Switch Mode

အခန်း ( ၃၄ )

အပင်နှင့်အသီးအရွက်တွဲကို ကျော်ဖြတ်ပြခြင်း

ပရိတ်သတ်အဖြစ်ရှိနေသော အပြင်စည်းဂိုဏ်းသားများအားလုံးက တုလင်ဖေး၏ တုံ့ပြန်မှုကို အူခွေ့သွားကြသည်။ ရှောင်ချန်း၏ အပင်တွေနှင့် အသီးအရွက်စွမ်းရည်က တုလင်ဖေးကို ယှဉ်နိုင်လိမ့်မည်ဟု ဘယ်သူကမှ မထင်ပေ။

မယုံကြည်နိုင်လောက်အောင် ပြီးပြည့်စုံနေသည့် သူ၏ အဖြေကို ကြားလိုက်ရပြီးနောက်တွင် အားလုံး၏ ထင်မြင်ချက်မှာ ပို၍သေချာသွားတော့သည်။ ကြည့်ရတာတော့ ရှောင်ချန်းသည် ကိုင်းဆက်ထားသည့် အပင်များကို နံကြားထောက်ပြီး ရွှီရှောင် ရမ်းဖြီး လုပ်တော့မည်မှာ သိသာနေသည်။

“တကယ်လို့များ ရှောင်ချန်းက အပင်တွေကို မှန်အောင်ဖြေနိုင်နေရင် သူ့ အပင်တွေနဲ့အသီးအရွက်စွမ်းရည် အမကျိုးရှင်းကျီနဲ့ လယ်ဗယ်တူလို့ ပြောလို့တောင် ရနေပြီ။ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ အား…ဒီကောင်က လူတွေကို စိတ်ရှုပ်စေပြီးတော့ ခန့်မှန်းရ တော်တော်ခက်တဲ့ကောင်ပဲ။ ဂါး…စိတ်တိုစရာကောင်းလိုက်တာ။ အနည်းဆုံးတော့ သူလိမ်နေတာတွေ နောက်ဆုံးမှာ ပေါ်လာတော့မှာပါ”
မျက်မှောင်ကြီးကြုတ်ပြီး ရပ်နေသော ရှောင်ချန်းကို လူတိုင်းက ရယ်သွမ်းသွေးပြက်ရယ်ပြုကြသည်။

“မင်းတို့တွေ ခုထိ ပြောလို့ မပြီးနိုင်ကြသေးဘူးလား” အလွန်အေးစက်သော အသွင်အပြင်နှင့် ရှောင်ချန်းက မေးလိုက်သည်။ နောက်ဆုံးတော့ ဒေါသများက ရင်ထဲကနေ လှိုက်ခနဲ လှိုက်ခနဲ တက်လာနေပြီ ဖြစ်သည်။ တိုက်ပွဲတစ်ပွဲဖြစ်နေလျှင်ပင် ယခုကဲ့သို့ သူဒေါသထွက်လာလိမ့်မည် မဟုတ်ပေ။ သို့သော် သူ၏အဆင့်လွန်သမားတော်တစ်ယောက်ဖြစ်လာရန် ပြင်းပြသောဆန္ဒကို စဉ်းစားကြည့်လျှင် သူ၏အရည်အချင်းနှင့်ပတ်သက်ပြီး လူတွေသံသယဖြစ်နေခြင်းက ကြီးမားသောစော်ကားခံရမှုပင်။

“ပထမ တပွဲ ငါနိုင်သွားတယ်။ ကံကောင်းလို့ နိုင်တာလို့ မင်းတို့ ပြောနိုင်တယ်။ နောက်တစ်ပွဲနိုင်တယ်။ မှော် ပစ္စည်းတွေသုံးလို့လို့ မင်းတို့ပြောနိုင်တယ်။ အေး….ဒါပေမယ့် အပင်တွေ၊ အသီးအရွက်တွေနဲ့ ပတ်သက်လို့ကတော့ မင်းတို့ရဲ့ ဖြုတ်မျက်လုံးလောက် ဦးနှောက်လေးတွေက ကောင်းကင်နဲ့မြေကြီးရဲ့ အလျားနဲ့ အနံကို မြင်နိုင်မယ်မထင်နဲ့ကွ။”

ရှောင်ချန်း၏ အသံသည် တည်ကြည်လေးနက်ပြီး ပဲ့တင်ထပ်နေသည်။ သူသည် အကုန်လုံးကို ခြုံပြီး ဝေ့ကြည့်လိုက်သည်။ ရှောင်ချန်း၏ အေးစက်စက် အကြည့်များကြောင့် အပြင်ဂိုဏ်းသားများသည် ရယ်နေကြရာမှ ကြောင်တောင် ဆွံ့အသွားကြသည်။

တုလင်ဖေးပင်လျှင် အမှတ်တမဲ့ နောက်ဆုတ်မိလိုက်လေသည်။ သူ့ရှေ့က ပိုင်ရှောင်ချန်းသည် စောစောက တွေ့ခဲ့ရသော သူနှင့် လုံးဝတခြားစီ ဖြစ်သွားသည်။

ရှောင်ချန်းသည် အေးစက်စွာနှင့် ဟင့်ခနဲအသံတစ်ချက်ပြုရင်း သူ့ဝတ်ရုံကို နောက်သို့ ဆတ်ခနဲ ခါထုတ်ပစ်လိုက်သည် ။ သူ၏ မူပိုင် အပြစ်ကင်းပြီးနှစ်လိုဖွယ်ရှိသော အသွင်အပြင်သည် ရုတ်တရက် ကွယ်ပျောက်သွားကာ သည်းမခံနိုင်တော့သောဟန်နှင့် လက်ကို နောက်ပစ်ကာ ရပ်နေရင်း ဘေးပတ်လည်ကို အေးစက်စက်ကြည့်ကာ ပြောလိုက်သည်။

“ဒီစိတ်စွမ်းအင်အပင်ကို ကျွန်တော်က ဖြူနက် သစ်ခွပင်လို့ ခေါ်ချင်ပြီး ရွှေငွေအမြစ်၊ ကောင်းကင်ဘုံဝါရွက်၊ ရေပိုက်ကွန်မြက်၊ ကိုးနိုင်ငံသစ်သီး၊ ဝိညာဉ် ကစီ၊ တိမ်ရိုင်းပန်းပွင့်၊ လေရိုင်းရိုးတံ၊ ယန်ဓာတ်ကိန်းဝပ်သစ်သီး… ”
သူသည် ဆက်တိုက် ပြောလိုက်ရာ ပွဲကြည့်ပရိတ်သတ်များ၏ မျက်နှာပေါ်တွင် ထူးခြားသော အရိပ်အယောင်များ ပေါ်ပေါက်လာသည်။

တုလင်ဖေးသည် စိတ်စွမ်းအင်အပင်ကို သေသေချာချာ စူးစိုက်ပြီး မျက်မှောင်ကြုတ်ကာ ထပ်ကြည့်လေသည်။ ရှောင်ချန်းရွတ်သွားသော အပင်နှင့်အသီးအရွက်များ ပထမသုံးတွဲထဲက အပင်များကို ရင်းရင်းနှီးနှီးရှိသော်လည်း ကိုင်းဆက်အပင်ထဲတွင် ထိုအပင်များပါဝင်နေသော သက်သေကို ရှာလို့မတွေ့ပေ။

တုလင်ဖေးသည် နှာကစ်သွားပြီး ရှောင်ချန်းပြောသွားသည့်ကိုင်းဆက်အပင်တွင်ပါဝင်သော အရာများကို အမှန်တရားဟု လက်မခံနိုင်ပေ။

“ကြည့်ရတာတော့ မင်းက အပင်နဲ့ အသီးအရွက်ပထမ သုံးတွဲထဲက အပင်တွေကို ထင်ရာလာရွတ်ပြနေတယ် ထင်တယ်။ နင်က တကယ်ပဲ ဒီနာမည်တွေကို အာဂုံဆောင်ထားနိုင်တာပဲကိုး။ ပြိုင်ရွတ်ရင် ငါတောင်ရှုံးမယ်နဲ့ တူပါတယ်။”
လူတိုင်းက တဖန်ပြန်ပြီး ရှောင်ချန်းကို ပြက်ရယ်ဝိုင်းပြုကြပြန်သည်။

“ဟုတ်တယ်။ မှန်တယ်။ ဒီလောက်တောင် မင်းကတော်နေတာ ဘာလို့များ အပင်နဲ့အသီးအရွက် ပထမသုံးတွဲကို ဘာလို့ရွတ်မပြတာလဲ။ အဲ့တာဆို မင်းသေချာပေါက်နိုင်မှာပဲ မဟုတ်လား။”

“လူထူးလူဆန်းအဖြစ် ဟန်ဆောင်နေတာလား။ဟမ်… ဖြုတ်ဦးနှောက် ဟုတ်လား။ကောင်းကင်နဲ့မြေကြီးရဲ့ အလျားနဲ့ အနံ ဟုတ်လား။မင်းကသာ ဖြုတ်ဦးနှောက်နဲ့ကောင်ကွ။ အပင်တွေကို မသိရင်လည်း မသိဘူးပြောပါလား။ ပါးစပ်ထဲပေါ်လာတာတွေကို ကောက်ရွတ်စရာမလိုပါဘူး။ ရွံ့စရာကောင်းလိုက်တာ”

ပိုင်ရှောင်ချန်းသည် တုလင်ဖေးကို အေးစက်စွာ ကြည့်ပြီးနောက် လူအုပ်ကြီးကို ခြုံကြည့်လိုက်သည်။ ထို့နောက် ရယ်သည်။ တဖန် အပင်ကို ပြန်ကြည့်လိုက်ပြီး ဆက်ပြောသည်။

“အနှစ်သုံးဆယ်သက်တမ်းရှိတဲ့ အမြစ်တွေစုံနေပြီ ဖြစ်တဲ့ အမြစ်မျိုးတစ်ရာမြစ်ကို အညှာတွေ အကြောတွေဖယ်ပြီးရင် ကင်လိုက်။ ပြီးတော့ စိတ်စွမ်းအင် ရေစင်ထဲမှာစိမ်ထား။ အဲ့နောက်မှာ ကောင်းကင်ကတုံးရွက်နဲ့ ကိုင်းကူးပြီး ဒီ အစက်အပြောက်ကွဲပြား အင်းကွက်နဲ့ အဆုံးသတ်လိုက်”

ရှောင်ချန်းက လက်ကိုဝှေ့ယမ်းကာ လေပွေတစ်ခုဖန်တီးလိုက်ပြီး အပင်မှ အရွက်တစ်ရွက်ကို လေပေါ်မှာပျံစေရင်း ထူးခြားနေသော အစက်အပြောက်အင်းကွက်ကို ထုတ်ဖော်ပြသကာ ပြောသည်။

“ကောင်းကင်ကတုံးရွက် ကိုးရွက်က အရွက်တစ်ရွက်တည်း အဖြစ်ပေါင်းစပ်သွားပြီး အမြှိုက်ဖြူပန်းအဖြစ်နဲ့ ကြီးထွားလာတယ်။ ဒီမှာမင်းတို့မြင်ကြတယ်မလား”

“အမြှိုက်ဖြူပန်းက နှစ်တစ်ရာကြာမှ တစ်ခါပွင့်တာ။ သူတို့လုပ်တုန်းက သုံးရွက်ဆိုင်ပဲရိုင်းဂျင်စင်းနဲ့ အကြိမ်တစ်ရာ အသက်ရှုစာချိန်လောက်ပဲ ကိုင်းဆက်ထားတာ။ ပြီးတော့ ကောင်းကင်ကတုံးရွက်ကို မြေဆွေးကျွေးလိုက်တာ။ ဒီအဖြူရောင်ပန်းပွင့်က အမြှိုက်ဖြူပန်းဆိုတာ သိသာတယ်။”

“သုံးရွက်ဆိုင်ပဲရိုင်းဂျင်စင်းကို ဝိညာဉ်မီးလျှံနဲ့ ညှိုးသွားတဲ့အထိကင်ပြီး ရေနွေးထဲထည့်စိမ်။ အဲ့တာက အခွံပြား အစေ့ရဲ့ ကြီးထွားမှုကို ကူညီပေးပြီးတော့ သူတို့နှစ်ခုပေါင်းသွားလိမ့်မယ်”

“ပြီးတော့ အဲ့ဒီ အခွံပြားစေ့…” ရှောင်ချန်းသည် ဟိတ်ဟန်တွေကို ထုတ်ရင်း စိတ်ဝိညာဉ်အပင်ရဲ့အစိတ်အပိုင်းတွေကို ညွှန်ပြလိုက် ရှင်းပြလိုက် သက်သေပြလိုက် လုပ်နေသည်။ သူ၏ရှင်းလင်းချက်များသည် အပ်ကျမပ်ကျ အနုစိတ်သေချာလွန်းလှသည့်အပြင် များစွာသော လုပ်နည်းတွေကလည်း ပါဝင်သေးသည်။ မကြာမီမှာပဲ ရှောင်ချန်းကို အထင်အမြင်သေးမှုများသည် တဖြည်းဖြည်းမှိန်ဖျော့သွားသည်။ လူတိုင်းက အသက်ကို အနိုင်နိုင်ရှုနေကြရသည်။ နောက်ဆုံးတော့ အပြင်ဂိုဏ်းသားများသည် ခေါင်းငိုက်စိုက်ကျသွားပြီး သူတို့မျက်နှာများသည် မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်နေသည်။ အချို့သူများဆိုလျှင် အံ့သြလွန်း၍ အော်ဟစ်နေကြသည်။

“ဒါက မဖြစ်နိုင်တာဘဲ။ မိုးနတ်မင်းကြီး။ သူက ဘယ်လိုလို့ ဒါကို လုပ်နိုင်ရတာလဲ”
ရှောင်ချန်း စကားတစ်လုံးပြောလိုက်လျှင် သည်လူတွေကို မမြင်ရသောလက်နဲ့ ပါးကို တစ်ချက်ရိုက် နေသကဲ့သို့ဖြစ်သည်။ ထို့အပြင် သူတို့အားလုံးသည် လက်ထောက်သမားတော်များဖြစ်ကြသည်။ အစောပိုင်းက စိတ်ဝိညာဉ်ပင်ကို သူတို့မြင်နေစဉ်ကလည်း လျို့ဝှက်ချက်ကို မမြင်နိုင်ကြပေ။ သို့သော် ရှောင်ချန်းကတော့ အသေးစိပ် ရှင်းပြနေပြီဖြစ်သည်။ ချက်ချင်းပဲ သူတို့တွေ စိတ်ရှုပ်ထွေးသွားကြသည်။

ရှောင်ချန်းပြောသမျှသည် သွေးထွက်အောင် မှန်ပြီး ပြီးပြည့်စုံနေသည်။ သူ့လုပ်ဆောင်ချက်မှာ အပြင်ဂိုဏ်းသားများကို ပါးဖြတ်ရိုက်နေသကဲ့သို့ဖြစ်သည်။

“ပိုင်ရှောင်ချန်းရဲ့ အံ့သြစရာ အပင်နဲ့အသီးအရွက်စွမ်းရည်ကို ယုံတောင်မယုံနိုင်ဘူး။”

အပြင်စည်းဂိုဏ်းသားများသည် ရင်တွေပေါက်ထွက်တော့မတတ်ဖြစ်နေသည်။ ခုနက သူတို့ ရှောင်ချန်းကို လှောင်ပြောင်နေမှုများကြောင့် မျက်နှာများ အလွန်ပူနေပြီး အနေရခက်နေသည်။
ပိုပြီးအံ့သြစရာကောင်းသည်မှာ သူ၏ရှင်းလင်းချက်များသည် ပြောင်းပြန်ပြန်ရှင်းပြနေခြင်း ဖြစ်သည်။ သူသည် ကိုင်းဆက်ထားသော အပင်ကို ကြည့်ရုံမျှနှင့် အကုန်သိနေသည်။ ထိုသို့ရှင်းပြနိုင်ခြင်းမှာ အပင်နှင့်အသီးအရွက်များအကြောင်းကို အင်မတန်မှ အဆင့်အတန်းမြင့်မားစွာ ကျွမ်းကျင်နေသောကြောင့် ဖြစ်သည်။
အကြီးအကဲစွန်းပင်လျှင် မျက်လုံးများပြူးကျယ်နေပြီး မယုံကြည်နိုင်ဖြစ်နေသည်။

“သူကပြောင်းပြန်ကောက်ချက်ချတာ။ သူ….သူ…က အပင်နဲ့ အသီးအရွက်တွဲမှာ မခန့်မှန်းနိုင်လောက်တဲ့အဆင့်ကို ရောက်နေပြီ ”

“သူက လက်ထောက်သမားတော်ပဲရှိသေးတာကို ဂိုဏ်းချုပ်သခင် သူ့ဘာသာ ကိုင်းဆက်စိုက်ပျိုးထားတဲ့ စိတ်ဝိညာဉ်အပင်ကို ခွဲခြမ်းစိတ်ဖြာနိုင်တယ်။ဒါက…ဒါက…”

လီချင်းဟောက်ကိုယ်တိုင်လည်း မျက်လုံးများ အရောင်တလက်လက်တောက်ပနေသည်။ သူအရင်က သိထားခဲ့ဖူးသည့် ပိုင်ရှောင်ချန်းမှဟုတ်ရဲ့လားဟု မယုံကြည်နိုင်ဖြစ်နေသည်။

တုလင်ဖေး၏မျက်နှာသည် ဖြူဖပ်ဖြူရော်ဖြစ်နေပြီး နောက်ဘက်သို့ ယိုင်ထိုးကာဆုတ်သွားသည်။ သူ၏ အပင်နှင့်အသီးအရွက် အခြေခံကြောင့် ရှောင်ချန်း ရှင်းပြသည်ကို ကြားလျှင်ကြားချင်း သူပြောနေတာတွေက အမှန်တွေဆိုတာ သိလိုက်သည်။ တကယ်တော့ သူကြားသမျှ ရှောင်ချန်းစကားလုံးများထဲတွင် တချို့အချက်များကို နားပင် မလည်လိုက်ပေ။ ထိုအချက်ကြောင့် သူသည် အင်မတန်မှပင် ရှက်သွားသည်။

ရှောင်ချန်းသည် လောလောလတ်လတ် ဘာမှော်ပညာမှ မသုံးထားပေ။ သို့သော်လည်း အပင်နှင့်အသီးအရွက်များအကြောင်းကိုသူ၏နားလည်ထားသမျှရှင်းပြချက်များက နတ်တစ်ပါး သို့မဟုတ် မှော်ကဝေအလား ဖြစ်နေသည်။ တုလင်ဖေးသည် ဖြစ်ပျက်နေသမျှကို အလွယ်တကူလက်မခံနိုင်ဘဲ ဖြစ်နေသည်။ သူ့စိတ်ထဲတွင် မိုးကြိုးများပစ်နေသကဲ့သို့ ခံစားနေရပြီး နောက်သို့ ဆုတ်၍ ဆုတ်၍ သွားကာ မျက်နှာမှာ ပို၍ ပို၍ ဖြူဖျော့လာသည်။

“မြစ်ဘေး မီးတောက်ကျီးကန်းနဲ့ မီးလျှံကိုးခုကောင်းကင်တို့ကို နေရောင်ခြည်ပြင်းပြင်းတွေကို ခံနိုင်ဖို့ စိတ်စွမ်းအင်ဥလေးတွေလုပ်တဲ့နေရာမှာ အသုံးပြုနိုင်တယ်။ မြစ်ဘေး မီးတောက်ကျီးကန်းသစ်သီးနဲ့ပေါင်းစပ်လိုက်တဲ့ အခါမှာတော့ ဦးခေါင်းခွံနက် လီလီကို မွေးဖွားစေတယ်။ နောက်ဆုံးမှာတော့ ကိုင်းဆက်ထားတဲ့ စိတ်ဝိညာဉ်ပင် ဖြစ်လာတယ်။ ဒါကတော့ ကျွန်တော်သိသလောက်ပါပဲဗျ၊၊”

ရှောင်ချန်းအသေးစိပ်ရှင်းပြချက်များသည် အမွှေးတိုင်တစ်ဝက်ထွန်းချိန် ကြာမြင့်လေသည်။ ရှောင်ချန်းမျက်လုံးများမှာလျှပ်စီးကဲ့သို့ တလက်လက်တောက်ပနေပြီး လူအုပ်ကြီးကို အကဲခတ် ကြည့်လိုက်သည်။ နောက်ဆုံးမှာတော့ တုလင်ဖေးကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။

“အစ်မတော် တုလင်ဖေးနဲ့ လေးစားရတဲ့ ဂိုဏ်းသူဂိုဏ်းသားများ ခင်ဗျာ…အပင်နဲ့အသီးအရွက် တာအိုက အကြီးအကျယ်ခက်ခဲနက်နဲပါတယ်။ အပင်နဲ့အသီးအရွက်တွဲကို အစဉ်လိုက်ရွတ်ဆိုဖို့ဆိုတာ ခင်ဗျားတို့အတွက်တော့ မဖြစ်နိုင်ဘူး ထင်တယ်။ အခုချိန်ထိ ခင်ဗျားတို့က ကျုပ်ကို အပင်နဲ့အသီးအရွက်များပထမသုံးတွဲ စာရင်းကို ရွတ်ပြစေချင်နေသေးရင်တော့ ရွတ်ပြရတော့မှာပေါ့။ ဒါက ဘာများခက်ခဲနေလို့လဲဗျာ။” ရှောင်ချန်းသည် မေးကြောကြီးထောင်ထလာပြီ ဝတ်ရုံကို နောက်သို့ ဆတ်ခနဲ ခါလိုက်သည်။

” ဆောင်းဝိညာဉ်ဝါး၊ မြေနဂါး သစ်သီး”

“ မှင်ရည်အမြစ်….”
သူ၏အသံသည် ကြည်လင်ပြတ်သားနေသည်။ မျက်နှာသွင်ပြင်မှာလည်း တည်ကြည်လေးနက်စွာဖြင့် ရွတ်ဆိုနေသည်။ နေရာတစ်ခုလုံးတွင် အပ်ကျသံကို ကြားရလုမတတ် တိတ်ဆိတ် ငြိမ်သက်နေသည်။ ရှောင်ချန်းအသံတစ်ခုသာ ဟိန်းထွက်လျက်ရှိရာ လူတိုင်းကို မမြင်ရသောလက်နှင့် ဒုတိယအကြိမ်ပါးရိုက်နေသကဲ့သို့ ဖြစ်နေသည်။

လက်ရှိတွင် လူတိုင်းသည် အကြီးအကျယ်ရှက်ရွံ့နေကြသည်။ သက်ပြင်းချနေသံများကိုလည်း ကြားနေရသည်။ တချို့က အပင်နဲ့အသီးအရွက်တွဲ ကျောက်စိမ်းပုရပိုက်များကို ဆွဲထုတ်ကာ ရှောင်ချန်းဆိုနေသည်နှင့် လိုက်တိုက်နေကြသည်။ မကြာခင်မှာဘဲ သူတို့တွေ တုန်လှုပ်လာကြပြီး အံ့သြလွန်း၍ ပါးစပ်ကြီးဟလျက်ရှိတော့သည်။

တုလင်ဖေး၏မျက်နှာသည် သွေးဆုတ်ဖြူရော်နေပြီး ပိုင်ရှောင်ချန်းကို သရဲသဘက်အလား ကြောင်ငေးကြည့်နေသည်။

အစောပိုင်းက ရှောင်ချန်းကို အကုန်ရွတ်ပြလေဆိုပြီး လက်သီးပုန်းထိုးရသည့် အကြောင်းအရင်းမှာ ဆေးပင်ပေါင်း သုံးသောင်းကို အလွတ်ရွတ်ပြနိုင်တဲ့သူကို မမြင်ဖူးသောကြောင့် ဖြစ်သည်။ သူ့အတွက်တော့ ထိုအရာသည် မဖြစ်နိုင်သောအရာဖြစ်သည်။ အကယ်၍များ တစ်စုံတစ်ယောက်က လုပ်ပြနိုင်ပြီဆိုလျှင်လည်း ထိုသူသည် အပင်နဲ့အသီးအရွက်တွဲမှာ မိုးကောင်းကင်၏ကောင်းချီးပေးမှုကို ခံထားရ၍ဖြစ်မည်။

အချိန်ကြာလာသည်နှင့်အမျှ ရှောင်ချန်းသည် ပိုပိုမြန်လာလေသည်။ အသက်ကို တစ်ကြိမ် သာရှူပြီး နှစ်နာရီလောက် တောက်လျှောက် ရွတ်နေသည်။ နားထောင်နေသူများသည် တစ်ယောက်မှ ပြန်သွားရန် စိတ်မကူးကြဘဲ လူတိုင်းလိုလိုပင် ရှောင်ချန်းရွတ်သမျှကို လိုက်စစ်နေကြသည်။

နှစ်နာရီလောက်ကြာပြီးနောက် ဆေးပင်တွေကိုအကုန်ရွတ်လို့ ပြီးသွားလေသည်။ ထို့နောက် ခဏမျှ ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်သွားကြပြီးနောက် တဝေါဝေါနှင့်
စကားသံများက ကွင်းအပြင်ကနေပင် ကြားရလောက်အောင် လျှံကျလာသည်။

“ဘုရားရေ…တစ်ခုလေးတောင်မှ မမှားဘူး။ ၏၊ သည် မလွဲ တစ်လုံးမကျန် အကုန်မှန်နေတာရော။ ကိုယ်တိုင်မျက်သေအနေနဲ့သာ ရှိမနေရင် ဘယ်လိုမှ ယုံနိုင်မှာတောင် မဟုတ်ဘူး။”

“ဆေးပင်ပေါင်း သုံးသောင်းလုံး….ရှောင်ချန်းရဲ့အပင်နဲ့အသီးအရွက်စွမ်းရည်ကတော့ လက်လန်တယ်ဟေ့။ နေပါဦး အပင်နဲ့အသီးအရွက်တွဲကျောက်တိုင်မှာ သူက အဆင့် ဘယ်လောက်လဲ။”

“တုလင်ဖေးအတွက် ပိုင်ရှောင်ချန်းရဲ့ အပင်နဲ့အသီးအရွက်စွမ်းရည် ပြိုင်ဆိုင်မှုကတော့ ကျောက်တုံးကို ကြက်ဥနဲ့ သွားပေါက်သလို ဖြစ်နေပါပြီ။”

အုတ်အုတ်ကျက်ကျက် အသံများသည်
ဝေါခနဲ ပြိုဆင်းလာသောအခါ တုလင်ဖေးသည် ပိုင်ရှောင်ချန်းကို ကြည့်နေရင်း အင်မတန် ခါးသီးလာသည်။ တိုက်ပွဲတုန်းက ရှုံးတုန်းကတောင် ယခုကဲ့သို့ မခံစားရပေ။ သို့သော် ယခု အပင်နဲ့အသီးအရွက်စွမ်းရည် ပြိုင်ပွဲတွင်မူ လုံးလုံးလျားလျား ခွက်ခွက်လန်အောင် ရှုံးသွားလေပြီ။

ဇွတ်တွေကံကောင်းပြီး များစွာသော မှော်ပစ္စည်းတွေကြောင့် နိုင်သွားသော ပိုင်ရှောင်ချန်းသည် အပင်နဲ့အသီးအရွက်တွဲမှာ သူ့ထက် အလွန့်အလွန်သာလွန်နေလိမ့်မည်ဟု စိတ်ကူးတောင် မယဉ်ဖူးပေ။
သူခံလိုက်ရသော ရိုက်ချက်မှာ အင်မတန်ပြင်းထန်လှသည်။ သို့သော် နာနာကျည်းကျည်း ရယ်သွမ်းသွေးရုံမျှ အပ ဘာမှမတတ်နိုင်ပေ။ တိမ်ပျံအမွှေးတိုင်ကို ပစ်ပေးပြီးသည်နှင့် ချာခနဲ လှည့်ကာ ထွက်ပြေးသွားတော့သည်။ ထိုနေရာမှာ သူဆက်တောင်မှ ရပ်မနေရဲလောက်အောင် ဘယ်လောက်တောင်မှ အရှက်တကွဲ အကျိူးနည်းခဲ့ပြီလဲဆိုတာ စဉ်းစား၍ပင်မရပေ။

တုလင်ဖေးထွက်သွားသည်နှင့် ပတ်ပတ်လည်က ဂိုဏ်းသားများသည် ပို၍ပင် အရှက်ရနေသည်။ သူတို့က တစ်ယောက်လက်ကို တစ်ယောက်တင်းနေအောင်ချိတ်ကာ ရှောင်ချန်းနှင့်ဝေး
ရာသို့ အလျင်အမြန်ထွက်သွားကြသည်။ ထိုပုံစံကို ကြည့်လိုက်သည်နှင့် ဘယ်လောက်အကြီးအကျယ် အရှက်ရသွားကြသည်ကို စဉ်းစားကြည့်နိုင်သည်။

မကြာမီမှာပင် ကွင်းပြင်တစ်ခုလုံး ပြောင်ရှင်းသွားသည်။ ပိုင်ရှောင်ချန်းတစ်ယောက်သာလျှင် ကျန်နေခဲ့ကာ ဟန်ဆောင်၍ပင် သူချောင်းဟန့်လိုက်သည်။ သူ အောင်မြင်စွာလုပ်နိုင်ခဲ့ပြီဆိုသည်ကိုလည်း သတိပြုမိလာသည်။ တိမ်ပျံအမွှေးတိုင်ကို သိမ်းလိုက်ပြီး လီချင်းဟောက်ကို သတိထားပြီးကြည့်လိုက်သည်။

“တပည့်ကို သွားခွင့်ပြုပါဦး” ဟုပြောပြီးသည်နှင့် သောက်ကျိုးနဲအရှိန်နှင့် လှည့်ပြေးသည်မှာ နောက်မှာ ဖုန်တန်းကြီး တထောင်းထောင်းထသွားသည်အထိဖြစ်သည်။

အကြီးအကဲစွန်းသည် ရှောင်ချန်းထွက်သွားသည်ကို ငေးကြည့်နေသည်။ အလွန်အမင်းအံ့သြနေမှုများကို သူ့မျက်ဝန်းများက သက်သေခံနေသည်။

“ဂိုဏ်းချုပ်…ဒီကလေးက ထူးချွန်လိုက်တာနော်” သူက ဖြည်းညင်းစွာ ပြောလိုက်သည်။

လီချင်းဟောက်သည် ဦးခေါင်းကိုနောက်သို့ မော့ကာ ကျယ်လောင်စွာရယ်မောလိုက်သည်။ ထို့နောက် သူ့ဝတ်ရုံကို ဆတ်ခနဲခါလိုက်ရင်း တောင်ထိပ်ပေါ်သို့ ပြန်တက်သွားလေသည်။


Comment

Leave a Reply

Options

not work with dark mode
Reset