အပိုင်း(၁၅၇၉)

ရွှီဖျင်အန်း

ထျန်းဟယ်မြို့၏ အစွန်းတွင် အိမ်အိုကြီးတစ်လုံး ရှိသည်။ အိမ်က အရမ်းမကြီးသလို အနည်းငယ်ပင် ပျက်စီးယိုယွင်းနေပြီ ဖြစ်၏။

အနီးတွင် နေသော သူတို့သည် ထိုအိမ်အိုကြီးကို လင်မယားနှစ်ဦးနှင့် သူတို့၏ သမီးတစ်ယောက် ပိုင်ဆိုင်ကြောင်း သိကြပေသည်။ ထိုလင်မယားသည် အသက် အတော်ရနေပြီ ဖြစ်ကာ ဒဏ်ရာအများအပြားလည်း ရှိနေပြီး နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် ပျောက်ကင်းခြင်း မရှိခဲ့ပေ။

ထိုလင်မယား၏ တစ်ဦးတည်းေသာ သမီးအမည်မှာ ရွှီဖျင်အန်း ဖြစ်ပြီး အမျိုးသားတစ်ဦး၏ အမည်နှင့် ဆင်တူပေသည်။ သို့သော် နာမည်ကို အကဲဖြတ်ကြည့်ရလျှင် ထိုလင်မယားသည် သူတို့၏ သမီးဖြစ်သူအား မည်မျှ အန္တရာယ်ကင်းကင်းနှင့် အေးချမ်းစွာ နေထိုင်စေချင်မှန်း သိသာပေသည်။ [Note: ဖျင်အန်း = အန္တရာယ်ကင်း၊ ငြိမ်းချမ်းခြင်း]

သို့သော် ထိုအချိန်တွင် အိမ်အိုကြီး၏ အပြင်ဘက်၌ တိုက်ပွဲတစ်ခု ဖြစ်ပွားနေသည်။

လူတစ်စုသည် လေထဲမှနေ၍ ဒဏ်ရာအပြင်းအထန်ရထားသည့် အမျိုးသမီးကို မောက်မာစွာ ကြည့်နေခဲ့သည်။ ထိုအမျိုးသမီးသည် ၂၀ ဝန်းကျင်ခန့်သာ ရှိသေးပြီး နိုဘယ်အဆင့်သာလျှင် ရှိသေးပေသည်။ သူမ၏ ဝတ်စုံက အလွန် ရိုးစင်းနေသော်လည်း သူမ၏ အလှကို ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။

ဤအိမ်အိုကြီးအတွင်းမှ လင်မယားနှစ်ယောက်တွင် ဤမျှ လှပသည့် သမီးမျိုး ရှိနေသည်မှာ မှန်းဆရ ခက်လှသည်။

သို့သော် ယခုတွင် ရွှီဖျင်အန်းသည် ဝေဒနာကို မသက်မသာ ခံစားနေရဟန် တူသည်။ သူမ၏ နှုတ်ခမ်းများတွင် ရဲရဲနီသည့် သွေးတို့ စွန်းထင်းနေပြီး သူမ၏ လှပသော မျက်နှာလေးက ဖြူဖျော့နေသည်။ သို့သော် သူမသည် လက်ထဲတွင် သံချေးတက်နေသည့် သံမဏိဓားတစ်လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ ၎င်းတွင် မည်သည့် စွမ်းအားမှ ရှိမနေပုံ ပေါ်သည်။ ထိုသို့သော ဓားမျိုးကို တိုက်ပွဲ၌ အသုံးပြုနိုင်ရန်မှာ ခန့်မှန်းရ ခက်လှသည်။

“ရွှီဖျင်အန်း.. မင်း ငါတို့ဆီက ငှားထားတဲ့ပစ္စည်း ပြန်ပေးမှာလား” ထွားကျိုင်းသန်မာသည့် တစ်ယောက်က အေးစက်စွာ မေးသည်။ သူသည် သက်လတ်ပိုင်းရှိပြီး နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သော်လည်း နိုဘယ်အဆင့်၌ပင် ရှိနေသေးပေသည်။ ဤဘုံတွင် သာမန်လူသားများနှင့်သာ ပြည့်နေသည်ဟု ဆုံးဖြတ်နိုင်သော်လည်း ထျန်းဟယ်မြို့သည် ထျန်းဟယ်ဘုံတွင် အဓိကမြို့ဖြစ်သည်။ ဤနေရာသည် အစွန်အဖျားတွင် ရှိနေသည်ဟု သတ်မှတ်နိုင်ကာ အလားအလာမှာလည်း မမြင့်မားလှပေ။

သူက နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သော်လည်း နိုဘယ်အဆင့်၌သာ ရှိနေသေးကာ ရှီအဆင့်သို့ ချိုးဖျက်နိုင်ခြင်း မရှိသေးပေ။သူက စိတ်အခြေအနေနှင့် ပါရမီ နှစ်ခုလုံး ချို့တဲ့နေပေသည်။ သို့သော် သူက အရာအားလုံးကို မေ့ဖျောက်ထားပြီး ထျန်းဟယ်ဘုံ၏ ထောင့်တစ်နေရာတွင်သာ ရှိနေလိုသည်။

ယခုတွင် သူသည် ငယ်ရွယ်လှပပြီး အရည်အချင်းရှိသည့် ရွှီဖျင်အန်းကို မျက်စိကျနေခဲ့သည်။ သူက သူမအကြောင်းကို အသေးစိတ် ကောင်းကောင်း သိရှိပေသည်။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ဖြစ်လျှင် ရွှီဖျင်အန်းကဲ့သို့သော တစ်စုံတစ်ယောက်က သူ့ကို မော့ကြည့်ရန်ပင် အရည်အချင်း ပြည့်မီလိမ့်မည် မဟုတ်ပေ။

သို့သော် ယခုတွင် သူမက သူ့လက်ထဲ၌ ဖြစ်သည်။

“ရှင် ကျွန်မကို ထောင်ချောက်ဆင်နေတာလား” ရွှီဖျင်အန်းက အေးစက်စွာ ပြောသည်။

“မင်းက ထောင်ချောက် လို့ ပြောလိုက်တာလား။ မင်း တစ်ခုခု ငှား တယ်ဆိုရင် ပြန်ပေးရမယ်ဆိုတာ မသိဘူးလား”  သက်လတ်ပိုင်းလူကြီးက အေးစက်စွာ ပြောသည်။ ရွှီဖျင်အန်း၏ မျက်လုံးများက အေးစက်နေပြီး ရဲရင့် ပြတ်သားမှုတို့ ရှိနေသည်။

“မင်း ပြန်မပေးနိုင်ရင်လည်း လူနဲ့ ပြန်ဆပ်လို့ ရပါတယ်။ ဘယ်လိုလဲ။” သက်လတ်ပိုင်းလူကြီးက ပြောရင်းနှင့် ရှေ့သို့ တိုးလာကာ ရွှီဖျင်အန်းကို ဖိနှိပ်သည်။

“ဒီက ထွက်သွားစမ်း” ရွှီဖျင်အန်း၏ မျက်လုံးများက အေးစက်မှုတို့ဖြင့် ပြည့်နေခဲ့သည်။ ထိုလူက သူမ၏ စကားများကို ကြားသည့်အခါ သူက မျက်လုံးတို့ကို အနည်းငယ် ကျဥ်းမြောင်းလိုက်ပြီးနောက် လက်ကို ဝှေ့ယမ်းသည်။ ချက်ချင်းပင် လူတစ်စုက ရှေ့သို့ တိုးလာကာ ရွှီဖျင်အန်းထံ ချဥ်းကပ်လာ၏။ သူတို့၏ အသက်ဓာတ်များက သူမကို လွှမ်းခြုံသွားသည်။

“ဖျင်အန်း သူတို့ကို ဓားပေးလိုက်” ထိုအချိန်တွင် အိုမင်းနေသည့် အသံတစ်ခုကို ကြားလိုက်ရပြီး ရွှီဖျင်အန်းက သူမ၏ ခေါင်းကို လှည့်သည်။ သက်ကြီးပိုင်း လူနှစ်ယောက်က လမ်းလျှောက်ထွက်လာသည်။ ပြောလိုက်သည့် တစ်ယောက်မှာ ဆံပင်တွေ ဖြူနေပြီ ဖြစ်သော သူမ၏ အဖေ ရွှီဟောက်ရန် ဖြစ်သည်။ သူ၏ မျက်နှာတွင် အရေးအကြောင်းတို့ အပြည့်ဖြစ်နေပြီး သူ၏ မျက်လုံးများသည်ပင် ညို့မှိုင်းကာ တောက်ပခြင်း မရှိတော့ပေ။

သို့သော် ထိုလူအိုကြီး၏ မျက်နှာသွင်ပြင်ကို ကြည့်လျှင် သူ ငယ်ရွယ်စဥ်က အလွန် ချောမောခဲ့မည်မှာ ​အသေအချာကို မြင်နိုင်ပြီး အိုမင်းလာသည့်အခါမှာပင် ထူးခြားသာလွန်သည့် အရှိန်အဝါကို ပိုင်ဆိုင်ထားပေသည်။

“အဖေ” ရွှီဖျင်အန်းက သူမ၏ အဖေကို လှည့်ကြည့်သည်။

“သူတို့ကို ပေးလိုက်” ရွှီဟောက်ရန်က ပြောလိုက်သော်လည်း ရွှီဖျင်အန်းက အနည်းငယ် တွေဝေနေပုံရသည်။

“သူမ လက်ထဲက ကျိုးနေတဲ့ အဲဒီဓားလား” သက်လတ်ပိုင်းလူကြီးက ရွှီဖျင်အန်းလက်ထဲမှ သံချေးတက်နေသည့် သံဓားကို ​လှမ်းကြည့်ကာ သူ့မျက်လုံးထဲ၌ သံသယအရိပ်အယောင်တို့ ပေါ်လာခဲ့သည်။

“အဖိုးကြီး ဘယ်သူ့ကို လာနောက်နေတာလဲ” တခြားတစ်ယောက်က အေးစက်စွာ ပြောသည်။

“အဲဒါက ငါ့ အဖေ ချန်ခဲ့တဲ့ ဓားပဲ။ မင်း ယူမှာလား မယူဘူးလား။” အဖိုးအိုက ပြောသည်။ သူ့စကားများကို ကြားသည့်အခါ သက်လတ်ပိုင်းလူကြီး၏ မျက်လုံးများတွင် သဘောတူလိုဟန် ပေါ်လာကာ ခေါင်းညိတ်သည်။ “ယူမယ်”

သူ၏ မျက်လုံးများက ဓားအပေါ်တွင် လောဘတကြီး ကျရောက်လာသည်။

ဤဓားနှင့် ယှဥ်လျှင် မိန်းမက တန်ဖိုးမရှိတော့ပေ။

“ဖျင်အန်း.. သူ့ကို ပေးလိုက်” အဖိုးအိုက ပြောသည်။ ရွှီဖျင်အန်း၏ လက်များက အနည်းငယ် တုန်ယင်နေသော်လည်း သူမအဖေ၏ မျက်လုံးများကို မြင်ပြီးနောက်၌ သူမသည် ဓားကို ပစ်ထုတ်ပေးလိုက်ပြီး ထိုသူက ချက်ချင်း ဖမ်းယူသည်။  သူက ဓားကို ဇဝေဇဝါ ကြည့်နေပြီးနောက် သူ့လူများဘက် လှည့်ကာ ပြောသည်။ “သွားကြမယ်”

လူစုသည် လျင်မြန်စွာ ထွက်ခွာသွားကြပြီး အခြားသူများ၏ အာရုံစိုက်ခံရခြင်းမှ ရှောင်တိမ်းသွားကြပေသည်။ သို့သော် သူသည် ဓားကို သိမ်းလိုက်ရန် တွန့်ဆုတ်နေကာ လက်အတွင်း၌ ကိုင်ထားဆဲပင် ​ရှိသေးသည်။ သူက ဓားအတွင်းမှ လျှို့ဝှက်ချက်ကို ဖော်ထာတ်ချင်နေပေသည်။

“ဘယ်သူလဲ” သူတို့ တောင်ကြားသို့ ဝင်လာသည့်အခါတွင် ရုတ်တရက် အန္တရာယ်ခံစားမှုတစ်ခု ပေါ်ပေါက်လာသည်။ သူက ခေါင်းကို မော့ကာ မေးလိုက်ပြီး သူ၏ အသံပျောက်ကွယ်သွားသည့်အခါ ဓားချီက သူ့လည်မျိုကို ချက်ချင်းထိုးဖောက်သွားကာ သွေးစီးကြောင်းကို ချန်ရစ်ခဲ့သည်။ သူသာလျှင် မဟုတ်ဘဲ အခြားသူများအားလုံးသည်လည်း အတူတူပင် ဖြစ်၏။ အနီးဝန်းကျင်ရှိ ဓားစွမ်းအားများသည် ဓားပျော့များကဲ့သို့ သူတို့၏ လည်မျိုကို ဖြတ်တောက်သွားခဲ့သည်။

သူတို့အားလုံး၏ မျက်လုံးများက ပြူးကျယ်နေပြီး ကြောက်ရွံ့အားငယ်ခြင်းတို့ဖြင့် ပြည့်နှက်နေကာ သူတို့သည် မည်သို့ သေသွားမှန်းပင် မသိလိုက်သည့်အတွက် ဝမ်းနည်းနေဟန် တူသည်။

ရိုးရှင်းသည့် အဝတ်များကို ဝတ်ဆင်ထားပြီး ခမောက်ဆောင်းထားသည့် လူတစ်ယောက်က ဓား ပြုတ်ကျနေရာသို့ ရောက်လာခဲ့ပြီး ကောက်ယူလိုက်ကာ လက်နှစ်ဖက်နှင့် တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ ထိုသူသည် တည်ကြည်စွာ ကြည့်နေသော်လည်း သူ၏ မျက်လုံးများက နီရဲနေသည်။ ဓားကို ကိုင်ထားသည့် လက်များက အနည်းငယ် တုန်ယင်နေသည်။

အခြားတစ်ဖက်တွင် ရွှီဖျင်အန်းသည် သူမ၏ မိဘများနှင့်အတူ အိမ်အိုဆီ ပြန်လာခဲ့သည်။ ရွှီဖျင်အန်းသည် သူမ၏ မိဘများကို ကြည့်ကာ အသံတိုးတိုးဖြင့် ပြောသည်။ “သမီး အသုံးမကျဘူး”

ရွှီဟောက်ရန်က လှည့်ကြည့်ကာ သူ၏ ဇရာထောင်း၍ တုန်ရီနေသည့် လက်များဖြင့် ရွှီဖျင်အန်း၏ ပါးကို ထိသည်။ “တောင်းပန်ရမယ့်လူက အဖေပါ။ အဖေက မင်းအဖိုးရဲ့ သွေးဆက်ကို ထိန်းဆက်ချင်တာကြောင့် သမီး အမေရဲ့ ဒဏ်ရာတွေနဲ့  အခြေအနေမဆိုးဝါးလာခင်မှာ သမီးကို ကိုယ်ဝန်လွယ်ခဲ့ရတယ်။ အဲဒါက အဖေ့အမှားပါပဲ။ သမီးကို ဒီလောကကြီးထဲမှာ ဒုက္ခတွေ ခံစားရဖို့ ခေါ်ခဲ့မိတယ်။ အဖေ့ အမှားပါ။”

လူအိုကြီး၏ မျက်လုံးများထဲတွင် ပြင်းထန်သည့် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်တို့ ထင်ဟပ်နေပြီး သူ၏ မျက်ဝန်းထောင့်တို့တွင် မျက်ရည်စတို့ပင် ခိုတွဲနေခဲ့သည်။

“အဖေ.. အမေ.. ဘာလို့ သမီးတို့က နှစ်ပေါင်းများစွာ ကြာနေတာတောင် ထွက်မသွားရတာလဲ။ သူတို့က အမြဲတမ်း သမီးတို့အပေါ်မှာ မျက်စိဒေါက်ထောက် ကြည့်နေတာ မလား။” ရွှီဖျင်အန်းက သူမ၏ မိဘများကို ကြည့်ကာ ပြောသည်။

“ဖျင်အန်း.. ကိစ္စ အတော်များများက မတော်တဆလို့ ထင်ရပေမယ့် မလွဲမသွေဖြစ်လာရမှာတွေပဲ။ တချို့အရာတွေက ပြေးလည်း မလွတ်မြောက်နိုင်ဘူး။ အဖေတို့က ငြိမ်းငြိမ်းချမ်းချမ်း အသက်ရှင်ချင်ရုံပဲဆိုပေမယ့် အဆုံးမရှိတဲ့ ပြဿနာတွေကြားက ပြေးမလွတ်နိုင်ဘူး”

