Switch Mode

အပိုင်း(၁၅၆၄)

ရန်ဟောင်များ ရောက်ရှိလာခြင်း

ကိုက်ရှီသည် သူနှင့် သူ့ကို ​ကြည့်နေသည့် သူက အလွန် တူသည်ဟု ထင်မြင်မိပေသည်။ သူက သူ့ကိုယ်သူ ထိုက်ရွှမ်တောင်၏ သာမန်ဂီတပညာရှင်ဟု ဆိုသော်လည်း သူ ဒေါသထွက်လာသည့်အခါ မည်သည့်အကျိုးဆက်ကိုမှ ဂရုစိုက်လိမ့်မည် မဟုတ်ပေ။

ထိုအချိန်တွင် သူ၏ သွေးများ​က ပျစ်စေးသွားကာ ရွှေရောင်သွေးများ သူ့ခန္ဓာကိုယ်အတွင်းမှ စီးထွက်သွားနေခြင်းမှ ရပ်တန့်သွားခဲ့သည်။ သူ၏ အသက်ဓာတ် အရှိန်အဝါက သူ့ထံမှ စတင်လွင့်ပါးလာသည်။ သူ့နှလုံးသားကို လှံဖြင့် ထိုးဖောက်ရုံမျှနှင့် သူ့ကို သတ်ဖြတ်ရန် ခက်ခဲသော်လည်း ရီဖူရှင်းက သူ့ကို ပြန်လည်သက်သာလာစေရန် အခွင့်အရေးမပေးဘဲ ထိုသို့ ဆက်တိုက် ဖိအားပေးနေပါက သူ၏ အသက်ဓာတ်တို့ ကုန်ခမ်းလာပြီး သေရပေလိမ့်မည်။

“မင်း ဘာလိုချင်တာလဲ” သူက မေးလိုက်သည်။ သူက ရီဖူရှင်း သူ့အား သတ်ဖြတ်လိုခြင်း မရှိသလို လွှတ်ပေးလိုခြင်းလည်း မရှိသည်အား သတိပြုမိလိုက်သည်။

ထို့ကြောင့် သူက တစ်ခုခု လိုချင်နေခြင်း ဖြစ်ရပေမည်။

ရီဖူရှင်းက ကိုက်ရှီကို ​အေးစက်သည့် အမူအရာနှင့် ကြည့်လိုက်သည်။ “နတ်ဘုရားပူဆွေးခြင်း ကျင့်စဥ်” သူက ပြောလိုက်၏။

သူက ကိုက်ရှီ၏ အသက်ကို ရယူခြင်းထက် သူ၏ စွမ်းအား တိုးတက်လာရန်ကိုသာ အရေးထားပေသည်။ သူနှင့် ကိုက်ရှီ၏ တိုက်ပွဲတွင် ဤသည်ကသာ သူ့ကို ထိတ်လန့် အံ့အားသင့်စေသည့် တစ်ခုတည်းသော အရာဖြစ်ပေသည်။ နတ်ဘုရားတစ်ပါးက မြေပေါ်သို့ ဆင်းသက်လာပြီးနောက် သက်ပြင်းတစ်ချက်ချလိုက်ရုံနှင့် တိုက်ပွဲစွမ်းရည်ကို တိုးမြင့်စေနိုင်ပေသည်။ ၎င်းသည် ကိုက်ရှီ၏ ဖြုံလောက်သော တိုက်ပွဲစွမ်းရည်ကို နောက်တစ်ဆင့်ထိ တိုးမြှင့်ပေးနိုင်ကာ အကန့်အသတ်ထိ တွန်းအားပေးနိုင်ပေသည်။

သူ၏ တိုက်ပွဲစွမ်းရည်က အလွန် အားကောင်းနေပြီးဖြစ်သော်လည်း ပိုမို သန်မာလာမည်ကို မည်သူက မလိုချင်ဘဲ နေပါမည်နည်း။ အကယ်၍ သူက နတ်ဘုရားပူဆွေးခြင်းကိုသာ ကျင့်ကြံနိုင်ပါက သူ၏ တိုက်ခိုက်မှုစွမ်းအားက မည်မျှ အားကောင်းလာလိမ့်မည်နည်း။

လူအများသည် ကိုက်ရှီက ပြိုင်ဘက်ကင်း ပါရမီရှိပြီး ရွှေရောင်နတ်ပြည်ထောင်၏ အနာဂတ်ဆက်ခံသူဟု ပြောခဲ့သော်လည်း သူက ရှုံးနိမ့်ခဲ့သည့်အတွက် အသက်ရှင်ခွင့် ပြုလိုက်လျှင်ပင် သူက မည်သည်ကို လုပ်ဆောင်နိုင်မည်နည်း။ သူက တစ်ကြိမ်ရှုံးနိမ့်ခဲ့ပြီး အမြဲတစေ ထိုသို့သာ ဖြစ်နေပေလိမ့်မည်။

“အသက်အတွက် ကျင့်စဥ်လား” ကိုက်ရှီက ရီဖူရှင်းကို စူးစိုက်ကြည့်လိုက်သည်။ “မင်းအတွက်တော့ ငါ့ကို သတ်ဖို့ ခြိမ်းခြောက်တာကတောင် အတော်လွန်နေပြီ။ ဒါပေမယ့် ရွှေရောင်နတ်ပြည်ထောင်ရဲ့ ကျင့်စဥ်ကို မင်းရရင်ရော ကိုင်တွယ်နိုင်မယ်ဆိုတာ သေချာရဲ့လား”

နတ်ဘုရားပူဆွေးခြင်းသည် ရွှေရောင်နတ်ပြည်ထောင်၏ အစွမ်းထက်ဆုံးနည်းစနစ်တစ်ခု ဖြစ်ပြီး တော်ဝင်မိသားစုများသာလျှင် ကျင့်ကြံရန် အခွင့်ရှိပေသည်။ အချို့သော ရန်ဟောင်အဆင့် ပုဂ္ဂိုလ်များသည် ဤကျင်စြဥ်ကို ဘယ်သောအခါမှ ကျင့်ကြံရန် အခွင့်အရေး မရှိခဲ့ပေ။ ထိပ်သီးအင်အားစုများ အကြားတွင် ထိုကဲ့သို့သော အစွမ်းထက် နည်းစနစ်မျိုးမှာ အပြင်လောကသို့ ပျံ့နှံ့ရန် ခွင့်မပြုခဲ့ပေ။ အကယ်၍ တစ်စုံတစ်ယောက်က ခိုးယူခဲ့ပါလျှင် အသတ်ခံရပေလိမ့်မည်။

ရီဖူရှင်းက ထိုနည်းစနစ်ကို သင်ယူခဲ့ပါလျှင် သူလည်း အန္တရာယ်ကင်းလိမ့်မည်ဟု ထင်နေပါသည်လား။

“မင်းပြောသလိုပဲ။ အသက်တစ်ချောင်းအတွက် ကျင့်စဥ်တစ်ခု။ ဒါက အရမ်း မျှတပါတယ်” ရီဖူရှင်းက ပြောလိုက်သည်။

ကိုက်ရှီက သူ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်။ “ကောင်းပြီ။ ဒါဆို မင်းဆီ ပေးလိုက်ပြီ”

“ကျုပ်မှာတော့ ရွှေရောင်နတ်ပြည်ထောင်ရဲ့ မင်းသားက သူတို့ တိုင်းပြည်ရဲ့ အစွမ်းထက်ကျင့်စဥ်ကို ကာကွယ်ဖို့ နည်းနည်းဖြစ်ဖြစ် ကြိုးစားလိမ့်မယ်လို့ ထင်နေခဲ့တာ။ ကြည့်ရတာ မင်းက ကျုပ်တွေးထားခဲ့တာထက် သေရမှာ ကြောက်တာပဲ။” ရီဖူရှင်းက လှောင်ပြောင်သရော်လိုက်သည်။ သူက အခြားလူများကို သတ်လိုက်၍ ဖြစ်လာမည့် အကျိုးဆက်ကို ဂရုစိုက်ခြင်း မရှိသော်လည်း ကိုယ်တိုင်သေရမည်ကိုတော့ ကြောက်ရွံ့နေခဲ့သည်။

သူက အခြားလူများအပေါ်တွင် ရက်စက်သော်လည်း သူ့ကိုယ်သူတော့ သိတတ်လှ၏။

ကိုက်ရှီ၏ နဖူးဆီမှ ရွှေရောင်အလင်းတန်းများ ထွက်လာခဲ့သည်။ ထိုသည်မှာ သူ၏ နတ်ဝိညာဥ်စွမ်းအား ဖြစ်၏။ ရီဖူရှင်းက ထိုအလင်းတို့ကို မတားဆီးဘဲ သူ့ခန္ဓာအတွင်း ဝင်ရောက်ရန် ခွင့်ပြုထားလိုက်သည်။ သူ့အသက်က အချိန်မရွေး အဆုံးသတ်ဖြစ်သွားနိုင်သည့် အခြေအနေမျိုး၌ ကိုက်ရှီက မည်သည့် လှည့်စားမှုမှ ပြုလုပ်လိမ့်မည် မဟုတ်ပေ။

နတ်ဝိညာဥ်၏ အလင်းတန်းများက သူ၏ စိတ်အတွင်း ဝင်ရောက်လာသည့်အခါ မှတ်ဥာဏ်များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ရီဖူရှင်းသည် ကိုက်ရှီကို ချက်ချင်း မလွှတ်ပေးသေးဘဲ ၎င်းကို ဆန်းစစ်ကြည့်ရန် အချိန်အနည်းငယ် အသုံးပြုခဲ့သည်။ သူက နတ်ဘုရားတစ်ပါး မြေပေါ်သို့ ဆင်းသက်လာခြင်းကို မှန်းဆပုံဖော်နိုင်သည်။ သူက ထိုသည်မှာ စွမ်းအားနိယာမ အစစ်အမှန်ဖြစ်ကြောင်း သိရှိပေသည်။

ကိုက်ရှီက သူ၏ အသက်ကို အန္တရာယ်တောထဲ မထားချင်ခဲ့ပေ။ အဆုံးမှာတော့ လှံရှည်က သူ၏ နှလုံးသားအတွင်း၌ ရှိနေဆဲပင် မဟုတ်ပါလား။

ဖြစ်ပျက်နေသည်များကို စောင့်ကြည့်နေသူတို့သည် အလွန် တုန်လှုပ်နေကြ၏။ ရီဖူရှင်းက ရွှေရောင်နတ်ပြည်ထောင်၏ အစွမ်းထက်ဆုံး ကျင့်စဥ်ဖြစ်သည့် နတ်ဘုရားပူဆွေးခြင်းကို ခိုးယူခဲ့သည်။

ဤလူက အလွန် ရက်စက်လှသည်။

သူက အမှန်တကယ်ပင် ထိုသို့ လုပ်ဆောင်ရဲသည်ဟု ဝမ်ရှိုးရီက တွေးလိုက်မိသည်။ စတုတ္ထသခင်မလေးက ဝင်စွက်ဖက်၍ ရီဖူရှင်းအား စိတ်တိုင်းကျ လုပ်နိုင်ဟု ခွင့်ပြုပေးခဲ့လျှင်ပင် ရွှေရောင်နတ်ပြည်ထောင်မှ ဆက်ခံသူအား လုပ်ခဲ့သည်များနှင့် ပတ်သတ်ကာ မျက်နှာထောက်ထားရန် လိုနေသေးပေသည်။ ထိုသို့ လုပ်လိုက်သည်က ရီဖူရှင်းသည် ရွှေရောင်နတ်ပြည်ထောင်ကို လုံးလုံးလျားလျား ဆန့်ကျင်ခဲ့ခြင်းပင် ဖြစ်၏။

သို့သော် သူက ရီဖူရှင်း မည်သည့်အတွက် ထိုသို့ လုပ်ဆောင်ခဲ့သည်ကို နားလည်နိုင်ပေသည်။ ကိုက်ရှီက သူ့အသက်ကို ယူရန် ကြိမ်ဖန်များစွာ ကြိုးစားခဲ့သည့်အတွက် သူက မည်သို့ လွယ်ကူစွာ လက်လွှတ်ပေး၍ အဆုံးသတ်

နိုင်ပါမည်နည်း။ သူတို့ကြားမှ ရန်ငြိုးက ရှိနှင့်နေပြီး ဖြစ်လေသည်။

ထို့ကြောင့် ရီဖူရှင်းက သူ့အတွက် အလွန် အကျိုးရှိစေသည့် အင်အားစုကြီးတစ်ခု၏ အစွမ်းထက်ကျင့်စဥ် ဖြစ်သည့်နတ်ဘုရားပူဆွေးခြင်းကို ယူဆောင်ခြင်း ဖြစ်သည်။

ကြောက်မက်ဖွယ် မဟာလမ်းစဥ် မုန်တိုင်းတစ်ခုက လေထဲတွင် ဆက်လက်၍ အော်မြည်နေသည်။ ရီဖူရှင်းက ပြန်လှည့်ကာ အလင်းများတောက်ပနေသည့် ကောင်းကင်တွင် ရန်ဟောင်လေးဦး တိုက်ခိုက်နေရာသို့ မော့ကြည့်လိုက်သည်။

ဧကရီယန်က ရန်ဟောင်သုံးဦးကို သူမတစ်ယောက်တည်း ရင်ဆိုင်နေခဲ့သည်။ သူမကို နတ်အလင်းများနှင့် လွှမ်းခြုံထားသည်က သူမအား နတ်ဘုရားမတစ်ပါးကဲ့သို့ အသွင် ဖြစ်ပေါ်နေစေသည်။ သူမက ခမ်းနားထည်ဝါကာ အစွမ်းထက်လှပြီး သူမ၏ မဟာလမ်းစဥ် စက်ဝန်းက နတ်တောင်ပံများအဖြစ် ဖွဲ့စည်းထားသည်ဟု ထင်မှတ်ရသည်။ ၎င်းသည် သူမ၏ သက်စောင့်ဝိညာဥ်မှ ပြောင်းလဲဖြစ်ပေါ်လာခြင်း ဖြစ်သည်။ သူမ၏ တောင်ပံများက ကောင်းကင်ကို ဖုံးလွှမ်းသွားကာ သူမတိုက်ခိုက်လိုက်တိုင်း ၎င်းတို့က လေထုကို အဆက်မပြတ် ဖြတ်သန်းသွားခဲ့သည်။ သူမသည်လည်း အရှင်ထိုက်ရွှမ်ထံမှ ဓားပညာကို သင်ယူခဲ့ပြီး သူမ၏ တောင်ပံများကို ဓားအဖြစ် အသုံးချနိုင်ပေသည်။

ရွှေရောင်နတ်ပြည်ထောင်မှ ရန်ဟောင်နှစ်ယောက်က ဒဏ်ရာများ ရရှိခဲ့ပြီး ဖြစ်သည်။ ယခင်က ရီဖူရှင်းကို တိုက်ခိုက်ခဲ့သည့် ရန်ဟောင်အနီးတွင် ရှေးဟောင်းနတ်ဘုရားများစွာ ပေါ်ပေါက်လာသည်။ မရေတွက်နိုင်သည့် ရွှေရောင်ကျောက်တိုင်များက ကောင်းကင်မှ ကျဆင်းလာသော်လည်း ဤတစ်ကြိမ်၌ သူက ၎င်းတို့အား တိုက်ခိုက်ရန် အသုံးမပြုခဲ့ဘဲ ခုခံကာကွယ်နိုင်ရန်သာ သုံးခဲ့သည်။ ဤကျောက်တိုင်ကြီးများက သူ့အနီးတွင် ဝန်းရံနေကာ ရွှေရောင်နတ်တံခါးများ အဖြစ် ဖြစ်တည်လာပြီး သူ့ထံလာနေသည့် တိုက်ခိုက်မှုစွမ်းအားများကို ပိတ်ဆို့တားဆီးထားခဲ့သည်။

မရေတွက်နိုင်သည့် နတ်တောင်ပံတို့က ကောင်းကင်မှ ကျဆင်းလာပြီး အမွေးအတောင်တိုင်းတွင် နှိုင်းယှဥ်မရအောင် ထက်ရှသည့် စွမ်းအားတို့ ပါဝင်နေသည်။ ၎င်းတို့က ရွှေရောင်နတ်တံခါးများထံ ကျရောက်လာသည့်အခါ နားကွဲလုမတတ် အသံတစ်ခု ထွက်ပေါ်လာပြီး အောက်မှ စောင့်ကြည့်နေသူတို့သည် ထိုစွမ်းအားရိုက်ခတ်မှုကို ခံနိုင်ရန် ခက်ခဲလာသည်။

ရွှေရောင်နတ်တံခါးများ၌ အက်ကြောင်းများ ပေါ်ပေါက်လာ၏။ တောင်ပံများက ၎င်းတို့ပေါ်မှ ပိုင်းဖြတ်သွားခဲ့သည်။

တံခါးများအတွင်းမှ ရန်ဟောင်သည် အံ့အားသင့်စွာ ကြည့်နေခဲ့သည်။ သူ၏ မဟာလမ်းစဥ် နတ်စက်ဝန်းအတွင်းမှ စွမ်းအားများ ပေါင်းစည်းလာပြီး အဆုံးမဲ့  အလင်းတန်းတို့က သူ့ကို ဖုံးလွှမ်းသွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်က ရွှေရောင်များဖြင့် လွှမ်းခြုံသွားခဲ့သည်။ သူ၏ မဟာလမ်းစဥ် စက်ဝန်းက လှုပ်ရှားလာကာ နှိုင်းယှဥ်၍မရအောင် တောက်ပသည့် ရွှေရောင် သံကွင်းဆက်ကြိုးများ ဖြစ်ပေါ်လာသည်။ ၎င်းတို့သည် ရုတ်ချည်းပင် လေထုကို ဖြတ်ကာ ပြေးထွက်သွားပြီးနောက် နတ်တောင်ပံများကို ထိပ်တိုက်တွေ့ကာ တားဆီးရန် ကြိုးစားလိုက်သည်။

သို့သော် ထိုအချိန်တွင် အောက်ဘက်ရှိ လူများသည် ဧကရီယန်ကို ဖော်ပြ၍ပင် မစွမ်းသာအောင် တောက်ပလှသည့် အလင်းများက ဖုံးလွှမ်းထားလေသည်။ ပိုမိုများပြားသည့် နတ်တောင်ပံတို့က သူမထံမှ ပေါက်ကွဲထွက်လာသည်။ သူမသည် မဟာလမ်းစဥ်အလင်းတို့ဖြင့် လွှမ်းခြုံထားရင်း ရှေ့သို့ လျှောက်လာခဲ့သည်။ လူတိုင်းသည် ကောင်းကင်ကို ဖြတ်သန်းလာသည့် အလင်းတန်းများကိုသာ မြင်တွေ့နိုင်လေသည်။ သူတို့သည် သူမ ​မည်မျှ မြန်မြန် လှုပ်ရှားလာသည်ကိုပင် မပြောနိုင်ခဲ့ပေ။

ခဏချင်းအတွင်းပင် သူတို့သည် ပြင်းထန်သည့် အလင်းများ ပေါက်ကွဲထွက်လာပြီး မဟာလမ်းစဥ်အလင်းများက ကောင်းကင်မှ ကျဆင်းလာသည်ကို မြင်တွေ့ရကာ လူတိုင်း၏ မျက်လုံးများက နာကျင်သွားရသည်။ ရှန့်ထိုအဆင့် တန်ခိုးရှင်များသည်ပင် သူတို့၏ မျက်လုံးများကို မှိတ်ကာ နတ်ဝိညာဥ်များဖြင့် ခံစားကြည့်နေကြသည်။ သို့သော် သူတို့၏ နတ်ဝိညာဥ်များသည်ပင် မည်မျှ အစွမ်းထက်သည်ကို ခံစားမိပေသည်။

တိုက်ခိုက်နေသည်က အဝေးတစ်နေရာ ကောင်းကင်အမြင့်တွင် ဖြစ်သော်လည်း သူတို့၏ ခန္ဓာကိုယ်များက တုန်ယင်နေဆဲ ဖြစ်သည်။ လင်ရှောင်းမြို့အတွင်း များပြားလှသည့် အဆောက်အအုံများက ကွဲအက်ကာ ပြိုကျလာသည်။ မြေပြင်ပေါ်၌မှာပင် အက်ကြောင်းများ ပေါ်ပေါက်လာ၏။ သူတို့သည် ထိုမျှ ပြင်းထန်သည့် စွမ်းအားမျိုးကို တောင့်ခံနိုင်စွမ်း မရှိကြပေ။

သူတို့၏ ဝေဝါးနေသော အမြင်အာရုံများကြားမှ ဧကရီယန်သည် သူမ၏ ပြိုင်ဘက်များထံ တစ်ဟုန်ထိုး ပြေးဝင်သွားသည်အား မြင်လိုက်ကြရသည်။ သူမက အလင်းများဖြင့် လွှမ်းခြုံနေသည့် သူမ၏ သေးသွယ်သော လက်များကို ရှေ့သို့ ရိုက်ထုတ်လိုက်သည်။ အလွန်အားကောင်းသော ဖျက်ဆီးခြင်းစွမ်းအားများက ၎င်းတို့ထံမှ ထွက်ပေါ်လာပြီး သံကွင်းဆက်ကြိုးများကို ဖျက်ဆီးပစ်လိုက်သည်။  တောက်ပသည့် ရွှေရောင်သံကြိုးများက တစစီ ပျက်စီးသွားခဲ့သည်။ တိုက်ခိုက်မှုက သူမ၏ ပြိုင်ဘက်ကို ထိခတ်သွားသည့်အခါ ရန်ဟောင်၏ မဟာလမ်းစဥ် စက်ဝန်း၌မှာပင် အက်ကြောင်းများ ​ဖြစ်ပေါ်လာစေပြီး သူ၏ ခန္ဓာကိုယ်ကို ပြင်းထန်စွာ ထိခိုက်၍ နောက်သို့ လွင့်စင်သွားစေသည်။

“အဟွတ်”

ရွှေရောင်သွေးများ ပါးစပ်အပြည့် အန်ထွက်လာသည်။ ရန်ဟောင်၏ သွေးများမှာ မဟာလမ်းစဥ်သွေးများ ဖြစ်ပြီး သွေးစက်တိုင်းတွင် မဟာလမ်းစဥ် စွမ်းအားတို့ ပါဝင်နေသည်။ အမြင့်ဆုံးအဆင့်ထိ ကျင့်ကြံထားနိုင်သူများသည်ပင် ထိုသွေးအတွင်းမှ စွမ်းအားများကို ခံစားမိပေသည်။ သို့သော် ၎င်းကို မြင်တွေ့ရရန်မှာ ရှားပါးလှသည်။ ရန်ဟောင်များ၏ တိုက်ပွဲက ရှားပါးလှပြီး သူတို့ထဲမှ တစ်ယောက်ယောက် ဒဏ်ရာရရန်မှာ ပို၍ ဖြစ်ခဲလှသည်။

သို့သော် ထိုအဆင့် တိုက်ပွဲသည် ယနေ့ လင်ရှောင်းမြို့၌ ဖြစ်ပွားခဲ့လေသည်။

“ဒီနေ့ ဒီမှာ ရှိနေတဲ့လူတွေထဲက ထိုက်ရွှမ်တောင်တပည့်ကို တိုက်ခိုက်ချင်တဲ့လူများ ရှိနေသေးလား” ထိုက်ရွှမ်အိမ်တော်သခင်က လူတိုင်းကို ဝေ့ဝဲကြည့်ကာ မေးလိုက်သည်။ သူမက ရှီလင်နတ်မြို့တော်မှ ရန်ဟောင်များကိုလည်း ငုံ့ကြည့်လိုက်သည်။

ရှီလင်နတ်မြို့တော်မှ နတ်ဆိုးအိုကြီးလော့က သူမ၏ ဆရာ အဆင့်တက်ခြင်းကို တားဆီးနိုင်ရန် သူကိုယ်တိုင် လာရောက်တိုက်ခိုက်ခဲ့ဖူးသည်။ သို့သော် သူက ရှုံးနိမ့်ကာ ဒဏ်ရာရရှိခဲ့ပြီး ဆုတ်ခွာရန် ဖိအားပေးခံရသော်လည်း သူမ၏ ဆရာက နောက်တစ်ဆင့်သို့ ချိုးဖျက်ဝင်ရောက် သွားနိုင်ခဲ့သည်။ ထို့ကြောင့်ပင် အထက်ကောင်းကင်ဘုံ၌ ထိုက်ရွှမ်တောင်၏ အဆင့်အတန်းက ပြောင်းလဲသွားခဲ့သည်။

ထိပ်သီးအဆင့် ပုဂ္ဂိုလ်တစ်ဦးအတွက် နောက်တစ်ဆင့်သို့ ချိုးဖျက်ဝင်ရောက်ရန်မှာ ရှားပါးလှသည်။

သို့သော် ထိုရှုံးနိမ့်မှုအပြီး၌ ရှီလင်နတ်မြို့တော်က လက်လျှော့ခြင်း မရှိသေးဘဲ ရန်ဟောင်အဆင့်များ ထပ်မံပို့လွှတ်မည်ဟု မည်သူက ထင်မှတ်ပါမည်နည်း။

သူမ၏ ဆရာက သူမအား ဤနေရာသို့ လိုက်သွားရန် မပြောခဲ့ပါလျှင် အကျိုးဆက်က ကြောက်မက်ဖွယ် ဖြစ်လာပေလိမ့်မည်။ ရီဖူရှင်းသည် ဤလူများ၏ နင်းချေဖျက်ဆီးခြင်းကို ခံရပေလိမ့်မည်။

ဝှစ်…

သူမက တောင်ပံများကို တဖျတ်ဖျတ် ခတ်ပြီး မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာစေသည်။ သူမ၏ တောင်ပံများမှ အလင်းက အကွာအဝေးကို လျစ်လျုရှုကာ ရှီလင်နတ်မြို့တော်၏ ရန်ဟောင်များထံ တိုးဝင်သွားသည်။

သို့သော် ထိုအချိန်၌ ထိုက်ရွှမ်အိမ်တော်သခင်က မျက်မှောင်ကြုတ်လိုက်ပြီး တစ်နေရာသို့ ကြည့်လိုက်သည်။ ထိုနေရာ၌ ရွှေရောင်နတ်အလင်းတို့ ကျဆင်းလာသည်အား သူမ မြင်တွေ့လိုက်ရသည်။ ကြည့်ရသည်မှု ရွှေရောင်လမ်းနှစ်ခု ဖြစ်ပေါ်လာသည်ဟု ထင်မှတ်ရကာ ၎င်း၏ အပေါ်မှ ပုံရိပ်နှစ်ခု ဆင်းသက်လာခဲ့သည်။

ထိုပုံရိပ်နှစ်ခုသည် ရွှေသားဖြင့် ပြုလုပ်ထားသကဲ့သို့ ရွှေရောင်တောက်ပနေခဲ့သည်။ သူတို့က ရန်ဟောင်အဆင့်၌ ရှိနေကာ ရှေ့မှ တစ်ယောက်က ပို၍ အစွမ်းထက်သော အရှိန်အဝါရှိပြီး ထက်ရှသည့် မျက်လုံးများသည် အရာအားလုံးကို ထွင်းဖောက်နိုင်သကဲ့သို့ ထင်မှတ်ရ၏။

“ရွှေရောင်နတ်ပြည်ထောင်”

“သူက ကိုက်ရှီရဲ့ အစ်ကို ရွှေရောင်နတ်ပြည်ထောင်က မင်းသားပဲ” လူတိုင်း၏ နှလုံးသားများက တုန်လှုပ်သွားကြသည်။

ထို့နောက် ပိုမို အစွမ်းထက်သည့် အရှိန်အဝါတို့က သူတို့ထံ ကျဆင်းလာခဲ့ပြီး ရန်ဟောင်အများအပြား ရောက်ရှိလာသည်။ သို့သော် သူတို့သည် ရွှေရောင်နတ်ပြည်ထောင်မှ မဟုတ်ဘဲ အခြားအင်အားစုမှ လာခြင်း ဖြစ်ပေသည်။

“လီနတ်ဓားမိသားစုက ရန်ဟောင်တွေ” ရန်ဟောင်များသည် ကောင်းကင်အမြင့်တစ်နေရာ၌ ရပ်နေကာ အချိန်မရွေးတိုက်ခိုက်ရန် အသင့်ဖြစ်နေသည်။ လူတိုင်းက သူတို့ထံမှ ထွက်ပေါ်လာနေသည့် ဓားစွမ်းအားများကို ခံစားမိသည်။ သူတို့၏ ဓားများက ရပ်တန့်လိမ့်မည် မဟုတ်ဟု ထင်မှတ်ရသည်။

“ဘာတွေ ဖြစ်နေတာလဲ” လူတိုင်းသည် ပြင်းထန်စွာ တုန်လှုပ်နေကြ၏။ အမျိုးမျိုးသော အင်အားစုများကြားတွင် ရန်ဟောင်များစွာ ရှိသော်လည်း ထိပ်သီးအင်အားစုများသာလျှင် ကန့်သတ်ထားပေသည်။ အထက်ကောင်းကင်ဘုံတွင် မရေတွက်နိုင်သော ကျင့်ကြံသူများအတွက် ရန်ဟောင်အဆင့်သည် အကြွင်းမဲ့ အထွတ်အထိပ်ပင် ဖြစ်သည်။ အမှန်တကယ် ​ကြီးမြတ်သူများမှာ သူတို့၏ ကိုယ်ပိုင် အင်အားစုများကို တည်ထောင်နိုင်ပြီး လူအများကို သင်ကြားပေးနိုင်သည်။

မဟာလမ်းစဥ် ဘုံသုံးထောင်၏ အထက်ဘုံများတွင် ထိုသို့ မဟုတ်သော်လည်း သေးငယ်သော ဘုံများ၌ ရန်ဟောင်သည် ဘုံတစ်ခုလုံးကို အုပ်စိုးနိုင်ပေသည်။

သို့သော် ယခုတွင် ဤတိုက်ပွဲကြောင့် ရန်ဟောင်များစွာက လင်ရှောင်းမြို့၌ ပေါ်ပေါက်လာခဲ့သည်။ မည်သည့်အရာများ ဖြစ်ပျက်လာလိမ့်မလဲ။

သူတို့က မတူညီသည့် အင်အားစုများမှ အပြေးအလွှား ရောက်လာခြင်း မဖြစ်နိုင်ပေ။ သူတို့၏ ပေါ်ထွက်လာမှုအရ တစ်ခုတည်းသော ဖြစ်နိုင်ချေမှာ သူတို့က မြို့အတွင်း၌ အစောပိုင်းကပင် ရောက်ရှိနေခဲ့ပြီး ယခုမှ ထွက်ပေါ်လာကြခြင်း ဖြစ်နိုင်ပေသည်။

ယခင်က တန်ခိုးရှင်များ အားလုံးသည် နတ်ဘုရားနန်းတော်မှ လာကြသည်။ ဖြစ်နိုင်သည်က ထိုရန်ဟောင်များသည်လည်း ထိုနေရာမှ ရောက်လာကြသည်လား။

ဤတိုက်ပွဲသည် များလှစွာသော ရန်ဟောင်များ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့ခြင်း ဖြစ်နိုင်ပေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset