ရီဖူရှင်းကား တောင်ထွတ်တစ်ခုရှေ့တွင် ကျင့်ကြံနေ၏။ ထိုအခိုက်တွင် သူကား ဓားမျာကိုသာ တွေးတောနေခဲ့သည်။
သူ့အတွေးထဲတွင် များစွာသော ဓားပုံရိပ်များ လှုပ်ရှားနေသည်။ သို့တိုင်အောင် သူသည် အရေးပါသော အစိတ်အပိုင်းများအား နားလည်ရန် ခက်ခဲနေဆဲဖြစ်သည်။ သူက ဓားအမျိုးအစားများကို သိသော်လည်း အနှစ်သာရများကို နားမလည်။
သည်ဓားပညာသည် အလွန်မြန်သည်ကိုတော့ သူသိသည်။ တစ်စုံတစ်ယောက်က ဓားနှင့်တစ်သားတည်းဖြစ်နိုင်၏။ ဓားသည် နေရာတိုင်း၌ ရှိသလို လူသည်လည်း နေရာတိုင်း၌ ရှိနိုင်၏။
အတန်ကြာ ဆင်ခြင်ပြီးနောက် ရီဖူရှင်းက နောက်ထပ် တောင်ထွတ်တစ်ခုကို လှမ်းကြည့်လိုက်သည်။ ထိုတောင်၌ လီတောက်စီ ရှိသည်။ ထိုတောင်ထွတ်နှစ်ခုကား သိပ်မကွဲပြား။ အမှန်အားဖြင့် အလွန်ပင် ဆင်တူပေသည်။
ရီဖူရှင်းက ထိုတောင်ထွတ်ကို လှမ်းကြည့်လျှင် အားလုံးက အံ့အားသင့်သွားကြသည်။ သူဘာလုပ်ရန် ကြိုးစားနေသနည်း။
သူက တတိယတောင်ကို နားမလည်သေးဘဲ ဒုတိယတောင်ကို လှမ်း၍ ဆင်ခြင်နေသည်လား။
ရီဖူရှင်းသည် အဆုံးအစမဲ့သော ဓားအသိများအား ခံစားရသည်။
“အရမ်းထက်ရှတာပဲ” ရီဖူရှင်းက တိတ်တဆိတ် မှတ်ချက်ချသည်။ သူက ထိုဓားနှစ်လက်အား နားမလည်သေးသော်လည်း ထိုတောင်ထွတ်နှစ်ခုဆီမှ ဓားအနှစ်သာရများကို ခံစားမိနေလေသည်။
နောက်ဆုံးတွင် အခြေခံ ဓားချက် ၄၉ချက်တွင် တူညီသော အနှစ်သာရနှစ်ခုသာ ရှိသည်။
မြန်ဆန်ခြင်းနှင့် ထက်ရှခြင်း…။
ဓားသမားများသည် မြန်ဆန်ခြင်းနှင့် ထက်ရှခြင်းကို ကျင့်ကြံ၏။ ဤကား ဓားသမားတိုင်း၏ရည်ရွယ်ချက်ဖြစ်သည်။
ရီဖူရှင်း၏စိတ်အသိက ဒုတိယတောင်ထွတ်ထံသို့ စီးဝင်သွား၏။ မကြာခင် သူက စိတ်အသိကို ပြန်ရုတ်သိမ်းလိုက်သည်။ သူ နားလည်လိုက်ပြီဖြစ်သည်။ ဓားချက် ၈၁ချက်လုံးကို နားလည်ခြင်းက မဟာလမ်းစဉ်၏ဝင်ရိုးကို တည်ဆောက်ကာ ရန်ဟောင်ဖြစ်နိုင်သည်ဟု ကျွင်းဟုန်က ပြောခဲ့ခြင်းမှာ မထူးဆန်းတော့။
လက်ရှိအနေအထားဖြင့် သူသည် ဓားချက် ၈၁ချက်လုံးကို နားလည်ရန် မဖြစ်နိုင်။
ထိုအချက်ကိုနားလည်ပြီးနောက်တွင် ရီဖူရှင်းသည် သူ၏တတိယတောင်သို့ ပြန်သွား၏။ သူက အဆုံးအစမဲ့ကာ မရေမတွက်နိုင်သော ဓားအရိပ်များအား ကြည့်သည်။
သူ ထိုနေရာတွင် ၇ရက်တိတိ ဆက်ထိုင်နေခဲ့သည်။
ထို၇ရက်အတွင်း မည်သူမှ ထွက်ခွာသွားခြင်းမရှိပေ။ သူတို့အားလုံးက ရီဖူရှင်း မည်သည့်အနေအထားအထိ ရောက်မည်ကို စိတ်ဝင်စားကြသည်။
သူသာ ထိုဓားချက်ကို နားလည်သွားပါက လီတောက်စီနှင့် တိုက်ခိုက်ကြမည်လော။
ထိုအခိုက်တွင် ရီဖူရှင်းကား တစ်လက်လက်တောက်ပနေသည်။ သူကိုယ်တိုင်က ဓားခန္ဓာကိုယ် တည်ဆောက်ထားဟန်ရသည်။ ထို့အတူ ဓားတောင်ထွတ်သည်လည်း တစ်လက်လက်တောက်ပနေ၏။ အဆုံးအစမဲ့သော ဓားအသိများ နေရာတိုင်းတွင် စီးဆင်းနေသည်။
ဓားအလင်းတစ်ခုသည် ရီဖူရှင်းထံမှနေ၍ ကောင်းကင်သို့ ထိုးတက်သွားသည်။ လေထဲတွင် ဓားတစ်ချက်ပေါ်လာ၏။
ဝှစ်…
ထို့နောက် ဓားနှစ်ချက်… သုံးချက် … လေးချက် …
စသည်ဖြင့် ဓားအလင်းများ တစ်ခုပြီးတစ်ခုပေါ်လာသည်။ မကြာခင် မရေမတွက်နိုင်သော ဓားချက်များ လေထဲပြည့်သွား၏။
သူကား ဓား ၇၉လက်ကို နားလည်ခဲ့ပြီဖြစ်သည်။
ရှန်ကျင်းသည် လီတောက်စီနှင့်ထပ်တူညီသော ဓားချက်များကို ပိုင်ဆိုင်ပြီဖြစ်သည်။ နောက်ဆုံး ဓားချက်နှစ်ချက်သာ ကျန်တော့၏။
“သူက တကယ်ကို တော်တဲ့ဓားသမားပဲ” ရိထျန်းယွီက ဆိုသည်။ ယခု သူသည်လည်း ရီဖူရှင်းနှင့် လက်ရည်စမ်းလိုစိတ်များ ပြင်းပြလာသည်။
ဓားနန်းတော်တပည့်များမှာ ဆွံ့အရသည်။ ရီဖူရှင်းက ထိုဓားချက်များအားလုံးကို နားလည်သွားမည်လော။
ထိုအခိုက်တွင် ဒုတိယတောင်ထွတ်မှ လီတောက်စီသည် သူ၏မျက်လုံးများကို ဖွင့်လိုက်၏။ သူက ထရပ်ကာ ရီဖူရှင်းထံသို့ လှမ်းလာခဲ့သည်။
ရီဖူရှင်းသည် သူကဲ့သို့ပင် ဓား ၇၉လက်ကို နားလည်ခဲ့သည်။
ရီဖူရှင်းသည်လည်း လီတောက်စီ၏အကြည့်ကို ခံစားမိကာ ပြန်ကြည့်လိုက်သည်။
လီတောက်စီက ရီဖူရှင်းကို ကြည့်ကာ ပြောသည် “ကျုပ်က လီမိသားစုဝင်… ဓားနန်းတော်ရဲ့တပည့် လီတောက်စီပါ”
လီတောက်စီကား သိသာစွာပင် တိုက်ခိုက်လိုသည်။ သူက မိမိကိုယ်ကို မိတ်ဆက်ခြင်းကလည်း တစ်ဘက်လူကို လေးစားသောကြောင့်ဖြစ်သည်။
ရီဖူရှင်းက သည်နေရာအထိ ရောက်လာခြင်းကပင် လေးစားရန် ထိုက်တန်ပေသည်။
“ကျုပ်က ထိုက်ရွှမ်တောင်ဓားသမား ရှန်ကျင်း…” ရီဖူရှင်းကလည်း ပြန်၍ မိတ်ဆက်သည်။
“ကျုပ်တို့နှစ်ယောက်က ဓားချက် ၇၉ချက်ကို အတူတူနားလည်ထားကြတယ်။ ဘယ်သူမှ အသာစီးမရဘူး” လီတောက်စီက ပြောကာ သူ၏လက်ကို မြှောက်လိုက်သည်။ ချက်ချင်းပ်င အဆုံးမဲ့ ထက်ရှသော ဓားများ တောင်ထွတ်များထံမှ ပေါ်လာကာ လေထဲကို တက်သွားသည်။
ဓားများအားလုံးက ရီဖူရှင်းကို ချိန်ရွယ်ထားကြ၏။
သည်မတိုင်ခင်က ကျွင်းဟုန်နှင့် ရီဖူရှင်းတို့သည် နတ်ဘုရားမာန်ဟုန်တောင်များအား ရွေ့လျားစေခဲ့ကြ၏။ ယခု လီတောက်စီသည် တောင်များကို ဓားများအလား အသုံးပြုနေသည်။
အားလုံးက တောင်ထွတ် ၇၉ခုကို လှမ်းကြည့်ကြသည်။ ဓားများကား တောင်ထွတ်တိုင်း၌ ပျံဝဲနေကြကာ ရီဖူရှင်းထံသို့ ချိန်ရွယ်ထား၏။ ကြောက်မက်ဖွယ်အရှိန်အဝါများသည် ဓားတစ်လက်ချင်းစီမှ ထွက်ပေါ်နေ၏။
လီတောက်စီကား ဒုတိယတောင်ထွတ်တွင် ရပ်နေသည်။
“ဘယ်လောက်အားကောင်းတဲ့ဓားအသိလဲ”
အားလုံးက လေထဲရှိနေသော ဓားများကို လှမ်းကြည့်ကြသည်။ ဤကား လီတောက်စီ၏စွမ်းအားဖြစ်သည်။ သူသည် ဓားနန်းတော်၌ ရန်ဟောင်အဆင့်အောက်တွင် အတော်ဆုံးသူ။
လီတောက်စီက လက်ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် ဓားများအားလုံးသည် ရီဖူရှင်းထံသို့ ဦးတည်ပျံသန်းသွားကြ၏။ ဤကား တောင် ၇၉လုံးမှ ဓား ၇၉လက်…။
လီတောက်စီက တိုက်ခိုက်လိုက်လျှင် ရီဖူရှင်းကလည်း ရှေ့ကို လက်ညိုးဖြင့် ညွန်လိုက်သည်။ ကောင်းကင်၌ အလင်းတန်းတစ်ခုပေါ်လာကာ သူ့အား အလင်းလွှာတစ်ခု ကာဆီးသွား၏။
ရီဖူရှင်းအား ဓားများ ကာကွယ်ထားသည်ကို မည်သူမှ မမြင်နိုင်။ တစ်ဘက်ဓားများ ကျဆင်းလာသောအခါ အဆုံးအစမဲ့သော ဓားများမှာ ဓားအရံအတား၏ဖျက်ဆီးခြင်းကို ခံရ၏။ တောင်ထွတ် ၇၉ခုမှ ဓားအသိများသည် သူ့ထံသို့ စီးဆင်းကာ ဓားအရံအတားအဖြစ် ပုံဖော်ထား၏။
သူ၏ဓားများ တားဆီးခံရသည်ကိုမြင်သော်လည်း လီတောက်စီကား မည်သို့မှ ထူးခြားသော အမူအရာမပြ။ ဓားတစ်ချက်တည်းဖြင့် ရီဖူရှင်းရှုံးနိမ့်သွားလျှင်သာ သူ အမှန်တကယ် စိတ်ပျက်ပေလိမ့်မည်။
လီတောက်စီက လက်ကို ဆန့်တန်းလိုက်သည်။ ကြီးမားသော ဖိအားနှင့်အတူ ဓားများသည် ပိုမိုအားကောင်းလာဟန်ရကာ ဓားအရံအတားကို တစ်တိတိ တိုက်စားဖျက်ဆီးကြ၏။
ရီဖူရှင်းက လက်ဝှေ့ယမ်းလိုက်သည်။ တောင်များထံမှ ဓားအသိများသည် ဓားအရံအတားကို လာရောက်အားဖြည့်မြဲ။ များစွာသော ဓားများ သူ့ကို ရစ်ပတ်ထားမြဲ။
“သွား…” သူက ပြောသည်။ မရေမတွက်နိုင်သော ဓားများသည် သူ၏ဓားအရံအတားမှနေ၍ တစ်ဘက်လူ၏ဓားများကို တိုက်ခိုက်ဖျက်ဆီးကြသည်။ သူတို့နှစ်ဦးအကြားတွင် ပြင်းထန်သော ဓားမုန်တိုင်းများပင် ဖြစ်ပေါ်နေ၏။
“သူတို့က လက်ရည်တူနေကြတယ်” ဤကား လူတိုင်း၏အတွေး…။
ထိုအခိုက်တွင် သူတို့သာ တိုက်ပွဲများကို ကြည့်နေသည်မဟုတ်၊ နတ်နန်းတော်မှ အကြီးအကဲများသည်လည်း တိုက်ပွဲကို စောင့်ကြည့်နေကြသည်။
ထိုအခိုက်တွင် တိုက်ပွဲကို ကြည့်နေသော ဓားအင်ပါယာအများအပြား ရှိကြသည်။
“လီတောက်စီက နတ်နန်းတော်မှာ လေ့ကျင့်လာတာ ကြာပြီ။ သူ့ဓားပညာက တကယ်ပဲ ကောင်းမွန်တယ်။ ရှန်ကျင်းဟာ အရမ်း ပါရမီမြင့်တယ်။ သူ့ ဆင်ခြင်နားလည်နိုင်စွမ်းက အံ့မခန်းပဲ။ ဒါပေမဲ့ ဓားအသိနဲ့ပတ်သက်ရင်တော့ ကျုပ်က လီတောက်စီကို အားရတယ်” တစ်ယောက်က ပြောသည်။
“သူ ရှုံးမှာ မဟုတ်ဘူး” တစ်ယောက်လည်း ဆိုသည်။ တခြားလူများကတော့ ဘာမှ မပြောကြပေ။
***