အပိုင်း(၁၅၇၇)

ဆရာဦးလေးငယ်လေး

ရီဖူရှင်းက တိတ်ဆိတ်နေပြီး တဖက်လူကိုသာ ဆက်ကြည့်နေခဲ့သည်။ ထိုရန်ဟောင်က ရီဖူရှင်း၏ ရှေ့သို့ လျှောက်လာကာ အပြုံးနှင့် ပြောသည်။ “ထျန်းဟယ်ဘုံရဲ့ ဘုံနန်းတော် သွမ့်ကလန်က သွမ့်ချင့် ပါ။ ညီလေး မင်း ငါ့ကို စီနီယာအစ်ကိုသွမ့်လို့ ခေါ်လို့ရတယ်။”

ထျန်းဟယ်ဘုံရဲ့ ဘုံနန်းတော်က သွမ့်ကလန်။

ကြည့်ရသည်မှာ ထျန်းဟယ်ဘုံကို တော်ဝင်မိသားစုမှ အမှန်တကယ် အုပ်စိုးထားပြီး ထျန်းဟယ်ဘုံအတွင်းတွင် မြင့်မားသည့် အဆင့်အတန်းကို ဆုပ်ကိုင်ထားကြပုံရသည်။ ထိုရန်ဟောင်မျိုးဆက်များသည်ပင် သူ့ကို တလေးတစားနှင့် အရှင်မင်းသားဟု အရိုအသေပေးကြသည်မှာ အံ့သြစရာမရှိပေ။

“စီနီယာအစ်ကိုသွမ့်” ရီဖူရှင်းက မည်သည့် စိတ်ခံစားမှုမှ မပြဘဲ တည်ငြိမ်စွာ ပြောသည်။ တစ်ဖက်မင်းသားသည်ပင် အလွန် စိတ်အားထက်သန်စွာနှင့် ဆရာတူညီလေးအ​ဖြစ် အသိအမှတ်ပြုနေရာ သူက ရိုင်းစိုင်းစွာနှင့် လျစ်လျူရှုရန် မသင့်ပေ။

“အင်း” သွမ့်ချင့်က အပြုံးနှင့် ခေါင်းညိတ်သည်။ “ဆရာက နှစ်ပေါင်းများစွာ တစ်ကိုယ်တည်း ကျင့်ကြံနေခဲ့ပြီး အပြင်လောက အရေးကိစ္စတွေနဲ့ အဆက်ဖြတ်ထားခဲ့တယ်။ ထျန်းဟယ်ဘုံက ထူးချွန်တဲ့သူတွေ ဘယ်လောက်များများက ဆရာ့ဆီက တပည့်အဖြစ် လက်ခံဖို့ အခွင့်အရေးကို လိုချင်ကြလဲ။ ဒါပေမယ့် သူတို့တွေ သူ့ဆီက အကြည့်တစ်ချက်တောင် မရခဲ့ကြဘူးလေ။ ဒီလောက် နှစ်တွေ အများကြီးကြာမှ ဆရာက ညီလေးကို ဆက်ခံသူအဖြစ် လက်ခံလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ တကယ့်ကို ရှားပါးဖြစ်ရပ်ပါပဲကွာ။ ဒါပေမယ့် ငါ ညီလေးရဲ့ တိုက်ပွဲကို တွေ့လိုက်ရပြီးတော့မှ အကြောင်းရင်းက ဒီထက် ထင်ရှားတာကို မရှိတော့ဘူးဆိုတာ သိလိုက်တယ်။”

“စီနီယာအစ်ကိုက သိပ်ချီးမွမ်းလွန်းနေပါပြီ။ အဲဒါ ကျွန်တော့အဆင့်က နည်းနည်းပိုပြီး နက်နဲလို့ပါ။” ရီဖူရှင်းက ပြောသည်။ လက်ရှိတွင် သူ့အဆင့်က အမှန်တကယ်ပင် နက်ရှိုင်းကာ ရှန့်ထိုအဆင့် အထွတ်အထိပ်သို့ ရောက်နေပြီ ဖြစ်သည်။

“မင်းက အရမ်းနှိမ့်ချတတ်တာပဲ။ ကောင်းကင်ဓားအကြီးအကဲတောင် ညီလေးရဲ့ လက်တစ်ချောင်း တိုက်ခိုက်မှုကြောင့် ရှုံးခဲ့ရတာလေ။ ဒီလောက် ခွန်အားမျိုးနဲ့ ထျန်းဟယ်ဘုံက ရှန့်ထိုအဆင့်လူ ဘယ်လောက်များများ ယှဥ်နိုင်မှာတဲ့လဲ။” သွမ့်ချင့်က ဆက်ပြောသည်။ သူက စားသောက်ဆိုင် အောက်သို့ ကြည့်ကာ ပြောသည်။ “ကျုပ် ဆရာက ဆက်ခံသူ ရွေးလိုက်ပြီ ကြားတုန်းက ကျုပ်တို့ အတူ စားသောက်ကြဖို့ တွေးထားခဲ့တာ။ အခု စားသောက်ဆိုင်က ပြိုကျသွားပြီဆိုတော့ ဘုံနန်းတော်ကို သွားကြရအောင်လား။ ဘုံနန်းတော်မှာ ဆရာ့တပည့်တွေလည်း ရှိသေးတယ်။ သူတို့လည်း မင်းကို တွေ့ဖို့ အခွင့်အရေး ရတာပေါ့။”

ရီဖူရှင်းက ခေတ္တမျှ စဥ်းစားလိုက်ကာ သူ့နှလုံးသားအတွင်း အတွေးတချို့ ဖြစ်ပေါ်လာသည်။ မဟာအကြီးအကဲက ဆက်ခံသူအသစ် ရှာတွေ့ပြီဟူသော သတင်းသည် ဘုံတစ်ခုလုံးကို ပျံ့နှံ့နေခဲ့ပြီဖြစ်သည်။ တစ်ဖက်လူသည် ဘုံနန်းတော်မှ မင်းသားတစ်ပါးလည်း ဖြစ်သည်။ သူက ဆက်ခံသူဖြစ်သည့် သူ့အကြောင်းကို ကြားဖူးခဲ့ပြီး ဖြစ်သော်လည်း ထိုအချိန်က လာမလည်ခဲ့ပေ။ ကြည့်ရသည်မှာ သူ၏ ဆက်ဆံရေးက မျှော်လင့်ထားသလောက် နီးကပ်ပုံမရချေ။ မဟုတ်လျှင် သူက ကြားပြီးပြီးချင်း ရောက်လာလိမ့်မည် ဖြစ်၏။

အခြားတစ်ခုမှာ မဟာအကြီးအကဲသည် သူ့ကို တောင်အောက်ဆင်း၍ တစ်လောကလုံးအား သူသည် မဟာအကြီးအကဲ၏ ဆက်ခံသူ ဖြစ်ကြောင်း သိသာစေရန် လုပ်ဆောင်ခိုင်းခဲ့သည်။

မဟာအကြီးအကဲက သွမ့်ချင့် ထွက်ပေါ်လာမည်ကို တွက်ဆပြီး ဖြစ်သည်လား။

ထိုသို့ဆိုလျှင် သူက ရေစီးကြောင်းအတိုင်း မျှောလိုက်သွားသင့်ပေသည်။

“ကောင်းပါပြီ” ရီဖူရှင်း က ခဏမျှ သုံးသပ်ပြီးသည့်နောက် ခေါင်းညိတ်လိုက်ကာ သွမ့်ချင့်နှင့် လိုက်သွားရန် ပြင်ဆင်သည်။ သူက အန္တရာယ်ဖြစ်မည်ကို မစိုးရိမ်ပေ။ ထျန်းဟယ်မဟာအကြီးအကဲက ထျန်းဟယ်ဘုံ၏ အခရာ ဖြစ်သည်။ သူသည် သူတို့၏ နံပါတ်တစ် တန်ခိုးရှင်ဖြစ်သည်။ သူက တောင်အောက်ဆင်းကာ သွားကြည့်ရန် ပြောခဲ့သည့်အတွက် မည်သည်မှ ဆိုးဆိုးဝါးဝါး ဖြစ်လိမ့်မည်မဟုတ်ပေ။

သွမ့်ချင့်က အပြုံးနှင့် ခေါင်းညိတ်သည်။ သူက အနီးမှ လူများကို ကြည့်လိုက်၏။ “ရမ့်ခွမ်ရှန်း၊ မုကလန်က ကောင်မလေး ပြီးတော့ ထျန်းဟယ်ဘုံက ပါရမီရှင်တွေ။ မင်းတို့တွေ အားလုံး ဒီမှာ ရှိနေမှတော့ နန်းတော်မှာ စားသောက်ဖို့ အတူလိုက်ကြမလား။ ဒါက ကျုပ် ညီလေးကို ကြိုဆိုပွဲ ကျင်းပပေးဖို့ နည်းလမ်းကောင်းတစ်ခု ဖြစ်လိမ့်မယ်ထင်တယ်။”

“ကျေးဇူးတင်ပါတယ် အရှင်မင်းသား” အဝေးမှ မုချင်းယွီက ပြုံးကာ ဒူးညွှတ်၍ အရိုအသေ ပေးသည်။ အခြားသူများကလည်း တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ်လိုက်ကြ၏။ သူတို့သည် ဘုံနန်းတော်မှ ဖိတ်ကြားချက်ကို ငြင်းပယ်ကြလိမ့်မည် မဟုတ်ပေ။

ယခင် တိုက်ပွဲတွင် သူတို့သည် ရီဖူရှင်း၏ ခွန်အားကို လေးစားအားကျ ခဲ့ကြသည်။ သူ၏ ခွန်အားက သူတို့ ယှဥ်ပြိုင်နိုင်သည့်အရာမဟုတ်ပေ။

ထျန်းဟယ်ဘုံ၏ ဘုံနန်းတော်က ခမ်းနားထည်ဝါလှသည်။ ခမ်းနားကြီးကျယ်သည့် ရှေးဟောင်းခန်းမများ အပြည့် အစောင့်အကြပ်နှင့် တန်ခိုးရှင်များ ရှိနေပြီး အများစုမှာ ရှန့်ထိုအဆင့်များ ဖြစ်ကြသည်။

ဤနန်းတော်သည် ​မြို့အတွင်းမှ မြို့တစ်မြို့ကဲ့သို့ အလွန် ကျယ်ပြောလှသည်။

သွမ့်ချင့်သည် ရန်ဟောင်အဆင့်မှ မင်းသားတစ်ပါးအနေနှင့် ကိုယ်ပိုင်နန်းတော်ဝန်းကို ပိုင်ဆိုင်ထားပြီး မင်းသားနန်းတော်ဟု သိကြပေသည်။

ထိုအချိန်တွင် ခမ်းနားသည့် စားသောက်ပွဲတစ်ခု တည်ခင်းထားပြီး လှပသည့် အစေခံလေးများက အဖိုးတန်အရက်များနှင့် အရသာရှိသော အစားအစာများကို တည်ခင်းပေးလေသည်။

သွမ့်ချင့်သည် အိမ်ရှင်အနေနှင့် အဓိကနေရာတွင် ထိုင်နေပြီး ရီဖူရှင်းသည် သူ၏ ဘေးဘက် ဂုဏ်သရေရှိ ဧည့်သည်များ ထိုင်သည့် ​နေရာ၌ ထိုင်​နေသည်။

ထိုသို့သော ဆက်ဆံမှုမျိုးနှင့် သွမ့်ချင့်သည် သူ့၏ အဆင့်အတန်းကို မြင့်မားစွာ မြှင့်တင်ပေးခဲ့သည်။

“ဒီနေ့ ကျုပ်က ကံကောင်းစွာနဲ့ ဂျူနီယာညီလေးနဲ့ ဆုံတွေ့ခဲ့ပြီး ဆရာကလည်း ကံကောင်းစွာနဲ့ ဒီလို ဆက်ခံသူကို ရှာတွေ့ခဲ့တယ်။ ကျုပ်က ဂျူနီယာညီလေးအတွက် တစ်ခွက်သောက်ပါ့မယ်။” သွမ့်ချင့်က ခွက်ကို မြှောက်သည်။ ရီဖူရှင်း၏ နောက်နား၌ ဒူးထောက်နေသည့် အပျိုတော်က သူ့အတွက် သောက်စရာ ဖြည့်ပေးခဲ့သည်။ ရီဖူရှင်းက ခွက်ကို မြှောက်ကာ သောက်သည်။

အရက်က သူ့လည်ချောင်းထဲ ဝင်ရောက်သွားသည့်အခိုက် အလွန် ပြင်းထန်ကာ သူ၏ အသွေးအသား သွေးကြောများထဲ မီးလျှံများဖြင့် လောင်ကျွမ်းသွားသကဲ့သို့ ခံစားလိုက်ရသည်။

“ဘယ်လောက်ပြင်းလိုက်တဲ့ အရက်လဲ။” ရီဖူရှင်းက တိတ်တဆိတ် ပြောလိုက်၏။ အရက်အတွင်းတွင် သိုဝှက်ထားသည့် လမ်းစဥ်စွမ်းအားများရှိနေပြီး ထိုကောင်းမွန်သည့် အရက်မျိုးက တော်ဝင်မိသားစုများသာ သောက်သုံးနိုင်ပေသည်။

“ကျုပ် ညီလေး မိတ်ဆက်တာကို ကြားမိတော့ ရီကလန်ကဆို ဟုတ်လား။ ဒါပေမယ့် ထျန်းဟယ်ဘုံမှာ ရီကလန်ဆိုတာ မရှိဘူး။ ညီလေးက အရမ်းပါရမီရှိပြီး အစွမ်းထက်တော့ မင်းက အစွမ်းထက်မိသားစုတစ်ခုမှာ မွေးဖွားခဲ့တာ ဖြစ်ရမယ်။ ကြည့်ရတာ ညီလေးက ထျန်းဟယ်ဘုံက မဟုတ်ဘူးထင်တယ်။” သွမ့်ချင့်က မေးသည်။ ဘုံနန်းတော်မှ မင်းသားတစ်ပါးအနေနှင့် သွမ့်ချင့်သည် ထျန်းဟယ်ဘုံမှ မိသားစုကြီးများကို ကောင်းကောင်းသိရှိပြီး တော်ဝင်အသိုင်းအဝိုင်းအတွင်း၌ ရီဟူသော မျိုးနွယ် မရှိပေ။

“ဟုတ်ပါတယ်။” ရီဖူရှင်းက ခေါင်းညိတ်လိုက်၏။ “ကျွန်တော်က တခြားဘုံက လာတာပါ”

“အဲဒီလိုလား” သွမ့်ချင့်က အတော်လေး စိတ်ဝင်စားသွားသည့် အကြည့်တို့ ဖြစ်ပေါ်လာသည်။ သူက ဆက်ပြောသည်။ “ကျုပ် သိချင်တာကလေ… ဆရာက နှစ်ပေါင်းများစွာ တောင်မှာပဲ ကျင့်ကြံနေခဲ့ပြီးတော့ ဒီနှစ်တွေမှာ အပြင်ထွက်ခဲတယ်။ ဆရာက မင်းကို ဘယ်လိုများ တပည့်အဖြစ် ရွေးခဲ့တာလဲ။ ပြီးတော့ ဆရာက သူ့အမွေအနှစ်အားလုံးကို ဆက်ခံမယ့်သူ အဖြစ်တောင် အသိအမှတ်ပြုလိုက်သေးတယ်။”

သူက စစ်ဆေးနေသည်လားဟု ရီဖူရှင်းက တွေးသည်။ သို့သော် သူက ပြုံး၍ ပြန်ဖြေလိုက်၏။ “ဒါက အတော်လေး တိုက်ဆိုင်တာပါ။ ပြီးတော့ ကျွန်တော်လည်း ဆရာက ဘာလို့ ကျွန်တော့ကို ရွေးချယ်လဲဆိုတဲ့ အကြောင်းရင်းကို ဒီနေ့ထိ မသိခဲ့ဘူး။ စီနီယာအစ်ကိုက တစ်ခါတစ်လေ တောင်ကို လာလည်ပြီး ဆရာ့ကို ကိုယ်တိုင် မေးကြည့်ရင် ကောင်းမယ်။”

ပုံမှန်အားဖြင့် သူက ပြဿနာရှာလိမ့်မည် မဟုတ်ပေ။ သွမ့်ချင်က သူ့ကို မေးခွန်း ထပ်မမေးတော့ဘဲ တောင်ကို သွားကာ မဟာအကြီးအကဲထံ သွားရောက်လည်ပတ်မေးမြန်းပါက  ထိုအချိန်မှ တောင်းပန်လျှင်လည်း နောက်ကျဦးမည် မဟုတ်ပေ။

“ဆရာ့ဆီ သွားမလည်​ဖြစ်တာ ကြာနေတာတော့ အမှန်ပဲ။ အချိန်ယူပြီး သွားလည်လိုက်ပါ့မယ်။” သွမ့်ချင့်က ခေါင်းညိတ်ကာ ပြောလိုက်ပြီး သူ၏ မျက်လုံးများတွင် မည်သည့် ပုံမှန်မဟုတ်သော အရာကိုမှ မဖော်ပြခဲ့ပေ။

“ညီလေး ပညာရှိကျမ်းကို ကျင့်ကြံတာ ဘယ်လောက်ကြာပြီလဲ။ မင်းရဲ့ အောင်မြင်မှုက တကယ့်ကို အံ့မခန်းပါပဲ။ သွမ့်ချင့်က စိတ်ထဲမထားဘဲ မေးသည်။ သူက အတော်လေး သာမန်အတိုင်း စကားစမြည် ပြောနေသကဲ့သို့ပင် ဖြစ်၏။

“လအတော်ကြာပါပြီ” ရီဖူရှင်းက ပြန်ဖြေသည်။

“လအတော်ကြာပြီလား။” သွမ့်ချင့်က ရီဖူရှင်းကို ကြည့်ကာ ပြောလိုက်၏။ “ညီလေး ကျုပ်ကို မနောက်ပါနဲ့။ ပညာရှိကျမ်းက အရမ်း နက်နဲသိမ်မွေ့ပြီး ကျယ်ပြန့်တယ်။ အစ်ကိုတောင်မှ အဲဒါကို ကျွမ်းကျင်ဖို့ နှစ်အများကြီး ယူရတယ်။ အခုနက ညီလေး ပြသွားတဲ့ စွမ်းအားမျိုးဆိုရင် လနည်းနည်းလောက် ကျင့်ကြံရုံနဲ့ မရနိုင်ဘူး။”

“ပါရမီကြောင့်ပါ” ရီဖူရှင်းက မသိမသာပင် ပြုံးသည်။ သူက ဤတစ်ကြိမ်၌ လိမ်ခဲ့ပေသည်။ သူ ပညာရှိကျမ်းကို ကျင့်ကြံခဲ့သည်မှာ နှစ်များစွာ ကြာခဲ့ပြီဖြစ်သော်လည်း ထျန်းဟယ်ဘုံသို့ ရောက်ကာ ပညာရှိကျမ်းကို ကျင့်ကြံသည့် အချိန်မှာတော့ တိုတောင်းလှသေးသည့် အတွက် သူ့စကားက တစ်ဝက်အမှန်ဟု ယူဆနိုင်ပေသည်။

အခြားသူများ ယုံကြည်သည် မယုံကြည်သည်မှာ အရေးမပါပေ။

“ညီလေးက ပါရမီကြောင့်လို့ ပြောမှတော့ ယုံကြည်လိုက်ပါ့မယ်။” သွမ့်ချင့်က အပြုံးနှင့် ပြောသည်။ “ကံမကောင်းတာက ဂျူနီယာညီလေးသာ ဟိုအရင်နေ့ကတည်းက ကလန်ကို ဝင်ရောက်ခဲ့ရင် ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလိမ့်မယ်။ အဲဒါဆို မင်းက မဟာလမ်းစဥ် ဘုံသုံးထောင်က တပည့်တွေရဲ့ ခမ်းနားကြီးကျယ်မှုကို မျက်မြင်တွေ့နိုင်လိမ့်မယ်။ တူညီတဲ့ ကလန်တစ်ခုထဲမှာ ကျုပ်တို့အကြား ထူးချွန်သာလွန်တဲ့လူတွေ ဘယ်​လောက်တောင် များလိမ့်မလဲ။ ညီလေးရဲ့ အရည်အချင်းမျိုးနဲ့သာတို အဲဒီအချိန်မှာတောင် အထူးချွန်ဆုံး ဖြစ်လိမ့်မယ်။”

“အဖေ”

ထိုအချိန်တွင် ပုံရိပ်နှစ်ခုက တစ်ချိန်တည်း ပေါ်ပေါက်လာပြီး လူတိုင်းက သူတို့အပေါ်တွင် အာရုံစူးစိုက်လာခဲ့သည်။ သူတို့က အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဖြစ်ကာ နှစ်ယောက်လုံးတွင် ထူးခြားသာလွန်သည့် အရှိန်အဝါရှိသည်။ အမျိုးသားက ချောမောပြီး သွမ့်ချင့်နှင့် တူသည့် အရှိန်အဝါနှင့် ပုံသဏ္ဌာန် ရှိသည်။

အမျိုးသမီးက အလွန် ချောမောလှပ၏။ သူမက နန်းတွင်းအဝတ်အစားများ ဝတ်ဆင်ထားပြီး တော်ဝင်ဆန်သည့် ကျက်သရေရှိမှု အပြည့်ပင် ဖြစ်သည်။

ထိုနှစ်ယောက်က သွမ့်ချင့်၏ သားသမီးများ ဖြစ်ပေသည်။

သွမ့်ချင့်က ခေါင်းညိတ်လိုက်ပြီး ရီဖူရှင်းကို သူတို့နှင့် မိတ်ဆက်ပေးသည်။ “ညီလေး သူတို့က သွမ့်ဟွမ် နဲ့ သွမ့်ယွီ”

ဟွမ်ယွီဟူသည့် အဓိပ္ပါယ်မှာ စကြဝဠာ လောကဟူ၍ ဖြစ်သည်ဟု ရီဖူရှင်းက တွေးသည်။

သွမ့်ချင့်က သူ့ဘေးမှာ ထိုင်နေသည့် ရီဖူရှင်းကို ညွှန်ပြကာ မိတ်ဆက်ပေးသည်။ “ဒါက မင်းတို့ရဲ့ ဆရာဦးလေးရီပဲ”

သူတို့နှစ်ယောက်လုံး၏ အကြည့်များက ရီဖူရှင်းထံ ရောက်ရှိလာသည်။

တော်ဝင်မိသားစုမှ မျိုးဆက်များအနေနှင့် သူတို့နှစ်ယောက်လုံးတွင် ဝံ့ကြွားခြင်း အငွေ့အသက်များ ရှိနေပြီး သွမ့်ဟွမ်သည် ထည်ဝါသည့် သြဇာအရှိန်အဝါကို ထုတ်လွှတ်နေသည်။ သူက ရီဖူရှင်းထက် အသက်ကြီးလိမ့်မည် မဟုတ်သလို သူ၏ ကျင့်ကြံမှုကလည်း ရီဖူရှင်းအောက် နိမ့်ကျလိမ့်မည် မဟုတ်ပေ။ ယခု သူက ပြန်လည်မွေးဖွားခြင်း ထိပ်ဆုံးသို့ ရောက်ရှိနေပြီ ဖြစ်သည်။

သွမ့်ယွီသည် အနည်းငယ် နိမ့်ကျကာ သူမက သံသယကင်းစင်ခြင်းအဆင့်ပင် ရှိသေးသည်။

သူတို့သည် ထျန်းဟယ်မဟာအကြီးအကဲက ဆက်ခံသူ ရွေးချယ်လိုက်ကြောင်း ကြားသိပြီး ဖြစ်ကာ ထိုသူမှာ ယခု သူတို့ရှေ့မဖျ ‘ဆရာဦးလေး’ ဆိုသူ ဖြစ်ပေလိမ့်မည်။

ဤဦးလေးသည် အလွန် ငယ်ရွယ်ကာ သူတို့နှင့် သက်တူရွယ်တူဟု ထင်ရတာကြောင့် သူ့ကို အလွယ်တကူ ခေါ်ရန် မရပေ။

“ဆရာဦးလေးငယ်လေး” သွမ့်ဟွမ်သည် ပြောရန် ခက်နေသော်လည်း သူတို့က သွမ့်ချင့်ကို လွန်ဆန်ရဲခြင်း မရှိဘဲ ရီဖူရှင်းကို ထိုသို့ အမည်တပ်လိုက်ရသော်လည်း သူ၏ သဘောထားက ရိုသေလေးစားမှု မရှိလှပေ။ သူတို့အားလုံးက မျိုးဆက်တူများပင် မဟုတ်ပါလား။

သွမ့်ယွီသည်လည်း သူမ၏ မျက်နှာထက်တွင် ထူးဆန်းသည့် အမူအရာဖြစ်ပေါ်နေပြီး ရီဖူရှင်းကို စိုက်ကြည့်နေသည်။ ရီဖူရှင်းကလည်း သူမကို ပြန်ကြည့်လိုက်၏။ သွမ့်ယွီ၏ မျက်လုံးများက တစ်ခုခုကို ညွှန်းဆိုနေသည်ဟု ထင်ရသော််လည်း ရီဖူရှင်းက သူမကို တားဆီးရန် ရည်ရွယ်ချက် မရှိပေ။ သူက သူမ၏ အကြည့်များကို မလွှဲဖယ်ခဲ့ဘဲ သွမ့်ယွီ သူ့ကို ဆရာဦးလေးဟု ခေါ်လာစေရန် ဖိအားပေးခဲ့သည်။ “ဆရာဦးလေးငယ်လေး”

သို့သော် သူမ၏ အသံက အတော်လေး အေးစက်နေ၏။

သူမ၏ အကြည့်များက အခြားသူများကို ကြည့်လိုက်ပြီး သူမသည် နန်းတော်သို့ ဖိတ်ခေါ်ခံရမည်ဟု သူမပင် ထင်မထားခဲ့သူ အချို့လည်း ရောက်ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။

“မင်းတို့ နှစ်ယောက်လုံး သိပ်ယဥ်ကျေးတာပဲ” ရီဖူရှင်းက သူတို့၏ သဘောထားကို မြင်တွေ့သော်လည်း စိတ်ထဲမထားခဲ့ပေ။ တော်ဝင်မိသားစုမှ မျိုးဆက်များက သူ့ကို မည်မျှ လေးစားနိုင်မည်ဟု မျှော်လင့်ထားရမည်နည်း။

ရီဖူရှင်း၏ တည်ငြိမ်သော အမူအရာက သူတို့ကို အလွယ်တကူ လွှတ်မပေးနိုင်ကြောင်း ဖော်ပြနေသည်။

“ဆရာဘိုးဘိုးက နှစ်အတော်ကြာတဲ့အထိ တပည့် လက်မခံခဲ့ဘူး။ တစ်ခါက ကျွန်တော် သွားလည်ဖို့ ခွင့်တောင်းပေမယ့် မသွားခဲ့ရဘူး။ အခု ဆရာဘိုးဘိုးက ဆရာဦးလေးငယ်လေးကို သူ့ဆက်ခံသူအဖြစ် လက်ခံလိုက်ပြီဆိုတော့ ဆရာဦးလေးငယ်လေးမှာ ထူးခြားသာလွန်တဲ့ အရည်အချင်း ရှိပုံရတယ်။”  သွမ့်ဟွမ်၏ စကားများက ရောက်နေသူ လူအများ၏ အာရုံကို ဖမ်းစားသွားခဲ့သည်။

“မဟာအကြီးအကဲက ထူးချွန်တဲ့ သိမြင်နားလည်မှု ရှိပြီး သူ ရွေးချယ်ထားတဲ့ ဆက်ခံသူကလည်း ပြိုင်ဘက်ကင်း မြင့်မားတဲ့ ပါရမီရှင်ပဲ ဖြစ်ရမယ်” ထိုအချိန်၌ အသံတစ်ခုကို ကြားလိုက်ရပြီး လူတစ်စုက အပြင်မှ လှမ်းဝင်လာလေသည်။ သူတို့က စားသောက်ပွဲအတွင်း တိုက်ရိုက် ဝင်ရောက်လာကာ ရီဖူရှင်းကို စူးစမ်း ကြည့်နေခဲ့ကြသည်။

“ညီလေးရီ.. အရင်က ကျုပ် ပြောဖူးတယ်။ ဆရာက တပည့်အများကြီး လက်ခံဖူးခဲ့ပြီး အဲဒီ တပည့်တွေထဲမှာ တော်ဝင်မိသားစုက လူတွေလည်း အများကြီး ပါဝင်တယ်။ အခု မင်းရှေ့မှာ ရှိတဲ့ လူတွေက ဆရာ့ဆီကနေ လမ်းညွှန်ချက် ရဖူးတဲ့ လူတွေပဲ။” သွမ့်ချင့်က အပြုံးနှင့် ပြောသည်။

ရီဖူရှင်းက ခေါင်းညိတ်လိုက်၏။ “ရီဖူရှင်းက စီနီယာတို့ကို အရိုအသေပေးပါတယ်”

သူက ယဥ်ကျေးစွာ ပြောဆိုလိုက်သော်လည်း ထိုင်နေရာမှပင် မထခဲ့ပေ။

သူတို့က ပြုံးကာ သွမ့်ဟွမ်ကို မေးသည်။ “အဲဒီတော့ မင်းက ဆရာဘိုးဘိုးရဲ့ အသိအမြင်ကို စမ်းသပ်ချင်နေတာလား။”

“ဒီလိုပါပဲ” သွမ့်ဟွမ်က အပြုံးနှင့် ခေါင်းညိတ်သည်။ “ဆရာဦးလေးငယ်လေးက ကျွန်တော့ကို သင်ကြားပေးဖို့များ ဆန္ဒရှိမလား”

သူက ရီဖူရှင်းကို ရည်ရွယ်ခြင်း မဟုတ်ခဲ့ပေ။ မဟာအကြီးအကဲက ဤလူကို သူ၏ အမွေအနှစ်များ ပေးအပ်မည့် ဆက်ခံသူဟု ကြေညာလိုက်သည့်အတွက် သွမ့်ဟွမ်က စမ်းသပ်ကြည့်လိုခြင်း ဖြစ်ပေသည်။

ဤဆရာဦးလေးက အတုအယောင် မဟုတ်ပါက ပိုကောင်းပေလိမ့်မည်။

“မင်းက မင်းဆရာဦးလေးရဲ့ ပြိုင်ဘက်မဖြစ်နိုင်ဘူး။” သွမ့်ချင့်က ပေါ့ပါးစွာ ပြောသည်။

“သမီးတို့ အရင်မကြိုးစားကြည့်ရသေးဘဲ အဖေက ဘယ်လိုသိလဲ။” သူ့ဘေးမှ သွမ့်ယွီက အသံစာစာဖြင့် ဝင်ပြောသည်။ သွမ့်ဟွမ်၏ ခန္ဓာကိုယ်မှ ခမ်းနားသည့် အရှိန်အဝါတို့ ထုတ်လွှတ်ကာ သူက ပြောလိုက်၏။ “ဆရာဦးလေးငယ်လေး ကျွန်တော့ကို သင်ကြားပေးပါဦး”

“မရိုင်းစိုင်းနဲ့” သွမ့်ချင့်က အပြစ်တင်သည်။

“ရပါတယ်။ ကျုပ်က သူ့ရဲ့ ဆရာဦးလေး ဖြစ်နေမှတော့ ကျင့်ကြံမှုကို နည်းနည်းပါးပါး လမ်းညွှန်ပေးရမှာပေါ့။” ရီဖူရှင်းက ပြန်ဖြေသည်။ သူက ဤနေရာသို့ လာရန် ဖိတ်ခေါ်သည့် သွမ့်ချင့်၏ ရည်ရွယ်ချက် အစစ်အမှန်ကို ရှင်းလင်းစွာ မသိရသေးပေ။

“တစ်ယောက်ထက် ပိုတော်တဲ့ တစ်စုံတစ်ယောက်က အမြဲရှိနေတတ်တယ်ဆိုတာ သူတို့ကို သင်ကြားပေးရတာလည်း ကောင်းပါတယ်” ရီဖူရှင်း ပြောသည်ကို ကြားသည့်အခါ သွမ့်ချင့်က ဝင်စွက်ဖက်ရန် မကြိုးစားတော့ဘဲ တိတ်တဆိတ်သာ နေလိုက်တော့သည်။ ရီဖူရှင်း၏ စကားဆုံးသွားပြီးနောက် ကြောက်မက်ဖွယ် အသက်ဓာတ်တစ်ခုက ချက်ချင်း ထိုးထွက်လာပြီး သွမ့်ဟွမ်ဆီသို့ တိုးဝင်သွားခဲ့လေသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset