အပိုင်း(၁၅၆၆)

သူ၏ သရုပ်ကို ဖော်ပြခြင်း

ရီဖူရှင်းက တေးသံသာအင်ပါယာ ကို ကြည့်လိုက်လျှင် သူ၏ ခန္ဓာကိုယ်က တောက်ပနေသည်ကို မြင်လိုက်ရပြီး သူ့လက်ထဲ၌ မဟာလမ်းစဥ်အလင်းများနှင့် လွှမ်းခြုံနေသော ကု့ချင်းတစ်လက် ပေါ်ပေါက်လာသည်။ ထို့ပြင် ၎င်းသည် လောက၏ မဟာလမ်းစဥ်နှင့် တသားတည်းဖြစ်နေကာ များပြားလှသော ကု့ချင်းကြိုးများကို လေထဲတွင် ပေါ်ပေါက်လာစေသည်။ ကြိုးတိုင်းက ကု့ချင်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

“အဲဒီတော့ ဒါက မဟာလမ်းစဥ် စက်ဝန်းပေါ့” ရီဖူရှင်းက တွေးလိုက်၏။ ရန်ဟောင်အဆင့် တန်ခိုးရှင်က မဟာလမ်းစဥ် စက်ဝန်းကို ဖွဲ့စည်းပြီးသည့်အခါ သူတို့သည် နေလိုလလို ထွန်းလင်း၍ လောက မဟာလမ်းစဥ် စွမ်းအားများကို အသုံးပြုနိုင်သည်။ သူတို့က သူတို့၏ သက်စောင့်ဝိညာဥ်ကိုပင် ဆင့်ကဲပြောင်းလဲလာစေသည်။

ရန်ဟောင်အဆင့် တန်ခိုးရှင်များသည် မဟာလမ်းစဥ် စက်ဝန်း ဖန်တီးပြီးသည့်အခါ မဟာလမ်းစဥ် စွမ်းအားများသည် သူတို့၏ အရိုးများတွင် ထွင်းထုကာ သွေးကြောများအတွင်း နစ်မြုပ်ပျော်ဝင်နေခဲ့သည်။ ထို့ကြောင့် သူတို့၏ မျိုးဆက်များက သူတို့၏သက်စောင့်ဝိညာဥ် နတ်စက်ဝန်းကို တိုက်ရိုက် ဆက်ခံနိုင်ပြီး အားကောင်းလှသည့် စွမ်းအားကို ပေးစွမ်းပေသည်။

သူတို့က ထိုအဆင့်သို့ ရောက်သည့်အခါ သူတို့၏ လှုပ်ရှားမှုတိုင်းတွင် စွမ်းအားများဖြင့် ပြည့်နှက်နေသည်။ သူတို့၏ နတ်စက်ဝန်းက နတ်လက်နက်များထက် ပို၍ အစွမ်းထက်ပြီး သူတို့ အဆင့်တွင် နတ်လက်နက်များမှာ အသုံးမဝင်ပေ။

သူတို့အဆင့်ထက် မြင့်သည့် နတ်လက်နက်များသာလျှင် သူတို့အတွက် အသုံးဝင်ပေသည်။

ထိုအချိန်တွင် တေးသံသာအင်ပါယာ သည် နှိုင်းယှဥ်၍မရနိုင်သော စွမ်းအားတို့နှင့် လေထဲတွင် ရပ်နေခဲ့သည်။ သူက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး သူ၏ လက်ချောင်းများကို လေကို ဖြတ်၍ ဝှေ့ယမ်းလိုက်သည်။ မဟာလမ်းစဥ် ကြိုးများက အချင်းချင်း ယှက်လိမ်သွားကာ ကောင်းကင်တွင် ကခုန်နေသည်။

လင်ရှောင်းမြို့မှ တန်ခိုးရှင်များသည် သူတို့၏ နားများကို ဖုံးထားလိုက်သော်လည်း သူတို့၏ ဝိညာဥ်များ တုန်ခါနေသည်ကို ခံစားမိကြပေသည်။ ၎င်းကို တောင့်ခံရန် အလွန် ခက်လှပေသည်။ ထိုစွမ်းအားများက သူတို့ကို တိုက်ရိုက် မရည်ရွယ်သော်လည်း ရွှေရောင်နတ်ပြည်ထောင်မှ ရန်ဟောင်ကို တိုက်ရိုက်ရည်ရွယ်လေသည်။

မရေတွက်နိုင်သည့် မဟာလမ်းစဥ် ကြိုးများက ရန်ဟောင်၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်လာကာ ကြိုးများနှင့် ဆက်သွယ်မှုကြောင့် ပြင်းထန်စွာ တုန်ယင်လာသည်။ ကြည့်ရသည်မှာ သူ၏ ဝိညာဥ်က တစ်ခါပြီးတစ်ခါ ထိုးဖောက်ခံနေရသကဲ့သို့ ထင်မှတ်ရပေသည်။ သူ့မျက်နှာက ပိုမို ဖြူဖျော့လာကာ သူ့အရှိန်အဝါက အားနည်းလာသည်။

ရွှေရောင်နတ်ပြည်ထောင်မှ အခြားသော ရန်ဟောင်များက ကူညီရန် အပြေးအလွှားတိုးဝင်လာပြီး သူတို့၏ စွမ်းအားများကို ထုတ်ဖော်ကာ တေးသံသာအင်ပါယာ ကို တိုက်ခိုက်ရန် ကြိုးစားလာကြသည်။ သို့သော် တေးသံသာအင်ပါယာ က သူ၏ တခြာ လက်တစ်ဖက်ကို ဆန့်ထုတ်ကာ လက်ချောင်းများအား လှုပ်ရှားလိုက်သည်။ မဟာလမ်းစဥ်များက ပြန်လှည့်ကာ စီးဆင်းလာပြီး မရေတွက်နိုင်သည့် သဏ္ဌာန်မဲ့အလင်းတန်းများက ရန်ဟောင်များဆီသို့ ထိုးထွက်သွားခဲ့သည်။ ကြည့်ရသည်မှာ ထိုအလင်းတန်းတို့က သူတို့ကို ဖြတ်သန်းထိုးဖောက်လာပြီး သူတို့၏ စွမ်းအားများကို ချည်နှောင်လိုက်သည်။

ထို့ပြင် ကြိုးများယှက်သွယ် တုန်ခါခြင်းသည် တေးသွားအပိုင်းအစအဖြစ် ပြောင်းလဲသွားသည်။ ထိုသည်မှာ တေးသံသာစံအိမ်၏ နာမည်ကြီး တေးသွားခြောက်ပုဒ်ဖြစ်သည့် လောကစီရင်ချက် ပင် ဖြစ်လေသည်။ ဖျက်ဆီးခြင်း မုန်တိုင်းက ပိုမို အားကောင်းလာကာ ရန်ဟောင်များသည်  ကြိုးများတုန်ခါမှုမှ ထွက်ပေါ်လာသည့် ကြီးမားသည့် ဖိအားအောက်၌ ကျရောက်နေပြီး တုန်ယင်လာကြသည်။

“သူက အရမ်းအားကောင်းတာပဲ”

ထိုမြင်ကွင်းကို စောင့်ကြည့်နေကြသည့် အောက်ဘက်မှ လူတို့၏ နှလုံးသားများက တုန်ခါနေကြသည်။ အင်အားစုကြီးများမှ လာသော ရန်ဟောင်များသည်လည်း ထိုမြင်ကွင်းကို ကောင်းစွာ မြင်တွေ့ကြပေသည်။ သူတို့က အံ့အားသင့်ခြင်း မရှိကြပေ။ ထိုသို့ ဖြစ်လိမ့်မည်ကို မျှော်လင့်ထားကြပြီး ဖြစ်သည်။ တေးသံသာအင်ပါယာ သည် ရွှေရောင်နတ်ပြည်ထောင်မှ ရန်ဟောင်အများအပြားကို နင်းချေဖျက်ဆီးနိုင်စွမ်း ရှိပေသည်။

ထို့ပြင် ဤသည်မှာ တေးသံသာအင်ပါယာ က အတော်လေး သက်ညှာထားခြင်း ဖြစ်သည်။ မဟုတ်လျှင် ဤရန်ဟောင်များသည် တေးသွားဖြင့် ချည်နှောင်ခံရသည့်အချိန်၌ ထို့ထက်ပိုမို များပြားသော ဒဏ်ရာတို့ကို ရရှိကြပေလိမ့်မည်။

ဘန်း…

ကျယ်လောင်သည့် ဆူညံသံက ထွက်ပေါ်လာသည်။ ကိုက်ကျိုထျန်းနှင့် ဧကရီယန်က လူချင်းခွဲထွက်သွားပြီး လေထဲတွင် မျောလွင့်နေသည်။ ဖီးနစ်နှစ်ကောင်သည် သူတို့ကို ဝန်းရံကာ စောင့်ကြပ်နေသည်က ကိုက်ကျိုထျန်း၏ မျက်နှာထက်တွင် အရုပ်ဆိုးသော အကြည့်တို့ ဖြစ်ပေါ်လာစေသည်။  တစ်ချိန်တည်းမှာပင် တေးသံသာအင်ပါယာ က ကြိုးများကို တစ်ဖန် ထပ်တီးခတ်လိုက်ကာ မြင့်မားသည့် သံစဥ်တစ်ခု ထွက်ပေါ်လာစေသည်။ ရွှေရောင်နတ်ပြည်ထောင်မှ ရန်ဟောင်များသည် ညည်းတွားကာ ပါးစပ်အပြည့် သွေးအန်လိုက်ကြရသည်။ သူတို့၏ အရှိန်အဝါများက ပို၍ အားနည်းလာကြသည်။ သိသာစွာပင် သူတို့က ဆိုးဝါးစွာ ဒဏ်ရာရထားကြပေသည်။

“နောက်တစ်ခါ ကျုပ်တို့ ထိုက်ရွှမ်တောင်က ဂျူနီယာလေးတွေကို ဒီလိုအနိုင်ကျင့်တာ မြင်ရင် ကျုပ် ဒီလောက် ယဥ်ကျေးနေမှာ မဟုတ်တော့ဘူး” တေးသံသာအင်ပါယာ က တည်ငြိမ်စွာ ပြောလိုက်သည်။ သူ၏ အသံက ညင်သာပြီး သိမ်မွေ့သော်လည်း အေးစက်မှုတို့ကို သယ်ဆောင်ထားသည်။ သိသာစွာပင် သူက ယခုတွင် တတ်နိုင်သမျှ သက်ညှာထားပုံရသည်။

“ကျုပ် ခင်ဗျား နာမည်ကို ကြားဖူးတာ ကြာပါပြီ တေးသံသာအင်ပါယာ.. ခင်ဗျားက အရှင်ထိုက်ရွှမ်ဆီကနေ အများကြီး သင်ယူခဲ့ရပြီး ခင်ဗျားက တကယ့်ကို ထူးချွန်တဲ့ ဂီတပညာရှင်တစ်ယောက်ပါပဲ” ကိုက်ကျိုထျန်းက ပြောလိုက်သည်။ “ဒါပေမယ့်လည်း ခင်ဗျားရဲ့ ဂျူနီယာက ရွှေရောင်နတ်ပြည်ထောင်ရဲ့ အစွမ်းထက် ကျင့်စဥ်ကို ခိုးယူသွားတယ်။ အဲဒါကို ခင်ဗျား ဘယ်လိုထင်ပါလဲ”

“ဒါက ရှင်းလို့လွယ်တဲ့ ပြဿနာလေးပဲ။ ကိုက်ရှီက အရင် သူ့ကို သတ်ဖို့ ကြိုးစားခဲ့တာလေ။ အဲဒီတော့ ကိုက်ရှီကို အရင်သတ်ခိုင်းလိုက်မယ်။ ပြီးတော့မှ မင်းတို့ရဲ့ အစွမ်းထက်ကျင့်စဥ် ခိုးတယ်ဆိုတဲ့ကိစ္စ ထပ်ပြောကြတာပေါ့။ ဘယ်လို သဘောရလဲ” တေးသံသာအင်ပါယာ ပြန်ပြောလိုက်သည်။

ကိုက်ကျိုထျန်း၏ မျက်လုံးများထဲ၌ ရွှေရောင်အလင်းတို့ လင်းလက်သွားသည်။

“ရှင်တို့ ရွှေရောင်နတ်ပြည်ထောင်က လူတွေ တော်တော် အရှက်မရှိတာပဲ” ဧကရီယန်က လှောင်ပြောင်လိုက်သည်။ “သူက ရှင်တို့ရဲ့ အစွမ်းထက်ကျင့်စဥ်ကို အသက်တစ်ချောင်းဖိုး အနေနဲ့ အလဲအလှယ်လုပ်ခဲ့တာလေ။ ကျွန်မတို့က ရှင်တို့ရဲ့ အမှိုက်ကောင်ကို အရင်ဆုံး သုတ်သင်ရှင်းလင်းပေးမယ်ဆို ဘယ်လိုလဲ။ ပြီးရင် ရှင်တို့ရဲ့ ကျင့်စဥ်ကို ပြန်ပေးမယ်လေ။ ပြီးတော့လည်း ရွှေရောင်နတ်ပြည်ထောင်ရဲ့ မင်းသားက ကျွန်မတို့ ဂျူနီယာလေးကို အစွမ်းထက်ဆုံး တိုက်ခိုက်မှုတောင် ထုတ်ဖော်တိုက်ခိုက်ခဲ့တဲ့အပြင် ရှင်တို့ရဲ့ ရန်ဟောင်တွေကလည်း ဝင်စွက်ဖက်သေးတယ်။ အဲဒါကျတော့ ဘာလို့ တစ်ခွန်းမှ မဟရတာလဲ။ ပြောကြည့်ပါဦး။ အဲဒါ ဘာအဓိပ္ပါယ်များလဲ” သူမက သူတို့ ထိုအစွမ်းထက်ကျင့်စဥ်ကို ပြန်လိုချင်လိမ့်ဦးမည်ဟု မယုံကြည်ပေ။

၎င်းက လဲလှယ်ခြင်းဟုဆိုလျှင် လဲလှယ်ခြင်း ဖြစ်သည်။ ကိုက်ရှီက သူ့အသက်နှင့် လဲလှယ်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်ပေသည်။

အကယ်၍ သူတို့သာ ဤနေရာ၌ မရှိခဲ့ပါက ရီဖူရှင်းက အသတ်ခံရပေလိမ့်မည်။ ရွှေရောင်နတ်ပြည်ထောင်မှ လူများက သူ၏ အသက်ကို ကိုက်ရှီ ယူဆောင်သွားခြင်းအတွက် အလျော်အစားရှိလေမည်လား။

လင်ရှောင်းမြို့မှ လူများသည် ဖြစ်ပျက်သမျှ အရာအားလုံးကို စောင့်ကြည့်နေကြသည်။ ရှန့်ထိုအဆင့် အထွတ်အထိပ် လူများကြားမှ တိုက်ပွဲသည် ရန်ဟောင်များစွာကို ပေါ်ပေါက်လာစေခဲ့သည်။ ထိုက်ရွှမ်တောင်နှင့် ရွှေရောင်နတ်ပြည်ထောင်မှ ရန်ဟောင်များအကြား၌ပင် တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာစေသည်။

ထို့ပြင် အခြေအနေကို ဆုံးဖြတ်ကြည့်ရလျှင် တေးသံသာအင်ပါယာ ဤနေရာသို့ ရောက်နေသည်ဟူသည့် အချက်မှနေ၍ ထိုအင်အားစုနှစ်ခုမှ ပိုမိုအစွမ်းထက်သော ပုဂ္ဂိုလ်များလည်း ရောက်နေနိုင်သည်ဟု အဓိပ္ပါယ်သက်ရောက်ပေသည်။

သူတို့က နတ်ဘုရားနန်းတော်အတွင်း၌ ရှိနေနိုင်ချေများပေသည်။ သူတို့က ထိုနေရာမှ လာခဲ့ကြခြင်း ဖြစ်သည်။ ဤပဋိပက္ခအတွင်း မည်သူတို့ ပါဝင်၍ မည်သို့ ဖြစ်လာလိမ့်မည်ကို မသိနိုင်ကြပေ။

ထိုအချိန်၌ ကောင်းကင်ထက်မှ ကြောက်မက်ဖွယ် စွမ်းအားလှိုင်းတို့ ကျဆင်းလာသည်။ လူတစ်စု ပေါ်ပေါက်လာပြီး သူတို့ အားလုံးသည် အင်အားစုပေါင်းစုံမှ တန်ခိုးရှင်များ ဖြစ်ကြပြီး အများစုမှာ ရန်ဟောင်များ ဖြစ်ကြသည်။ ရီဖူရှင်းသည် သူတို့ကြားမှ သူနှင့်အတူ နတ်ဘုရားနန်းတော်တွင် ဆုံတွေ့ခဲ့သော ပါရမီရှင်အချို့ကို တွေ့လိုက်ရသည်။

လီနတ်ဓားမိသားစု၊ ချန်ဖုန်းမိသားစု၊ ကောင်းကင်နှစ်မြှုတ်ကလန် နှင့် အခြားသော အင်အားစုများလည်း ရောက်ရှိလာကြသည်။

နတ်ဘုရားနန်းတော်ကပင် တန်ခိုးရှင်များ ပို့လွှတ်ခဲ့၏။ နတ်ဂီတနန်းတော်၏ နန်းတော်သခင်လည်း ကိုယ်တိုင် လာရောက်ခဲ့သည်။

ရှီလင်နတ်မြို့တော်မှ အချို့သော ထိပ်သီးပုဂ္ဂိုလ်များလည်း ရောက်လာခဲ့သည်။ သူက ထိုက်ရွှမ်တောင်သို့ လာရောက်၍ ပြဿနာ ဖြစ်စေခဲ့သော မင်းသားကိုပင် တွေ့လိုက်ရပေသည်။ သူ၏ အရှိန်အဝါက ပြင်းထန်ပြီး ကြီးမားသည့် ဖိအားကို ပေးစွမ်းနိုင်သည်။

နောက်ထပ် ရင်းနှီးနေသော သူတစ်ယောက်လည်း ရောက်ရှိလာသည်။ သူက ထိုက်ရွှမ်တောင်သို့ ကိုက်ရှီအား ခေါ်ဆောင်လာခဲ့သည့် နတ်စစ်သူကြီး ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်က ဖော်ပြခြင်းငှာမစွမ်းသာအောင် လှပသော အလင်းတို့​ဖြင့် ဖုံးလွှမ်းခံထားရသည်။ ထိုစစ်သူကြီးက ရီဖူရှင်းကို ကြည့်နေပြီး သူ့အား အသက်ပင် မရှုနိုင်တော့အောင် ခံစားမိစေသည်။

သူက ကိုက်ရှီကို ထိုက်ရွှမ်တောင်သို့ ခေါ်ဆောင်လာကာ အရှင်ထိုက်ရွှမ်၏ တပည့် ဖြစ်စေချင်ခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရသည်။ ယခု သူက ဤတိုက်ပွဲကို မြင်တွေ့ပြီးသည့်အခါ သူ့မျက်စိရှေ့မှ ထိုလူငယ်သည် ‘လမ်းစဥ်’ ဟူသော စာလုံးနှင့် တသားတည်း ဖြစ်စေ၍ လျှပ်တပြက်နတ်ဓားကို ထုတ်ဖော် အသုံးပြုခဲ့သူ ဖြစ်ကြောင်း ပြောနိုင်သွားပေသည်။

သူက လက်သီးကို ကျစ်ကျစ် ဆုပ်လိုက်သည်။ ရုတ်တရက် ရီဖူရှင်းက သူ့လက်ထဲမှ လှံကို အလိုလို လွှတ်ချလိုက်မိသည်။ ထိုသို့ မလုပ်ပါက သူ၏ တစ်ကိုယ်လုံးကလည်း ထိုလှံနှင့်အတူ ပါသွားပေလိမ့်မည်။

ရွှေရောင်နတ်လှံသည် သူ့ ပြိုင်ဘက်၏ လက်အတွင်းသို့ တိုက်ရိုက်ကျရောက်သွားသည်။ ရွှေရောင်အလင်းတို့က ပေါက်ကွဲထွက်လာကာ ကိုက်ရှီ၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားသည်။ ရီဖူရှင်းက မျက်မှောင်ကြုတ်လိုက်သော်လည်း မရပ်တန့်နိုင်ခဲ့ပေ။ သူက ကိုက်ရှီကို တစ်ဖက်လူ ခေါ်ဆောင်သွားသည်ကိုသာ စောင့်ကြည့်​နေခဲ့ရပေသည်။

သို့သော် ဤလက်ရှိအခြေအနေမျိုးတွင် သူ့အတွက် ကိုက်ရှီကို ဆက်လက်ခြိမ်းခြောက် အသုံးချရန် တတ်နိုင်လိမ့်မည် မဟုတ်ပေ။

နှစ်ဖက်လုံးမှ တန်ခိုးရှင်များက ဤနေရာသို့ ရောက်ရှိလာပြီ ဖြစ်သည်။ တစ်ဖက်နှင့် တစ်ဖက် ထပ်၍ ခြိမ်းခြောက်နေရန် မလိုတော့ပေ။

ကိုက်ရှီက ကောင်းကင်သို့ ပြန်ရောက်သွားခဲ့သော်လည်း သူက ဆိုးဝါးစွာ ဒဏ်ရာရထားခဲ့သည်။ ရီဖူရှင်းကို ငုံ့ကြည့်နေသော သူ့မျက်လုံးများတွင် လူသတ်လိုစိတ်တို့ ဖုံးလွှမ်းနေခဲ့၏။ ရီဖူရှင်းကို သတ်မည့် သူ့ အစီအစဥ်က ဆိုးဆိုးဝါးဝါး ရှုံးနိမ့်ခဲဲ့ပြီး သူ၏ ဂုဏ်သိက္ခာလည်း အများကြီး ကျဆင်းခဲ့ရသည်။ သူသည် အခြားသူများ မည်သို့ ထင်မြင်မည်ကို အရေးမစိုက်ဘဲ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှု စတင်ခဲ့သည်။ သူ အနိုင်ရခဲ့လျှင် သူက ဘုရင်ဟု ခေါ်နိုင်မည် ဖြစ်ကာ ရှုံးနိမ့်ခဲ့ပါက သူ့ကို အရူးဟု ခေါ်ကြပေလိမ့်မည်။ သူက ရလဒ်ကိုသာလျှင် အရေးစိုက်ပေသည်။ သို့သော် အဆုံးတွင် သူက ရှုံးနိမ့်ခဲ့ပြီး စော်ကားခံခဲ့ရသည်။

ရီဖူရှင်းက သူလုပ်ခဲ့သမျှ အရာအားလုံးကို လှောင်ပြောင်ရယ်မောဖွယ် ဖြစ်စေရန် လုပ်ဆောင်ခဲ့၏။

ရွှေရောင်နတ်ပြည်ထောင်မှ စစ်သူကြီးက ရီဖူရှင်းကို ငုံ့ကြည့်လိုက်သော်လည်း မည်သည့် လှုပ်ရှားမှုမှ မပြုခဲ့သေးပေ။ သူသည် ယခင်က ဖြစ်ပျက်ခဲ့သော အရာအားလုံးကို မြင်တွေ့ခဲ့ရ၏။ အမှန်တွင် ဤပဋိပက္ခ၌ နှစ်ဖက်လုံးတွင် ကိုယ်ပိုင်အစီအစဥ်များ ရှိသည်။ ကြည့်ရသည်မှာ ဤလူက ထိုက်ရွှမ်တောင်တွင် မြင့်မားသည့် အဆင့်အတန်းတစ်ခု ရှိနိုင်ပေသည်။ သူက အရှင်ထိုက်ရွှမ်၏ လျှို့ဝှက်တပည့် ဖြစ်နိုင်သလား။

သူ့အကြောင်း လျှို့ဝှက်ချက် အချို့ရှိနေသည်မှာ အသေအချာပင် ဖြစ်သည်။

“မင်းရဲ့ ကျင့်စဥ်ကို ကြည့်ရတာ ကောင်းကင်အာဏာစက်ဘုံကနဲ့ တူတယ်။ အနည်းဆုံးတော့ ကျုပ်တို့ဆီက အစွမ်းထက်ဆုံး ကျင့်စဥ်ကို ခိုးယူသွားတဲ့ လူရဲ့ သရုပ်မှန်ကို သိရမှ ဖြစ်လိမ့်မယ်” စစ်သူကြီးက ရီဖူရှင်းကို ပြောလိုက်သည်။ သူ၏ စွမ်းအားက ကျဆင်းလာခဲ့ပြီး ထိုစွမ်းအားများကို ရီဖူရှင်းက ခံနိုင်ရည်မရှိသည်ကို သိရှိပေသည်။

ယခင်တိုက်ပွဲတွင် တန်ခိုးရှင်များက သူ့ကို တိုက်ခိုက်ရန်အတွက် ရန်ဟောင်အဆင့် လက်နက်များကို အသုံးပြုခဲ့သည့်အတွက် သူက စွမ်းအားအများအပြား အသုံးပြုခဲ့ရသည်။ ထို့ကြောင့် အရှင်ထိုက်ရွှမ်သည်လည်း ရိပ်မိလောက်ပြီး ဖြစ်ပေမယ့် သူက စစ်ဆေးရန် ရောက်မလာခဲ့ပေ။

သူ၏ သရုပ်မှန်ကို ဆက်လက်ဖုံးကွယ်ထားနိုင်ရန် မဖြစ်နိုင်တော့ပေ။

သူ၏ မျက်နှာမှ အသားအရေတို့က ပြောင်းလဲလာပြီး သူ၏ နက်မှောင်သော ဆံပင်တို့က ငွေဖြူရောင်အဖြစ်သို့ ပြောင်းလဲသွားကာ ပိုမို ချောမောလှသည့် မျက်နှာတစ်ခု ပေါ်ပေါက်လာ၏။

လူတိုင်း၏ မျက်လုံးများက ရီဖူရှင်းထံသို့ ကျရောက်နေခဲ့သည်။ သူက ရုပ်ပြောင်းရုပ်လွှဲ ပညာရပ်ကို အသုံးပြုထားသည်လား။ ဤ သူရဲကောင်းဆန်သည့် ပုံရိပ်တွင် သူ၏ ချောမောသော မျက်နှာ၊ နှင်းဖြူရောင်ဆံပင် နှင့် နက်မှောင်သည့် မျက်လုံးများကလည်း အဆုံးမရှိအောင် အလွန် နက်ရှိုင်းကာ အဓိပ္ပါယ်အမျိုးမျိုး ရှိနေသည်ဟု ထင်မှတ်ရပေသည်။

ဤလူတွင် ကိုက်ရှီကဲ့သို့ ထူးခြားသည့် မိသားစုနောက်ခံမရှိသော်လည်း သူ့တွင် အတွေ့အကြုံများစွာ ရှိသည်။

“မင်းပဲ…” နတ်ဂီတနန်းတော်သခင်၏ ဘေးမှ အံ့အားသင့်မှုအပြည့်နှင့် အော်သံတစ်ခု ထွက်ပေါ်လာသည်။ ထိုသူမှာ နတ်ဂီတနန်းတော်၏ တပည့် ယန်စွေ့ ဖြစ်သည်။

သူသည် နတ်ဂီတနန်းတော်၌ ရီဖူရှင်း၏ ဆိုးဆိုးဝါးဝါး ရိုက်နှက်ခြင်းကို ခံခဲ့ရသည်။ ယခု ထိုသူ၏ မျက်နှာအစစ်အမှန်ကို မြင်တွေ့လိုက်ရပြီး ဤလူငယ်က ရွှမ်ထျန်းစံအိမ်၌ ရိထျန်းယွီနှင့် တိုက်ခိုက်ခဲ့သူ ဖြစ်သည်ကို သိသည့်အခါ သူက မည်သို့ မထိတ်လန့်ဘဲ နေပါမည်နည်း။

သူက အလွန် အားကောင်းလာပြီး အဆိုးဆုံးမှာ ယန်စွေ့၏ နေရာဖြစ်သော နတ်ဘုရားနန်းတော်သို့ပင် ရောက်လာခဲ့ခြင်း ဖြစ်ပေသည်။

“မင်း သူ့ကို သိလား” နတ်ဂီတနန်းတော်သခင်က ယန်စွေ့ကို မေးလိုက်သည်။ ယန်စွေ့၏ မျက်နှာက မသာမယာနှင့် ခေါင်းညိတ်လိုက်သည်။

“ကျုပ်က ရီဖူရှင်း။ ဒီနေရာကို ကောင်းကင်အာဏာစက်ဘုံကနေ လာခဲ့တာ”

သူ ထိုသို့ ပြောလိုက်ပြီးသည့်အခါ နေရာတစ်ခုလုံးက အလွန် ဆိတ်ငြိမ်သွားခဲ့သည်။ ဤလူက ကောင်းကင်အာဏာစက်ဘုံမှ လာခဲ့သူ ဖြစ်သည့်အပြင် သာမန် တန်ခိုးရှင်လေးတစ်ဦး ဖြစ်နေသည်လား။

ရီဖူရှင်းက ကောင်းကင်နတ်တံခါးနှင့်အတူ ရှိနေဖူးသော်လည်း သူက သူတို့၏ တပည့် မဟုတ်ပေ။ သူက နတ်ဆင်တို့၏ အစွမ်းထက် နည်းစနစ်ကို သင်ယူဖူးသော်လည်း နတ်ဆင်ကလန်မှ လူ မဟုတ်ပေ။ သူက အမှန်တကယ်ပင် သာမန် တန်ခိုးရှင်တစ်ဦး ဖြစ်သည်။ သူက မည်သည့် အင်အားစုကိုမှ ဝင်ရောက်ထားခြင်း မရှိပေ။

နတ်ဂီတနန်းတော်သခင်က သူ့ကို ကြည့်လိုက်သည်။ သူက ရိထျန်းယွီ ကောင်းကင်အာဏာစက်ဘုံမှ ပြန်လာစဥ်ကပင် ထိုနေရာ၌ ဖြစ်ပွားခဲ့သော တိုက်ပွဲအကြောင်း သိခဲ့ပြီး ဖြစ်သည်။

သူသာလျှင် ထိုအကြောင်းကို သိခြင်းမဟုတ်ဘဲ အခြားလူများသည်လည်း သိရှိကြပေသည်။

ကောင်းကင်အာဏာစက်ဘုံမှ တန်ခိုးရှင်တစ်ဦးက အထက်ကောင်းကင်ဘုံရှိ လမ်းစဥ်ဖော်ဆောင်ခြင်းနယ်မြေအပါအဝင် အင်အားစုများမှ ထူးချွန်သော တန်ခိုးရှင်အများအပြားကို ရှုံးနိမ့်စေခဲ့ပြီး ယခုတွင် ကိုက်ရှီနှင့် အခြားသူများကိုလည်း ရှုံးနိမ့်စေခဲ့သည်။ ထပ်ပြောရလျှင် သူက နတ်ဘုရားနန်းတော်သို့ပင် လာရောက်ခဲ့၏။ ထိုသည်မှာ အလွန် ခမ်းနားကြီးကျယ်လှသည်။

သူက ကောင်းကင်အာဏာစက်ဘုံမှ အထူးချွန်ဆုံး လူငယ်မျိုးဆက် ဖြစ်ပေလိမ့်မည်။

ပို၍ အံ့အားသင့်ဖွယ် ကောင်းသည်မှာ သူက သာမန်တန်ခိုးရှင်လေးသာ ဖြစ်သော်လည်း အင်အားစုပေါင်းများစွာ၏ အစွမ်းထက် ကျင့်စဥ်ပေါင်းများစွာကို သင်ယူနိုင်ခဲ့သည်။

ရီဖူရှင်းက တေးသံသာအင်ပါယာ နှင့် ဧကရီယန်ကို ကြည့်ကာ ပြောလိုက်သည်။ “နတ်ဘုရားနန်းတော်ကို မလာခင် ကျွန်တော် ထိုက်ရွှမ်တောင်ကို အရင်သွားခဲ့​တာက တကယ် လမ်းစဥ်ကို ရှာဖွေဖို့ပါပဲ။ ကျွန်တော့ရဲ့ သရုပ်မှန်ကို ဖုံးကွယ်ထားတယ်ဆိုတာကလည်း ကျွန်တော့ကို ဒုက္ခပေးချင်တဲ့ လူတွေ ရှိနေလို့ပါ။”

သိပ်မဝေးသည့် နေရာမှ ဝမ်ရှိုးရီသည် ရီဖူရှင်းပြောသည့် စကားကို ကြားသည့်အခါ ရုတ်တရက် ကိစ္စအများအပြားကို တွေးမိသွားခဲ့သည်။ သူက ထိုက်ရွှမ်တောင်တွင် အလွန် သိုသိပ်စွာ နေထိုင်ခဲ့သည်မှာ အံ့သြစရာ မရှိတော့ပေ။ သူက ပြဿနာတောထဲ မနစ်လို၍သာ ဖြစ်တော့သည်။

သူက ယနေ့ ကိုက်ရှီ၏ တိုက်ခိုက်မှုကို မခံရလျှင် သူ၏ သရုပ်ကို ဖော်ပြလိမ့်မည် မဟုတ်ပေ။ ထိုက်ရွှမ်တောင်သို့ ပြန်၍ အေးချမ်းစွာ ကျင့်ကြံနေလိမ့်မည် ဖြစ်သည်။

“ထိုက်ရွှမ်တောင်မှာ ကျင့်ကြံဖို့ မင်းကို ခေါ်လာခဲ့တာ ငါပဲ။ မင်းဘယ်သူလဲဆိုတာ ဂရုမစိုက်ဘူး” ဧကရီယန်က ပြောလိုက်သည်။ အကယ်၍ သူမက ထိုအချက်များကို ဂရုစိုက်​နေလျှင် သူ့ကို ခေါ်ဆောင်လာခဲ့မည် မဟုတ်ပေ။ သူမသည် သူ၏ ဂီတသံစဥ်ကို ကြားစဥ်ကပင် သူက မည်သို့သော လူမျိုး ဖြစ်သည်ကို သိရှိခဲ့သည်။ သူမက သူသည် အလွန် ထူးခြားလှသည်ကို သိရှိသည်။ သို့သော် သူက ထိုမျှထိ ထူးချွန်လိမ့်မည်ဟုတော့ မထင်မိခဲ့ပေ။

“သူ ဘယ်သူဖြစ်ဖြစ် ကိစ္စမရှိဘူး။ သူက အခု ထိုက်ရွှမ်တောင်ကနေ လာတာမို့လို့ သူက ကျုပ်တို့ဆီက တပည့်ပဲ” တေးသံသာအင်ပါယာ က ပြောလိုက်သည်။ ယခုတွင် ရွှေရောင်နတ်ပြည်ထောင်မှ ရီဖူရှင်းကို ရန်သူအဖြစ် ခံယူထားပြီး ရီဖူရှင်းနှင့် ရန်ငြိုးနက်ရှိုင်းသည့် သူများလည်း ရှိနေနှင့်ပြီး ဖြစ်ပုံရသည်။ သူတို့က သူ့ကို သေချာကာကွယ်ပေးရန် လိုအပ်ပေသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset