Switch Mode

အခန်း ( ၃၇ )

ပေါ့ပါးခြင်းမှသည် လေးလံခြင်းဆီသို့

ကျောက်တိုင်၁၀တိုင်။ နံပါတ်၁နေရာ ၁၀နေရာ……

စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏တောင်ဘက်ရှိ တောင်၃တောင်လုံးမှာ လုံးဝကိုတုန်လှုပ်သွားသည်။

ဆေးတစ်သောင်းဆောင်အပြင်ဘက်တွင် စကားပြောသံများဖြင့် ဆူညံနေသည်။ လူများသည် ကျောက်တိုင်၁၀တိုင်လုံး၏ နံပါတ်၁နေရာကိုယူထားသော လိပ်ကလေးကိုလာကြည့်ရန် အရပ်မျက်နှာပေါင်းစုံမှ အပြေးအလွှားလာနေကြသည်။

အံ့သြမှင်သက်နေသံများက တစ်စပြီးတစ်စထွက်လာတော့သည်။
“နံပါတ်၁နေရာ ၁၀နေရာတဲ့။ နောက်ဆုံးတော့ လိပ်ကလေး လုပ်နိုင်သွားပြီ ”

” စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ ကျောက်တိုင်၁၀တိုင်လုံးပေါ် နံပါတ်၁နေရာရခဲ့တဲ့နောက်ဆုံးအကြိမ်က လွန်ခဲ့တဲ့ နှစ်၁ထောင်လောက်ကကွ။ ငါ့ဘဝမှာ ဒီလိုမျိုးမြင်ကွင်းကိုမြင်ရလိမ့်မယ်လို့ စိတ်ကူးထဲတောင်မထည့်ဖူးဘူး။”

လူတိုင်းမှာ အံ့ဩတုန်လှုပ်ကာ ဆူညံနေကြတော့သည်။ အများစုက ယခုလိုဖြစ်လာမည်ဟုခန့်မှန်းထားကြသော်လည်း တကယ်ဖြစ်လာသောအခါတွင်လည်း တုန်လှုပ်စရာဖြစ်ရပ်တစ်ခုပင်ဖြစ်နေသည်။ လွန်ခဲ့သော၃လအတွင်း လိပ်ကလေးက ကျောက်တိုင်၁တိုင်ချင်းစီကို သိမ်းပိုက်နေသည်မှာလည်း အံ့ဖွယ်ဖြစ်သည်။ သူ့အကြောင်းကိုတွေးမိသောလူတိုင်း တည်တည်ငြိမ်ငြိမ် မနေနိုင်တော့ပေ။

” ဒီလိပ်ကလေးက ဘယ်သူများလဲကွာ။ နှစ်ဝက်တောင်မရှိသေးဘူး။ တတိယမြောက်ကျောက်တိုင်ကနေ ကျန်တာတွေအကုန်လုံးကိုတစ်ခါထဲ သိမ်းကျုံးယူသွားတော့တာပဲ။ အဲ့ကောင်နာမည်ကြီးမှာ အသေအချာပဲဟေ့။”

” သူ့ရဲ့ အပင်နဲ့အသီးအရွက်မှာ ကျွမ်းကျင်မှုက ကျိုးရှင်းချီထက် လုံးဝကိုသာသွားပြီပဲ။ အနာဂတ်မှာ ကျိုးရှင်းချီအပြင် ထိပ်တန်းသမားတော် နောက်တစ်ယောက်ထပ်ပေါ်လာမယ်ထင်တယ် ”

ကျောက်တိုင်၁၀တိုင်လုံးပေါ်တွင် လိပ်ကလေးက နံပါတ်၁နေရာ ယူလိုက်သည့်အချိန်တွင်ပင် ထိုကျောက်တိုင်များ စတင်လှုပ်ခတ်လာသည်။ ထို့နောက် မိုးချုန်းသံများမြည်ဟည်းလာပြီး တောင်ပေါ်ရှိ ဒယ်အိုးတစ်လုံးကိုတီးခတ်လိုက်သောအသံနှင့် ပေါင်းစပ်သွားသည်။

