Switch Mode

အပိုင်း(၁၅၇၃)

ပြန်ရောက်လာခြင်း

ရီဖူရှင်းသည် ပြောရန် စကားများ ပျောက်ဆုံးနေခဲ့ရ၏။

ထျန်းဟယ်မဟာအကြီးအကဲနှင့် နတ်ဘုရားကလန်မှ အမျိုးသမီးတို့သည် ကြည်နူးဆွတ်ပျံ့လွမ်းမောဖွယ် ဇာတ်လမ်းတစ်ပုဒ်ပင် ဖြစ်သည်။ သူသည် အရည်အချင်းရှိလှသော ပါရမီရှင်ဖြစ်တာကြောင့် နတ်ဘုရား ကလန်က မကျမနပ် မပြုခဲ့ပေ။

မဟာအကြီးအကဲ၏ သမီး၊ ဆရာ့ဇနီးသည်လည်း ထိုစဥ်က ထျန်းဟယ်ဘုံတွင် တူညီသော ဇာတ်လမ်းတစ်ပုဒ် ရှိခဲ့သည်။ သို့သော် ဤတစ်ကြိမ်တွင် သူတို့စုံတွဲသည် နတ်ဘုရား ကလန်မှ အကြီးအကဲများ၏ ကန့်ကွက်ဆန့်ကျင်မှုကို ရရှိခဲ့ကြသည်။ ဆရာ့ဇနီးသည် နတ်ရတနာ၏ ဆက်ခံသူအဖြစ် ရွေးချယ်ခံရပြီး ကလန်၏ မျှော်လင့်ချက် ဖြစ်သည်။ ကလန်မှ လူများအားလုံးက သူမကို မျက်စိဒေါက်ထောက် ကြည့်​နေကြပြီး သူတို့သည် သူမကို သိပ်မထူးချွန်သော အရည်အချင်းနှင့် လူတစ်ယောက်ဖြင့် မည်သို့ သဘောတူ ခွင့်ပြုနိုင်ပါမည်နည်း။

နတ်ဘုရား ကလန်၏ ဆက်ခံသူအဖြစ် ရွေးချယ်ခံရသူသည်  သူမ၏ ခေတ်အခါတွင် ပြိုင်ဘက်ကင်း ပါရမီရှင်ဖြစ်ကာ သူမ၏ ခန္ဓာကိုယ်အတွင်း၌ နတ်ဘုရား ကလန်၏ သွေးများလည်း စီးဆင်းနေသေးသည်။ သူမသည် ထျန်းဟယ်မဟာအကြီးအကဲနှင့် နတ်ဘုရား ကလန် မျိုးဆက်၏ သမီးဖြစ်သော်လည်း သူမ၏ ကြင်ယာဖက်အဖြစ် ဆရာ့ကို ရွေးချယ်ခဲ့သည်။ ရီဖူရှင်းသည် ဆရာ့အတွက် ဝမ်းသာသင့်လား ဝမ်းနည်းသင့်လား မသိတော့ပေ။  ဆရာဘိုးဘိုးသည် ဆရာ့၏ ပါရမီက ထိပ်တန်းမဟုတ်သော်လည်း သူ့နှလုံးသား စိတ်အခြေအနေ က ထူးခြားသာလွန်သည်ဟု ပြောခဲ့သည်။ ရီဖူရှင်းသည် တာလီနန်းတွင်းအကြံပေးဟောင်း သူ့ဆရာက အကောင်းဆုံးသော အရာများနှင့်သာ ထိုက်တန်သည်ဟု ခံစားမိပေသည်။

လူသားများသည် ကံတရား၏ အရူးလုပ်ခြင်းကို ခံခဲ့ရသည်။ နတ်ဘုရား ကလန်၏ ထူးချွန်ပြောင်မြောက်လှသည့် အမျိုးသမီးနှစ်ဦးဖြစ်သော ဆရာ့ဇနီးက အသက်သေဆုံးခဲ့ရပြီး ဆရာဘိုးဘိုး၏ ဇနီးက ကလန်သို့ ပြန်လည် ခေါ်ဆောင်သွားခံရသည်။ ဆရာဘိုးဘိုးသည် သူမ အသက်ရှင်သေးသလားပင် မသိချေ။

ထို့အပြင် သူတို့သည်လည်း ကြောက်မက်ဖွယ် စစ်ပွဲကို တွေ့ကြုံခဲ့ရပြီး ထျန်းဟယ်ဘုံကို သွေးချောင်းစီးစေခဲ့ရသည်။ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက အလွန် ရက်စက်လှပေသည်။

