ပိုပြီး နှိမ့်နှိမ့်ချချ နေခဲ့သည်။
ရန်ကျောက်ကဲက မနှေးမမြန် လေသံဖြင့်…
“အကြောင်းသိတွေရှေ့မှာ လိမ်မပြောနဲ့လေကွာ ၊ မင်း ဘာကိုဖုံးကွယ်စရာ လိုလို့လဲ”
“မင်းတို့ ကောင်းကင်မိုးကြိုးခန်းမကလူတွေ ငါ့ကိုသတ်ချင်နေတာ လျှို့ဝှက်ချက်လည်း မဟုတ်ဘူး ၊ တစ်ယောက်နဲ့တစ်ယောက် ရိုးသားမှုအပြည့်နဲ့ ရင်ဆိုင်မှပေါ့ကွာ”
ရန်ကျောက်ကဲ ပေါ့ပေါ့ပါးပါးပင် ပြုံးလိုက်သည်။
“ဥပမာပြောရရင်ကွာ… အခု ငါလည်း မင်းကိုနည်းနည်းတော့ သတ်ချင်နေတယ်”
လင်ကျိုးက အေးစက်သည့်မျက်ဝန်းများဖြင့် လေထဲတွင် ပျံဝဲနေသည့် မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစကို စိုက်ကြည့်နေသည်။
သူက…
“အနာဂတ်မှာ ငါတို့ထပ်ပြီး ရင်ဆိုင်ကြရဦးမှာပါ ၊ အခုတော့ ငါပိုင်တဲ့ပစ္စည်းကို အရင်ယူရမယ်”
လင်ကျိုးက လက်တစ်ဖက်ဝှေ့ယမ်းလိုက်ပြီး သွေးနီရောင်ပိုက်ကွန်ကို ဆွဲယူလိုက်ရာ မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစက သူ့ထံသို့ ပျံသန်းရောက်ရှိသွားသည်။
အစောပိုင်းက သွေးပိုးအိမ်ပိုက်ကွန်သည် ထိုအပိုင်းအစကို မတားဆီးနိုင်ခဲ့ခြင်းမှာ အပိုင်းအစ (၂)ခုက ပေါင်းစပ်ရန်အတွက် ဆွဲငင်နေသောကြောင့် ဖြစ်သည်။
ယခုတော့ ထို (၂)ခု ပေါင်းစည်းသွားပြီးဖြစ်ရာ အေးချမ်းတည်ငြိမ်သည့် အခြေအနေသို့ ရောက်ရှိသွားချေပြီ။ ယခု လင်ကျိုးက သွေးပိုးအိမ်ပိုက်ကွန်ကို ဆွဲယူလိုက်သည့်အခါ ထိုအပိုင်းအစက သူ့နောက်သို့ အလွယ်တကူ ပါသွားသည်။
သွေးပိုးအိမ်ပိုက်ကွန်က လင်ကျိုးပိုင်ဆိုင်သည့်ပစ္စည်းများထဲမှ ထူးခြားပစ္စည်းတစ်ခုဖြစ်ပြီး မထင်မရှားလျှို့ဝှက်နယ်မြေတစ်ခုမှ ထိုပစ္စည်းကို ရှာဖွေတွေ့ရှိခဲ့ခြင်းပင်။
ထိုပိုက်ကွန်၏ အထူးခြားဆုံး လုပ်ဆောင်ချက်မှာ သိုင်းပညာရှင်အဆင့် ကျင့်ကြံသူများ ပိုက်ကွန်ကို လုံးဝမကျော်ဖြတ်နိုင်ခြင်း ဖြစ်၏။
အဆင့်နိမ့်မှော်ဝင်ပစ္စည်းများ အသုံးပြုလျှင်ပင် ထိုပိုက်ကွန်ကို ဖြတ်ကျော်ရန် မဖြစ်နိုင်ပေ။ သိုင်းပညာရှင်မပြောနှင့် ၊ သိုင်းဆရာသခင်များသည်ပင် ထိုပိုက်ကွန်ကို လွယ်လွယ်နှင့် ကျော်ဖြတ်နိုင်မည် မဟုတ်ပေ။
ထိုမြင်ကွင်းကိုတွေ့သည်နှင့် ရန်ကျောက်ကဲက တုံ့ဆိုင်းမနေဘဲ တိုးလျသည့်လေသံဖြင့် ပြောလိုက်သည်။
“မိုးကြိုးဧကရာဇ်မျက်လုံးက မင်းပိုင်ဆိုင်တဲ့အရာမဟုတ်ဘူးဆိုတာ ငါ သတိပေးရတော့မယ် ထင်တယ်”
ပြောပြီးသည်နှင့် သူက လက်ဖဝါးတစ်ဖက်ကို ဖြန့်လိုက်သည်။
လက်ဖဝါးထက်တွင် ကြည်လင်ပြီးအတွင်းသို့ ဖောက်ထွင်းတွေ့မြင်နေရသည့် ခပ်ပြားပြားဖန်သားသေတ္တာလေးတစ်ခု ရှိနေပြီး သေတ္တာငယ်အတွင်းမှ သွေးနီရောင်အလင်းတန်းများ ဖောက်ထွင်းထွက်ပေါ်နေသည်။
ရန်ကျောက်ကဲက သေတ္တာငယ်လေးကိုဖွင့်လိုက်သည့်အခါ အတွင်းထဲမှ သွေးနီရောင်အလင်းတန်းများ တောက်ပစွာ ထွက်ပေါ်လာသည်။
သူက ကြယ်တာရာချီစွမ်းအားများ ထုတ်လွှတ်လိုက်သည့်အခါ သွေးနီရောင်အလင်းတန်းများက လင်ကျိုး၏ အနီရင့်ရောင်ပိုက်ကွန်ဆီသို့ ပျံသန်းထွက်ခွာသွားပြီး ပိုက်ကွန်က ရုတ်တရက် တုန်ခါသွားသည်။
ပိုက်ကွန်ကြိုးမျှင်များအပြင်ဘက်တွင် အနီရင့်ရောင်အလင်းတန်းများထွက်ပေါ်လာပြီး အရံအတားတစ်ခု ဖြစ်တည်လာကာ တိုက်ခိုက်လာသည့်ရန်သူကိုတားဆီးရန် ပိုက်ကွန်က ကြိုးစားလိုက်သည်။
သို့သော် ရန်ကျောက်ကဲထုတ်လွှတ်လိုက်သော သွေးနီရောင်အလင်းတန်းများနှင့် ထိတွေ့မိသည်နှင့် သွေးပိုးအိမ်ပိုက်ကွန်သည် ချက်ချင်းပင် အားနည်းဖျော့တော့သွားသည်။
ပိုက်ကွန်က ကောင်းကင်ချိတ်ဆက်ခြင်းအဆင့် သိုင်းပညာရှင်ကိုပင် တားဆီးနိုင်စွမ်းရှိသည့်တိုင် ယခုတော့ ဆွေးမြေ့ယိုယွင်းကာ အပေါက်ကြီးတစ်ပေါက် ဖြစ်တည်လာသည်။
အက်ကွဲနေသော အပေါက်ကြီးက အလွန်လျှင်မြန်သည့်အရှိန်အဟုန်ဖြင့် ဆက်လက်ကျယ်ပြန့်သွားသည်။
လင်ကျိုးက မျက်ဝန်းများကို ကျဉ်းမြောင်းလိုက်ရင်း…
“အဲဒါ ဘာပစ္စည်းလဲ”
ရန်ကျောက်ကဲက ဘာမှမဖြစ်သလို အမူအရာဖြင့် သူ့လက်ထဲမှ ဖန်သားသေတ္တာလေးကို ဆော့ကစားနေသည်။
ထိုပစ္စည်းမှာ သွေးသန့်စင်ကျောက်တုံးနှင့် တိမ်စီးဆင်းကြေးမုံမှန်းကို အသုံးပြုကာ ရန်ကျောက်ကဲကိုယ်တိုင် ပြုလုပ်ထားသည့် “သွေးမိစ္ဆာချပ်ပြား”ပင် ဖြစ်၏။
ထိုပစ္စည်းက အတားအဆီးအမျိုးမျိုးကို ဖြတ်ကျော်ရာတွင် အလွန်အသုံးဝင်သည်။
အားဟူက ပါးစပ်ကိုဖြဲကာ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သွေးပိုးအိမ်ပိုက်ကွန် ဟောင်းလောင်းပေါက်ကြီးရှိရာသို့ လမ်းလျှောက်သွားသည်။ ထို့နောက် အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစကို ယူဆောင်ရန် ဟန်ပြင်လိုက်၏။
လင်ကျိုး၏မျက်ဝန်းများ နက်မှောင်နေပြီး အေးစိမ့်သည့်အငွေ့အသက်များ ထွက်ပေါ်နေသည်။
သူက ရန်ကျောက်ကဲကို စိုက်ကြည့်ရင်း…
“မင်းရဲ့ကိုယ်ရေးကိုယ်တာအကျိုးအမြတ်နဲ့ ဝါဒတောင်ရဲ့အကျိုးအမြတ် ဘယ်ဟာကိုပိုပြီး အလေးထားသလဲ”
ရန်ကျောက်ကဲ မျက်ခုံးပင့်လိုက်သည်။
“ဟမ်…”
လင်ကျိုးက…
“မင်းတို့ ဝါဒတောင်မှာ ဖန်းယွင်ရှန်းလို့ခေါ်တဲ့ တပည့်အသစ်တစ်ယောက် ရောက်နေတယ်လို့ကြားတယ်”
သူက ဆက်ပြောသည်။
“မင်းပြောခဲ့သလိုပဲ… ငါ့ကို လိမ်ဖို့တော့မစဉ်းစားနဲ့ ၊ အဲဒီကောင်မလေးက နေသူတော်စင်ဂိုဏ်းက ထူးကဲယင်မိန်းမပျို မဟုတ်လား ၊ မတော်တဆမှုတစ်ခုဖြစ်ပြီး သူ့ရဲ့ ထူးကဲယင်ခန္ဓာဆုံးရှုံးသွားတာလေ ၊ မင်းကလျှို့ဝှက်ထားပေမယ့်… သူက အခု တိမ်လွှာတောင်က ယင်ယန်တိမ်တိုက်စမ်းချောင်းမှာ ကျင့်ကြံနေတယ်လို့ ငါ သတင်းရထားတယ်”
လင်ကျိုးက ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး…
“ပြီးတော့ အရင်က ထူးကဲယင်မိန်းမပျိုတွေအကြောင်း နည်းနည်းပါးပါး လေ့လာကြည့်ဖူးတယ် ၊ ယန်စွမ်းအားသီးသန့်ပါဝင်တဲ့ ယင်စွမ်းအားသီးသန့်နေရာမှာ ကျင့်ကြံမယ်ဆိုရင် အဲဒီ ဖန်းယွင်ရှန်းရဲ့ ထူးကဲယင်ခန္ဓာ ပြန်ကောင်းလာဖို့ အထောက်အကူ ဖြစ်နိုင်တယ်”
ထိုစကားကိုကြားတော့ ရန်ကျောက်ကဲ မျက်လုံးပြူးသွားသည်။
လင်ကျိုးက အေးဆေးတည်ငြိမ်စွာဖြင့်…
“မင်း ပြောကြည့်လေ… ၊ နေသူတော်စင်ဂိုဏ်းကသာ ဒီသတင်းကြားသွားရင် ဘယ်လိုဖြစ်သွားမလဲ ၊ အဲဒီထက်ပိုဆိုးတာက အဆုံးမဲ့တောင်တန်းက ဒီကိစ္စကိုသိသွားရင် ဘယ်လိုထင်သွားမလဲ”
“အဆုံးမဲ့တောင်တန်းက မင်းတို့ဝါဒတောင်နဲ့ မဟာမိတ်ပြုထားတယ်ဆိုပေမယ့် လက်အောက်ခံဂိုဏ်းတစ်ခု မဟုတ်ဘူးနော် ၊ သူတို့ကလည်း ထူးကဲယင်သရဖူကို အရမ်းလိုချင်နေကြတာ”
ထိုအချိန် မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစဆီသို့ လျှောက်လှမ်းနေသည့် အားဟူ၏ ခြေလှမ်းများရပ်တန့်သွားသည်။
သူက လင်ကျိုးကို ဆိုးရွားသည့် မျက်နှာအမူအရာဖြင့် လှမ်းကြည့်လိုက်ပြီး…
“မင်းက ငါ့သခင်လေးကို ခြိမ်းခြောက်နေတာလား”
လင်ကျိုးက ပြုံးလိုက်ရင်း…
“မင်းက သိပ်မလွယ်တဲ့ လူထွားကြီးတစ်ယောက်ဆိုတာ ငါ သိပါတယ်ကွာ ၊ ဒါပေမဲ့ သိုင်းပညာမှာ လျှင်မြန်မှုကို ယှဉ်မယ်ဆိုရင်တော့… ကောင်းကင်မိုးကြိုးခန်းမမှာတောင် ငါ့ကိုယှဉ်နိုင်တဲ့သူက ခပ်ရှားရှားပဲ”
ထို့နောက် သူက ရန်ကျောက်ကဲကို လှည့်ကြည့်သည်။
“ဆိုတော့… မင်း ကြိုးစားပမ်းစား ရအောင်ခေါ်လာတဲ့ ထူးကဲယင်မိန်းမပျိုကို ရွေးချယ်မှာလား ၊ ဒီ အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစကို ရွေးချယ်မှာလား”
“ငါက အကျိုးအမြတ်အားလုံးကိုတော့ မလိုချင်ပါဘူး ၊ ဒါကြောင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းကို ယူပြီးရင် အဲဒီကောင်မလေးအကြောင်း အဆုံးမဲ့တောင်တန်းကို သတင်းပို့မှာ မဟုတ်ဘူး ၊ မင်း မစိုးရိမ်နဲ့… ငါက အဲဒီလောက် လောဘမကြီးဘူး ၊ ငါ့အတွက် အကျိုးအမြတ်တစ်ခုရရင် လုံလောက်ပြီ ၊ လက်ရှိမှာ ငါတို့ ဂိုဏ်း (၂)ဂိုဏ်းက ရန်ဘက်တွေဆိုပေမယ့် ငါကတော့ ရန်ငြိုးတွေကိုချေဖျက်ပြီး အရည်အချင်းရှိတဲ့ မင်းလိုလူတွေနဲ့ မိတ်ဆွေဖြစ်ချင်ပါတယ် ၊ ဒီတော့… မင်းအနေနဲ့ အထွတ်ထိပ်မှော်ဝင်ပစ္စည်းကို စွန့်လွှတ်ဖို့ ဆန္ဒရှိသလား”