တစ်စုံတစ်ယောက်က ဆေးဒယ်အိုးကြီးကို ဧရာမသစ်သားချောင်းကြီးနှင့် ထုနှက်နေသည့်အလား ထင်ရသည်။ ထိုအသံပေါင်းစုံက မွှေးရနံ့တိမ်တောင်တစ်ခွင်ပျံ့နှံ့သွားပြီးနောက် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏တောင်ဘက် တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ထိုအသံများနှင့်အတူ ဆေးဖက်ဝင်ရနံ့များပါ မွှေးကြိုင်နေပြီး မွှေးရနံ့တိမ်တောင်ကို ဖုံးအုပ်ထားသောမြူများမှာလည်း ပို၍ပင်ထူထဲလာသည်။

မွှေးရနံ့တိမ်တောင်၏ထိပ်တွင် အင်မော်တယ်ဂူတစ်လုံးရှိပြီး ထိုဂူထဲတွင် အကြီးအကဲ ကျိုးက သူ၏ချစ်လှစွာသော ၅ရောင်ခြယ်ဝိညာဥ်ငှက်များကို အစာကျွေးနေသည်။ သူသည် ဒယ်အိုးအသံကြီးကိုကြားလိုက်ရသောအခါ အံ့သြစွာနှင့် မျက်လုံးပြူးသွားတော့သည်။

” မွှေးရနံ့တိမ်တောင်ကလာတဲ့ ဒယ်အိုးသံပါလားဟ။” သူ၏ နတ်ဘုရားအာရုံခံစွမ်းရည်ကိုထုတ်လွှတ်လိုက်သောအခါ ချက်ချင်းပင် ဆေးတစ်သောင်းအဆောင်အပြင်ဘက်ရှိ ကျောက်တိုင်၁၀တိုင်ကို သွားတွေ့လေသည်။ သူ၏အမူအရာမှာ ချက်ချင်းပင် ပြောင်းလဲသွားပြီး လေပေါ်သို့ပျံဝဲလိုက်သည်။

ထို့နောက် အကြီးအကဲစွန်းနှင့် အခြားအခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများလည်း ပေါ်လာသည်။ သူတို့အားလုံးသည်လည်း ဒယ်အိုးသံကိုကြားလိုက်ရ၍ ဆေးတစ်သောင်းအဆောင်ဘက်သို့ စိတ်လှုပ်ရှားသောအမူအရာများကိုယ်စီဖြင့် လာနေကြခြင်းဖြစ်သည်။

နောက်ဆုံးပေါ်လာသည့်လူကား တရားကျင့်ကြံနေဆဲဖြစ်သည့် လီချင်းဟောက်ပင်ဖြစ်သည်။ ဒယ်အိုးသံကိုကြားလိုက်ရသောအခါ သူ၏မျက်နှာမှာ အမူအရာပြောင်းလဲသွားပြီး အပြင်ဘက်သို့ မျှော်ကြည့်လိုက်သည်။ ထို့နောက်သူက အရောင်စုံအလင်းတန်းတစ်ခုအသွင်ပြောင်းကာ ဆေးတစ်သောင်းအဆောင်ဆီသို့ ထွက်သွားတော့သည်။

ဒယ်အိုးမြည်သံများ ထွက်လာသောအခါ လူအုပ်ကြီးမှာ ပို၍ပင် စိတ်လှုပ်ရှားနေကြသည်။ မွှေးရနံ့တိမ်တောင်ရှိ အပြင်စည်းဂိုဏ်းသားများနှင့် အတွင်းစည်းဂိုဏ်းသားများပါ လုံးဝတုန်လှုပ်နေကြပြီး ဆေးတစ်သောင်းအဆောင်ဆီသို့ အပြေးလာနေကြသည်။

” အဲ့ဒီအသံက မွှေးရနံ့တိမ်တောင်ရဲ့အဖိုးတန်ရတနာဖြစ်တဲ့ မွှေးရနံ့တိမ်ဒယ်အိုးသံမလားဟ။”

” တစ်ယောက်ယောက်ကတော့ ဆေးတစ်သောင်းအဆောင်ရဲ့ နံပါတ်၁နေရာ၁၀နေရာကို ရသွားပြီနေမှာ။ အဲ့လိုမဖြစ်တာ နှစ်ပေါင်းတစ်ထောင်တောင်ကြာပြီကွ။ တစ်ခါမှ နဖူးတွေ့ဒူးတွေ့ကြုံဖူးတဲ့လူမရှိဘူး။” လူအုပ်ကြီးက ရုပ်ရုပ်သဲသဲဖြစ်နေကြသည်။

မြစိမ်းတောင်နှင့် ခရမ်းဒယ်အိုးတောင်ပေါ်တွင်ပင် လှုပ်လှုပ်ရှားရှားဖြစ်ကုန်သည်။ ဖက်တီးကျန်းကြီးကမူ လှပ၍ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦးက သူ့ကိုဆူပူနေသဖြင့် မျက်စိပျက် မျက်နှာပျက်နှင့် ခေါင်းငိုက်စိုက်ကျနေသည်။ ထိုအမျိုးသမီးမှာ ဖက်တီးကျန်းကြီးက ပိုင်ရှောင်ချန်းကိုပြောပြခဲ့သော ဘွားတော်ကြီးဆိုသူပင်ဖြစ်သည်။ ဒယ်အိုး၏အသံကိုကြားလိုက်ရသောအခါ သူမ၏အမူအရာပြောင်းလဲသွားပြီး အဝေးသို့မျှော်ကြည့်လိုက်သည်။ ဖက်တီးကျန်းကြီးမှာလည်း တုန်တုန်လှုပ်လှုပ်နှင့် လိုက်ကြည့်လိုက်လေသည်။

” မွှေးရနံ့တိမ်တောင်ကဒယ်အိုးရဲ့ အသံပဲကွ။ မဟုတ်မှလွဲရော မွှေးရနံ့တိမ်တောင်က ဂိုဏ်းသားတစ်ယောက်ယောက်ကများ စစ်ဆေးမှုအကုန်လုံးမှာ နံပါတ်၁ရသွားတာများလား။”

မြစိမ်းတောင်ပေါ်တွင်လည်း ထိုကဲ့သို့ဖြစ်ရပ်တူများဖြစ်နေပြီး အကြီးအကဲများနှင့် ဂိုဏ်းချုပ်များပင် တအံ့တသြ လှမ်းကြည့်နေကြသည်။

တစ်စတစ်စ ဆေးတစ်သောင်းအဆောင်နားတွင် လူများ ပိုပို၍ ထူထပ်လာတော့သည်။

ပိုင်ရှောင်ချန်းသည် ထိုလူအုပ်ထဲရောက်နေပြီး ဆူဆူညံညံအသံများကိုကြားလိုက်သောအခါ ကျောက်တိုင်၁၀တိုင်ကို မော့ကြည့်လိုက်သည်။ အခြားလူများနှင့်အတူ သူကလိုက်၍မအော်သော်လည်း နှလုံးသားထဲတွင်မူ ဖော်ပြ၍မရနိုင်သော ခံစားချက်များဖြင့် ပြည့်နှက်နေသည်။ သူက မာနမပါပဲ ပျော်ရွှင်မှုသက်သက်သာပါသော အပြုံးကိုဆင်မြန်းရင်း နေရာမှာပင် မတ်မတ်ကြီးရပ်နေတော့သည်။

ဤကဲ့သို့ အံ့ဖွယ်အရာကို လုပ်ပြရန် သူ၁နှစ်ကျော်ကြိုးစားခဲ့ရသည်မဟုတ်ပါလော။ ပထမဆုံးကျောက်တိုင်မှစကာ ကျောက်တိုင်၁၀တိုင်လုံးတွင် နံပါတ်၁ယူခဲ့ခြင်းဖြစ်သည်။ သို့သော်လည်းအဆုံးတွင်မူ ထိုသို့ နံပါတ်၁နေရာ များစွာရရှိခြင်းက သူ့အတွက်တော့ သိပ်အရေးမပါလှချေ။ သူ့အတွက်အမြတ်ထွက်သွားသည်မှာ လက်ထောက်သမားတော်များကျွမ်းကျင်ရန်လိုအပ်သော အပင်နှင့်အသီးအရွက်များသာမက ဝိညာဥ်သတ္တဝါများကို ကောင်းကောင်းမွန်မွန် နားလည်သဘောပေါက်သွားခြင်းပင်ဖြစ်သည်။

သူသည် မည်သူမျှမရခဲ့ဖူးသော အခြေခံတစ်ခုကို ရရှိသွားပြီဖြစ်သည်။ ရက်ပေါင်းညပေါင်းများစွာ မပြီးနိုင်မဆုံးနိုင် အပင်များနှင့် ဝိညာဥ်သတ္တဝါများကို ရူးရူးမူးမူးလေ့လာခဲ့သည်များကို ပြန်တွေးလိုက်ရင်း ပိုင်ရှောင်ချန်း သက်ပြင်းချလိုက်တော့သည်။

စိတ်စွမ်းအင်နတ်ရေစင်တစ်ဂိုဏ်းလုံးတွင် ထိုကဲ့သို့ အပင်နှင့်အသီးအရွက်များတွင် လိုအပ်သည့် ကျွမ်းကျင်မှုအခြေခံမှာ အတွင်းစည်းဂိုဏ်းသားများထံတွင်ပင် မရှိပေ။ ထို့ကြောင့်ပိုင်ရှောင်ချန်းက လုံးဝကျေနပ်နေတော့သည်။

မကြာမီတွင် အစွမ်းထက်သော တန်ခိုးအဆင့်ရှိသည့် အလင်းတန်းများ လေထဲတွင် ဝဲပျံနေသည်ကို မြင်လိုက်ရသည်။ ထိုအလင်းတန်းများထဲတွင် အကြီးအကဲကျိုး၊ အကြီးအကဲစွန်းနှင့် လီချင်းဟောက်တို့ပါဝင်သည်။

ကျောက်တိုင်၁၀တိုင်ပေါ်ရှိနံပါတ်၁နေရာယူထားသော လိပ်ကလေးကို မြင်လိုက်သောအခါ သူတို့၏မျက်လုံးများမှာ တောက်ပလာသည်။ လီချင်းဟောက်မှာမူ အဆိုးဆုံးပင်။ လိပ်ကလေး၏ပုံစံကြောင့် အစတွင် သူအနည်းငယ်တုန်လှုပ်သွားသော်လည်း ခဏကြာသော် နားလည်ရခက်စွာ တဟားဟားရယ်မောနေတော့သည်။ သူက လူအုပ်ထဲကိုတစ်ချက်ဝှေ့ကြည့်လိုက်ပြီး ပိုင်ရှောင်ချန်းကိုမြင်သောအခါ မည်သူမှမသိနိုင်သော ချီးကျူးသည့်အရိပ်အယောင်များ သူ၏မျက်လုံးထဲတွင်ပေါ်လာသည်။

အချိန်အနည်းကြာသောအခါ သူက ထိုလိပ်ကလေး၏ပိုင်ရှင်မှာ ပိုင်ရှောင်ချန်းသာဖြစ်ရမည်ဟုတွေးရင်း အင်္ကျီလက်ကိုခါရမ်းကာ ပျော်ရွှင်စွာထွက်ခွာသွားတော့သည်။

မကြာမီတွင် ဂိုဏ်းသားကြီးများသည်လည်း ထွက်ခွာသွားကြသည်။ သို့သော်လည်း လိပ်ကလေးကို အထူးတဆန်းလာကြည့်ကြသော အတွင်းစည်းဂိုဏ်းသားများကမူ ပို၍များလာတော့သည်။ သူတို့သည်လည်း အပြင်စည်းဂိုဏ်းကနေ တက်လာရသည်ဖြစ်၍ ကျောက်တိုင်၏စစ်ဆေးမှုကို အပြင်စည်းဂိုဏ်းသားများလည်း စိန်ခေါ်နိုင်ကြောင်း သိထားလေသည်။ ထိုစိန်ခေါ်မှုများ မည်မျှခက်ခဲကြောင်းကိုလည်း သူတို့ ကောင်းကောင်းသိကြသည်။

” ဒီလိုလုပ်နိုင်တဲ့ အပြင်စည်းဂိုဏ်းသားကတော့ တကယ့်ကို ပါရမီရှင်ပါပဲကွာ ”

” ဟွန်း။ ငါတို့က နည်လှည့်သမားတော်တွေကွ။ ငါတို့စိတ်ထဲမှာ စိတ်စွမ်းအင်ဆေးဝါးတွေပဲရှိတယ်။ အပင်နဲ့အသီးအရွက်တွေအကြောင်း နောကျေအောင်သိနေလည်း စိတ်စွမ်းအင်ဆေးဝါးမဖော်စပ်နိုင်ရင် အလကားပဲဟေ့။” လိပ်ကလေးအကြောင်း ချီးကျူးသူကချီးကျူး ဝေဖန်သူက ဝေဖန်နေကြသည်။

အချို့သော အတွင်းစည်းဂိုဏ်းသားများက လိပ်ကလေးကို လေးစားသော်လည်း အချို့ကမူ မုန်းတီးကြသည်။ သို့သော်လည်း သူတို့ ဘယ်လိုမြင်မြင် လိပ်ကလေးကတော့ လူတိုင်း၏ အတွေးပုံရိပ်ထဲတွင် ထင်ကျန်နေပြီဖြစ်ရာ အများစုမှာ ကြောက်ရွံ့နေကြသည်။

ထိုလိပ်ကလေး ဆေးဖော်စပ်ရာတွင် မည်မျှကျွမ်းကျင်မည်ဖြစ်ကြောင်းကိုမူ မည်သူမှ မသိပေ။ သို့သော်လည်း ထိုကဲ့သို့ ခိုင်မာလှသောအခြေခံရှိသည့်အတွက် လိပ်ကလေး နယ်လှည့်သမားတော်ဖြစ်သွားသည့်အခါ သူ၏ခရီးလမ်းက ချောမွေ့နေမည်မှာ အမှန်ပင်။

လူအုပ်ကြီးမှာ ကျိုးရှင်းချီပေါ်လာသည်အထိ ဆက်၍ဆူညံနေကြသည်။ သူမသည်မိုးပြာရောင်ချည်မျှင်ပေါ်တွင်ရပ်ရင်း လိပ်ရုပ်လေးကို စစ်ဆေးလိုက်သည်။ ထိုအခါ လူအုပ်ကြီးက တဖြည်းဖြည်းငြိမ်ကျသွားပြီး သူမကိုအကုန်ဝိုင်းကြည့်လိုက်ကြသည်။

ကျောက်တိုင်အားလုံးတွင် လိပ်ကလေးကနံပါတ်၁နေရာယူထားသည့်မြင်ကွင်းကြောင့် သူမ၏မျက်လုံးထဲတွင် အရှုံးမပေးလိုသောစိတ်ဓာတ်များဖြင့် တောက်ပနေတော့သည်။ အတိတ်တွင် ထိုကဲ့သို့ခံစားချက်မျိုးအား အခြားသူများကိုဖြစ်ပေါ်စေခဲ့သူမှာ သူမကိုယ်တိုင်ပင်ဖြစ်သည်။ သို့သော်ယခုတွင်မူ အရာအားလုံးက ပြောင်းပြန်ဖြစ်နေတော့သည်။

” နင်က ဘယ်သူများလဲ ” သူမက အံကိုကြိတ်ရင်း တီးတိုးလေးရေရွတ်လိုက်သည်။ သူမကိုကျော်တက်သည်ကို သည်းမခံနိုင်၍ ကြိုးစားပြီး လိပ်ကလေးကိုလိုက်ပြိုင်သော်လည်း လိပ်ကလေး၏ စွမ်းရည်မှာ မြင့်မားလွန်းနေသည့်အတွက် သူမလည်းမတတ်နိုင်ပေ။ ယခုလက်ရှိတွင်မူ သူ့ကိုကျော်တက်ရန် သူမတွင် ယုံကြည်ချက်များ ကင်းမဲ့နေတော့သည်။ လိပ်ကလေး၏ပုံရိပ်မှာ သူမ၏နှလုံးသားထဲတွင် တံဆိပ်ရိုက်နှိပ်ထားသကဲ့သို့ စွဲကျန်ရစ်ခဲ့ပြီဖြစ်သည်။

” အပင်နဲ့ အသီးအရွက်တွဲမှာ ငါ့ထက်နင် တော်ရင်တော်လိမ့်မယ်။ ဒါပေမဲ့ နယ်လှည့်သမားတော်ဖြစ်တဲ့အထိစောင့်ကြည့်ကြတာပေါ့။ ဆေးဖော်စပ်တဲ့နေရာမှာ ငါ့ကိုကျော်နိုင်မယ်ဆိုတာတော့ ငါမယုံဘူး။” သူမက ကိုယ့်ကိုယ်ကို အားပေးစကားပြောကာ အသက်ပြင်းပြင်းရှူလိုက်ပြီး တည်ငြိမ်အောင်လုပ်လိုက်သည်။

သူမသည် စစ်ဆေးမှုခံယူပြီးသဖြင့် နယ်လှည့်သမားတော်အဆင့်သို့ ရောက်ရှိသွားပြီဖြစ်လေသည်။ ထို့ကြောင့် ကျောက်တိုင်များကို နောက်ဆုံးတစ်ခေါက်ကြည့်လိုက်ရင်း နောက်သို့လှည့်ကာ အဝေးသို့ထွက်ခွာ ပျောက်ကွယ်သွားတော့သည်။

ကျောက်တိုင်၁၀တိုင်ကို နောက်ဆုံးတစ်ခေါက်ကြည့်ပြီးသောအခါ ပိုင်ရှောင်ချန်းလည်းထွက်ခွာခဲ့တော့သည်။ လမ်းတစ်လျှောက်တွင်လည်း သူကကြိမ်းဝါးနေ၏။
” ငါ့ရဲ့ ထိပ်တန်းသမားတော်ကြီးဖြစ်အောင်လျှောက်မဲ့လမ်းမှာ ဒီလောက်ကတော့ ခရီးတစ်ထောက်စာပဲရှိသေးတယ်။ ”

ကျောက်တိုင်ကိစ္စကြောင့် အုပ်အော်သောင်းနင်းဖြစ်နေမှုမှာ လနှင့်ချီအောင်ကြာမြင့်လေသည်။ အထူးသဖြင့် ဆေးပေါင်းတစ်သောင်းအဆောင်သို့လာပြီး လိပ်ရုပ်ကလေးကိုမြင်သောသူများက ထိုအကြောင်းကို မနားတမ်းပြောဆိုနေကြသည်။

ထိုအချိန်တွင် ကျိုးရှင်းချီ၏ ပရိတ်သတ်များက ဂိုဏ်းကို ပိုက်စိတ်တိုက်ရှာဖွေနေပြီး ရသမျှနည်းသုံးကာ လိပ်ကလေးမှာ မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်ရန် ကြိုးစားနေကြသည်။ ‘ ချန် ‘ မျိုးနွယ်လူငယ်မှာ အဆိုးဆုံးဖြစ်ပြီး ထိုကိစ္စနှင့်ပတ်သတ်၍ ဒေါသကြီးစွာ ပေါက်ကွဲနေသည်။

လတ်တလောဖြစ်ရပ်များကြောင့် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ တောင်ဘက်တစ်ခြမ်းလုံး လှုပ်ခတ်နေတော့သည်။ အခြားလူများက လိပ်ကလေးအကြောင်း ဆွေးနွေးငြင်းခုံနေကြစဥ် ပိုင်ရှောင်ချန်းမူ သူ၏ခြံဝန်းထဲတွင် မျက်လုံးနီကြီးများဖြင့် သူ့ရှေ့တွင် ပျံဝဲနေသော သစ်ရွက်လေးကို ထိန်းချုပ်နေသည်။

သူက ပေါ့ပါးရာမှသည်လေးလံခြင်းဆီသို့ အတတ်ကို လေ့လာနေခြင်းဖြစ်သည်။ လွန်ခဲ့သောနှစ်တစ်ဝက်လုံး သူကထပ်ခါထပ်ခါကြိုးစားခဲ့သော်လည်း ယခုအထိ ထိုသစ်ရွက်ကိုဘာမှ ဖြစ်မြောက်အောင် မလုပ်နိုင်သေးပေ။

ဆေးပေါင်းတစ်သောင်းအဆောင်ရှိ ဖြစ်ရပ်များကြောင့် ကျိုးရှင်းချီ၏ ပရိတ်သတ်များကလည်း သူ့ကိုမနားတမ်းရှာဖွေနေသည်။စိတ်ထဲတွင် လန့်လာသည့်အတွက် သူက ခြံဝန်းအတွင်းအောင်းကာ ပေါ့ပါးရာမှသည်လေးလံခြင်းဆီသို့ အတတ်ကိုကျင့်ရင်း ကိစ္စများ ငြိမ်သက်သွားအောင် စောင့်နေတော့သည်။

” လေးလံရာမှသည်ပေါ့ပါးခြင်းဆီသို့ဆိုတာ အရှိန်ကိုအလေးပေးတာ။ ပေါ့ပါးရာမှသည် လေးလံခြင်းဆီသို့ဆိုတာကတော့ ထိန်းချုပ်နည်းတွေကို အလေးပေးတာပဲကွ။” ပိုင်ရှောင်ချန်းကလေ့ကျင့်ရင်း တွေ့ကြုံခဲ့ရသည်များကိုပေါင်းစပ်ရင်း စဥ်းစားတွေးတောနေတော့သည်။

” အဲ့လိုထိန်းချုပ်တာကို လူတစ်ယောက်ရဲ့ ကိုယ်တွင်းစွမ်းအင်ကို ပေါက်ကွဲစေလိုက်ခြင်းလို့လည်း ပြောလို့ရမယ် ” ပိုင်ရှောင်ချန်း၏ မျက်လုံးများက အရောင်လက်လာသည်။
သူသည် ချီစုစည်းမှုအဆင့်၆ထဲတွင်ရောက်နေပြီဖြစ်ပြီး သူ၏ စိတ်စွမ်းအားများမှာ မြစ်ကြီးတစ်စင်းအားလား များပြားနေပြီဖြစ်သည်။ လေးလံရာမှသည် ပေါ့ပါးခြင်းဆီသို့အတတ်ကိုမူ သူကကောင်းကောင်းထိန်းသိမ်းနိုင်ပြီး ကြောက်မက်ဖွယ်အရှိန်ကို ထုတ်သုံးနိုင်ပြီဖြစ်သည်။

ပေါ့ပါးရာမှသည် လေးလံခြင်းဆီသို့အတတ်ဆိုသည်မှာ လူတစ်ယောက်၏ ကိုယ်တွင်းစွမ်းအင်ကို အသုံးချသည့်နည်းလမ်းတစ်ခုသာဖြစ်ကြောင်း သူကသိထားပြီးဖြစ်သည်။ ဥပမာပြရလျှင် ရိုးရိုးသစ်ရွက်အပြားလိုက်ဖြင့် သစ်ကိုင်းအသေးလေးကိုသာ ‘မ’ နိုင်သော်လည်း လိပ်ထားသောသစ်ရွက်ကိုသုံးပါက ကျောက်တုံးအသေးစားကိုပင် မနိုင်သည့်အချက်နှင့်တူပေသည်။

ထိုနည်းတူ သစ်ရွက်ကို ကြိုးမျှင်လေးများဖြစ်အောင်ဖြတ်ပြီး ကြိုးတစ်ကြိုးထဲဖြစ်အောင် ကျစ်လိုက်ပါက ပို၍လေးလံသော အရာများကိုပင် ‘မ’ နိုင်မည်ဖြစ်သည်။

ပစ္စည်းအမျိုးအမျိုးမှာ ဤသဘောတရားနှင့်အတူတူပင်။ အဆုံးတွင် ‘မ’ နိုင်သောအလေးချိန်ပမာဏမှာ ကိုယ်က မတူညီသောအရာများကို ပေါင်းစပ်လိုက်သည့်နည်းလမ်းပေါ်တွင် မူတည်လေသည်။

ပေါ့ပါးရာမှသည် လေးလံခြင်းဆီသို့အတတ်မှာ ထိုကဲ့သို့သဘောပင်ဖြစ်ပြီး ထိုအတတ်ကိုကျွမ်းကျင်ပါက သူမတူသော အဆင့်တစ်ခုသို့ရောက်သွားမည်ဖြစ်သည်။

ပိုင်ရှောင်ချန်းကမူ ထိုအကြောင်းကို အနည်းငယ်ထပ်တွေးတောလိုက်ပြီး လက်ကိုဝှေ့ယမ်း၍ သစ်ရွက်တစ်ရွက်ကိုဆွဲယူလိုက်ကာ စမ်းသပ်မှုကို စတင်လိုက်သည်။
တစ်ခါတစ်ရံတွင် သစ်ရွက်မှာ လျှင်မြန်စွာရွေ့လျှားပြီး အခြားအခါများတွင် သစ်ရွက်မှာ သူ့အပေါ်တွင် တောင်တစ်လုံးဖိထားသည့်အလား နှေးကွေးစွာ ရွေ့လျှားလေသည်။

သို့သော်လည်း သူလိုချင်သော ရလဒ်ကိုမူ မရရှိပေ။

တစ်ကြိမ်ကြိုးစား၍မရသောအခါ သူက ၁၀ကြိမ်ကြိုးစားသည်။ ၁၀ကြိမ်နှင့်မရသောအခါ အကြိမ်၁ရာကြိုးစားသည်။ အကြိမ်၁ရာနှင့်မရသောအခါ အကြိမ်၁ထောင်အထိ သူကြိုးစားသည်။

အဆုံးတွင် ဘယ်နှစ်ကြိမ်ကြိုးစားထားသည်ကိုပင် မေ့သွားသည်အထိပင်။ သူ၏ခြံဝန်းမှာ သစ်ရွက်အပိုင်းအစများနှင့် ပြည့်နှက်နေတော့သည်။ စမ်းရင်းစမ်းရင်း အဆုံးတွင် မွှေးရနံ့တိမ်တောင်ပေါ်ရှိ စိတ်စွမ်းအင်အပင်အားလုံးနီးပါးမှာ အရွက်များ မရှိတော့ချေ။ ထို့နောက် တစ်ရက်တွင် ပိုင်ရှောင်ချန်း၏ မျက်လုံးများက ဖျတ်ခနဲလက်သွားပြီး လက်ဖြင့်ဂါထာတစ်ခုမန်းမှုတ်ကာ ရှေ့သို့ညွှန်ပြလိုက်သည်။ထိုအခါ သူ၏ရှေ့တွင် ညင်သာစွာပျံဝဲနေသော သစ်ရွက်လေးကမြေကြီးပေါ်သို့ ကျောက်ဆောင်တစ်ခုအလား ပစ်ကျသွားသည်။

ထိုအခါ အုန်းခနဲ အသံကျယ်ကြီးပေါ်ထွက်လာပြီး ခြံဝန်းတစ်ခုလုံး တုန်ခါသွားတော့သည်။ မသိလျှင် ထိုသစ်ရွက်တစ်ရွက်မှာ ကီလိုဂရမ်ရာပေါင်းများစွာ လေးလံသည့်အလားပင်။

” အလုပ်ဖြစ်တယ်ဟ ” ပိုင်ရှောင်ချန်းကနီရဲနေသောမျက်လုံးများဖြင့် စိတ်လှုပ်ရှားနေတော့သည်။ သူကရုတ်တရက် လက်ကိုဝှေ့ယမ်းလိုက်ကာ သူ၏သစ်သားဓားကို ပျံဝဲကာထွက်လာစေလိုက်သည်။ ထိုဓားက အနက်ရောင်အလင်းတန်းတစ်ခုအဖြစ် ကြောက်မယ်ဖွယ်အရှိန်ဖြင့် လေကိုခွင်းသွားသည်။ ဓားက အရင်ကထက်ပင်ပို၍ကြောက်မက်ဖွယ်ကောင်းလာပြီး လေကိုခွင်းသွားသောအခါ ကျောချမ်းဖွယ်အသံတစ်ခုကိုပင် ထုတ်လွှတ်နေသည်။

ထို့နောက် ကျောက်ဆောင်ကြီးတစ်ခု အပိုင်းပိုင်းဖြစ်သွားသောအခါ ဝုန်းခနဲအသံကြီး ထွက်လာသည်။

ထိုအံ့သြဖွယ်စွမ်းအင်မှာ အဆင့်၆ချီစုစည်းမှုနှင့် လိုက်လျောညီထွေမှုမရှိတော့ပေ။ အဆင့်ခုနစ်ရှိသူများပင် ယခုဖြစ်သွားသောအရာကိုမြင်လိုက်ပါက တုန်လှုပ်နေမည်မှာ သေချာလှသည်။


Comment

Leave a Reply

Options

not work with dark mode
Reset