Switch Mode

အပိုင်း (၁၅၅၂)

ကျင့်ကြံရမည်

မဟာလမ်းစဉ်မှ မြည်ဟည်းသံများ ထွက်ပေါ်လာသော်လည်း ရီဖူရှင်းသည် မဟာလမ်းစဉ်၏ ရှေးဟောင်း ရွှေရောင်လမ်းတွင် ဆက်လက်လျှောက်လှမ်းလိုက်သည်။ သူ၏ခန္ဓာကိုယ်အတွင်း စုဆောင်းနိုင်အမျှ လမ်းစဉ် အားလုံးကို အသုံးချကာ ကိုယ်ပိုင်စွမ်းရည်၏ အဆုံးစွန်ဆုံးထိ မြင့်တက်လာစေရန် ပြုလုပ်လိုက်သည်။ သူ၏ ရည်ရွယ်ချက်မှာ ရှေးဟောင်းရွှေရောင်လမ်းတွင် အတတ်နိုင်ဆုံး တိုက်ခိုက်ပြီး လမ်းဆုံးသို့ ရောက်ရှိနိုင်ရန်သာ ဖြစ်သည်။

ထိုအိမ်မက်ဆန်သော ပုံရိပ်ရောင်ရုပ်ထုများ ပြိုကျပျက်စီးသွားပြီး နောက်ဆုံးတွင် ဖြစ်ပေါ်နေသော ဖိအားများ လုံးဝကွယ်ပျောက်သွားသည်။ ရီဖူရှင်းသည် ရှေးဟောင်းလမ်းအဆုံးတွင်ရှိနေသော မြင့်မြတ်သော နန်းတော် ရှေ့တွင် ရပ်နေသည်။

ထိုနေရာတစ်ခုလုံးတွင် ရှင်းသန့်မြင့်မြတ်သော အငွေ့အသက်များဖုံးလွှမ်းထားသည်။ ထိုမြင့်မြတ်သော ရှေးဟောင်းနေရာ၏ နက်ရှိုင်းမှုကို ခံစားလိုက်ရသောကြောင့် ရီဖူရှင်းသည် ဤနေရာသည် နတ်ဘုရား နန်းတော်အတွက် အလွန်အရေးပါသည့် နေရာတစ်နေရာဖြစ်ကြောင်း နားလည်သွားသည်။

သူသည် ထိုနန်းတော်အား စိတ်ဝိညာဉ်ထိုးထွင်းသိမြင်မှုဆိုင်ရာ ကျင့်ကြံသည့် နေရာတစ်ခုဟုထင်မှတ်မှားပြီး ချိုးဖေါက်ဝင်ရောက်လာမိခြင်းမှာ သူနှင့်ရေစက်ပါ၍ ဖြစ်နိုင်ပေသည်။ သူသည်ထိုနေရာအား ယခင်က လူတိုင်း ထိုးထွင်းသိမြင်နိုင်သည့်နေရာတစ်ခုဟု ထင်မှတ်ခဲ့သော်လည်း ထိုမျှ၀င်ရောက်ရန် ခက်ခဲလိမ့်မည်ဟု မထင်မိခဲ့ပေ။ ဤသို့သော ကာကွယ်မှုအဆင့်မျိုးရှိနေသော ထိုနေရာသို့ နတ်နန်းတော်မှ အခြားတပည့်များ ဝင်ရောက် လာနိုင်မည်လော။ အတိအကျမဟုတ်သော်လည်း မဖြစ်နိုင်ဟု သူထင်လေသည်။

သို့သော် သူ့ထက်အရင် ရောက်နှင့်နေသူတစ်ဦး ရှိနေပုံပေါ်သည်။ မြင့်မြတ်သောနန်းတော်၏ ဝင်ပေါက်အား ဖွင့်လှစ်ထားသော်လည်း ထိုသူသည် နန်းတော်၏အပြင်ဘက်တွင် ထိုင်နေလေသည်။ သူသည် ရိုးရိုးရှင်းရှင်းပင် ၀တ်ဆင်ထားပြီး သူ၏ဆံပင်များသည် ပခုံးပေါ်သို့ကျနေသည်။ သူ၏ခန္ဓာကိုယ်မှ အသက်ရှုနေသည့် အငွေ့အသက်များပင် မရှိဘဲ မျက်လုံးများကိုမှိတ်ကာ လှေကားထစ်ပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေသည်မှာ ရီဖူရှင်း ရောက်လာသည်ကိုပင် သိဟန်မတူပေ။ ထိုသူ၏ အပြုအမူမှာ ကမ္ဘာလောကကြီးတွင် သူတစ်ယောက် တည်း ရှိနေသကဲ့သို့ပင် ဖြစ်သည်။

ရီဖူရှင်းသည် လှေကားပေါ်တွင်ထိုင်နေသော သူ၏နောက်ကျောကို တစ်ချက်ကြည့်လိုက်သည်။ သူသည် ထိုသူကို မသိသော်လည်း ထိုလူထံမှ အထီးကျန်မှုကို ခံစားရပေသည်။ သူထိုင်နေသည့်ပုံမှာ လောကဓံ၏ ခါးသည်းသော ရိုက်ခတ်မှုများနှင့် လုံးဝသက်ဆိုင်မှုူမရှိသည့် ဤလောကနှင့် ကင်းလွတ်နေသော လူတစ်ဦးကို ရှုမြင်ရသလို ထင်မှတ်ရပေသည်။

ထိုနေရာသည် မည်သို့သောနေရာ ဖြစ်သနည်း။ ရီဖူရှင်းသည် ထိုနေရာသို့ ဝင်သွားလျှင် ထိုသူ၏ကျင့်ကြံခြင်းအား အနှောက်အယှက် ဖြစ်သွားမည်ကို စိုးရိမ်သဖြင့် ဝင်ရောက်ရန် တွန့်ဆုတ်နေသည်။

ရီဖူရှင်းသည် ထိုနေရာတွင် အချိန်ခဏကြာသည်အထိ တိတ်ဆိတ်စွာဖြင့် ရပ်နေခဲ့သည်။ ထို့နောက် သူသည် ခြေထောက်များကို ဖြည်းဖြည်းခြင်းမြှောက်လိုက်ပြီး တစ်ဆင့်ပြီးတစ်ဆင့် အထက်သို့ တက်လိုက်သည်။ ခဏအကြာတွင် သူသည် ထိုသူ၏နောက်သို့ရောက်လာပြီး သူတို့ရှေ့တွင်ရှိသည့် မြင့်မြတ်သောနန်းတော်နှင့် မျက်နှာချင်းဆိုင် ဖြစ်သွားသည်။ ထိုနန်းတော်သည် အလွန်လျှို့ဝှက် ဆန်းကြယ်ပုံပေါ်ပေသည်။

ထိုနေရာတွင် ကျင့်ကြံနေသောသူသည် နန်းတော်အတွင်းသို့ ဝင်ရောက်ပြီးပြီလား။

ထိုသူသည် ဤနေရာတွင် အချိန်အတော်ကြာ ထိုင်နေသည့်ပုံပေါ်နေသည်ဖြစ်ရာ နန်းတော်အတွင်းသို့ ဝင်သင့် နေပြီ ဖြစ်သည်။ ရီဖူရှင်းသည် ထိုသူကို နောက်တစ်ကြိမ် ပြန်ကြည့်လိုက်ပြီး ထိုသူ၏ တုံ့ပြန်မှုမရှိသည့်ပုံကို မြင်သောအခါ ထိုသူအား ဖြတ်သန်းသွားရန် ခြေလှမ်းပြင်လိုက်သည်။

“မင်းက နတ်နန်းတော်ရဲ့တပည့်လား”

ထိုအချိန်တွင် ထိုနေရာတွင်ထိုင်နေသော ထူးဆန်းသည့်လူထံမှ အသံထွက်ပေါ်လာသည်။ သူ၏အသံသည် ရှင်းလင်းကာ စွမ်းအားပြည့်ဝပြီး တစ်ပါးသူ၏စိတ်ထဲတွင် စွဲထင်ကျန်ရစ်နိုင်သည့် အသံမျိုးဖြစ်သည်။ သူသည် စကားပြောလိုက်သော်လည်း ရီဖူရှင်းကို လှည့်ပင်မကြည့်ဘဲ မျက်လုံးမှိတ်ကာ ထိုင်နေဆဲဖြစ်သည်။

“မဟုတ်ဘူး” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ “နတ်နန်းတော်က စစ်ဆေးမှုမှာ ပါဝင်ဖို့ ဖိတ်ခေါ်လို့ နတ်နန်းတော်မှာ လာကျင့်ကြံရင်းနဲ့ ဒီနေရာကိုရောက်လာတာ။ ဒါကဘယ်နေရာလဲဆိုတာ ငါသိလို့ရမလား” ရီဖူရှင်းသည် ထိုနေရာအကြောင်း ပိုမိုသိချင်စိတ်ပြင်းပြလာပြီး မေးလိုက်သည်။ ထိုနေရာသည် အလွန် ထူးခြားနက်နဲကာ ကြီးကျယ်ခမ်းနားလွန်းလှရာ အလွန်အစွမ်းထက်သော ပါရမီရှင်များပင် ထိုနေရာသို့ မဝင်လာနိုင်ကြပေ။

“နတ်နန်းတော်ရဲ့ အမွေဆက်ခံခြင်းနယ်မြေ” ထိုသူက အဖြေပေးလိုက်သည်။ ရီဖူရှင်းသည် သူ၏ စကားကိုကြားရသောအခါ ရင်ခုန်သံများ မြန်ဆန်သွားသည်။ ထိုနေရာသည် အတော်လေး ပုံမှန်မဟုတ်သည်ကို သိရှိပြီးဖြစ်သော်လည်း ထိုအဖြေသည် သူ့ကိုထိတ်လန့်သွားစေသည်။ နတ်နန်းတော်၏ အမွေဆက်ခံခြင်း နယ်မြေ – နတ်ဘုရားဗိမာန်တော်။

နတ်နန်းတော်သည် မြင့်မားသော ကောင်းကင်ဘုံတွင် စိတ်ဝိညာဉ်ကျင့်ကြံခြင်းအတွက် တော်ဝင်မြေအဖြစ် အကြော်ကြားဆုံးနေရာဖြစ်သည်။ ဤနေရာသည် နတ်နန်းတော်၏ အမွေဆက်ခံခြင်းနယ်မြေဖြစ်ရာ ထိုနေရာသို့ ၀င်ရောက်ရန် အလွန်ခက်ခဲသည်မှာ အံ့သြစရာမဟုတ်ပေ။ ထိုမြစ်နှင့် ရှေးဟောင်းမဟာလမ်းစဉ် လမ်းမကြီးတို့သည်လူအများစုကို တားဆီးနိုင်ပေသည်။

နတ်နန်းတော်မှ တပည့်အများစု၏အခြေခံဖြင့် ထိုနေရာတွင် ကျင့်ကြံရန် မဖြစ်နိုင်ပေ။ သူသည် မတော်တဆ ရောက်လာခဲ့သော်လည်း သူ့ရှေ့တွင် ထိုင်နေသောသူမှာလည်း ခြွင်းချက်မရှိ ဝင်ရောက်နိုင်သောသူ ဖြစ်သည်။

“နတ်နန်းတော်က တပည့်မဟုတ်ဘူးဆိုရင် နတ်နန်းတော်ရဲ့ အမွေဆက်ခံခြင်းနယ်ထဲသို့မဝင်သင့်ဘူး… ပြန်သွားပါ” ထိုသူက မည်သည့် စိတ်လှုပ်ရှားမှုမှပါဘဲ အလွန်အေးဆေးတည်ငြိမ်သည့်အသံဖြင့် ပြောလိုက်သည်။ သူ၏အမူအရာသည် အလွန်အမင်းသာမန်ဆန်သည့် အဖြစ်အပျက်တစ်ခုကို ပြောနေသကဲ့သို့ မည်သည့် ခံစားချက်မှ မပါဝင်ပေ။

ရီဖူရှင်းသည် ထိုသူ၏ စကားကိုကြားသော်လည်း ဒေါသထွက်ခြင်းမရှိပေ။  အမွေဆက်ခံခြင်းနယ်မြေသည် စိတ်ဝိညာဉ်ဆိုင်ရာ ကျင့်ကြံခြင်းအတွက် အလွန်အရေးပါသည့်နေရာဖြစ်သည်။ ၎င်းသည် သာမန်ကျင့်ကြံခြင်း များနှင့် မတူဘဲ အကြီးအကဲများ ချန်ထားရစ်ခဲ့သော အမွေအနှစ်များပါ၀င်နိုင်နေပေသည်။ သူသည် နတ်ဘုရား နန်းတော်သို့ မ၀င်ရောက်သောကြောင့် နတ်နန်းတော်၏ တပည့်တစ်ဦး မဟုတ်ပေ။ သူသည် အမွေ ဆက်ခံခြင်းနယ်မြေတွင် အမွေအနှစ်များ ရှာဖွေရန် ပြောဆိုခြင်းသည် သင့်လျော်ခြင်းမရှိပေ။ သို့သော် ထိုနေရာသို့ ရောက်ရန်များစွာကြိုးစားခဲ့ရပြီး ယခု ထိုနေရာ၏ ဝင်ပေါက်သို့ပင် ရောက်နေပြီဖြစ်ရာ အနည်းဆုံးတော့ မသင့်လျော်သည့် တောင်းဆိုမှုတစ်ခုတော့ မဟုတ်ပေ။

သဘောတရားအရ သူသည် နတ်နန်းတော်၏အမွေဆက်ခံခြင်းနယ်မြေသို့ ဝင်ရန်မသင့်လျော်သော်လည်း နတ်နန်းတော်သည် သူ့ကို မတားမြစ်ခဲ့ပေ။ တမန်တော်များက မည်သည့်နေရာသို့ဖြစ်စေ ဝင်ရောက် နိုင်သည့် နေရာတိုင်းအား ဝင်ခွင့်ပြုသည်ဟု ပြောခဲ့သည်။ ထို့ကြောင့်သူသည် အမွေဆက်ခံခြင်းနယ်မြေသို့ သူ၏ကိုယ်ပိုင်အစွမ်းအစဖြင့် ဝင်ရောက်လာခဲ့သည်ဖြစ်ရာ နတ်နန်းတော်၏ စည်းကမ်းချက်များကို ဆန့်ကျင်ရာ မရောက်ပေ။

“ငါ အထဲကို ဝင်ကြည့်ချင်သေးတယ်” ရီဖူရှင်းကပြောလိုက်သည်။ ထိုသူ့ထံမှ မည်သည့်တုံ့ပြန်မှုမှမရှိပေ။

ရီဖူရှင်းသည် နတ်ဘုရားဗိမာန်တော်သို့ ဦးတည်ကာ လျှောက်သွားလိုက်သည်။ “နတ်နန်းတော်ရဲ့ တပည့်မဟုတ်တာနဲ့ပဲ နတ်နန်းတော်ရဲ့ အမွေဆက်ခံခြင်းနယ်မြေကို ဝင်ခွင့်မရှိဘူးလို့ မဆိုလိုဘူးလေ။ နတ်နန်းတော်က အကြီးအကဲတွေက ဝင်ရောက်နိုင်သမျှနေရာတိုင်းကို ဝင်ခွင့်ပြုတယ်လို့ ပြောခဲ့တယ်။ ရှေ့ဆက်သွားမှာဖြစ်လို့ တောင်းပန်ပါတယ်။”

သူသည် စကားပြောနေရင်းဖြင့် အမွေဆက်ခံခြင်းနယ်မြေသို့ ဆက်လက်လျှောက်လှမ်းသွားလိုက်သည်။

“မင်းပြောတာမှန်တယ်။ မင်းဝင်နိုင်သမျှနေရာတိုင်းကိုဝင်ခွင့်ရှိတယ်။ ဒါပေမယ့် နတ်ဘုရားဗိမာန်တော်ထဲကိုတော့ မင်းသဘောနဲ့မင်း ဝင်ခွင့်မရှိဘူး” ထိုအချိန်တွင် ရီဖူရှင်း၏နားထဲသို့ ရှေးကျပြီး လိုဏ်သံပါသောအသံတစ်ခု ဝင်ရောက်လာသည်။ သူက မျက်မှောင်ကြုတ်ပြီး ရှေ့သို့ကြည့်လိုက်သည်။ စကားပြောလိုက်သောသူသည် သူ့ရှေ့မှာရှေ့တွင် ရှိနေသည်လား။ နတ်ဘုရားဗိမာန်တော်ထဲတွင် အခြားသူများရှိနေသေးသည်လား။ သူသည် ရှေ့ဆက်နေခြင်းအား ရပ်တံ့လိုက်ပြီး နတ်ဘုရားဗိမာန်တော်ထဲသို့ စူးစိုက်ကြည့်လိုက်သည်။

“မင်းရဲ့နာမည်ဘယ်လိုခေါ်လဲ” ထိုရှေးကျသောအသံက ထပ်ပြီးမေးလိုက်၏။ ဤတစ်ကြိမ်တွင်မူ သူ့အား စကားပြောနေသည်မှာ လူတစ်ယောက်မဟုတ်ဘဲ နတ်ဘုရားဗိမာန်ကိုယ်တိုင်ဖြစ်ကာ တစ်စုံတစ်ယောက်က နတ်ဘုရားဗိမာန်ကို အသုံးပြုကာ စကားပြောနေခြင်းသာဖြစ်မည်ဟု ခံစားမိလိုက်သည်။

“ထိုက်ရွှမ်တောင်က ရှန်ကျင်း” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ “မှားနေတယ်” ထိုစကားသံက ပြန်ပြော လိုက်သည်။ ရီဖူရှင်း၏ အမူအယာများ ပြောင်းလဲသွားသည်။  “ဘယ်လိုမှားတာလဲ”သူက မေးလိုက်သည်။ “မင်းက ထိုက်ရွှမ်တောင်က ကျင့်ကြံသူမဟုတ်သလို ရှန်ကျင်းလည်းမဟုတ်ဘူး။” ထိုသူကပြန်ပြောလိုက်လျှင် ရီဖူရှင်း၏ စိတ်နှလုံးများ လှုပ်ရှားသွားသည်။ ရုတ်တရက် သူ၏မျက်လုံးများ အရောင်တောက်သွားပြီး ပြန်လည် တည်ငြိမ်သွားသည်။

“ငါက ထိုက်ရွှမ်တောင်က လာခဲ့တာပဲ” ရီဖူရှင်းက ပြန်ပြောလိုက်သည်။ “အားလုံးက အတုအယောင်တွေပဲ။ မင်းက တကယ်ထိုက်ရွှမ်တောင်က ဟုတ်လို့လား။” ထိုသူက ဆက်ပြီးပြောလိုက်သည်။ ရီဖူရှင်းသည် သူအသွင်ပြောင်းထားသည်ကို ထိုသူက တွေ့ရှိသွားပြီဟု သိလိုက်သည်။ သူသည် နတ်ဘုရားဗိမာန်တော်ရှေ့တွင် ရပ်နေချိန်တွင် သန့်စင်သောလေထု၏ လွှမ်းမိုးခြင်းခံလိုက်ရပြီး သူ၏လျှို့ဝှက်ချက်များအား ဖုံးကွယ်နိုင်စွမ်း မရှိတော့သလို ခံစားလိုက်ရပြီး အရာအားလုံးကို အလွယ်တကူ ဖော်ထုတ်ခံလိုက်ရသည်။

“ဘာကမှန်ပြီး ဘာကမှားတာလဲ” ရီဖူရှင်းက ဆက်ပြီးပြောလိုက်သည်။ “ အဲဒီ အမှား၊ အမှန်တွေက တကယ် အရေးပါလို့လား” သူ၏ပုံစံအမှန်သည် မည်သူဖြစ်သည်ဆိုသည်မှာ အရေးမကြီးပေ။ အကယ်၍ နတ်ဘုရား နန်းတော်သည် ပြင်ပအငြင်းပွားမှုများတွင်ပါဝင်ပတ်သက်ခြင်းမရှိပါက သူသည် မည်သူဖြစ်သည်ဆိုသည်မှာ အရေးမပါတော့ပေ။

သူသည် ထိုက်ရွှမ်တောင်မှဖြစ်စေ ၊ ကောင်းကင်အာဏာစက်ဘုံမှဖြစ်စေ နတ်နန်းတော်အတွက် ကွာခြားမှုမရှိပေ။ ထိုသူသည် ရီဖူရှင်း၏စကားကို ပြန်လည်သုံးသပ်နေပုံပေါ်ပြီး ခဏတာ တိတ်ဆိတ်သွားပြီး နတ်ဘုရားဗိမာန်ထဲမှ သက်ပြင်းချသံတစ်ခု ထွက်ပေါ်လာသည်။

“မင်းပြောတာမှန်တယ်။ ဘာကမှန်ပြီး ဘာကမှားနေတာလဲ။ ဒီလောကကြီးဟာ မှားယွင်းနေပြီး မဟာလမ်းစဉ် ဟာလည်း မှားယွင်းနေတယ်။ အမှန်တရားကိုရှာဖွေခြင်းရဲ့ အဓိပ္ပာယ်က ဘာလဲ။” ခဏတာ တိတ်ဆိတ်သွားပြီး ထိုသူသည် သက်ပြင်းတစ်ချက်ကို ညင်သာစွာချလိုက်သည်။ သက်ပြင်းချသံသည် လူအားလုံးနှင့် ကင်းကွာ သွားသလို ခံစားရစေသည်။ ထိုစကားများကိုကြားသောအခါ ရီဖူရှင်းအံ့အားသင့်သွားသည်။

မည်သို့သော အဓိပ္ပာယ်နည်း။ ဤလောကကြီးသည် မှားယွင်းပြီး မဟာလမ်းစဉ်သည်လည်း မှားယွင်း နေသည်တဲ့လား။ သူ နားမလည်နိုင်ပေ။  “ ကျွန်တော် နားမလည်ဘူး။” ရီဖူရှင်းသည် သူ၏ရှေ့သို့ကြည့်ကာ ပြောလိုက်သည်။

“မင်းဘာလို့ကျင့်ကြံတာလဲ” အသံပိုင်ရှင်က ရီဖူရှင်းအား ချက်ချင်းအဖြေမပေးဘဲ သူဘာကြောင့် ကျင့်ကြံသည်ကို မေးလိုက်သည်။ ရီဖူရှင်းသည် “ဘာကြောင့်ကျင့်ကြံသလဲ”ဟု ကိုယ့်ကိုယ်ကို မေးခွန်းထုတ် လိုက်သည်။ သူသည် ထိုအကြောင်းကို ခဏတာ စဉ်းစားလိုက်သော်လည်း သူမည်သည်ကိုမှ သိရှိခြင်း မရှိကြောင်းကို သဘောပေါက်လာသည်။

“ကျွန်တော်အရင်က အရာတော်တော်များများကို ကျင့်ကြံခဲ့သလို အခုလဲကျင့်ကြံနေတုန်းပဲ။ ဒါပေမယ့် ကျွန်တော့်စိတ်ထဲမှာ ကျင့်ကြံရမယ်ဆိုတာပဲရှိတယ်။ ထပ်ပြီးကျင့်ကြံရမဲ့အရာတွေလဲ အများကြီး ကျန်နေ သေးတယ်” ရီဖူရှင်းသည် စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်သည်။ သူသည် ကျင့်ကြံခြင်းအတွက် သူ၏ မူလရည်ရွယ်ချက်ကို အချိန်ကြာမြင့်စွာ မေ့လျော့နေခဲ့သည်။ မည်သည့်အတွက်နည်း။ အင်ပါယာ တစ်ယောက်အဖြစ် ဂုဏ်ရှိချင်သည်လား။ သူသည် ယခင်ကရှိခဲ့ဖူးသော ကြီးမားသော ရည်မှန်းချက်များကို မေ့သွားပုံရသည်။ ယခုသူသည် ကျင့်ကြံရသည့်အကြောင်းရင်းကို ဆန်းစစ်ကြည့်လိုက်သည်။ သူ့ထံတွင် ဖြစ်ပျက်စေခဲ့သော အကြောင်းတရားများအရ ကျင့်ကြံရန်မှတစ်ပါး ရွေးချယ်စရာ မရှိခဲ့ပေ။

“ကျွန်တော် ကျင့်ကြံခဲ့ရတယ်” ရီဖူရှင်းသည် သူဆန်းစစ်ခဲ့သော အဖြေကို တီးတိုးရေရွတ်လိုက်သည်။ ထိုအဖြေသည် ကျင့်ကြံသူများစွာ၏ ဘဝဇာတ်ကြောင်းများကို ထင်ဟပ်နေစေသည်။ ကမ္ဘာပေါ်ရှိ ကျင့်ကြံ သူများတွင် သူတို့ကျင့်ကြံခြင်း၏ မူလရည်ရွယ်ချက်ကို မှတ်မိနေသေးသောသူ မည်မျှရှိသနည်း။ ကျင့်ကြံသူ အများစုမှာ ကျင့်ကြံရန်အတွက် ဖိအားပေးခံခဲ့ကြရသည်။ တတ်နိုင်သမျှကြိုးစားရုန်းကန်ခဲ့ရပြီး တိုးတက်ခြင်း မရှိပါက ပြန်လည်နောက်ဆုတ်ရန်သာဖြစ်သည်။ ယခုအချိန်တွင်မူ နောက်ဆုတ်ရန် မဖြစ်နိုင်တော့ပေ။ ထိုလျှို့ဝှက်ဆန်းကြယ်သော လေထုပျောက်ကွယ်သွားပြီး လိုဏ်သံပါသော အသံလည်း မကြားရတော့သည်။

“အကြီးအကဲ” ရီဖူရှင်းကခေါ်လိုက်သော်လည်း မည်သည့်အသံမျှ မကြားရပေ။  “ ကျွန်တော် ဝင်လို့ရမလား” ရီဖူရှင်းက မေးလိုက်သော်လည်း မည်သည့်တုံ့ပြန်မှုမှ မရပေ။ ထိုသူက ရီဖူရှင်းအား ချန်ထားခဲ့ကာ လုံးဝတိတ်ဆိတ်သွားသည်။ ကြည့်ရသည်မှာ သူ့အား ကိုယ်တိုင်ရွေးချယ်စေခဲ့ပုံပေါ်ကာ မည်သည့်အရာကိုမှ ဝင်ရောက်စွက်ဖက်မည့်ပုံမပေါ်တော့ပေ။

“အကြီးအကဲ တိတ်ဆိတ်မှုက ကျွန်တော့်ကို ခွင့်ပြုတယ်လို့ ယူဆလိုက်ပါမယ်” ရီဖူရှင်းက အရိုအသေပေးကာ ပြောလိုက်သည်။ သဘောမတူညီသည့်ပုံ မပြသဖြင့် သူဝင်ရောက်ခွင့်ရသ၍ ဝင်မည်ဟု ဆုံးဖြတ်ချက် ချလိုက်ကာ ထိုသို့ပြောပြီးနောက် ရှေ့ဆက်သွားလိုက်သည်။

ရီဖူရှင်းသည် ထိုနေရာတွင်ထိုင်နေသောသူအား ဖြတ်လျှောက်သွားရန်ပြင်လိုက်သည်။ သို့သော် ထိုအချိန်တွင် မဟာလမ်းစဉ်၏ ပြင်းထန်သောစွမ်းအားသည် သူ့အပေါ်သို့ကျဆင်းလာသဖြင့် ရပ်တံ့လိုက်သည်။ ရီဖူရှင်းသည် ထိုင်နေသောသူထံသို့ ဖြည်းညင်းစွာကြည့်လိုက်ရာ ထိုသူ၏ခန္ဓာကိုယ်မှ အလွန်တောက်ပသော နတ်အလင်းများကို ထုတ်လွှတ်နေသည်ကို တွေ့လိုက်ရသည်။

ဘုန်း

အလွန်ပြင်းထန်သော စွမ်းအားသည် ရီဖူရှင်း၏ကိုယ်ခန္ဓာအား အသက်ရှုရပ်တံ့သွားမတတ် ဖိနှိပ်လိုက်သည်။ ထိုစွမ်းအားသည် သူ၏စိတ်ဝိညာဉ်အထိ ထိုးဖေါက်ဝင်ရောက်သွားပြီး သူ၏ခန္ဓာကိုယ်အတွင်းရှိ မဟာလမ်းစဉ် စွမ်းအားသည် အင်အားကြီးမားသော အန္တရာယ်နှင့်တွေ့ဆိုရသကဲ့သို့ ပြင်းထန်စွာ မြည်ဟည်းသွားသည်။ ထိုနေရာတွင် ထိုင်နေသောလူငယ်သည် မျက်လုံးဖွင့်လိုက်ပြီး သူ့ရှေ့မှမြင်ကွင်းကို ကြည့်လိုက်သည်။ နတ်နန်းတော်၏ တပည့်မဟုတ်သောသူများသည် နတ်နန်းတော်၏အမွေဆက်ခံခြင်းနယ်မြေသို့ ၀င်ခွင့်မရှိပေ။

***

Comment

Leave a Reply

Options

not work with dark mode
Reset