ပိုင်ရှောင်ချန်းက တုလင်ဖေးကို ပြိုင်ပွဲတွင် အနိုင်ရရှိသည့်သတင်းမှာ ဂိုဏ်းသားများအားလုံးထံသို့ လဝက်အတွင်းပင် ပျံ့နှံ့သွားသည်။ ထိုအခါ ဂိုဏ်းတစ်ခုလုံး အုပ်အော်သောင်းနင်းဖြစ်သွားကုန်တော့သည်။
ပိုင်ရှောင်ချန်းအပြင်ထွက်တုံး သူ့ကိုလမ်းတွင်တွေ့သော အပြင်စည်းဂိုဏ်းသားများက ရွှင်လန်းစွာနှုတ်ဆက်ကြသည်။ ပိုင်ရှောင်ချန်းသည် ဘဝမှာ ပထမဆုံးအကြိမ် ကျော်ကြားမှု ခံစားဖူးသွားတော့သည်။ သူ၏ခြံဝန်းအတွင်းမှ အပြင်သို့ထွက်ရသည်ကိုလည်း နှစ်ခြိုက်သွားတော့သည်။
လမ်းတွင်တွေ့သောသူများနှင့် စကားဝင်ပြောရင်းသူတို့က သူ့နာမည်ကိုမေးလာသောအခါ သူက ဂုဏ်ယူဝင့်ကြွားစွာပင် ဖြေတော့သည်။
ဤကဲ့သို့စည်းစိမ်တကျနေရသည်ကို ပိုင်ရှောင်ချန်းက အလွန်အမင်း နှစ်သက်နေသည်။ တုလင်ဖေးဆီကရသော အမွှေးတိုင်ကိုလည်း စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း အဆင့်သုံးအထိ လုပ်လိုက်ကာ သုံးလိုက်သောအခါ ချီစုစည်းမှုအဆင့်ငါးစက်ဝန်းမှ ချီစုစည်းမှုအဆင့်ခြောက်သို့ပင် ရောက်သွားတော့သည်။
သူ၏ လေးလံရာမှသည်ပေါ့ပါးခြင်းဆီသို့အတတ်မှာလည်း ပို၍လေ့ကျင့်လေ ပို၍ ကောင်းမွန်လာလေဖြစ်သည်။ သူက ခရမ်းရောင်ချီဒယ်စောက်အိုးထိန်းချုပ်နည်းပညာရပ်၏ ဒုတိယအဆင့်ဖြစ်သော ပေါ့ပါးရာမှသည်လေးလံခြင်းဆီသို့အတတ်ကိုပင် စ၍ကျင့်နေပြီဖြစ်သည်။
အစပိုင်းတွင်ကျင့်ရသည်မှာ အလွန်ခက်ခဲသော်လည်း ကြိမ်ဖန်များစွာလေ့ကျင့်ပြီးနောက် အနည်းငယ်တိုးတက်လာတော့သည်။
တစ်နေ့တွင် သူက သူ၏ခြံဝန်းထဲတွင် တင်ပျဥ်ခွေထိုင်ကာ ပေါ့ပါးရာမှသည်လေးလံခြင်းဆီသို့အတတ်ကို ကျင့်ကြံနေစဉ် သူ၏အမူအရာမှာ ရုတ်တရက်ပြောင်းလဲသွားသည်။ သူ၏ သစ်သားဓားကို သိမ်းလိုက်ပြီး ခြံဝန်း၏ ပင်မတံခါးကို ကြည့်လိုက်လေသည်။ ခဏကြာသောအခါ တံခါးခေါက်သံကို သူကြားလိုက်ရသည်။
“ဂိုဏ်းတူအစ်ကိုပိုင်။ အစ်ကို အိမ်ထဲရှိလားဗျ။” လူရှိမရှိ မေးသံတစ်သံထွက်လာသည်။
ထိုအသံကို ရင်းနှီးနေသောပိုင်ရှောင်ချန်းက မျက်မှောင်အနည်းငယ်ကြုံ့သွားသည်။ သူ့ဆီလာလည်သော လူများက မရှိသလောက်နည်းသည်မဟုတ်ပါလော။ သူ၏လက်ချောင်းကို တံခါးဆီသို့ ဝှေ့ယမ်းလိုက်သောအခါ တံခါးမှာပွင့်သွားပြီး ပိန်လှီသော လူငယ်တစ်ယောက်ပေါ်လာသည်။
သူက အပြင်စည်းဂိုဏ်းသားတစ်ယောက်၏ အဝတ်အစားကိုဝတ်ဆင်ထားသည်။ သူကအလွန်တည်ကြည်သောအမူအရာဖြင့် လက်ယှက်ကာ ဦးညွှတ်၍ အရိုအသေပေးလိုက်သည်။
” ရွှီပေါက်ချိုင် နှုတ်ခွန်းဆက်သပါတယ်။ ဂိုဏ်းတူအစ်ကိုပိုင်။” ရွှီပေါက်ချိုင်က ချိုသာစွာ နှုတ်ဆက်လိုက်သည်။
” မင်းဒီကို ဘာလာလုပ်တာလဲကွ။” ပိုင်ရှောင်ချန်းက တအံ့တသြမေးလိုက်သည်။သူ့ရှေ့ရှိလူငယ်လေးမှာ သူစားဖိုဆောင်မှာနေခဲ့ချိန် ချီစုစည်းမှုအဆင့်သုံးသာရှိခဲ့စဉ်က တိုက်ခိုက်ခဲ့သော ရွှီပေါက်ချိုင်ပင်ဖြစ်သည်။ ရွှီပေါက်ချိုင်မှာ ယခုဆို အပြင်စည်းဂိုဏ်းသားဖြစ်နေပြီဖြစ်သည်။
ရွှီပေါက်ချိုင်က ချီစုစည်းမှုအဆင့်သုံးတွင်သာရှိသေးကြောင်း သိလိုက်ရသောအခါ ပိုင်ရှောင်ချန်းမှာ အသက်ရှူချောင်သွားသည်။ ခက်ထန်သောမျက်နှာအမူအရာဖြင့် သူက မေးခွန်းထုတ်လိုက်လေသည်။
” ဘာလဲ မင်းက အပြင်စည်းဂိုဏ်းသားဖြစ်သွားပြီဆိုတော့ အတိတ်ကဟာတွေကို သင်ပုန်းမချေချင်တော့ဘူးပေါ့ ဟုတ်လား။ ငါနဲ့ထပ်ချချင်သေးတာလားကွ။”
ရွှီပေါက်ချိုင်က ချက်ချင်းပင် ခေါင်းခါလိုက်သည်။ သူ့မျက်နှာတွင်ခြောက်ကပ်ကပ်အပြုံးတစ်ခုပေါ်လာပြီး သူ ကပိုင်ရှောင်ချန်းကို နောက်တစ်ခေါက် ဦးညွှတ်လိုက်တော့သည်။
” အဲ့အရင်တုံးက ကျွန်တော်က မိုက်မဲပြီး မသိတတ်ခဲ့လို့ပါဗျ။ ကျွန်တော့်ကို ဗွေမယူပါနဲ့။ ဂိုဏ်းတူအစ်ကိုပိုင်။ ကျွန်တော်ဒီနေ့လာတာက ဖြစ်ပျက်ခဲ့တာတွေအတွက် တောင်းပန်ချင်လို့ပါ။ အဲ့အရာတွေကို မေ့လိုက်ရအောင်လားဗျာ။” ရွှီပေါက်ချိုင်ကမူ အတိတ်ကို အတိတ်မှာအကုန်ထားခဲ့လိုသော လေသံဖြင့် တောင်းပန်လိုက်သည်။
ယခုသူလည်း အပြင်စည်းဂိုဏ်းသားဖြစ်သွားပြီဖြစ်၍ အရင်တုံးကအရာများမှာ အရေးမကြီးတော့သည်မဟုတ်ပါလော။
ထို့အပြင် အရေးကြီးဆုံးမှာ ယခုဆိုလျှင်ပိုင်ရှောင်ချန်းသည် မွှေးရနံ့တောင်ပေါ်တွင် အလွန်နာမည်ကြီးနေသည့်အချက် ဖြစ်သည်။ ထိုတောင်ပေါ်မှာပဲ ရွှီပေါက်ချိုင်က အပြင်စည်းဂိုဏ်းသားလာဖြစ်သည့်အတွက် အတိတ်ကြောင့် ပစ္စုပ္ပန်တွင် ပြဿနာအရှုပ်အရှင်းများဖြစ်လာရန် မလိုလားပေ။
ပိုင်ရှောင်ချန်းကမူ စာဖိုဆောင်တုံးကဖြစ်ပျက်ခဲ့သည်များကို ပြန်တွေးလိုက်ရင် မျက်တောင် တဖျတ်ဖျတ်ခတ်နေတော့သည်။ တစ်နည်းနည်းနှင့်တော့ ရွှီပေါက်ချိုင်ကို သူ၏သူငယ်ချင်းဟောင်းအဖြစ် သတ်မှတ်နိုင်သည်။ သူသည် အလျှင်အမြန်ထိုင်ရာမှထလိုက်ပြီး ရွှီပေါက်ချိုင်ကိုအိမ်ထဲသို့ဖိတ်ခေါ်ကာ အတိတ်ကအကြောင်းများကို စမြုံပြန်နေကြတော့သည်။
သွေးစာအကြောင်း စကားစပ်မိသွားသောအခါ ပိုင်ရှောင်ချန်းက မနေနိုင်တော့ပဲ ထမေးလိုက်တော့သည်။
” ကဲကွ ဒါနဲ့နေပါအုံး။ အဲ့တုံးက ‘သေစမ်း’ ဆိုတဲ့ စာလုံးကိုဘာလို့များ သွေးနဲ့ အကြိမ်ကြိမ်ရေးခဲ့ရတာတုံး။ နားတော့နားလည်ပါတယ်။ ဒါပေမဲ့ငါသိချင်တာက အဲ့လောက်သွေးတွေအများကြီးသုံးရတာ မနာဘူးလား။ ”
ထိုအရင်တုံးက သူ၏ထူးထူးဆန်းဆန်းလုပ်ရပ်များကို ပြန်တွေးမိသွားသောအခါ ရွှီပေါက်ချိုင်၏ မျက်နှာမှာမူ ရှက်ရွံ့မှူများဖြင့် နီရဲသွားပြီး အလျှင်အမြန် စကားလမ်းကြောင်းလွှဲလိုက်တော့သည်။
“ဂိုဏ်းတူအစ်ကိုပိုင်။ စီမံရေးရာ ဌာနကလူတွေကို အစ်ကိုသတိထားမှရမယ်နော်။အစ်ကိုအပြင်စည်းဂိုဏ်းသားဖြစ်အောင် လုပ်လိုက်တဲ့ ချန်ဖေးနဲ့ တခြားလူတေက အစ်ကို့ကိုယ်တစ်ချိန်လုံး အငြိုးအတေးထားနေကြတယ်လို့ ပြောသံကြားတယ်။ “
” ချန်ဖေး။ ဟုတ်လား။” ပိုင်ရှောင်ချန်းက စီမံရေးရာဌာနမှ ဗလနှင့်လူအကြောင်းပြန်တွေးမိသွားသောအခါ သတိကြီးကြီးထားရန် နှလုံးသွင်းလိုက်တော့သည်။
ထို့နောက်သူက တည်ကြည်သောအမူအရာဖြင့် မေးမြန်းလိုက်သည်။
” သူက ချီစုစည်းမှုဘယ်အဆင့်ရောက်နေပြီလဲ မင်းသိလား။”
ရွှီပေါက်ချိုင်ကလည်း သူနှင့်ပိုင်ရှောင်ချန်းအကြား ရန်ငြိုးများကို ပပျောက်စေရန် အခွင့်အရေးရပြီဟူသော အတွေးဖြင့် ချက်ချင်းပင် ပြန်ဖြေလိုက်သည်။
” ကျွန်တော်ကြားတာတော့ သူက ချီစုစည်းမှုအဆင့်လေးစက်ဝန်းထဲကို ရောက်နေပြီလို့ ကြားတယ်။ ”
ချန်ဖေးမှာ ချီစုစည်းမှုအဆင့်၄သာ ရှိသေးကြောင်းသိလိုက်ရသောအခါ ပိုင်ရှောင်ချန်းမှာ စိတ်သက်သာရာရသွားပြီး အေးဆေးဖြစ်သွားတော့သည်။
ရွှီပေါက်ချိုင်ကမူ ထိုအကြောင်းဆက်မပြောတော့ပေ။ သူနှင့်ပိုင်ရှောင်ချန်းက ဂိုဏ်းအကြောင်းစကားစမြည်ပြောဆိုနေကြပြီး မကြာမီပင် ရွှီပေါက်ချိုင်ကသူ့ထက်ပို၍ ဗဟုသုတနှံ့စပ်ကြောင်း ပိုင်ရှောင်ချန်း သိလိုက်ရသည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ တောင်ဘက်တွင်ဖြစ်သမျှအရာတိုင်းကို သူကသိနေသည့်အလားပင်။ သူက ပွဲတော်ကြီးများကိုလည်းသိပြီး ၎င်းတို့၏အကျိုးဆက်များကိုလည်း သိလေသည်။ ထို့အပြင် လျှို့ဝှက်ချက်အကြီးစားတစ်ချို့ကိုပင် သိထားလေသည်။ အဆုံးတွင်သူတို့က နောက်ဆုံးလူပြောများနေသော အကြောင်းသို့ စကားစမိသွားသောအခါ စကားဝိုင်းမှာပို၍ပင် အသက်ဝင်လာသည်။
” ဂိုဏ်းတူအစ်ကိုပိုင်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ တစ်ယောက်တစ်မျိုးစီ ကိုယ်ပိုင်အလှထူးတွေရှိကြတဲ့ အလှပဂေးလေး၅ယောက်ရှိတာကို အစ်ကိုသိတယ်မလား။ အဲ့ထဲကတစ်ယောက်နဲ့သာအတူနေရလို့ရတော့ ကျွန်တော်တို့လို ကျင့်ကြံသူတွေအတွက် ဘဝကြီးကို အပူအပင်ကင်းကင်းနဲ့ဖြတ်သန်းနိုင်လိမ့်မယ် ” ရွှီပေါက်ချိုင်က ဆန္ဒရမ္မက်မီးများလောင်ကျွမ်းနေသော မျက်လုံးများဖြင့် ပြောဆိုနေသည်။
ပိုင်ရှောင်ချန်းမှာလည်း စိတ်ဝင်စားသွားပြီး ရွှီပေါက်ချိုင်ကို ထပ်ရှင်းပြရန် တောင်းဆိုလိုက်သည်။
ဤအကြောင်းကိုပြောရတာ ရွှီပေါက်ချိုင်ကြိုက်နှစ်သက်သလို ပိုင်ရှောင်ချန်းကလည်း စိတ်ဝင်စားနေရာ ချက်ချင်းပင် စိတ်လှုပ်ရှားစွာမျက်ခုံးပင့်လိုက်လေသည်။
ထို့နောက်သူက သေချာရှင်းပြလေတော့သည်။ “အလှပဂေး၅ယောက်က သူမသာကိုယ်မသာပဲ။ ဒါပေမဲ့ သူတို့ရဲ့ အဆင့်ကတော့မတူကြဘူး။ ပထမနေရာမှာဂိုဏ်းချုပ်ရွှီ၊ရွှီမေ့ရှန်း ရှိတယ်။ သိမ်မွေ့နူးညံ့လှပပြီး ဆွဲဆောင်မှုအပြည့်ပဲ။ ဖက်တီးကျန်းကြီးရဲ့ ဆရာမလေ။”
“တကယ်ကြီးလားဟ။” ပိုင်ရှောင်ချန်းက မယုံကြည်သည့်အလား တုန်လှုပ်သွားသည်။
ဖက်တီးကျန်းကြီးကမူ သူ့ဆရာမကို ဘွားတော်ကြီးဟုသာ ခေါ်လေ့ရှိသည်။ ထို့နောက် ထိုဘွားတော်ကြီးက ဖက်တီးတွေကိုမုန်းလွန်းလှသဖြင့် သူနှင့် ဖက်တီးကျန်းကြီး ဆုံဆုံချင်း ဖက်တီးကျန်းမှာ ပိန်လှီနေရသည်ကိုလည်း သူပြန်တွေးမိသွားသည်။
ချက်ချင်းပင် ပိုင်ရှောင်ချန်း၏စိတ်ထဲတွင် ကိစ္စများကို ပိုပို၍ နားလည်လာတော့သည်။ သူ၏လည်ချောင်းကိုရှင်းလိုက်ကာ ထိုအကြောင်း ဆက်မတွေးရန် ဆုံးဖြတ်ချက်ချလိုက်သည်။ ဤအရာကအလွန်အန္တရာယ်များသော အလုပ်တစ်ခု မဟုတ်ပါလော။
“အဆင့်အတိုင်းစဥ်မယ်ဆို နောက်၂ယောက်က မွှေးရနံ့တိမ်တောင်ကပဲ။ သူတို့က ဂိုဏ်းတူအစ်မကျိုး၊ ကျိုးရှင်းချီရယ် ဂိုဏ်းတူအစ်မတု၊ တုလင်ဖေးရယ်။” ရွှီပေါက်ချိုင်မှာ စိတ်အားထက်သန်စွာ သိသမျှအကုန်ရှင်းပြနေသည့်အတွက် ကျိုးရှင်းချီအကြောင်း ပါလာသောအခါ သူမ၏ လက်ရွေးစင်ဖြစ်သည့်အချက်ပါ ပါလာသည်။
” ဂိုဏ်းတူအစ်ကိုပိုင်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ တောင်ဘက်မှာ လက်ရွေးစင်တွေရှိတာတော့ အစ်ကိုသိပြီးသားမလား။ သူတို့က ကျွန်တော်တို့ မွှေးရနံ့တိမ်တောင်က ကျိုးရှင်းချီရယ်၊ ခရမ်းဒယ်အိုးတောင်က လုထျန်းလဲ့ရယ်၊ မြစိမ်းတောင်က ရှန်ကွမ်းထျန်ယုံ ရယ်လေ။ သူတို့၃ယောက်စလုံးက ပြီးပြည့်စုံလောက်အောင် ထက်မြက်တဲ့ ကျွမ်းကျင်သူတွေပဲ။” လူရည်ချွန်များအကြောင်းရှင်းပြနေရင်း ရွှီပေါက်ချိိုင်၏ မျက်လုံးများမှာ အားကျမှုများဖြင့် တောက်ပနေတော့သည်။
” သူတို့ကအဲ့လောက်တော်နေတာကို ဘာလို့များ ငါတို့လိုမျိုး အပြင်စည်းဂိုဏ်းသားပဲ ဖြစ်နေရတာတုံး ” ပိုင်ရှောင်ချန်းကမူ အနည်းငယ် လှောင်ပြုံးပြုံး ပြုံးကာမေးလိုက်သည်။ ရှန်ကွမ်းထျန်ယုံ နှင့် လုထျန်းလဲ့အကြောင်းကို သူ မသိသော်လည်း ကျိုးရှင်းချီနှင့်မူ သူဆုံပြီးပြီဖြစ်သည်။ သူ၏ထည့်စရာအိတ်ထဲမှ ကျောက်စိမ်းလည်ဆွဲမှာ သူမ ပေးထားသည်မဟုတ်ပါလော။
ရွှီပေါက်ချိုင်ကမူ ခြောက်ကပ်စွာချောင်းဟန့်လိုက်သည်။ စိတ်ထဲတွင် ပိုင်ရှောင်ချန်းကို ကြိတ်၍အထင်သေးနေသော်လည်း ထုတ်မပြောရဲပဲ ရယ်မောလိုက်ကာ ရှင်းပြလိုက်သည်။
” ဂိုဏ်းတူအစ်ကိုပိုင်ကလည်းဗျာ။ ဂိုဏ်းရဲ့ တင်းကျပ်တဲ့ စည်းကမ်းတွေကြောင့်သာမဟုတ်ရင် အဲ့ဒီသုံးယောက်စလုံးက အပြင်စည်းဂိုဏ်းကနေ အတွင်းစည်းဂိုဏ်းကို ရောက်နေတာကြာပေါ့။ အခုတောင်မှ သူတို့က အပြင်စည်းဂိုဏ်းထဲမှာ သူတို့ကနံပါတ်တစ် လူတွေပဲ။ အတွင်းစည်းဂိုဏ်းသားတွေတောင် သူတို့ကို ကြောက်ရတယ်။ သူတို့ရဲ့ ကျင့်ကြံခြင်းအခြေခံက သတ်မှတ်ထားတဲ့အဆင့်ကိုရောက်တာနဲ့ အတွင်းစည်းဂိုဏ်းထဲမှာ ကြယ်ပွင့်တွေဖြစ်သွားမှာ ဧကန်ပဲ။ သူတို့အတွက်ကတော့ အတွင်းစည်းဂိုဏ်းဆိုတာ အမွေဆက်ခံသူအဆင့် ထဲဝင်ဖို့ ခြေနင်းပြားသပ်သပ်တစ်ခုပါပဲ။” လေးစားနေသောမျက်လုံးများဖြင့် ရွှီပေါက်ချိုင်က တစ်ဆင့်ခြင်းရှင်းပြနေတော့သည်။
ပိုင်ရှောင်ချန်းကမူ ယခုထိ မယုံချင်သေးပေ။
” ကျိုးရှင်းချီကိုပဲ အရင်ကြည့်ဗျာ။ သူမရဲ့ အပင်နဲ့အသီးအရွက်တွေနဲ့ပတ်သတ်တဲ့ အရည်အချင်းကြောင့် ဂိုဏ်းချုပ်လီရဲ့ နေရာကိုဆက်ခံပြီး စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ ထိပ်တန်းသမားတော်တစ်ယောက်ဖြစ်လာမှာ အသေအချာပဲ။ ပြီးတော့ လုထျန်းလဲ့။ သူက ဆင်းရဲတဲ့မိသားစုကမွေးတာ။ မွေးမွေးချင်းတုံးကဆိူ ပိန်တာမှ ထင်းချောင်းလေးကြနေတာပဲ။ ဒါပေမဲ့သူ့မှာ ရှားပါးတဲ့ အလင်းဝိညာဉ်သွေးကြောရှိတယ်။ ပြီးတော့သူကျင့်ကြံတဲ့ မှော်အတတ်တွေက အလင်းတာအိုတွေပဲ။ ဂိုဏ်းခေါင်းဆောင်ကတောင် သူ့ရဲ့ အနာဂတ်က ထူးခြားနေမယ်လို့ ကိုယ်တိုင်ပြောထားတာ။” ရွှီပေါက်ချိုင်က ဆက်ရှင်းပြသည်။
” တကယ်ကြီးလား။” ဤအခါတွင်မူ အံ့သားသင့်သွားသော် အမူအရာဖြင့် ပိုင်ရှောင်ချန်းက မေးလိုက်တော့သည်။ ကျင့်ကြံခြင်းကမ္ဘာနှင့်ပတ်သတ်လျှင်သူကား လူသစ်တစ်ယောက်မဟုတ်တော့ပေ။ ဘယ်အရာများက ဘယ်လိုဖြစ်ပျက်သည်ကို သူတီးမိခေါက်မိ ရှိနေပြီဖြစ်သည်။ အလင်းဝိညာဉ်သွေးကြောရှိကြောင်း သူကြားလိုက်ရသောအခါ မနာလိုစိတ်ပင်ဖြစ်သွားတော့သည်။ ထိုကဲ့သို့ဝိညာဉ်သွေးကြောရှိသူသည် မှော်အတတ်များကို ပိုမိုအစွမ်းထက်အောင် ပြုလုပ်နိုင်ပြီး အဆင့်တက်ရာတွင်လည်း အခက်အခဲမရှိဘဲ လွယ်ကူလျင်မြန်စွာ နောက်တစ်ဆင့် ရောက်ရှိနိုင်သည်။
ထို လက်ရွေးစင်များအကြောင်းကြားတိုင်း ပြုမူတတ်သည့် လူများကဲ့သို့ ပိုင်ရှောင်ချန်းလည်း တုံ့ပြန်နေသည်ကိုမြင်လိုက်ရသောအခါ ရွှီပေါက်ချိုင်ကဆက်၍ တတိယလူအကြောင်းဆက်၍ ရှင်းပြလိုက်တော့သည်။
” တတိယမြောက် ရှန်ကွမ်းထျန်ယုံကတော့ ပိုလို့တောင်အံ့သြဖို့ကောင်းသေးတယ်။ သူ့မှာ ဓားဝိညာဉ်ခန္ဓာကိုယ်ရှိတယ်။ ပြီးတော့ အချို့လူတွေပြောတာက သူကအံ့မခန်းအစွမ်းထက်တဲ့ ဓားသမားတစ်ယောက်ကနေ ဝင်စားတာတဲ့။ ကောင်းကင်က နတ်တွေက သူ့ကိုအကြွေးတင်နေသလို ခံစားနေရတဲ့အလား သူ့တစ်ဘဝလုံး ကောင်းတာတွေပဲ ဖြည့်ဆည်းပေးတာ။ သူ၃နှစ်သားတုံးက လမ်းလျှောက်နေရင်း ရှေးဟောင်းဓားတစ်လက်ကောက်ရတယ်။ ၇နှစ်သားရောက်တော့ ကြက်သွေးရောင် တိမ်လွှာသားရဲပေါက်လေးတစ်ကောင်က ကောင်းကနေကျလာပြီး သူ့ကိုချက်ချင်း သခင်တင်တယ်။ ဟော ၁၃နှစ်သားရောက်ပြန်တော့လည်း ရွှေရောင်အလင်းတန်တွေထွက်နေတဲ့ ဒိုင်းကာတစ်ခု ရပြန်ရော။ အဲ့တာမလို့သူ့ရဲ့နာမည်ကလည်း ထျန်ယုံ ဆိုပြီးဖြစိနေတာ။ သူဂိုဏ်းထဲစဝင်ကထဲက စံပြအကြီးအကဲတွေကတောင် တုန်လှုပ်ရတဲ့အထိပဲ။”
(ရှန်ကွမ်းထျန်ယုံ၏ တရုတ်နာမည်မှာ shàngguān tiānyòu ဖြစ်သည်။
ရှန်ကွမ်း ဆိုသည်မှာ အတွေ့ရနည်းသော စကားလုံး၂လုံးပါမျိုးရိုးနာမည်ဖြစ်သည်။ ‘ ထျန် ‘ဆိုသည်မှာ ကောင်းကင် သို့မဟုတ် နတ်ဘုံနတ်နန်းဟုအဓိပ္ပါယ်ရပြီး ‘ ယုံ ‘ ဆိုသည်မှာ ကောင်းချီးပေးခံရသည် သို့မဟုတ် အကာကွယ်ပေးခံရသည်ဟု အဓိပ္ပါယ်ရသည်။ ထို့ကြောင့် ထျန်ယုံဆိုသည်မှာကား ကောင်းကင်ဘုံက ချီးမြောက်ခြင်းခံရသူဟု အဓိပ္ပါယ်ကောက်နိုင်ပေသည်။)
ထိုအခါ ပိုင်ရှောင်ချန်း၏မျက်လုံးများမှာ ပြူးသွားပြီး တုန်လှုပ်နေသည့်ပုံစံပင်ပေါက်နေတော့သည်။
” ဘာကြီး။ ကောင်းကင်ကို အကြွေးတင်တာ။ သုံးနှစ်သားလေးနဲ့ ဘာဖြစ်တာ။ ဘယ်လိုကံကောင်းရတာလဲ။ နေပါအုံး။ အံ့မခန်းအစွမ်းထက်တဲ့ ဓားသမားဝင်စားတာဟုတ်လား။” သူ့မှာ ပါးစပ်အဟောင်းသားနှင့် ကြက်သေသေနေတော့သည်။
ယနေ့မှစ၍ ကောင်းကင်ဘုံကတောင်အလိုဖြည့်ပေးရသော ရှန်ကွမ်းထျန်ယုံဆိုသောသူကို သွား၍ရန်မစရန် သူဆုံးဖြတ်လိုက်တော့သည်။
ရွှီပေါက်ချိုင်ကမူ ပိုင်ရှောင်ချန်း တုန်လှုပ်နေသည်ကိုမြင်သော် အလွန်အမင်းကျေနပ်နေပြီး သက်ပြင်းတစ်ချက်ချလိုက်ကာ အခြေခိုင်မာခြင်းအဆင့်အကြောင်းရှင်းပြရန် ဆုံးဖြတ်လိုက်သည်။
” အဲ့ဒီသုံးယောက်က အခြေခိုင်မာခြင်းအဆင့်ကို ရောက်မှာအသေအချာပဲ။ ဂိုဏ်းတူအစ်ကိုပိုင်ရေ။ ကျွန်တော်တို့ ကျင့်ကြံသူတွေက အစေခံအဆင့်ကနေမှ အပြင်စည်းဂိုဏ်းကိုဝင်ရတာ။ကျွန်တော်တို့ကသာ အဲ့လိုအဆင့်တက်တာကို နဂါးတံခါးကိုခုန်ကျော်နိုင်တဲ့ငါးနဲ့ ခိုင်းနှိုင်းနေကြတာ။ တကယ်တန်းက ချီစုစည်းမှုအဆင့်ကနေ အခြေခိုင်မာခြင်းအဆင့်ကို ဖောက်ထွက်နိုင်မှသာ တကယ့် နဂါးတံခါးကိုခုန်ကျော်နိုင်တဲ့ငါးတွေဖြစ်မှာဗျ။ အဲ့လိုဖြစ်မှပဲ ဘဝကြီးက တကယ်ပြောင်းလဲသွားပြီး သေမျိုးနဲ့ဆိုင်တဲ့အရာတွေကို ချန်ထားခဲ့နိုင်မှာ။ အဲ့လမ်းစဥ်ကသာ အင်မော်တယ်လမ်းစဥ်အမှန်ပဲ။ အဲ့ဒီရောက်ရင် အသက်က နှစ်တစ်ရာပိုရှည်သွားပြီလေ။ ” ရွှီပေါက်ချိုင်က စိတ်အားထက်သန်စွာ မနားတမ်း ရှင်းပြနေတော့သည်။
ရွှီပေါက်ချိုင်သည် ရှင်းပြပြီးနောက် သက်ပြင်းချလိုက်စဉ် နှစ်တစ်ရာအသက်ပိုရှည်မည့်အကြောင်းကြားလိုက်ရသော ပိုင်ရှောင်ချန်း၏မျက်လုံးတွေမှာ အရင်ကနှင့်မတူအောင် တောက်ပသွားတော့သည်။ အသားများပါ တဆတ်ဆတ်တုန်နေပြီး သူ၏စိတ်ထဲတွင် တဂျုံးဂျုံးမြည်ဟည်းသံများပင် ကြားနေရ၏။ ထို့နောက် သူက ရွှီပေါင်ချိုင်၏ လက်မောင်းများကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်လေသည်။
” စောစောကမင်းပြောတာ အခြေခိုင်မာခြင်းအဆင့်ရောက်ရင် အဆင့်ရောက်ရင် အသက်တစ်ရာထပ်ရှည်တယ်လို့ ပြောလိုက်တာလား။” သူက တအံံ့တသြပင် မေးလိုက်တော့သည်။
ပိုင်ရှောင်ချန်း၏ နီရဲနေသောမျက်လုံးများကိုကြည့်ရင်း ရွှီပေါက်ချိုင်မှာ ချက်ချင်းပြန်မဖြေနိုင်။ အနည်းငယ်လန့်နေသောပုံစံဖြင့် ခေါင်းကိုအလျှင်အမြန်ငြိမ့်လိုက်သည်။.
ပိုင်ရှောင်ချန်းကမူ အသက်ပြင်းပြင်းရှူလိုက်ရင်း သူ၏ခြံဝန်းထဲတွင် ရှေ့ပြန်နောက်ပြန်လမ်းလျှောက်ကာ ခြေဟန်လက်ဟန်တွေသာမက လက်များကိုပင် ဝှေ့ယမ်းနေသည်။ ကိုယ့်ကိုယ်ကို တစ်ယောက်ထဲရေရွတ်လိုက် ကြမ်းတမ်းစွာရယ်မောလိုက်နှင့် အရူးတစ်ယောက်နှင့်ပင် တူနေတော့သည်။
ဘာဖြစ်သွားမှန်းမသိသော ရွှီပေါက်ချိုင်ကမူ အလွန်ကြောက်လန့်နေတော့သည်။ သူ ကျောချမ်းသွားပြီး ပြန်တော့မည်ဖြစ်ကြောင်းပြောလိုက်လေသည်။ ပိုင်ရှောင်ချန်းသည်ကား သတိပင်မထားမိ။ မသိလျှင်သူ့ကို သရဲဝင်စီးထားသည့်အတိုင်းပင်။
ရွှီပေါက်ချိုင်ကမူ အသက်ပြင်းပြင်းရှူကာ ကြောက်ကြောက်လန့်လန့် ထွက်ပြေးသွားတော့သည်။
အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းစာလောက်ကြာသွားသောအခါ စုတ်ဖွာနေသောဆံပင်များဖြင့် ပိုင်ရှောင်ချန်းက ကောင်းကင်သို့မော့ကြည့်ကာ အသက်ပြင်းပြင်းရှူသွင်းလိုက်တော့သည်။ ထို့နောက်သူက ခေါင်းကို နောက်သို့လှန်ကာ ကျယ်လောင်စွာရယ်မောနေတော့သည်။
ဆုံးဖြတ်ချက်ပြတ်သားသောလေသံများဖြင့်သူကရေရွတ်လိုက်တော့သည်။
” နှစ်တစ်ရာကွ။ အခြေခိုင်မာခြင်းအဆင့်။ အခြေခိုင်မာခြင်းအဆင့်ကို သေချာပေါက် ငါရောက်ရမယ် “