ရွှီဖျင်အန်းက စိတ်ပျက်လက်ပျက်နှင့် သူမ၏ ခေါင်းကို ငုံ့ထားသည်။ အမှန်တကယ်ပင် နှစ်ပေါင်းများစွာ ကြာသည့်တိုင် သူတို့မိသားစုသည် ပြဿနာကင်းကင်းနှင့် မည်သည့်အခါမှ မနေခဲ့ရပေ။

“ဘာလို့ သူ့ဆီသွားပြီး မတောင်းဆိုရတာလဲ” ရွှီဖျင်အန်းက တိုးတိုးပြောသည်။

“အသုံးမဝင်ဘူး။ အဖေတို့ အားလုံးက ချည်နှောင်ခံထားရတယ်။ မင်းက သူ့ကို သွားတွေ့ရင် အဆိုးတွေပဲ ဖြစ်လာလိမ့်မယ်။” အဖိုးအိုက သူ့ခေါင်းကို ခါယမ်းသည်။  သူသည် သမီးဖြစ်သူကို ကြည့်လိုက်ပြီး သူ့နှလုံးသားက နာကျင်နေသည်။

ရွှီဖျင်အန်းသည် အလှအပနှင့် အရည်အချင်း နှစ်ခုလုံးတွင် ထူးချွန်ပေသည်။ ဤအသက်အရွယ်၌ သူမသည် သူမဘဝ၏ အလှပဆုံးသော နေ့ရက်များကို ပျော်ရွှင်စွာ ဖြတ်သန်းနေသင့်သော်လည်း သူတို့သည် နေ့နေ့ညည မည်သို့ အသက်ရှင်ရမည်ကိုသာ တွေးနေခဲ့ရသည်။

သူက သမီးဖြစ်သူကို ကျရှုံးစေခဲ့သည်။

ရွှီဖျင်အန်း၏ ဦးခေါင်းက ငုံ့နေဆဲပင် ဖြစ်၏။ သူမ၏ လှပသော မျက်လုံးများထဲတွင် သူမနှင့် ရွယ်တူများကဲ့သို့ အပြစ်ကင်းစင်မှုတို့ ရှိမနေခဲ့ပေ။ ထို့အစား ဝမ်းနည်းမှုသာလျှင် ရှိနေသည်။ သူမက မည်သည်ကိုမှ ပြောင်းလဲမပေးနိုင်သည့်အတွက်၊ သူမ၏ အဖေနှင့် အမေကို မကာကွယ်နိုင်သည့်အတွက် ဝမ်းနည်းမှုသာလျှင် ရှိနေခဲ့သည်။

“အဖေ.. ကိစ္စမရှိပါဘူး။ သမီးတို့ ဘာပဲ ရင်ဆိုင်ရပါစေ မိသားစုဆိုတာ အတူတူပါပဲ။” ရွှီဖျင်အန်းက မော့ကြည့်ကာ တောက်ပစွာ ပြုံး၍ ပြောသည်။

“အင်း” ရွှီဟောက်ရန်က လေးနက်စွာ ခေါင်းညိတ်သည်။ သူက သူ့သမီးကို ထွေးပွေ့ကာ ကောင်းကင်သို့ အပြုံးမျက်လုံးများနှင့် မော့ကြည့်သည်။

ဤမျှ စိတ်မချမ်းမြေ့ဖွယ်ဘဝ ဖြစ်နေသော်လည်း အတိတ်မှ ကိစ္စများအား နောင်တရသလားဟု မေးလျှင် ထိုသည်မှာ သူ့အဖေ၏ ရွေးချယ်မှု ဖြစ်သည့်အတွက် သူက နောင်တမရဟု ပြောလိမ့်မည် ဖြစ်သည်။

“ဘယ်သူလဲ”

ထိုအချိန်၌ ရွှီဖျင်အန်း၏ လှပသော မျက်လုံးများထဲတွင် အေးစက်မှုတို့ ဖြတ်ပြေးသွား၏။ သူမက လှည့်ကြည့်လိုက်ပြီး အိမ်အတွင်းသို့ ဝင်လာပြီဖြစ်သော သူကို ကြည့်ကာ သူမ၏ မျက်နှာက ဖြူဖျော့သွားသည်။ သူမသည် ထိုသူက အထဲထိ ကျူးကျော်ဝင်ရောက်လာသည့်တိုင်အောင် သတိမပြုမိခဲ့ပေ။

သူမက လှည့်ကြည့်လိုက်ကာ နိုဘယ်အဆင့် စွမ်းအားတို့ကို အပြည့်အဝ ထုတ်လွှတ်လိုက်၏။ သူမ၏ မျက်လုံးများထဲတွင် စိတ်ပျက်စိုးထိတ်ခြင်းများ ဖြစ်တည်လာသည်။ သူတို့က အခုထိ သူမတို့အား အလွတ်မပေးလိုသည်လား။

ထိုသူသည် သာမန် အဝတ်အစားများကို ရိုးရှင်းစွာ ဝတ်ဆင်ထားပြီး ခမောက်တစ်လုံး ဆောင်းထားသည်။ သူ၏ အသွင်အပြင်က အလွန်ပင် သာမန်ဆန်လှသည်။ သူ၏ လက်ထဲတွင် သံချေးတက်နေသည့် သံဓားကို ကိုင်ဆောင်ထားသည်။ ထိုဓားမှာ ရွှီဖျင်အန်း လက်လွှတ်လိုက်ရသည့် ဓား ဖြစ်လေသည်။

“ရှင် ဘယ်သူလဲ” ရွှီဖျင်အန်းက မေးသည်။

ထိုသူသည် သူ၏ ခမောက်ကို ချွတ်လိုက်ပြီး ရွှီဖျင်အန်းကို အလွန် နူးညံ့ကြင်နာသည့် မျက်လုံးများဖြင့် ကြည့်နေသည်က သူမအား အံ့သြသွားစေသည်။ ဤလူ့ထံတွင် ရက်စက်ကြမ်းကြုတ်သည့် သတ်ဖြတ်ခြင်း အရိပ်အငွေ့တို့ မတွေ့မြင်ရချေ။

အဖိုးအို ရွှီဟောက်ရန်က ရောက်လာသူကို ကြည့်လိုက်ပြီး သူ၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်လာသည်။ သူက မျက်လုံးများကို ကျယ်ကျယ် ဖွင့်ကာ သူ မြင်နေရသည်အား မယုံကြည်နိုင် ဖြစ်နေသည်။

ရောက်ရှိလာသူမှာ ချင်ရွှမ်ကန်း ဖြစ်၏။

သူက ရွှီဖျင်အန်းထံမှ အကြည့်ကို လွှဲဖယ်လိုက်ပြီး ရှေ့သို့ ခြေလှမ်းကာ အဖိုးအိုရှေ့သို့ ရောက်သွားခဲ့သည်။ သူသည် ဇရာထောင်းကာ အရေးအကြောင်းများစွာ ရှိနေပြီး သေဆုံးခြင်း အရိပ်အငွေ့များပင် ဖုံးလွှမ်းနေပြီ ဖြစ်သော မျက်နှာအား ကြည့်သည်။

ချင်ရွှမ်ကန်း၏ မျက်လုံးများက နီရဲလာသည်။ သူက လက်ကို ဆန့်ထုတ်ကာ အဖိုးအို၏ ပခုံးများကို ဆုပ်ကိုင်လိုက်ပြီး တုန်ယင် အက်ကွဲနေသည့် အသံဖြင့် ခေါ်သည်။ “ဟောက်ရန်”

အဖိုးအိုသည်လည်း အနည်းငယ် တုန်ယင်သွားကာ သူ၏ မှုန်မှိုင်းနေသော မျက်လုံးများမှ မျက်ရည်တို့ စီးကျလာသည်။ သူ့ဘေးမှ အဖွားအိုသည်လည်း စိုစွတ်လာသည့် မျက်ဝန်းများကြောင့် ခေါင်းကို ငုံ့လိုက်၏။

ရွှီဖျင်အန်းက ထိုအရာအားလုံးကို ဇဝေဇဝါနှင့် ကြည့်နေခဲ့သည်။

သူက ဘယ်သူလဲ။

“ဆရာဦးလေး” အဖိုးအိုက တုန်ယင်နေသည့် အသံဖြင့် ခေါ်သည်။

“ဆရာဦးလေး” သူ့ဘေးမှ အဖွားအိုကလည်း မျက်ရည်ဝိုင်းသော မျက်လုံးတို့ဖြင့် မော့ကြည့်ကာ ခေါ်သည်။

ချင်ရွှမ်ကန်း၏ မျက်လုံးများထဲမှ မျက်ရည်တို့ စီးကျလာ၏။ သူသည် နောက်တစ်ခါ ထပ်ငိုရလိမ့်မည်ဟု တွေးမထားခဲ့ပေ။

တစ်ချိန်က ဤနှစ်ယောက်သည် သူတို့၏ မျိုးဆက်အတွင်း ထိပ်သီးများ ဖြစ်ကြသည်။ သူတို့သည် လူတကာ အားကျရသည့် စုံတွဲဖြစ်ခဲ့သည်။ သို့သော် ယခုတွင် သူတို့က အသက်အရွယ် ကြီးရင့်လာခဲ့ပြီ ဖြစ်သည်။ သူတို့၏ ကျင့်ကြံဆင့်များ ဖျက်ဆီးခံလိုက်ရပြီးနောက် သူတို့က အချိန်၏ တိုက်စားမှုကို မည်သို့ ခံနိုင်ရည် ရှိပါတော့မည်နည်း။

“ငါက မင်းတို့အားလုံး မရှိတော့ဘူး ထင်ခဲ့တာ။ မင်းတို့ကို ငါ တောင်းပန်ပါတယ်ကွာ” ချင်ရွှမ်ကန်းက ရှေ့သို့ လျှောက်လာကာ အဖိုးအိုကို ညင်သာစွာ ပွေ့ဖက်လိုက်၏။ သူသည် အရိုးထဲမှပင် နာကျင်မှုကို ခံစားနေရသည်။

သူက လူအများကြီးအပေါ်၌ တောင်းပန်စရာ ဖြစ်ခဲ့သည်။ သူနှင့် ပတ်သတ်နေသော အတိတ်မှ ကိစ္စရပ်ကြောင့် လူအများကြီး သေဆုံးခဲ့ရသည်။

သူက ဆန္ဒမရှိခဲ့သော်လည်း သူ့ကြောင့် ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်။

“ဆရာဦးလေး အသက်ရှင်နေတာကို ဘာလို့ ပြန်လာရတာလဲ” အဖိုးအိုက မေးသည်။ ချင်ရွှမ်ကန်းက သူ့ကို ကြည့်လိုက်ပြီးနောက် သူ့နောက်မှ ရွှီဖျင်အန်းကို ကြည့်သည်။

“ငါ ဂရုစိုက်ရမယ့် မပြီးပြတ်သေးတဲ့ ကိစ္စလေးတွေ ရှိနေတယ်။” သူသည် တာလီတွင် သူ့တစ်ဘဝလုံး နေထိုင်တော့မည်ဟု တွေးထားခဲ့သော်လည်း ရီဖူရှင်းကြောင့် သူ၏ ဘဝလမ်းကြောင်းက ပြောင်းလဲသွားခဲ့ကာ  အထက်ဘုံသို့ ရောက်လာခဲ့သည်။

ယခု သူက အရာအားလုံးကို လက်လွှတ်သင့်ပြီ ဖြစ်သည်။

အချို့ကိစ္စများက ဖြစ်ပျက်ပြီးသွားခဲ့ပြီ ဖြစ်သည်။

“ဖျင်အန်း ဒီကိုလား။ သမီးရဲ့ ဘိုးဘိုးဆရာဦးလေးကို လာနှုတ်ဆက်လိုက်” အဘိုးအိုက ရွှီဖျင်အန်းကို ပြောသည်။ ရွှီဖျင်အန်းက ချင်ရွှမ်ကန်း၏ အရှေ့သို့ လျှောက်လာခဲ့၏။ ချင်ရွှမ်ကန်းက သူမကို ကြည့်နေပြီး သူ့မျက်လုံးများထဲတွင် ချစ်ခင်ကြင်နာခြင်းတို့ဖြင့် ပြည့်နေကာ ကြီးမားသည့် ဝမ်းနည်းမှုတို့လည်း ရှိနေခဲ့သည်။

သူသည် ယခင်က ဖေးရွှီသည် အလွန် စိတ်မချမ်းမြေ့ဖွယ်ဘဝကို ပိုင်ဆိုင်ထားသည်ဟု တွေးခဲ့သော်လည်း သူသည် ရွှီဖျင်အန်းသည်လည်း ဤနေရာ၌ ထိုမျှထိ သောကရောက်နေရသည့် စိတ်မချမ်းမြေ့ဖွယ်ဘဝတွင် နေထိုင်နေရမည်ဟု မထင်ထားမိခဲ့ပေ။ သူမသည် အလွန် ငယ်ရွယ်သေးသော်လည်း အရွယ်နှင့် မမျှသည့် ဝန်ကို ပခုံးထမ်းထားရပေသည်။

“ဖိုးဖိုးဆရာဦးလေး” ရွှီဖျင်အန်းက ​ခေါ်သည်။

ချင်ရွှမ်ကန်းက အလေးအနက် ခေါင်းညိတ်လိုက်ပြီး ရွှီဖျင်အန်း၏ လက်များကို ယူကာ သံချေးတက်နေသည့် သံဓားအား သူမလက်ထဲ ထည့်ပေးသည်။ သူမက ခပ်တိုးတိုး ပြောလိုက်၏။ “ဒါက မင်းအဖိုးရဲ့ ဓားပဲ။ မင်းအဘိုး အမြဲ ပြောလေ့ရှိတာက လှည့်စားမှုမာယာအားလုံး ကင်းစင်တဲ့လူမှသာ ဓားကို အသုံးပြုဖို့ အရည်အချင်းပြည့်မယ်တဲ့။ မင်းအဖိုးက အရမ်း ဖြောင့်မတ် မှန်ကန်တဲ့ ဓားသမားကောင်းတစ်ယောက်ပဲ။ သူက ထျန်းဟယ်ဘုံရဲ့ နံပါတ်တစ်ဓားသမားတစ်ယောက်လည်း ဖြစ်တယ်။”

သူက ဓားကို ရွှီဖျင်အန်း လက်ထဲ ထည့်ပေးပြီးသည့်အခါ၌ ချင်ရွှမ်ကန်းသည် ကောင်းကင်ကို မျက်နှာမူက မြေပြင်တွင် ဒူးထောက်သည်။ သူ့ခေါင်းသည် မြေပြင်ကို ထိခတ်ကာ ဦးသုံးကြိမ်ချသည်။ ပြိုင်ဘက်ကင်းသည့် ဓားသမားတစ်ဦး၏ ပုံရိပ်က ကောင်းကင်ထက်တွင် ပေါ်ပေါက်လာသလို ထင်မှတ်ရပေသည်။

“ဆရာတူအစ်ကိုကြီး.. ကျွန်တော် အစ်ကိုကြီးကို တွေ့ဖို့ ပြန်လာပြီလေ”

ချင်ရွှမ်ကန်း၏ အသံတွင် ဝမ်းနည်းမှုတို့ ပြည့်နေခဲ့ပြီး ရွှီဖျင်အန်းသည် ထိုမြင်ကွင်းကိုကြည့်ရင်း မျက်ရည်တို့ ရစ်ဝိုင်းလာပေသည်။

ရွှီဖျင်အန်းသည် ဘဝတစ်လျှောက်လုံး နှိမ့်ချကာ နေခဲ့သော်လည်း သူမ၏ အဖိုးက ဓားသမားကောင်းတစ်ဦး ဖြစ်ကာ ထျန်းဟယ်ဘုံ၏ နံပါတ်တစ်ဓားသမား ဓားအင်ပါယာအဖြစ် အသိအမှတ်ပြုခံခဲ့ရသူ ဖြစ်သည်။

သို့သော် သူမက အဖိုးဖြစ်သူကို မည်သည့်အခါမှ မြင်တွေ့ဖူးခြင်း မရှိခဲ့ပေ။

***


Comment

Leave a Reply


Options

not work with dark mode
Reset