ရီဖူရှင်းသည် ထျန်းဟယ်ဘုံကို ရောက်ကတည်းက လိုဏ်ဂူအတွင်း ကျင့်ကြံနေခဲ့သည်။ ပညာရှိကျမ်း၏ အသိပညာက အလွန် ကျယ်ပြန့်နက်နဲလှသည်။ ၎င်းနှင့် ရီဖူရှင်းသည် ကောင်းကင်နှင့် မြေကြီးကြားမှ စွမ်းအားများကို သန့်စင်ကာ သူ့ကိုယ်ပိုင်အဖြစ် အသုံးပြုပြီး သူ့ခန္ဓာကိုယ်ကို မဟာလမ်းစဥ် မီးပြင်းဖိုကဲ့သို့ လောကမှ အရာအားလုံးနှင့် ပျော်ဝင်သွားစေပြီး သူ၏ အသက်ဓာတ်ကို အလွန် အားကောင်းလာစေသည်။
ထိုအချိန်တွင် လိုဏ်ဂူအိမ်အတွင်း ရီဖူရှင်းသည် ပုံရိပ်ယောင်ပေါ်တွင် ထိုင်နေခဲ့သည်။ သူနှင့် ပုံရိပ်သည် တစ်သားတည်း ဖြစ်လာကာ သူသည် ရှေးဟောင်းစာလုံးများမှ သူ့ကိုယ်ပေါ်သို့ ဆင်းသက်လာသည့် ရောင်ဝါကို ရှင်းလင်းစွာ ခံစားမိပေသည်။ ရီဖူရှင်းသည် လိုဏ်ဂူအတွင်း ထိုင်နေခြင်းမဟုတ်ဘဲ လျှို့ဝှက်ဆန်းကြယ်လှသည့် လောကသို့ ရောက်ရှိသွားသလို ခံစားမိပေသည်။
ချန်.. ခွင်း.. လီ.. ခန်… ထိုရှေးဟောင်းစာလုံးများတွင် လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားတို့ ပါဝင်နေသည်ဟု ထင်မှတ်ရသည်။ သူက ထိုနေရာတွင် ထိုင်ကာ ကောင်းကင်နှင့် မြေကြီးကို စူးစမ်းလေ့လာနေသည်။ သူသည် အဆုံးမဲ့လေဟာနယ်ကို ခံစားမိပြီး သူ့ကိုယ် အစစ်အမှန်ကိုပင် ခံစားမိသည်ဟု ပြောသည်။
အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားသည်။ ရီဖူရှင်းသည် လိုဏ်ဂုအတွင်း တိတ်ဆိတ်စွာ တရားထိုင်ကာ ကျင့်ကြံနေသည်။ တစ်ခါတစ်ရံ၌ သူက အသက်ဓာတ်ကို ပြင်ပသို့ ထုတ်လွှတ်ကာ ကောင်းကင်နှင့် မြေကြီးမှ ဝိညာဥ်စွမ်းအားတို့ကို စူးစမ်းနေသည်။ ကျင့်ကြံမှုတစ်ခါ ပြီးတိုင်း သူ၏ ခံစားမှုက ကြီးထွားလာကာ လောကကြီးအပေါ် သူ၏ စူးစမ်းမှုက ရှင်းလင်းပြတ်သားလာသည်ဟု ခံစားရပေသည်။
တောင်အထက်တွင် အရာအားလုံးက အချိန်တိုင်း တိတ်ဆိတ်နေသည်။ တစ်ရက်တွင် ရီဖူရှင်းသည် တောင်အစွန်း၌ လမ်းလျှောက်နေစဥ် တောင်အောက်ခြေမှ အသံတစ်ခု ထွက်ပေါ်လာ၏။
သူ၏ မျက်လုံးက တောက်ပသွားပြီး အလင်းတို့က လေဟာနယ်ကို ဖြတ်သန်းထိုးဖောက်သွားသည်။ သူသည် အဝေးသို့ ကြည့်လိုက်လျှင် တောင်အောက်ခြေ၌ ရပ်နေသည့် လူများကို မြင်တွေ့လိုက်ရသည်။ ဤလူများအားလုံးကို ကြည့်ရသည်မှာ ငယ်ရွယ်ပြီး ထူးခြားသည့် အရှိန်အဝါတို့ ရှိနေသည်။ သူတို့ကလည်း သတိပြုမိကာ တောင်ထိပ်သို့ လှမ်းကြည့်နေကြသည်။ သူတို့၏ မျက်လုံးများတွင် တောက်ပသည့် အလင်းများ လင်းလက်နေသည်။
အဝေးမှ ရီဖူရှင်း၏ အကြည့်တို့နှင့် သူတို့ အကြည့်တို့က လေထဲတွင် ဆုံတွေ့မိကြကာ သူတို့က အချင်းချင်း ကြည့်နေခဲ့ကြသည်။
သူတို့တွင် အံ့အားသင့်သည့် အကြည့်တို့ ဖြစ်ပေါ်လာပြီး အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူတို့ထဲမှ တစ်ယောက်က ရှေးဟောင်းတောင်ဆီသို့ အနည်းငယ် ဦးညွှတ်လိုက်ကာ ပြောသည်။ “ကျုပ်တို့က မဟာအကြီးအကဲရဲ့ လမ်းညွှန်မှုအောက်မှာ ကျင့်ကြံဖိုဘ ဆန္ဒရှိတာကြောင့် မဟာအကြီးအကဲနဲ့ တွေ့ခွင့်ပေးဖို့ လေးစားစွာ တောင်းခံပါတယ်။ မဟာအကြီးအကဲက ခင်ဗျားကို တပည့်ရွေးဖို့ ခြွင်းချက်ထားခဲ့မှတော့ ခင်ဗျားက ကျွန်တော့ကိုလည်း အခွင့်အရေးလေးများ ပေးနိုင်မလား။”
“မဟာအကြီးအကဲက ထျန်းဟယ်ဘုံရဲ့ ယုံကြည်ရာပါ။ ခင်ဗျားက ခြွင်းချက်တစ်ခု ဖြစ်အောင် လုပ်နိုင်မှတော့ ကျွန်တော်တို့လည်း အခွင့်အရေးလေးပေးဖို့ တောင်းဆိုပါရစေ။” အနားမှလူကလည်း ဦးညွှတ်ကာ တောင်းဆိုသည်။ သူတို့အားလုံးသည် မဟာအကြီးအကဲကို တောင်းဆိုရန် လာရောက်ကြခြင်း ဖြစ်သည်။ ထျန်းဟယ်မဟာအကြီးအကဲသည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာကပင် ကျော်ကြားခဲ့ပေသည်။ ထိုအချိန်က ဤနေရာသည် အလွန် ကျော်ကြားခမ်းနားခဲ့ပြီး သူ့တွင် မရေတွက်နိုင်သည့် တပည့်များ ရှိခဲ့သည်။
ထို့အပြင် ထျန်းဟယ်မဟာအကြီးအကဲ၏ ကျင့်စဥ်သည် တန်ခိုးရှင်များကို ကောင်းကင်နှင့် မြေကြီးမှ လမ်းစဥ်အား စူးစမ်းလေ့လာရန် အကူအညီပေးနိုင်ကာ လမ်းစဥ်ဝိညာဥ်ကို ဖွဲ့စည်း၍ ရန်ဟောင်အဆင့်သို့ တက်လှမ်းရန် စိန်ခေါ်မှုတွင် များစွာ အထောက်အကူပေးနိုင်သည်။ ထို့ကြောင့် ဤနှစ်များအတွင်း သူ၏ လမ်းညွှန်မှုကို ရရန် လာရှာကြသူအများအပြားရှိကာ အထူးသဖြင့် ရှန့်ထိုအဆင့် ထိပ်ဆုံးရောက်ရှိပြီး ရန်ဟောင်အဆင့်သို့ တက်ရန် ပြင်ဆင်နေသူများပင် ပါဝင်ပေသည်။
နှစ်ပေါင်းများစွာအတွင်း ထျန်းဟယ်မဟာအကြီးအကဲသည် မည်သည့် တပည့်မှ လက်မခံခဲ့ပေ။ သို့သော် ယနေ့တွင် တောင်ပေါ်၌ တစ်စုံတစ်ယောက် ရပ်နေခဲ့ပြီး သူက အလွန် ငယ်ရွယ်တာကြောင့် သူတို့သည် ထျန်းဟယ်မဟာအကြီးအကဲက ခြွင်းချက်ထား၍ တပည့်လက်ခံခဲ့သည်ဟု တွေးထင်ခဲ့ကြသည်။
မည်သူကမှ မတုန့်ပြန်ခဲ့ပေ။ ထိပ်သီးပုဂ္ဂိုလ်များက အလွန် ဆွဲဆောင်အားကောင်းသည်ဟု ရီဖူရှင်းက တွေးသည်။ နှစ်ပေါင်းများစွာ ကြာသွားပြီးနောက်တွင်ပင် သူ့ကို လာရှာသည့်သူ အများအပြား ရှိနေဆဲပင် ဖြစ်သည်။
“ငါ ပြောပြီးသားပဲ။ တပည့် ထပ်ပြီး လက်မခံပါဘူးလို့။ ထပ်မလာကြနဲ့” ထိုအချိန်တွင် ရီဖူရှင်း၏ အနောက်မှ အသံတစ်ခု ထွက်လာသည်။ ရီဖူရှင်းက ပြန်လှည့်ကြည့်လိုက်လျှင် ထျန်းဟယ်မဟာအကြီးအကဲကို တွေ့လိုက်ရသည်။
“စီနီယာ.. စီနီယာက ခြွင်းချက်ထားခဲ့တယ်။ ဘာဖြစ်လို့များ အရင်ကလိုမျိုး လောကတစ်ခွင်ကို သင်ကြားမပို့ချပေးတာလဲ။” တစ်ယောက်က မေးသည်။
“အဲဒါက မဖြစ်နိုင်ဘူး။” ထျန်းဟယ်မဟာအကြီးအကဲက ဂရုမစိုက်စွာ တုန့်ပြန်သည်။
“စီနီယာက တပည့်တစ်ယောက် လက်ခံလိုက်မှတော့ လူငယ်တွေကို အခွင့်အရေးပေးဖို့ ဆန္ဒရှိတယ်မလား။ မနက်ဖြန် ကျွန်တော်တို့ ထပ်လာပြီး စိတ်ပြောင်းဖို့ လာတောင်းဆိုပါဦးမယ်” တစ်ယောက်က လက်လျှော့ရန် ဆန္ဒမရှိစွာ ပြောသည်။
“ငါ ထပ်ပြောမယ်။ မလာနဲ့” ထျန်းဟယ်မဟာအကြီးအကဲ၏ အသံက အေးစက်နေပြီး ဖော်ရွေမှုအနည်းငယ်မျှပင် ရှိမနေပေ။
“ဘာကြောင့်လဲ” တစ်ယောက်က မေးသည်။
“ငါက ငါ့ရဲ့ နေရာကို ဆက်ခံဖို့ တစ်ယောက်ကို ရှာတွေ့ပြီးပြီ။ တစ်ယောက်ဆို လုံလောက်ပြီ။ ငါ သူ့ကို ငါ့ တစ်ဘဝလုံးစာ ရရှိခဲ့တဲ့ အသိပညာတွေ အားလုံး သင်ပေးသွားမယ်။ ပြီးရင် အခုက စပြီး လောကအရေးကိစ္စတွေမှာ ထပ် မပတ်သတ်တော့ဘူး။” ထျန်းဟယ်မဟာအကြီးအကဲက ဖြေးညင်းစွာ ပြောသည်။ သူသည် လောကဓံတရားတို့ကို ကြုံတွေ့ဖြတ်သန်းလာရပြီး ဖြစ်သည်။ ကြည့်ရသည်မှာ သူသည် တောင်ပေါ်မှ လူငယ်ကို တပည့် လက်ခံခဲ့ပြီး ဆက်ခံသူအဖြစ် သတ်မှတ်ကာ သူ့တွင် ရှိသမျှ အရာအားလုံးကို ဆက်ခံစေမည့်ပုံပေါ်သည်။
သိသာစွာပင် သူတို့သည် ရွေးချယ်ခြင်းကို မခံရဘဲ တောင်ပေါ်မှ လူငယ်ကသာ ထျန်းဟယ်မဟာအကြီးအကဲ၏ ရွေးချယ်ခံဖြစ်ပေသည်။
ရီဖူရှင်းက ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။ ထျန်းဟယ်မဟာအကြီးအကဲသည် သူ့ကို ကာကွယ်ရန် အမိန့်ကဲ့သို့ ပြောဆိုခဲ့သည်။ ဤကဲ့သို့ဖြင့် မည်သူကမှ သံသယဝင်လိမ့်မည် မဟုတ်ပေ။ ထျန်းဟယ်မဟာအကြီးအကဲ၏ ဆက်ခံသူက ပြိုင်ဘက်ကင်း အရည်အချင်းရှိပေလိမ့်မည်။
