အပိုင်း(၁၅၆၁)

ဖိနှိပ်ခြင်း

ထိုမြင်ကွင်းအား ကြည့်ကာ လင်းရှောင်မြို့မှ လူများအားလုံး စိတ်လှုပ်ရှားသွားကြသည်။ ရွှေရောင်နတ်ပြည်ထောင်ကား အထက်ကောင်းကင်ဘုံတွင် အမြင့်ဆုံးသော အဆင့်အတန်း၌ ရှိ၏။ ကိုက်ရှီသည်လည်း နာမည်ကျော် ပါရမီရှင်ဖြစ်သည်။ သူက အဘယ့်ကြောင့် သူ့ပုံရိပ်ကို ညှိုးနွမ်းအောင် ပြုမူရသနည်း။

သို့သော်လည်း သူကား ရီဖူရှင်းကို သတ်ဖြတ်ရန် ညစ်ပတ်သော နည်းလမ်းအား သုံးမည်ကို ဝန်မလေးခဲ့။ သူ၏နှလုံးသားက မည်မျှ ဒေါသ၊မောဟများဖြင့် ပြည့်နေသည်ကို ခန့်မှန်းနိုင်သည်။

ထိုသို့သော လူမျိုးကား အမှန်ပင် ကြောက်မက်ဖွယ်ကောင်း၏။

ရီဖူရှင်းအတွက် ကိုက်ရှီ၏အလစ်တိုက်ခိုက်မှုက အလွန်အမင်း သေမင်းနှင့် နီးကပ်စေသည်။

ထို့အပြင် ကိုက်ရှီ တိုက်ခိုက်သည်ကို မြင်သော်လည်း ရှီလင်နတ်မြို့မှ ရန်ဟောင်များသည် သူတို့၏ဖိအားများကို ရုတ်သိမ်းရန် အရိပ်အယောင်မပြပေ။ သူတို့ကလည်း ရီဖူရှင်း သေသည်ကို မြင်လိုဟန်ရ၏။

ကိုက်ရှီကသာ ရီဖူရှင်းကို သတ်ဖြတ်ခဲ့ပါက ထိုက်ရွှမ်တောင်သည် ရွှေရောင်နတ်ပြည်ထောင်ကိုသာ လက်စားချေမည်ဖြစ်သည်။

အခြေအနေက မည်မျှ အန္တရာယ်များသည်ကို ရီဖူရှင်းလည်း ခံစားမိပေသည်။ သူက ကောင်းကင်မှ ပုံရိပ်များအား အေးစက်စွာ ကြည့်လိုက်၏။ ကမ္ဘာသစ်ပင်မှ သစ်ပိုင်းများနှင့် သစ်ရွက်များသည် သူ့ခန္ဓာကိုယ်အစိတ်အပိုင်းများသို့ စီးဆင်းစေပြီး နတ်ဘုရားအလင်းသည် ကမ္ဘာမြေပြင်အား ဖြန့်ကျက်၏။ နတ်ဆင်အရိုးမှာ အသက်ဝင်လာခဲ့ကာ ပြင်းထန်သော အရှိန်အဝါအား ထုတ်လွှတ်သည်။

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ နတ်ဆင်ပုံရိပ်များသည် ရီဖူရှင်းအား ရစ်ပတ်ကြ၏။ တချိန်တည်းမှာပင် နတ်ဆင်ပုံရိပ်ကြီးသည် သူ့အား ဖုံးအုပ်သွားသည်။ သူ့တွင် တုန့်ပြန်ရန် အချိန်သိပ်မရှိရာ သူ၏အကောင်းမွန်ဆုံးသော ခံစစ်ဖြစ်အား ထုတ်သုံးလိုက်ရ၏။

ဘုန်း…

ကောင်းကင်နှင့်မြေပြင်သည် ပြင်းထန်စွာ တုန်ခါသွား၏။ ကိုက်ရှီက သူ၏လှံသည် မရေမတွက်နိုင်သော ပုံရိပ်များကို ထွင်းဖောက်နိုင်ခဲ့ကာ နောက်ဆုံးတွင် ရွှေရောင်အလင်းသည် ရီဖူရှင်း၏နောက်ကျောအား ထိ၏။

ဘန်း…

ပြင်းထန်သော တွန်းကန်အားနှင့်အတူ ရီဖူရှင်းသည် ရှေ့ကို အလိုက်သင့် ပျံသန်းသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် ရန်ဟောင်ဖိအားများသည်လည်း ပျောက်ကွယ်သွား၏။ သို့သော်လည်း သူတို့က ရီဖူရှင်း၏သွေးစွန်းနောက်ကျောကို မြင်သောအခါ အံ့အားသင့်သွားကြသည်။

ရီဖူရှင်းသည် ပါးစပ်မှ သွေးများစီးကျလျှက်ပင် ရှေ့ကို ပျံသန်းသွားခဲ့ပြီး သူ၏မျက်လုံးများက အလွန်အမင်း အေးစက်နေသည်။

ကိုက်ရှီသည် သူ၏တိုက်ခိုက်မှုက တစ်ဘက်လူအား အဆုံးမသတ်နိုင်ခဲ့ရာ ရီဖူရှင်းနောက်သို့ ဆက်လိုက်သည်။ သူက နတ်လှံဖြင့် တိုက်ခိုက်လိုက်လျှင် မရေမတွက်နိုင်သော လှံများသည် ရီဖူရှင်းထံသို့ ပျံသန်းလာခဲ့ပြီး ထွက်ပြေးလွတ်မြောက်နိုင်မည့် အခြေအနေ မရှိပေ။

ဘုန်း…

ရီဖူရှင်း လေထဲသို့ တက်လိုက်သည်။ သူက ရှောင်တိမ်းရန် မကြိုးစားပေ။ နတ်ဆင်အရိုး၏အလင်းများကား ယုတ်လျော့သွားခြင်းမရှိဘဲ ကမ္ဘာသစ်ပင်၏အထောက်အပံ့ဖြင့် တမူထူးသော စွမ်းအားကို ပေးသည်။ ထိုအခိုက်တွင် သူ့ခန္ဓာကိုယ်သည် နတ်ဆင်စွမ်းအား၏အစစ်အမှန်ကို ပေး၏။

သူပိုင်ဆိုင်ထားသော စွမ်းအားများထဲတွင် နတ်ဆင်အရိုးသည် အကောင်းဆုံး မဟုတ်သော်လည်း အစွမ်းဆုံး ရတနာဟု ပြောနိုင်ပေသည်။ သူသည် နတ်ဆင်အရိုးအား အမြင့်ဆုံးစွမ်းအားအထိ ထုတ်ဖော်နိုင်၏။

ပညာရှိကျမ်းသည် သူ့အား တောက်ပသော နတ်ပေါင်းဖိုအဖြစ် ပြောင်းလဲစေသည်။ နတ်ဆင်ဝိညာဉ်ထွက်ပေါ်လာကာ အရိုးနှင့် ပေါင်းစပ်၏။ လျှပ်တပြက်အတွင်း သူသည် နတ်ဆင်အင်ပါယာကိုယ်ပွားအလား ပြောင်းလဲသွားသည်။ သူကား ကောင်းကင်ဘုံကိုပင် ဖိနှိပ်နိုင်စွမ်းသော နတ်ဆင်လမ်းစဉ်ခန္ဓာကိုယ်အား ဖန်တီးလိုက်၏။

သူ့ခန္ဓာကိုယ်သည် ရွှေရောင်အဖြစ်ပြောင်းလဲသွားရာ လူတိုင်းမှာ ထိုမြင်ကွင်းအား ကြည့်ပြီး အံ့အားသင့်နေကြသည်။ ကိုက်ရှီ၏တိုက်ခိုက်မှုက သူ့အား ဒဏ်ရာပြင်းထန်စွာ မရရှိစေဘူးလား။

ရီဖူရှင်း မည်မျှ သန်မာသနည်း။

သူသည် လမ်းစဉ်ခန္ဓာကိုယ်အား ဖန်ဆင်းခဲ့ဟန်ရကာ ထိုမျှ ပြင်းထန်သော တိုက်ခိုက်မှုက သူ့အား မထိခိုက်စေခဲ့ပေ။ မဟုတ်လျှင် ထိုမျှ အချိန်တိုအတွင်း အလွယ်တကူ ပြန်လည် မသက်သာနိုင်ပေ။

ဘန်း… ဘန်း… ဘန်း…

ရွှေရောင်လှံများသည် သူ့ထံသို့ အဆက်မပြတ် ကျဆင်းလာသော်လည်း သူ၏ခံစစ်အရံအတားကိုတော့ မကျော်လွှားနိုင်။ ကိုက်ရှီ၏စွမ်းအားသည် အပေါ်မှ ကျဆင်းလာ။ သူကား နတ်ဘုရားမင်းသားတစ်ပါးအလား လှံဖြင့် တစ်ချက်ပြီး တစ်ချက် ထိုးနှက်သည်။

သူ၏တိုက်ခိုက်မှုက အားလျော့သွားခြင်း မရှိပေ။ နတ်ဘုရားအလင်းသည် ရှေ့ကို ပြင်းထန်စွာ ရိုက်ခတ်လာခဲ့၏။ အကယ်၍ ထိုတိုက်ခိုက်မှုများသာ သာမန်ပြန်လည်မွေးဖွားခြင်းအဆင့်များကို ထိမိပါက သေချာပေါက် သေကြေရပေမည်။

သို့သော် ရီဖူရှင်းကား ကွဲပြား၏။ သူသည် ထိုနေရာတွင်ပင် နတ်ဆင်တစ်ပါးအလား မြဲမြံစွာ ရပ်နေ၏။ နတ်လှံက သူ့အား ထိမိလျှင်ပင် ရီဖူရှင်းကား အရေးမလုပ်ပေ။

လှံအစစ်က ရီဖူရှင်းရှေ့ကို ရောက်လာလျှင် သူက လှံရှည်ကို ဖမ်းဆွဲလိုက်သည်။

“ဟမ်…” ကိုက်ရှီ မျက်မှောင်ကြုတ်လိုက်သည်။ အဆုံးအစမဲ့သော အလင်းများ နတ်လှံထံမှ ထွက်လာကာ ရီဖူရှင်းထံသို့ ရိုက်ခတ်လာ၏။ သူက ရန်ဟောင်လက်နက်ကို ဖမ်းဆွဲလိုသည်လား။

ပြင်းထန်သော အားသည် ရီဖူရှင်းအား ရိုက်ခတ်၏။ အားသည် အနီးကပ်လာခြင်းဖြစ်သော်လည်း အလွန်ပြင်းထန်၏။ ရီဖူရှင်းကား နတ်ဆင်ခန္ဓာကိုယ်ကို ဖန်ဆင်းထားရာ ထိုအားကို ခံနိုင်ပေသည်။

ဘန်း…

ကျယ်လောင်သောအသံနှင့်အတူ ရီဖူရှင်း၏လက်က တုန်ခါသွားကာ နောက်ကို လွင့်စင်သွားသည်။

ရီဖူရှင်းက ဟန်ချက်ထိန်းကာ ကိုက်ရှီကို ကြည့်လိုက်သည်။ သူကား နတ်စစ်သူကြီးတစ်ပါးအလား ခန့်ထည်စွာ ရပ်နေ၏။ တဖန် နတ်လှံက တုန်ခါသွားကာ ရီဖူရှင်းထံသို့ တိုးဝင်လာ၏။

ရီဖူရှင်းက လက်နှစ်ဘက်ဖြင့်ပင် လှံရှည်ကို ဖမ်းဆွဲလိုက်ပြန်သည်။ သူ့နောက်တွင် နတ်ဘုရားအသွင်အပြင်တစ်ခုပေါ်လာပြီး အရာအားလုံးကို ဖိနှိပ်သည်။ မရေမတွက်နိုင်သော နတ်ဆင်ပုံရိပ်များသည် ရှေ့ကို ချီတက်ကြကာ တစ်ဘက်မှ အလင်းများနှင့် ရင်ဆိုင်တိုက်ခိုက်သည်။

ဘုန်း…

ကိုက်ရှီ၏မျက်လုံးများမှ အလင်းများ ဖြာထွက်လာ၏။ သူက လှံကို တဖန်အားပြုကာ ရီဖူရှင်းထံသို့ ဖိနှိပ်လိုက်၏။

မရေမတွက်နိုင်သော နတ်ဆင်များသည် ရှေ့ကို တက်လာကာ လှံဖြင့် ရင်ဆိုင်တွေ့ကြသည်။ ရီဖူရှင်းက လက်သီးတစ်လုံး ပစ်သွင်းလိုက်လျှင် လေထုသည် အရာအားလုံး ပျက်စီးတော့မည့်အလား တုန်ခါ၏။

ဘန်း..

အောက်မှ လူများကား စူးရှသော အလင်းများကြောင် တိုက်ပွဲကိုပင် သဲသဲကွဲကွဲ မမြင်ရတော့။

ရီဖူရှင်း၏လက်သီးသည် နတ်လှံကို တုန်ခါစေပြီးမှ သူသည် ဘေးကို မြန်ဆန်စွာ ရွေ့လျားပြီး ကိုက်ရှီ၏ခန္ဓာကိုယ်အား ရိုက်နှက်လိုက်သည်။

လက်က သူ့ထံသို့ မရောက်မှီတွင်ပင် ကိုက်ရှီသည် သူ၏သက်စောင့်ဝိညာဉ်သည် အန္တရာယ်နှင့်ကြုံရတော့မည်ကို ခံစားရသည်။ လက်သီးကား သူ၏ရုပ်ခန္ဓာကိုယ်တစ်ခုတည်းကို ဦးတည်မနေပေ။

သူက မျက်နှာပျက်သွားကာ လှံကို ရုပ်သိမ်းလျှက် လက်သီးအား ရှောင်တိမ်းရန် ကြိုးစားသည်။

သို့သော်လည်း ရီဖူရှင်း၏စိတ်စွမ်းအားက သူ့ကို ထိန်းချုပ်ထားပြီးဖြစ်ရာ ကိုက်ရှီသည် လွတ်လွတ်လပ်လပ် မလှုပ်ရှားနိုင်တော့ပေ.

ဘန်း..

ရီဖူရှင်း၏လက်သီးသည် လေထုကို ခွင်းကာ ကိုက်ရှီကို ထိမိသလို နတ်လှံကလည်း ရီဖူရှင်းအား ထိ၏။

ရီဖူရှင်းကား တမင် ထိုအကွက်ကို သုံးခြင်းဖြစ်သည်။ တစ်ဘက်လူအား သူ့ကို ထိုးနှက်ခွင့်ပေးကာ သူကလည်း ရန်သူအား ရအောင် ရိုက်နှက်၏။

ကိုက်ရှီကား နောက်ကို လွင့်စင်သွားခဲ့ကာ သူ၏သက်စောင့်ဝိညာဉ်မှာ ပြင်းထန်စွာ တုန်ခါနာကျင်မှုကို ခံစားရ၏။ သူ့ရွှေရောင်ခန္ဓာမှာလည်း ပြင်းထန်စွာ ထိခိုက်သွားပြီး သွေးတစ်ပွက်အန်၏။ သူအန်သော သွေးများမှာ ရွှေရောင်ဖြစ်သည်။

ရီဖူရှင်းလည်း ညည်းသံတစ်ချက်ထွက်လာသော်လည်း သူ၏အရှိန်အဝါမှာ တည်ငြိမ်နေဆဲဖြစ်သည်။ သူက တဖန် လျှပ်တပြက်လှုပ်ရှားကာ ရှေ့တက်သွားသည်။

“ဒါ…” အားလုံး ထိတ်လန့်သွားသည်။

ကိုက်ရှီကား ပြဿနာတက်လေပြီ။

ရီဖူရှင်းက ရှေ့ကို တက်လာကာ နောက်ထပ် တစ်ချက် ရိုက်နှက်လိုက်၏။ ကိုက်ရှီလည်း သူ၏လှံကို မြှောက်ကာ ခုခံရသည်။ ပြင်းထန်သော ဖိနှိပ်မှုအောက်တွင် သူသည် တဖန် ပါးစပ်မှ သွေးများ စီးကျလာ၏။

ဘန်း…

နောက်ဆုံးတွင် ကျယ်လောင်သောအသံတစ်ချက်နှင့်အတူ လက်သီးသည် ကိုက်ရှီ၏ခန္ဓာကိုယ်ကို ထိ၏။ လှံသည် အဝေးကို လွင့်သွားကာ သူ့မျက်နှာက ပြာနှမ်းသွားသည်။

“သူ ရှုံးသွားပြီ”

ကိုက်ရှီကား ရီဖူရှင်းကို အလစ်တိုက်ခိုက်ခဲ့သည့်တိုင် ရှုံးနိမ့်ခဲ့၏။

ရီဖူရှင်းက လက်ဝှေ့ယမ်းကာ နတ်လှံကို ကိုင်ဆွဲလိုက်၏။ သူက ရှေ့တက်သွားကာ ကိုက်ရှီကို ငုံ့ကြည့်လိုက်သည်။ သူ၏မျက်လုံများထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များရှိနေ၏။

ဘုန်း…

သူက လှံကို ကိုင်ကာ ရှေ့တက်သွား၏။ အားလုံး တုန်လှုပ်သွားကြသည်။ သူက အမှန်တကယ် ကိုက်ရှီကို သတ်ဖြတ်တော့မည်လား။

သို့သော် ထိုအခိုက်တွင်ပင် ကောင်းကင်မှ မဟာလမ်းစဉ်အလင်းများထွက်ပေါလာပြီး ရွှေရောင်နတ်လှံများ ကျဆင်းလာခဲ့သည်။

ထို့အတူ ရွှေရောင်ကျောက်တုံးများသည် လေထဲဖြစ်ပေါ်လာကာ ရီဖူရှင်းအား ရစ်ပတ်သွား၏။ ကျောက်တုံးများသည် လှောင်ချိုင့်အလား ရီဖူရှင်းကို ပိတ်ဆို့ထားကြသည်။

အားလုံးက ကောင်းကင်ကို လှမ်းကြည့်လျှင် လူတစ်စုပေါ်လာသည်ကို မြင်ကြသည်။

ကြည့်ရသည်မှာ ကိုက်ရှီအား ရန်ဟောင်များက ကာကွယ်စောင့်ရှောက်နေကြဟန်ရသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset