Switch Mode

အပိုင်း(၁၅၆၅)

မဟာလမ်းစဥ်ကို ကြိုးအဖြစ် အသုံးပြုခြင်း

ရီဖူရှင်းသည် လေထဲမှ မြင်ကွင်းကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်ပြီး သူမျက်နှာထက်တွင် သံသယအမူအရာတို့ ဖြစ်ပေါ်လာသည်။ ရန်ဟောင်အဆင့် တန်ခိုးရှင် ထိုမျှ အများအပြား မည်သို့ ရောက်လာကြသနည်း။

ထို့ပြင် ရွှေရောင်နတ်ပြည်ထောင်မှ တန်ခိုးရှင်များ ရောက်ရှိလာသော်လည်း ထိုက်ရွှမ်အိမ်တော်သခင်က တစ်ယောက်တည်းသာ ဖြစ်သည်။ သူမက အခက်အခဲတွင်း ကျရောက်သွားလေပြီလား။

သို့သော် သူမ၏ အမူအရာက တည်ငြိမ်နေပြီး ထိုအချင်းအရာကြောင့် အံ့အားသင့်သွားပုံမပေါ်ပေ။ သူမက နတ်ဘုရားနန်းတော်မှ လာခဲ့ခြင်း ဖြစ်သည့်အတွက် ထိုနေရာ၌ ရန်ဟောင်အများအပြား ရှိနေခဲ့သည်ကို သိပြီး ဖြစ်သည်။ ထို့ပြင် အပြန်လမ်း မည်သည်တို့ ဖြစ်ပျက်မည်ကိုလည်း အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိပေ။ သူမ၏ ဆရာက ထိုနေရာတွင် ရှိနေပြီး ဖြစ်ပျက်သမျှ အရာအားလုံးကလည်း သူ့အမြင်အတွင်း၌သာ ရှိနေပေသည်။

“အတူတူပါပဲလား။ ရှင်က ကျွန်မကို မနိုင်တော့ လူတွေ ထပ်ပို့တယ်ပေါ့။ ရွှေရောင်နတ်ပြည်ထောင်က မျိုးဆက်တွေ တဖြည်းဖြည်း အားနည်း ယုတ်လျော့လာကြပါလားနော်” ထိုက်ရွှမ်အိမ်တော်သခင်က သူမထံသို့ လာနေသည့် ရွှေရောင်နတ်ပြည်ထောင်မှ မင်းသားကို စိုက်ကြည့်လိုက်သည်။ သူ၏ အမည်မှာ ကိုက်ကျိုထျန်း ဖြစ်သည်။ ရွှေရောင်နတ်ပြည်ထောင်မှ မင်းသားများ၏ နာမည်သည် တစ်ယောက်ထက် တစ်ယောက် ပို၍ အထက်စီးဆန် လာကြပေသည်။ ကိုက်ကျိုထျန်း၏ အမည် အဓိပ္ပါယ်မှာ ‘ကောင်းကင်ဘုံ ကိုးဆင့်ကို လွှမ်းမိုးခြင်း’ ဖြစ်ပြီး ကိုက်ရှီ၏ အမည်မှာ ‘လောကဆယ်ပါးကို စိုးမိုးခြင်း’ ဖြစ်သည်။ မည်မျှ အထက်စီးဆန်လိုက်သနည်း။

သူတို့၏ ဆိုလိုရင်းမှာ ရွှေရောင်နတ်ပြည်ထောင်မှ လူငယ်မျိုးဆက်များသည် ပြင်းပြင်းထန်ထန် ကြိုးစားလေ့ကျင့်ကြပြီး သူတို့၏ အမည်များအတိုင်း ရှင်သန်နေထိုင်နိုင်ရန် ဖြစ်သည်။

ကိုက်ကျိုထျန်းက လေထဲတွင် ရပ်နေပြီး သူ၏ ရွှေရောင်မျက်လုံးများက ထိုက်ရွှမ်အိမ်တော်သခင်နှင့် ရီဖူရှင်းကို စူးစိုက်ကြည့်နေခဲ့သည်။ သူက ကိုက်ရှီကိုလည်း ကောင်းကောင်း မြင်တွေ့ပေသည်။ သူ၏ ညီငယ်လေး ရွှေရောင်နတ်ပြည်ထောင်မှ မင်းသားတစ်ပါးက ပြင်းပြင်းထန်ထန် ရိုက်နှက်ခံထားရသည်။

အရှင်ထိုက်ရွှမ် နောက်တစ်ဆင့်သို့ ချိုးဖျက်ဝင်ရောက်သွားနိုင်သည်နှင့် ထိုက်ရွှမ်တောင်က ထိုမျှ မောက်မာရိုင်းစိုင်းလာသည်လား။

“ရွှေရောင်နတ်ပြည်ထောင်က အားနည်းလာတာ မနည်းလာတာကို မင်း ဆုံးဖြတ်စရာ မလိုဘူး” ကိုက်ကျိုထျန်းက အေးစက်စွာ ပြောလိုက်သည်။ သူ့ထံမှ ပြင်းထန်လှသော မဟာလမ်းစဥ်စွမ်းအားများ ပေါက်ကွဲထွက်လာ၏။ သူ၏ မဟာလမ်းစဥ် နတ်စက်ဝန်းက မပီဝိုးတဝါး ပေါ်ပေါက်လာကာ သူသည် ရွှေရောင်စစ်နတ်ဘုရားအဖြစ် ပြောင်းလဲသွားကာ သူ၏ ခန္ဓာကိုယ်ကို မြင့်မားကာ စွမ်းအားကြီးလာစေသည်။

မဟာလမ်းစဥ် စက်ဝန်းက ရှေးဟောင်း ရွှေရောင်နတ်ဘုရား တစ်ပါးအသွင် ဖြစ်ပေါ်လာသည်။ ကြည့်ရသည်မှာ ၎င်းသည် သန့်စင်သည့် ရွှေမှ  ထွင်းထုထားသကဲ့သို့ ထင်မှတ်ရကာ အဆုံးမဲ့ စွမ်းအားများက ၎င်းအတွင်း ဝင်ရောက်လာသည်။ ယင်းသည် အသက်ဝင်လာခဲ့ပြီး မရေတွက်နိုင်သော ရွှေရောင်နတ်ဘုရား ပုံရိပ်များ ကောင်းကင်တစ်ခွင်၌ အပြည့် ပေါ်ပေါက်ကာ ဆင်းသက်လာသည်။ လူတိုင်းသည် ၎င်းတို့မှ ပြင်းထန်သည့် စွမ်းအားများ ပေါက်ကွဲလာသည်ကို ခံစားမိကာ အသက်ရှုရပင် ခက်ခဲလာသည်။

ရွှေရောင်နတ်ပြည်ထောင်မှ မင်းသားများသည် ရှေးဟောင်းနတ်ဘုရားများမှ ဆင်းသက်လာသည်ဟု ဆိုနိုင်သည်။ ဤမျိုးဆက်တွင် သူတို့အားလုံးက အလွန် အရည်အချင်းရှိပြီး ကျော်ကြားကြပေသည်။ ကိုက်ရှီက သူ့မျိုးဆက်အတွင်းတွင် အထက်မြက်ဆုံး ပါရမီရှင်ဟု ပြော၍ရကာ သူ၏ အရည်အချင်းက လောကတစ်ခွင်ကို ပျံ့နှံ့ကျော်ကြားခဲ့သည်။ သို့သော် သူ၏ အစ်ကိုသည်လည်း အလွန် အစွမ်းထက်ပြီး သူ၏ သွေးကြောများထဲတွင် ရှေးဟောင်း ရွှေရောင်နတ်ဘုရားများ၏ သွေးတို့ စီးဆင်းနေသည်။

ဤနှိုင်းယှဥ်မရသည့် တောက်ပသော ရွှေရောင်နတ်ဘုရားများက လျှင်မြန်စွာ လှုပ်ရှားလာသည့်အခါ နတ်တေးသံတစ်ခုက လေထဲတွင် ပျံ့နှံ့လာသည်ဟု ထင်မှတ်ရသည်။ သူတို့က တေးသီနေကြပုံပေါ်သည်။ သူတို့၏ တေးသံတွင်​အလွန် ကြောက်မက်ဖွယ် စွမ်းအားတို့ ပါဝင်နေသည်။ ၎င်းတို့က ကောင်းကင်မှ ကျဆင်းလာသည့်အခါ အဆုံးမဲ့ ရွှေရောင်အလင်းတို့က တောက်ပနေပြီး ထိုလူများကို ရိုသေလေးစားမှုတို့ဖြင့် မြေပြင်တွင် ဒူးထောက်ကျစေခဲ့သည်။

“သူတို့က အရမ်းအားကောင်းတာပဲ” လင်ရှောင်းမြို့မှ တန်ခိုးရှင်များသည် မော့ကြည့်လိုက်ပြီး  အနည်းငယ် တုန်ယင်နေခဲ့သည်။ ကောင်းကင်မှ ပုံရိပ်များသည် အစစ်အမှန် နတ်ဘုရားများကဲ့သို့ပင် ဖြစ်သည်။ ယခု ရောက်ရှိလာသူသည် ယခင်က ရန်ဟောင်များထက် ပို၍ အားကောင်းပေသည်။ ယခင်က ရန်ဟောင်များက ရွှေရောင်နတ်ပြည်ထောင်၏ အစစ်အမှန် ဆက်ခံသူ မဟုတ်သလို သူ၏ သွေးကြောများအတွင်း နတ်ဘုရားတို့၏ သွေးများလည်း မရှိပေ။

ထို့ပြင် ယခု ကိုက်ကျိုထျန်းက ဤနေရာတွင် ရောက်ရှိနေသည်။ တစ်ဖက်တွင် သူသည် ရွှေရောင်နတ်ပြည်ထောင်၏ ဆက်ခံသူ အစစ်ဖြစ်သည်။ နတ်ဘုရားများဆင်းသက်လာသည်နှင့် လူသားများက ရိုသေလေးစားစွာ အညံ့ခံလိုစိတ်ကို ခံစားကြရပေသည်။ သူတို့၏ စွမ်းအားနှင့် တောက်ပသော ရောင်စဥ်များက ကမ္ဘာလောကကြီးမှ အပြစ်များကို သန့်စင်ဆေးကြောရန် ဆင်းသက်လာသည့် နတ်ဘုရားများသဖွယ်ပင် ဖြစ်သည်။

ဤတစ်ကြိမ်၌ ထိုက်ရွှမ်အိမ်တော်သခင်သည်လည်း ဖိအားများကို ခံစားမိပေသည်။ သူမရှေ့မှ ပြိုင်ဘက်က ယခင် ရန်ဟောင်ထက် ပို၍ အစွမ်းထက်ပေသည်။ ထိုသည်မှာ သူမက အားမကောင်း၍ မဟုတ်ပေ။ ဤတစ်ကြိမ်၌ သူမသည် သူနှင့် ရန်ဆိုင်ရန်မှာ လွယ်ကူစွာ ပြီးဆုံးလိမ့်မည် မဟုတ်ပေ။

သူမ၏ နတ်တောင်ပံများက ကောင်းကင်ကို ဖုံးလွှမ်းထားကာ အဆုံးမရှိအောင် လင်းလက်သည့် အလင်းတို့အား ထုတ်လွှတ်နေသည်။ မဟာလမ်းစဥ် မုန်တိုင်းတစ်ခုက လေထဲတွင် ဖြစ်တည်လာသည်။ အလွန် ခမ်းနားထည်ဝါသည့် ဧကရီတစ်ပါးက ထိုနေရာတွင် ရပ်နေပြီး လူအများကို ဦးညွှတ် အလေးပြုလာစေသည်။

ကိုက်ကျိုထျန်းသည် လက်နှစ်ဖက်ကို ချိပ်စည်းသဏ္ဌာန် ပုံဖော်လိုက်ကာ ကောင်းကင်ဘုံ၏ တေးသီသံက လေထဲတွင် ပြည့်နှက်လာသည်။ များပြားလှသည့် နတ်ဘုရားပုံရိပ်များ ဖြစ်တည်လာပြီး အဆုံးမဲ့ ရွှေရောင်အလင်းတို့က ထိုနေရာတစ်ခုလုံးကို ဖုံးလွှမ်းထားသည်။ မည်သည့်နေရာကိုမှ ရှောင်တိမ်း၍ မရနိုင်အောင် ၎င်းက အရာရာကို ဖုံးလွှမ်းထားခဲ့သည်။

ဘုန်း… ကိုက်ကျိုထျန်းက သူ၏ ရွှေရောင်လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်လျှင် အသံခပ်တိုးတိုး ထွက်ပေါ်လာသည်။ သူသာလျှင် မဟုတ်ဘဲ ဆင်းသက်လာသည့် နတ်ဘုရားများသည်လည်း သူတို့၏ ရွှေရောင်လက်များကို ဆန့်ထုတ်လိုက်ကာ ကောင်းကင်မှ လက်သီးများက ဧကရီယန်ထံသို့ တိုးဝင်သွားခဲ့သည်။

ဘန်း…

ရီဖူရှင်းသည် အလွန် အားကောင်းလှသည့် ဖိအားကို ခံစားမိကာ မြေပြင်ပေါ်မှ သူ့ ခြေထောက်များကို နောက်သို့ ဆုတ်ခွာသွားစေပြီး ခြေရာများ ကျန်ရစ်ခဲ့စေသည်။ သူသာလျှင်မဟုတ်ဘဲ အခြားသော တန်ခိုးရှင်အားလုံးသည် ထိုမျှ ဖိအားအောက်တွင် မတ်မတ်ရပ်နိုင်ရန် ခက်ခဲလာသည်။ သူတို့၏ ခြေထောက်များက ကွေးညွှတ်လာကာ မြေပေါ်သို့ ဒူးထောက်ကျလာကြပေသည်။ လင်ရှောင်းမြို့မှ လူအများတို့က ဖိနှိပ်ခံကြရပေသည်။

ဧကရီယန်က သူမ၏ တောင်ပံများကို ခတ်လိုက်ပြီး လေထဲတွင် များပြားလှသော တောက်ပသည့် တောင်ပံ ပုံရိပ်များစွာ ပေါ်ပေါက်လာသည်။ ၎င်းတို့က ကောင်းကင်ကို ဖြတ်သန်းကာ လာနေသည့် လက်သီးများနှင့် ထိပ်တိုက်တွေ့ဆုံခဲ့သည်။ ဤတိုက်ခိုက်မှုပ ကြောက်မက်ဖွယ် မဟာလမ်းစဥ်မုန်တိုင်းကို ဖန်တီးနိုင်ပေသည်။

ကိုက်ကျိုထျန်းက အောက်သို့ တစ်လှမ်းဆင်းလာခဲ့သည်။ သူ၏ တိုက်ခိုက်မှုတစ်ခုတည်းဖြင့် ဧကရီယန်ကို ရှုံးနိမ့်စေလိမ့်မည် မဟုတ်ပေ။ အရှင်ထိုက်ရွှမ်တွင် တပည့် လေးယောက်သာ ရှိကာ လေးယောက်လုံးက ကျော်ကြားကြသည်။ ဧကရီယန်သည် အငယ်ဆုံးနှင့် အားအနည်းဆုံး ဖြစ်သော်လည်း သူမ၏ အရည်အချင်းနှင့် တိုက်ပွဲစွမ်းရည်က မငြင်းဆန်နိုင်ဖွယ်ပင် ​ဖြစ်သည်။

မဟာလမ်းစဥ်၏ စွမ်းအားက ကောင်းကင်ကို ဖြတ်ကာ မြင့်တက်လှုပ်ရှားလာပြီး ပိုမိုများပြားသည့် ရွှေရောင်နတ်ဘုရားများ ပေါ်ပေါက်လာပြီးနောက် ဧကရီယန်ထံသို့ တိုးဝင်သွားကာ သူမကို အနီးကပ်တိုက်ခိုက်ရန် ကြိုးစားနေသည်။ သူမ၏ တောင်ပံများကို ဖြန့်ထုတ်လိုက်သည့်အချိန်တွင် ထိုတောင်ပံများအား တားဆီးရန် ရွှေရောင်နတ်ဘုရားများကလည်း သူတို့၏ လက်တို့ကို ဆန့်ထုတ်၍ တိုက်ခိုက်ကာ ပေါက်ကွဲသွားစေသည်။

ကိုက်ကျိုထျန်းက ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းလဲကာ ဧကရီယန်၏ အရှေ့သို့ ဆင်းသက်လာသည်။ နတ်ဘုရားပူဆွေးခြင်းကို ဆင့်ခေါ်ဖော်ထုတ်ကာ လက်နှစ်ဖက်လုံးကို ဆန့်ထုတ်လိုက်သည်။ ရွှေရောင်အလင်းတန်းတစ်ခုက ကောင်းကင်ကို ဖြတ်ကာ ဧကရီယန်ကို ထိုးဖောက်ရန် ကြိုးစားလာသည်။

သို့သော်လည်း လူတိုင်းသည် ဧကရီယန်က သူမ၏ ပြိုင်ဘက်ရှေ့သို့ တစ်ဟုန်ထိုး တိုးဝင်လာပြီး ထိုအလင်းတန်းကို ရှောင်တိမ်းရန် မကြိုးစားခဲ့ခြင်းပင် ဖြစ်သည်။ သူမက မဟာလမ်းစဥ် အလင်းများဖြင့် လွှမ်းခြုံထားသော လက်သီးကို ဆန့်ထုတ်လိုက်သည်။ သူမ၏ နူးညံ့လှပသော ခန္ဓာကိုယ်မှ နှိုင်းယှဥ်၍ မရနိုင်အောင် ပြင်းထန်သည့် လေဟာနယ်ကိုပင် ဖျက်ဆီးနိုင်သည့် စွမ်းအားများ ပေါက်ကွဲထွက်လာသည်။

သူတို့အနီးတွင် ရှိနေသည့် ရန်ဟောင်များသည် သူမ၏ တိုက်ခိုက်မှုကို မြင်သော်လည်း အံ့အားသင့်သွားခဲ့ခြင်း မရှိပေ။ သူမက လေဟာနယ်လမ်းစဥ်၊ မုန်တိုင်းနှင့် ဓားပညာကို ကျင့်ကြံခဲ့သည်။ သူမသည် ငယ်ရွယ်စဥ်က အလွန် ရက်စက်ခဲ့သူ ဖြစ်သဖြင့် သူမ၏ တိုက်ခိုက်မှုစွမ်းအားက ပြိုင်ဘက်ကင်းပင် ဖြစ်သည်။ သူမက ရန်ဟောင်အဆင့်သို့ မရောက်ခင်၌ပင် အလွန် ကျော်ကြားနေပြီ ဖြစ်သည်။ သူမက အမျိုးသမီးတစ်ဦး ဖြစ်သော်လည်း သူမ၏ တိုက်ခိုက်မှုများက ရက်စက်လှသည်။ ကိုက်ကျိုထျန်းနှင့် ရင်ဆိုင်ရသည့်အခါ၌ပင် ရှောင်တိမ်းရန်စိတ်မကူးဘဲ ထိပ်တိုက်ရင်ဆိုင်ခဲ့သည်။

သူတို့နှစ်ဦး ရင်ဆိုင်တွေ့သည့်အခါ တောက်ပသော အလင်းများက လေထဲတွင် ပျံ့နှံ့တောက်ပနေသည်။ ရှန့်ထိုအဆင့်၌သာ ရှိသည့်သူများက အတွင်း၌ မည်သည်တို့ ဖြစ်ပျက်နေသည်ကို မမြင်နိုင်ကြပေ။ သူတို့က မိုးခြိမ်းသံတမျှ ကျယ်လောင်သော အသံကိုသာ ကြားကြရသည်။ ​ကြည့်ရသည်မှာ သူတို့က လျင်မြန်စွာ တစ်ယောက်နှင့်တစ်ယောက် ကြိမ်ဖန်များစွာ တိုက်ခိုက်နေခဲ့ကြပုံ ရလေသည်။ တိုက်ခိုက်မှုတစ်ခုစီသည် အောက်မှ ကြည့်ရှုနေသူများ၏ သွေးတို့ကို ဆူပွက်၍ အော်မြည်ကာ ပြင်းထန်စွာ လှုပ်ရှားလာစေသည်။

များပြားလှသော အဆောက်အအုံများက ယိမ်းထိုးကာ လှုပ်ရှားနေပြီးနောက် ပြိုကျလာကြသည်။ မြေပေါ်တွင် ပို၍ များပြားသော အက်ကြောင်းများက ပေါ်ပေါက်လာသည်။ လေထဲမှ တိုက်ပွဲကြောင့် မြေပြင်သည် ငလျင်လှုပ်သကဲ့သို့ စတင် တုန်ခါလာသည်။

ရွှေရောင်နတ်ပြည်ထောင်မှ အခြားရန်ဟောင်များ အားလုံးလည်း တောက်ပသည့် အလင်းများ လွှမ်းခြုံထားလျက် ရှေ့သို့ တက်လာခဲ့သည်။ ကြည့်ရသည်မှာ သူတို့က အချိန်မရွေး ဝင်ပါရန် ပြင်ဆင်နေကြပုံရသည်။ ယခင်က ဧကရီယန်ကြောင့် ဒဏ်ရာရခဲ့သည့် အခြားရန်ဟောင်များသည်လည်း ရှေ့သို့ တက်လာကာ အောက်ဘက်ရှိ ရီဖူရှင်းကို ငုံ့ကြည့်လိုက်ကြသည်။

သူက ကိုက်ရှီကို လက်ခုပ်ထဲမှ ရေကဲ့သို့ ပြုမူကာ ဆိုးဝါးစွာ ဒဏ်ရာရရှိစေခဲ့သည်။

ထပ်ပြောရလျှင် ရီဖူရှင်းက ကိုက်ရှီအား အစွမ်းထက်နည်းစနစ်ဖြစ်သော နတ်ဘုရားပူဆွေးခြင်းကို  သင်ကြားပေးရန် ဖိအားပေးခဲ့သည်။ ဤလူကို အသက်ရှင်ခွင့် ပြုရန် မဖြစ်နိုင်ပေ။

ရီဖူရှင်းသည် သူ့ပေါ်သို့ ကျရောက်လာသည့် ကြောက်မက်ဖွယ်ဖိအားကို ခံစားမိကာ မျက်မှောင်ကြုတ်လိုက်သည်။ သူက ကိုက်ရှီကို တစ်ချက်ကြည့်လိုက်ပြီး ရွှေရောင်နတ်လှံကို ကိုက်ရှီ လည်ပင်း၌ တေ့ကာ ချိန်ရွယ်ထားလိုက်သည်။ အကယ်၍ ရန်ဟောင်က တစ်ခုခု ပြုလုပ်လာပါက သူသည်လည်း  ယဥ်ကျေးနေလိမ့်မည် မဟုတ်ပေ။

“မင်း လိုချင်တာလည်း ရပြီးပြီပဲ။ ဘာလို့ သူ့ကို လွှတ်မပေးသေးတာလဲ” ရန်ဟောင်တစ်ပါးက ပြောလိုက်သည်။ ရီဖူရှင်း၏ အမူအရာက အေးစက်နေခဲ့သည်။ ဤကိစ္စက ပြီးဆုံးသွားခြင်း မရှိသေးပေ။ အကယ်၍ သူက ဤလူကို ယခု လွှတ်ပေးလိုက်ပါက သူ့အတွက် ကျိန်းသေ ပျက်စီးခြင်းကို ယူဆောင်လာပေလိမ့်မည်။

ရန်ဟောင်က ရှေ့သို့ ဆက်လက်တိုးလာခဲ့ပြီး ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်းအလင်းတန်းက သူ့မျက်လုံးများမှ ထိုးထွက်လာသည်။ ရီဖူရှင်းသည် ၎င်းက သူ့ စိတ်ကို သက်ရောက်ကာ သူ၏ နတ်ဝိညာဥ်ကို တုန်ခါလာစေသည်အား ခံစားမိပေသည်။ သူက လှံပေါ်တွင် ဖိအားပေးလိုက်ပြီး ကိုက်ရှီ၏ လည်မျိုကို အနည်းငယ် ထိုးဖောက်သွားစေသည်။ လှံထိပ်၌ သွေးစက်တို့ စွန်းထင်းသွားသည်။

ဘုန်း… ဘုန်း… ဘုန်း…

ရွှေရောင်ကျောက်တိုင်များက ကောင်းကင်မှ တစ်ဖန်ကျဆင်းလာကာ နေရာတစ်ခုလုံးကို ပိတ်ဆို့ထားပြီး ရီဖူရှင်းအား ၎င်းတို့နှင့် ချုပ်နှောင်ထားရန် ကြိုးစားလာသည်။ ရန်ဟောင်က ရှေ့သို့ ဆက်လက်တိုးလာနေပြီး သူ့ကို ကြောက်မက်ဖွယ် ရွှေရောင်အလင်းတို့က လွှမ်းခြုံနေခဲ့သည်။ ရီဖူရှင်းက သူ့ကိုယ်သူ အသေခံ၍ ကိုက်ရှီကို မသတ်ရဲသည်အား သူ သိပေသည်။

သူက ကိုက်ရှီကို သတ်လိုက်ပါက သူ့ကိုယ်သူ ကာကွယ်နိုင်လိမ့်တော့မည် မဟုတ်ပေ။

ထိုအချိန်၌ သူတို့သည် အဝေးမှ ဖီးနစ်များ၏ အော်မြည်သံကို ကြားလိုက်ရပြီး ကောင်းကင်နှင့်မြေကြီးက တုန်ခါသွားခဲ့သည်။ အောက်ဘက်တွင် စောင့်ကြည့်နေသော ဖီးနစ်လေး၏ မျက်နှာထက်တွင် အံ့အားသင့်သည့် အရိပ်အယောင်တို့ ပေါ်ထွက်လာသည်။ သူမက ဖီးနစ်အော်မြည်သံတို့ ထွက်ပေါ်လာရာသို့ ကြည့်ကာ တီးတိုးရေရွတ်လိုက်သည်။ “အဖေနဲ့ အမေ”

သူမ ထိုသို့ ရေရွတ်ပြီးနောက်၌ ကောင်းကင်တွင် တောက်ပသည့် နတ်အလင်းများ ထွက်ပေါ်လာ​ကာ နတ်ဖီးနစ်နှစ်ကောင် ပေါ်ပေါက်လာပြီး တိုက်ပွဲကွင်းပြင်သို့ တစ်ဟုန်ထိုး တိုးဝင်လာသည်။ သူတို့က ကိုက်ကျိုထျန်းနှင့် ဧကရီယန်ကို ဝန်းရံလိုက်ကာ ထိုနေရာသို့ ရန်ဟောင်များ ချဥ်းကပ်လာခြင်းမှ စောင့်ကြပ်တားဆီးလိုက်သည်။

ထိုအချိန်တွင် သူရဲကောင်းနှင့်တူသည့် သက်လတ်ပိုင်းလူကြီးတစ်ဦး ပေါ်ပေါက်လာကာ ရီဖူရှင်း၏ ခေါင်းထက် လေထဲတွင် ရပ်တန့်လိုက်သည်။ သူက ထိုနေရာ၌ရပ်ကာ သူ့အကြည့်များကို ရီဖူရှင်းထံ ချဥ်းကပ်လာနေသည့် ရန်ဟောင်ထံသို့ ကြည့်လိုက်သည်။ သူ၏ မျက်နှာထက်တွင် အေးစက်သည့် အမူအရာတို့ ရှိနေ၏။

“တေးသံသာအင်ပါယာ” ထိုရန်ဟောင်၏ အမူအရာက ပြောင်းလဲသွားသည်။ တောက်ပသည့် အလင်းများ ထွက်ပေါ်လာပြီး နတ်ကု့ချင်းတစ်လက် ပေါ်ပေါက်လာသည်။ မမြင်ရသည့် စွမ်းအားလှိုင်းက လွှမ်းခြုံသွားကာ ချက်ချင်းပင် မရေတွက်နိုင်သည့် ကု့ချင်းကြိုးများက သူတို့အနီးတွင် ပေါ်ပေါက်လာ၏။

တေးသံသာအင်ပါယာ သည် သူ၏ ဖြူဖျော့သော လက်ချောင်းများကို ဆန့်ထုတ်လိုက်သည်။ သူက လေထဲမှ ကြိုးများကို တီးခတ်လိုက်လျှင် လောက မဟာလမ်းစဥ် ကြိုးများက တုန်ခါလာသည်။ အဆုံးမဲ့ အလင်းတန်းများ ထွက်ပေါ်လာပြီး အရာအားလုံးကို ရိုက်ခတ်လိုက်၏။

ထိုရန်ဟောင်ထံမှ ညည်းညူသံ ထွက်ပေါ်လာသည်။  သူသည် အလင်းတန်းများ တစ်ခုပြီးတစ်ခုဖြင့် ထိုးဖောက်ခံရကာ သူ၏ နတ်ဝိညာဥ်က ပြင်းထန်စွာ တုန်ခါလာပြီး သူ့မျက်နှာက မည်းမှောင်လာသည်။

တေးသံသာအင်ပါယာ က ကြိုးများကို ဆက်လက် တီးခတ်နေခဲ့သည်။ အဆုံးမဲ့ မဟာလမ်းစဥ် တေးသွားက လေထဲတွင် ပျံ့နှံ့စွးဆင်းနေပြီး အလင်းတန်းများစွာက လင်းလက်လာကာ ထိုရန်ဟောင်၏ ခုခံကာကွယ်မှုကို လျစ်လျူရှုကာ တိုးဝင်သွားခဲ့သည်။

ထိုရန်ဟောင်၏ မျက်နှာက ဖြူဖျော့ကာ ပြန်ဆုတ်ခွာရန် ကြိုးစားလိုက်သည်။ သူ၏ နတ်စွမ်းအားက ဤအခိုက်အတန့်၌ အသုံးမဝင်တော့သကဲ့သို့ ဖြစ်ကာ တေးသွားများက သူ၏ နတ်ဝိညာဥ်ကို အဆက်မပြတ် တိုက်ခိုက်လာသည်။ သူက တစ်ဖန်ထပ်၍ ညည်းတွားလိုက်ရကာ ပါးစပ်အပြည့် သွေးတို့ အန်ထုတ်လိုက်သည်။

လူတိုင်းသည် ဤမြင်ကွင်းကို ကြည့်ကာ တုန်ယင်နေကြ၏။ ဤသည်မှာ အရှင်ထိုက်ရွှမ်၏ တတိယတပည့် တေးသံသာအင်ပါယာ ဖြစ်သည်။ သူ၏ အဆင့်က ဧကရီယန်ထက် မြင့်မားသည့်အတွက် သူ့ပြိုင်ဘက်က သူ၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။

“သူက မဟာလမ်းစဥ်ကို ကြိုးအဖြစ်သုံးနေတာပဲ” လူတိုင်းက တုန်လှုပ်နေခဲ့သည်။ ထိုသည်မှာ ရန်ဟောင်အဆင့် ဂီတပညာရှင်၏ စွမ်းအားပင် ဖြစ်သည်။ သူသည် မဟာလမ်းစဥ် စက်ဝန်းကို ကြိုးစက်ဝန်းအဖြစ် ဖန်တီးခဲ့ပြီး သူသည် လောကအတွင်း မဟာလမ်းစဥ်စွမ်းအားများကို သူ၏ ကု့ချင်းကြိုးအဖြစ် အသုံးပြုနိုင်ပေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset