သူ့ မျက်လုံးများသည် လေထဲ၌ ရပ်နေသည့် ဆံပင်အဖြူရောင် ပုံရိပ်ပေါ်တွင် စူးစိုက်နေကာ အလွန် ထိတ်လန့်အံ့သြနေသည်။ သူသာလျှင် မဟုတ်ဘဲ စားသောက်ဆိုင်အနီးရှိ ကျယ်ပြောသော နေရာတစ်ခုလုံးမှ မရေတွက်နိုင်သော လူများသည် ရီဖူရှင်းကို အာရုံစိုက်နေကြပေသည်။ ပညာရှိကျမ်းမှ ထုတ်လွှတ်လာသည့် နတ်အလင်းသည် နှိုင်းယှဥ်၍ မရအောင် တောက်ပနေဆဲ ဖြစ်သည်။
တစ်ချက်မျှ တိုက်ခိုက်လိုက်ရုံဖြင့် အရာအားလုံးက အဝေးသို့ ရှင်းထုတ်ပြီး ဖြစ်သွားခဲ့သည်။ ထျန်းဟယ်မြို့မှ ထူးချွန်သည့် ပါရမီရှင်များသည် မည်သူမှ သူ့နှင့် ယှဥ်နိုင်ခြင်း မရှိပေ။
မုချင်းယွီသည် ထိုအဖြူရောင်ဆံပင်နှင့် ပုံရိပ်ကို စိုက်ကြည့်လိုက်ပြီး သူမ၏ နှလုံးသားက ခုန်ပေါက်နေသည်။ သူက အလွန် အားကောင်းလှသည်။ သူတို့က ပြန်လည်မွေးဖွားခြင်း အဆင့်၌ တူညီနေကြလျှင် သူက မည်သည့်အတွက် ထိုမျှ အားကောင်းနေရသနည်း။
အမှန်တကယ်ကိုပင် တစ်ဦးထက် ပို သာလွန်သည့် တစ်စုံတစ်ဦးက အမြဲရှိနေတတ်သည်။
ထျန်းဟယ်မဟာအကြီးအကဲသည် နှစ်ပေါင်းများစွာအတွင်း မည်သည့်တပည့်မှ လက်မခံခဲ့သော်လည်း ယခုတွင် သူက ဆက်ခံသူတစ်ဦး ရွေးချယ်ခဲ့ကာ ထိုသူသည် ပထမဆုံးတိုက်ပွဲ၌ပင် တလောကလုံးကို တုန်လှုပ်သွားစေပေသည်။
သူ၏ အဆင့်သည် ပြန်လည်မွေးဖွားခြင်း အထွတ်အထိပ်အဆင့်သို့ ကျိန်းသေ ရောက်ရှိပြီး ဖြစ်ပေလိမ့်မည်။
သူ၏ တိုက်ပွဲစွမ်းရည်သည် ထျန်ဟယ်ဘုံရှိ လူအားလုံးထဲမှ ရန်ဟောင်အဆင့်အောက် မည်သူမှ သူ့ကို ယှဥ်နိုင်မည့်ပုံမပေါ်ပေ။
“ကြောက်စရာကောင်းလွန်းတဲ့ ခွန်အား။ ကြည့်ရတာ မဟာအကြီးအကဲက ဆက်ခံသူကို တွေ့ကရာရွေးထားတာမျိုး မဟုတ်ဘူးပဲ” အဝေးမှ လူများက ပြောဆိုလိုက်ကြသည်။ မဟာအကြီးအကဲက တစ်ကိုယ်တည်း နေထိုင်ချင်သည်မှာ အံ့သြစရာမရှိတော့ပေ။ ဖြစ်နိုင်သည်မှာ သူ၏ ဆက်ခံသူက အလွန် ထူးချွန်သာလွန်သည့် အတွက် သူက အမွေအနှစ်များကို ထိုဆက်ခံသူအား လွှဲပြောင်းပေးလိုသည့်အတွက် အပြင်လောကနှင့် အဆက်အသွယ်ဖြတ်ထားခြင်း ဖြစ်နိုင်ပေသည်။
ပြောရလျှင် လတ်တလောနှစ်များအတွင်း ထျန်းဟယ်မဟာအကြီးအကဲသည် အပြင်လောက အရေးများ၌ ဝင်ရောက်စွက်ဖက်ခြင်း မရှိခဲ့ပေ။ သူသည် တောင်၌ပင် ကျင့်ကြံခြင်းကို အာရုံစိုက်ထားခဲ့ပြီး ဤနှစ်များအတွင်း ဖြစ်ပျက်သမျှ ကိစ္စတို့အား မမြင်သလိုပင် ရှိနေတတ်သည်။
“မဟာလမ်းစဥ်ခန္ဓာကိုယ်” လေထဲမှ အသံတစ်ခု ထွက်ပေါ်လာပြီး ပုံရိပ်တစ်ခုက ကောင်းကင်မှ ဆင်းသက်လာ၏။ ထိုအဘိုးအို၏ လက်ထဲတွင် ဓားတစ်လက်ကို ကိုင်စွဲထားသည်။
“ကောင်းကင်ဓားအကြီးအကဲ” လူတိုင်းက ထိုအဘိုးအိုကို မြင်သည့်အခါ စိတ်ထဲမှ တုန်ယင်သွားကြသည်။ ကောင်းကင်ဓားအကြီးအကဲသည် ရမ့်ခွမ်ရှန်းနှင့် အခြားလူများကဲ့သို့ မည်သည့်ထူးခြားသော ပါရမီမှ မရှိပေ။ သူသည် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သော်လည်း ရန်ဟောင်အဆင့်သို့ ခြေချနိုင်ခြင်း မရှိသေးပေ။ လူအများသည် သူ့အရည်အချင်းက အကန့်အသတ်ရှိပြီး ချိုးဖျက်ခြင်း မပြုနိုင်တော့ဟု တွေးထင်ခဲ့ကြသည်။
သို့သော် ကောင်းကင်ဓားအကြီးအကဲသည် အလွန်ဇွဲကောင်းပြီး သူ၏ စိတ်အခြေအနေက ထူးခြားသာလွန်သည်။ သူက အလွယ်တကူ လက်လျှော့ရန် စိတ်ကူးမရှိသည့်အတွက် သူ့ကိုယ်သူ ကျင့်ကြံခြင်းတွင် မြှုပ်နှံထားပြီး ဓားပညာရပ်တွင်သာ အားထုတ်မှုအားလုံးပုံအပ်ထားကာ အဆက်မပြတ် လေ့ကျင့်နေပြီး ရှန့်ထိုအဆင့်အထွတ်အထိပ်သို့ ရောက်ရှိရန် စဥ်ဆက်မပြတ် ကြိုးစားနေသည်။ သူသည် ပြန်လည်မွေးဖွားခြင်းအဆင့်တွင် နှစ်ပေါင်းများစွာ ရှိနေခဲ့ပြီး သူ၏ ဓားက အမြဲတစေ တိုးတက်နေသည်။ ဤရှည်လျားသည့် နှစ်ကာလများအတွင်း သူသည် ကောင်းကင်ဓားကို ဖန်တီးခဲ့သည်။ ကောလာဟလများက ပြောကြသည်မှာ ကောင်းကင်ဓားသည် ရန်ဟောင်အဆင့်အောက်မှ မည်သူကိုမဆို အဆုံးသတ်ပစ်နိုင်သည်ဟူ၍ ဖြစ်သည်။
ထျန်းဟယ်ဘုံမှ ဤပါရမီရှင်များသည် ကောင်းကင်ဓားအကြီးအကဲနှင့် ယှဥ်ပါက ကောင်းကင်မှ ချီးမြှောက်ထားမှုကို ပိုင်ဆိုင်ထားလျှင်ပင် ကျင့်ကြံခြင်းနှင့် တိုက်ပွဲစွမ်းရည်မှာတော့ သူတို့က ကောင်းကင်ဓားအကြီးအကဲကို သေချာပေါက် ယှဥ်နိုင်လိမ့်မည် မဟုတ်ပေ။
နှစ်ကာလများစွာကပင် ကောင်းကင်ဓားအကြီးအကဲကို စိန်ခေါ်ခဲ့သည့် ပါရမီရှင်အချို့မှာ တစ်ချက်တည်းနှင့် သုတ်သင်ခံခဲ့ရသည်။ ထိုသည်မှာ သေခြင်းရှင်ခြင်း တိုက်ပွဲဖြစ်သည့်အတွက် အသတ်ခံရသူတို့၏ မိသားစုမှာ ထိုကိစ္စကို တုန့်ပြန်ရန် မဖြစ်နိုင်ခဲ့ပေ။
“ထျန်းဟယ်မဟာအကြီးအကဲရဲ့ ဆက်ခံသူ.. ကျေးဇူးပြုပြီး သင်ကြားပေးပါဦး။” ကောင်းကင်ဓားအကြီးအကဲ၏ မျက်လုံးများက စူးရှနေသည်။ အကြည့်တစ်ချက်နှင့်ပင် အလွန် အလွန်ပြင်းထန်သည့် ဓားအလင်းက ကောင်းကင်မှ ကျဆင်းလာကာ ရီဖူရှင်း၏ စိတ်ဝိညာဥ်ကို ထိုးဖောက်လာသည်ဟု ထင်မှတ်ရသည်။ ကောင်းကင်နှင့် မြေကြီးအကြားတွင် ကြောက်မက်ဖွယ် ဓားမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာပြီး လေဟာနယ်ကို ထိုးခွဲသွားသည်။
မရေတွက်နိုင်သည့် ဓားအလင်းက တောက်ပနေပြီး ကောင်းကင်ဓားအကြီးအကဲသည် ဓားတစ်လက်ကို ကိုင်စွဲထားသည်။ သူ၏ တစ်ကိုယ်လုံးက ဓားတစ်လက်အဖြစ် ပြောင်းလဲသွားသကဲ့သို့ ဖြစ်၏။ သူ၏ ခန္ဓာကိုယ်အတွင်း သွေးကြောများထဲ ဆူပွက်နေသည့် သွေးတို့က လမ်းစဥ်စွမ်းအားများအဖြစ် စီးဆင်းလာသည်။ သူ၏ ခန္ဓာကိုယ်သည် သာမန် အသွေးအသား ခန္ဓာမဟုတ်တော့ဘဲ ကောင်းကင်ဓားခန္ဓာအဖြစ် ပြောင်းလဲသွားသည်။
ကောင်းကင်ဓားအကြီးအကဲတွင် အစွမ်းထက်သည့် နောက်ခံအင်အား မရှိသည့်အတွက် အလွန် အစွမ်းထက်သော တိုက်ခိုက်ရေး နည်းစနစ်များကို မကျင့်ကြံနိုင်ခဲ့ပေ။ သို့သော် သူသည် သေခြင်းရှင်ခြင်း တိုက်ပွဲများစွာ ဆင်နွှဲခဲ့ဖူးပြီး အန္တရာယ်များလှသည့် အခြေအနေတို့ကို အလွန်လျင်မြန်ထက်ရှသည့် သူ၏ ကောင်းကင်ဓားနှင့် ဖြေရှင်းခဲ့သည်။
ထျန်းဟယ်မြို့၌ ပြောစကားတစ်ခု ရှိသည်။ ‘ကောင်းကင်ဓားထွက်ပေါ်လာသည့်အခါ နတ်ဆိုးနှင့် နတ်ဘုရားများပင် သုတ်သင်ခံရလိမ့်မည်၊ ရန်ဟောင်အဆင့်အောက်မှ မည်သူမဆို သတ်ဖြတ်ခြင်း ခံရပေလိမ့်မည်။’
ရီဖူရှင်းသည် လေထဲမှ အဘိုးအိုကို မော့ကြည့်သည်။ သူ၏ အဖြူရောင်ဆံပင်များက လေထဲတွင် ကခုန်နေပြီး ပေါ့ပါးစွာ မေးသည်။ “ခင်ဗျားဆီမှာ လူသတ်ချင်တဲ့ ရည်ရွယ်ချက်ရှိနေတယ်။ ကျွန်တော် ခင်ဗျားကို ဆန့်ကျင်မိခဲ့တာများ ရှိလား။”
“အဲဒါက ဘာမှမဆိုင်ဘူး။ ငါက ဓားပညာကို ကျင့်ကြံတာကြောင့်မို့လို့ပါ။” အဘိုးအိုက တုန့်ပြန်သည်။ “ငါက ဓားပညာကို နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီး ကောင်းကင်ဓားက အဲဒီအဆင့်ကို ရောက်နေခဲ့ပြီ။ ရန်ဟောင်အဆင့်အောက်မှာ ယှဥ်ပြိုင်ဘက်နည်းနည်းပဲ ရှိတာကြောင့် ငါ့ရဲ့ ဓားကို ဘယ်သူမှ စမ်းသပ်ကြည့်ဖို့ မကြိုးစားတော့ဘူး။ မင်းက ထျန်းဟယ်မဟာအကြီးအကဲရဲ့ ဆက်ခံသူဖြစ်ပြီး ထူးခြားသာလွန်တဲ့ တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားတယ်။ ငါက အဲဒါကြောင့် လာခဲ့တာပဲ။ ငါ့ရဲ့ ဓားကို ထုတ်လိုက်တဲ့အချိန်မှာ သေမလာရှင်မလား ပြောရခက်တာမို့ မင်းလည်း ညှာတာမနေဖို့ အကြံပေးချင်တယ်။”
ရီဖူရှင်းသည် ဤအဘိုးအိုက ဘုံအတွင်း၌ နှစ်ပေါင်းများစွာ ပိတ်မိနေခဲ့ပြီး သူက လမ်းစဥ်အား ရှာဖွေချင်နေသည်ကို နားလည်ခဲ့သည်။ ယခု သူတို့က တွေ့ဆုံသည့်အခါ သူက သူ၏ ဓားလမ်းစဥ်ကို ရှာဖွေရန် ကြိုးစားလို၏။ ဤသည်မှာ အဘိုးအိုထံမှ အားအကောင်းဆုံး ဓားတိုက်ခိုက်မှု ဖြစ်နိုင်ပေသည်။
“စီနီယာ လူအရွေးမှားသွားပြီ။” ရီဖူရှင်းက ပြန်ဖြေသည်။ အမှန်မှာ သူ ဤနေရာသို့ လာခဲ့ခြင်းမှာ ထိုအဘိုးအိုနှင့် တူညီသော ရည်ရွယ်ချက်ဖြစ်သည့် လမ်းစဥ်ရှာဖွေရန် ဖြစ်သည်။ သို့သော် သူသည် နတ်ဘုရားနန်းတော် ခရီးစဥ်မှ ရီဖူရှင်း မဟုတ်တော့ပေ။ ယခင်က လီတောက်စီသည် ဓားပညာကို သူနှင့် ယှဥ်ရန် ကြိုးစားသည့်အခါ အချိန်က မှန်ကန်ကောင်းမွန်ပေသည်။
ယခု ကောင်းကင်ဓားအကြီးအကဲတွင် ထိုသို့ အခွင့်အရေးမျိုး မရှိပေ။
“မှန်လားမှားလားဆိုတာ ငါ့ရဲ့ အစွမ်းထက်ဆုံးဓားချက်နဲ့ ဆုံးဖြတ်မယ်။ တစ်နေ့မှာ ငါလိုချင်တဲ့ အဖြေကို ရှာတွေ့နိုင်လိမ့်မယ်။” အဘိုးအိုက ပြတ်သားစွာ ပြောသည်။ သူ၏ အသံ ပျောက်ကွယ်သွားသည့်အခါ အလွန်ထက်ရှသည့် ဓားအလင်းတို့က ကောင်းကင်သို့ ခုတ်ပိုင်းလိုက်ပြီး သူ့ဆီကို ထိုးဖောက်ဝင်ရောက်လာသည်။
နောက်တခဏတွင် သူသည် အလင်းတန်းတစ်ခုကို မြင်လိုက်ရပြီး ထိုသည်က ဓားအလင်း ဖြစ်ပေသည်။
အဘိုးအိုက ပျောက်ကွယ်သွားခဲ့သည်။ သူက ဓားအလင်းနှင့် ပေါင်းစပ်သွားပြီး ဓားလမ်းစဥ်အဖြစ် ပြောင်းလဲသွားသည်။
“ရှန့်ထိုအဆင့် အထွတ်အထိပ်ကို ရှာဖွေမယ်” ရီဖူရှင်းက နှလုံးသားထဲမှ ပြောသည်။ သူသည် လမ်းစဥ်ဖော်ဆောင်ခြင်း ၏ အကန့်အသတ်ကို ချိုးဖျက်လိုသည်။ သူ၏ စဥ်းစားတွေးခေါ်မှုက မမှားသော်လည်း အမြဲတစေ အသုံးမဝင်ပေ။
ကျယ်ပြောလှသည့် နေရာတစ်ခွင်မှ မရေတွက်နိုင်သည့် လူများက ဓားကို ကြည့်နေကြပြီး ဓားအလင်း ပေါက်ကွဲထွက်လာသည့် အခိုက်အတန့်တွင် မြေပြင်၌ အက်ကြောင်းများ စတင်ပေါ်ပေါက်လာသည်။ အဝေးမှ လူများပင်လျှင် သူတို့၏ စိတ်ဝိညာဥ်များက စုတ်ဖြဲခံလိုက်ရသကဲ့သို့ ခံစားမိကြပေသည်။
ရီဖူရှင်း၏ အဖြူရောင်ဆံပင်တို့က လေထဲတွင် လွင့်နေသော်လည်း သူသည် မည်သည့်ရွေ့လျားမှုမှ မရှိဘဲ ရပ်နေခဲ့သည်။ ပညာရှိကျမ်း၏ အလင်းက မဟာလမ်းစဥ် မီးပြင်းဖိုကဲ့သို့ ပေါက်ကွဲထွက်လာပြီး ကောင်းကင်နှင့် မြေကြီးမှ လမ်းစဥ်တို့ကို တစ်ခုတည်းအဖြစ် သန့်စင်သည်။ ဝိညာဥ်စွမ်းအားများက သတ်ဖြတ်ရန် လာနေသည့် ဓားအလင်းတို့ကို ဖမ်းယူလိုက်ပြီး သူ၏ လက်က မြောက်တက်လာကာ ကောင်းကင်သို့ ညွှန်သည်။
တောက်ပသည့် ဓားအလင်းတို့က လေထဲတွင် မျောလွင့်နေသည်။ ဓားက ချဥ်းကပ်လာကာ ဓားအလင်းတို့က ရောင်စဥ်တန်းများကဲ့သို့ ရီဖူရှင်း၏ ခန္ဓာကိုယ်ကို ထိုးဖောက်လာသည်။ သို့သော် ရီဖူရှင်းက လှုပ်ရှားမှုမရှိဘဲ ရပ်နေခဲ့၏။ သူ၏ လက်ချောင်းက ဓားပေါ်သို့ ကျဆင်းလာပြီး လက်တစ်ချောင်းမှ စွမ်းအားသည် ဓားလမ်းကြောင်းကို ပိတ်ဆို့တားဆီးရန် လုံလောက်ခဲ့သည်။
ထန်း…
ကြည်လင်သည့်အသံတစ်ခု ထွက်ပေါ်လာပြီး မရေတွက်နိုင်သည့် လမ်းစဥ်အလင်းများက ဓားအတွင်း ပေါင်းစပ်သွားသည်။ ခဏအကြာတွင် ဓားသည် အရှေ့နှင့် အနောက်သို့ ပျံသန်းသွားပြီးနောက် အဘိုးအို၏ ပုံရိပ်က ထိုနေရာတွင် ပေါ်ပေါက်လာသည်။ ကျယ်လောင်သည့် အသံနှင့်အတူ သူက ပါးစပ်အပြည့် သွေးတစ်လုတ်အန်ထုတ်လိုက်ရသည်။ သူ၏ မျက်နှာက ဖြူဖျော့သွားပြီး သူ၏ အသက်ဓာတ်က လျင်မြန်စွာ ဆိုးဝါးလာခဲ့ကာ အကြီးအကျယ် အားနည်းသွားပေသည်။
“ဒါက..”
လူအုပ်ထဲမှ လူတိုင်းသည် အလွန် ထိတ်လန့်သွားကြသည်။ သူက မည်သို့ ထိုမျှထိ အားကောင်းရသနည်း။
ကောင်းကင်ဓားအကြီးအကဲသည် ရှန့်ထိုအဆင့် ထိပ်ဆုံးအကန့်အသတ်သို့ ရောက်ရှိနေသော်လည်း သူက လက်တစ်ချောင်းမှ ထွက်ပေါ်လာသည့် အင်အားကိုပင် မရပ်တန့်နိုင်သည်လား။
သူ၏ ဓားက မည်သည့်အချိန်မှ စကာ ထိုမျှ အားနည်းသွားရသနည်း။
ရမ့်ခွမ်ရှန်းအပါအဝင် အခြားသူများ အားလုံးက နားမလည်နိုင်ကြပေ။ သို့သော် သူတို့၏ နှလုံးသားထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်နေသည်။
ထိုမျှ ခွန်အားသည် အလွန် ကြီးမားလှကာ အခြားသူများကို မျှော်လင့်ချက် ကင်းမဲ့သွားအောင် လုပ်ဆောင်နိုင်ပေသည်။
“ကန့်သတ်ချက်တွေကြားမှာတောင် ကွဲပြားတဲ့ အဆင့်တွေ ရှိတယ်။” ရီဖူရှင်းက အဘိုးအို သူ့ကို ကြည့်နေသည်အား မြင်သည့်အခါ ပြောသည်။ အဘိုးအိုက ထိုစကားလုံးများကို ကြားသည့်အခါ နက်နက်နဲနဲ တွေးတောနေခဲ့သည်။ သူက သက်ပြင်းချလိုက်ပြီး အနည်းငယ် ဝမ်းနည်းနေပုံပေါ်သည်။
အမှန်ပင် သူ၏ သက်တမ်းတလျှောက်တွင် သူ၏ အကန့်အသတ်ကို သာလွန်ရန် အဆက်မပြတ် ကြိုးစားနှစ်မြှုပ်ထားသော်လည်း သူသည် များပြားလှသည့် ပြန်လည်မွေးဖွားခြင်းအဆင့်များကို အနိုင်ရခဲ့ပြီး ထျန်းဟယ်မြို့၌ နာမည်ကောင်းလေး ရှိရုံသာ ဖြစ်ပေသည်။ သို့သော် သူ့နှင့် တူညီသည့် အဆင့်သို့ ရောက်ရှိနေသူများရှိခဲ့လျှင် သူသည် သူတို့နှင့် ယှဥ်ပြိုင်ရန် လွယ်ကူမည် မဟုတ်ပေ။
ရီဖူရှင်းက အကန့်အသတ်များ ကြား၌ပင် ကွဲပြားသည့် အဆင့်များ ရှိနေသည်ဟု ပြောခဲ့သည်။ ထိုသည်မှာ အေးစက်၍ အရေးမစိုက်သကဲ့သို့ ဖြစ်နေသော်လည်း အမှန်တရားပင် ဖြစ်သည်။
ထို့အပြင် ဤကွာခြားချက်က ပေါင်းကူးပေး၍ မရနိုင်ပေ။
“အကြီးအကဲက ဒါကို စိတ်ထဲ ထည့်ထားဖို့ မလိုပါဘူး။ လက်ရှိမှာ ရန်ဟောင်အဆင့်အောက် ကျွန်တော့ကို ယှဥ်နိုင်တဲ့သူတွေက ထျန်းဟယ်မြို့က မဟုတ်ဘူး။” ရီဖူရှင်းက ဆက်ပြောသည်။ သူသည် ထျန်းဟယ်မြို့က မည်သူမှ သူ့ကို မယှဥ်နိုင်သည်အား ပြောသောအခါ ယဥ်ကျေးသိမ်မွေ့စွာပင် ဖြစ်သည်။ သူ၏ လက်ရှိအခြေအနေကို ဆုံးဖြတ်ရလျှင် မဟာလမ်းစဥ် ဘုံသုံးထောင်အတွင်းမှာပင် သူနှင့်အဆင့်တူကို ရှာရန် ခက်ခဲလိမ့်မည် ဖြစ်သည်။
သို့ဆိုလျှင်ပင် သူ့အနီးမှ လူများက သူ၏ ဘဝင်ကိုင်သော စကားများကြောင့် ထိတ်လန့်အံ့သြနေကြရပေသည်။
ထျန်းဟယ်မြို့တွင် မည်သူမှ မရှိဟု ဆိုသည်လား။
ဤတွက်ဆချက်တွင် ထျန်းဟယ်ဘုံမှ တန်ခိုးရှင်အားလုံးပါဝင်နေခဲ့သည်ဟု ဆိုခြင်းက မည်မျှ ရိုင်းပြလိုက်သနည်း။ သို့သော် ဤတိုက်ပွဲကို မျက်မြင်တွေ့ခဲ့ရသည့် သူတို့သည်လည်း ရန်ဟောင်အဆင့်အောက်မှ မည်သူမှ ရီဖူရှင်းကို မယှဥ်နိုင်ဟု တွေးထင်ခဲ့ကြပေသည်။
ထိုအချိန်တွင်ပင် ရီဖူရှင်းသည် သူ၏ အင်အား မည်မျှကို ထုတ်ဖော်ထားသည်အား မရရှိကြပေ။
ထျန်းဟယ်မဟာအကြီးအကဲ၏ ဆက်ခံသူက အမှန်ပင် ကြောက်မက်ဖွယ် အစွမ်းထက်လှသည်။
ကောင်းကင်ဓားအကြီးအကဲက ရီဖူရှင်းကို အကြာကြီး ကြည့်နေခဲ့သည်။ ထို့နောက် သူက လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပြု၍ ပြောလိုက်၏။ “သင်ကြားပြသပေးလို့ ကျေးဇူးတင်ပါတယ်။”
သူက ပြောပြီးသည်နှင့် အဝေးသို့ လျှောက်သွားခဲ့သည်။ ရီဖူရှင်းထံမှ နှစ်သိမ့်စကား ကြားခဲ့ရသော်လည်း သူက စိတ်ပျက်မှုကို ခံစားနေရဆဲ ဖြစ်သည်။ သူ ပိုင်ဆိုင်သမျှ ခွန်အား အားလုံးသည်ပင် လက်တစ်ချောင်းမှ တန်ပြန်တိုက်ခိုက်လာသော စွမ်းအားကို မတားဆီးနိုင်ခဲ့ပေ။ သူတို့အကြား၌ မည်သည့်ကွာခြားမှုမျိုး ရှိနေသနည်း။
ပြိုင်ဘက်က မဟာအကြီးအကဲ၏ ဆက်ခံသူ ဖြစ်နေလျှင်ပင် ထိုကဲ့သို့ အဆုံးမသတ်သင့်ပေ။
“ဘယ်သူ ကြိုးစားကြည့်ချင်သေးလဲ။” ရီဖူရှင်းက လူအုပ်ကြီးကို ဝေ့ကြည့်လိုက်သော်လည်း မည်သူကမှ စကားမပြောခဲ့ပေ။ ရီဖူရှင်းက ရန်ဟောင်အဆင့်အောက်၌သာ ရှိသေးသည်ဟု ဆိုခဲ့လျှင်ပင် သူ့ကို မည်သူမှ မတိုက်ခိုက်နိုင်ခဲ့ပေ။ သူ၏ တိုက်ပွဲစွမ်းရည်ကို ဆုံးဖြတ်ရပါက ပြိုင်ဘက်ရှာတွေ့ရန် ခက်ခဲလိမ့်မည် ဖြစ်သည်။
သူ၏ ခန္ဓာကိုယ်က အောက်သို့ ရွေ့လျားလာပြီး စားသောက်ဆိုင် ထိပ်သို့ ဆင်းသက်သည်။ သို့သော် ဤတစ်ကြိမ်၌ သူသည် ကောင်းကင်မှ ဆင်းသက်လာသော နတ်အလင်းတန်းများကို မြင်တွေ့လိုက်ရပြီး လေထဲတွင် လူတစ်စုပေါ်ပေါက်လာကာ သူတို့က အဝေးမှ ရောက်ရှိလာသည်။
ဤလူစုသည် အလွန်ထူးခြားသာလွန်သည့် အရှိန်အဝါကို ပိုင်ဆိုင်ထားကြ၏။ အရှေ့ဆုံးမှ လူက တန်ဖိုးကြီးအဝတ်အစားတို့ကို ဝတ်ဆင်ထားသည်။ သူသည် အသက်လေးဆယ်ခန့် ရှိမည်ဟု ထင်မှတ်ရသည်။ သူ၏ အသက်အမှန်ကတော့ ထို့ထက် ပိုများနိုင်ပေသည်။ သူက တစ်နေရာတွင် ရပ်နေပြီး မဟာလမ်းစဥ်နှင့် တသားတည်းဖြစ်နေသည်ဟု ထင်မှတ်ရသည်။ သူက ရန်ဟောင်အဆင့် ဖြစ်သည်မှာ သေချာပေသည်။
“အရှင်မင်းသား” ရောက်လာသူကို မြင်သည့်အခါ ဦးညွှတ်သည်။
ထို့နောက် လူအများသည် ထိုရန်ဟောင်များကို လှည့်ကြည့်ကာ ပြောသည်။ “အရှင်မင်းသားကို ဂါရဝပြုပါတယ်။”
ရီဖူရှင်းက ရောက်လာသူကို မော့ကြည့်သည်။ အရှင်မင်းသားတဲ့လား။
ထျန်းဟယ်ဘုံသည်လည်း သွေးနဂါးဘုံကဲ့သို့ပင် တော်ဝင်မိသားစုမှ အုပ်စိုးထားသည်လား။
သူ ယခင်က အရှင်ထိုက်ရွှမ်ဆီမှ ကြားဖူးသည်မှာ ထျန်းဟယ်မဟာအကြီးအကဲက ထျန်းဟယ်ဘုံတွင် အစွမ်းထက်ဆုံး ဟူ၍ ဖြစ်ပေသည်။
ထျန်းဟယ်ဘုံ၌ အမှန်ပင် တော်ဝင်မိသားစု ရှိနေသည်။ ထျန်းဟယ်ဘုံ၏ တော်ဝင်နန်းတော်သည် ယခု ထျန်းဟယ်မြို့တွင် ဖြစ်သည်။ ထျန်းဟယ်မြို့သည် ထျန်းဟယ်ဘုံ၏ အချက်အချာပင် ဖြစ်သည်။
ဤလူသည် ထျန်းဟယ်ဘုံ နန်းတော်မှ ရောက်လာခြင်း ဖြစ်သည်။ သူက တော်ဝင်မိသားစုမှ တန်ခိုးရှင်ဖြစ်ပြီး ရန်ဟောင်အဆင့်တွင် ရှိနေသည်။
ထိုရန်ဟောင်၏ မျက်လုံးများက ရီဖူရှင်းပေါ်တွင် ကျရောက်နေသည်။ သူ့မျက်နှာပေါ်တွင် အပြုံးတို့ ရှိနေပြီး မည်သည့် အာဏာရှင်ဆန်မှုမှ ရှိမနေဘဲ အလွန် သိမ်မွေ့ကာ သက်သောင့်သက်သာ ရှိနေသည်။
“ဂျူနီယာညီလေး” ထိုရန်ဟောင်က ရီဖူရှင်းကို အပြုံးနှင့် ကြည့်ကာ ခေါ်သည်က ရီဖူရှင်းအား အံ့အားသင့်သွားစေသည်။
ဂျူနီယာညီလေးတဲ့လား။
သူ၏ မျက်လုံးများထဲတွင် သံသယအကြည့်တို့ ဖြတ်ပြေးသွား၏။ ထျန်းဟယ်ဘုံမှ ဤရန်ဟောင်တန်ခိုးရှင်သည်လည်း ထျန်းဟယ်မဟာအကြီးအကဲ၏ တပည့်တစ်ယောက် ဖြစ်နေသည်လား။
“မေးခွန်းမေးဖို့ မလိုပါဘူး။ ငါတို့ ဆရာက နှစ်ပေါင်းများစွာ အတိတ်မှာ နစ်မြုပ်နေခဲ့ပြီး နှစ် ဒီလောက် ကြာတာတောင် နောက်ထပ်တပည့်တစ်ယောက် လက်ခံဖို့ စိတ်မကူးခဲ့ဘူးလေ။” ထိုရန်ဟောင်က ပြုံးကာ ရှင်းပြသည်။ သူက မည်သည့် လွှမ်းမိုးမှုမှ မပြဘဲနှင့် အောက်သို့ ဆင်းသက်လာကာ ရီဖူရှင်းထံ ရောက်လာခဲ့၏။
ရီဖူရှင်းသည် ထိုသူ၏ စကားများကို ကြားသည့်အခါ ဤလူက သူ့ဆရာနှင့် ကလန်တစ်ခုထဲက ဖြစ်သည်ကို နားလည်သွားသည်။ ထိုသူက သူ၏ ဆရာဦးလေး ဖြစ်ပေလိမ့်မည်။
သို့သော် မဟာအကြီးအကဲက သူ့ကို တောင်အောက်ဆင်းရန် ပြောစဥ်က ဤအကြောင်းတို့ကို မပြောပြထားခဲ့ပေ။
သူက အတော်လေး အံ့အားသင့်ကာ ဆွံ့အနေပေသည်။ တစ်ချိန်က ဘုံတစ်ခုလုံး ဖျက်ဆီးခံရသည့်တိုက်ပွဲတွင် မဟာအကြီးအကဲ၏ တပည့် သုံးထောင်တွင် မည်မျှများများ ဆုံးရှုံးခဲ့ရသနည်း။ အကယ်၍ ရှ်ကျန်ခဲ့သူ အချို့ ရှိသည်ဆိုလျှင်ပင် သူတို့အားလုံးက သူ၏ အစ်ကိုများဟု ပြော၍ ရနိုင်သည် မဟုတ်ပါလား။
ထို့အပြင် ဤလူသည် ထျန်းဟယ်ဘုံ တော်ဝင်မိသားစုမှ ဖြစ်သည်။ ဘုံတစ်ခုလုံး ဖျက်ဆီးခံခဲ့ရသည့်တိုက်ပွဲတွင် တော်ဝင်မိသားစုများက ကပ်ဘေးမှ အထိအခိုက်မရှိ ရှင်ကျန်နိုင်သည်လား။
ထိုအချိန်တွင် ရီဖူရှင်း၏ စိတ်ထဲ၌ အတွေးပေါင်းများစွာ ဖြတ်ပြေးသွားခဲ့ပေသည်။
***