ပိုင်ရှောင်ချန်း၏ အခြေခိုင်မာခြင်းအဆင့်သို့ရောက်ရှိလိုသောဆန္ဒမီးကို ရွှီပေါက်ချိုင်ကမွှေးပေးလိုက်ပြီဖြစ်သည်။
နောက်ရက်များတွင် သူက ကျမ်းစာအဆောင်သို့ ဆက်တိုက်သွားပြီး နတ်ဘုရားဆောင် သို့ပါ ဆက်သွားတော့သည်။
နတ်ဘုရားဆောင်သည် ကျင့်ကြံခြင်းလောက၏ သတင်းအချက်များစွာကိုလေ့လာနိုင်စေရန်အလို့ငှာ တည်ဆောက်ထားသော အဆောက်အဦတစ်ခုဖြစ်သည်။ အခြေခိုင်မာခြင်းအဆင့်အကြောင်းကို အသေးစိတ်လေ့လာပြီးသောအခါ ပိုင်ရှောင်ချန်းသည် ရွှီပေါက်ချိုင်ပြောခဲ့သောအရာများမှာ မှန်ကန်ကြောင်း သိသွားလေသည်။ သူ၏ခန္ဓာကိုယ်ထဲတွင် မီးတောက်တစ်ခု လောင်ကျွမ်းနေသကဲ့သို့ပင် ဖြစ်နေတော့သည်။
သူ၏အမြင်တွင် အခြေခိုင်မာခြင်းအဆင့်သို့ ရောက်ပါမှ ထာဝရအသက်ရှင်သန်နိုင်မည့် လမ်းကြောင်းပေါ်သို့ ပထမဆုံးခြေလှမ်းချနိုင်မည်ဖြစ်ကြောင်း တွေးနေသည်။
သူ့ကိုပို၍ စိတ်လှုပ်ရှားစေသောအရာမှာ အခြေခိုင်မာခြင်းအဆင့်သို့ ရောက်ရှိရန် လမ်းစဥ်သုံးမျိုး ရှိသည်ဆိုသောအချက်ပင်။ လမ်းစဥ်တစ်ခုချင်းစီက မတူညီသော အသက်ရှည်ခြင်းကို ပေးစွမ်းလေသည်။ နောက်ဆုံးတွင်မူ သူ ပို၍ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်သွားတော့သည်။
” ကောင်းကင်၊ ကမ္ဘာမြေ နဲ့ မော်တယ် ဆိုပြီး အခြေခိုင်မာခြင်းအဆင့် သုံးမျိုးပဲ။ မော်တယ်တာအို အခြေခိုင်မာခြင်းအဆင့်လမ်းစဉ်မှာ အခြေခိုင်မာခြင်းအဆင့်ဆေးလုံးတစ်လုံးလိုတယ်။ အောင််မြင်နိုင်ချေကနည်းတယ်။ ဒါပေမဲ့အောင်မြင်သွားရင်လည်း နှစ်တစ်ရာထပ်ပြီး အသက်ရှည်မယ်။ “
” ကမ္ဘမြေတာအို အခြေခိုင်မာခြင်းလမ်းစဥ်မှာ မြေကြီးကစွမ်းအင်တွေကိုစုပ်ယူပြီး ပြင်းထန်တဲ့စွမ်းအားတစ်ခုအဖြစ် ပြောင်းလဲတယ်။ အောင်မြင်နိုင်ချေက ပိုလို့တောင်နဲသေးတယ်ဟ။ ဒါပေမဲ့ ရလဒ်ကတော့ အသက်နှစ်၂ရာ ပိုရှည်လာမယ်။ ”
” နောက်ဆုံးနည်းကတော့ ဒဏ္ဍာရီဆန်တယ်။ ကောင်းကင်တာအို အခြေခိုင်မာခြင်းလမ်းစဥ်ပဲ။ အဲ့ဒီလမ်းစဉ်ကိုကျင့်တဲ့သူ အင်မတန်ရှားသလို ကံကောင်းမှ ကျင့်နိုင်တာ။ ဒါပေမဲ့အောင်မြင်သွားရင်တော့ အနှစ်၅ရာတောင် အသက်ပိုရှည်လာမှာ ”
ထိုအသေးစိတ် အချက်အလက်များကိုစဥ်းစားတွေးတောရင်း ပိုင်ရှောင်ချန်းက ကောင်းကင်တာအို လမ်းစဥ်ကိုကျင့်ရန်မဖြစ်နိုင်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။ ကမ္ဘာမြေတာအို လမ်းစဥ်အတွက်မူ မြေစွမ်းအင်ကိုရရှိရန် ထူးခြားသောလိုအပ်ချက်များရှိနေသည်။
ထို့ကြောင့်သူ့အတွက်အလွယ်ဆုံးအရိုးရှင်းဆုံးမှာ အခြေခိုင်မာခြင်းအဆင့်ဆေးလုံးတစ်လုံးသာ လိုအပ်သော မော်တယ်တာအိုလမ်းစဥ်ပင်ဖြစ်တော့သည်။
ပိုင်ရှောင်ချန်းက ကိုင်ထားသော ကျောက်စိမ်းပုရပိုက်ကိုချလိုက်ပြီး တောက်ပနေသောမျက်လုံးများဖြင့် အသက်ပြင်းပြင်းရှူလိုက်လေသည်။ သူက အနာဂတ်အတွက်ကြို၍ အစီစဥ်များချနေတော့သည်။
” ရှေ့ရေးအတွက် ကြိုစီစဥ်မှရတော့မှာပဲ။ အဆင်သင့်ဖြစ်နေအောင် လုပ်ထားမှရမယ်။ ပြီးတော့ အဲ့ဒီ အခြေခိုင်မာခြင်းအဆင့်ဆေးလုံးတစ်လုံးကိုလည်းရအောင် လုပ်ထားမှရမယ်။”
“အခြေခိုင်မာခြင်းအဆင့်ဆေးလုံးတွေကစျေးကြီးတယ်ကွ။ ပြီးတော့ တစ်ခုခုချွတ်ယွင်းသွားရင် ကာမိအောင်လို့ တစ်လုံးထပ်ပိုပြီး ရှိထားမှာ တော်ရာကျမယ်။ အဲ့တာဆို ဆေးလုံးအချို့ကို ငါ့ဟာငါဖော်စပ်တာပဲ ကောင်းမယ် ”
ထိပ်တန်းသမားတော်တစ်ယောက်ဖြစ်အောင်လုပ်ကာ ‘ထာဝရအသက်ရှည်’ ဆေးလုံးကိုဖော်စပ်နိုင်ရမည်ဟူသော စိတ်ကူးများဖြင့် ပိုင်ရှောင်ချန်း၏ မျက်လုံးများမှာ အရောင်တောက်နေတော့သည်။
” လက်ထောက်သမားတော်၊ နယ်လှည့်သမားတော်၊ အဆင့်မြင့်သမားတော်ဆိုပြီးရှိတာလေ။ ငါကအခုလောလောဆယ် လက်ထောက်သမားတော်အဆင့်ပဲရှိသေးတယ်။ နယ်လှည့်သမားတော်ဖြစ်ချင်ရင် ဆေးလုံးအချို့ဖော်စပ်ပြီး ရာထူးတိုးစာမေးပွဲ ဝင်ဖြေမှရမှာ။ အဲ့လိုဝင်ဖြေဖို့ကလည်း အပင်နဲ့အသီးအရွက်အတွဲ ၅တွဲမြောက်ထိ လေ့လာထားမှရမှာ။ ဒါတောင် သေချာချင်တာမဟုတ်ဘူး။ ဝိညာဥ်သတ္တဝါတွေနဲ့ပတ်သတ်တဲ့ အတွဲ၅တွဲလုံးပါ ကျေညတ်အောင် လေ့လာထားမှရနိုင်မယ် ” ပိုင်ရှောင်ချန်းက တစ်ယောက်ထဲရေရွတ်ကာ အိပ်မက်များကို အကောင်အထည်ဖော်ရန် ဇွဲနပဲကြီးစွာတွေးတောနေသည်။
အပင်နှင့်အသီးအရွက်များအတွဲ၃ပါသည့် ကျောက်စိမ်းပုရပိုက်ကို ဆွဲထုတ်လိုက်ပြီး ဆုံးဖြတ်ချက်ပြတ်သားသော မျက်လုံးများဖြင့် အသေးစိတ်တစ်ခေါက်ပြန် ဖတ်လိုက်လေသည်။ အကုန်လုံးကို မှတ်သားပြီးသွားသောအခါ ခြံဝန်းထဲကနေ သူထွက်ခွာသွားတော့သည်။
သို့သော်လည်း ခဏအကြာတွင် ပြန်ပြေးလာပြီး အင်္ကျီအထပ်များစွာဝတ်ဆင်ကာ သူ့ကိုယ်သူအနည်းငယ် လူမသိသာအောင် ဖုံးကွယ်လိုက်လေသည်။ ထိုမှာသာ သူ အမှန်တကယ် ထွက်ခွာသွားတော့သည်။
” အဲ့ဒီ ကျိုးရှင်းချီရဲ့ ပရိတ်သတ်တွေက အတော်ကြောက်ဖို့ကောင်းချက်ပဲ။ ငါ့ကို နုတ်နုတ်စဥ်းပစ်ချင်နေတာလို့ လူတကာကိုပတ်ပြောနေကြတယ်ဆိုပဲ ။ မတတ်နိုင်ဘူး။ သိုသိုသိပ်သိပ်နေရုံကလွဲလို့ တခြားလုပ်စရာမရှိတော့ဘူး။” စိတ်ထဲတွင် မအီမသာကြီးဖြစ်လျှက် သူ စိုးရိမ်စွာတွေးတောနေသည်။
သူနှင့် ကျိုးရှင်းချီ၏ပရိတ်သတ်များကြားရှိ ကွဲဲပြားမှုများကို သုံးသပ်ပြီးသွားသောအခါ သူကဆုံးဖြတ်ချက်ချလိုက်တော့သည်။
“ဟွန်း။ ငါ အခြေခိုင်မာခြင်းအဆင့်ရောက်တဲ့ထိပဲစောင့်နေ။ အဲ့အခါကျမှ ရုတ်ရုတ်သဲသဲဖြစ်အောင်လုပ်ပြီး လူတိုင်းကို ငါက လိပ်ကိုယ်တော်ပါဆိုတာကို သိအောင်ပြောပစ်မယ်။ အဲ့ကျရင် ငါ့ကိုဘယ်ကောင် နုတ်နုတ်စဥ်းရဲမလဲ ကြည့်ကြတာပေါ့။” ပိုင်ရှောင်ချန်းက ကြုံးဝါးနေတော့သည်။
ပုံမှန်လိုပင် ဆေးတစ်သောင်းအဆောင်ကမူ လူကြပ်နေဆဲပင်ဖြစ်သည်။ မွှေးရနံ့တိမ်တောင်၏ အပြင်စည်းဂိုဏ်းသားများသာရှိသည်မဟုတ် အပင်နှင့်အသီးအရွက်များအကြောင်း သိလိုကြသော မြစိမ်းတောင်နှင့် ခရမ်းဒယ်အိုးတောင်မှ ဂိုဏ်းသားများပါရောက်နေကြသည်။
ထိုအချိန်တွင် ပိုက်ရှောင်ချန်းက လူမသိသူမသိအောင် ကပ်တိုးလေး လူအုပ်ထဲသို့တိုးဝင်နေလေသည်။ အပင်နှင့်အသီးအရွက်များ အတွဲ၃အတွက်သတ်မှတ်ထားသော သစ်သားအိမ်လေးဆီသို့ရောက်သောအခါ သူက လျှို့ဝှက်စွာ တိုးဝင်သွားကာ စာမေးပွဲဖြေဆို၍ ပြန်ထွက်လာပြီး လူအုပ်ကြားထဲပြန်ဝင်သွားတော့သည်။
သူက ချက်ချင်းထွက်ခွာရန် စီစဥ်ထားသော်လည်း ခဏတာကြာသွားသောအခါ မနေနိုင်တော့ဘဲ ခေါင်းပြူထွက်ကာ ဘေးဘီဝဲယာသို့ အကဲခတ်လိုက်တော့သည်။ သိပ်မကြာမီ အမှတ်သုံး ကျောက်တိုင်ပေါ်တွင် လိပ်ကလေးက မှော်ပုလင်းကိုကျော်တက်သွားသောအခါ လူအုပ်ကြီးမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားတော့သည်။
သူကကျေနပ်သွားပြီး အံ့ဩတုန်လှုပ်သောမျက်နှာဖြင့် အော်ဟစ်လိုက်လေသည်။ သို့သော်လည်း ခဏအကြာတွင် ကျိုးရှင်းချီ၏ ကြောက်စရာကောင်းသော အမာခံ့ပရိတ်သတ်များပေါ်လာသဖြင့် ပိုင်ရှောင်ချန်းမှာ ဒေါသတကြီးလက်သီးဆုပ်မိသွားသည်။
” အဲ့ကောင်တွေကြောင့် ငါအခုလို လူမသိသူမသိအောင် နေနေရတာ။” သူက မတရားခံရသူတစ်ယောက်အလား ဒေါသတကြီး တွေးတောလိုက်သည်။ ထိုသူများကို တစ်ခဏမျှ စိုက်ကြည့်လိုက်ပြီး နောက်လှည့်ကာ အလျှင်အမြန်ထွက်ခွာသွားတော့သည်။
နောက်ရက်များတွင်ကား လိပ်ကလေး၏ သတင်းများမှာ မွှေးရနံ့တိမ်တောင်ပေါ်တွင် တောမီးအလား လျင်မြန်စွာ ပျံ့နှံ့သွားပြန်သည်။
ကျောက်တိုင်များပေါ်တွင် ပေါ်လွင်ထင်ရှားနေသော လိပ်ကလေးအကြောင်းက လူတိုင်းပါးစပ်ဖျားတွင် စွဲနေတော့သည်။
သို့သော်လည်း နောက်တစ်လအကြာ ထိုသတင်းများ ငြိမ်စပြုလာသောအခါ ဆေးတစ်သောင်းအဆောင်အပြင်ဘက်ရှိ ဂိုဏ်းသားများက ၄ခုမြောက် ကျောက်တိုင်ပေါ်တွင် လိပ်ကလေးက မှော်ပုလင်းကို ကျော်တက်ကာ နံပါတ်၁နေရာ ယူသွားသည်ကို မြင်လိုက်ရပြန်သည်။
ရလဒ်ကိုကြည့်ကာ အကုန်လုံးချက်ချင်းပင် အုပ်အော်သောင်းနင်း ဖြစ်ကုန်ကြပြန်သည်။
“လိပ်ကလေးက ဂိုဏ်းတူအစ်မကျိုးကို မကြာခင် ကျော်တက်တော့မှာ အမှန်ပဲ။ သူအခုတောင် နံပါတ်၁နေရာ ၄နေရာရသွားပြီ။”
“သူက ကျောက်တိုင်၄တိုင်မှာ နံပါတ်၁နော်။ ဂိုဏ်းတူအစ်မကျိုးရှင်းချီက ကျောက်တိုင်၅တိုင်မှာ လောလောဆယ်နံပါတ်၁။ နေစမ်းပါအုံး အဲ့ဒီလိပ်ကလေးက ဘယ်သူများလဲကွာ။”
ထိုစကားများကို လူအကုန်ကြားအောင် ကျေနပ်စွာ အော်ဟစ်နေသည်မှာကား ပိုင်ရှောင်ချန်းပင်ဖြစ်သည်။ သို့သော်လည်း ကျိုးရှင်းချီ၏ ပရိတ်သတ်များက ရုပ်ရုပ်သဲသဲလုပ်လာသောအခါ သူက လည်ချောင်းရှင်းကာ ခေါင်းလေးကိုငုံ့၍ ကိုယ့်လမ်းကိုယ် ထွက်သွားလေတော့သည်။
ရက်အနည်းငယ်ကြာသောအခါ ကျိုးရှင်းချီက ဆေးပေါင်းတစ်သောင်းအဆောင်သို့ ရောက်လာပြီး ကျောက်တိုင်၄တိုင်ကို တည်ကြည်သောအမူအရာဖြင့် လေ့လာကြည့်ရှုလိုက်သည်။ ထို့နောက်သူမက ၁၀ခုမြောက်ကျောက်တိုင်အတွင်းသို့ဝင်သွားသည်။ သူမပြန်ထွက်လာသောအခါ ထိုကျောက်တိုင်ပေါ်တွင် သူမအမည်က နံပါတ်၁နေရာတွင် ပေါ်လာတော့သည်။
ထိုအချိန်တွင် မွှေးရနံ့တိမ်တောင်ပေါ်ရှိ အပြင်စည်းဂိုဏ်းသားများက ဆေးတစ်သောင်းအဆောင်ကို အနီးကပ်ကြည့်ရှုနေကြပြီဖြစ်သည်။ ကျိုးရှင်းချီတွင် နံပါတ်၁ ကျောက်တိုင်၆ခု ရှိနေပြီဖြစ်ပြီး လိပ်ကလေးတွင်မူ ၄ခု ရှိနေပြီဖြစ်နေပြီဖြစ်သည်။
လူတိုင်းသည် လိပ်ကလေးက ၅ခုမြောက်ကျောက်တိုင်တွင်နံပါတ်၁ယူကာ ကျိုးရှင်းချီနှင့် တူညီသွားသောအဆင့်သို့ရောက်မည်လား၊ မရောက်မည်လားကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြသည်။
အချိူ့ အပြင်စည်းဂိုဏ်းသားများကမူ လိပ်ကလေးက ၅ခုမြောက်ကျောက်တိုင်တွင်နံပါတ်၁ယူနိုင် မယူနိုင်နှင့်ပတ်သတ်၍ လောင်းကြေးများပင် ထပ်နေကြပြီဖြစ်သည်။ မွှေးရနံ့တိမ်တောင်ရှိ အကြီးအကဲအချို့ပင်လျှင် သတိထားမိသွားသည့်အထိ ထိုကိစ္စမှာ ကြီးမားသွားလေသည်။
ပိုင်ရှောင်ချန်းကမူ နံပါတ်၁နောက်တစ်ခါ ထပ်ယူရန် အစွမ်းကုန်ကြိုးစားနေသည်။ သက်ဆိုင်ရာ ကျောက်စိမ်းပုရပိုက်ကို ရရှိပြီးသောအခါ သူက နေ့ရောညပါ လေ့လာတော့သည်။ ကျိုးရှင်းချီ၏ ပရိတ်သတ်များကို မုန်းတီးသောစိတ်များနှင့် သူကဆေးတစ်သောင်းအဆောင်သို့သွားပြီး နံပါတ်၁နေရာရတိုင်း လူအုပ်ကြီးကို လိပ်ကလေး၏ ကောင်းကြောင်းများကို မြှောက်ပင့်ပြောဆိုလေသည်။
ထိုသို့ ပိုင်ရှောင်ချန်း၏ လုပ်ရပ်များကြောင့် ဂိုဏ်းသားအနည်းငယ်က လိပ်ကလေးကို လေးစားချစ်ခင်စပြုလာသည်။ သူနှင့်စကားပြောမိသူတိုင်းကို သူက လိပ်ကလေး၏ကောင်းကြောင်းများချီးမွမ်းပြုဖို့ ဘယ်သောအခါမှမမေ့ပေ။ ထိုအချိန်တွင် ဟိုရှောင်မေ့ကမူ လိပ်ကလေးကို စွဲလမ်းနေပြီဖြစ်သည်။
တစ်လအကြာ နေသာသောရက်တစ်ရက်တွင် ၅ခုမြောက်ကျောက်တိုင်ပေါ်မှ မှော်ပုလင်းရုပ်ပုံလေးမှာ အောက်သို့တစ်နေရာကျသွားပြီး သူ့အပေါ်တွင် လိပ်ကလေးပေါ်လာတော့သည်။
ထိုအချိန်တွင် မွှေးရနံ့တိမ်တောင်ပေါ်ရှိအပြင်စည်းဂိုဏ်းသားများမှာ ဆူညံပွက်လောရိုက်ကုန်ကြတော့သည်။ လူအုပ်တစ်အုပ်လုံးက ထိုမြင်ကွင်းကိုလာကြည့်ကြပြီး မကြာမီပင် လိပ်ကလေးအကြောင်းစကားဝိုင်းများက တောင်တစ်တောင်လုံး ပျံ့နှံ့နေတော့သည်။
” လိပ်ကလေးရဲ့ အပင်နဲ့အသီးအရွက်မှာ နှံ့စပ်မှုက ဖော်ပြလို့မရနိုင်တဲ့ အဆင့်တစ်ခုကိုရောက်နေပြီကွ။ ဘယ်လိုနည်းနဲ့များ အဲ့လောက်တုန်လှုပ်ဖို့ကောင်းနေရတာလဲ။”
” အံ့ဖွယ်ပဲဟေ့။ လိပ်ကလေးနဲ့ ဂိုဏ်းတူအစ်မကျိုးတို့က အခုဆို အဆင့်တူလောက်ကိုဖြစ်နေပြီ။” နေရာအနှံ့အပြား ထိုလိပ်ကလေးအကြောင်း စကားဝိုင်းများကသာ နေရာယူထားတော့သည်။
လိပ်ကလေးမှာ ပိုင်ရှောင်ချန်းဖြစ်နိုင်သည်ဆိုသောအချက်ကို မထင်သည့်လူ မရှိသည်တော့မဟုတ်ပေ။ ကျိုးရှင်းချီ၏ပရိတ်သတ်အချို့ကမူ ဖြစ်နိုင်ချေအားလုံးကို အလွတ်မပေးပဲ သူ့ကိုပင်အကဲခတ်နေကြလေသည်။
ထိုအရာကိုမခံမရပ်နိုင်သော ပိုင်ရှောင်ချန်းက သံသယများကိုရှင်းလင်းရန် ဆုံးဖြတ်ချက်ချလိုက်တော့သည်။ သူက ၄ခုမြောက်ကျောက်တိုင်၏ စစ်ဆေးမှုကို ဖြေရန် တွန့်ဆုတ်နေသည့်ပုံကို လူအများတွေ့သွားအောင် လုပ်လိုက်လေသည်။ ထို့နောက် သစ်သားအိမ်ထဲတွင် ခေတ္တကြာမျှနေလိုက်ပြီး စစ်ဆေးမှုကိုမဖြေနိုင်သည့် ပုံစံဖမ်းကာ ထွက်လာတော့သည်။
ထိုကဲ့သို့ အကြိမ်အနည်းငယ်လုပ်ပြီးသွားသောအခါမှသာ ကျိုးရှင်းချီ၏ ပရိတ်သတ်များက အာရုံလွှဲသွားတော့သည်။
သို့သော်လည်း မည်သူက လိပ်ကလေးဖြစ်နိုင်ကြောင်းကိုမူ ရေရေရာရာ သက်သေပြနိုင်မည့် လမ်းမရှိတော့ပေ။
သို့သော်လည်း သူတို့က အမုန်းစကားများကို ဆက်၍ဖြန့်နေသေးသည်။ လိပ်ကလေးက မည်သူမည်ဝါဖြစ်ကြောင်းကိုသိပါက သူ့ကို အပိုင်းပိုင်းလှီးမည်မဟုတ်ပဲ မှုန့်မှုန့်ညက်ညက်ကျေအောင် ထုထောင်းပစ်မည်ဟု ကြိမ်းဝါးနေကြသည်။
ထိုအကြောင်းများကို ပိုင်ရှောင်ချန်းကြားသောအခါ ထိုသို့ အထုအထောင်းခံရလျှင်ဖြစ်သွားမည့် သူ၏ပုံကိုတွေးတောရင်း တုန်လှုပ်နေတော့သည်။ အဆုံးတွင်သူက အံကြိတ်ကာ ကြောက်မက်ဖွယ် စိတ်ပြတ်သားမှုများဖြင့် ဗလောင်ဆူသွားသည်။
” သိပ်ကိုမပျော်နိုင်ဖြစ်နေတယ်ပေါ့လေ ဟုတ်စ။ အေး။ နံပါတ်၁နေရာတွေထပ်ယူပြပြီး ပိုပြီးတော့ မပျော်နိုင်အောင် ငါလုပ်ပေးမယ်။” အံကြိတ်လိုက်ကာ ဖြစ်အောင်သေချာပေါက်လုပ်ပြပြီး ကျိုးရှင်းချီကို အမှီလိုက်နိုင်ရမည်ဟု ကြုံးဝါးလိုက်တော့သည်။
တစ်လကြာသောအခါ လိပ်ကလေးမှာ ခြောက်ခုမြောက် ကျောက်တိုင်ပေါ်တွင် နံပါတ်၁နေရာ ရသွားသည်။
နောက်တစ်လတွင်မူ ခုနစ်ခုမြောက်ကျောက်တိုင်ပေါ်တွင် နံပါတ်၁နေရာ ရသွားသည်။
ထိုအခါတွင် ဆေးတစ်သောင်းအဆောင်၌ တအံ့တဩဖြစ်ကာ အော်ဟစ်သံများဖြင့် ဆူညံနေတော့သည်။
” နံပါတ်၁နေရာ ၇ခုတောင်ဟ။ လိပ်ကလေးရေ ကြိုးစားထားဟေ့။ ဂိုဏ်းတူအစ်မကျိုးတောင် နံပါတ်၁နေရာ ၁၀ခုမရနိုင်ဘူး။”
” ဟားဟားဟား။ ဒီလိပ်လေးကိုတော့ ငါသဘောကျသွားပြီဟေ့။ သေချာပေါက် သူ နံပါတ်၁နေရာ ၁၀ခုရအောင်လုပ်နိုင်မှာပဲကွ။” လိပ်ကလေးကို ထောက်ခံအားပေးကြသူများက တစ်စတစ်စ များပြားလာသည်။
များစွာသော ဂိုဏ်းသားများက ထိုကဲ့သို့ချီးမွမ်းနေကြသောလည်း ထိုလူအုပ်ထဲတွင် မျက်နှာအမူအရာတင်းမာနေသော လူငယ် ဆယ့်နှစ်ယောက်ကျော်လောက် ရှိနေသေးသည်။ ထိုလူများထဲတွင် အေးစက်စက်အမူအရာများရှိသော အတွင်းစည်းဂိုဏ်းသားအချို့ပင်ပါသည်။ သူတို့ထဲရှိ ကျောက်ပေါက်ရာများနှင့်လူတစ်ယောက်၏ မျက်လုံးများမှာ ကြောက်မက်ဖွယ် တောက်ပနေသည်။
ထိုလူငယ်က အော်ပြောလိုက်သည်။
” ဂုဏ်သရေရှိအမျိုးသမီးများနှင့် လူကြီးမင်းများတို့ခဗျား။ လိပ်ကလေးကိုသိရင် ကျွန်တော်ကိုပြောပြကြပါ။ ကျွန်တော်ကျေးဇူးပြန်ဆပ်ပါ့မယ်။”
ထိုအသံက လူတိုင်းကို တုန်လှုပ်သွားစေပြီး လိပ်ကလေးအကြောင်း ပြောနေသောအသံများကိုပင် တိတ်သွားစေတော့သည်။
လူအုပ်ကြီးက ထိုလူ့ကိုမြင်သော် အကြည့်ချင်းမဆုံမိရန် မျက်နှာလွှဲလိုက်ကြသည်။ အချို့မှာကား ဒေါသထွက်သွားသော်လည်း ထပြောရန် ကြောက်ရွံ့နေကြလေသည်။
” အဲ့တာ တရားစီရင်ရေးဆောင်က ဂိုဏ်းတူအစ်ကိုချန်း၊ ချန်သကျင်းပဲဟ။ “
” ငါကြားတာကတော့ သူက ဂိုဏ်းတူအစ်မကျိုးကိုရော တုလင်ဖေးကိုပါ လိုက်ကြိုက်နေတဲ့ကောင်တဲ့ ”
ပိုင်ရှောင်ချန်းကမူ လူအုပ်ထဲတွင်မတ်တတ်ရပ်ကာ အမှန်တရားကိုမြတ်နိုးသောအထာဖမ်းနေသည့် ကျောက်ပေါက်ရာများနှင့် ချန်းသကျင်းကို စိုက်ကြည့်လိုက်သည်။ အဆုံးတွင်သူက စိတ်ဆိုးမာန်ဆိုးနှင့် သူ၏ခြံဝန်းထဲသို့ ပြန်သွားတော့သည်။
” ငါ့ကိုတွေ့အောင်တောင်မရှာနိုင်ပဲနဲ့များ မင်းကငါနဲ့ ယှဥ်ချချင်သေးတယ်ပေါ့။” မကျေမနပ်လေသံဖြင့် ပိုင်ရှောင်ချန်းက ရေရွတ်လိုက်သည်။ အံကြိတ်ကာ သူကဝိညာဥ်သတ္တဝါများနှင့်ပတ်သတ်သော အတွဲ၅တွဲကို အာရုံစိုက်ကာလေ့လာလိုက်သည်။ ဝိညာဥ်သတ္တဝါ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ဆေးဖော်စပ်ရာတွင်သုံးနိုင်ကြောင်းသိသွားသောအခါ သူ၏ အပင်နှင့်အသီးအရွက်များရှိ ဗဟုသုတများမှာ ပို၍တိုးတက်လာသည်။
သူက ထိုနစ်မျိုးကို နှိင်းယှဥ်ကာ ခွဲဲခြမ်းစိတ်ဖြာနိုင်ပြီး ၎င်းတို့၏အလုပ်လုပ်ပုံကို သိရှိနားလည်သွားသဖြင့် သူ၏ အပင်နှင့်အသီးအရွက်မှာ အများအပြားတိုးတက်လာခြင်းဖြစ်သည်။
နောက်လတွင်မူ လိပ်ကလေး၏ပုံက ၈တိုင်မြောက်ကျောက်တိုင်၏ နံပါတ်၁နေရာတွင် မှော်ပုလင်းလေး၏နေရာသို့ အစားထိုးဝင်ရောက်လာသည်။
နောက်တစ်လတွင်မူ ၉ခုမြောက်ကျောက်တိုင်တွင် နံပါတ်၁ရလေသည်။
ယခုဆိုသူ့တွင် နံပါတ်၁နေရာ ၉နေရာရှိသွားပြီဖြစ်သည်။
ဆေးတစ်သောင်းအဆောင်၏ဘေးနားရှိ အပြင်စည်းဂိုဏ်းသားများကမူ ဆူပွက်နေကြပြီဖြစ်သည်။ လိပ်ကလေးက နံပါတ်၁ ၁၀နေရာစလုံးတွင် ယူမည့်အကြောင်းထောက်ခံကြသူများမှာ ပို၍ပင်များလာသည်။
ကျိုးရှင်းချီ၏ ပရိတ်သတ်များကမူ ဤအချိန်တွင် ဘာမှမလုပ်နိုင်တော့ပေ။ လိပ်ကလေး၏ကျော်ကြားမှုက ကျိုးရှင်းချီအားကျော်တက်သွားသည်ကို ထိုင်ကြည့်နေရတော့သည်။
နောက်ဆုံးလတွင်မူ ပိုင်ရှောင်ချန်းက ဆေးတစ်သောင်းအဆောင်၏ လူအရှုပ်ဆုံးအချိန်တွင် ထိုသို့သွားလေသည်။ သူကရုပ်ဖျက်ထားပြီး တည်ကြည်သောအမူအရာဖြင့် လူတန်းကြီးကိုမသိမသာဖြတ်ကျော်ကာ ၁၀ခုမြောက်ကျောက်တိုင်၏အောက်ရှိ သစ်သားအိမ်လေးထဲသို့ ဝင်သွားလေသည်။
သူက အတွင်းထဲသို့ရောက်သည်နှင့်တပြိုင်နက် တင်ပျဥ်ခွေထိုင်လိုက်ကာ လက်ကိုဆန့်ထုတ်ပြီး ကျောက်တုံးစဥ်ပေါ်သို့တင်လိုက်သည်။ ကြုံတွေ့နေကျ လေဟာနယ်ထဲသို့ရောက်သွားသောအခါ သူ၏စိတ်ထဲတွင်မိုးချုန်းသံများပင်ကြားနေရသည်။
သူ၏ရှေ့တွင် ဆေးဖက်ဝင်အပင်များနှင့် ဝိညာဥ်သတ္တဝါများ၏ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသော အစိတ်အပိုင်း ၁၀သိန်းလောက်ရှိသည်။ သူကထိုအပိုင်းအစများကို လက်ဖြင့်ဝှေ့ယမ်းကာ ပြန်ဆက်ရင်း အာရုံစိုက်မှုများဖြင့်မျက်လုံးများက တောက်ပနေသည်။
၁ထောင်… ၅ထောင်… ၁သောင်း…၃သောင်း…. ၅သောင်း…၁သိန်း ။သူက အဆင့်ဆင့် အလျှင်အမြန် ပြန်၍ဆက်လိုက်သည်။
သူဖြေဖူးခဲ့သမျှ စာမေးပွဲများထဲတွင် ဤစာမေးပွဲက အခက်ဆုံးပင်။ မကြာခင်သူ၏မျက်နှာမှ ချွေးများစီးကျလာပြီး မျက်လုံးများမှာ နီမြန်းလာသည်။ အရာရာတိုင်းကိုမေ့ပျောက်နေသည့်အလားပင်။ အပင်နှင့် သတ္တဝါများကို ပြန်ဆက်ရသည့် အလုပ်ထဲတွင် သူကလုံးလုံးကြီးနစ်မျောနေသည်။ သူ၏လက်များမှာ နာကျင်လာပြီး စိတ်မှာလည်း ချာချာလည်နေသော်လည်း ဆက်၍ပင် ဆက်နေတော့သည်။
မကြာခင်မှာပဲ အချိန်စေ့သွားပြီး ပိုင်ရှောင်ချန်းက သူ၏တုန်ရီနေသောလက်များဖြင့် နောက်ဆုံး ဆေးဖက်ဝင်အပင်ကို ဆက်လိုက်တော့သည်။ ထိုအခါ သူ၏အမြင်အာရုံများကဝေဝါးသွားပြီး သစ်သားအိမ်ထဲသိူ့ပြန်ရောက်သွားသည်။
သူက အသက်ကို အလျှင်အမြန်ရှူကာ ကျေနပ်အားရနေသောမျက်လုံးများဖြင့် နဖူးမှချွေးများကို သုတ်လိုက်ပြီး လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်တော့သည်။