ဓားတစ်လက်က အားလုံးသော နည်းစနစ်များကို ချိုးဖျက်နိုင်သည်။
လူတိုင်းသည် မျက်တောင်မခတ်တမ်း သူတို့ အရှေ့မှ မြင်ကွင်းအား စူးစိုက်ကြည့်နေကြသည်။
ရီဖူရှင်းက ကြွားလုံးထုတ်နေခြင်းမဟုတ်ဘဲ သူ၏ ဓားနှင့် သက်သေပြသွားခဲ့သည်။ အားလုံးသောဓားများက ဓားတစ်လက်အတွင်း ပေါင်းစပ်ကာ ၎င်းကို မည်သည့်ဓားတို့နှင့် တိုက်ခိုက်သည်ဖြစ်စေ ၎င်းက ဝါးမျို၍ ဖျက်ဆီးပစ်လိုက်မည်ဖြစ်ကာ နတ်ဘုရားကဒ်ဘေးဓားသည်ပင် ထိုဓားတစ်လက်ကြောင့် အားလုံး ဖျက်ဆီးပစ်ခံလိုက်ရပေသည်။
ဓားစွမ်းအားများသည် ဓားမှ ပျံနှံ့လာပြီး လီတောက်စီ ၏ မျက်ခုံးကြားသို့ တိုးဝင်သွားသည်ကို ခံစားလိုက်ရကာ လူအများတို့၏ အာရုံအတွင်း ၎င်းစွမ်းအားက တဖြည်းဖြည်း တိုးဝင်လာပေသည်။
လီနတ်ဓားမိသားစု၏ သားကြီး ဖြစ်ပြီး ဓားနတ်နန်းတော်သခင်၏ တိုက်ရိုက်တပည့်တစ်ဦး ဖြစ်ကာ ရန်ဟောင်အဆင့်အောက်မှ အတော်ဆုံး ဓားသမားတစ်ဦး ဖြစ်သည့် လီတောက်စီ သည် ထိုက်ရွှမ်တောင်မှ ဓားသမားရှန်ကျင်း၏ လက်၌ ရှုံးနိမ့်ခဲ့ရသည်။
နတ်နန်းတော်၌ သူ့မျိုးဆက်အတွင်း အားအကောင်းဆုံး တစ်ယောက်ဖြစ်သည့် လီတောက်စီ သည် အခြားသူများ၏ မျက်လုံးရှေ့၌ သူ၏ သန်မာအားကောင်းမှုတို့ ပျောက်ဆုံးနေခဲ့သည်။
သို့သော် လူတိုင်းသည် ရီဖူရှင်း၏ ခွန်အားကြောင့် ပို၍ ထိတ်လန့်သွားခဲ့ပေသည်။ အရှင်ထိုက်ရွှမ်က ဂီတနှင့် ဓားပညာရပ်ကို လျှို့ဝှက်သင်ကြားပေးထားခဲ့သည့် ဤတပည့်သည် ဓားပညာစွမ်းရည်တွင် နားလည်သဘောပေါက်နိုင်စွမ်းမှာ အလွန် အားကောင်းလှပေသည်။
ဓားပညာနားလည်ခြင်းတောင်တွင် ဓားထိပ်ဖျား ၈၁ ခု ရှိသည်။ သူက နောက်ဆုံးတစ်ခုကို ဖြေရှင်းရန်သာ ကျန်တော့၏။ ယခု သူက အခုရှစ်ဆယ်မြောက် ဓားပေါ် နားလည်သဘောပေါက်မှုအား မူတည်၍ လီတောက်စီ ကို ဓားဖြင့် ရှုံးနိမ့်စေခဲ့သည်။ စမ်းသပ်တိုက်ပွဲနှင့် ယနေ့တိုက်ပွဲသည် ရှန်ကျင်း၏ ထိုက်ရွှမ်တောင်မှ ရှန်ကျင်း၏ အမည်ကို တလောကလုံး ပျံ့နှံ့သွားစေရန် လုံလောက်ပေသည်။
ယနေ့မှစကာ အနာဂတ်တွင် အထက်ကောင်းကင်ဘုံ၌ သူ့အတွက် နေရာတစ်နေရာ ကျိန်းသေရလာတော့မည် ဖြစ်၏။
သူ ထိုနေရာသို့ မရောက်နိုင်မီ ကျဆုံးသွားခြင်းမရှိပါက သူ့အတွက် နေရာရလာပေလိမ့်မည်မှာ အသေအချာ ဖြစ်သည်။
လီတောက်စီ သည် သူ၏ မျက်ခုံးကြားသို့ တိုးဝင်လာသည့် ဓားအား ကြည့်လိုက်သည်။ ထိုအခိုက်၌ သူက အလွန် ရှုပ်ထွေးစွာ ခံစားနေရသည်။
သူက ထိုက်ရွှမ်တောင်မှ ဓားသမားထံတွင် ရှုံးနိမ့်ခဲ့ရသည်။
ဤတိုက်ပွဲသည် သူကြောင့် အစပျိုးခဲ့ပြီး သူက အလကားသက်သက် လီရွှင်အတွက် လက်စားချေလိုခြင်းကြောင့်သာ မဟုတ်ခဲ့ပေ။ သူက ရီဖူရှင်း၏ ဓားနှင့် သူ၏ ဓားကို သန့်စင်ရန် အသုံးပြုချင်ခဲ့သည့်အတွက် ရီဖူရှင်းက သူ့ရှေ့တွင် ဓားအား ဖြေရှင်းနိုင်သည့်တိုင်အောင် စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။ မဟုတ်လျှင် တစ်ဖက်လူသည် သူ့အား စိန်ခေါ်ရန် အဆင့်မမီဟုပင် တွေးခဲ့မိသည်။
သူ၏ စိတ်ရှည် သည်းခံမှုက အလဟဿ မဖြစ်ခဲ့ပေ။ ရီဖူရှင်းသည် နောက်ဆုံး၌ ရောက်ရှိလာပြီး သူ စိတ်မပျက်ခဲ့ရပေ။ သူသည် ထူးချွန်ပြောင်မြောက်လှသည့် ဓားစွမ်းရည်ကို ထုတ်သုံးခဲ့ပြီး အဆုံး၌ ရှစ်ဆယ်မြောက်သော ဓားကိုပင် ဖြေရှင်းကာ သူ့ကို တိုက်ခိုက်နိုင်ခဲ့သည်။
“အဲဒီတော့ ဒါက ရှစ်ဆယ်ချက်မြောက်ဓားပေါ့” လီတောက်စီ က ရေရွတ်လိုက်သည်။ သူ၏ အသံထွက်ပေါ်လာသည့်ခဏ၌ ကောင်းကင်နှင့် မြေကြီးကြားမှ အဆုံးမဲ့ ဓားစွမ်းအားများက ပေါင်းစပ်သွားပြီး ဓားကဲ့သို့ ထက်ရှပြီး အလွန်တောက်ပသည့် နတ်အလင်းများ သူ့ကိုယ်မှ ထွက်ပေါ်လာသည်။
ပေါင်းစပ်ခြင်းဓားစွမ်းရည်က နောက်ဆုံး၌ ပေါင်းစည်းလာခဲ့ပြီး အလွန် တောက်ပလင်းလက်သည့် ဓားစွမ်းအားတို့က သူ့ကိုယ်မှ ပေါက်ကွဲထွက်လာကာ သူ့ မျက်ခုံးကြားသို့ တိုးဝင်လာနေသည့် ဓားအား ချက်ချင်း ဖျက်ဆီးပစ်လိုက်သည်။
ရီဖူရှင်းသည် မည်သည့် လှုပ်ရှားမှုမှ မပြုဘဲ လီတောက်စီ အား ကြည့်ရုံမျှသာ ကြည့်လိုက်သည်။ ရှစ်ဆယ်ခုမြောက်သော ဓားတောင်ထိပ်ဖျားနှင့် လီတောက်စီ သည် သေချာသည့် ပေါင်းစပ်ခြင်းကို ဖန်တီးနိုင်ခဲ့ကာ ဓားစွမ်းအားများက သူ့ ခန္ဓာကိုယ်ဆီ စီးဝင်လာခဲ့သည်။
လီတောက်စီ သည် ရီဖူရှင်း၏ ရှေ့သို့ တဖြည်းဖြည်း တိုးကပ်သွားကာ ဓားနှင့်အတူ အရိုအသေပြုလိုက်ပြီးနောက် နောက်ဆုံး ဓားတောင်ဆီ လှည့်ကာ လျှောက်ထွက်သွားတော့သည်။ ထိုအရိုအသေပြုမှုမှာ သူ၏ ဓားစွမ်းရည် စမ်းသပ်ခြင်းအတွက် ရီဖူရှင်းအပေါ် ကျေးဇူးတင်ရှိခြင်းကြောင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပေသည်။
သူက ရှုံးနိမ့်သွားခဲ့လျှင်ပင် သူ၏ ခွန်အားသည် တိုးတက်လာနေဆဲ ဖြစ်၏။
လီတောက်စီ သည် လီနတ်ဓားမိသားစု၏ အကြီးဆုံးသား ဖြစ်ကာ သူ၏ မိသားစုက သူ့အပေါ်တွင် အလွန် မြင့်မားသည့် မျှော်လင့်ချက်တို့ ထားရှိကာ လီတောက်စီ က ထိုလူများ၏ မျှော်လင့်ချက်နှင့် အိပ်မက်များကို အမြဲ သယ်ပိုးထားရသည်။ သို့သော် သူ မည်သည့်အခါကမှ မထင်မှတ်ခဲ့သည်က သူသည် ပြိုင်ဘက်ကင်း မဟုတ်ခဲ့ပေ။ သူ့ထက် အားကောင်းသည့် တစ်စုံတစ်ယောက်က အမြဲ ထွက်ပေါ်လာနေသည်။
ဥပမာဆိုလျှင် နတ်နန်းတော်တွင် မျိုးဆက်များ၏ ထိပ်ဆုံးလူအဖြစ် လူအများ တစ်ညီတစ်ညွတ်တည်း အသိအမှတ်ပြုထားသည့် သူသည်ပင် လေးစားရန် လိုအပ်သော တစ်စုံတစ်ယောက် ရှိသည်။
ယခုတွင် သူ့ကို ရှုံးနိမ့်စေနိုင်သည့် ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာသည်။ ထိုသည်က အမှန်တရားကို လက်မခံနိုင်လောက်သည့် အခြေအနေမျိုးတော့ မဟုတ်ခဲ့ပေ။
သူက သူ့ကိုယ်သူ အဆက်မပြတ် ဖိအားပေးနေချင်သည်မှာ လောက၌ ပြိုင်ဘက်ကင်း ဖြစ်လို၍ သက်သက်သာ မဟုတ်ပေ။
မဟာလမ်းစဉ် ဘုံသုံးထောင်တွင် ထူးချွန်သော ပုဂ္ဂိုလ်များ မရေတွက်နိုင်အောင် ရှိသည်။ မည်သူကများ အမှန်တကယ် ပြိုင်ဘက်ကင်းနိုင်သနည်း။
နတ်နန်းတော်မှ မျိုးဆက်များ၏ ထိပ်ဆုံးလူအဖြစ် အသိအမှတ်ပြုခံထားရသော ထိုသူသည် အထက်ကောင်းကင်ဘုံရှိ ဤမျိုးဆက်အတွင်း အားအကောင်းဆုံးဟုပင် ကျော်ကြားသည်။ မည်သူကမှ သူနှင့် ယှဉ်ပြိုင်နိုင်ခြင်းမရှိပေ။ မဟာလမ်းစဉ် ဘုံသုံးထောင် တစ်ခုလုံးအတွင်း သူ့ကဲ့သို့သော လူကို ယှဉ်နိုင်သူ မည်သူမှ မရှိဟု ထင်မှတ်ရပေသည်။
ကျင့်ကြံခြင်းလမ်းစဉ်တွင် မိမိကိုယ်ကိုယ် သာလွန်အောင် အဆက်မပြတ် အားထုတ်နေခြင်းကသာလျှင် သူ တစ်ချိန်က မော်ကြည့်ခဲ့ရသည့် အခြားသူများအားလုံးကို ဖိနှိပ်နိုင်လိမ့်မည် ဖြစ်သည်။
သူ၏ ဓားက ပြိုင်ဘက်ကင်းမှုကို ရှာဖွေနေခြင်းမဟုတ်ဘဲ ရှေ့ဆက်နိုင်ရန်သာ ရည်ရွယ်ပေသည်။
သူက လက်မလွှတ်သရွေ့ သူ၏ ဓားစွမ်းရည်၏ ဂုဏ်သိက္ခာက ညှိုးနွမ်းလိမ့်မည် မဟုတ်ပေ။
ရီဖူရှင်းသည် လီတောက်စီ လမ်းလျှောက်သွားသည်ကို စောင့်ကြည့်နေခဲ့သည်။ လီတောက်စီသည် နောက်ဆုံး ဓားတောင်ထိပ်ကို နားလည်နိုင်ရန် ကြိုးစားနေခဲ့ပြီ ဖြစ်သည်။ သူက မဟာလမ်းစဉ် နတ်စက်ဝန်းအား ဖွဲ့စည်းချင်ပါက နောက်ဆုံးဓားကို ဖြေရှင်းရမည် ဖြစ်ကာ ထို့နောက်တွင် သူက ရန်ဟောင်အဆင့်သို့ ဖြတ်ကျော်ရန် နောက်ဆုံးခြေလှမ်းကို ချလှမ်းနိုင်လိမ့်မည် ဖြစ်သည်။
ဓားပညာနားလည်ခြင်းတောင်မှ လူတိုင်းသည် လီတောက်စီ ၏ ရည်ရွယ်ချက်ကို သဘောပေါက်ကြသည်။ သူက ရှုံးနိမ့်ခဲ့သည့်အတွက် သူ့ကို မည်သူကမှ အထင်သေးကြလိမ့်မည် မဟုတ်ပေ။ နတ်နန်းတော်၏ ဤမျိုးဆက်မှ လူမည်မျှများများက လီတောက်စီ ထက် ပိုတော်သည်ဟု ဝံ့ကြွားနိုင်ပါသနည်း။
တစ်စုံတစ်ယောက်က လုပ်ဆောင်နိုင်လျှင် ထိုသို့လုပ်နိုင်သည်မှာ လူတစ်ယောက်သာ ဖြစ်ပေလိမ့်မည်။ သူတို့က လီတောက်စီ ၏ ရှုံးနိမ့်မှုအတွက် သူ့အား မည်သို့ အထင်သေးရန် အခွင့်အရေး ရှိပါသနည်း။
လီတောက်စီ ၏ ရှုံးနိမ့်ခြင်းမှာ သူက အားနည်း၍ မဟုတ်ဘဲ အားကောင်းသော ပြိုင်ဘက်နှင့် တွေ့ဆုံခဲ့၍သာ ဖြစ်လေသည်။ ရီဖူရှင်းသည် သူ့ထက်ပို၍ ဓားတစ်လက်ကို သဘောပေါက်နားလည်ထားပြီး ထိုဓားကြောင့်ပင် လီတောက်စီ ကို အနည်းငယ် အရေးနိမ့်သွားစေခဲ့ခြင်း ဖြစ်သည်။ လီတောက်စီ သာ ရှစ်ဆယ်မြောက်ဓားကို စောစောစီးစီး သဘောပေါက်နားလည်ခဲ့ပါက ရလဒ်ကို ပြောနိုင်လိမ့်မည် မဟုတ်ပေ။
သို့သော် ဤနေရာ၌ ‘အကယ်၍’ ဟူသည်မှာ မရှိပေ။
ရှုံးနိမ့်ခြင်းက ရှုံးနိမ့်ခြင်းသာ ဖြစ်သည်။
လီတောက်စီ က ရှုံးနိမ့်ခဲ့လျှင်ပင် ထူးချွန်သော ဓားသမား ဖြစ်နေဆဲဖြစ်ကာ နတ်နန်းတော်၏ ထူးချွန်ပြောင်မြောက်သည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။
ရီဖူရှင်းသည်လည် နောက်ဆုံးဓားတောင်သို့ လျှောက်သွားခဲ့သည်။ ယခု နောက်ဆုံးဓားတစ်လက်သာလျှင် ကျန်ရစ်သည့်အတွက် လူတိုင်းသည် သူက ဓားပညာနားလည်ခြင်းတောင်မှ စံချိန်ကို ချိုးဖျက်ပြီး ဖြစ်သည်ဟု တွေးခဲ့ကြသည်။ သူက ယခုကဲ့သို့ လုပ်နေသည်မှာ ဤဓားကို မဖြေရှင်းဘဲမနေနိုင်၍ ဖြစ်နိုင်သည်လား။
သို့သော် သူက ဤအဆင့်မှ မဟုတ်သေးသည့်အတွက် ၎င်းကို နားလည်နိုင်ရန်မှာ ခက်ခဲလိမ့်မည် ဖြစ်သည်။
ရီဖူရှင်းသည် တခဏမျှ လေ့လာကြည့်ပြီးနောက် လက်လျှော့လိုက်သည်။ သူက အချိန်ယူလျှင်ပင် ဤဓားကို နားလည်သဘောပေါက်နိုင်ခြင်းမရှိသည်ကို သိပေသည်။ ပြန်လှည့်လိုက်ကာ ရီဖူရှင်းသည် အဝေးသို့ လျှောက်သွားကာ ထွက်ခွာသွားရန် ပြင်လိုက်သည်။
လူတိုင်းသည် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့၏။ သူက နောက်ဆုံး၌ လက်လျှော့သွားခဲ့၏။ ရီဖူရှင်းသည် ဤဓားကိုသာ နားလည်သဘောပေါက်နိုင်စွမ်း ရှိပါက ခန့်မှန်းမရနိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းလိမ့်မည်ဖြစ်ကာ သူက ပြန်လည်မွေးဖွားခြင်းအဆင့်သို့ ဝင်ရောက်ရန် ကြာမြင့်တော့မည် မဟုတ်ပေ။
“ဘယ်လိုလဲ” ရီထျန်းယွိက သူ့ဘေးမှ ရီမန်ကို မေးလိုက်သည်။
ရီမန်က ရီဖူရှင်းကို ကြည့်ကာ ပြောလိုက်၏။ “သူ့ရဲ့ ဓားပညာ သဘောပေါက်နားလည်နိုင်စွမ်းက ပြိုင်ဘက်ကင်းပဲ။ သူ့ရဲ့ ထိုးထွင်းသိမြင်မှုကလည်း အရမ်း အားကောင်းတယ်။ သူ့မှာ ရှားပါးအရည်အချင်းရှိတယ်။ သူသာ နတ်နန်းတော်မှာ နေပြီး ကျင့်ကြံဖို့ စိတ်ကူးရှိရင် အစွမ်းထက် ပုဂ္ဂိုလ်အများကြီးက သူ့ကို တိုက်ရိုက်တပည့် လက်ခံဖို့ ဆန္ဒရှိကြလိမ့်မယ်”
“ပြောစရာတောင် မလိုဘူး။ သူနဲ့ လီတောက်စီ ရဲ့ တိုက်ပွဲကို ဓားနန်းတော်က လူအများကြီး ကြည့်နေကြမှာပဲ” ရီထျန်းယွိက တီးတိုးပြောလိုက်သည်။ သူ၏ ခန့်မှန်းချက်က သိသိသာသာ မှန်ကန်ပေသည်။
အမှန်တကယ်ပင် ဓားနန်းတော်သည် ဤတိုက်ပွဲကို အနီးကပ် ကြည့်ရှုနေခဲ့ကြသည်။
“သွားကြစို့” ရီထျန်းယွိက ခြေလှမ်းလိုက်ကာ ရီဖူရှင်းထံသို့ လျှောက်သွားခဲ့သည်။ ရီဖူရှင်းသည်လည်း ရီထျန်းယွိ လာနေသည်ကို သတိပြုမိကာ ရပ်တန့်လိုက်သည်။ ရီထျန်းယွိက ရယ်မောရင်း ပြောလိုက်သည်။ “ညီနောင်ရှန်ကျင်းရဲ့ ဓားစွမ်းရည်က နတ်နန်းတော်မှာတောင် တူညီတဲ့ ပြိုင်ဘက်ရှာတွေ့ဖို့ ခက်ခဲလိမ့်မယ်”
“မင်းကိုတောင်မှလား” ရီဖူရှင်းက ရုတ်တရက် မေးလိုက်သည်။ ရီထျန်းယွိသည် ထိုမေးခွန်းကို ကြားသည့်အခါ အံ့အားသင့်သွားခဲ့သည်။ ရှင်းလင်းစွာပင် သူက ရီဖူရှင်းမှ ထိုသို့ ပြောလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ နတ်နန်းတော်တွင် ပြိုင်ဘက်မရှိဟု ပြောလျှင် ရီထျန်းယွိသည်လည်း နတ်နန်းတော်၏ တပည့်တစ်ဦး ဖြစ်ပေသည်။
သူ့ဘေးမှ ရီမန်သည် ရီဖူရှင်း၏ စကားကို ကြားသည့်အခါ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ထိုသည်မှာ သူကလွဲလျှင် အခြားမည်သူ့ကိုမဆို အထင်သေးသည့် လက္ခဏာ ဖြစ်လေသည်။ သူမအတွက်တော့ ထိုသည်မှာ ရီထျန်းယွိကို မလေးမစားပြုမူခြင်း ဖြစ်၏။
“ဒီတိုင်း တွေးမိတာလေး ပြောလိုက်တာပါ။ အတည်ကြီး မမှတ်ပါနဲ့” ရီဖူရှင်းက ပြုံးကာ ပြောလိုက်သည်။
“ရပါတယ်” ရီထျန်းယွိက စိတ်ထဲမထားပေ။ သူက နတ်နန်းတော်တွင် အတော်လေး လိမ္မာပါးနပ်ကာ ပေါင်းသင်းဆက်ဆံရေး ကောင်းပုံရသည်။
“သေချာပေါက် သူတော့ မပါဘူးပေါ့” သူ့ဘေးမှ ရီမန်က ပြောလိုက်သည်။ ရီထျန်းယွိက ဂရုမစိုက်သော်လည်း သူမက ဂရုစိုက်ပေသည်။ သူမက ရီဖူရှင်းကို အေးစက်စွာ ကြည့်လိုက်၏။ ရှန်ကျင်း၏ ပါရမီက ကောင်းမွန်နေလျှင်ပင် သူက အခြားသူများကို စကားနှင့် မလေးမစားပြုမူနိုင်သည် မဟုတ်ပေ။
ရီဖူရှင်းက ရီမန်ကို ကြည့်ကာ ပြုံးလိုက်သည်။ “အခွင့်အရေးရှိခဲ့ရင် ကျုပ်က အတွေ့အကြုံ ယူချင်ပါသေးတယ်”
ရီဖူရှင်းက ပြောပြီးနောက် ရီထျန်းယွိအား ဖြတ်ကျော်သွားခဲ့သည်။ သူတို့၏ ပထမဆုံးတိုက်ပွဲပြီးနောက် ရီထျန်းယွိက ထိုင်နေမည်မဟုတ်ဘဲ တိုးတက်ရာ လုပ်ဆောင်နေပေလိမ့်မည်။
သူတို့က စမ်းသပ်နယ်မြေကို ကျော်ဖြတ်ကြပြီး နတ်နန်းတော်မှ ထိပ်သီးတပည့်များသည် သူတို့၏ လမ်းစဉ်သစ်သီးများကို မျှဝေကြကာ ရီထျန်းယွိသည်လည်း ထိုသို့ အရည်အချင်း ပြည့်မီပေသည်။ အကယ်၍ သယက တိုးတက်နေလျှင် ရီထျန်းယွိသည်လည်း တိုးတက်နေပေလိမ့်မည်။ ရီထျန်းယွိ၏ အဆင့်နှင့် ခွန်အားကို သူက သိရှိထားခြင်းမရှိပေ။
သို့သော် ယခင်တိုက်ပွဲကထက် ပို၍ အားကောင်းလာမည်မှာ အသေအချာပင် ဖြစ်သည်။
ရီမန်သည် ရီထျန်းယွိအပေါ် အလွန် ယုံကြည်မှု ရှိပေသည်။
ရီထျန်းယွိသည် အနည်းငယ် အံ့အားသင့်နေခဲ့သည်။ သူ၏ ရည်ရွယ်ချက်က ရီဖူရှင်းနှင့် ရင်းနှီးရန် ဖြစ်သော်လည်း ရီဖူရှင်းက ထိုဆန္ဒကောင်းကို ငြင်းဆန်ချင်နေသည်ဟု ထင်မှတ်ရသည်။ ယခင်က သူနှင့် ကျွမ်းဟုန် မည်သို့ အတူ လာခဲ့ကြသနည်း။
ရီဖူရှင်း ထွက်ခွာသွားသည်ကို ရီထျန်းယွိက ကြည့်နေပြီး ရီမန်၏ မျက်နှာထက်တွင် စိတ်မကျေနပ်မှုတို့ ပေါ်ပေါက်လာကာ သူမက ပြောလိုက်သည်။ “လီတောက်စီ ကို အနိုင်ရရုံလေးနဲ့ သူ့ကိုယ်သူ နတ်နန်းတော်ကို ရောက်ရင် ပြိုင်ဘက်ကင်းပြီများ ထင်နေလားမသိဘူး။ သူက တော်တော် စိတ်ကြီးဝင်နေတာပဲ”
“ဒီလိုလူမျိုးတွေအတွက် ဒီလို မာနကြီးတာက ပုံမှန်ပါပဲ” ရီထျန်းယွိက စိတ်ထဲမထားသော်လည်း ထိုက်ရွှမ်တောင်မှ ဤတန်ခိုးရှင်က သူ့ကိုယ်သူ အလွန်အပိုင်တွက်ထားသည်ဟုတော့ ခံစားမိပေသည်။
ရီမန်သည် ရီထျန်းယွိ၏ တုံ့ပြန်မှုကို ကြားသည့်အခါ ဆွံ့အသွားရသည်။ လက်ရှိတွင် ရီထျန်းယွိ၏ စရိုက်က ပြောင်းလဲသွားသည်ဟု ထင်မှတ်ရကာ သူက ကောင်းကင်အာဏာစက်ဘုံတွင် ဖြစ်ပျက်ခဲ့သည်များကိုလည်း သိပ်မပြောတော့ပေ။
“တကယ်တော့ စမ်းကြည့်တာကလည်း ကောင်းပါတယ်။ စိတ်လှုပ်ရှားစရာ ကောင်းလိမ့်မယ်” သူ့ဘေးမှ ကျွမ်းဟုန်က အပြုံးနှင့် ပြောလိုက်သည်။ ရီထျန်းယွိသည် သူ့ကို ကြည့်ကာ မေးလိုက်သည်။ “မင်းတို့တွေကရော ဘာလို့အရင်က မစမ်းကြည့်ခဲ့ကြလဲ”
“သူက စမ်းသပ်ဖို့ မမေးဘူးလေ” ကျွမ်းဟုန်က ပြုံးလိုက်သည်။
“အခု မင်းက ရှန်ကျင်းကို တိုက်ခိုက်နိုင်မယ် ထင်လား” ရီထျန်းယွိက မေးလိုက်သည်။
“မသေချာဘူး။ ဒါပေမယ့် အခု နတ်နန်းတော်က တစ်ယောက်ကိုပဲ သေချာတယ်လို့ ပြောနိုင်တော့မယ်” ကျွမ်းဟုန်က ပြောလိုက်သည်။ သူက ထင်ယောင်ထင်မှား ဖြစ်နေခြင်းမဟုတ်ဘဲ သူသည် လီတောက်စီ ကိုပင် တိုက်ခိုက်နိုင်မည်လား မသေချာပေ။
သူသာမကဘဲ လီတောက်စီ ကို ရှုံးနိမ့်စေနိုင်သည့် ရှန်ကျင်းကို တိုက်ခိုက်ရှုံးနိမ့်စေမည်ဟု မည်သူကမှ ယုံကြည်ချက်ရှိရှိ ပြောဆိုနိုင်မည် မဟုတ်ပေ။
“ကျန်းသေ အနိုင်ရဖို့အတွက်ဆိုရင် သူတစ်ယောက်ပဲ လုပ်နိုင်လိမ့်မယ်” ရီထျန်းယွိက ခေါင်းညိတ်ကာ သဘောတူလိုက်သည်။ သူတို့၏ ပြောစကားများကို နားထောင်လျှင် ‘သူ’ ဆိုသည့်သူအား သူတို့ မည်မျှ လေးစားသည်ကို ဖော်ပြနေပေသည်။
‘သူ’ သည် ရှန့်ရှောင်းနတ်နန်းတော်တွင် လူအများက အသိအမှတ်ပြုထားသော ဤမျိုးဆက်အတွင်း လေးစားရမည့် ထူးချွန်ပြောင်မြောက်သည့် အရည်အချင်းရှိသူ ဖြစ်ကာ နတ်နန်းတော်၏ အကြီးအကဲများကပင် သူ့အား နတ်နန်းတော်၏ ခေါင်းဆောင်ဖြစ်လာသည်ဟု အသိအမှတ်ပြုထားကြပြီး သူသည် နတ်နန်းတော်၏ မျှော်လင့်ချက်ပင် ဖြစ်သည်။ သူက အားအကောင်းဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်လာမည်ဟု ဆိုနိုင်ပေသည်။
ရီဖူရှင်းသည် ရီထျန်းယွိ မည်သည်ကို တွေးနေသည်အား မသိရှိပေ။ ရီထျန်းယွိသည် သူ့ကို ဂရုမပြုမိဘဲ မိတ်ဆွေ ဖြစ်လိုသော်လည်း သူနှင့် ရီထျန်းယွိသည် ဆန့်ကျင်ဘက်တွင် ရပ်တည်ရန် ကံကြမ္မာ ရှိထားပြီး ဖြစ်ကာ သူက ရီထျန်းယွိနှင့် ရင်းနှီးစွာ နေလိမ့်မည် မဟုတ်ပေ။
ထိုအချိန်တွင် ရီဖူရှင်းသည် လျင်မြန်စွာသွားနေရင်း ရုတ်တရက် သူက တစ်ခုခုကို ခံစားမိကာ အလိုလို ရပ်တန့်၍ မေးလိုက်သည်။ “ဘယ်သူလဲ”
သူ၏ အသံထွက်ပေါ်လာသည့်အခါ ဓားကဲ့သို့ အရိပ်တို့ ဆင်းသက်လာသည်။ သူတို့က ရီဖူရှင်း၏ ရှေ့သို့ ရောက်လာပေသည်။ သူတို့ထဲမှ တစ်ယောက်သည် အံ့သြနေသည့် အကြည့်တို့ဖြင့် မေးလိုက်သည်။ “မင်း ခံစားမိတယ်လား”
“အင်း” ရီဖူရှင်းက ခေါင်းညိတ်လိုက်ပြီး တစ်ဖက်လူကို ကြည့်မေးလိုက်သည်။ “ဘာများ လုပ်ပေးရမလဲ”
“မင်းက ဓားစွမ်းရည်မှာ အတော်လေး အရည်အချင်းရှိတယ်။ ဓားနန်းတော်က တစ်စုံတစ်ယောက်က မင်းကို တွေ့ချင်နေတယ်။ မင်း သွားကြည့်ဖို့ ဆန္ဒရှိလား” တစ်ယောက်က ရီဖူရှင်းကို မေးလိုက်သည်။ ရီဖူရှင်း၏ မျက်လုံးများထဲတွင် အံ့အားသင့်မှုတို့ ဖြတ်ပြေးသွား၏။
ဓားနန်းတော်မှ တစ်စုံတစ်ယောက်က သူ့ကို တွေ့ချင်နေသည်လား။
လီတောက်စီ သည် ဓားနန်းတော်၏ မျိုးဆက်များအတွင်း ထိပ်ဆုံးသူ ဖြစ်သည်။ ဤတိုက်ပွဲသည် ဓားနန်းတော်၏ အာရုံစိုက်မှုကို ရရှိခဲ့ခြင်း ဖြစ်ပေမည်။ ယခု သူတို့က သူ့အား တွေ့ချင်နေသည်။ သူတို့၏ ရည်ရွယ်ချက်က သိသာထင်ရှားပေသည်။
သူ့ကို တွေ့ချင်သူက ရိုးရှင်းသည့် သာမန်လူ မဟုတ်သည်ကို ခန့်မှန်းမိသည်။
မဟုတ်လျှင် ဤသည်က စစ်မှန်ပွင့်လင်းမှု ရှိလိမ့်မည် မဟုတ်ပေ။
လီတောက်စီ သည် နန်းတော်သခင်၏ လက်အောက်မှ တပည့် ဖြစ်သည်။ သူက လီတောက်စီ အား ရှုံးနိမ့်စေခဲ့လျှင် သူက မည်သူ့ဆီသို့ သွားရမည်နည်း။
“မသွားချင်ဘူး” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ သူ့ ရှေ့မှ ရန်ဟောင်အဆင့် ပုဂ္ဂိုလ်သည် သူ့အဖြေကို ကြားသည့်အခါ အနည်းငယ် အံ့အားသင့်သွားသည်။ သူက ရီဖူရှင်းကို ဇဝေဇဝါနှင့် ကြည့်လိုက်သည်။
ဤသည်မှာ သူတို့၏ ကမ်းလှမ်းမှုအား တစ်စုံတစ်ယောက်ထံမှ တွေဝေခြင်းမရှိ မြန်မြန်ဆန်ဆန် အငြင်းခံရခြင်း ဖြစ်သည်။ ရှန်ကျင်းသည် ဤပုဂ္ဂိုလ်၏ သရုပ်ကို ခန့်မှန်းမိပြီး ဖြစ်နိုင်သည်။
သို့သော် သူက တွေဝေခြင်းမရှိ ငြင်းပယ်ခဲ့သည်။ သူက သံသယဖြစ်ဖွယ်မရှိ အရှင်ထိုက်ရွှမ်၏ တပည့် ပီသလှပေသည်။
***