ရီဖူရှင်းက ခေါင်းကို ငုံ့ကာ သောက်နေခဲ့သည်။ သူ့အနီးတွင် ဖြစ်နေသမျှ အရာအားလုံးက သူနှင့် မဆိုင်သကဲ့သို့ပင် ဖြစ်သည်။
စားသောက်ဆိုင် အပြင်ရှိ လေထဲမှ လူသည် သူ့ဆီသို့ လျှောက်လာခဲ့သည်။ သူသည် ထိုနေ့က တောင်အောက်မှနေ၍ တပည့်ဖြစ်ခွင့်ရရန် တောင်းဆိုခဲ့သူ ဖြစ်၏။ ထိုသူ၏ အမည်မှာ ရမ့်ခွမ်ရှန်း ဖြစ်သည်။ သူသည် ထျန်းဟယ်မြို့မှ ရမ့်တော်ဝင်မိသားစု မျိုးဆက်ဖြစ်သည်။ သူ၏ အမည်မှာ ကျော်ကြားလှသလို သူကလည်း အလွန် အရည်အချင်းရှိကာ ယခုတွင် ပြန်လည်မွေးဖွားခြင်းအဆင့် ထိပ်ဆုံးသို့ ရောက်နေပြီဖြစ်ကာ ရန်ဟောင်အဆင့်သို့ ဝင်ရောက်ရန် ကြိုးစားနေခဲ့သည်။
ရမ့်ခွမ်ရှန်းသည် သူ့အမည်ကဲ့သို့ပင် မောက်မာဝံ့ကြွားကာ အဆင်အခြင်ကင်းမဲ့လှသည်။ သူသည် အမြဲ မထီမဲ့မြင်မောက်မာနိုင်ပေသည်။ သူ မည်သည့်အခါမှ မထီမဲ့မြင်မလုပ်သည့် အရာမှာ တစ်ခုတည်းသာ ဖြစ်သည်။ နှစ်ပေါင်းများစွာအတွင်း သူက ထျန်းဟယ်မဟာအကြီးအကဲ၏ ကျင့်ကြံရာနေရာသို့ မကြာခဏသွားကာ အကြီးအကဲက တပည့်အဖြစ် လက်ခံရန် မျှော်လင့်ချက်ဖြင့် တောင်အောင်ခြေမှနေ၍ သွားရောက်မေးမြန်းတတ်သည်။ သူက အမြဲ စိတ်ရင်းနှင့်ပင် လုပ်ဆောင်ခဲ့ပြီး မည်သည့် မရိုသေမှုမှ မပြသခဲ့ပေ။
လူအများသည် ထျန်းဟယ်မဟာအကြီးအကဲက ရမ့်ခွမ်ရှန်း၏ စိတ်ရင်းကြောင့် စိတ်ထဲထိမိကာ သူ့ကို တပည့်အဖြစ် လက်ခံလိမ့်မည်ဟု မှတ်ယူခဲ့ကြသည်။
သူသည် ထိုနေ့မတိုင်ခင်ထိ လာခဲ့သော်လည်း သူတို့သည် ထျန်းဟယ်မဟာအကြီးအကဲက သူ၏ အမွေအနှစ်များကို ဆက်ခံစေရန် ဆက်ခံသူကို ရှာတွေ့ခဲ့ပြီး မည်သည့်တပည့်မှ လက်မခံတော့ဟု ကြားခဲ့ကြသည်။
သို့ဆိုလျှင် ယခု ရမ့်ခွမ်ရှန်းက ဤနေရာသို့ မည်သည့်အတွက် လာခဲ့သနည်း။
အခြားသူများကို ကြည့်လိုက်လျှင်လည်း သူတို့သည် ထျန်းဟယ်မြို့ လူငယ်မျိုးဆက်များကြားတွင် ပါရမီရှင်များ ဖြစ်ကြသည်။ အများစုသည် ခြွင်းချက်မရှိ ကျော်ကြားသည့် မိသားစုမှ ဖြစ်ကြပေသည်။ ဤနေရာ၌ သက်ကြီးပိုင်းမျိုးဆက် မည်သူမှ ရှိမနေပေ။ သူတို့၏ အာရုံစိုက်မှု အကြောင်းပြချက်က အလွန် သိသာလှသည်။
မဟာအကြီးအကဲ၏ ဆက်ခံသူသည် လူအများကို အမျိုးမျိုး တွေးတောစေခဲ့သည်။ လတ်တလောတွင် ထျန်းဟယ်မြို့တစ်ခုလုံးက ဤအရေးကိစ္စကို ဆွေးနွေးနေခဲ့ကြသည်။
ကျော်ကြားသည့် မိသားစုမှ မျိုးဆက်များ ပေါ်ပေါက်လာပြီး ထိုသူများသည် ထျန်းဟယ်မဟာအကြီးအကဲ၏ လက်အောက်၌ တပည့် ဖြစ်ချင်သူများ ဖြစ်ကြသည်။ သူတို့က မည်သည့်အတွက် ရောက်လာကြသနည်းဟု လူအများက သိချင်နေကြသည်။ သူတို့၏ မျက်လုံးများကို တဖြည်းဖြည်း ရွှေ့လိုက်ကြပြီး နောက်ဆုံးတွင် သူတို့အားလုံး၏ အကြည့်က တစ်နေရာ၌ လာရောက်ပေါင်းဆုံခဲ့သည်။
ထိုနေရာတွင် ငွေဖြူရောင်ဆံပင်နှင့်လူက ထိုင်နေခဲ့ပြီး တိတ်ဆိတ်စွာ အရက်သောက်နေခဲ့သည်။ သူက ဤလောကအပြင်ဘက်၌ ရှိနေသကဲ့သို့ပင် ဖြစ်၏။
ဤလူက မဟာအကြီးအကဲ၏ ဆက်ခံသူလားဟု လူအများက တိတ်တဆိတ် အံ့အားသင့်သွားကြသည်။ ဤလူ၏ အရှိန်အဝါက အမှန်တကယ် ထူးခြားလှသည်။ သူ၏ အဖြူရောင်ဝတ်စုံနှင့် ငွေဖြူရောင်ဆံပင်သည် သူ့ကို ကောင်းကင်မြေကြီးတို့နှင့် တသားတည်း ဖြစ်နေသကဲ့သို့ ထင်မှတ်ရစေသည်။ သို့သော် သူ့ကို ယခင်က မည်သူမှ မမြင်ဖူးခဲ့ကြပေ။ ထျန်းဟယ်မြို့တွင် ရှန့်ထိုအဆင့်၌ ထိုမျှထိ ထူးခြားသာလွန်သော ပုဂ္ဂိုလ်မျိုးမရှိခဲ့ပေ။
မဟာအကြီးအကဲက သူ၏ ဆက်ခံသူကို မည်သည့်နေရာမှ ရှာဖွေခဲ့သနည်း။
“ရမ့်တော်ဝင်မိသားစုက ရမ့်ခွမ်ရှန်း” ရမ့်ခွမ်ရှန်းက လေထဲ၌ ရပ်နေခဲ့သည်။ သူက ရီဖူရှင်းပေါ်၌ အကြည့်တို့ ပို့ထားခဲ့ပြီး ဆက်ပြောသည်။ “ကျုပ် အဲဒီနေ့တုန်းက တောင်အောက်ကနေ မင်းကို တွေ့ခဲ့တယ်။ မင်းက မဟာအကြီးအကဲရဲ့ ဆက်ခံသူ ဖြစ်ရမယ် ဟုတ်လား။”
“တကယ်ပဲကိုး”
လူတိုင်း၏ နှလုံးသားများက အနည်းငယ် တုန်ယင်လာကြသည်။ စားသောက်ဆိုင်အတွင်းမှ လူအချို့သည် မကြာသေးခင်ကပင် သူ့အကြောင်း ပြောဆိုနေခဲ့ကြသည်။ သူတို့သည် ထိုနေရာ၌ ထိုင်နေသူက မဟာအကြီးအကဲ၏ ဆက်ခံသူ ဖြစ်လိမ့်မည်ဟု မထင်မိခဲ့ကြပေ။
ရီဖူရှင်းသည် လက်ထဲမှ အရက်ခွက်ကို ချထားသည်။ သူက ခေါင်းကို ဖြေးညင်းစွာ မော့ပြီး ရမ့်ခွမ်ရှန်းကို ကြည့်ကာ ပြောသည်။ “ကျုပ် ကူညီပေးနိုင်တာ တစ်ခုခုများ ရှိလို့လား။”
“ဘာမှတော့ မဟုတ်ဘူး။ ကျုပ်က မဟာအကြီးအကဲရဲ့ လက်အောက်မှာ ကျင့်ကြံချင်ခဲ့တာ အချိန်အတော်ကြာလှပြီ။ မင်းကို အဲဒီနေ့က မြင်ပြီးတဲ့နောက်မှာ မဟာအကြီးအကဲက သူ့ရဲ့ ဆက်ခံသူကို ရှာတွေ့ပြီလို့ ပြောတာ ကြားခဲ့ရတယ်။ အဲဒါကြောင့် ကျုပ်က ခင်ဗျားနဲ့ တွေ့ချင်နေခဲ့တာ။ အခု ခင်ဗျားက ဒီကိုရောက်နေတော့ ကျုပ်လည်း တစ်ချက် လာကြည့်ကြည့်တာပဲ။” ရမ့်ခွမ်ရှန်းက ပြောသည်။
“ကျုပ်ရဲ့ ခန္ဓာကိုယ် ကောင်းမွန်နေတာကလွဲရင် တခြားကွဲပြားတာ မရှိပါဘူး။” ရီဖူရှင်းက ခပ်တိုးတိုးပြောဆိုသည်။ ထို့နောက် သူက အရက်ဆက်သောက်နေလိုက်၏။
လူအများသည် အံ့အားသင့်သည့် အကြည့်တို့ ဖြစ်ပေါ်လာသည်။ ဤလူက အနည်းငယ်မျှပင် နှိမ့်ချမနေပေ။
သူ့ဘေးမှ မုချင်းယွီက ခပ်ရေးရေး ပြုံးသည်။ သူမသည် မဟာအကြီးအကဲ၏ တပည့်က ဟာသဉာဏ် ရှိလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ သို့သော် သူ့ခန္ဓာကိုယ်က ကောင်းမွန်သည်မှာ အမှန်ပင် ဖြစ်သည်။
“မဟုတ်ဘူး။ မင်းရဲ့ အရှိန်အဝါကလည်း ထူးခြားပါတယ်။ နှစ်ပေါင်းများစွာအတွင်းမှာ မဟာအကြီးအကဲက ဘယ်တပည့်မှ လက်မခံခဲ့ဘူးလေ။ အခု သူက မင်းကို ဆက်ခံသူအဖြစ် ရွေးလိုက်မှတော့ ကျုပ်တို့က မဟာအကြီးအကဲရဲ့ ဆုံးဖြတ်ချက်ကို ဘယ်တော့မှ သံသယဖြစ်လိမ့်မှာ မဟုတ်ဘူး။”
ထိုသည်မှာ ရီဖူရှင်းကြောင့် မဟုတ်ဘဲ ထျန်းဟယ်မဟာအကြီးအကဲကြောင့်သာ ဖြစ်၏။
ထျန်းဟယ်ဘုံ၏ ထိပ်သီးပုဂ္ဂိုလ်က သူ၏ အမွေကို ဆက်ခံရန် သာမညောင်ညပုဂ္ဂိုလ်မျိုးကို ရွေးချယ်လိမ့်မည်လား။
အခြားသူများက မည်သည့်အတွေးတို့ ရှိနေပါစေ ကိစ္စမရှိပေ။ အနည်းဆုံးတော့ သူက သူ့တို့ကို ယုံကြည်လိမ့်မည် မဟုတ်။ သူသည် ယခင်က မဟာအကြီးအကဲထံ အကြိမ်ပေါင်းများစွာ သွားရောက်လည်ပတ်ခဲ့သော်လည်း အငြင်းခံခဲ့ရသည်။ မဟာအကြီးအကဲက သူ၏ အရည်အချင်းကို မသိရှိသည်လား။
လူအများသည် မဟာအကြီးအကဲက ယခင်နှင့် မတူဘဲ တပည့်တစ်ယောက် ရွေးချယ်ခဲ့သော်လည်း အလွန်ထူးချွန်သည့်သူ မဖြစ်နိုင်ဟု တွေးထင်ခဲ့ကြသည်။ သို့သော် ရမ့်ခွမ်ရှန်း၏ စကားများကို ကြားပြီးသည့်အခါ၌ သူတို့သည် အနည်းငယ် သံသယဖြစ်သွားကြသည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် မဟာအကြီးအကဲက ဆက်ခံသူအဖြစ် တပည့်တစ်ယောက် လက်ခံရန် ဆုံးဖြတ်ခဲ့ရာ ပေါ့ပေါ့တန်တန် အလွယ်တကူ ဆုံးဖြတ်ခဲ့ခြင်း မဖြစ်နိုင်ပေ။
ငွေဖြူရောင်ဆံပင်နှင့် ဤလူငယ်သည် မျက်လုံးနှင့် တွေ့မြင်နိုင်သည်ထက် ပိုမို ထူးချွန်နိုင်သည်။
“အဲဒါကြောင့်မို့လို့…” ထိုအချိန်၌ ရမ့်ခွမ်ရှန်းက ဆက်ပြောသည်။ “မဟာအကြီးအကဲက ထျန်းဟယ်ဘုံရဲ့ ထိပ်သီးတန်ခိုးရှင်တစ်ဦးပဲ။ သူ့ရဲ့ ဆုံးဖြတ်ချက်က မေးခွန်းထုတ်စရာ မဟုတ်ဘူးဆိုရင်တောင် ကျုပ်က သူ ရွေးချယ်လိုက်တဲ့ ဆက်ခံသူကို မြင်တွေ့ချင်နေသေးတယ်။ ပြီးတော့ ကျုပ်က သိချင်နေတယ်။ ဒီလောက် နှစ်ပေါင်းများစွာ ကြာတာတောင် တပည့်လက်မခံခဲ့တဲ့ မဟာအကြီးအကဲရဲ့ ရွေးချယ်မှုကို လက်ခံဖို့ ထိုက်တန်ရဲ့လားဆိုတာကိုပေါ့။”
လူအများသည် ထိုစကားကို ကြားသည့်အခါ ခေါင်းညိတ်လိုက်ကြသည်။ အဆုံးမှာတော့ ရမ့်ခွမ်ရှန်းက ရမ့်ခွမ်ရှန်းပင် ဖြစ်နေသေးပေသည်။
“အဲဒီတော့..” ရီဖူရှင်းက မေးသည်။
“အဲဒီတော့ လူအများကြီး ရောက်နေကြတယ်။” ရမ့်ခွမ်ရှန်းက ပြောသည်။ အမှန်ပင် လူအများကြီး ရောက်နေကြပေသည်။ တန်ခိုးရှင်များအားလုံးသည် စားသောက်ဆိုင် အနီးတွင် ရှိနေကြ၏။ သူတို့သည် မဟာအကြီးအကဲ၏ ဆက်ခံသူအဖြစ် ထျန်းဟယ်မြို့တစ်ခွင်၌ ကျော်ကြားနေသော ရီဖူရှင်းအတွက် ရောက်လာကြခြင်း ဖြစ်သည်။
ရီဖူရှင်း၏ ညာဘက်လက်က စားပွဲပေါ်တွင် နေရာယူထားကာ အရက်ခွက်ကို ကိုင်ထားဆဲပင် ဖြစ်သည်။ သူက လူတိုင်းကို မော့ကြည့်ကာ ပြောလိုက်၏။ “အဲဒီတော့ မင်းတို့က တစ်ယောက်ချင်း လာမှာလား။ အကုန်အတူတူ လာမှာလား။”
“လီခူးက မဟာအကြီးအကဲရဲ့ ဆက်ခံသူဆီကနေ အကြံဉာဏ်လေး တောင်းခံလိုပါတယ်။” ထိုအချိန်၌ အခြားတစ်ဖက်မှ ပိန်ပါးပါး လူငယ်လေးက ပြောလိုက်ပြီး အလွန် အန္တရာယ်များလှသည့် လမ်းစဥ်စွမ်းအားများက သူ့ပေါ်တွင် စီးဆင်းလာသည်။
“ကျုပ်ရောပဲ။” အခြားတစ်ဖက်မှ တစ်ယောက်သည်လည်း ရှေ့သို့ တက်လာခဲ့သည်။ ရုတ်တရက် ကျယ်ပြောလှသည့် လောကတစ်ခွင်လုံးကို ဓားစွမ်းအားများဖြင့် ဖုံးလွှမ်းသွားပြီး စူးရှသည့် ဓားအော်မြည်သံများက ကောင်းကင်နှင့် မြေကြီးအကြား ထွက်ပေါ်လာသည်။ ထိုနေရာတွင် ကျော၌ ဓားနှစ်လက်လွယ်ထားသည့် လူငယ်လေးတစ်ယောက်က ရှေ့သို့ တက်လာခဲ့သည်။ သူ၏ နားသယ်စပ်မှ ကျနေသော အဖြူရောင်ဆံပင် အနည်းငယ်က သူ့ကို ပို၍ ဆွဲဆောင်မှု ရှိစေသည်။ ဓားစွမ်းအားများက သူခြေလှမ်းလိုက်တိုင်း တိုးမြင့်လာလေသည်။
စားသောက်ဆိုင်အတွင်းမှ လူအများသည် ထရပ်လိုက်ကာ ဤရန်ပွဲနေရာမှ အဝေးသို့ ရှောင်ထွက်လိုက်ကြ၏။ စားသောက်ဆိုင်တစ်ခုလုံးကို လမ်းစဥ်စွမ်းအားများဖြင့် ဖုံးလွှမ်းထားပြီး ဤစားသောက်ဆိုင်သေးသေးလေး အတွင်းမှ လူများသည် ဤနေရာသို့ ရောက်လာသူများ၏ အလယ်တွင် သက်ရောက်မှုအား မတတ်နိုင်တော့သကဲ့သို့ ဖြစ်လာသည်။ ရောက်လာသူများ အားလုံးသည် ထျန်းဟယ်ဘုံမှ ထူးချွန်သည့် သူများဖြစ်ကာ သူတို့က တစ်ခုခု ဝင်စွက်ဖက်လျှင်ပင် မည်သူကမှ သူတို့အား အဖက်လုပ်လိမ့်မည် မဟုတ်ပေ။
ထိုအချိန်တွင် ကောင်းကင်ထက်မှ ရှန့်ထိုအဆင့် လူအချို့ ဆင်းသက်လာသည်။ လူအများက မော့ကြည့်လိုက်ကြပြီး အချို့ကို သတိပြုမိလိုက်ကာ အံ့အားတသင့် အော်သည်။ ထိုသူမှာ တောရိုင်းကလန်မှ အရူးဖြစ်သည်။ ထူးချွန်သည့် ပုဂ္ဂိုလ်များ အားလု တစ်နေရာတည်း၌ စုဝေးလာခြင်းမှာ သာမန်မဟုတ်ဟု ထင်မှတ်ရသည်။ ယနေ့တွင် သူတို့အားလုံးက လူတစ်ယောက်တည်းအတွက် ရောက်လာကြခြင်း ဖြစ်သည်။
“ကျုပ်လည်း မဟာအကြီးအကဲရဲ့ ဆက်ခံသူ ခွန်အားကို သိချင်လို့” လေထဲမှ သြရှရှအသံတစ်ခု ထွက်ပေါ်လာသည်။ တစ်လောကလုံးသည် ထိုအသံကြောင့် ယိမ်းခါသွားခဲ့သည်။ စားသောက်ဆိုင်သည် ထိုအသံကြောင့် ငလျင်လှုပ်သွားသကဲ့သို့ပင် ဖြစ်သွားရသည်။ ထိုစားသောက်ဆိုင်သည် မည်သည့်အခိုက်အတန့်မှာမဆို ပြိုကျသွားနိုင်သကဲ့သို့ ထင်မှတ်ရပေသည်။
“သခင်မလေး” မုချင်းယွီအနီးမှ လူများက သူမကို ကာကွယ်ရန် ရှန့်ထိုစွမ်းအားများကို ထုတ်လွှတ်လိုက်ပြီး သူမအား သတိပေးသည်။
မုချင်းယွီက ခေါင်းညိတ်လိုက်ပြီးနောက် ထရပ်ကာ နောက်သို့ ဆုတ်ခွာလိုက်၏။ သူမ၏ လှပသော မျက်လုံးများက မုန်တိုင်းအလယ်တွင် ရှိနေသည့် ရီဖူရှင်းကို ကြည့်သည်။ သူ့ရှေ့မှ အရက်စားပွဲက တုန်လာနေသော်လည်း အရက်ခွက်ကို ကိုင်ထားသည့်လက်က ပုံမှန်အတိုင်း တည်ငြိမ်နေခဲ့သည်။ သူက မည်သည်မှမဖြစ်သကဲ့သို့ ထိုနေရာ၌ တိတ်ဆိတ်စွာ ထိုင်နေခဲ့၏။ သူ၏ တည်ငြိမ်မှုက ကြည့်နေသူများကို အံ့အားသင့်စေခဲ့သည်။
သူက မဟာအကြီးအကဲ၏ ဆက်ခံသူ ဖြစ်နေသော်လည်း ယခု ရောက်လာသူများမှာ လူတိုင်းက ထူးခြားသာလွန် သူများပင် ဖြစ်သည်။ သူတို့တစ်ယောက်ချင်းစီသည် ထျန်းဟယ်မြို့၏ ပါရမီရှင် စာရင်းဝင်သူများဖြစ်ပြီး သူတို့အားလုံးက ရန်ဟောင်အဆင့်သို့ တက်လှမ်းရန် အခွင့်အရေးကြီး ရှိကြသည်။ ထိုသို့သော အခြေအနေအောက်တွင် ရီဖူရှင်းက သူတို့အားလုံးနှင့် ရင်ဆိုင်ရခြင်းမှာ လွယ်ကူသည့် ကိစ္စမဟုတ်ပေ။
ခွပ်…
ကြည်လင်သည့် အသံတစ်ခု ထွက်ပေါ်လာပြီး ရီဖူရှင်း၏ လက်အတွင်းမှ အရက်ခွက်သည် မမြင်ရသည့် ဓားစွမ်းအားများအောက်တွင် ချက်ချင်း ကွဲကြေသွားကာ အမှုန်များအဖြစ် ပြောင်းလဲသွား၏။
ရီဖူရှင်း၏ လက်က ထိုနေရာတွင် ရှိနေဆဲဖြစ်ကာ ထို့နောက်၌ သူက ဖြေးညင်းစွာ ချသည်။ နောက်ထပ်အသံတစ်ခု ထွက်ပေါ်လာပြန်သည်။ ထိုအချိန်၌ သူ့ရှေ့မှ စားပွဲသည် အစိတ်စိတ် ကွဲကြေသွားကာ သူ့ခြေထောက်အောက် ပြိုကျသွားခဲ့သည်။
ဘုန်း…
နောက်ဆုံး၌ ရီဖူရှင်း ထိုင်နေသည့် ခုံသည်လည်း ဖိအားဒဏ်ကို ခံနိုင်စွမ်းမရှိတော့ဘဲ မည်သည့်မှ မရှိတော့သည်ထိ ဖျက်ဆီးခံလိုက်ရသည်။ ရီဖူရှင်းသည် မုန်တိုင်းအလယ်၌ မတ်တပ်ရပ်သည်။ သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းကာ ကျဆင်းလာနေသည့် လမ်းစဥ်စွမ်းအားများကြောင့် သူ၏ အဖြူရောင်ဝတ်စုံက တဖျတ်ဖျတ် လွင့်ဝဲနေသည်။
အားလုံးသော နေရာများမှ လူတို့သည် အထီးကျန်ဆန်စွာ တစ်ယောက်တည်း ဖြစ်နေသည့် ရီဖူရှင်းရှိနေရာ စားသောက်ဆိုင်ထိပ်ကိုသာ စူးစိုက်ကြည့်နေကြသည်။
ထိုအချိန်၌ ရီဖူရှင်း၏ အနီးတွင် ရှေးဟောင်းစာလုံးများ တောက်ပလင်းလက်လာခဲ့ပြီး မတူညီသည့် စာလုံးများက ကောင်းကင်တွင် ဝန်းရံလာခဲ့သည်။ ရုတ်တရက် ကောင်းကင်နှင့် မြေကြီးမှ မဟာလမ်းစဥ် စွမ်းအားတို့က သူ့ခန္ဓာကိုယ်အတွင်း အရူးအမူး တစ်ဟုန်ထိုး ပြေးဝင်လာခဲ့သည်။ သူ့ခန္ဓာကိုယ်သည် မဟာလမ်းစဥ် နတ်မီးပြင်းဖိုအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်နှင့် မြေကြီးအကြားမှ လမ်းစဥ်စွမ်းအားများကို သန့်စင်သည်။
“ဘယ်လောက် အားကောင်းလိုက်တဲ့ စွမ်းအားလဲ” အားလုံးသည် ရီဖူရှင်း၏ ခန္ဓာကိုယ်အတွင်းမှ မဟာလမ်းစဥ်စွမ်းအားများကို ခံစားမိကြသည်။ သူ့အနီးမှ လူတိုင်း၏ မျက်နှာထားများက မှောင်မည်းသွားပြီး သူတို့က ပေါ့ပေါ့တန်တန် သဘောမထားရဲတော့ပေ။
“မင်းတို့ နောက်တစ်ခါထပ်ပြီး လှုပ်ရှားဦးမယ်ဆိုရင် မင်းတို့မှာ ဒုတိယအခွင့်အရေးဆိုတာ ရှိလာမှာ မဟုတ်တော့ဘူး။” အသံတစ်ခုက စားသောက်ဆိုင်မှ ထွက်ပေါ်လာပြီး လူတိုင်းကို အံ့သြသွားစေသည်။ ဤမျှ အစွမ်းထက်သည့် တန်ခိုးရှင်များနှင့် ရင်ဆိုင်ရသည့်အခါ၌ပင် ရီဖူရှင်းသည် သူတို့ကို ထိုသို့ မောက်မာသည့် စကားမျိုး ပြောဆိုရဲပေသည်။
ဘန်း…
ကောင်းကင်ထက် ဓားလွယ်ခုတ်နေရာမှ လူတစ်ယောက်သည် ရှေ့သို့ ခြေလှမ်းလာကာ လေထုကို ရိုက်ခတ်သည်။ မုန်တိုင်းအထက်တွင် ကြီးမားသည့် ဖိအားက ရီဖူရှင်းကို ဆန့်ကျင်ဖိနှိပ်လာခဲ့သည်။ မုန်တိုင်းအတွင်း ချက်ချင်းပင် အလွန် ပြင်းထန်သည့် လမ်းစဥ်စွမ်းအားများက အဝေးမှ လူများကိုပင် ကြောက်ရွံ့စေသည်။ အော်မြည်နေသည့် အသံများက ထွက်ပေါ်လာပြီး စားသောက်ဆိုင်သည် စတင်ပြိုကျလာကာ မြေပြင်က တုန်ခါလာသည်။
ဖတ်…
ရီဖူရှင်း အနီးမှ စာလုံးများက တောက်ပသထက် တောက်ပလာကာ ၎င်းတို့သည် လမ်းစဥ်စွမ်းအားတို့နှင့် ပေါင်းစပ်သွားသည်။ ကောင်းကင်၏ အမှတ်လက္ခဏာဖြစ်သော ထိုစာလုံးသည် ယခုတွင် နတ်အလင်းတို့နှင့် တောက်ပကာ လင်းလက်လာသည်။
ဘုန်း…
ခြောက်ခြားဖွယ် အသံတစ်ခုကို ကြားလိုက်ရပြီး မုန်တိုင်းသည် အောက်သို့ ဆင်းသက်တိုက်ခိုက်လာကာ ကောင်းကင်အစွန်းကို ဖျက်ဆီးသည်။ ရီဖူရှင်းက လက်ကို မြှောက်ကာ အထက်သို့ ညွှန်ပြလိုက်ပြီး ‘ကောင်းကင်’ ဟူသည့် စာလုံးက ချက်ချင်း ပျံထွက်လာကာ နတ်အလင်းများကို ထုတ်လွှတ်နေခဲ့သည်။ ၎င်းက မုန်တိုင်းနှင့် ထိပ်တိုက်တွေ့ဆုံခဲ့၏။
ဘန်း… ဘန်း… ဘန်း…
လူအုပ်သည် ထိုမုန်တိုင်းက အဆက်မပြတ် ပေါက်ကွဲထွက်ကာ မှုန့်မှုန့်ညက်ညက်ကြေသွားသည်ကို မြင်တွေ့လိုက်ကြရသည်။ ထိုကောင်းကင်၏ အမှတ်လက္ခဏာစာလုံးသည် ရှေ့သို့ အဆက်မပြတ် ထိုးဖောက်သွားနေပြီး လေထဲတွင် လှုပ်ရှားနေသည့် လူကို တိုက်ခိုက်သည်။
ဘုန်း…
အကန့်အသတ်မဲ့ ပြင်းထန်သော စွမ်းအားက ပေါက်ကွဲထွက်ကာ ထိုတန်ခိုးရှင်များကို လွင့်စင်သွားစေသည်။ ‘ကောင်းကင်’ စာလုံးသည် ခမ်းနားထည်ဝါသည့် နတ်အလင်းတို့ ထုတ်လွှတ်နေပြီး အခြားစာလုံးများသည်လည်း ကောင်းကင်ထက်သို့ ပျံသန်းတက်သွားကာ စာလုံးတစ်ခုချင်းစီသည် လောကတစ်ခွင်ကို စက်ဝန်းပတ်လမ်းအတိုင်း လှည့်ပတ်သွားခဲ့ပေသည်။ ကောင်းကင်တွင် ကြောက်မက်ဖွယ် မဟာလမ်းစဥ် မုန်တိုင်းဖြင့် ပြည့်နေပြီး ရီဖူရှင်းက ထိုမုန်တိုင်း၏ အလယ်တွင် ရှိနေသည်။
သန့်စင်သည့် အလင်းတို့က ရီဖူရှင်း၏ ခန္ဓာကိုယ်ပေါ်တွင် ပေါ်ပေါက်လာပြီး လောကကြီးမှ စုစည်းထားသည့် မဟာလမ်းစဥ် နတ်ခန္ဓာကဲ့သို့ ဖြစ်လာသည်။
အနီးအနားမှ တန်ခိုးရှင်များက ထိုအချင်းအရာကို မြင်သည့်အခါ နောက်ဆုံး၌ လှုပ်ရှားမှု ပြုလာကြသည်။ ဓားစွမ်းအားများက ကောင်းကင်ကို ဖြတ်သန်းတိုက်ခိုက်လာသလို အဆုံးမဲ့ လက်ဝါးရိုက်ချက်များလည်း ပေါ်ပေါက်လာပြီး ကောင်းကင်မှ ကျဆင်းလာသည်။
သို့သော် ရီဖူရှင်း၏ အနီးတွင် မရေတွက်နိုင်သည့် စာလုံးများ ရုတ်တရက် ပေါ်ပေါက်လာ၏။
ထိုမရေတွက်နိုင်သည့် စာလုံးများက အလင်းအကာအကွယ်အဖြစ်သို့ ပြောင်းလဲသွားသည်။ တိုက်ခိုက်မှုများ ကျဆင်းလာသည့်အခါ အားလုံးက အပြင်ဘက်၌ တားဆီးထားခြင်းကို ခံရပေသည်။
“ပညာရှိကျမ်း”
အဝေးမှ တိုက်ပွဲကို စောင့်ကြည့်နေသူများ၏ နှလုံးသားတို့က တုန်ယင်လာသည်။ မဟာအကြီးအကဲ၏ ဆက်ခံသူသည် မဟာအကြီးအကဲ၏ ကျင့်စဥ်ဖြစ်သော ပညာရှိကျမ်းကို အသုံးပြုကာ ခမ်းနားသည့် ရောင်ဝါကို ထုတ်ဖော်ခဲ့သည်။
ရီဖူရှင်း၏ ခန္ဓာကိုယ်က စားသောက်ဆိုင်အထက်မှ တဖြည်းဖြည်း ပျံသန်းတက်သွားသည်။ သူ၏ ခန္ဓာကိုယ်သည် အထက်သို့ ရွေ့လျားသွားပြီး မဟာလမ်းစဥ်မုန်တိုင်းသည် ပို၍ တောက်ပပြီး အားကောင်းသည့် စာလုံးများ၏ ရောင်ဝါနှင့် ဖုံးလွှမ်းခံလိုက်ရသည်။
ထိုအချိန်၌ ရီဖူရှင်းက လက်ကို မြှောက်လိုက်ပြီး အနှိုင်းအဆမရှိသည့် မဟာလမ်းစဥ် စွမ်းအားများကို စုစည်းကာ သူ၏ အရှေ့သို့ လက်သီးတစ်ချက် ပစ်သွင်းသည်။
ထိုလက်သီး ထွက်ပေါ်လာသည့်အခါ စာလုံးများသည် လက်သီးစွမ်းအားများအဖြစ် ပြောင်းလဲသွားကာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသည်။
အချိန်တိုလေးအတွင်းမှာပင် စားသောက်ဆိုင် အခြားတစ်ဖက်မှ ကောင်းကင်ထက်တွင် ကျယ်လောင်သည့် ပေါက်ကွဲသံကို ကြားလိုက်ရ၏။ သူ့ကို သတ်ဖြတ်ရန်လာနေသည့် သူများမှာ တစ်ခုခုဖြင့် ထိုးဖောက်ခံလိုက်ရဟန်တူကာ သူတို့၏ ခန္ဓာကိုယ်များက အဝေးသို့ လွင့်စင်သွားပြီး သွေးတို့ အန်ထုတ်လိုက်ကြရပေသည်။
***