တန်ခိုးရှင်များသည် တစ်ခုခု ပြောချင်နေသော်လည်း ထျန်းဟယ်မဟာအကြီးအကဲက ပြောသည်။ “ငါက ဆုံးဖြတ်ပြီးပြီ။ ဒါက မင်းတို့ကို နောက်ဆုံးအကြိမ် သတိပေးတာပဲ။ အဲဒါကိုမှ လာချင်တယ်ဆိုလည်း မင်းတို့ သဘောပဲ။ ဒါပေမယ့် အချိန်ကုန်ရုံပဲ ရှိလိမ့်မယ်။”
တောင်အောက်မှ လူများက ဆွံ့အသွားကြသည်။ သူတို့က ခေတ္တမျှ တိတ်ဆိတ်သွားကာ ဦးညွှတ်၍ ပြောသည်။ “ဒါဆိုလည်း နှုတ်ဆက်ပါတယ် စီနီယာ”
ထိုသို့ပြောပြီးနောက် သူတို့အားလုံး ထွက်ခွာသွားကြသည်။
ရီဖူရှင်းသည် ရင်ထဲမှ ပင့်သက်ရှိုက်သည်။ ဤနေရာမှ အေးစက်သည့် မြင်ကွင်းကို ကြည့်ရင်း သူသည် ဤနေရာက အတိတ်တွင် မည်မျှ ခမ်းနားထည်ဝါခဲ့သည်ကို မခန့်မှန်းနိုင်တော့ပေ။
သူက ထျန်းဟယ်မဟာအကြီးအကဲကို ကြည့်သည်။ မဟာအကြီးအကဲက ပြောလိုက်၏။ “မင်း ကြားတယ်မလား။ အခွင့်အရေးရရင် ထျန်းဟယ်မြို့ထဲကို လမ်းလေးဘာလေး သွားလျှောက်ပေါ့။ မင်း အပြင်ကို ရောက်ရင်လည်း မင်းတစ်ယောက်တည်းကပဲ ငါ့ ဆက်ခံသူ ဖြစ်လိမ့်မယ်။ ငါ မင်းကို ပညာရှိကျမ်း သင်ပေးမယ်။”
“နားလည်ပါပြီ” ရီဖူရှင်းက ပြန်ဖြေသည်။ သူက ထျန်းဟယ်မဟာအကြီးအကဲ၏ ရည်ရွယ်ချက်ကို နားလည်ပေသည်။ တစ်ဖက်တွင် မဟာအကြီးအကဲသည် ရီဖူရှင်း၏ အဆင့်အတန်းကို ရှင်းလင်းစေချင်သည်။ တခြားတစ်ဖက်တွင် သူသည် အခြားလူများ၏ နှောက်ယှက်မှုကို မခံလိုတော့ဘဲ ကျင့်ကြံမှုကိုသာ အာရုံစိုက်နေချင်ပေသည်။
သူ၏ စိတ်အခြေအနေက ထိုမျှ မြင့်မားသော အဆင့်အတန်း ရှိပါလျက်နှင် မဟာအကြီးအကဲက အမြဲ စိတ်ပျက်အားလျော့နေသည်လား။
ရန်ဟောင်အဆင့်သို့ ဝင်ရောက်ပြီးနောက်တွင်ပင် သူ၏ နှလုံးသား စိတ်အခြေအနေက ပို၍ သန်မာမလာသည်လား။
ထျန်းဟယ်မဟာအကြီးအကဲသည် သာမန် အဘိုးအိုတစ်ဦးကဲ့သို့ ဤနေရာမှ ထွက်ခွာသွားသည်။ သူသည် လောကတစ်ခွင်ကို ကြည့်ရှုရင်း သူသည် သူ့အမွေအနှစ်ကို ဆက်ခံရန် တစ်ဦးတစ်ယောက်ကိုသာ ရှာဖွေလိုခဲ့ပြီး တောင်အတွင်း၌ ဖုံးကွယ်နေထိုင်နိုင်ခဲ့သည်။
ထျန်းဟယ်မြို့သည် လူနေထူထပ်လှသည်။ အတိတ်တွင် ထျန်းဟယ်မြို့၌ မရေတွက်နိုင်သည့် လူစွမ်းကောင်းများ ရှိခဲ့ကာ သူတို့အားလုံးသည် ထျန်းဟယ်မဟာအကြီးအကဲ၏ လမ်းညွှန်မှုအောက်၌ ဂုဏ်ယူဝံ့ကြွားစွာ သင်ယူခဲ့ကြသည်။ သို့သော် ပြင်းထန်သည့် စစ်ပွဲတစ်ခု ဖြစ်ပွားခဲ့ပြီး ထျန်းဟယ်မြို့သည် အပျက်အစီးအဖြစ် ပြောင်းလဲသွားခဲ့ကာ နှစ်ပေါင်းများစွာ ကြာပြီးနောက်၌ပင် အနည်းငယ်သာ နာလန်ထူလာပေသည်။
လတ်တလောတွင် ထျန်းဟယ်မြို့၌ ထိတ်လန့်ဖွယ် သတင်း ရောက်ရှိလာသည်။ နှစ်ပေါင်းများစွာကြာပြီးနောက်၌ နောက်ဆုံးတွင် ထျန်းဟယ်မဟာအကြီးအကဲသည် သူ၏ နောက်ဆုံးတပည့်အဖြစ် တပည့်တစ်ဦး လက်ခံခဲ့သည်။ ထျန်းဟယ်မဟာအကြီးအကဲသည် ထို တပည့်က သူ၏ နေရာကို ဆက်ခံလိမ့်မည်ဟုလည်း ကိုယ်တိုင် ကြေညာခဲ့သည်။
ထျန်းဟယ်ဘုံသည် အထက်ဘုံတစ်ခု မဟုတ်ပေ။ ထျန်းဟယ်မဟာအကြီးအကဲဟူသည့် ဘွဲ့မည်မှာလည်း ဘုံမှ လူများ အပ်နှင်းထားခြင်း ဖြစ်သည်။ ထျန်းဟယ်မဟာအကြီးအကဲသည် နှိုင်းယှဥ်၍ မရအောင် အားကောင်းသန်မာလှသူ ဖြစ်သည်။ နှစ်ပေါင်းများစွာအတွင်း မရေတွက်နိုင်သော လူများက လမ်းစဥ်ရှာဖွေရန်အတွက် သူ၏ သင်ပြမှုအောက် ဝင်ရောက်လိုကြသော်လည်း မည်သူမှ မအောင်မြင်ခဲ့ပေ။ သို့သော် ယခုအချိန်၌ ထျန်းဟယ်မဟာအကြီးအကဲက သူ၏ ဆက်ခံသူကို ရှာတွေ့သွားပြီ ဖြစ်သည်။ ထိုသည်မှာ ထျန်းဟယ်ဘုံအတွက် မည်မျှ ထိတ်လန့်ဖွယ် သတင်းဖြစ်သည်ကို ခန့်မှန်းကြည့်နိုင်ပေသည်။
လူတိုင်းနီးပါးက ထိုအကြောင်းကိုသာ ပြောဆိုနေကြပြီး တစ်ချိန်တည်းမှာပင် သူတို့သည် ထျန်းဟယ်မဟာအကြီးအကဲ၏ ဆက်ခံသူ၏ အကြောင်းကိုလည်း ပြောဆိုနေကြသည်။ သူက မည်သူနည်း။ ထျန်းဟယ်မဟာအကြီးအကဲက မည်သို့ဖြစ်၍ ထိုသူအား သူ့နေရာ ဆက်ခံရန် ခွင့်ပြုရသနည်း။
မရေတွက်နိုင်သည့် လူများက ထိုအကြောင်းကို ပြောဆိုနေကြစဥ်တွင် ဆံပင်အဖြူရောင်နှင့် လူငယ်လေးက ထျန်းဟယ်မြို့အတွင်း လှည့်ပတ်သွားလာနေခဲ့သည်။ ဤငွေဖြူရောင်ဆံပင်နှင့် ချောမောသော လူငယ်သည် တောင်မှ ထွက်လာခဲ့သည့် ရီဖူရှင်းပင် ဖြစ်၏။
မဟာအကြီးအကဲက သူ့ကို တောင်အောက်ဆင်းရန် ပြောခဲ့ပြီး သူသည် မဟာအကြီးအကဲ၏ ဆိုလိုရင်းကာ နားလည်ကာ အချိန်တစ်ခုမျှ ကျင့်ကြံခဲ့ပြီးနောက်တွင် ဤမြို့ကြီးသို့ ဆင်းလာခဲ့ခြင်း ဖြစ်သည်။
သူ၏ လမ်းတလျှောက်တွင် လူများစွာက ရီဖူရှင်းကို သတိထားနိကြ၏။ သူ၏ ချောမောသော မျက်နှာ၊ အဖြူရောင်ဝတ်စုံ၊ ငွေဖြူရောင်ဆံပင်နှင့် သူ၏ အရှိန်အဝါတို့က ထျန်းဟယ်မြို့မှ လူများကို အတော်လေး သတိပြုမိစေပေသည်။ လူအများသည် ဤလူက အင်အားစုကြီးတစ်ခုမှ ဖြစ်မည်လားဟု သိချင်နေကြသည်။
ရီဖူရှင်းသည် စားသောက်ဆိုင်တစ်ခု ရှေ့သို့ ရောက်လာခဲ့သည်။ သူက မော့ကြည့်လိုက်ပြီး စားသောက်ဆိုင်အတွင်း ခြေချလိုက်၏။ သူသည် လေဟာပြင် အဆောက်အအုံထိပ်သို့ ရောက်ရှိလာပြီး အရက်တစ်အိုးနှင့် အမြည်းများ မှာလိုက်ကာ ထောင့်တစ်နေရာ၌ တစ်ယောက်တည်း ထိုင်ကာ သောက်နေခဲ့သည်။
သူက စကားမပြောသော်လည်း သူ့ကို လူအများက သတိပြုမိနေဆဲ ဖြစ်သည်။ ရီဖူရှင်းသည် ထူးခြားဆန်းပြားသည့် အရှိန်အဝါရှိရုံသာမကဘဲ သူသည် လူအများကို လျှို့ဝှက်ဆန်းကြယ်သော ခံစားမှုအားလည်း ပေးစွမ်းပေသည်။
“သခင်လေးက တစ်ယောက်တည်းလား” ထိုအချိန်တွင် ရီဖူရှင်း၏ ဘေး မနီးမဝေးမှ စားပွဲရှေ့တွင် ထိုင်နေသော အစိမ်းရောင် ဝတ်ရုံရှည်ဝတ် မိန်းကလေးတစ်ဦးက ရီဖူရှင်းကို ကြည့်ကာ မေးသည်။ သူမ၏ အပြုံးက နူးညံ့ကာ ဆွဲဆောင်မှု ရှိလှသည်။ သူမ၏ မျက်နှာက ရင်သပ်ရှုမောဖွယ်ထိ မဟုတ်သော်လည်း သူမသည် အလှလေးတစ်ဦးပင် ဖြစ်ကာ သူမ၏ ညှို့ဓာတ်က လူအများကို သူမအား ချစ်ခင်နှစ်သက်လာစေသည်။
ရီဖူရှင်းက သူမကို ကြည့်လိုက်ပြီး ညင်သာစွာ ခေါင်းညိတ်လိုက်ပေမယ့် မည်သည့်စကားမှ မဆိုခဲ့ပေ။
“ကျွန်မ မုအိမ်တော်က မုချင်းယွီပါ။ ကျွန်မနဲ့ တစ်ခွက်လောက် သောက်ပေးနိုင်မလား။” မိန်းကလေးက အပြုံးနှင့် ပြောသည်။ စားသောက်ဆိုင်အတွင်းမှ လူအများသည် အနည်းငယ် အံ့သြသွားကြသည်။ သူမသည် မုအိမ်တော်မှ ချင်းယွီ ဖြစ်ကာ မုအိမ်တော်သည် ရန်ဟောင်အဆင့်မိသားစု တစ်ခု ဖြစ်ပြီး မုချင်းယွီသည် မုအိမ်တော်မှ အလွန် အရည်အချင်းသည့် အမျိုးသမီးတစ်ဦး ဖြစ်သည်။ ယခု သူမက ရှန့်ထိုအဆင့်သို့ ဝင်ရောက်သွားပြီး သူမတွင် နောက်လိုက်များစွာ ရှိသည်။
မုချင်းယွီသည် ရီဖူရှင်း စားသောက်ဆိုင် အပြင်ဘက်၌ ရှိစဥ်ကပင် သတိပြုမိလေသည်။ သူမသည် ဤလူ၏ ကျင့်ကြံမှုက အလွန် မြင့်မားပြီး သူ့အရှိန်အဝါက လောကနှင့် တသားတည်း ဖြစ်နေသည်အား ပြောနိုင်ပေသည်။ ထိုသူသည် အလွန် ငယ်ရွယ်ပြီး ထူးချွန်သည့် အနေအထားရှိသည်။ သို့သော်လည်း သူမက သူ့အမည်ကိုပင် မသိပေ။
“ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် မလိုပါဘူး။” ရီဖူရှင်းက ညင်သာစွာ ပြော၍ ပြတင်းပေါက်အပြင်ကို ကြည့်သည်။ ကြည့်ရသည်မှာ သူက မုအိမ်တော်မှ အမျိုးသမီးကို စိတ်မဝင်စားဟန်ပင်။
ဤသည်မှာ စားသောက်ဆိုင်အတွင်းမှ လူအများကို ပို၍ အံ့အားသင့်သွားစေပြီး ရီဖူရှင်း အကြောင်းကို ပိုသိချင်လာစေသည်။
မုချင်းယွီသည်လည်း အနည်းငယ် အံ့သြသွားပေမယ့် သူမက ပြုံးသည်။ “နှောက်ယှက်မိတာ ကျွန်မ အမှားပါ။ တောင်းပန်ပါတယ်ရှင်”
သူမက အများကြီးမပြောတော့ပေ။ သူမသည် ထိုအကြောင်းကြောင့် စိတ်မသက်မသာ ဖြစ်သွားပုံမရပေ။ ဤလူက သူမနှင့် သိခွင့်ရရန် ရည်ရွယ်ချက်မရှိသည့်အတွက် သူမသည် ကိုယ့်ကိုယ်ကိုယ် အရှက်ရစေရန် ပြုလုပ်မည် မဟုတ်သော်လည်း သူမက သိချင်စိတ် ပြင်းပြနေဆဲပင် ဖြစ်သည်။
ရီဖူရှင်းသည် တိတ်ဆိတ်စွာ ဆက်သောက်နေခဲ့သည်။ သူက တစ်ယောက်တည်း ဖြစ်နေပြီး အနည်းငယ် အထီးကျန်နေဟန်တူသည်။ မုချင်းယွီသည် သူ့ကို ခဏခဏ လှမ်းကြည့်နေခဲ့သည်။ စားသောက်ဆိုင်တွင်းမှ လူများသည် ထျန်းဟယ်မဟာအကြီးအကဲ လက်ခံခဲ့သည့် တပည့်သစ်အကြောင်း ဆက်ပြောနေကြသည်။
“ထျန်းဟယ်မဟာအကြီးအကဲမှာ တစ်ချိန်တုန်းက တပည့်ပေါင်းသုံးထောင်ရှိခဲ့ပြီး သူတို့ထဲက အများစုက ပါရမီရှင်တွေ ဖြစ်ကြတယ်။ အခု သူက ဆက်ခံသူကို ရှာတွေ့သွားပြီဆိုတော့ အဲဒီလူက ဘယ်လောက်တောင် အားကောင်းမှာပါလိမ့်။ ကျုပ် တကယ် သူ တိုက်ခိုက်တာကို ကြည့်ချင်တယ်။”
“သူက အားမကောင်းဘူးဆိုရင်တော့ ကိစ္စတွေက အတိတ်ကနဲ့ ကွဲပြားသွားတော့မယ်။ အဲဒီတုန်းက အထက်ဘုံက လူတွေတောင် သူ့လမ်းညွှန်မှုအောက် သင်ယူဖို့ လာရောက်ကြတယ်။ သူက ထျန်းဟယ်ဘုံမှာ ရှိနေပေမယ့် ထျန်းဟယ်မဟာအကြီးအကဲဆိုတဲ့ အဆင့်အတန်းက ဘယ်လောက် ကြီးကျယ်မြင့်မြတ်ခဲ့သလဲ။ သူက နတ်ဘုရား ကလန်က အမျိုးသမီးတစ်ယောက်နဲ့တောင် လက်ထပ်ခဲ့တယ်။ ဒါပေမယ့် အခုတော့ ပြိုင်ဘက်ကင်း တန်ခိုးရှင်လူငယ်တွေက သူ့ကို ဆရာအဖြစ် မရွေးချယ်ကြတော့ဘဲ ထျန်းဟယ်ဘုံက လူတွေလောက်ပဲ….” တစ်ယောက်က တီးတိုးပြောလိုက်သော်လည်း ဆက်မပြောတော့ပေ။
လူအများသည်လည်း တိတ်တဆိတ် ခေါင်းညိတ်လိုက်ကြသည်။ သူတို့အားလုံးက အကြောင်းရင်းကို သိကြပေသည်။ ထျန်းဟယ်မဟာအကြီးအကဲ၏ အင်အားက ကောင်းလှသော်လည်း ယခင်နှင့် မတူညီတော့ပေ။ သူက နတ်ဘုရား ကလန်နှင့် ရန်ငြိုးရှိနေပြီး အချို့သော ထိပ်သီးပုဂ္ဂိုလ်များက အထက်ဘုံ၏ နတ်ဘုရား ကလန်ကို ဆန့်ကျင်မိမည်အား ကြောက်ရွံ့နေကြသည်။
လူအများက ပုံမှန်အတိုင်း စကားစမြည်ပြောနေကြပြီး ရီဖူရှင်းကလည်း ကြားဖြတ်မပြောခဲ့ပေ။ ထိုသည်မှာ သူနှင့် မဆိုင်သည့် ကိစ္စသာ ဖြစ်သည်။
အနည်းငယ်ကြာပြီးနောက် အဝေးမှ လူတစ်စု ရောက်ရှိလာသည်။ ထို သူတို့၏ အသက်ဓာတ်များက အလွန် ထူးခြားလှသည်။ စားသောက်ဆိုင်အတွင်းမှ လူအများသည် ထိုနေရာသို့ ကြည့်လိုက်ကြသည်။ စားသောက်ဆိုင်အပြင်ဘက် ကောင်းကင်တွင် လူငယ်လေးတစ်ယောက် ရပ်နေခဲ့ပြီး သူက စားသောက်ဆိုင်သို့ ကြည့်နေကာ မျက်လုံးများက ထက်ရှလာသည်။
“သူပဲ” မုချင်းယွီသည် ထိုသူကို ကြည့်ကာ ရေရွတ်သည်။ ထိုဂုဏ်သရေရှိ ပုဂ္ဂိုလ်သည် ထျန်းဟယ်မြို့ လူငယ်မျိုးဆက်များတွင် အထူးချွန်ဆုံး ဖြစ်ကာ သူ့ကို အလွယ်တကူ မှတ်မိနိုင်ပေသည်။ သူက အမြဲပင် ထျန်းဟယ်မဟာအကြီးအကဲ၏ တပည့်ဖြစ်ချင်နေသူ ဖြစ်၏။
မကြာခင်၌ ပိုမိုများပြားသည့် သူများက စားသောက်ဆိုင်သို့ အလျင်အမြန် ရောက်ရှိလာသည်။ သူတို့ထဲမှ အချို့က အဆောက်အဦးများထိပ်တွင် ရပ်နေကာ အချို့က လေထဲတွင် ရပ်နေသည်။ အချို့သည် စားသောက်ဆိုင်အတွင်းသို့ တိုက်ရိုက် လျှောက်ဝင်လာကာ ထိုင်လိုက်ကြသည်။ လေထုအခြေအနေက ချက်ချင်းပင် ပြောင်းလဲသွား၏။
ရီဖူရှင်းသည် သူတို့က သူ့ကြောင့် လာခဲ့မှန်း သိရှိပေသည်။ သူက တောင်အောက်သို့ ဆင်းလာသည့်အခါက လူအချို့သည် သူ့ကို စူးစိုက်ကြည့်နေသည်အား သိရှိခဲ့ကာ ဖြစ်နိုင်သည်မှာ ထိုသူတို့က သူ၏ သရုပ်ကို သိရှိချင်ကြသူများ ဖြစ်ပေလိမ့်မည်။
ထိုအချိန်၌ လူများ၏ အကြည့်တို့က သူ့အပေါ် ကျရောက်နေသော်လည်း သူက သတိမပြုမိသကဲ့သို့ပင် ဆက်သောက်နေခဲ့သည်။
သူတို့က သူ့အတွက် လာခဲ့သည်လား။ မုချင်းယွီသည် ရီဖူရှင်းကို ကြည့်ကာ တွေးသည်။ သူမ၏ နှလုံးသားအတွင်း အနည်းငယ် လှုပ်ခတ်သွားခဲ့၏။ ပိုမိုများပြားသော လူများက ချဥ်းကပ်လာနေပြီး အများစုမှာ ထူးချွန်သာလွန်သည့် တန်ခိုးရှင်များ ဖြစ်ကြသည်။
***