အပိုင်း(၁၅၇၂)

ဇာတ်လမ်းလေးတစ်ပုဒ်

ချင်ရွှမ်ကန်း

ထျန်းဟယ်မဟာအကြီးအကဲက ထိုအမည်ကို ကြားသည့်အခါ သူ၏ လက်များက အနည်းငယ် တုန်ယင်သွားသည်။ သူက ရီဖူရှင်းကို ကြည့်ကာ ခေတ္တမျှ တိတ်ဆိတ်သွား၏။

ရီဖူရှင်းသည် သူ၏ မျက်လုံးများကို အနည်းငယ် ကျဥ်းမြောင်းသည်။ ထျန်းဟယ်မဟာအကြီးအကဲ၏ အကြည့်များမှတဆင့် သူသည် ထျန်းဟယ်မဟာအကြီးအကဲက သူ့ဆရာအမည်ကို သိကြောင်းပြောနိုင်ပေသည်။ အရှင်ထိုက်ရွှမ် သူ့ကို ဤနေရာသို့ ခေါ်လာသည့် အကြောင်းရင်း ဖြစ်ရမည်။

ထို့အပြင် အရှင်ထိုက်ရွှမ်သည် သူ၏ ကျင့်စဥ်ကြောင့် ဤနေရာသို့ ခေါ်လာခြင်းဖြစ်သည့်အတွက် ဆိုလိုသည်မှာ ဤကျင့်စဥ်က ထျန်းဟယ်မဟာအကြီးအကဲနှင့် ပတ်သတ်မှု ရှိနေသည်လား။

ဖြစ်နိုင်သည်က….

သူက ဖြစ်နိုင်ချေကို တွေးမိပေသည်။

“သူ အခု ဘာလုပ်နေလဲ။ အဆင်ပြေရဲ့လား” ခဏတာ တိတ်ဆိတ်နေပြီးနောက် ထျန်းဟယ်မဟာအကြီးအကဲက အတွေးမှ ရုန်းထွက်ကာ ရီဖူရှင်းကို မေးသည်။

“အရင်က ကျွန်တော်တို့ ကောင်းကင်အာဏာစက်ဘုံမှ ပြဿနာတချို့ဖြစ်ခဲ့လို့ ဆရာနဲ့ ကျွန်တော် တကွဲတပြား ဖြစ်သွားခဲ့တယ်။ အခု ဆရာ ဘယ်ရောက်နေလဲ မသိပေမယ့် သူ အဆင်ပြေမယ်လို့ ထင်ပါတယ်” ရီဖူရှင်းက ပြောသည်။ သူ့ ဆရာ၏ ကျင့်ကြံဆင့်က ရန်ဟောင်အဆင့် ဖြစ်နေပြီ မဟုတ်ပါလား။

“သူ့ ကျင့်ကြံဆင့်ကရော ဘယ်လောက်ရောက်ပြီလဲ” ထျန်းဟယ်မဟာအကြီးအကဲက ထပ်မေးသည်။

“သူ လွန်ခဲ့တဲ့ နှစ်အန​ည်းငယ်လောက်က ရန်ဟောင်အဆင့် ရောက်သွားပါပြီ” ရီဖူရှင်းက ပြန်ဖြေသည်။

“သူ့ တိုးတက်မှုက သိပ်နှေးတာပဲ။ သူက ဘာလို့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကမှ ရန်ဟောင်အဆင့် ရောက်နိုင်ရတာလဲ” ထျန်းဟယ်မဟာအကြီးအကဲက ခေါင်းကို ယမ်းရင်း ပြောသည်။ “အရင်ကတည်းက သူ့ ကျင့်ကြံမှုက နှေးပေမယ့် နောက်ပိုင်း အဲဒီထက်တောင် ပိုနှေးသွားမယ်လို့ မထင်မိခဲ့ဘူး။”

“စီနီယာ.. စီနီယာက ကျွန်တော့ ဆရာရဲ့…” ရီဖူရှင်းက ကိုယ်ပိုင်မှန်းဆချက် ရှိနေသော်လည်း မေးသည်။ ထျန်းဟယ်မဟာအကြီးအကဲ၏ စကားကို ကြားမှသာ သူ့အတွက် အဖြေရမည် ဖြစ်သည်။

“ပညာရှိကျမ်းက ငါ့ရဲ့ ကျင့်စဥ်ပဲ” ထျန်းဟယ်မဟာအကြီးအကဲက ရီဖူရှင်းကို ပြောသည်။

‘ငါ အခုလေးတင် စဥ်းစားလိုက်သလိုပဲ’ ဟု ရီဖူရှင်းက တွေးလိုက်ပြီး သူ၏ နှလုံးသားက တုန်ယင်နေသည်။ သူက လူအိုကြီးကို ကြည့်လိုက်ပြီးနောက် ထျန်းဟယ်မဟာအကြီးအကဲအား တစ်ဖန်ထပ်ကာ အရိုအသေပြုလိုက်ပြန်သည်။ ဤတစ်ကြိမ်၌ သူက ဂရုတစိုက်နှင့် အရိုအသေပေးကာ ပြောလိုက်၏။ “ရီဖူရှင်းက ဆရာဘိုးဘိုးကို ဂါရဝပြုပါတယ်”

“မင်း ဆရာက ငါ့ သားမက်ပဲ” ထျန်းဟယ်မဟာအကြီးအကဲက ထပ်ပြောလိုက်၏။ ရီဖူရှင်းသည် ကြက်သေသေသွားပြီး သူ့ နှလုံးသားက နာကျင်လာသည်ကို ခံစားလိုက်ရသည်။

“ဆရာ့ရဲ့ ဇနီးက ဘာဖြစ်သွားတာလဲ” ရီဖူရှင်းက ရေရွတ်သည်။ သူက သူမတွင် အနည်းငယ်ဆိုးဝါးသည့် အရာ ဖြစ်သွားသည်ကို ပြောနိုင်သော်လည်း သူက မျှော်လင့်ချက် ထားရှိချင်သေးပေသည်။ ဆရာက ဖေးရွှီတစ်ဦးတည်းအပေါ်တွင်သာ မျှော်လင့်ချက်များ ပုံအောထားသည့်အတွက် ဖြစ်နိုင်သည်က….

“လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ကွယ်လွန်သွားခဲ့ပြီ” လူအိုကြီးက သက်ပြင်းချကာ ကောင်းကင်သို့ မော့ကြည့်သည်။ သူ့မျက်လုံးများထဲတွင် ဝမ်းနည်းမှုတို့ ရှိနေခဲ့၏။

“နှစ်ပေါင်းအတော်ကြာခဲ့ပြီပဲ။ လက်လွှတ်သင့်နေပါပြီ” အရှင်ထိုက်ရွှမ်က သက်ပြင်းချသည်။

ထျန်းဟယ်မဟာအကြီးအကဲက ပြန်မဖြေဘဲနှင့် ရီဖူရှင်းကို ကြည့်သည်။ သူက စိုးရိမ်ပူပန်မှု အချို့ဖြင့် မေးလိုက်၏။ “မင်း ဆရာမှာ သမီးရှိတယ်မလား”

“ဟုတ်.. ရှိပါတယ်။” ရီဖူရှင်းက ခေါင်းညိတ်ကာ ဖြေသည်။

“သူမ ဘယ်လိုနေလဲ” ထျန်းဟယ်မဟာအကြီးအကဲက စိုးရိမ်ပူပန်နေသည့် မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်ရင်း မေးသည်။ ရီဖူရှင်းသည် ထိုအဖိုးအို ဖေးရွှီအကြောင်း သိလိုမည်ကို ခန့်မှန်းမိပြီး ဖြစ်သည်။ သူက ဖေးရွှီ အသက်ရှင်နေသေးခြင်း ရှိမရှိကို အဘယ့်ကြောင့် စိတ်မပူဘဲ နေလိမ့်မည်နည်း။

“သူမက နေကောင်း​ပါတယ်။ ဒါပေမယ့် မျက်လုံးမှာတော့ ပြဿနာလေး နည်းနည်းရှိတယ်။” ရီဖူရှင်းက ပြောသည်။ ထျန်းဟယ်မဟာအကြီးအကဲက စိတ်သက်သာရာရကာ ခေါင်းညိတ်ရင်း ပြောလိုက်၏။ “ကောင်းတယ်”

“ဒါပေမယ့် အခု သူက ထွက်သွားဖို့ ဆုံးဖြတ်ပြီးပြီဆိုတော့ မင်းက ဘာလို့ ဒီကို ရောက်လာတာလဲ” ထျန်းဟယ်မဟာအကြီးအကဲက ခပ်တိုးတိုး ပြောသည်။ သူက နားမလည်နိုင်ပေ။ ကောင်းကင်အာဏာစက်ဘုံသည် အထက်ဘုံကိုးခုမှ တစ်ခုဖြစ်သည်။ သူက ထိုနေရာ၌ ရည်မှန်းချက်ရှိနေပါက မည်သည့်အတွက်ကြောင့် ပြန်လာသနည်း။ ဤဆံပင်အဖြူနှင့် လူငယ်ကြောင့်လား။

အရှင်ထိုက်ရွှမ်က ဤလူငယ်သည် နတ်ဘုရားနန်းတော်၏ ဘိုးဘေးနယ်မြေကို ချိုးဖျက်ဝင်ရောက်နိုင်ကြောင်း ပြောခဲ့ကာ ရီဖူရှင်းကို ကိုယ်တိုင် ဤနေရာသို့ ခေါ်ဆောင်လာခဲ့သည်။ သူသည် ဤလူငယ်၌ အနာဂတ်ကောင်းကောင်းရှိသည့် တကယ့်လူဖြစ်ကြောင်း သတိပြုမိပေသည်။ ဖြစ်နိုင်သည်မှာ ချင်ရွှမ်ကန်းသည် ဤလူငယ်လေးကြောင့် အရဲစွန့်ရန် ဆန္ဒရှိနေသည်လား။

“အခုကစပြီး မင်းက ငါ့တပည့်လို့ အပြင်လောကမှာ ပြောနိုင်တယ်။ ငါ မင်းကို ပညာရှိကျမ်း သင်ပေးမယ်” ထျန်းဟယ်မဟာအကြီးအကဲက ရီဖူရှင်းကို ကြည့်ကာ ပြောသည်။ “မင်း နားလည်လား”

ရီဖူရှင်းက ခေါင်းကို ယမ်းသည်။ သူက တွေဝေစွာနှင့် ပြောလိုက်၏။ “ကျွန်တော့ ဆရာမှာ ရန်သူတွေ ရှိလား”

“အင်း” ထျန်းဟယ်မဟာအကြီးအကဲက ခေါင်းညိတ်ကာ ပြောသည်။

“အရမ်းအစွမ်းထက်လား” ရီဖူရှင်းက မေးလိုက်၏။

“ငါတောင် သူတို့ကို မတိုက်ခိုက်နိုင်ဘူး။ အခု ထိုက်ရွှမ် အဆင့်တက်ပြီးတာတောင် အဲဒီလို လုပ်နိုင်စွမ်းရှိမှာမဟုတ်ဘူး။” ထျန်းဟယ်မဟာအကြီးအကဲက ပြောသည်။ သူက အရှင်ထိုက်ရွှမ် မြင့်မားသည့် အဆင့်သို့ ဝင်ရောက်သွားသည်ကို သိသော်လည်း အရှင်ထိုက်ရွှမ်ပင်လျှင် သူတို့ကို တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ဟု ပြောနေသည်။ ထိုရန်သူများက မည်မျှ အစွမ်းထက်သည်ကို ခန့်မှန်းနိုင်ပေသည်။

ရီဖူရှင်း၏ မျက်နှာက ဖြူဖျော့သွား၏။ ဆရာက ထိုမျှ အစွမ်းထက်သည့် ရန်သူကို မည်သို့ ဆန့်ကျင်မိခဲ့သနည်း။

ထိုသည်မှာ ဖေးရွှီ၏ ခန္ဓာကိုယ်အတွင်းမှ အရာ​ကြောင့် ဖြစ်နေမလား။

ထိုအရာသည် ရီဖူရှင်း၏ အဆင့်နိမ့်နေစဥ်ကပင် သက်စောင့်ဝိညာဥ် ကမ္ဘာ့သစ်ပင်ကို ဆွဲဆောင်နိုင်သည်။ ယခု ကြည့်ရသည်မှာ ၎င်းသည် မဟာလမ်းစဥ် နတ်ရတနာတစ်ခုဖြစ်ပြီး လမ်းစဥ်စွမ်းအားများ ပါဝင်နေလိမ့်မည် ဖြစ်သည်။  ထိုအရာ၏ တည်ရှိမှုကြောင့် ဖေးရွှီသည် သေခြင်းတရား၏ ခြိမ်းခြောက်မှုအောက်၌ ရောက်ရှိနေခဲ့ပြီး အမြဲတစေ အိပ်စက်နေရန် လိုခဲ့သည်။ သူက ထိုအရာကို သူ၏ သက်စောင့်ဝိညာဥ်နှင့် ထိန်းချုပ်ပြီးနောက်တွင် ဖေးရွှီ၏ ကျင့်ကြံမှုက အလွန် ကြောက်မက်ဖွယ် လျင်မြန်ခဲ့သည်။

ထိုအရာသည် ဖေးရွှီ၏ ခန္ဓာကိုယ်နှင့် အံဝင်ခွင်ကျ တသားတည်း ဖြစ်နေခဲ့ပြီ ဖြစ်သည်။

သို့သော် ထိုအချိန်တွင် ဆရာ၏ ကျင့်ကြံဆင့်က ရှန့်ထိုအဆင့်၌သာ ရှိပြီး ထိုကဲ့သို့သော ရတနာမျိုးသည် ထျန်းဟယ်မဟာအကြီးအကဲက ရရှိလာခဲ့ခြင်းသာ မဟုတ်ပါက သူ့ဆရာ ရရှိနိုင်ရန် မဖြစ်နိုင်ပေ။

သူ၏ ဆရာသည် ထျန်းဟယ်မဟာအကြီးအကဲ၏ သားမက် ဖြစ်သည် မဟုတ်ပါလား။

“အရင်တုန်းက ဖြစ်ခဲ့တဲ့ ကိစ္စတွေကို ငါလည်း သိပ်တော့ ရှင်းရှင်းလင်းလင်း မသိပေမယ့် အနည်းအကျဥ်းတော့ သိတယ်။ အဲဒါက ဘုံတစ်ခုလုံး ပျက်စီးစေတဲ့ တိုက်ပွဲတစ်ခုကို အစပျိုးပေးခဲ့တယ်လို့ ပြောလို့ရတယ်။ မင်းရဲ့ ဆရာဘိုးဘိုးက တစ်လောကလုံး လှည့်ပတ်သွားပြီး သင်ကြားပို့ချနေတတ်ပြီးတော့ ထျန်းဟယ်ဘုံကလည်း အရမ်း ထင်ရှားခမ်းနားခဲ့တယ်။ ထျန်းဟယ်ဘုံက သူ့ရဲ့ တပည့်တွေက နေရာအနှံ့ကို တကွဲတပြား ဖြစ်သွားခဲ့ပေမယ့် အဲဒီတိုက်ပွဲမှာတင် သေကုန်တာလည်း မနည်းဘူး။ ပြီးတော့ မင်း ဆရာရဲ့ ဇနီးလည်း…” အရှင်ထိုက်ရွှမ်က ပြောသည်။

“ကျွန်တော့ ဆရာနဲ့ ဖေးရွှီပဲ အသက်ရှင်ကျန်တာလား။” ရီဖူရှင်းက ရေရွတ်သည်။ သူသည် ဘုံတစ်ခုလုံးကိုပင် ပျက်စီးစေသည့် တိုက်ပွဲကို မှန်းဆ၍ မရနိုင်သော်လည်း သူက ရုတ်တရက် ကိစ္စအများအပြားကို နားလည်သွားခဲ့ပြီး သူ့ဆရာကို လူသားတစ်ယောက်အနေနှင့် ပိုနားလည်လာနိုင်သည်။ သူ၏ အတွေးအခေါ် အချို့က ထျန်းဟယ်မဟာအကြီးအကဲထံမှ ဆင်းသက်လာခြင်း ဖြစ်သည်လား။

သူသည် လမ်းစဥ်က အဆုံးမရှိဟု ပြောခဲ့သောအခါတွင် ဆရာက အလွန် တုန်လှုပ်သွားသည်ကို သတိရသည်။ သူ့တွင် တပည့်များများစားစား မရှိခဲသော်လည်း သူ၏ အတွေးအခေါ်ဆိုင်ရာများက ထျန်းဟယ်မဟာအကြီးအကဲထံမှ အမွေဆက်ခံရခြင်း ဖြစ်ပေမည်။ သို့သော် ထျန်းဟယ်မဟာအကြီးအကဲနှင့် မတူဝည်က သူသည် တာလီပြည်ထောင်တွင် တာလီကျောင်းတော်ကိုသာ တည်ထောင်နိုင်ခဲ့သည်။

“ငါ မင်းဆရာကို အဝေးပို့လိုက်တဲ့အချိန်မှာ သူက ဒဏ်ရာအပြင်းအထန်ရထားပြီး အန္တရာယ်များတဲ့ အခြေအနေဖြစ်နေခဲ့တယ်။ အဲဒီနောက်ပိုင်း သူ့အကြောင်း ဘာမှ မသိရတော့ဘူး။” ထျန်းဟယ်မဟာအကြီးအကဲက ပြောသည်။

“အင်ပါယာလီက ဆရာ့ကို လေးစား သဘောကျပါတယ်။” ရီဖူရှင်းက ထိုအကြောင်းကို တွေးလိုက်ပြီး ရုတ်တရက် သူက တစ်ခုခုကို နားလည်သွားသည်။ ထိုအချိန်က ဆရာသည် ဖေးရွှီကိုသာ ထွက်သွားရန်ပြောပြီး သူ့အသက်ကို စွန့်လွှတ်ရန် ရွေးချယ်ခဲ့ခြင်းမှာ အံ့သြဖွယ်မရှိပေ။ သူ့၌ မည်သည့် နောင်တမှ မရှိခဲ့သည့်အတွက် ဖြစ်သည်။

သူ့ဆရာ၏ မျက်လုံးထဲ၌ ဖေးရွှီ အသက်ရှင်နေခြင်းထက် ပို၍ အရေးကြီးသည့်အရာ မည်သည်မှ မရှိ​သည်မှာ ဖြစ်နိုင်သည်။

“ဆရာက ဘယ်သူ့ကို ဆန့်ကျင်မိတာလဲ။ ဖေးရွှီ ခန္ဓာကိုယ်ထဲက ပစ္စည်းကရော ဘာလဲ။ ပြီးတော့ ဆရာ့ရန်သူတွေက ဘာလို့ ဘုံတစ်ခုလုံးကို ဖျက်ဆီးပစ်ချင်ရတာလဲ။” ရီဖူရှင်းက စိုးရိမ်ပူပန်စွာ မေးသည်။ သူ၏ နှလုံးသားထဲမှ များပြားလှသည့် သံသယများကို သူက ဖြေရှင်းလိုနေသည်။

“မင်းက ဖေးရွှီကိုယ်ထဲက ပစ္စည်းအကြောင်းလည်း သိတယ်လား” ထျန်းဟယ်မဟာအကြီးအကဲက ရီဖူရှင်းကို တအံ့တသြကြည့်ကာ မေးသည်။ ရီဖူရှင်းက ကိစ္စအများအပြားကို သိရှိထားပုံရသည်။ ချင်ရွှမ်ကန်းက သူ့ကို မည်မျှ တန်ဖိုးထားသနည်း။

“ဟုတ်တယ်” ရီဖူရှင်းက ခေါင်းညိတ်လိုက်၏။ သူက ဖေးရွှီ၏ ခန္ဓာကိုယ်အတွင်းမှ အရာကို ထိန်းချုပ်ရန် ကူညီပေးခဲ့သည်အား ပြောလိမ့်မည် မဟုတ်ပေ။

ထျန်းဟယ်မဟာအကြီးအကဲသည် ရီဖူရှင်းကို လေးနက်စွာ ကြည့်လိုက်၏။

“အဲဒါ အတော်ရှည်တဲ့ ဇာတ်လမ်းတစ်ပုဒ်ပဲ” ထျန်းဟယ်မဟာအကြီးအကဲက သက်ပြင်းချရင်း ပြောသည်။ “ပြောရရင် အဲဒါက မင်းဆရာနဲ့ မဆိုင်ပါဘူး။ သူကလည်း ခံရသူပါပဲ။ ငါသာ သူ့ကို နုန်ယွဲ့နဲ့ လက်မထပ်ပေးခဲ့ရင် သူ့မှာ တောက်ပခမ်းနားတဲ့ အနာဂတ်ရှိနေလိမ့်မယ်”

“ကျွန်တော် ဒီထက်ပိုပြီး သိခွင့်ရနိုင်မလား” ရီဖူရှင်းက ဦးညွှတ်ကာ ပြောသည်။

သူသည် ထိုအချိန်က ဖြစ်ခဲ့သော အကြောင်းအရာတို့ကို သိချင်နေပေသည်။

“ထိုင်ပြီး နားထောင်” လူအိုကြီးက သက်ပြင်းချရင်း ပြောသည်။ သူက အရှင်ထိုက်ရွှမ်ရှေ့၌ ထိုင်သည်။ ရီဖူရှင်းက ခေါင်းညိတ်၍ သူတို့နှစ်ယောက်ဘေး၌ ထိုင်ချလိုက်၏။ သူက သူ့ဆရာ၏ အကြောင်းကို ဂရုတစိုက် နားထောင်နေသည်။

ထိုသည်က သူ့ဆရာ၏ အတိတ် ဖြစ်တာကြောင့် သူက ပို၍ သိချင်နေပေသည်။

သူသည် တာလီနန်းတွင်းအကြံပေးက သူ့ကို မည်သို့ ဆက်ဆံသည်အား ရှင်းလင်းစွာ သိရှိပေသည်။ သူ သွေးနဂါးဘုံ၌ ရှိစဥ်က ဆရာသည် သူ့ကို သတ်ကာ အမှတ်ယူနိုင်သော်လည်း ထိုသို့ မလုပ်ခဲ့ပေ။

“ဘယ်ကစလဲတော့ ငါလည်း မသိဘူး” ထျန်းဟယ်မဟာအကြီးအကဲက တွေးတွေးဆဆ ပြောလိုက်ပြီး မှတ်ဉာဏ်တို့ကို ပြန်ဖမ်းယူနေပုံရသည်။ အရှင်ထိုက်ရွှမ်က ပြောသည်။ “ပြောရရင် ဇာတ်လမ်းက သိပ်တော့ မရှုပ်ထွေးလှပါဘူး။ ဖြစ်နိုင်တာကတော့ မင်းတို့ အတူတူရှိနေဖို့ လှပတဲ့အမှားတစ်ခု ဖြစ်ခဲ့တာပါပဲ”

ရီဖူရှင်းက အေးခဲသွားသည်။ ဤပြဿနာတွင် ဆရာဘိုးဘိုး၏ ဇနီး ပါဝင်ပတ်သတ်နေသည်လား။

“မင်းက အထက်ဘုံကိုးခုက အထက်ကောင်းကင်ဘုံရဲ့ ကောင်းကင်အာဏာစက်ဘုံက လာခဲ့တာ။ မင်း တခြားဘုံတွေကို မရောက်ဖူးဘူးမလား။ အထက်ဘုံကိုးခုထဲက တစ်ခုမှာ သမိုင်းကြောင်း ရှည်ကြာတဲ့ အင်အားစုကြီးတစ်ခု ရှိတယ်။ မင်းရဲ့ ဆရာဘိုးဘိုးက သူတို့နဲ့ အရမ်းနက်ရှိုင်းတဲ့ ဆက်ဆံရေး ရှိပြီးတော့ မင်း ဆရာဘိုးဘိုးရဲ့ ဇနီးက အဲဒီကလန်မှာ အရည်အချင်းရှိတဲ့ လူတွေထဲက တစ်ယောက် ဖြစ်ခဲ့တယ်။ အဲဒီတုန်းက သူတို့စုံတွဲကို လူတိုင်း အားကျခဲ့ရတာပေါ့” အရှင်ထိုက်ရွှမ်က ဝမ်းနည်းစွာဖြင့် ပြောသည်။ သူသည် အလွန် ငယ်ရွယ်စဥ်ကပင် ထျန်းဟယ်မဟာအကြီးအကဲနှင့် တွေ့ဆုံခဲ့သည်။

“အဲဒီအချိန်မှာ သူမက အရမ်းကို ရင်သပ်ရှုမောလောက်အောင် လှပတာပေါ့” ထျန်းဟယ်မဟာအကြီးအကဲက သူ့ဇနီး၏ လှပမှုကို ပြန်လည်တွေးဆနေပုံရသည်။

“မင်းလည်း အဲဒီတုန်းက ချောမောခန့်ညားခဲ့တာပဲလေ” အရှင်ထိုက်ရွှမ်က ပြုံးကာ ပြောသည်။

“အဲဒါက နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ” ထျန်းဟယ်မဟာအကြီးအကဲက ခေါင်းကို ယမ်းကာ ပြောသည်။

“အရာအားလုံးက မင်းရဲ့ စရိုက်ကြောင့် ဖြစ်မယ်ထင်တယ်။ မင်းသာ သူမတဲ့အတူ အဲဒီအင်အားစုထဲ ဝင်ခဲ့မယ်ဆိုရင် အခု အထက်ဘုံမှာ မြင့်မားတဲ့ အဆင့်အတန်းတစ်ခု ရှိနေမှာဆိုပေမယ့် မင်းက ထျန်းဟယ်ဘုံမှာ သင်ကြားပို့ချပေးဖို့ကို ရွေးချယ်ခဲ့တယ်” အရှင်ထိုက်ရွှမ်က ပြောသည်။

“ငါ့ ရည်ရွယ်ချက်က မတူဘူးလေ” ထျန်းဟယ်မဟာအကြီးအကဲက ခေါင်းကို ယမ်းကာ ပြောသည်။ “သူမက ငါ့နောက်ကို လိုက်ပြီး ထျန်းဟယ်ဘုံမှာ သင်ကြားပို့ချပေးဖို့ ဆန္ဒရှိတယ်။ ငါ့ရဲ့ အဓိကတပည့်တွေက ကောင်းကောင်းဆိုးဆိုး အရည်အချင်း ရှိကြတယ်။ ချင်ရွှမ်ကန်းက ငါ့ တပည့်တစ်ယောက်ပဲ။ ဒါပေမယ့် သူက အားလုံးထဲမှာဆိုရင် ထူးချွန်တဲ့ သူတော့ မဟုတ်ဘူး။”

ထျန်းဟယ်မဟာအကြီးအကဲက ရီဖူရှင်းကို ကြည့်ကာ ပြောသည်။ “မင်းဆရာရဲ့ အရည်အချင်းပါရမီက သိပ်မထူးချွန်ပေမယ့် သူ့ရဲ့ စိတ်အခြေအနေက ထူးခြား လွတ်လပ်ပြီး ငါနဲ့ ခပ်ဆင်ဆင်တူတယ်။ သူ့ ကျင့်ကြံရေးက သိပ်မမြန်ပေမယ့် သူက ကြီးကြီးမားမား အောင်မြင်မှုကို သေချာပေါက်ရနိုင်တဲ့ စရိုက်ပုံစံမျိုးပဲ။ အဲဒါကြောင့် ငါက သူ့ကို အရမ်း အလေးပေးခဲ့တယ်။ ဒီလိုနဲ့ပဲ မင်းဆရာက ငါ့သမီးနဲ့ ရင်းနှီးကျွမ်းဝင်လာခဲ့တာပေါ့”

“အဲဒါက ပြဿနာကို အစပျိုးခဲ့တာ မဟုတ်ပေမယ့် နုန်ယွဲ့ရဲ့ ခန္ဓာကိုယ်ထဲမှာ အဲဒီကလန်ရဲ့ သွေးက စီးဆင်းနေခဲ့တယ်။ ငါ့သမီးနဲ့ ငါက ကိုယ်ပိုင်အခွင့်အရေးအတွက် ပြောဆိုခဲ့ပေမယ့် သူတို့မှာ တခြားအတွေးတွေ ရှိနေခဲ့တယ်။ ဒါပေမယ့် အဆိုးဆုံးကတော့ အဲဒီပစ္စည်း ပါဝင်ပတ်သတ်လာတာပဲ။”

ထျန်းဟယ်မဟာအကြီးအကဲ၏ မျက်လုံးများထဲတွင် နာကျင်မှုတို့ ထင်ဟပ်လာသည်။ “မင်းဆရာဘွားဘွားရဲ့ အရည်အချင်း ပါရမီက အရမ်း ထူးချွန်တယ်။ အဲဒီပစ္စည်းကို ရယူဖို့ ယှဥ်ပြိုင်တဲ့အခါက သူမနဲ့ ငါက အဲဒီဟာကို ရလာခဲ့တယ်။ သူမရဲ့ ကလန်က ငါတို့နဲ့ ဆွေးနွေးခဲ့ပြီး အဆုံးမှာ ငါတို့က အဲဒီပစ္စည်းကို ငါတို့ရဲ့ သမီး မင်းဆရာရဲ့ ဇနီး ခန္ဓာကိုယ်ထဲ ထည့်ထားဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ သူမ ကြီးပြင်းလာတာနဲ့အမျှ မိသားစုတစ်ခုလုံးဆီက အာရုံစိုက်မှုကို ရရှိလာပြီး မိသားစုထဲက သူမရဲ့ အဆင့်အတန်းကလည်း မြင့်မားလာတယ်။”

“ဒါပေမယ့် သူမက ကျွန်တော့ ဆရာနဲ့ ချစ်ကျွမ်းဝင်ခဲ့တယ်။” ရီဖူရှင်းက တိုးတိုးရေရွတ်သည်။ ထိုသည်မှာ အမှန်ပင် အပြစ်ဖြစ်ပေလိမ့်မည်။ မဟာအကြီးအကဲက ပြောလိုက်၏။ “မင်းဆရာရဲ့ စိတ်အခြေအနေက ထူးခြားသာလွန်ပြီး သူက ဘဝမှာ အောင်မြင်မှုတွေ ရနိုင်တယ်ဆိုပေမယ့် အဲဒီအချိန်မှာ သူ့ရဲ့ အရည်အချင်းက အကောင်းဆုံး မဟုတ်ခဲ့ဘူး။ ထိပ်သီးမိသားစုတစ်ခုရဲ့ ဆက်ခံသူတစ်ယောက်အနေနဲ့ သူမအပေါ်မှာ မြင့်မားတဲ့ မျှော်လင့်ထားမှုတွေ ရှိတာကြောင့် သူ့လို လူမျိုးနဲ့ ချစ်ကြိုက်ဖို့ ခွင့်မပြုကြဘူးလေ။”

ဖြစ်တန်သည်မှာ ၎င်းက မူလအစပင် ဖြစ်ပေလိမ့်မည်။

“အဲဒီအချိန်က ငါသာ သူတို့ကို လမ်းခွဲစေခဲ့ရင် တခဏ နာကျင်မှုသာ ဖြစ်နိုင်ပေမယ့် သူတို့က ငါ့ဘဝထဲမှာ အရေးကြီးဆုံး အမျိုးသမီးနှစ်ယောက် ဖြစ်ပြီး ငါ့ထက် အများကြီး ခေါင်းမာတယ်။ သူတို့က အမေနဲ့ သမီးဖြစ်နေတာ အံ့သြစရာ မရှိပါဘူး။” နောက်တော့ အခြေအနေက ဆိုးလာပြီး အဲဒီပစ္စည်းအတွက်နဲ့ လူတွေ မရေတွက်နိုင်လောက်အောင် ထျန်းဟယ်ဘုံကို ခြေချလာကြတယ်။ အဆုံးမှာတော့ အဲဒါက အဆိုးဆုံး အကျိုးဆက်ကို ဖြစ်စေခဲ့တယ်။ ရှန်းကလန်က ရက်ရက်စက်စက်နဲ့ ဘုံတစ်ခုလုံးကို ချေမှုန်းဖို့ ဆုံးဖြတ်ခဲ့ပြီး ထျန်းဟယ်ဘုံတစ်ခုလုံးကို သွေးစွန်းစေခဲ့တယ်။ ဒါတွေက ငါ့ အပြစ်တွေပါပဲ။”

“ဒါဆို ဆရာဘွားဘွားကရော” ရီဖူရှင်း၏ နှလုံးသားက တုန်ယင်နေသည်။ ဆရာ့ ဇနီးက ကွယ်လွန်သွားခဲ့သော်လည်း ထျန်းဟယ်မဟာအကြီးအကဲ၏ ဇနီးကရော မည်သို့ ဖြစ်သွားသနည်း။

“သူမက ကလန်ကို ပြန်ခေါ်သွားပြီး အကျဥ်းချခံထားရတယ်။ သူမ သေလားရှင်လားတောင် ငါ မသိဘူး” ထျန်းဟယ်မဟာအကြီးအကဲက ကောင်းကင်သို့ မော့ကြည့်ရင်း ပြောသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset