ရီဖူရှင်းသည် နားမလည်နိုင်စွာဖြင့် ဟွမ်ကျုံးကို ကြည့်နေမိသည်။ ဟွမ်ကျုံးသည် ယခင်က သူ့အား တားဆီး လိုသဖြင့် တိုက်ခိုက်ခဲ့ပြီးနောက်ဆုံးတွင် လက်လျော့သွားခဲ့သည်။ အကယ်၍ ဟွမ်ကျုံးသာ သူ့အား တားဆီး လိုပါက ရီဖူရှင်းသည်ဗိမာန်ထဲသို့ ၀င်ရောက်ရန်လွယ်ကူမည်မဟုတ်ပေ။ သို့သော် ဟွမ်ကျုံးသည် အလျော့ပေးခဲ့ပြီး သူ့အား ဆက်လက်မတားမြစ်ခြင်းမရှိတော့ပေ။
ရီဖူရှင်းသည် သူ၏စိတ်ကို ထိန်းချုပ်လိုက်ပြီး ဝင်ရောက်ခွင့်ရနိုင်မည်ဟု ထင်မှတ်မထားခဲ့သော ဗိမာန်အတွင်းသို့ ဆက်လက်လျှောက်လှမ်းသွားသည်။ ရီဖူရှင်း ဗိမာန်အတွင်းသို့ ဝင်လိုက်သည်နှင့် အတွင်းမှစွမ်းအင်များသည် အလွန်ပြင်းထန် အားကောင်းလွန်းလှပြီး သူ၏မဟာလမ်းစဉ်ခန္ဓာသည် ပိုမိုသန်မာလာသည်ဟု ခံစားလိုက်ရသည်။ ရီဖူရှင်းသည် ကောင်းကင်ထက်သို့မော့ကြည့်လိုက်သောအခါ မရေတွက်နိုင်သော မဟာလမ်းစဉ် ရှေးဟောင်း စာလုံးများ စီးဆင်းနေသည်ကို မြင်လိုက်ရသည်။ သူ၏မျက်လုံးများ တောက်ပလင်းလက်လာပြီး အရာအားလုံးကို မြင်နိုင်သကဲ့သို့ထင်ရသည်။
ဤကမ္ဘာကြီးသည် လိုက်လျောညီထွေစွာ ပြောင်းလဲနေသည်။ လျှို့ဝှက်ဆန်းကျယ်သော စွမ်းအားများ ပါဝင်သော စာလုံးများသည် ကောင်းကင်နှင့်မြေကြီးကြားတွင် လွင့်မျောနေကြသည်။ ထိုစာလုံးများသည် မဟာလမ်းစဉ်၏ နိယာမသဘောတရားများဖြစ်နိုင်သည်ဟုတွေးမိသောအခါ ရီဖူရှင်း၏စိတ်များ တုန်လှုပ်သွားသည်။ ဤနေရာသည် နတ်နန်းတော်၏ အမွေဆက်ခံခြင်းနယ်မြေ – နတ်ဘုရားဗိမာန်တော်ဖြစ်သည်။ သူ့ကိုထိုနေရာသို့ မဝင်ရောက်နိုင်ရန် ဟွမ်ကျုံးတားမြစ်ခဲ့သည်မှာ အံ့ဩစရာမဟုတ်တော့ပေ။ ထိုဗိမာန်တော်တွင် နတ်ဘုရား နန်းတော်၏ စစ်မှန်သောအမွေအနှစ်များရှိနေပေသည်။
ထိုနေရာတွင် သူ့ကိုတားမြစ်မည့် အစောင့်အရှောက်များ မရှိပေ။ ဟွမ်ကျုံးသည်လည်း ထိုနေရာသို့ ရောက်လာ နိုင်ကာ မဟာလမ်းစဉ်ကို ရှုမှတ်ကျင့်ကြံနိုင်ခဲ့သော်လည်း မဟာလမ်းစဉ်၏ ရှေးဟောင်းလမ်းမကြီးသည် မရေမတွက်နိုင်သောသူတို့ကို တားမြစ်နိုင်နေဆဲဖြစ်သည်။ ရီဖူရှင်းသည် ရှေ့ဆက်လျှောက်သွားခဲ့သည်။ ကောင်းကင်နှင့်မြေကြီးကြား လွင့်မျောနေသည့် အဆုံးမဲ့အက္ခရာများကြားတွင် သူယခင်က မမြင်တွေ့ဖူးသော နတ်ဘုရားများ၏ ရုပ်ထုအချို့လည်း ရှိနေသည်။ ၎င်းတို့သည် ကောင်းကင်တောင်တန်းများ၏ စွမ်းအားနှင့် သော်လည်းကောင်း၊ ဓားတောင်၏စွမ်းအားနှင့်သော်လည်းကောင်း၊ ဟွမ်ကျုံး ထုတ်လွှတ်လိုက်သော စွမ်းအားနှင့် သော်လည်းကောင်း တူညီသောစွမ်းအားများရှိကြသည်။ ထိုစွမ်းအားများသည် ဤဗိမာန်မှ ဆင်းသက်လာပုံ ပေါ်သည်။
“ဓါးသခင်” ရီဖူရှင်းသည် ရုပ်တုတစ်ခုနား တိုးကပ်သွားကာ တီးတိုးရေရွတ်လိုက်သည်။ အဆုံးမဲ့သော ဓါးစွမ်းအင်များသည် ကောင်းကင်နှင့်မြေကြီးကြားတွင် မျောပါလျက်စီးဆင်းလျက်ရှိနေသော ဓားမြစ်များအဖြစ်သို့ ပြောင်းလဲသွားသည်။ သူသည် ဓါးတရားတောင်တွင် ခံစားခဲ့ရသော ခံစားမှုမျိုးကို ရလိုက်သည်။ ထိုရုပ်ထုသည် လက်ဖြင့်ထွင်းထုထားသည့် ရုပ်ထုတစ်ခုဖြစ်ပြီး သူရဲကောင်းဆန်သော ပုံရိပ်များ အသက်ဝင်ထင်ဟပ်နေသည်။ ဓါးသခင်ဝမ့်လျှိုသည် ဓါးတရားလေးဆယ့်ကိုးကွက်ကို တီထွင်ခဲ့ပြီး ထိုသိုင်းကွက်များမှ အဆုံးအစမဲ့ ဓားပညာများ ဆက်လက်ပြန့်ပွါးခဲ့သည်။ သူသည် ဓါးချက်တစ်ချက်တည်းနှင့် ကောင်းကင် ခုနှစ်လွှာတိုင်အောင် ပိုင်းဖြတ် နိုင်စွမ်းရှိသည်။
“ဒါဘာကိုဆိုလိုတာပါလိမ့်” ရီဖူရှင်းက တီးတိုးရေရွတ်လိုက်သည်။ သူည် ထိုရုပ်ထုတွင် အလွန်ပြင်းထန်သော ဓါးစွမ်းအင်များ ကိန်းဝပ်နေသည်ဟု ထင်မိသည်။ ဤနေရာသည် ဓါးတရားတောင်ထက် လမ်းစဉ်ကို ပိုမို ထိုးထွင်းသိမြင်နိုင်သည့် နေရာဖြစ်သည်။ ထိုဓါးသခင် ဝမ့်လျှိုသည် ဓားနန်းတော်၏ဘိုးဘေးဖြစ်နိုင်ပေသည်။
ရီဖူရှင်းသည် ထိုနေရာတွင် ခဏမျှကြည့်ရှုပြီးနောက် တစ်နေရာသို့ ဆက်လျှောက်သွားလိုက်ရာ နတ်ဘုရား တစ်ပါးနှင့်တူသော ရုပ်ထုတစ်ခုကို မြင်လိုက်ရသည်။ ထိုရုပ်ထုသည် လမ်းစဉ်ကို ချိုးဖျက်နိုင်ခဲ့သော ကောင်းကင်အရှင် ကျန်းရှီဖြစ်ပြီး ကမ္ဘာကြီးကိုဖိနှိပ်ကာ ကောင်းကင်ခုနစ်လွှာကို ဖျက်ဆီးနိုင်စွမ်းရှိသည်။ ရီဖူရှင်း မျက်မှောင်ကျုတ်လိုက်ပြီး နောက်ထပ်ရုပ်ထုတစ်ရုပ်ကို ဆက်ကြည့်လိုက်သည်။ ထိုရုပ်ထုသည် ထိုင်လျက်ရှိပြီး ကုချင်ကို တီးခတ်နေသည်။ ထိုရုပ်တုရှေ့တွင် အဆုံးမဲ့ဂီတမှတ်စုများ ဝဲပျံနေကြသည်။ ရီဖူရှင်းသည် ထိုရုပ်တုကို မြင်သည်နှင့် နတ်ဘုရားဂီတနန်းတော်၏ဘိုးဘေးဖြစ်ကြောင်း သိလိုက်သည်။
ရီဖူရှင်းသည် ရုပ်ထုများကို ဖြတ်သန်းကာ လျှောက်သွားပြီးနောက်တွင် အနည်းငယ်တုန်လှုပ်သွားမိသည်။ နောက်ဆုံးတွင် သူသည် ဗိမာန်တော်၏ ရှေ့ဘက်ခြမ်းသို့ ရောက်သွားပြီး ထိုနေရာတွင် ရုပ်ထုများမရှိတော့ဘဲ ကျောက်စာချပ်တစ်ခုသာရှိတော့သည်။ ထိုကျောက်စာမှ မဟာလမ်းစဉ်၏တောက်ပသော အလင်းတန်းများ ထုတ်လွှင့်နေပြီး ဗိမာန်တစ်ခုလုံးကိုလွှမ်းခြုံထားသည်။ ထိုကျောက်စာထက်တွင် စာကြောင်းနှစ်ကြောင်းသာ ရှိသည်။
“ကမ္ဘာကြီးအတွက်နှလုံးသားရှင်သန်စေပြီး ပြည်သူတွေအတွက်ဘ၀တစ်ခုတည်ဆောက်ပါ။”
ထိုစာသားနှစ်ကြောင်းသည် အသံအဖြစ်ပြောင်းလဲသွားကာ ရီဖူရှင်း၏ စိတ်ထဲဝင်ရောက်လာပြီး သူ့စိတ်ထဲတွင် ပဲ့တင်ရိုက်ခတ်သွားသည်။ ထိုအသံသည် မဟာလမ်းစဉ်၏အသံကဲ့သို့ အတန်ကြာသည်အထိ အဆက်မပြတ် ပေါ်ထွက်နေလေသည်။ ထိုအချိန်တွင် ရီဖူရှင်းသည် အလွန်အံ့အားသင့်ကာ စိတ်လှုပ်ရှားနေပြီး နှလုံးခုန်သံများ မြန်ဆန်လာသည်။ ကမ္ဘာကြီးအတွက်နှလုံးသားရှင်သန်စေပြီး ပြည်သူတွေအတွက်ဘ၀တစ်ခုတည်ဆောက်ပါ။ အတိတ်ကာလ၏ မြင့်မြတ်သောအသိပညာကို ဆက်ခံပြီး အနာဂတ်အတွက် ငြိမ်းချမ်းရေးကိုဖန်တီးရမည် ဖြစ်သည်။
မြင့်မားသောကောင်းကင်ဘုံသည် မည်သို့သောနေရာမျိုးဖြစ်ပြီး ဤတော်ဝင်မြေမှ ထိပ်တန်းပုဂ္ဂိုလ်သည် မည်မျှ ရဲရင့်သောသူ ဖြစ်ခဲ့ပါသနည်း။ ရှန့်ရှောင်းနန်းတော်သည် ပြင်ပလောက၏ လောကီရေးရာကိစ္စများတွင် မည်သည့်အခါကမျှ ပါဝင်ပတ်သက်ခြင်းမရှိသလို ဝင်ရောက်စွက်ဖက်ခြင်းလည်း မရှိကြောင်း သူသိသည်။ ထိုနန်းတော်သည် ပညာသင်ကြားသည့် နေရာတစ်ခုသာဖြစ်သဖြင့် လမ်းစဉ်သက်သေနယ်မြေအား ဖွင့်လှစ်ပြီး အဆင့်မြင့်ကောင်းကင်ဘုံရှိ ထိပ်တန်းအင်အားစုအားလုံးကို ၀င်ရောက်ရန် ဖိတ်ကြားခဲ့ပုံပေါ်သည်။ ဤနေရာ၏ နေရာတိုင်းသည် ကျင့်ကြံရန်အတွက် အလွန်သင့်လျော်ပြီး စစ်မှန်သော ကျင့်ကြံခြင်းတော်ဝင်မြေတစ်ခုဖြစ်သည်။ သို့သော် ဤနေရာသည် တော်ဝင်ကျင့်ကြံခြင်းနယ်မြေဖြစ်နေလျှင်ပင် ဤနေရာရှိသူများသည် အဘယ်ကြောင့် ဤမျှရဲရင့်ကြသနည်း။ နတ်နန်းတော်သည် မည်သို့သောတာဝန်မျိုးကို ထမ်းဆောင်ခဲ့ပါသနည်း။
ထိုနတ်ဘုရားနန်တော်သည် ကျင့်ကြံရန်အတွက် စွမ်းအားအပြည့်ဝဆုံးနေရာ ဖြစ်သည်မှာသေချာပေသည်။ နန်းတော်ကိုးခုမှ ဘိုးဘေးများ၏ ရုပ်ထုများသည် ဤနေရာတွင်ရှိနေပြီး မဟာလမ်းစဉ်၏ လျှို့ဝှက် ဆန်းကြယ်သော အသက်စွမ်းအင်များသည် ဗိမာန်တစ်ခုလုံးကို လွှမ်းခြုံထားသည်။ သို့ဆိုလျှင် ဤနေရာတွင် ခြေချနိုင်ရန်အတွက် အဘယ်ကြောင့် ဤမျှခက်ခဲနေရသနည်း။ သူ၏အမြင်အရ ဟွမ်ကျုံးမှလွဲ၍ နတ်ဘုရား နန်းတော်၏ အခြားတပည့်များဖြစ်သော ရီထျန်းယွီ နှင့် လီတောက်စီတို့ပင်လျှင် ဤနေရာသို့ ခြေချရန် မလွယ်ကူပေ။ သူဗိမာန်အပြင်ဘက်တွင်ရှိနေစဉ်က ဗိမာန်အတွင်းမှ အသံက သူ့အား အဘယ်ကြောင့် ကျင့်ကြံခဲ့သနည်းဟု မေးခဲ့သည်ကို အမှတ်ရလိုက်သည်။ သူကကျင့်ကြံရန်မှလွဲပြီး အခြားရွေးချယ်စရာ မရှိကြောင်းပြန်ပြောခဲ့ပြီးနောက် မည်သည်ကိုမျှ ထပ်မံမပြောတော့ပေ။ ထိုမေးခွန်းသည် စမ်းသပ်မှုတစ်ခု ပေလော။
ရီဖရှင်းသည် ထိုခမ်းနားကြီးကျယ်သောလက်ရေးကို ကြည့်လိုက်သည်။ ထိုစာလုံးများသည် သူ၏စိတ်ထဲတွင် တံဆိပ်နှိပ်ထားသကဲ့သို့ စွဲထင်နေခဲ့သည်။ သူသည် လေးစားမှုအပြည့်ဖြင့် ကျောက်စာတိုင်ကို အရိုအသေ ပြုလိုက်သည်။ ဤစာကြောင်းနှစ်ကြောင်းတွင် ဖော်ပြထားသော ရဲရင့်မှုသည် လေးစားကြည်ညိုထိုက်ပေသည်။
ရီဖူရှင်းသည်ခေါင်းမော့ကာ ကျောက်စာကိုမော့ကြည့်ပြီးပြောလိုက်သည်။ “အကြီးအကဲ ကျွန်တော်မှာ တစ်ချို့သံသယဖြစ်စရာလေးတွေ ရှိနေတော့ အကြီးအကဲရဲ့အကြံဥာဏ်တွေ လိုအပ်နေပါတယ်” ဗိမာန်အတွင်း တွင် မည်သူမျှ မရှိသော်လည်း အသံထွက်ခဲ့သည်ဖြစ်ရာ ဤနေရာတွင် သူ မမြင်နိုင်သာတစ်စုံတစ်ယောက် ရှိနေနိုင်ပေသည်။ ရီဖူရှင်း၏အသံသည် ဗိမာန်အတွင်း ပဲ့တင်ထပ်သွားပြီး နောက်တွင် အတန်ငယ် တိတ်ဆိတ်သွားပြီးနောက် အသံထွက်လာသည်။
“ငါ့ကိုမေးနိုင်တယ်” ထိုအုံ့ဆိုင်းနေသောအသံသည် မည်သည့်နေရာကထွက်ပေါ်လာမှန်းမသိဘဲ နေရာတိုင်းမှ ထွက်ပေါ် လာသည်ဟုထင်ရသည်။“ကျွန်တော်ဘယ်ရောက်နေတာလဲ”ရီဖူရှင်းကမေးလိုက်သည်။ “နတ်ဘုရား နန်းတော်ရဲ့ အမွေဆက်ခံခြင်းနယ်မြေက နတ်ဘုရားဗိမာန်တော်။” အသံကပြန်ဖြေလိုက်သည်။ “ဒီဗိမာန်ကို ဘယ်သူ တည်ဆောက်ခဲ့တာလဲ” ရီဖူရှင်းက ထပ်မေးလိုက်သည်။“ နတ်နန်းတော်ရဲ့ ဘိုးဘေးတွေ” အသံကပြန်ဖြေလိုက်သည်။“ဘာကြောင့် တည်ဆောက်ခဲ့တာလဲ။” ရီဖူရှင်းက ထပ်မေးလိုက်သည်။ ဗိမာန်အတွင်းမှ အသံသည် ချက်ချင်း ပြန်လည် တုံံ့ပြန်ခြင်းမရှိတော့ဘဲ တိတ်ဆိတ်သွားသည်။
“အဖြေကိုမင်းမြင်ခဲ့တာပဲ” အတန်ငယ်တိတ်ဆိတ်သွားပြီးနောက် ပြန်ဖြေခဲ့သည်။ ကျောက်စာပေါ်တွင် သူတွေ့ ခဲ့ရသော ကမ္ဘာနှင့်ပြည်သူတို့အတွက် ရေးထွင်းထားသော စာကို ပြောနေပုံပေါ်လေသည်။“ အရှင် ဘာကိုဆိုလိုတာလဲ မသိဘူး။” ရီဖူရှင်းကပြောလိုက်သည်။ သူနားမလည်သောကြောင့် ဆက်လက် မေးမြန်း လိုက်သည်။ “နတ်နန်းတော်ဟာ အထက်ကောင်းကင်ဘုံမှာ ကျင့်ကြံခြင်းအတွက် အကောင်းဆုံး တော်ဝင်မြေ တစ်ခုပဲ။ တစ်ခြားဘုံကလူတွေတောင် ဒီကိုလာပြီးလေ့လာသင်ယူကြတယ်။ ဒီလို အကြောင်းတရား တွေ ရှိနေတာတောင် နတ်နန်းတော်ရဲ့တပည့်တွေကို ဘာကြောင့်ဒီကျင့်ကြံခြင်းနယ်မြေမှာ ကျင့်ကြံခွင့် မပြုရတာလဲ ” ရီဖူရှင်းက ထပ်မေးလိုက်သည်။
“လောကကြီးမှာ ပြီးပြည့်စုံမှုဆိုတာ မရှိဘူး။ သူတို့ကဒီကိုတောင် ရောက်မလာနိုင်ရင် ဒီနေရာနဲ့ မသက်ဆိုင်ဘူး” အသိပိုင်ရှင်က ပြန်ပြီးဖြေခဲ့သည်။ ရီဖူရှင်း၏ စိတ်နှလုံးများ လှုပ်ရှားသွားသည်။ လောကကြီးတွင် ပြီးပြည့်စုံမှု ဆိုတာ မရှိပေ။ထိုနေ့က အရှင်ထိုက်ရွှမ်သည် ထိုက်ရွှမ်တောင်ပေါ်တွင် အောင်မြင်စွာ အဆင့်တက်နိုင်သွားပြီး နောက် သူသည်သက်ပြင်းချပြီး လောကကြီးက ပြီးပြည့်စုံခြင်းမရှိဟုဆိုခဲ့သည်။ “လောကကြီးက ဘာလို့ပြီးပြည့်စုံမှု မရှိရတာလဲ” ရီဖူရှင်း ထပ်ပြီးမေးလိုက်သည်။ သူကပိုပြီး ရှုပ်ထွေးသွားသည်။“ကောင်းကင်လမ်းစဉ် ပြိုကွဲနေလို့ပဲ” အသံပိုင်ရှင်က ပြန်ဖြေလိုက်သည်။ ရီဖူရှင်း၏ စိတ်ထဲတွင် တုန်လှုပ်သွားသည်။ ကောင်းကင်လမ်းစဉ်သည် ပြိုကွဲ နေသဖြင့် လောကကြီးတွင် မပြည့်စုံမှုများရှိနေသည်။
“အရှင် ကျွန်တော်တို့ မြင်နေရတဲ့လောကကြီးဟာ အမှန်တကယ်မဟုတ်ကြောင်း အရင်က အရှင်ပြောဖူးတယ်၊ ဒါဆို အစစ်အမှန်လောကကြီးကဘာလဲ” ရီဖူရှင်းက ထပ်မေးလိုက်သည်။ ဗိမာန်တော်အတွင်းမှ ထိုစကား ပြောလာစဉ်က သူနားမလည်ခဲ့ပေ။
“အဲဒါက မင်းဟာ အစစ်အမှန်မဟုတ်ဘူးဆိုတာ ငါမြင်နိုင်ခဲ့သလိုပေါ့။ အစစ်အမှန်ကမ္ဘာကြီးကို မြင်နိုင်ဖို့ မင်းကိုယ်တိုင် စူးစမ်းလေ့လာဖို့လိုအပ်တယ်” အသံပိုင်ရှင်က ပြန်ဖြေလိုက်သည်။ “ဒီဗိမာန်ရဲ့ရည်ရွယ်ချက်က ကျွန်တော်တို့ဘိုးဘေးတွေရဲ့ လမ်းစဉ်ကို ထိုးထွင်းသိမြင်နိုင်ဖို့မဟုတ်လား။ ဟွမ်ကျုံးက ဘာလို့ အပြင်မှာထိုင်ပြီး ကျင့်ကြံနေရတာလဲ” ရီဖူရှင်းက ဆက်မေးလိုက်သည်။ “ဒီနေရာရဲ့ရည်ရွယ်ချက်က ဘိုးဘေးတွေရဲ့လမ်းစဉ်ကို နားလည်ဖို့မဟုတ်ပါဘူး” အသံပိုင်ရှင်က ပြောလိုက်သည်။ “ ဒါဆိုဘာလဲ” ရီဖူရှင်းက စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
“ကမ္ဘာလောကကြီးက ပြီးပြည့်စုံမှုမရှိသလိုပဲ မဟာလမ်းစဉ်ဟာလည်း ပြီးပြည့်စုံမှုမရှိဘူး။ ကျင့်ကြံသူတွေ တည်ဆောက်ခဲ့တဲ့ မဟာလမ်းစဉ်ဝင်ရိုးဟာလဲ ချို့ယွင်းချက်တွေ ရှိနေပြီး ပြီးပြည့်စုံတဲ့ မဟာလမ်းစဉ်ဝင်ရိုး မဟုတ်ဘူး။ အဲဒီမှာ ထင်ရှားတဲ့ချို့ယွင်းချက်တွေ၊ အက်ကြောင်းတွေ ရှိနေတယ်လို့ပြောနိုင်တယ်” တစ်ဖက်လူက ဖြည်းညင်းစွာဖြင့် ပြန်လည်ဖြေကြားလိုက်သည်။ ရီဖူရှင်းသည် ထိုစကားကိုကြားလိုက်ရသောအခါ အလွန်အမင်း တုန်လှုပ်သွားမိသည်။
“ရန်ဟောင်အဆင့်ကလူတွေ ဖန်တီးခဲ့တဲ့ မဟာလမ်းစဉ်ဝင်ရိုးတွေကတောင် ချို့ယွင်းနေခဲ့တာလား” ရီဖူရှင်း မေးလိုက်သည်။ လူတစ်ယောက်သည် ရန်ဟောင်အဆင့်သို့ရောက်လျှင် ကြီးကျယ်မြင့်မြတ်သောသူတစ်ဦး ဖြစ်လာသည်။ သို့သော် သူတို့၏မဟာလမ်းစဉ်ဝင်ရိုးများသည်လည်း ပျောက်ဆုံးသွားခဲ့သည်လော။ ထိုအရာ သည် လုံးဝတွေးမထင်ထားမိခဲ့သောအရာဖြစ်သည်။
“တစ်ချို့လူတွေက အဲဒါကို မဟာလမ်းစဉ်ရဲ့သာမန်ဝင်ရိုးလို့ခေါ်ကြတယ်။ ဟွမ်ကျုံးက မဟာလမ်းစဉ်ရဲ့ ပြီးပြည့်စုံတဲ့စက်ဝန်းကို တည်ဆောက်လိုခဲ့တယ်၊ ဒါပေမယ့်တကယ်တော့ မဟာလမ်းစဉ်ရဲ့ဘုံသုံးထောင်လုံးက ရန်ဟောင် အဆင့်အများစု တည်ဆောက်ခဲ့ကြတဲ့ မဟာလမ်းစဉ်ဝင်ရိုးက မပြည့်စုံဘူးလို့ပြောလို့ရတယ်။ အဲဒီအဓိပ္ပာယ်က မဟာ လမ်းစဉ်က ပြီးပြည့်စုံမှုမရှိဘူးလို့ ဆိုလိုတာပဲ” ရီဖူရှင်းက တိတ်ဆိတ်စွာဖြင့် နားထောင်နေခဲ့သည်။ ရန်ဟောင်များသည် ဤရက်စက်သည့် အမှန်တရားကို သိကြပါ၏လော။ သူမြင်တွေ့ခဲ့သည့် ကမ္ဘာကြီးသည် ပြည့်စုံသောကမ္ဘာကြီးမဟုတ်ကြောင်းပြောခဲ့သည်။ ထိုသို့ဆိုလျှင် ကမ္ဘာကြီး၏ အမှန်တရားသည် မည်သည့်အရာ ဖြစ်သနည်း။
“မဟာလမ်းစဉ်ရဲ့အစစ်အမှန်ဝင်ရိုးက ရွှေရောင်နတ်လမ်းစဉ်ဝင်ရိုးဖြစ်ပြီးတော့ ပိုပြီးတော့ တောက်ပတဲ့ အလင်းရောင်တွေရှိတယ်။ အစစ်အမှန်မဟာလမ်းစဉ်ဝင်ရိုး ဖြစ်ပေါ်လာတာနဲ့တပြိုင်နက် နေနဲ့လတို့ဟာ ထွန်းလင်းတောက်ပလာကြတယ်” တစ်ဖက်လူက စိတ်လှုပ်ရှားသည့်အသံဖြင့် ပြောလိုက်သည်။ “စစ်မှန်တဲ့ မဟာလမ်းစဉ်ဝင်ရိုးကို တည်ဆောက်နိုင်တဲ့သူတွေသာ မဟာလမ်းစဉ်ဝင်ရိုးရဲ့ အားနည်းချက်တွေကို သိမြင်နိုင်လိမ့်မယ်”
“ဒါဆို ဒီဗိမာန်ရဲ့အဓိပ္ပာယ်က အဲဒါပေါ့။” ရီဖူရှင်းက မေးလိုက်သည်။ သူသည် ထိုဗိမာန်အတွင်းတွင် အလွန်အံ့သြဖွယ်ကောင်းသော စွမ်းအားတစ်ခုရှိနေပုံရသည်ဟု ခံစားခဲ့ရသည်။ ထိုစွမ်းအားများသည် လမ်းစဉ် သက်သေနယ်မြေမှ သစ်ပင်များကဲ့သို့ပင် ဖြစ်သည်။
“အဲဒါအမှန်ပဲ” ဟုအသံပိုင်ရှင်က ပြန်ပြောလိုက်သည်။ “ဒီဗိမာန်ကိုယ်တိုင်က ချို့ယွင်းချက်တွေရှိနေတဲ့ ကမ္ဘာကြီးကို ဖြည့်ဆည်းပေးပြီးတော့ ဒီနေရာက မဟာ လမ်းစဉ်ဟာ မပျောက်ကွယ်ဘဲရှိနေလိမ့်မယ်။ တကယ်လို့ ဒီနေရာမှာ ကျင့်ကြံပြီးတော့ ရန်ဟောင်ဖြစ်လာမယ် ဆိုရင် ပြီးပြည့်စုံတဲ့ မဟာလမ်းစဉ်ဝင်ရိုးကိုတည်ဆောက်နိုင်လိမ့်မယ်။ ဒါပေမယ့် အဲဒါက မဟာလမ်းစဉ်ရဲ့ သာမန်စက်ဝန်းကို တည်ဆောက်တာထက်ကို ပိုပြီးခက်ခဲလိမ့်မယ်။ တကယ်လို့ လူတစ်ယောက်ဟာ လမ်းစဉ် မြစ်ကို ဖြတ်ပြီး ရွှေရောင်လမ်းမကိုတောင် မဖြတ်သန်းလာနိုင်ဘူးဆိုရင် ဒီနေရာမှာ ကျင့်ကြံခြင်းဟာ အဓိပ္ပာယ် မရှိဘူး။ ဒါပေမယ့်မင်းနဲ့ ဟွမ်ကျုံးတို့က ဒီနေရာကို ရောက်လာနိုင်ခဲ့တယ်။”
ရီဖူရှင်း၏ အတွေးများ ပျောက်ကွယ်သွားသည်။ ထိုအချိန်တွင် သူ့စိတ်ထဲ အရာတော်များများ ဝင်ရောက်လာသည်။ အရာများစွာသည် ၎င်းနှင့်ဆက်စပ်နေပုံရသည်။ သို့မဟုတ် သူ့ဘဝသည် ထူးခြားသောအရာတစ်ခုမှ အစပြုခဲ့ပြီး သူသည်ဤ“ ကမ္ဘာ၏အမှန်တရား” နှင့်သွယ်ဝိုက်စွာ ဆက်စပ်နေသည်ဟု ခံစားရသည်။
“ဒီဗိမာန်အတွင်းက ရတနာဟာ မဟာလမ်းစဉ်ဝင်ရိုးရဲ့ချို့ယွင်းချက်တွေကို အမှန်တကယ် ပြုပြင်ပေးနိုင် ခဲ့တယ်။ တကယ်လို့ ဒီအစွမ်းဟာ ဗိမာန်ရဲ့စွမ်းအားမဟုတ်ဘူးဆိုရင် တစ်ကမ္ဘာလုံး သွေးလွှမ်းတဲ့ပဋိပက္ခတွေ ဖြစ်လာမှာ ကြောက်မိတယ်။” ရီဖူရှင်း တီးတိုးရေရွတ်မိသည်။
ရုတ်တရက် သူ၏အသံသည်တုန်ခါသွားပြီး ပြင်းထန်သော ဖိအားတစ်ခု သူ့အပေါ်ကျရောက်လာသည်။ ရီဖူရှင်းသည် ပုံမှန်အတိုင်း အေးဆေးငြိမ်သက်စွာဖြင့် ရှေ့သို့ ကြည့်လိုက်သည်။ “မင်းပြောတာမှန်တယ် နန်းတော်က မြင့်မားသောကောင်းကင်ဘုံရဲ့ ကျင့်ကြံခြင်း အတွက် တော်ဝင်မြေအဖြစ် ထိပ်ဆုံးနေရာမှာ ရှိနေပေမယ့် ခြိမ်းခြောက်မှုတွေ အမြဲရှိခဲ့တယ်။ နတ်နန်းတော် အားနည်းသွားတာနဲ့တစ်ပြိုင်နက် သွေးထွက်သံယိုမှု အများအပြား ဖြစ်လာလိမ့်မယ်” ဆက်လက်ထွက်ပေါ် လာသည့်အသံကို ကြားလိုက်ရသည်။
သာမန်လူများ မသိခဲ့ကြသော်လည်း ထိပ်တန်းပုဂ္ဂိုလ်များသည် ကမ္ဘာကြီး၏ ပြီးပြည့်စုံမှုမရှိသော လျှို့ဝှက်ချက်ကို မသိဘဲနေမည်မဟုတ်ပေ။ ကမ္ဘာ၏ချွတ်ယွင်းချက်များကို ဖြည့်ဆည်းပေးရန် မြင့်မြတ်သောနန်းတော်၌ ရတနာတစ်ခုရှိသည်။ ထိုရတနာအား မည်မျှများပြားသည့်လူများက လိုချင်ကြမည်ကို စိတ်ကူးကြည့်နိုင်သည်။ ရီဖူရှင်းပြောခဲ့သည်များသည် အလွန်မယဉ်ကျေးရာကျပေသည်။
“သိပါပြီ” ရီဖူရှင်းသည် ခေါင်းညိတ်ကာပြောလိုက်သည်။ သူသည် ထိုဆိုးရွားသော မေးခွန်းကို တမင်တကာ မေးခဲ့သည်မဟုတ်ဘဲ တစ်စုံတစ်ရာကို အတည်ပြုချင်၍ဖြစ်သည်။ သူသည် လမ်းစဉ်ကျင့်ကြံခြင်းတွင် မြောက်များစွာသော အရာများကို ကြုံတွေ့ခဲ့ရပြီး သူကိုယ်တိုင်သည်ပင် လျှို့ဝှက်ချက်တစ်ခုဖြစ်ခဲ့သည်။
“မင်းဘာကိုသိတာလဲ” အသံပိုင်ရှင်က မေးလိုက်သည်။ ရီဖူရှင်းသည် သူ၏ရှေ့မှ ကျောက်စာကိုကြည့်လိုက်သည်။ ကမ္ဘာကြီးကမပြည့်စုံမှုများရှိသော်လည်း နတ်နန်းတော်သည် ပြည့်စုံမှုရှိသော ကျင့်ကြံသူကို မွေးထုတ် လိုသည်။ “ကျွန်တော့်ရဲ့ ရှုပ်ထွေးမှုတွေကို ဖြေရှင်းတဲ့အတွက် ကျေးဇူးတင်ပါတယ်။” ရီဖူရှင်းသည် ကျောက်စာကို အရိုအသေပြုကာ ပြောလိုက်သည်။ ထို့နောက်သူသည် ရုပ်ထုတစ်ခုအနီးသို့ လျှောက်သွားပြီး မျက်လုံးများမှိတ်ကာ ကျင့်ကြံလိုက်သည်။ သူ၏ကိုယ်ပိုင်လျှို့ဝှက်ချက်များဖြစ်သဖြင့် သူ အဖြေပြန်မပေးတော့ပေ။ ကမ္ဘာလောကကြီး သည် ပြီးပြည့်စုံမှုမရှိသော်လည်း သူ၏လမ်းစဉ်သည် ပြီးပြည့်စုံပေသည်။
***