သူသည် ဓားတစ်လက်ကို ခြေတစ်လှမ်းတည်းဖြင့် နားလည်ခဲ့၏။
ထွက်ခွာသွားရန် ပြင်နေသူများအားလုံးမှာ ရုတ်တရက် အေးခဲသွားကြ၏။ သူတို့က ရီဖူရှင်းကို ထိတ်လန့်စွာ ကြည့်ကြသည်။
သူက ဓား၄၉လက်ကို တစ်နာရီတည်းဖြင့် နားလည်ခဲ့ကာ သုံးရက်တိတိ တရားထိုင်နေခဲ့သည်။
အားလုံးက စိတ်မရှည်တော့ဘဲ ထွက်သွားတော့မည်လုပ်တော့မှ သူသည် ဓားတစ်လက်ကို ခြေတစ်လှမ်းတည်းဖြင့် နားလည်ခဲ့၏။
ဓား ၄၉လက်ကို နားလည်နိုင်သည့် အမြန်နှုန်းကို ဓားနန်းတော်ရှိ မည်သူမှ လိုက်မမှီ။ သူက မခန့်မှန်းနိုင်သော သမိုင်းဝင် အဖြစ်အပျက်တစ်ခုအား ဖန်တီးလိုနေသည်များလား။
“ဒီအကောင်တော့ ဓားနန်းတော်တပည့်တွေကို အရှက်ရအောင် လုပ်နေတာပဲ” ကျွင်းဟုန်ကား ထိုနေရာတွင် တစ်ချိန်လုံး ရှိနေခဲ့သည်။ ရီဖူရှင်း၏နားလည်နိုင်စွမ်းကို ကြည့်ကာ ဓားနန်းတော်မှ တပည့်များ သူတို့၏ဂုဏ်သိက္ခာကို မည်သို့ ထိန်းသိမ်းနိုင်တော့မည်နည်း။
လီတောက်စီသည် ဓား ၄၉လက်ကို တစ်ရက်တည်းဖြင့် နားလည်ခဲ့သော်လည်း သူသည် ဓားတစ်လက်စီချင်းအား အချိန်ယူကာ ဆင်ခြင်ခဲ့ရပေသည်။ တစ်လက်ပြီး တစ်လက် အချိန်ကြာမြင့်စွာ ဆင်ခြင်သုံ့သခဲ့ရ၏။
သို့သော်လည်း ရီဖူရှင်းသည် ၅၁လက်မြောက်ဓားသို့ မည်သို့မှ မထူးခြားဟန်ဖြင့် သည်အတိုင်း ကျော်ဖြတ်သွားခဲ့သည်။ ထိုသို့လုပ်ဆောင်ရန် အတွေးတစ်ချက်မျှသာ လိုအပ်သည့်အလား။
ရာရာသည်လည်း လူအုပ်ထဲတွင် ရှိပေသည်။ ပြီးခဲ့သည့် ရက်ပိုင်းတွင် သူမသည်လည်း ဓားချက်အများအပြားကို နားလည်ခဲ့၏။ သို့သော်လည်း ယခု ရီဖူရှင်းလုပ်နေပုံကို ကြည့်ကာ သူမသည်လည်း ဆွံ့အရ၏။
ဓားတရားတောင်မှ ဓားချက်များမှာ မည်သည့်အချိန်က အလွယ်တကူ နားလည်နိုင်သောအရာဖြစ်သွားသနည်း။
ထိုအခိုက်တွင် ရီဖူရှင်းကား တောင်ထွတ်များအကြား၌ လမ်းလျှောက်နေသည်။ သူက ၅၂လုံးမြောက် တောင်ထွတ်အား တစ်ချက်ကြည့်လိုက်၏။ လျှပ်တပြက်အတွင်း ဓားပုံရိပ်များသည် သူ၏ခေါင်းထဲကို ဝင်လာခဲ့သည်။ သူကား တစ်ချက်ကြည့်ရုံမျှဖြင့် ထိုဓားချက်၏ဖွဲ့စည်းပုံကို နားလည်နိုင်သည်။
သူကား သုံးရက်တိတိ အချိန်ယူကား အခြေခံဓားချက် ၄၉ချက်ကို ဆင်ခြင်ခဲ့၏။ ယခု ထိုဓားချက်များမှ ဆင့်ပွားထားသော မည်သည့်ဓားချက်ကိုမဆို သူနားလည်နိုင်ပြီဖြစ်သည်။
ရုတ်တရက် ပိုမိုများပြားသော ဓားပုံရိပ်များ ရီဖူရှင်း၏စိတ်ထဲတွင် ပေါ်လာသည်။ ဓားအသိသည် တောင်ထွတ်ထံမှနေ၍ ကောင်းကင်ယံသို့ ထိုးတက်သွားသည်။ သူက တဖန် ရှေ့ကို ဆက်လှမ်းသွားလိုက်၏။
သူကား ၅၂ချက်မြောက် ဓားကို နားလည်ခဲ့၏။
ရီဖူရှင်းကား လွတ်လပ်ပေါ့ပါးဟန်ရသော်လည်း သူ့ကို ကြည့်နေသူများအားလုံးမှာ ဆွံ့အရသည်။ သူကား ခဏတာ ရပ်တန့်ခဲ့သော်လည်း နောက်ထပ်ဓားတစ်လက်ကို အတွေးတစ်ချက်မျှဖြင့် နားလည်ခဲ့၏။
လူအများအပြားမှာ ရာရာကဲ့သို့ တွေးတောနေကြသည်။ ဓားတရားတောင်မှ ဓားချက်များမှာ ထိုမျှ အလွယ်တကူ နားလည်နိုင်ပါသလား။
သူ့အတွက် အလွန်လွယ်ကူလွန်းသော ပုံစံပင်။ ဓားနန်းတော်မှ တပည့်များအတွက် အဘယ်ကြောင့် ခက်ခဲနေရသနည်း။
ထိုက်ရွှမ်တောင်မှ ဓားသမားသည် ထိုမျှ ပါရမီမြင့်မားပါသလား။
ထို့နောက်တင် ၅၃ချက်မြောက်ဓား၊ ၅၄ချက်မြောက်ဓား၊ ၅၅ချက်မြောက်ဓား… တဖြေးဖြေး သူနှေးကွေးလာသည်။ သူကား အတွေးတစ်ချက်မျှဖြင့် နားမလည်နိုင်တော့။ သူက နှေးကွေးသွားသည်ဆိုသော်လည်း ခဏမျှသာ ကြာမြင့်ပေသည်။ ကြည့်နေသူများအတွက်မူ သူကား အတွေးတစ်ချက်မျှဖြင့် နားလည်နိုင်မြဲ။ သူကား ဓားတောင်ထွတ်ကို တစ်ချက်မျှသာ ကြည့်ကာ ထိုဓားကို နားလည်သွား၏။
သူကား မြန်ဆန်လွန်းသဖြင့် တစ်နာရီအတွင်း ဓား ၇၂လက်ကို နားလည်ခဲ့သည်။
“လီတောက်စီ ဓား၇၂လက်ကို နားလည်ဖို့ ဘယ်လောက်ကြာခဲ့လဲ” ဓားနန်းတော်တပည့်များက အချင်းချင်း မေးမြန်းကြသည်။
“၇ရက်…” တစ်ယောက်က ပြောသည်။
ယခု ရီဖူရှင်းကား တစ်ရက်တည်းဖြင့် အောင်မြင်ခဲ့သည်။
ထိုအဖြစ်က လူတိုင်းအား အိပ်မက်အလား ထင်မှတ်မှားစေသည်။ တစ်နာရီ …။ ဤကား ကြောက်မက်ဖွယ်ကောင်းလွန်းလှ၏။
“သူ့ကို လီတောက်စီနဲ့နှိုင်းယှဉ်တာ အဓိပ္ပာယ်မရှိတော့ဘူး” တစ်ယောက်က သက်ပြင်းချကာ ပြောသည် “ငါသိသလောက် နတ်နန်းတော်သမိုင်းတစ်လျှောက် ဓား ၇၂လက်ကို ဒီလောက်မြန်မြန် နားလည်တဲ့သူမရှိသေးဘူး”
ထိုစကားကိုကြားလျှင် လူအများအပြား တုန်ယင်သွားကြသည်။
ထိုက်ရွှမ်တောင်ဓားသမားကား စံချိန်များကိုပင် ချိုးနေလေပြီ။
ထိုအခိုက်တွင် နတ်နန်းတော်၏သီးသန့်နန်းဆောင်အများအပြားမှ အကြီးအကဲများသည် သူတို့၏မျက်လုံးများကို ဖွင့်လိုက်ကြသည်။ သူတို့၏နတ်အာရုံက အဝေးကို ပျံ့နှံ့သွားကာ ဓားတရားတောင်ပေါ်သို့ ကျဆင်းလာကြ၏။
နတ်နန်းတော်၏အကြီးအကဲတစ်ယောက်ကား ကျင့်ကြံသည်ကိုပင် ရပ်လိုက်ကာ လေထဲကို တက်လျှက် ဓားတရားတောင်ဘက်ကို ကြည့်သည်။
ထိုအခိုက်တွင် တခြားသော အကြီးအကဲအချို့လည်း သူ့ဘေးကို ရောက်လာကာ တစ်ယောက်က အဝေးသို့ ကြည့်လျှက် တီးတိုးပြောသည် “၇၂ လက်”
“တစ်နာရီတည်းမှာ ၇၂လက်…” အကြီးအကဲတစ်ဦးက တီးတိုးပြောသည်။ သူကား တည်ငြိမ်နေဟန်ရသော်လည်း စိတ်လှုပ်ရှားနေ၏။
“ဒါက စံချိန်သစ်လား..” တစ်ယောက်က မေးသည်။
“အင်း…” ထိုအကြီးအကဲက ခေါင်းညိတ်သည်။
သူကား ဓား၇၂လက်ကို နားလည်နိုင်သည့် စံချိန်သစ်အား တင်လိုက်ကာ ယခုတွင် နောက်ထပ် ဓား ၉လက်သာ ကျန်တော့သည်။ သို့သော်လည်း နောက်ဆုံးဓားကိုးလက်၏စံချိန်မှာ ကျိုးပျက်ရန်မလွယ်ကူပေ။ မည်သို့ဆိုစေ ထိုဓားများကို နားလည်ရန် ကျင့်ကြံသူ၏အဆင့်လည်း လိုအပ်ပေသေးသည်။ ရီဖူရှင်းကား လုံလောက်အောင် မြင့်မားခြင်းမရှိပေ။
ဓား ၈၁လက်လုံးကို နားလည်ခြင်းသည် မဟာလမ်းစဉ်၏ဝင်ရိုးကို တည်ဆောက်ခြင်းလည်းဖြစ်ကာ ဓားအင်ပါယာသို့ တက်လှမ်းခြင်းဖြစ်သည်။ ရှန်ကျင်းသည် ပြန်လည်မွေးဖွားခြင်းအဆင့်သို့ ယခုမှ တက်ရောက်ခြင်းဖြစ်ရာ သူ့အနေဖြင့် ရန်ဟောင် မည်သို့ ဖြစ်နိုင်ဦးမည်နည်း။
သို့တိုင်အောင် ၇၂လက်သော ဓားချက်များ၏စံချိန်သည်ကား သူ၏ပါရမီကို သက်သေထူပြီးဖြစ်သည်။
“သူက အရှင်ထိုက်ရွှမ်ရဲ့လက်ရင်းတပည့်လား” တစ်ယောက်က မေးသည်။
“အရှင်ထိုက်ရွှမ်ကတော့ တပည့်လက်မခံတော့ဘူးလို့ ပြောခဲ့တာပဲ။ သူတို့က နာမည်အားဖြင့်တော့ ဆရာတပည့်မဟုတ်ရင်တောင် အရှင်ထိုက်ရွှမ်ကိုယ်တိုင် သင်ကြားပြသပေးတာခံရတဲ့သူပဲဖြစ်မယ်” တစ်ယောက်က ပြောသည်။
“ဒီလိုဆိုရင်တော့ တကယ် နှမြောစရာပဲ” အဘိုးအိုက သက်ပြင်းချသည်။ သူကား ပါရမီရှင်များကို အလွန်တန်ဖိုးထား၏။ ယခု သည်လူငယ်သည် အရှင်ထိုက်ရွှမ်၏တပည့်ဖြစ်နေမှတော့ သူ့အနေဖြင့် သွားရောက်ချဉ်းကပ်ရန် မဖြစ်နိုင်ပေ။ လက်ရှိတွင် အရှင်ထိုက်ရွှမ်၏အဆင့်အတန်းကား အလွန်မြင့်မားပေ၏။ ထို့အပြင် ရှန်ကျင်းသည် နတ်နန်းတော်ကို စိတ်ဝင်စားဟန်မပြသပေ။
ထိုအခိုက်တွင် ရီဖူရှင်းကား ထိုအရာများကို စဉ်းစားတွေးတောနေခြင်းမရှိပေ။
၇၂လက်မြောက်ဓားပြီးနောက်တွင် သူ၏ခြေလှမ်းများက နှေးကွေးသွား၏။ သူက ၇၃ခုမြောက်တောင်ထွတ်ကို ကြည့်သည်။ သူ၏မျက်လုံးများက အရောင်များ တစ်လက်လက်ထနေ၏။ တောင်ထွတ်ဆီမှ စစ်မှန်သောဓားအသိအား သူခံစားမိပေသည်။
သို့သော်လည်း လက်ရှိတွင် သူ့အနေဖြင့် ထင်သလောက် မလွယ်ကူတော့။
သူ့စိတ်အတွင်း၌ ပေါ်လာသော ဓားသည် အလွန်လေးနက်ရှုပ်ထွေးသည်။ သည်ဓားချက်ကား ၄၉ချက်သော အခြေခံဓားချက်များမှ ဖြစ်လာသော အဆင့်မြင့်ဓားချက်ဖြစ်သည်။
ရီဖူရှင်း ခဏမျှ ရပ်တန့်လိုက်သည်။ နောက်ဆုံးတွင် ၇၃ခုမြောက်တောင်ထွတ်မှ ဓားအလင်းများ ဖြာထွက်လာခဲ့၏။
“သူက မြန်နေတုန်းပဲ…” အားလုံး ထိတ်လန့်သွားကြသည်။ အဆုံးအစမဲ့သော ဓားအလင်းများ ရီဖူရှင်းကို ရစ်ပတ်ထားကြသည်။ ဓားအသိများ သူ့အသွေးအသားကို စီးဆင်းကာ သူသည် ဓားခန္ဓာကိုယ်အား တည်ဆောက်ခဲ့၏။
သူက ရှေ့ကို ဆက်သွားကာ ၇၄ချက်မြောက် ဓားကို ဆင်ခြင်လိုက်သည်။
သည်တစ်ကြိမ်ကား သူသည် နာရီဝက် အချိန်ယူခဲ့ရ၏။
၇၅ချက်မြောက်ဓားမှာ ၂ နာရီ ကြာခဲ့သည်။
၇၆ချက်မြောက်ဓားသည် ၅ နာရီ ကြာ၏။
၇၇ ချက်မြောက်ဓားသည် တစ်ရက်ကြာ၏။
၇၈ချက်မြောက်ဓားကို ရောက်သည်အထိ လူတိုင်းသည် သုံးရက်စောင့်ဆိုင်းခဲ့ရသည်။
သူ နားမလည်သေးသည့် ဓားကား သုံးလက်မျှသာ ကျန်တော့သည်။
ဆယ်ရက်ထက်နည်းသော အချိန်အတောအတွင်း သူသည် ၇၈ချက်သော ဓားများကို နားလည်ခဲ့ကာ ယခုကား ဓားသုံးလက်သာ ကျန်တော့သည်။
လူတိုင်း ထုံထိုင်းနေကြသည်။ ဤသို့သော ပါရမီကို မည်သူမှ မမြင်ဖူးခဲ့။
ရီဖူရှင်း၏ခန္ဓာကိုယ်ကား ဓားအလင်းများဖြင့် စီးဆင်းနေကာ သူသည် မဟာလမ်းစဉ်၏ဓားခန္ဓာကိုယ်ကို ဖွဲ့စည်းနေ၏။
သူက နောက်ဆုံးဓားတောင်ထွတ်သုံးခုကို ကြည့်သည်။ သူ၏အမြင်တွင် တောင်ထွတ်သည် ဓားနတ်ဘုရားတစ်ပါး၏ရုပ်တုတစ်ခု။ မဟာလမ်းစဉ်စွမ်းအားများဖြင့် ပြည့်နှက်နေသည်။
သူသည် ဓားနတ်ဘုရား၏ပုံရိပ်နှင့် များစွာသော အရိပ်သဏ္ဌာန်များကို မြင်သည်။
“မင်းက ဒီဓားကို နားလည်မှာ မဟုတ်ဘူး။ အချိန်ယူပြီးတော့ ဆင်ခြင်သင့်တယ်” လီတောက်စီက ထိုနေရာတွင် ထိုင်ကာ ပြောသည်။ ရီဖူရှင်းက သူ့အား ကြည့်ကာ ပြုံးလျှက်ခေါင်းညိတ်သည်။ ထို့နောက် သူက ထိုနေရာတွင်ပင် ထိုင်ကာ စတင်၍ ဆင်ခြင်၏။
ထိုအဖြစ်က အားလုံးကို အံ့အားသင့်စေသည်။ ရီဖူရှင်းက လီတောက်စီကို ယုံကြည်သည်လား။
အမှန်တကယ်အားဖြင့် လီတောက်စီက မပြောလျှင်လည်း ရီဖူရှင်းက ထိုသို့လုပ်မည်သာ။ သူက ဓားပညာကို မြင်သည်နှင့် အချိန်ယူဆင်ခြင်ရမည့်ဓားချက်ဟု သိခဲ့ပြီးဖြစ်သည်။
နောက်ဆုံးသော ဓားချက်သုံးချက်မှာ နောက်တစ်ဆင့်၌ ရှိနေခဲ့သည်။
ထို့ကြောင့် သူက လီတောက်စီ၏စကားကို ကြားသည်နှင့် မဆိုင်းမတွ ထိုင်ကာ ဆင်ခြင်ခဲ့ခြင်းဖြစ်သည်။
လီတောက်စီက ရီဖူရှင်းအား မကြည့်ပေ။ ရီဖူရှင်း၏အပြုအမူကို သူက ခံစားမိသည်နှင့် စိတ်တွင်းမှ လေးစားချီးကျူးမိသည်။ ထိုက်ရွှမ်တောင်ဓားသမားကား သူထင်ထားသည်ထက် ပါရမီမြင့်၏။ သူတို့မှာ ပြိုင်ဘက်အနေအထားဖြင့်ဖြစ်သည့်တိုင် သူ့စကားကို လက်ခံလိုက်နာ၏။
ဤကား လေးစားထိုက်သော ပြိုင်ဘက်ဖြစ်သည်။ သူကား တိုက်ပွဲကို မျှော်လင့်နေပြီဖြစ်၏။
***