အရှင်ထိုက်ရွှမ်သည် ဆရာဘိုးဘိုးတွင် တစ်လောကလုံး၌ ပျံ့နှံ့နေသော တပည့်များ ရှိပြီး သူသည် တိုက်ရိုက်တပည့်ပေါင်း သုံးထောင်ကို သင်ကြားပြသပေးခဲ့သည်။ သူ့ဘေး၌ ရှိခဲ့သော တပည့်များသည်လည်း နတ်ဘုရား ၏ ဒေါသကို ဆွနေသကဲ့သို့ ဖြစ်ပေလိမ့်မည်။ ရက်စက်လှသည့် နတ်ဘုရား ကလန်က အထက်ဘုံမှ ဆင်းလာကာ ထျန်းဟယ်ဘုံတစ်ခုလုံးကို သုတ်သင်ဖျက်ဆီးခဲ့သည်။ သူတို့က မည်မျှ သွေးအေးလိုက်ပါသနည်း။

“ဒီအမျိုးသမီးနှစ်ယောက်သာ မရှိရင် ဘယ်သူမှ အသက်ရှင်နိုင်မှာ မဟုတ်ဘဲ ငါတောင်မှ စစ်ပွဲအတွင်း သေသွားနိုင်တယ်။ သူတို့က အရမ်း ထူးချွန်တယ်။ ရွှမ်ကန်းနဲ့ ငါ နှစ်ယောက်လုံး သူတို့ကို မယှဥ်နိုင်ဘူး” ထျန်းဟယ်မဟာအကြီးအကဲက သက်ပြင်းချသည်။ တစ်ယောက်က သေဆုံးသည်အထိ တိုက်ခိုက်ခဲ့ပြီး နောက်တစ်ယောက်က သေခြင်းတရားကို စောင့်ဆိုင်းနေရသည်။

ထိုလူအိုကြီး၏ လွမ်းဆွတ်ပူဆွေးမှုကို ကြားသည့်အခါ ရီဖူရှင်းသည် ထိုအချိန်က ဖြစ်ရပ်ကို ကိုယ်တိုင် မကြုံတွေ့ဖူးသော်လည်း သူသည် ထို အမျိုးသမီးနှစ်ဦး၏ ပြိုင်ဘက်ကင်း ကျက်သရေရှိမှုကို မြင်ယောင်လာသည်ဟု ထင်မှတ်ရသည်။ သူတို့သည် သူတို့၏ ချစ်ရသူများကို ကာကွယ်ရန်အတွက် ကိုယ့်ကိုယ်ကိုယ် စတေးခံခဲ့ကြသည်။

ဆရာ၏ တစ်ခုတည်းသော မျှော်လင့်ချက်က ဖေးရွှီ အသက်ရှင်ရန်သာ ဖြစ်သည်မှာ အံသြစရာမရှိတော့ပေ။ အခြားအရာများကို သူက ဂရုမစိုက်တော့သည်မှာ ဖြစ်နိုင်ပေသည်။ သူသည်လည်း ဤဘဝ၌ လက်တုန့်ပြန်ရန် မျှော်လင့်ချက်မရှိသည်ကို နားလည်ပေသည်။ အချို့သော မိသားစုများသည် နည်းနည်းလေးမှ ထိပါး၍ မရအောင် အားကောင်းလှသည်။ ဘုံတစ်ခုလုံး ဖျက်ဆီးခံလိုက်ရခြင်း၏ အရိပ်အောက်၌ အသက်ရှင်နေရခြင်းမှာ သူ့ကို မည်သို့ စိတ်ဓာတ်မကျဘဲ ဖြစ်စေနိုင်မည်နည်း။

“ခွန်အားအရာမှာ ဒီလောက်အထိ ကွာခြားချက်ကြီးမားနေတာတောင် သူတို့က ဘာလို့ စစ်ဖြစ်ဖို့ ရွေးချယ်ခဲ့ရတာလဲ” ရီဖူရှင်းက သက်ပြင်းချသည်။ သူမတို့က မည်သည့်အတွက်ကြောင့် ထိုအခြေအနေထိ ဖြစ်ပေါ်စေရသနည်း။ အသက်နှင့် ယှဥ်လာပါက သူမတို့သည် လက်လျှော့ရန် တွေးသင့်ပေသည်။

အသက်ရှင်နေခြင်းက မျှော်လင့်ချက်ပင် ဖြစ်၏။

“မင်းက မင်းဆရာ့ဇနီးရဲ့ စရိုက်ကို မသိလို့။ အဲဒီအချိန်တုန်းက သူမ ငယ်ရွယ်သေးပေမယ့် ပင်ကိုယ်စရိုက်က အရမ်း သန်မာတယ်။ သူမက မိသားစုရဲ့ သဘောတူချက် မပါဘဲနဲ့တောင် အဲဒီရတနာကို ဖေးရွှီဆီ ပေးလိုက်တယ်။ သူမက ဖေးရွှီကို အဲဒီရတနာ ဆက်ခံစေရင် ဟိုမိသားစုက အဲဒီရတနာကြောင့် မင်းဆရာနဲ့ ဖေးရွှီကို အပေးအယူ ကတိဖြစ်စေမယ်လို့ ထင်ခဲ့တာ။ ဒါပေမယ့် သူမက အဲဒီကလန်ရဲ့ ခေါင်းမာပြီး တယူသန်တဲ့ စိတ်ကို လျှော့တွက်ခဲ့မိတယ်။ သူတို့က ဖေးရွှီကို အဲဒီမိသားစုဆီ ခေါ်သွားပြီး ရတနာကို ရဖို့ ဖေးရွှီရဲ့ အရိုးကိုတောင် ထုတ်ပစ်ချင်ခဲ့တယ်။ ဒါပေမယ့် မင်းဆရာနဲ့ သူ့ဇနီးက အဲဒီလို ဘယ်အဖြစ်ခံပါ့မလဲ။ တိုက်ပွဲတစ်ခုက မြန်မြန်ဆန်ဆန် ဖြစ်ပေါ်လာပြီး ထိန်းချုပ်မရတဲ့ အခြေအနေ ဖြစ်ကုန်တယ်လေ။”

ထျန်းဟယ်မဟာအကြီးအကဲက သက်ပြင်းချသည်။ သူက ထိုတိုက်ပွဲ ဖြစ်ပွားခဲ့ရသည့် အကြောင်းအရာ အားလုံးကို အမှတ်ရနေသေး၏။ ထျန်းဟယ်ဘုံမှ လူများက သူ့ကို လေးစားကြပြီး ထျန်းဟယ်မဟာအကြီးအကဲဟူသည့် ဘွဲ့မည်ပင် ပေးထားကြသော်လည်း သူသည် သူ့ဇနီးလောက် မထူးချွန်ဟု အမြဲ တွေးခဲ့သည်။ သူမက အမှန်ပင် ပြိုင်ဘက်ကင်း အမျိုးသမီး ဖြစ်၏။

“ဒါက ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ ဒီလောက် နှစ်တွေ အများကြီး ကြာပြီးမှ မင်းလို လူငယ်လေးတစ်ယောက်ကို ပြောပြရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ဒါပေမယ့် အဲဒါက လျှို့ဝှက်ချက်တော့ မဟုတ်ပါဘူးလေ။ အခုကစပြီး မင်းက ငါ သင်ပေးမယ့် ပညာရှိကျမ်းကို စိတ်ထဲမှာ စွဲစွဲမြဲမြဲ မှတ်ထားရမယ်။ မင်း အပြင်ကို ရောက်တဲ့အခါမှာ ငါ့ တပည့်လို့ပဲပြော။ မင်းဆရာရဲ့ တည်ရှိမှုကို တခြားလူတွေ မသိစေနဲ့။ မဟုတ်ရင် မင်းအတွက် ဆိုးရွားတာတွေ ဖြစ်လာလိမ့်မယ်။” ထျန်းဟယ်မဟာအကြီးအကဲက ပြောသည်။

နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သော််လည်း နတ်ဘုရား ကလန်သည် ချင်ရွှမ်ကန်းနှင့် ဖေးရွှီကို ရှာရန် လက်မလျှော့ခဲ့ပေ။ ရတနာသည် ဖေးရွှီ၏ ကိုယ်ထဲ၌ပင် ရှိနေသေးသည်။ ထိုရတနာကို ရရှိလာသူမှာ သူတို့သာ ဖြစ်သော်လည်း နတ်ဘုရား ကလန်သည် ထိုရတနာက သူတို့ပိုင်ဆိုင်သင့်သည်ဟု အမြဲ တွေးထင်ခဲ့သည်။ သူတို့က ရှာမတွေ့တော့သည့် အခြေအနေမှာပင် လက်မလျှော့ခဲ့ပေ။  သူတို့သည် မရေတွက်နိုင်သည့် ဘုံအားလုံးကို အာရုံစိုက်ထားရန် မဖြစ်နိုင်ခဲ့သည်မှာ သူတို့၌ ထိုကိစ္စအား ကိုင်တွယ်နိုင်ရန် ထိုမျှ များပြားသည့် စွမ်းအား မရှိခဲ့သောကြောင့် ဖြစ်သည်။

သို့သော် သဲလွန်စလေးတစ်ခု ရသွားပါက ကလန်မှ လူများသည် အဆုံးထိ စုံစမ်းလိမ့်ကြမည်ဖြစ်သည်။ သူတို့က ရီဖူရှင်း၏ ပညာရှိကျမ်းကို မြင်သည့်အခါတွင် ကျိန်းသေ သတိပြုမိကြလိမ့်မည် ဖြစ်၏။

“ကျွန်တော် သိပါပြီ” ရီဖူရှင်းက ခေါင်းညိတ်ရင်း ဂရုတစိုက် ပြန်ဖြေသည်။

“ဒီအချိန်အတောအတွင်း မင်း ဒီမှာနေပြီး ကျင့်ကြံနိုင်တယ်။” ထျန်းဟယ်မဟာအကြီးအကဲက ထပ်ပြောသည်။

ရီဖူရှင်းသည် ထျန်းဟယ်မဟာအကြီးအကဲဟု ကျော်ကြားခဲ့သော အဖြူရောင်ဆံပင်နှင့် မျက်နှာတွင် အရေးအကြောင်းများ ပြည့်နေသည့် အဘိုးအိုကို ကြည့်သည်။ အတိတ်က ဖြစ်ပျက်ခဲ့သော ကိစ္စရပ်များက သူ့ကို ပြင်းထန်စွာ ရိုက်ခတ်ခဲ့ပုံရသည်။

“ဆရာဘိုးဘိုး ကျွန်တော့ဆရာကို အပြစ်မတင်ဘူးမလား” ရီဖူရှင်းက မေးသည်။ ဆရာမှလွဲလျှင် ထျန်းဟယ်မဟာအကြီးအကဲ၏ မိသားစုဝင်တိုင်းသည် ထူးချွန်လှသည့် အရည်အချင်း အတွေ့အကြံများနှင့် ထိပ်ဆုံးတွင် ရပ်တည်နိုင်သော်လည်း ဆရာနှင့် သူ့ဇနီး၏ လက်ထပ်မှုကြောင့် အရာအားလုံးက ဝမ်းနည်းကြေကွဲဖွယ် ဖြစ်ခဲ့ရသည်။ ထျန်းဟယ်မဟာအကြီးအကဲက သူတို့ကို လက်ထပ်ခွင့်ပြုခဲ့သည့်အတွက် နောင်တရနေခဲ့လေမလား။

“ငါသာ သူ့ကို အပြစ်တင်ရင် သူက ငါ့သားမက် ဖြစ်လာလိမ့်မှာလား။” ထျန်းဟယ်မဟာအကြီးအကဲက ဂရုမစိုက်စွာ ပြောသည်။ “အဲဒီတုန်းက ငါ့မှာ တပည့်အများကြီးရှိတယ်။ အများစုက ထိပ်သီးအင်အားစုက လူတွေပဲ။ ထူးချွန်ပြောင်မြောက်တဲ့ အရည်အချင်းရှိသူတွေလည်း မရေတွက်နိုင်အောင် ရှိတယ်။ နတ်ဘုရား ကလန်က သူတို့ရဲ့ တန်ခိုးရှင်တွေကိုတောင် ကျုပ်ရဲ့ လမ်းညွှန်မှုအောက်မှာ သင်ယူဖို့ စေလွှတ်ခဲ့တယ်။ ဆရာတစ်ယောက်အနေနဲ့ ငါက အရည်အချင်း အရှိဆုံးတပည့်တွေကို မျက်နှာသာပေးသင့်တာပေါ့။ ဒါပေမယ့် မင်းဆရာရဲ့ အရှိန်အဝါက ငါနဲ့ အနီးစပ်ဆုံး ငါနဲ့ အတူဆုံးပဲ။ သူ့ရဲ့ ပါရမီက ချို့တဲ့နေပေမယ့် သူက တစ်နေ့မှာ ဆရာတစ်ဆူ ဖြစ်လာမယ်ဆိုတာ ငါ သိခဲ့တယ်။ ကျင့်ကြံခြင်းဆိုတာ ဘယ်တော့မှ အချိန်တိုအတွင်း မရဘူး။ သူသာ ဆက်ပြီး လုပ်နိုင်မယ်ဆို သူ့ရဲ့ စိတ်အခြေအနေက ငါ့ထက်ကို သာလွန်သွားပြီး အဲဒီအခြေအနေကို ကယ်တင်နိုင်လိမ့်မယ်။”

“ကံမကောင်းတာက ငါတို့မှာ အဲဒီလို အခွင့်အရေး မရခဲ့ဘူး။ မင်းပြောတာကို ငါကြားတော့ သူက လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကမှ ရန်ဟောင်အဆင့်ကို ရောက်ခဲ့တာဆို။ သူ့ရဲ့ စိတ်အခြေအနေက ဟိုအဖြစ်တွေကြောင့် အပြင်းအထန် သက်ရောက်ခံခဲ့ရတာ ငါ နားလည်နိုင်ပါတယ်။ ဒါပေမယ့် အခု သူက ရန်ဟောင်အဆင့် ရောက်သွားပြီဆိုတော့ အဲဒီအချိန်ရဲ့ အရိပ်တွေထဲက တဖြည်းဖြည်း ထွက်လာနိုင်ပြီ ဖြစ်ရမယ်။”

အရှင်ထိုက်ရွှမ်က ပြောသည်။ “ဒါက နှစ်များစွာ ကြာခဲ့ပြီ။ မင်းလည်း ဖြစ်နိုင်ရင် အဲဒီအရိပ်အောက် ရုန်းထွက်သင့်ပြီ။ အဲဒီတုန်းက ထျန်းဟယ်မဟာအကြီးအကဲဆိုတာ ဘယ်လောက် ခမ်းနားကြီးကျယ်ခဲ့လဲ။ ဒါပေမယ့် အခု မင်းက အရင်နဲ့ တခြားစီ ခြေကုန်လက်ပမ်းကျနေခဲ့ပြီ။ ထျန်းဟယ်ဘုံက လူတွေက မကြာခင်မှာ မင်းကို မေ့ပျောက်သွားတော့မှာ စိုးမိတယ်။”

“ငါကတော့ ထျန်းဟယ်ဘုံက ငါ့ကို မမေ့နိုင်မှာ ကြောက်တယ်” ထျန်းဟယ်မဟာအကြီးအကဲက ပြောသည်။ သူသည် ထျန်းဟယ်ဘုံ၏ အပြစ်သားအဖြစ် ခံစားနေရပေသည်။

“ထားလိုက်ပါတော့” အရှင်ထိုက်ရွှမ်က ခေါင်းကို ယမ်းကာ ပြောသည်။ “မင်းကို ငါ ထပ်ပြီး မတိုက်တွန်းတော့ပါဘူး။ ငါ မင်းကို သိလာတာ ဒီလောက် နှစ်တွေ ကြာခဲ့ပြီ။ မင်းက ငါ့ထက် ပို ထူးချွန်ခဲ့ပြီး အမှန်ဆို ငါ့ အဆင့်ကို မင်းအရင် ဝင်ခဲ့ရမှာ။ ဒါပေမယ့် အခုတော့ အဲဒီအဆင့်ကိုတောင် မင်း မချိုးဖျက်နိုင်သေးဘူး။ အခုက မင်း ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ရမယ့် အချိန်ပဲ။ ငါ မင်းအတွက် တပည့်တစ်ယောက် ပို့ပေးခဲ့တယ်။ အခု မင်း သူ့ကို ဘယ်လိုသင်ပေးရမယ်ဆိုတာ စဥ်းစားသင့်တယ်။  သူက နတ်ဘုရားနန်းတော်ရဲ့ ဘိုးဘေးနယ်မြေကို ဝင်ရောက်ခဲ့ပြီး မင်း သားမက်ရဲ့ အရမ်းအရေးကြီးတဲ့ တပည့်တစ်ယောက်လည်း ဖြစ်တယ်။ အနာဂတ်မှာ သူက ကြီးမြတ်တဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာနိုင်တယ်။” အရှင်ထိုက်ရွှမ်က ပြောသည်။ “ငါကတော့ တာဝန်ပြီးပြီမို့ မင်းကို ထပ်မနှောက်ယှက်တော့ဘူး”

သူက ပြောပြီးသည့်အခါ အရှင်ထိုက်ရွှမ်က ထရပ်လိုက်ပြီး ထွက်ခွာရန် အသင့်ပြင်သည်။

“စီနီယာ ပြန်တော့မလို့လား” ရီဖူရှင်းက မေးလိုက်၏။

“ဟုတ်တယ်။ မင်း ကျင့်ကြံတာကို အာရုံစိုက်ထား။ တခြား ပတ်ဝန်းကျင်တစ်ခုကို ပြောင်းပြီး မတူတဲ့ ရှုမြင်ကွင်းတွေကို မြင်တွေ့ရတာက မင်း အဆင့်တက်ဖို့ အကူအညီ ဖြစ်စေလိမ့်မယ်။” အရှင်ထိုက်ရွှမ်က ပြောသည်။ ရီဖူရှင်းက ခေါင်းညိတ်လိုက်ပြီး မည်သည့်စကားမှ မဆိုတော့ပေ။ အရှင်ထိုက်ရွှမ်ကဲ့သို့သော လူမျိုးက စိတ်ရှိသလို သွားနိုင်လာနိုင်ပေသည်။

ဤလူနှစ်ဦးကြားမှ မိတ်ဆွေဆက်ဆံရေးက ရေကဲ့သို့ပင် ကြည်လင်လှသည်။ သူက ရီဖူရှင်းကို ခေါ်ကာ ထျန်းဟယ်မဟာအကြီးအကဲထံသို့ ခေါ်ဆောင်လာသည်အား ကြည့်လျှင် သူ၏ ရိုးသားမှုကို တွေ့မြင်ရပြီး ဖြစ်၏။

“မင်းအတွက် ဟိုမိန်းကလေးကို ဂရုစိုက်ထားလိုက်မှာမို့ စိတ်မပူနဲ့။ အခု အထက်ဘုံက လူတွေ အများကြီးက မင်းကို ပစ်မှတ်ထားနေကြတယ်။ မင်းဒီမှာဆိုတာ ဘယ်သူမှ သိမှာ မဟုတ်ဘူး။” အရှင်ထိုက်ရွှမ်က ပြုံးရင်း ပြောသည်။ ထို့နောက် သူက ထျန်းဟယ်မဟာအကြီးအကဲကို ကြည့်ကာ ပြောလိုက်၏။ “ငါ အခု သွားသင့်ပြီ”

“ကောင်းပြီ” ထျန်းဟယ်မဟာအကြီးအကဲက တည်ငြိမ်စွာ ခေါင်းညိတ်သည်။ အရှင်ထိုက်ရွှမ်သည် လေထဲသို့ ခြေလှမ်းလိုက်ပြီး ချက်ချင်း ပျောက်ကွယ်သွား၏။

အရှင်ထိုက်ရွှမ် ထွက်သွားပြီးနောက်၌ ထျန်းဟယ်မဟာအကြီးအကဲက ရီဖူရှင်း ဘက်သို့ လှည့်ကာ ပြောသည်။ “မင်းက ကောင်းကင်အာဏာစက်ဘုံမှာ မင်းဆရာနဲ့ မင်း ကွဲသွားတာကိုပဲ ပြောခဲ့တယ်။ ဖေးရွှီကရော ဘယ်မှာလဲ။ သူမက မင်းနဲ့အတူ မရှိဘူးလား။”

“မရှိဘူး။” ရီဖူရှင်းက ခေါင်းကို ယမ်းရင်း ပြောသည်။

“သူမ ဘယ်မှာလဲ။” လူအိုကြီးက မေးလိုက်၏။

ရီဖူရှင်းက သူ့ကို ကြည့်ကာ တစ်ခုခု ပြောရန် ဟန်ပြင်လိုက်သော်လည်း မပြောဘဲ တိတ်ဆိတ်သွား၏။ လူအိုကြီးသည် သူ၏ တုန့်ပြန်မှုကို မြင်သည့်အခါ ခေါင်းညိတ်၍ ပြောသည်။ “မင်း ငါ့ကို ပြောပြစရာမလိုတော့ဘူး။”

“ဆရာ့မှာ ကျွန်တော့အပြင် တခြားတပည့်တွေ ရှိပါသေးတယ်။ သူတို့က ဖေးရွှီကို ဂရုစိုက်ပေးနေတယ်။ ပြီးတော့ အခုဆို ဖေးရွှီရဲ့ ကျင့်ကြံမှုမှာ တိုးတက်တာက အရမ်းမြန်လွန်းတယ်။ သူမက ကျိန်းသေ အန္တရာယ်ကင်းမှာပါ။” ရီဖူရှင်းက ပြောသည်။

“ကောင်းတယ်” လူအိုကြီးက ခေါင်းညိတ်ကာ ပြောလိုက်၏။ “မင်းက အရမ်းသတိကြီးတာပဲ။”

“ဆရာဘိုးဘိုး ကျွန်တော်..” ရီဖူရှင်းသည် အထစ်ထစ်အငေါ့ငေါ့ ပြောရင်း ရှက်ရွံ့စွာ ကြည့်သည်။

“ဒါပေမယ့် မင်းမှန်တယ်။ မင်းကိုယ်တိုင်နဲ့ မင်းဆရာကလွဲရင် ဘယ်သူ့ကိုမှ အကြွင်းမဲ့ မယုံကြည်နဲ့။” ထျန်းဟယ်မဟာအကြီးအကဲက ထရပ်ကာ ပြောသည်။ “ငါနဲ့ လိုက်ခဲ့”

သူက ရှေ့မှ လျှောက်သွားပြီး ရီဖူရှင်းက သူ့နောက်မှ လိုက်လာခဲ့သည်။

ရှေးဟောင်းတောင်ထိပ်တွင် ထျန်းဟယ်မဟာအကြီးအကဲသည် အတားအဆီး အကာအကွယ်များစွာ စီစဥ်ထားခဲ့သည်။ သူတို့က ကျင့်ကြံရန်အတွက် ကြီးမားသည့် လိုဏ်ဂူကြီးတစ်ခုအတွင်းသို့ ဝင်ရောက်လာကြသည်။ အဘိုးအိုက အရင်လျှောက်သွားပြီး ရီဖူရှင်းက သူ့နောက်မှ လိုက်ကာ လိုဏ်ဂူအတွင်း ရှည်လျားသည့် စင်္ကြန်ကို ဖြတ်လျှောက်သွားကြ၍ သူတို့သည် တောင်အတွင်းပိုင်းသို့ ဝင်ရောက်လာသည်။

မြင်ကွင်းက ရုတ်တရက် တောက်ပလာ၏။ လိုဏ်ဂူက ကြီးမားပြီး နတ်အလင်းတို့ဖြင့် တောက်ပနေသည်။ လိုဏ်ဂူအတွင်းတွင် ရှေးဟောင်းစာလုံး သင်္ကေတများက လေထဲတွင် မျောလွင့်နေကာ ရစ်ဝဲလှည့်ပတ်နေသည်။

“ချန်၊ ခွင်း၊ လီ၊ ခန်” ရီဖူရှင်းသည် ထိုစာလုံးများကို ကြည့်သည်။ ထိုစာလုံးတစ်ခုချင်းစီသည် ပညာရှိကျမ်း၏ စာလုံးသင်္ကေတများနှင့် တူညီပေသည်။

ဤစာလုံးများသည် လိုဏ်ဂူအတွင်းမှ လောက၏ စွမ်းအားများကို ထုတ်ပယ်ကာ လေဟာနယ်တစ်ခု ဖြစ်ပေါ်နေစေပြီး အလင်းတန်းတစ်ခုအတွင်းသို့ ပေါင်းဆုံသွားစေသည်။ အလယ်ရှိ နေရာတစ်ခုတွင် ရှေးဟောင်းစာလုံးများဖြင့် ဝန်းရံထားပြီး ပုံရိပ်ယောင်တစ်ခု ပေါင်းစပ်ဖြစ်တည်နေသည်။ ထိုသည်မှာ အစစ်အမှန် လူတစ်ယောက် မဟုတ်ဘဲ ကောင်းကင်နှင့် မြေကြီးမှ မဟာလမ်းစဥ်တို့ဖြင့် ဖွဲ့စည်းထားသည့် ပုံရိပ်ယောင်ခန္ဓာဖြစ်သည်။

“မင်းဆရာက မင်းကို ပညာရှိကျမ်း ကျင့်စဥ် သင်ပေးခဲ့တယ်ဆိုပေမယ့် အဲဒါက မပြည့်စုံသေးဘဲ ခံစားချက် ကင်းမဲ့နေတယ်လို့ ခန့်မှန်းမိတယ်။ ဒီမှာ ကျုပ် ဖန်တီးထွင်းထုထားတဲ့ ပုံရိပ်က ပညာရှိကျမ်းရဲ့ အဓိပ္ပါယ်အစစ်အမှန်တွေ ပါဝင်နေတယ်။ မင်း အဲဒါကို အပြည့်အဝနားလည်နိုင်ဖို့ ဒီမှာနေပြီး ကျင့်ကြံနိုင်တယ်။” ထျန်းဟယ်မဟာအကြီးအကဲက ရီဖူရှင်းကို ပြောသည်။

“ကျေးဇူးတင်ပါတယ် ဆရာဘိုးဘိုး” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြန်ဖြေသည်။

“ပညာရှိကျမ်းကို ငါ ဖန်တီးထားတာ မဟုတ်ဘူး။ ငါလည်း မတော်တဆ ရခဲ့တာပဲ။ အဲဒီပညာရပ်က အရမ်းလျှို့ဝှက်ဆန်းကြယ်ပြီး နက်နဲတယ်။ မင်းရဲ့ အရည်အချင်းက ထူးချွန်နေရင်တောင် အဲဒါကို ဂရုတစိုက် ကျင့်ကြံဖို့ အချိန်တချို့ သုံးသင့်တယ်။ အနည်းဆုံးတော့ အဲဒါက မင်းကို ငါ့ အဆင့်ထိ ရောက်အောင် ဒါမှမဟုတ် အဲဒီထက် မြင့်တဲ့အဆင့်ထိ ရောက်အောင်တောင် ပံ့ပိုးပေးနိုင်လိမ့်မယ်။” ထျန်းဟယ်အကြီးအကဲက ရီဖူရှင်းကို ပြောသည်။ ရီဖူရှင်းက ခေါင်းညိတ်လိုက်၏။

“ငါ အပြင် ထွက်တော့မယ်။ မင်း ဒီမှာ ကျင့်ကြံနိုင်တယ်။” ထျန်းဟယ်မဟာအကြီးအကဲက ပြောသည်။ သူက လှည့်ထွက်သွားပြီး ရီဖူရှင်းကို လိုဏ်ဂူထဲ တစ်ယောက်တည်း ထားပစ်ခဲ့သည်။

ထျန်းဟယ်မဟာအကြီးအကဲသည် ချောက်ကမ်းပါးအစွန်းသို့ ရောက်လာပြီး ကောင်းကင်ကို မော့ကြည့်သည်။ ထိုအချိန်တွင် သူ၏ တိမ်ကဲ့သို့ ညိုမှိုင်းနေသည့် မျက်လုံးများက အလွန် ထက်ရှလာသည်။ သူ၏ စူးရှရက်စက်သည့် အကြည့်များက ကောင်းကင်ကို ဖြတ်သန်းထိုးဖောက်သွားသည်။

သို့သော် တခဏအကြာတွင် သူ့ခေါင်းကို ငုံ့လိုက်ပြီး မူလသွင်ပြင်ကဲ့သို့ ပြန်ဖြစ်သွားလေသည်။ သူက မှိုင်းညို့သည့် အကြည့်တို့ ပြန်ဖြစ်သွားကာ တောင်၏ တစ်နေရာသို့ လျှောက်သွားခဲ့သည်။

ထိုအချိန်၌ ထျန်းဟယ်မြို့ အပြင်ဘက် လူအုပ်ထဲတွင် လူတစ်ယောက် ရပ်နေခဲ့သည်။ သူက ကောက်ရိုး ဦးထုပ်တစ်လုံးကို ဆောင်းထားပြီး အနည်းငယ် မိန်းမောတွေဝေစွာနှင့် ရှေ့သို့ မော့ကြည့်နေခဲ့သည်။

နှစ်ပေါင်းများစွာ ကြာပြီးနောက်၌ သူက ပြန်ရောက်လာခဲ့ပြီ ဖြစ်သည်။

သူသည် မည်သည့်အခါမှ ပြန်မလာတော့ဟု တွေးထားခဲ့သော်လည်း ယနေ့တွင် မည်သည့်အရာမှ တွေးပူနေရန် မရှိတော့ပေ။ သူက တပည့်များနှင့် ကွဲကွာသွားပြီးနောက် မည်သူကမှ သူတို့ကြားရှိ ဆက်ဆံရေးကို သိလိမ့်မည် မဟုတ်ပေ။ ထိုသည်မှာ ကောင်းမွန်ပြီး ဤနည်းလမ်းဖြင့် သူသည် အတိတ်မှ ဆက်သွယ်မှုများကို ဖြတ်တောက်နိုင်ပေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset