Switch Mode

အပိုင်း(၁၅၅၃)

ဟွမ်ကျုံး

လမ်းစဉ်မြစ်ကမ်းပေါ်တွင် နတ်နန်းတော်မှတပည့်များ ထွက်ပေါ်လာပြီးအကွာအဝေးမှ လမ်းစဉ်မြစ် တစ်ဖက်ကမ်းကို ကြည့်နေကြသည်။ ရီဖူရှင်း မည်သို့ ဖြစ်ပျက်နေသည်ကို တစ်ယောက်မှ မသိနိုင်ကြပေ။ သူသည် အမွေဆက်ခံခြင်းနယ်မြေမှ နတ်ဘုရားဗိမာန်တော်သို့ ၀င်ရောက်နိုင်ခဲ့သည်လား။ ထိုနေရာတွင် တစ်စုံ တစ်ယောက်နှင့် တွေ့ဆုံပြီး အခက်တွေ့နေသည်လော။

ထိုအချိန်တွင် လမ်းစဉ်မြစ်၌ လူပေါင်းများစွာရှိပြီး အချို့သော ပါရမီရှင်ကျင့်ကြံသူများသည် လမ်းစဉ်မြစ်ထဲသို့ ၀င်ရောက်သွားကြသည်။ သူတို့ထဲမှတစ်စုံတစ်ယောက်သည် လမ်းစဉ်မြစ်ကို ဖြတ်ကျော်ခဲ့ပြီး ရွှေလမ်းမကြီးပေါ်သို့ တက်ရောက်နိုင်ခဲ့သဖြင့် အံ့အားသင့်ခဲ့ကြရသည်။ သို့သော် ထိုသူသည် နတ်နန်းတော်၏ တပည့်မဟုတ်ဘဲ အပြင်လူတစ်ယောက်ဖြစ်သော ရွေရောင်နတ်နိုင်ငံ၏ တပည့် ကိုက်ရှီ ဖြစ်သည်။

ယခုအချိန်တွင် ကိုက်ရှီသည် မဟာလမ်းစဉ်၏ ရှေးဟောင်းရွှေရောင်လမ်းတွင် ရပ်နားလိုက်သည်။ သူ၏ ခန္ဓာကိုယ်သည် နတ်အလင်းများဖြင့် လွှမ်းခြုံထားပြီး သူ၏မျက်လုံးများတွင် ရွှေရောင်အလင်းတန်းများ တောက်ပ နေသည်။ သူသည် ရှေ့တည့်တည့်သို့ ကြည့်လိုက်သည်။ သူသည်သိုင်းပညာကို အဆုံးထိ ကျင့်ကြံနိုင်ခဲ့သော်လည်း ရွှေရောင်လမ်း၏ ထောင်ချောက်များကို ထိုးဖေါက်နိုင်ခြင်းမရှိပေ။

သူသည် ရီဖူရှင်းက ရှေးလမ်းမပေါ်မှ ထွက်သွားနိုင်ပြီး သူတို့ရှေ့မှ နန်းတော်သို့ ရောက်သွားခဲ့သည်ကို တွေ့မြင် ခဲ့ရသည်။ ရီဖူရှင်းအပြင် တစ်ခြားသူတစ်ယောက်လည်း သူ့ဘေးတွင် ရှိနေသည်။ ကိုက်ရှီသည် ထိုလူ၏ အကြောင်းကို ကြားသိခဲ့ပြီးဖြစ်သည်။ ထိုသူသည် အပြင်သို့ထွက်ခဲသော်လည်း အလွန်ကျော်ကြားသောသူ ဖြစ်သည်။ သူသည် ရန်ဟောင်မဖြစ်သေးသော်လည်း တစ်ကမ္ဘာလုံး၏ အာရုံစိုက်ခြင်းကို ခံခဲ့ရသည်။ အထူးသဖြင့် ထိပ်တန်းအင်အားကြီးနိုင်ငံများအားလုံး သူ့နာမည်ကိုသိကြသည်။ ကိုက်ရှီ၏ အကြီးအကဲတွေလည်း ထိုပုဂ္ဂိုလ်အကြောင်း မကြာခဏပြောပြလေ့ရှိကြသည်။ အချို့ကသူသည် နတ်နန်းတော် အရှင်သခင် ရာထူးကို အမွေဆက်ခံမည့်သူဟု ထင်မြင်ယူဆခဲ့ကြပြီး အချို့က သူသည် နတ်နန်းတော်၌ အမြဲတမ်း နေမည်မဟုတ်၊ မဟာလမ်းစဉ်၏ဘုံသုံးထောင်၏ အလယ်ဗဟိုဖြစ်သော မြင့်မားသောကောင်းကင်ဘုံမှာ သူ့အတွက် ခဏတာနေရာတစ်ခုဖြစ်သည်ဟုမှတ်ယူသည်အထိ ထိုသူကိုချီးကျူးခဲ့ကြသည်။

သူသည်နန်းတော်များအားလုံးအတူတကွ ပျိုးထောင်ခဲ့သော နန်းတော်ကိုးခုလုံး၏တပည့်တော်ဖြစ်သည်။ သူသည် မျိုးဆက်တစ်ခု၏ သင်္ကေတဖြစ်သည်။ ယခင်က ကိုက်ရှီသည်သူနှင့်ပတ်သက်၍ ပထမဆုံးအကြိမ် ကြားသိ ရသောအခါ မကျေမနပ်ဖြစ်ခဲ့ပြီး သူနှင့်တိုက်ခိုက်ရန်အခွင့်အရေးရလိုခဲ့သည်။ ယခုအခါတွင်လည်း သူသည် နတ်နန်းတော်တွင်သူနှင့်တွေ့လိုခဲ့သည်။ သို့သော် ထိုသူသည် အမွေဆက်ခံခြင်းနယ်မြေထဲသို့ ဝင်သွားခဲ့ သော်လည်း သူသည် ပြင်ပတွင်ပိတ်ဆို့ခြင်းခံနေရသည်။ ထိုသည်သာမက ထိုက်ရွှမ်တောင်မှ ရှန်ကျင်းနှင့်လည်း လမ်းခရီးတွင် တွေ့ဆုံခဲ့ရပြီး ရှန်ကျင်းသည် သူ့ကိုကျော်ဖြတ်ကာ ရွှေရောင်ရှေးဟောင်းလမ်းမှ ရှေ့ဆက်တက်သွား နိုင်ခဲ့သည်။

ကိုက်ရှီသည် ထိုသူနှစ်ယောက်ထက် နိမ့်ကျသူဖြစ်နေပြီလောဟု မိမိကိုယ်ကို မေးခွန်းထုတ်မိသွားသည်။ ထိုသို့ စဉ်းစားမိပြီးနောက် သူ၏ခန္ဓာကိုယ်မှ နတ်အလင်းရောင်များ ပိုမိုလင်းလက်တောက်ပလာပြီး ရှေ့သို့ဆက်လက် ချီတက်လိုက်သည်။ သူသည်လည်း သူတို့နှင့်အတူ လျှောက်လှမ်းချင်ပေသည်။ သူ၏နောက်တွင် ကမ္ဘာကိုပင် ဖိနှိပ်နိုင်စွမ်းသော ရွှေနတ်ဘုရားပုံရိပ်များထွက်ပေါ်လာသည်။ နတ်ဘုရားများ၏ ကြွေးကြော်သံများ ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်မှမဟာလမ်းစဉ်စွမ်းအား အမြောက်အများ ထွက်ပေါ်လာသည်။ သူသည် ချက်ချင်း ရှေ့သို့တက်လှမ်းလိုက်ရာ မဟာလမ်းစဉ်မုန်တိုင်းတစ်ခုကိုဖြစ်ပေါ်လာသည်။ သူသည် တစ်ခြားသူများကို အလျော့ပေးကာ နိမ့်ကျကျန်ရစ်ခဲ့မည်မဟုတ်ပေ။

“ဒါကဘာအဓိပ္ပာယ်လဲ” ရီဖူရှင်းသည် သူ့ရှေ့မှထိုင်နေသောသူကိုကြည့်ကာမေးလိုက်သည်။ နတ်နန်းတော်မှ လူများသည်ပင် သူ့အား တားဆီးခြင်းမရှိခဲ့ကြသော်လည်း ထိုနေရာတွင် ထိုင်နေသာ နတ်နန်းတော်၏ တပည့်က သူ့အားတားဆီးချင်နေသည်လော။ ထိုလူသည် မည်သည့်စကားမျှမဆိုဘဲ ငြိမ်သက်စွာ ထိုင်နေဆဲ ဖြစ်သည်။ သူ၏ တောက်ပသောမျက်လုံးများသည် သူ၏ရှေ့တည့်တည့်မှ နန်းတော်ကိုကြည့်နေလေသည်။

“မင်း နောက်ဆုတ်သင့်တယ်” သူသည် မည်သည့်ဖြေရှင်းမှ မပေးသော်လည်း ရီဖူရှင်းကို နောက်ဆုတ်စေချင် နေလေသည်။ ရီဖူရှင်းသည် ထိုအထီးကျန်ဆန်လှသောပုံရိပ်ကို စိုက်ကြည့်လိုက်ပြီး အလွန်မောက်မာသောသူ ဖြစ်သည်ဟု တွေးမိလိုက်သည်။

ရီဖူရှင်း၏ ခန္ဓာကိုယ်ထဲမှ မဟာလမ်းစဉ်စွမ်းအားများ၏ မြည်ဟိန်းသံများ ထွက်ပေါ်လာသည်။ သူသည် ထိုသူကိုတစ်ချက်ကြည့်လိုက်ပြီး မည်သည့်စကားမျှမဆိုဘဲ ရှေ့သို့ ဆက်သွား လိုက်သည်။  နတ်နန်းတော်မှ အကြီးအကဲများပင် ထိုကိစ္စအား မတားမြစ်သည်ဖြစ်ရာ နတ်နန်းတော်မှ တပည့်တစ်ဦးက သူ့ကို နောက်ဆုတ်ရန် မည်သည့်အတွက် ပြောဝံ့ရသနည်း။ သို့သော် ထိုသူသည် အလွန် အစွမ်းထက်သူ ဖြစ်ပြီး နတ်နန်းတော်မှ အစွမ်းအထက်ဆုံးတပည့်တစ်ဦးပင်ဖြစ်နိုင်ကြောင်း သူသိပေသည်။

သူသည် လီတောက်စီ ထက် ပိုမိုအစွမ်းထက်ပြီး သူ့ကို ဖိအားများစွာပေးနိုင်ပေသည်။ ထိုသို့မဟုတ်လျှင် သူသည် ထိုနေရာတွင် မရှိနေနိုင်ပေ။ သို့သော်လည်း ထိုနေရာသို့ရောက်လာသော ရီဖူရှင်းအားထွက်သွားရန် မည်သို့ တားဆီး နိုင်ပါမည်နည်း။ ရီဖူရှင်းသည် အမွေဆက်ခံရာနယ်မြေ၏ နတ်ဘုရားဗိမာန်တော်သို့ ရောက်လာ ကတည်းက နန်းတော်အတွင်းဘက်သို့ သွားရန်ဆုံးဖြတ်ပြီးဖြစ်သည်။

“ငါ့နာမည်က ဟွမ်ကျုံး” ရီဖူရှင်း၏ရှေ့တွင်ရှိနေသောသူက ပြောလိုက်သည်။ သူ၏အသံသည် မဟာလမ်းစဉ်၏ ခေါင်းလောင်းသံကဲ့သို့ အလွန်နက်ရှိုင်းပြည့်ဝသည်။ သူ၏အသံထွက်ပေါ်လာချိန်တွင် ကောင်းကင်နှင့် မြေကြီးအကြားတွင် မရေမတွက်နိုင်သော ရွှေရှေးဟောင်းခေါင်းလောင်းများ ပေါ်လာသည်။ သူ၏အသံသည် ကမ္ဘာတစ်ခွင်လုံး ပျံ့နှံ့သွားပြီး ရီဖူရှင်းအား ရစ်ပတ်သွားသည်။

ခေါင်းလောင်းသံများသည် လောကတစ်ခွင် မြည်ဟည်းသွားပြီး မဟာလမ်းစဉ်၏ မြည်ဟည်းသံကြီး ထွက်ပေါ်လာသည်။ မဟာလမ်းစဉ်၏ ဖျက်ဆီးခြင်း မုန်တိုင်းများသည် အလွန်ကြီးမားသော မဟာလမ်းစဉ်မုန်တိုင်းတစ်ခုအဖြစ် ဖြစ်ပေါ်လာပြီး ရီဖူရှင်းကိုဦးတည် တိုက်ခိုတ်လိုက်သည်။

ချက်ချင်းဆိုသလိုပင် ရီဖူရှင်းသည် မဟာလမ်းစဉ်၏ အလွန်ကြောက်မက်ဖွယ်ကောင်းသည့် တိုက်ခိုက်ရေး စွမ်းအားကို ခံစားလိုက်ရသည်။ ထိုစွမ်းအားသည် ပြင်ပကိုသာမက စိတ်ဝိညာဉ်ကိုပါ တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ ထိုသူသည် မတ်တပ်ရပ်လျက်ရှိနေသော်လည်း ရီဖူရှင်းအား လှည့်ပင်မကြည့်ပေ။ သူသည် ရှေ့တည့်တည့်သို့ ကြည့်ကာ ရပ်လျက်ရှိနေပြီး ရှေးဟောင်း မဟာလမ်းစဉ်ခေါင်းလောင်းများသည် သူ၏ကိုယ်ခန္ဓာ တစ်လျှောက် ဒေါသတကြီးလှည့်ပတ်ပျံသန်းနေကြသည်။ ထိုခေါင်းလောင်းများ၏ တိုက်ခိုက်မှု၏စွမ်းအားတွင် မဟာလမ်းစဉ်၏ သတ်ဖြတ်ခြင်းစွမ်းအားများ ပါဝင်နေကြသည်။

ထိုရွှေရောင်မိုးကြိုးကဲ့သို့သော သတ်ဖြတ်ခြင်းစွမ်းအားများသည် မိုးကောင်းကင်ကိုပင် ပြိုကွဲသွားစေပြီး နတ်ဘုရားများ၏ စိတ်ဝိညာဉ်ကိုပင် ပြိုကွဲသွားစေနိုင်ပေသည်။ သူ၏မဟာလမ်းစဉ်စွမ်းအားသည် လီတောက်စီ၏ ဓားထက် ပို၍အားကောင်းသည်။ ရီဖူရှင်းသည် ထိုဟွမ်ကျုံးသည် ပြန်လည်ရှင်သန်ခြင်းနှင့် ရန်ဟောင်အဆင့် ကြားက ကန့်သတ်ချက်သို့ အမှန်တကယ်ရောက်ရှိနေပြီဟု ခံစားမိလိုက်သည်။

ကောင်းကင်တစ်ခွင်လုံးရှိ မဟာလမ်းစဉ်၏ ရှေးဟောင်း ခေါင်းလောင်းများသည် စိတ်စွမ်းအားဖြင့် ဖန်တီးထားခြင်းဖြစ်ပြီး သူ၏ခန္ဓာကိုယ် ထဲတွင် စွမ်းအင်အလင်းတန်းများလှည့်ပတ်နေသည်မှာ မဟာလမ်းစဉ်ဝင်ရိုး၏ အလင်းတန်းများသဖွယ် ထင်မှတ်ရပေသည်။ ထိုသူသည် ရန်ဟောင်တစ်ပိုင်းဖြစ်ပြီး ရန်ဟောင်အဆင့်ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့ပုံ‌ ပေါ်လေသည်။

တကယ်တမ်းတွင်  ရီဖူရှင်းသည် ဟွမ်ကျုံး၏အဆင့်ကို လျှော့တွက်မိခြင်းဖြစ်သည်။ ဟွမ်ကျုံးသည် ယခုသူ၏ လက်ရှိအဆင့်တွင် နှစ်ပေါင်းများစွာနေထိုင်ခဲ့ပြီး ယခုအချိန်တွင် ရန်ဟောင်အဆင့်သို့ အချိန်မရွေးဝင်ရောက်နိုင် နေပြီဖြစ်သည်။ သူသည် ရန်ဟောင်အဆင့်သို့ မတက်ရောက်ခြင်းမှာ ကွဲပြားခြားနား သော မဟာလမ်းစဉ် စက်ဝန်းများကို တည်ဆောက်လိုခြင်းကြောင့်ဖြစ်သည်။

ဤနည်းဖြင့်သာ ရန်ဟောင်အဆင့်သို့ ဝင်ပြီးနောက် သူသည် အခြားရန်ဟောင်များနှင့် ကွဲပြားခြားနားပြီး ပိုမိုမြင့်မားသောအဆင့်သို့ ရောက်ရှိမည် ဖြစ်သည်။ သူသည် ထူးခြားစွာမွေးဖွါးလာခဲ့သူဖြစ်ပြီး ထူးခြားသောအရာများစွာကို လုပ်ဆောင်နိုင်ရပေမည်။ ရန်ဟောင်တစ်ပါး ဖြစ်လာရန်အိပ်မက်နေကြသည့် အခြားသောသူများ၏အိပ်မက်သည် သူ့အတွက် အရေးမပါလှပေ။  သူသည် ရန်ဟောင်တစ်ပါးဖြစ်လာလျှင်ပင် ပြိုင်ဘက်ကင်းသူတစ်ဦးသာ ဖြစ်ချင်ပေသည်။

နတ်ဘုရားစိတ်ဝိညာဉ်သည် ရီဖူရှင်း၏ကိုယ်ခန္ဓာမှ ပေါက်ကွဲထွက်လာပြီး နတ်အလင်းများ သူ့ခန္ဓာကိုယ် ပတ်ပတ်လည်တွင် တောက်ပလာကာ သူ့အားနတ်ဒေဝါတစ်ပါးတစ်ဖွယ်ထင်မြင်ရစေသည်။ တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်အတွင်းမှ နတ်ဆင်များ၏ အော်မြည်သံများထွက်ပေါ်လာသည်။ မဟာလမ်းစဉ်မှ မြည်ဟည်းသံ ကြီး ထွက်ပေါ်လာပြီး များပြားလှသော နတ်ဆင်ပုံရိပ်ယောင်များသည် ကောင်းကင်တစ်ခုလုံးကို ဖိနှိပ်တော့ မယောင် ထင်မှတ်ရသည်။

နတ်ဆင်၏စွမ်းအားများကို ကောင်းကင်သို့ ထုတ်လွှတ်လိုက်ပြီး ရီဖူရှင်းသည် ရှေ့သို့ အတင်းတိုးဝင်လိုက်သည်။ နတ်ဆင်၏စွမ်းအားများသည် တောက်ပသော မသေဆုံးနိုင်သည့် ဝိညာဉ်ဓါးသွားများ အသွင်ဖြင့် မဟာလမ်းစဉ်၏အလင်းတန်းများကို ဖျက်ဆီးပျောက်ကွယ်သွားစေလေသည်။

ဟွမ်ကျုံးသည် ရီဖူရှင်းကို ဖြေးညင်းစွာလှည့်ကြည့်လိုက်သည်။ သူ၏ပုံမှာ သာမာန်အတိုင်းသာ ရှိနေသော်လည်း သူ၏ခန္ဓာကိုယ်ပတ်၀န်းကျင်တွင် ထွက်ပေါ်နေသောလမ်းစဉ်အလင်းရောင်များသည် ပုံမှန်မဟုတ်ပေ။ ပထမဆုံး အကြိမ်အဖြစ် ဟွမ်ကျုံးသည်  ရီဖူရှင်းကိုလှည့်ကြည့်လိုက်ပြီး သူ့ခန္ဓာကိုယ်မှ အသက်စွမ်းအားများကို ခံစားမိ လိုက်သည်။ “ကောင်းကင်အာဏာစက်ဘုံက နတ်ဆင်ကလန်ရဲ့ နတ်ဆင်ခြေလှမ်းကောင်းကင်ချနင်းသိုင်းကွက်၊ ကောင်းကင်နတ်တံခါးဂိုဏ်းရဲ့ နတ်ဝိညာဉ်လွင့်မျှောခြင်းနဲ့ ထိုက်ရွှမ်တောင်ရဲ့ဓါးသိုင်းပဲ”

ရီဖူရှင်းသည် ဟွမ်ကျုံး၏စကားကို ကြားရသောအခါ အံ့အားသင့်သွားသည်။ သူကဲ့သို့သော တကယ့်ထိပ်တန်း အဆင့် ပါရမီရှင်သည်သာလျှင် တစ်ချက်ကြည့်လိုက်သည်နှင့် ထူးခြားသောစွမ်းရည်များကို သိမြင်နိုင်သည်။ သူသည် သာမန်လူများထက် အသိပညာပိုကြွယ်ဝပုံပေါ်သည်။

ဤနေရာသည် မြင့်မားသောကောင်းကင်ဘုံဖြစ်ပြီး ဟွမ်ကျုံးသည် ရှန့်ရှောင်းနန်းတော်တွင်ကျင့်ကြံခဲ့သည်။ သို့ရာတွင် သူသည် ကောင်းကင်အာဏာစက်ဘုံမှ အစွမ်းထက်စွမ်းအားများကို အလွယ်တကူသိနိုင်သည်ဖြစ်သဖြင့် သူ၏ဗဟုသုတသည် မည်မျှကျယ်ပြန့်ကြောင်း သိနိုင်ပေသည်။

“ကြည့်ရတာမင်းက ကောင်းကင်အာဏာစက်ဘုံကလူပဲ” ဟွမ်ကျုံးကဆက်ပြီးပြောလိုက်သည်။ နတ်ဆင် ခြေလှမ်းကောင်းကင်ချနင်းနှင့် နတ်ဝိညာဉ်လွင့်မျှောခြင်းတို့သည် နတ်ဆင်ကလန်နှင့် ကောင်းကင်နတ်တံခါးဂိုဏ်း တို့၏ အစွမ်းထက်သောသိုင်းကွက်များဖြစ်ကြသည်။ ထိုစွမ်းအားနှစ်မျိုးစလုံးအား အသုံးပြုနိုင်သည်ကို ကြည့်ခြင်း ဖြင့် ရီဖူရှင်းသည် သာမန်လူမဟုတ်ကြောင်း ပြောနိုင်ပေသည်။ သူသည် ထိုနေရာသို့ ရောက်လာနိုင်သည်မှာ အံ့ဩစရာ မဟုတ် တော့ပေ။

“ငါက ကောင်းကင် အာဏာစက်ဘုံက ရီဖူရှင်းပဲ” နန်းတော်အတွင်းမှ ကျယ်လောင်သော အသံတစ်ခု ထပ်မံထွက်ပေါ်လာသဖြင့် ရီဖူရှင်း မှင်သက်မိသွားပြီး သူ၏စိတ်ထဲတွင် ခံစားချက်တစ်မျိုး ဖြစ်ပေါ်လာသည်။ နတ်နန်းတော်မှပုဂ္ဂိုလ်သည် တစ်ချက်ကြည့်ရုံဖြင့် အလွယ်တကူ စစ်ဆေးနိုင်စွမ်းရှိသည်သာမက သူ၏ စွမ်းရည်များကိုပြသပြီးနောက်တွင် သူ၏အမှန်တကယ်ပုံရိပ်ကို တွေ့မြင်သွားခဲ့ပြီဖြစ်သည်။

သို့သော် ထိုအရာသည် ပုံမှန်သာဖြစ်သည်။ ဟွမ်ကျုံးသည်နတ်နန်းတော်၏တပည့်တစ်ဦး ဖြစ်သဖြင့် ကောင်းကင်အာဏာစက်ဘုံတွင် ဖြစ်ပျက်ခဲ့သည်များကို မသိနိုင်သော်လည်း ကောင်းကင်အာဏာစက်ဘုံတွင် ဖြစ်ပွါးသွားသော ထိုစစ်ပွဲသည် အလွန်လွှမ်းမိုးနိုင်စွမ်းရှိကာ ကောင်းကင်အာဏာစက်ဘုံ၏ အုပ်ချုပ်မှု ပုံစံအားအလွန်ထိခိုက်စေခဲ့သည်။ နတ်နန်းတော်မှ တပည့်အချို့လည်း ထိုနေရာတွင် ရှိနေခဲ့ကြပြီး နတ်နန်းတော်မှ အကြီးအကဲများသည် ထိုအဖြစ်အပျက်ကို သိရှိပြီးဖြစ်ကာ ထိုကိစ္စတွင် ပါဝင်ပတ်သက် နေနိုင်သည်ဖြစ်ရာ သူတို့သည် သူ့အားသိရှိကြသည်မှာ ပုံမှန်သာဖြစ်ပေသည်။

“အကြီးအကဲက ကျွန်တော့်ကိုသိနေတယ်ဆိုကတည်းက လက်ရှိအခြေအနေမှာ ရှန်ကျင်းဆိုတဲ့နာမည်ကို ကျွန်တော် ဘာလို့အသုံးပြုခဲ့သလဲဆိုတာ နားလည်နိုင်မှာပါ။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ” ရီဖူရှင်းက ဗိမာန်တော်ကို ကြည့်ပြီးပြောလိုက်သည်။ တစ်ဖက်လူသည် သူ့ကိုသိနေသောကြောင့် သူသည် ကောင်းကင် နတ်တံခါးဂိုဏ်း ပြိုကွဲခြင်းအကြောင်းကိုလည်းသိနေမည်ဖြစ်ရာ သူမည်သည့်အတွက် အသွင်ပြောင်းထားကြောင်း သိရှိပေမည်။ တစ်ခြားဘက်မှ အတန်ကြာအောင် တိတ်ဆိတ်သွားသလို ဟွမ်ကျုံးသည်လည်း ဆက်လက် တိုက်ခိုက်ခြင်းမရှိဘဲ ရပ်တံ့သွားသည်။ ထို့နောက် ဗိမာန်အတွင်းမှ စကားသံ ထပ်မံထွက်ပေါ်လာသည်။

“ဒီနေ့ခေတ်ကောင်းကင်အာဏာစက်ဘုံရဲ့ မျိုးဆက်သစ်ထဲမှာ အစွမ်းအထက်ဆုံးသူနှစ်ယောက်က  ရီဖူရှင်း နဲ့ ဂူတုံးလျှိုတို့ပဲ။ အခု အဲဒီနှစ်ယောက်ထဲက တစ်ယောက်က ဒီကိုရောက်နေတယ်။ မင်းရဲ့ရှေ့မှာရပ်နေတဲ့သူက အဆင့်မြင့်ကောင်းကင်ဘုံရဲ့ မျိုးဆက်သစ်ထဲမှာ အစွမ်းအထက်ဆုံးသူပဲ။ ဒါက မရှောင်လွှဲနိုင်တဲ့ မတော်တဆ တွေ့ဆုံမှုပဲ” ဗိမာန်အတွင်းမှ အသံရှင်က ပြောလိုက်သည်။ အစွမ်းအထက်ဆုံးသောသူများသည် သူတို့နှင့်အဆင့်တူ အစွမ်းထက်သူများနှင့် တွေ့ဆုံလိုကြသည်မှာ သူတို့တွင် အခြားပြိုင်ဘက်များ မရှိသောကြောင့်ဖြစ်သည်။ ဒါဟာ ကံတရားပဲလား။

ရီဖူရှင်းသည် ထိုစကားများကိုကြားသောအခါ ဟွမ်ကျုံးကိုကြည့်လိုက်သည်။ ထိုသူသည် အဆင့်မြင့် ကောင်းကင် ဘုံရှိ လူငယ်မျိုးဆက်တွင် အစွမ်းအထက်ဆုံးသူအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။ သူသည် အလွန်အစွမ်းထက်ပြီး ထိုနေရာသို့ ရောက်နိုင်သော တစ်ဦးတည်းသောသူဖြစ်သည်။ သူတို့၏ တိုက်ပွဲသည် စတင်ခြင်းမရှိသေးသော်လည်း ရီဖူရှင်းသည် သူ့ထံမှ ပြင်းထန်သောဖိအားကိုခံစားရပြီး လီတောက်စီနှင့်မတူဘဲ ပိုမိုအားကောင်းပေသည်။ ထို့ကြောင့်သူသည် လီတောက်စီထက် ပိုမိုမြင့်မားသောအဆင့်တွင် ရှိနေနိုင်ပေသည်။

“ငါသိပြီ” ဟွမ်ကျုံးသည် စိတ်ရှင်းသွားပုံပေါ်ပြီး တိုးတိုးလေးပြောလိုက်သည်။ ရီဖူရှင်း ထိုနေရာသို့ ရောက်လာ နိုင်သည်မှာ အံ့ဩစရာမရှိပေ။ သူသည် ကောင်းကင်အာဏာစက်ဘုံမှ အစွမ်းအထက်ဆုံးသူများထဲမှ တစ်ဦး ဖြစ်နေသည် မဟုတ်လော။ သို့သော်လည်း သူ၏အဆင့်သည် ရီဖူရှင်းထက် များစွာသာလွန်သောကြောင့် သူတို့နှစ်ဦး ရင်ဆိုင်ရမည်ဆိုလျှင် မျှတမှုမရှိပေ။

ရီဖူရှင်းကို ကြည့်ပြီးနောက် ဟွမ်ကျုံးသည် သူ၏လက်ကို မြောက်လိုက်ရာ မဟာလမ်းစဉ်၏ ရှေးဟောင်းခေါင်းလောင်းများသည် ရုတ်တရက် ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး သံပြိုင်မြည်ဟည်းသွားသည်။ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ရွှေရောင်လျှပ်စီးတန်းများ အရူးအမူး ပေါ်ထွက်လာသည်။ မိုးကောင်းကင်ထက်တွင် မြင့်မားသောနတ်ဘုရားပုံရိပ်များသည် အစစ်အမှန် နတ်ဘုရား များကဲ့သို့ ပေါ်ထွက်လာကြသည်။ ဟွမ်ကျုံးသည် သူ၏လက်ချောင်းကို ရီဖူရှင်းထံသို့ ညွှန်ပြလိုက်သည်။ မဟာလမ်းစဉ်၏ ရွှေရောင်စက်ဝန်းများထွက်ပေါ်လာပြီး ကမ္ဘာတစ်ခုလုံးကို ဖိနှိပ်ကာ မိုးကောင်းကင်ကို ပျက်စီးစေပြီး စိတ်ဝိညာဉ်များကို ဖျက်ဆီးပစ်သည်။ ထိုအချိန်တွင် အရာအားလုံးသည် ချောက်နက်ကြီးထဲ ပြိုကျ ပျက်စီးသွားသကဲ့သို့ ထင်ရပေသည်။

ရီဖူရှင်း၏ခန္ဓာကိုယ်မှ နက်ရှိုင်းစွာထိုးထွင်းသိမြင်ခဲ့သော မဟာလမ်းစဉ် စွမ်းအားများ ပေါက်ကွဲထွက်လာပြီး ကြီးမားခန့်ထည်လှသော နတ်ဆင်ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ သူ၏ လက်ဖဝါးကိုမြှောက်လိုက်ရာ နတ်ဆင်တစ်ကောင်သည် မိုးကောင်းကင်ထက်သို့ တစ်ဟုန်ထိုးပြေးထွက်သွားသကဲ့သို့ တစ်ဒင်္ဂဓါးချက်သည်လည်း နီးကပ်လာသော တိုက်ခိုက်မှုကို ကာကွယ်ဖျက်ဆီးလိုက်သည်။

ကလင် …

ရှေးဟောင်းဖျက်ဆီးခြင်း ခေါင်းလောင်းမြည်သံ ထွက်ပေါ်လာချိန်တွင် မဟာလမ်းစဉ်ဝင်ရိုး၏ အရာအားလုံး ပျက်စီးသွားသည့်ပုံပေါ်သည်။ ဧရာမနတ်ဆင်ပုံရိပ်များ တစ်စစီပြိုကွဲပျက်စီးသွားပြီး ဓါးအလင်းများသည်လည်း ပျောက်ကွယ်သွားသည်။ မဟာလမ်းစဉ်၏ ရှေးဟောင်းခေါင်းလောင်းရှေ့တွင် အရာအားလုံးသည် ဘာမှ မဟုတ်သလို ပျက်စီးပျောက်ကွယ်သွားရသည်။

ကလင်…ကလင်…ကလင်…

တစ်လောကလုံးတွင် ပျက်စီးခြင်းခေါင်းလောင်းသံများ အချိန်အတန်ကြာသည်အထိ မြည်ဟည်းနေ၏။ ရုတ်တရက် အော်သံတစ်ခုနှင့်အတူ ရီဖူရှင်း၏ ခန္ဓာကိုယ်သည် လွှင့်စင်သွားသည်။ သူ၏ကိုယ်ပေါ်တွင် ဒဏ်ရာအနည်းငယ်ရှိသော်လည်း သူ၏ခန္ဓာကိုယ်တစ်ဝိုက်တွင် သန်မာအားကောင်းသည့် စွမ်းအင်များ ရစ်သိုင်းနေပြီး သူ၏အသက်စွမ်းအင်သည်လည်း အားကောင်းနေဆဲဖြစ်သည်။ သူသည် လှေကား ထက်မှ ကျဆင်းလာသော်လည်း ဟွမ်ကျုံးကို မော့ကြည့်နေဆဲဖြစ်သည်။

မဟာလမ်းစဉ်ကိုယ်ခန္ဓာနှင့် မဟာလမ်းစဉ်စိတ်ဝိညာဉ်။ ဟွမ်ကျုံးသည် ရန်ဟောင်အဆင့်တက်ရောက်ရန် ခြေတစ်လှမ်းမျှသာ လိုတော့သည့်အဆင့် မဟုတ်ပေ။ သူ၏အဆင့်သည် ရန်ဟောင်အဆင့်နှင့် တစ်တန်းတည်း ဟုပင် ဆိုနိုင်ပေသည်။ သူသည် ရပ်နေသည့်နေရာမှ ရီဖူရှင်းကိုတစ်ချက်ကြည့်လိုက်ပြီး လှည့်ထွက်သွားကာ မူလနေရာတွင် ပြန်လည်ထိုင်ချလိုက်သည်။ ထို့နောက်မည်သည့်အရာမျှ မဖြစ်ခဲ့သကဲ့သို့ သူ၏မျက်လုံးများကို မှိတ်လိုက်သည်။

“ဝင်သွားပါ” ဟွမ်ကျုံးကပြောလိုက်သည်။ သူသည်ထိုထက်ပိုပြီး သူ့ကိုမတားဆီးနိုင်ပေ။

***

Comment

Leave a Reply

Options

not work with dark mode
Reset