အပိုင်း(၁၅၅၇)

သတ်ဖြတ်လိုစိတ်

လင်းရှောင်မြို့တွင် တန်ခိုးရှင်များကို ဦးဆောင်ပြီး လမ်းစဉ်ပင်လယ်သို့ ပို့ဆောင်၍ နတ်ဘုရားနန်းတော်သို့ လမ်းပြခဲ့သူများက ရောက်ရှိနေသည်မှာ အချိန်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ပြန်လာခဲ့သည့် လူအများက သူတို့နှင့်အတူ သတင်းများနှင့် အတင်းအဖျင်းများကို သယ်ဆောင်လာခဲ့သည်။

ဥပမာအနေနှင့် လမ်းစဉ်ပင်လယ်၏ သက်သေပြခြင်းတိုက်ပွဲတွင် အားအကောင်းဆုံးသူမှာ လီနတ်ဓားမိသားစုမှ လီစွမ်း မဟုတ်သလို ကောင်းကင်နစ်မြှုတ်ကလန်မှ ချင်ကျန်းလည်း မဟုတ်ပေ။  ထို့အတူ ရွှေရောင်နတ်ပြည်ထောင်မှ ပါရမီရှင် ကိုက်ရှိလည်း မဟုတ်ခဲ့ပေ။ နတ်ဘုရားနန်းတော်၏ တပည့်ပင်လျှင် မဟုတ်ချေ။ ထိုသူမှာ ယခင်က လူအနည်းငယ်သာလျှင် ကြားဖူးခဲ့သူ ဖြစ်သည်။

သူသည် ထိုက်ရွှမ်တောင်မှ ဓားသမား ရှန်ကျင်း ဖြစ်လေသည်။

ထိုက်ရွှမ်တောင်မှ ဓားသမားသည် တိုက်ပွဲတစ်ခုတည်းနှင့် နာမည်ကျော်ကြားလာခဲ့ပြီး လမ်းစဉ်သက်သေပြခြင်းနယ်မြေအတွင်း ရန်သူအားလုံးကို ရှုံးနိမ့်စေခဲ့သည်။ သူတစ်ယောက်တည်းနှင့် သိမြင်နားလည်ခြင်းနတ်သစ်ပင်ကို လုယူနိုင်ခဲ့သည်။ သူ့ကြောင့်ပင် ထိုက်ရွှမ်တောင်မှ လူတိုင်းသည်  သိမြင်နားလည်ခြင်းနတ်သစ်ပင်ဆီ ဝင်ရောက်နိုင်ခဲ့ကြ၏။ ထို့နောက် များပြားလှသည့် တန်ခိုးရှင်များက နတ်ဘုရားနန်းတော်သို့ ဝင်ရောက်သွားကြပြီး လင်းရှောင်မြို့သို့ သတင်းရောက်ရှိမှုက တစထက်တစ နည်းပါးလာသည်။

ထို့အပြင် အခြားသူများက ပြန်လာကြသော်လည်း အဓိကလူများဖြစ်သည့် တိုက်ပွဲတစ်ခုတည်းနှင့် ကျော်ကြားလာသော ရှန်ကျင်း အပြင် ကိုက်ရှီနှင့် ချင်ကျန်းတို့က ပေါ်မလာကြသေးပေ။ သူတို့အားလုံးက နတ်ဘုရားနန်းတော်သို့ ဝင်ရောက်၍ ကျင့်ကြံရန် ဆုံးဖြတ်ခဲ့ကြသည်လား။

လူအများက ထွက်ခွာသွားပြီး ဖြစ်သော်လည်း အချို့က လင်းရှောင်မြို့၌ ကျန်ရစ်ကာ သတင်းကို စောင့်ဆိုင်းနေခဲ့သည်။ သူတို့က မည်သို့ဆက်ဖြစ်မည်ကို သိလိုကြ၏။

ပုံမှန်အားဖြင့် လင်းရှောင်မြို့သည် အားလုံးသော ထိပ်သီးအင်အားစုများ၏ စခန်းချရာနေရာလည်း ဖြစ်သည်။

ထိုအချိန်တွင် လမ်းစဉ်ပင်လယ်ကမ်းခြေတွင် လူများ လမ်းလျှောက်နေကြပြီး အချို့သည် ပျော်ရွှင်စွာ သောက်စားရင်း စကားစမြည်ပြောဆိုကာ လမ်းစဉ်ပင်လယ်ကို ကြည့်နေကြသည်။ ဤပင်လယ်က အဆုံးအစမဲ့သည်ဟု ပြောနိုင်သည်။ နတ်ဘုရားနန်းတော်သည် လမ်းစဉ်ပင်လယ်၏ နတ်တောင်အထက်တွင် တည်ရှိသော်လည်း နတ်ဘုရားနန်းတော်၏ တပည့်မဟုတ်သူများမှာ လမ်းပြသူတို့ မရှိပါက နတ်ဘုရားနန်းတော်သို့ ဝင်ရောက်ရန် အခြားနည်းလမ်း ရှိလိမ့်မည် မဟုတ်ပေ။

မရေတွက်နိုင်သည့်သူများက အချိန်ကြာမြင့်စွာ စောင့်စားခဲ့သော်လည်း သူတို့က ဝင်ရောက်ရန် အခွင့်အရေး မရခဲ့ကြပေ။

ထိုအချိန်တွင် ကမ်းခြေမှ ရုတ်တရက် အသံထွက်ပေါ်လာသည်။ လူအများသည် သူတို့၏ ခေါင်းများကို လှည့်ကာ လမ်းစဉ်ပင်လယ်ဘက် အာရုံစိုက်ကာ ကြည့်လိုက်ကြသည်။ ပင်လယ်ကို ကြည့်နေသည့် သူတို့၏ မျက်လုံးများထဲ၌ စူးစမ်းလိုစိတ်များဖြင့် လင်းလက်နေကြ၏။ သူတို့၏ မျက်လုံးများက တောက်ပသထက် တောက်ပလာပြီး နောက်ဆုံး၌ ပင်လယ်နှင့် ကောင်းကင် ထိစပ်ရာ အဝေးတစ်နေရာမှ ပုံရိပ်များ သူတို့ထံသို့ ရွက်လွှင့်လာနေသည်ကို မြင်တွေ့လိုက်ကြရ၏။ ထိုသူတို့သည် မိုးကုပ်စက်ဝိုင်းအစွန်းမှ ထွက်ပေါ်လာကြသကဲ့သို့ ဖြစ်ပေသည်။

“သူတို့ ပြန်လာကြပြီ” တစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ ထိုသူများမှာ နတ်ဘုရားနန်းတော်သို့ သွားရောက်ကာ လမ်းစဉ်ပင်လယ်မှ ပြန်လာကြသည်။

လူအများသည် တီးတိုးပြောဆိုနေသံများကို ကြားလိုက်ကြကာ ပင်လယ်ဘက်သို့ လှမ်းကြည့်လိုက်ကြ၏။ ပင်လယ်ဘက်မှ လာသည့် လူရိပ်များသည် တဖြေးဖြေးဖြင့် သူတို့၏မြင်ကွင်း၌ ကြည်လင်ပြတ်သားလာခဲ့၏။

“လီနတ်ဓားမိသားစုက တန်ခိုးရှင်တွေ ရောက်လာပြီ”

“ပြီးတော့ ကောင်းကင်နစ်မြှုတ်ကလန်က တန်ခိုးရှင်တွေရောပဲ”

လူတိုင်းက သူတို့အချင်းချင်း ပြောဆိုနေကြသည်။ သေချာသလောက်ပင် ထိုပြန်လာသူများမှာ လမ်းစဉ်သက်သေပြခြင်းနယ်မြေသို့ သွားရောက်ခဲ့ကြသူများ ဖြစ်ပေသည်။

“ရှန်ကျင်းက ဘယ်သူလဲ” တစ်ယောက်က မေးလိုက်သည်။

လူအများသည် ရှန်ကျင်းက မည်သူဖြစ်သည်ကို သိရှိကြခြင်း မရှိသေးပေ။

လူတိုင်းအသဲအသန် ရှာဖွေလိုက်ကြပြီး နောက်ဆုံးတွင် သူတို့၏ အကြည့်က တစ်နေရာသို့ လျင်မြန်စွာ ကျရောက်သွားခဲ့ကြသည်။ ထိုနေရာတွင် ရီဖူရှင်း ၊ ဝမ်ရှိုးရီ နှင့် လော့ယွဲ့တို့ အတူ ရှိနေခဲ့သည်။ သို့သော် ထိုနေရာ၌ သူတို့နောက်မှ လိုက်ပါရန် ဆန္ဒရှိကြသော ထိုက်ရွှမ်တောင်မှ အခြားသူ အနည်းငယ်လည်း ရှိနေသေး၏။

“အဲဒီမှာ ထိုက်ရွှမ်တောင်က လူတွေ ရှိတယ်။ အရှေ့က ခပ်ချောချောတစ်ယောက်က ရှန်ကျင်းဆိုတာ ဖြစ်ရမယ်။ သူက ထိုက်ရွှမ်တောင်က လူတွေရဲ့ ခေါင်းဆောင် ဖြစ်လာပုံရတယ်။” တစ်ယောက်က ရီဖူရှင်းကို လက်ညှိုးထိုးကာ ပြောလိုက်သည်။ ချက်ချင်းပင် လူအများက သူ့ကို အာရုံစိုက်ကာ ကြည့်လာကြ၏။

ဤမတိုင်ခင် လမ်းစဉ်ပင်လယ်အတွင်းသို့ လူအများ ဝင်ရောက်ချိန်၌ သူ့ကို မည်သူမှ သတိမပြုမိခဲ့ကြပေ။ သို့သော် ယခုတွင် သူသည် တိုက်ပွဲတစ်ခုကြောင့် ကျော်ကြားလာခဲ့ရပေသည်။ ထို့ကြောင့် သူက အားလုံး၏ အာရုံစိုက်ခြင်းကို ခံရသည်မှာ ပုံမှန်ပင် ဖြစ်သည်။

ရီဖူရှင်းနှင့် သူလူများသည် နတ်ဘုရားနန်းတော်မှ လမ်းညွှန်သူများ၏ လိုက်ပို့မှုဖြင့်  လမ်းစဉ်ပင်လယ်မှ လမ်းစဉ်ပင်လယ်မှ ထွက်ခွာလာခဲ့ကြသည်။ လူတိုင်း ကမ်းခြေသို့ ရောက်သည့်အခါ နတ်ဘုရားနန်းတော်မှ လမ်းပြသူများက ပေါ့ပါးစွာဖြင့် လှေကို ချန်ရစ်ကာ ပြန်လှည့်သွားတော့သည်။

ရီဖူရှင်းက လှေငယ်လေးတစ်ခုပေါ်တွင် ရပ်နေခဲ့သည်။ ပင်လယ်မှ လေပြေက သူ၏ ဝတ်စုံကို တိုးဝှေ့နေသည်။

လှေငယ်ကို ဆိုက်ကပ်ပြီးနောက် သူက ဆင်းလာကာ ပြောလိုက်သည်။ “ထိုက်ရွှမ်တောင်ကို ပြန်ကြမယ်”

“ကောင်းပြီ” ဝမ်ရှိုးရီက ခေါင်းညိတ်လိုက်သည်။

ရီဖူရှင်း၏ ခန္ဓာကိုယ်က လှစ်ခနဲ လှုပ်ရှားသွားကာ ကမ်းခြေသို့ ဆင်းသက်လာခဲ့သည်။ လူစုက ရှေ့သို့ လျှောက်လာပြီး အိမ်ပြန်ရန်အတွက် ပြင်လိုက်ကြသည်။

လမ်းစဉ်ပင်လယ်တွင် လူများက တစ်သုတ်ပြီးတစ်သုတ် ရောက်ရှိလာပြီး ကမ်းခြေသို့ ရောက်လာကြသည်။

လင်းရှောင်မြို့မှ လူများသည် အဖြစ်အပျက်များအား မည်သူ့ကို မေးရမည် မသိကြပေ။

“ဟမ်” ထိုအချိန်တွင် တစ်ယောက်သည် အားလုံးသော တန်ခိုးရှင်များ တစ်နေရာတည်းသို့ သွားနေသည်ကို သတိပြုမိလိုက်သည်။

သူ၏ မျက်လုံးများက လင်းလက်သွားပြီး အပြုံးရေးရေးက သူ့ မျက်နှာထက်တွင် ပေါ်ပေါက်လာကာ ‘အတော်လေး စိတ်ဝင်စားစရာပဲ’ ဟု ပြောလိုက်သည်။

သိသာစွာပင် သူသည် တစ်ခုခုကို သတိပြုမိသွားပြီး ချက်ချင်းပင် ထိုအဖွဲ့နောက်သို့ လိုက်သွားတော့သည်။

ရီဖူရှင်းနှင့် သူ့အဖွဲ့သည် ရှေ့သို့ ဆက်သွားနေပြီး သူတို့က လင်းရှောင်မြို့သို့ လျင်မြန်စွာ ရောက်ရှိလာကြသည်။ သူက အလျင်မလိုသော်လည်း သူ၏မျက်လုံးများက စူးရှနေပြီး တစ်ခုခုကို အာရုံရဟန်ရှိနေသည်။

ရီဖူရှင်း၏ ဘေး၌ ဝမ်ရှိုးရီ နှင့် လော့ယွဲ့တို့သည်လည်း အမူအရာများ အေးစက်နေသည်။ သိသာစွာပင် သူတို့နှစ်ယောက်လုံးသည် လမ်းစဉ်ပင်လယ်မှ ထွက်လာပြီးကတည်းက များစွာသော လူတို့သည် သူတို့နောက်သို့ လိုက်လာသည်ကို သတိပြုမိကြ၏။

ပို၍ များပြားသော လူများသည် လင်းရှောင်မြို့တွင် စုစည်းလာကြပြီး တန်ခိုးရှင်များသည် ပုံမှန်မဟုတ်သည့် အခြေအနေကို ခံစားမိကြပြီး ပို၍ စိတ်ဝင်စားလာခဲ့ကြ၏။

ကြည့်ရသည်မှာ လူတိုင်းက နတ်ဘုရားနန်းတော်မှ ပြန်လာကြသော်လည်း ကိစ္စများက ပြီးပြတ်သေးဟန်မတူ။

သူတို့သည် ပွဲကောင်းတစ်ပွဲကို မြင်တွေ့ခွင့်ရနိုင်သေးပေသည်။

“သူတို့ မင်းအတွက် လာကြတာ ဖြစ်မယ်” ဝမ်ရှိုးရီက ရီဖူရှင်းအား စိတ်ဖြင့် ပြောသည်။ နတ်ဘုရားနန်းတော်တွင် ရီဖူရှင်း၏ ခွန်အားက ပြိုင်ဘက်ကင်းသည့်အတွက် သူ့ကို မည်သူမှ လွယ်ကူစွာ မထိနိုင်ကြောင်း သူတို့ နားလည်ကြပေသည်။

ယခု လူတိုင်းက ပြန်လာကြပြီး သူတို့သည် မကြာခင်၌ အိမ်ပြန်ကြရတော့မည်ဖြစ်သလို ရီဖူရှင်းသည်လည်း ထိုက်ရွှမ်တောင်သို့ ပြန်သွားတော့မည် ဖြစ်သည်။ သူတို့က အခုချိန်မှ မလှုပ်ရှားလျှင် နောက်ထပ် အခွင့်အရေး ရှိလိမ့်တော့မည် မဟုတ်သည်ကို သိရှိကြ၏။

လမ်းစဉ်သက်သေပြခြင်းနယ်မြေ၌ ရီဖူရှင်းက လမ်းစဉ်သစ်သီးများစွာ ရရှိခဲ့ကြောင်း မည်သူမှ မေ့ပစ်ကြလိမ့်မည် မဟုတ်ပေ။

ထိုသစ်သီးများသည် မဟာလမ်းစဉ်ခန္ဓာကိုယ်ဖွဲ့စည်းနိုင်သည့် သစ်သီးများ ဖြစ်သည်။ အထူးသဖြင့် ရန်ဟောင်အဆင့်ကို တက်ရောက်ရန် ကြီးစွာ အထောက်အကူပြုနိုင်၏။

ထပ်ပြောရလျှင် ရီဖူရှင်းသည် လူအများကို လောဘဇောတက်စေနိုင်သော နတ်ဘုရားနန်းတော် ဘိုးဘေးနယ်မြေမှ အမွေအနှစ်ကိုလည်း ရရှိခဲ့သေး၏။

ထို့ကြောင့် လူတိုင်းက ရီဖူရှင်းအတွက်နှင့် အတူတကွလှုပ်ရှားလာသည်မှာ အံ့သြစရာမရှိပေ။

ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ ရှီလင်နတ်မြို့တော်မှ လူများလည်း ဤနေရာ၌ ရောက်နေကြပြီး လောယို့မင်သည် သူ့ကို အမုန်းဆုံးနှင့် အညှာအတာမဲ့စွာ အသတ်ဖြတ်ချင်ဆုံး ဖြစ်သည်။

ယခု ရှီလင်နတ်မြို့တော်မှ လူများသည် အမှောင်ထဲ၌ ရှိနေခဲ့သည်။

ထို့အပြင် ရွှေရောင်နတ်ပြည်ထောင်မှ ကိုက်ရှီတို့သည်လည်း အတူ လိုက်ပါလာပေသည်။

ထပ်ပြောရလျှင် ရီဖူရှင်းပင် မသိသည့် အခြားသော တန်ခိုးရှင်အချို့သည်လည်း လမ်းစဉ်သက်သေပြခြင်းနယ်မြေမှ လမ်းစဉ်သစ်သီးများအတွက် တိုက်ခိုက်ရန် လိုက်ပါလာကြသည်။ သူတို့ အားလုံး၏ အဆင့်က နက်ရှိုင်းလှကာ ရှန့်ထိုထိပ်ဆုံးအဆင့်၌ ရောက်ရှိနေသူများ ဖြစ်ကြ၏။ သူတို့အားလုံးက သစ်သီးများကို လိုချင်ကြပေသည်။

ဖြစ်တန်ရာသည်မှာ သူတို့အားလုံး၌ တူညီသော အကြံအစည်ရှိကြပြီး ယခု သူတို့သည် နတ်ဘုရားနန်းတော်မှ ထွက်ခွာလာသည့်အခါ အခွင့်အရေးကို တစ်ဖန် လွဲချော်လိုခြင်း မရှိကြတော့ပေ။

ရီဖူရှင်းသည် ထွက်ပြေးရန် အလျင်မလိုရုံမျှမက သူ၏ အရှိန်ကိုပင် နှေးချလိုက်ကာ မြို့အတွင်း ပုံမှန် လမ်းလျှောက်နေသည်။ သူ၏ ဝိညာဉ်စွမ်းအားက သူ့ပတ်ဝန်းကျင်ကို လွှမ်းခြုံထားသည်။

သူတို့ သတိမထားမိစဉ်မှာပင် ဖိအားတစ်ချို့ကြောင့် သူတို့သည် ရီဖူရှင်းနှင့် အဝေးသို့ ရောက်သွားကြ၏။

“မင်းတို့ ကျုပ် နောက်ကို လိုက်စရာမလိုဘူး” ရီဖူရှင်းက ပြောလိုက်ပြီး ရုတ်တရက် သူ့အရှိန်ကို မြှင့်လိုက်သည်။ သူက ဝမ်ရှိုးရီနှင့် အခြားလူများကို စွန့်ခွာထားခဲ့ခြင်းဖြစ်သည်။

“ရှင်” လော့ယွဲ့က ရုတ်တရက် ရီဖူရှင်း၏အပြုအမူကို အံ့အားသင့်သွားပြီး နောက်မှ လိုက်ရန် ကြံလျှင် ဝမ်ရှိုးရီက သူမ၏ လက်ကို ဖမ်းဆုပ်ကာ ခေါင်းခါပြလိုက်သည်။

တစ်ဘက်ရန်သူများက ထိပ်သီးပါရမီရှင်များ ဖြစ်သောကြောင့် သူတို့က သူ့အတွက် များများစားစား အသုံးဝင်လိမ့်မည် မဟုတ်ပေ။ ဝမ်ရှိုးရီ၏ဓားမှ လွဲလျှင် ကျန်သည့်သူများက ရီဖူရှင်း၏ ဝန်ထုပ်ဝန်ပိုး ဖြစ်လာပေလိမ့်မည်။

ထို့အပြင် ရီဖူရှင်း၏ ခွန်အားက ပြိုင်ဘက်ကင်းပြီး သူတစ်ယောက်တည်း ရင်ဆိုင်သည်က သူတို့ ဝင်ကူသည်ထက် ပို၍ လွယ်ကူပေလိမ့်မည်။ အနည်းဆုံးတော့ သူ့တွင် မည်သည့်ငဲ့ညှာစရာမှ ရှိလိမ့်မည်မဟုတ်ပေ။

ရီဖူရှင်းသည် ရှေ့သို့ တစ်ယောက်တည်း လျှောက်သွားနေပြီး ဓားစွမ်းအားများက သူ့အနီးတွင် ရစ်သိုင်းနေ၏။ သူ၏ ဝိညာဉ်စွမ်းအားက သူ့အနီး ကျယ်ပြန့်သည့် လေထုကို ဖုံးလွှမ်းထားသည်။ လေထုနှင့် တိမ်တိုက်တို့က ကောင်းကင်တွင် အော်မြည်နေပြီး ခြောက်ခြားဖွယ် သေဆုံးခြင်းအလင်းတို့ ကွယ်ဝှက်နေသည့်အလား ထင်မှတ်ရသည်။ နေရာအချို့ဆီမှ တောက်ပသည့် ရွှေရောင်အလင်းတန်းတို့ ထိုးထွက်လာကာ ကြောက်မက်ဖွယ် အသက်ဓာတ် အရှိန်အဝါနှင့်အတူ ဆင်းသက်လာခဲ့သည်။

လေထဲတွင် ကိုက်ရှီနှင့် အခြားတန်ခိုးရှင်တို့ ရှိနေခဲ့သည်။

ရီဖူရှင်းသည် လွယ်ကူစွာ ထွက်ပြေးနိုင်လိမ့်မည် မဟုတ်ပေ။

သူသည် လမ်းစဉ်သစ်သီးများကို ယူဆောင်သွားပြီး နတ်ဘုရားနန်းတော်၏ ဘိုးဘေးနယ်မြေသို့ ဝင်ရောက်ခဲ့၏။ သူက နတ်ဘုရားနန်းတော်၏ တပည့် မဟုတ်ပေ။ ထို့ကြောင့် သူ ယူဆောင်သွားလျှင်ပင် နတ်ဘုရားနန်းတော်က မည်သို့မှ ပြုလုပ်လိမ့်မည် မဟုတ်။ ထို့အပြင် သူတို့သည်လည်း နတ်ဘုရားနန်းတော် ဘိုးဘေးနယ်မြေ၌ မည်သည့်အရာများ ဝှက်ထားသည်ဟူသည့် လျှို့ဝှက်ချက်ကို သိလိုကြပေသည်။

ဘုန်း…

နတ်မိုးကြိုးတို့သည် သူတို့၏ အထက် ကောင်းကင်ထက်တွင် ကမ္ဘာပျက်သကဲ့သို့ ရွေ့လျားနေ၏။ မိုးကြိုးတိမ်တိုက်များက အော်မြည်နေပြီး ကောင်းကင်မှ နေမင်းကို ပိတ်ဆို့တားဆီးထားလိုက်သည်။ ပြင်းထန်သော ရန်ဟောင်စွမ်းအားက ထိုးဖောက်၍ ရေတံခွန်ကဲ့သို့ ကျဆင်းလာကာ အန္တရာယ်၏အငွေ့အသက်များအား ပေးသည်။

“ရှန်ကျင်း… မင်းက လောဘတကြီးနဲ့ လမ်းစဉ်သစ်သီးတွေကို တစ်ယောက်တည်း မောင်ပိုင်စီးသွားတယ်။ မင်းက လမ်းစဉ်အများကြီး ကျင့်ကြံထားတာ မဟုတ်မှတော့ ဘာကြောင့် လိမ်လိမ်မာမာနဲ့ တချို့သစ်သီးတွေ မထားခဲ့ရတာလဲ”

လေထဲမှ အသံတစ်သံ ထွက်ပေါ်လာသည်။ သိသာစွာပင် သူသည် ရီဖူရှင်းနှင့် စတင်တိုက်ခိုက်ရန် ဆန္ဒမရှိပေ။ သို့သော် လမ်းစဉ်ဖော်ဆောင်ရန် အခွင့်အရေးအတွက် သူတို့က တိုက်ခိုက်ရခြင်း ဖြစ်သည်။

“ရန်ဟောင် နတ်လက်နက်စွမ်းအား” ရီဖူရှင်းက လေထဲသို့ မော့ကြည့်လိုက်သည်။ လမ်းစဉ်သက်သေပြခြင်းနယ်မြေ၌ ရန်ဟောင်အဆင့် နတ်လက်နက်တို့ကို အသုံးပြုခြင်းမှ တင်းတင်းကြပ်ကြပ်တားမြစ်ထား၏။ သို့သော် အမှန်တွင် လမ်းစဉ်ပင်လယ်သို့ ဝင်ရောက်လာသည့် လူအများသည် ရန်ဟောင်အဆင့် နတ်လက်နက်ကို အသုံးပြုနိုင်သည့် အင်အားစုများမှ ဖြစ်ကြသည်။

ယခု လမ်းစဉ်ပင်လယ် အပြင်ဘက်၌ပင် ခွန်အားချည်းသက်သက်နှင့် ရီဖူရှင်းကို မည်သူမှ ယှဉ်နိုင်မည် မဟုတ်ပေ။ မတူခြားနားသည်ကား ယခုမှာ လုယက်နေခြင်း ဖြစ်သည်။ မျှတခြင်း မမျှတခြင်းကို မည်သူက ဂရုစိုက်လိမ့်နည်း။

ရီဖူရှင်း၏ အမူအရာက အေးစက်နေ၏။ ဓားစွမ်းအားက သူ့ခန္ဓာကိုယ်ကို ရစ်ပတ်နေပြီး သူ့မျက်လုံးထဲတွင် သတ်ဖြတ်လိုသည့် အရိပ်အငွေ့များ ဖြစ်ပေါ်လာသည်။

သူတို့က လမ်းစဉ်သက်သေပြခြင်း နယ်မြေမှ ထွက်လာကြပြီး သူတို့အားလုံးသည် နတ်ဘုရားနန်းတော်မှ ထွက်လာကြပြီ ဖြစ်သည်။ ယခုထိတိုင် သူတို့က လက်လျှော့ရန် စိတ်ကူးမရှိသည်လား။

ယခု ရန်ဟောင်အဆင့် နတ်လက်နက်ကို ပိုင်ဆိုင်ထားသည့် ဤလူက သူ့အတွက် ခြိမ်းခြောက်မှုတစ်ခုတော့ မဟုတ်ပေ။ သူ အာရုံစိုက်သောလူများမှာ နတ်လက်နက်ကို ပိုင်ဆိုင်ကာ အလွန် အစွမ်းထက်သည့် ကိုက်ရှီကဲ့သို့သော လူမျိုး ဖြစ်ပေသည်။

ထို့အပြင် သူ့ကို မသိမသာ စောင့်ကြည့်နေသူများလည်း ရှိ၏။ သူတို့က အချိန်မရွေး တိုက်ခိုက်လာနိုင်သည်။

“လေးစားစွာနဲ့ ကျုပ် ပြောချင်တာက လူတိုင်း အခုပဲ ထွက်သွားကြဖို့ အကြံပေးမယ်။ အဲဒီလိုလုပ်မယ်ဆိုရင် ဘာမှမဖြစ်ခဲ့သလို ကျုပ် သဘောထားပေးမယ်။ ဒါပေမယ့် ခင်ဗျားတို့ လှုပ်ရှားလိုက်ပြီဆိုတာနဲ့ အဲဒါက ကျုပ် အသက်ကို ရန်ရှာဖို့ ကြိုးစားတာလို့ မှတ်ယူရလိမ့်မယ်။ အဲဒီလိုလူတွေကိုတော့ ကျုပ် ခြွင်းချက်မထားဘဲ သတ်ပစ်ရလိမ့်မယ်”

ရီဖူရှင်း၏ အသံက အလွန် အေးစက်နေသည်။ ဤလူများက သူ၏ အသက်ကို ခြိမ်းခြောက်လာပါက သူသည်လည်း ညှာတာနေလိမ့်မည် မဟုတ်ပေ။

“ကျုပ် သစ်သီးရပြီးတာနဲ့ ချက်ချင်း ထွက်သွားမှာပါ။ ကျုပ်က တစ်လုံးပဲ လိုချင်တာ”

လေထဲမှ လူက အေးစက်စွာ ပြောသည်။ ရီဖူရှင်း၏ ဝိညာဉ်စွမ်းအားက ထိုစကားပြောလိုက်သူကို သွားရောက်ရစ်ပတ်သည်။ ထိုသူသည် နတ်တူကြီးတစ်လက်ကို ကိုင်ဆောင်ထားသည့် သက်လတ်ပိုင်းလူကြီးတစ်ယောက် ဖြစ်သည်။ ကောင်းကင်တွင် မိုးကြိုးနှင့် လျှပ်စီးတို့ဖြင့် ပြည့်နှက် လွှမ်းခြုံလာသည်။ ကောင်းကင်နှင့်မြေကြီးတို့၏ အဆုံးမဲ့ မိုးကြိုးလျှပ်စီး နတ်အလင်းတို့က စုစည်းလာပြီး မိုးကြိုးသံကွင်းဆက်ပုံစံသို့ ပြောင်းလဲသွားခဲ့၏။

ထိုအချိန်တွင် ရီဖူရှင်းသည် ကောင်းကင်ထက်၌ တုန်ခါနေသော နတ်မိုးကြိုးတို့ကို မော့ကြည့်လိုက်၏။ သတ်ဖြတ်ခြင်းတို့ဖြင့် တောက်ပနေသည့် ဓားအလင်းက သူ့မျက်လုံးမှ ထွက်ပေါ်လာကာ လေထုကို ထိုးဖောက်သွားပြီး တစ်ဖက်လူ၏ မျက်လုံးများထဲသို့ တိုးဝင်သွားသည်။ သက်လတ်ပိုင်းလူကြီးက ထိုမျက်လုံးများကို မြင်သည့်အခါ သူ၏စိတ်ဝိညာဉ်ကို ဓားစွမ်းအားတို့ဖြင့် တတိတိ ပိုင်းဖြတ်နေသလို ခံစားလိုက်ရပေသည်။

“ခင်ဗျားက ကိုယ့်သေတွင်းကိုယ်တူးတာပဲ” အေးစက်သည့် အသံက သူ၏ စိတ်ထဲတွင် ပဲ့တင်ထပ်လာကာ အန္တရာယ်၏အငွေ့အသက်များအား ခံစားလာရ၏။

အသံထွက်ပေါ်လာသည့် တစ်ချိန်တည်းမှာပင် ရီဖူရှင်း၏ ခန္ဓာကိုယ်က ပုံရိပ်ယောင်များအဖြစ် ပြောင်းလဲသွားသည်။ တောက်ပသည့် ဓားအလင်းများက လေဟာနယ်ကို ထိုးခွဲကာ အလွန် လျင်မြန်လှစွာဖြင့် မိုးကြိုးကောင်းကင်ထံသို့ တစ်ဟုန်ထိုး ပြေးဝင်သွား၏။

သက်လတ်ပိုင်းလူကြီး၏ အမူအရာက ပြောင်းလဲသွားသည်။ သူက လက်ကို မြှောက်လိုက်ကာ အလွန် ပြင်းထန်လှသည့် မိုးကြိုးနတ်အလင်းတို့ ထုတ်လွှတ်၍ တားဆီးလိုက်သော်လည်း အကြွင်းအကျန် ပုံရိပ်ယောင်တို့က မျက်စိတမှိတ်အတွင်း ပျောက်ကွယ်သွားခဲ့သည်။

ဝှစ်…

အလွန် သေးငယ်သည့် အသံ ထွက်ပေါ်လာခဲ့ကာ မိုးကြိုးစွမ်းအားတို့က ကောင်းကင်နှင့် မြေကြီးအကြားတွင် အော်မြည်လှည့်ပတ်နေသည့်တိုင် လူကြီး၏ မျက်လုံးများအတွင်း အကြီးအကျယ် ကြောက်ရွံ့မှုတို့ ဖြစ်ပေါ်လာ၏။ သူ၏ လက်ထဲမှ နတ်လက်နက်သည်လည်း ပြုတ်ကျသွား၏။

သူက ဖြတ်ရှရာတစ်ခု ပေါ်ပေါက်လာသည့် လည်ပင်းကို လက်နှစ်ဖက်နှင့် ဆုပ်ကိုင်လိုက်သော်လည်း ပန်းထွက်စီးကျလာသည့် သွေးများက သူ့လက်များကို စွေးစွေးနီသွားစေသည်။

ဓားချက်က မြန်ဆန်လွန်း၏။

***


Comment

Leave a Reply


Options

not work with dark mode
Reset