သူက ဓားများကို နားလည်သည်က မြန်ဆန်လွန်းလှသည်။
နတ်နန်းတော်၏တိုက်ရိုက်တပည့်များသည်ပင် ရီဖူရှင်းကို စိုက်ကြည့်နေကြ၏။
ဓားတရားတောင်သည်ကား ဓားသမားတစ်ဦးဖြစ်ပါက သွားကို သွားသင့်သည့်နေရာဖြစ်သည်။ သို့သော်လည်း သူတို့မှတ်မိသလောက် လက်ရှိမျိုးဆက်တွင် မည်သည့်ဓားသမားမှ ဤသို့ မြန်ဆန်စွာ နားမလည်နိုင်။
ဓားနန်းတော်မှ အစွမ်းအထက်ဆုံး လူငယ်ဓားသမား လီတောက်စီ ဤသို့ လုပ်နိုင်ပါသလား။
“ဒါက အရမ်းမိုက်တာပဲ” ကျွင်းဟုန်က ရီဖူရှင်းအား ဆွံ့အစွာ ကြည့်သည်။ သူက တောင်များကို အတွေးတစ်ချက်ဖြင့် ရွေ့လျားခဲ့ခြင်းမှာပင် လုံလောက်နေပြီဖြစ်သည်။ ယခု သူက ဓားများကို အလွယ်တကူ သိရှိနားလည်နိုင်၏။
ရိထျန်းယွီနှင့် ရီမန်တို့သည်လည်း သူ့ဘေးကို ရောက်လာကာ ရိထျန်းယွီက ပြောသည် “သူက ဓားတွေကို အတွေးတစ်ချက်တည်းနဲ့ နားလည်ခဲ့တယ်။ ဓားနန်းတော်မှာ ဒီလိုလုပ်နိုင်တဲ့သူရှိသလား”
“သမိုင်းထဲမှာတော့ တစ်စုံတစ်ယောက် ရှိလိမ့်မယ်” ကျွင်းဟုန်က ပြောသည်။ “ဒါပေမဲ့ ကျုပ်သိသလောက်တော့ ဒီမျိုးဆက်မှာ မရှိဘူး။ လီတောက်စီက ဓားနန်းတော်ကို ရောက်တဲ့အခါ သူလည်း တစ်နေ့တည်းနဲ့ ဓား ၄၉လက်ကို နားလည်ခဲ့တယ်။ အဲဒီအဖြစ်က နတ်နန်းတော်တစ်ခုလုံးကို လှုပ်ခတ်စေခဲ့ပြီးတော့ ဓားနန်းတော်အရှင်ကိုယ်တိုင်က သူ့ကို လက်ရင်းတပည့်အဖြစ် လက်ခံခဲ့တယ်”
“ဒါဆို သူက လီတောက်စီရဲ့စံချိန်ကို ဖျက်ချင်တာပေါ့” ရိထျန်းယွီက တီးတိုးပြောသည် “သူက ခင်ဗျားနဲ့အတူ ဒီကို လာခဲ့တယ်။ ဒါကြောင့် သူဘယ်လောက်ထူးခြားလဲဆိုတာ ခင်ဗျား ခံစားမိမယ်ထင်တယ်။ သူနဲ့တိုက်ကြည့်ခဲ့သေးလား”
ကျွင်းဟုန်က ခေါင်းယမ်းကာ ပြောသည် “ဒီလူက တကယ်ပဲ စိတ်ဝင်စားဖို့ကောင်းတယ်”
ရီဖူရှင်းသည် နတ်ဘုရားမာန်ဟုန်တော်သို့ ရောက်လာသောအခါ သူသည် တောင်များကို အတွေးတစ်ချက်ဖြင့် ရွေ့လျားစေနိုင်ခဲ့သည်။ နောက်ပိုင်းတွင် သူနှင့်အတူ ထိုနေရာ၌ ကျင့်ကြံခဲ့ပြီး သူ့ရှေ့တွင်ပင် လမ်းစဉ်သစ်သီးများကို ထုတ်စားခဲ့၏။ သူကား အမှန်ပင် အရှက်မရှိသောလူဖြစ်သည်။
“ဘယ်သူက ပိုကောင်းတဲ့ဓားသမားဖြစ်မလဲ။ သူလား … လီတောက်စီလား” ရိထျန်းယွီက မေးသည်။ သူကား အမှန်ပင် စိတ်ဝင်စားပေသည်။
“သူတို့တိုက်ခိုက်တဲ့အခါ ကျုပ်တို့သိလိမ့်မယ်” ကျွင်းဟုန်က ဖြေသည်။
အဆုံးအစမဲ့သော ဓားအသိများ စီးဆင်းလျှက် ရီဖူရှင်းသည် ရှေ့ကို လှမ်းသွားနေခဲ့၏။ သူဖြတ်သန်းသွားသမျှ တောင်ထွတ်များထံမှ ဓားအသိများ သူ့ထံကို စီးဆင်းနေသည်။
“သူက လူကောဟုတ်လို့လား” ဝမ်ရှိုးရီသည်လည်း သူ့တစ်သက်လုံး ဓားပညာကို လေ့ကျင့်ခဲ့သူဖြစ်ကာ မိမိကိုယ်ကို ဓားပညာ၌ ပါရမီပါသည်ဟု ခံယူထားသူဖြစ်သည်။ သို့သော် ရီဖူရှင်း၏ဆင်ခြင်နိုင်စွမ်းကို မြင်သောအခါ ဆွံ့အရသည်။
သူနှင့် ရီဖူရှင်းတို့အကြား ကွာဟမှုက အဘယ်ကြောင့် ကြီးမားနေရသနည်း။
“သူ့မျက်လုံးတွေကိုကြည့်” လော့ယွဲ့က ဆိုသည်။ ရီဖူရှင်း၏မျက်လုံးများကား ဓားမျက်လုံးများကဲ့သို့ စူးရှနေကာ အရာအားလုံးကို ထွင်းဖောက်မြင်နိုင်သည့်အလား။
“သူက ဓားတရားတောင်ရဲ့လျှို့ဝှက်ချက်ကို မြင်နိုင်စွမ်းတဲ့ ထူးဆန်းပညာရပ်တစ်ခုခု လေ့ကျင့်ထားတာဖြစ်နိုင်တယ်” ဝမ်ရှိုးရီက ပြောသည်။ အမှန်တကယ်အားဖြင့် သူ၏ခန့်မှန်းမှုက မှန်ကန်ပေသည်။
ပုံမှန်အားဖြင့် သူတို့ မည်သို့တွေးနေသည်ကို ရီဖူရှင်း မသိပေ။ ထိုအခိုက်တွင် သူကား ဓားတရားတောင်၏ဓားအသိများတွင် အာရုံနစ်မြုတ်နေသည်။ သူ့မျက်လုံး၊ သူ့အတွေးအာရုံများထဲတွင် ဓားများသာ ရှိသည်။ သူ့ရှေ့မှ တောင်ထွတ်များမှာလည်း တောင်များမဟုတ်တော့ဘဲ ဓားများဖြစ်လာ၏။
တောင်ထွတ်တစ်ခုစီ၏ဓားအသိများမှာ ကွဲပြားခြားနားသည်။ ပုံရိပ်ယောင်များသည် ဓားရေးများခင်းနေကြကာ အဆုံးအစမဲ့သော ဓားအသိများကို ထုတ်လွှတ်နေကြ၏။
ရီဖူရှင်း၏ခန္ဓာကိုယ်သည်လည်း ဓားတစ်လက်အလား ထက်ရှလာခဲ့၏။ ရီဖူရှင်းက လမ်းစဉ်သစ်သီးတစ်လုံးကို ထုတ်ကာ တစ်ကိုက် ကိုက်လိုက်၏။
“သူ ထပ်လုပ်နေပြန်ပြီ” ကျွင်းဟုန်ကား ရီဖူရှင်းကို ရိုက်နှက်လိုစိတ်များပင် ဖြစ်ပေါ်လာ၏။
အားလုံးက ထိုမြင်ကွင်းကို မျက်လုံးပြူးကာ ကြည့်နေကြသည်။ အထူးသဖြင့် လမ်းစဉ်သက်သေပြခြင်းနယ်မြေတွင် သူနှင့် ယှဉ်ပြိုင်ခဲ့ကြသူများ…။
ဤကား လွန်ကဲလွန်း၏။
“တောင်ထွတ်ဘယ်နှစ်ခုလဲ…” တစ်ယောက်က တီးတိုးပြောသည်။ သူကား မိမိကိုယ်ကို မေးမြန်းနေဟန်ရသည်။
“ဓားအသိတွေက တောင်ထွတ် ၃၂ ခုဆီက စီးဆင်းနေတယ်။ အဲဒီတောင်တွေအကုန်လုံးက သူနဲ့ဆက်နွယ်နေတယ်” တစ်ယောက်က ပြောသည်။ သူတို့အားလုံး စိတ်လှုပ်ရှားသွားကြသည်။ ရီဖူရှင်းသည် အနည်းငယ် နှေးကွေးသွားသော်လည်း ရပ်တန့်သွားခြင်း မရှိသေးပေ။
နောက်ဆုံးတွင် သူသည် လမ်းလျှောက်နေရာမှ ရပ်လိုက်၏။ သူသည် မူလနေရာသို့ ပြန်သွားကာ ထိုနေရာ၌ ငြိမ်သက်စွာ ရပ်လျှက် ပတ်ဝန်းကျင်ကို သုံ့သပ်ဆင်ခြင်နေသည်။ သူ့အနီးတွင် ဓားအသိများ လှည့်ပတ်စီးဆင်းနေကြ၏။
“နောက်ဆုံတော့ သူရပ်သွားပြီ” လူအများအပြားက ဆိုကြသည်။
သို့သော်လည်း သိပ်မကြာခင်တွင်ပင် သူရွေ့လျားပြန်သည်။ ရှေ့ကို တက်သွားလျှင် သူသည် အဆုံးအစမဲ့သော ဓားအသိများဖြင့် လွှမ်းခြုံသွား။ တောင်ထွတ်များထံမှ ပြင်းထန်သော ဓားအသိများသည် သူ့ထံသို့ စီးဆင်းကြပြန်၏။
“စိတ်ဝင်စားစရာပဲ” လူအများအပြားက တွေးလိုက်ကြသည်။ ရီဖူရှင်းကား လီတောက်စီလုပ်ခဲ့သည်များအားလုံးကို ကျော်ဖြတ်နေ၏။
“၄၈လက်…”
ဓားတရားတောင်မှ လူအများအပြားသည် ရီဖူရှင်းကို လွန်စွာ စိတ်ဝင်တစား ကြည့်နေကြ၏။ ယခုကား အားလုံးသောလူများသည် သူတို့၏ကျင့်ကြံခြင်းများကို မေ့လျော့ကာ သူတို့ရှေ့မှ မြင်ကွင်းကို အာရုံစိုက်နေကြသည်။
ရီဖူရှင်းက ရှေ့ကို တက်သွားလျှင် ၄၉ ခုမြောက် တောင်ထွတ်ထံမှ ဓားအသိသည် လေထုကို ခွင်းလျှက် ရီဖူရှင်းထံသို့ စီးဆင်းလာ၏။
တစ်နာရီအတွင်း သူသည် ဓား ၄၉လက်ကို နားလည်ခဲ့သည်။
ထိုသို့လုပ်ရန် လီတောက်စီအတွက် တစ်ရက်တိတိ အချိန်ကြာခဲ့၏။
ထိုအခိုက်တွင် လီတောက်စီကား ဒုတိယတောင်ထွတ်၌ မည်သည့်အရာကိုမှ ဂရုမစိုက်ဘဲ ထိုင်နေသည်။ ကြည့်ရသည်မှာ သူသည်လည်း ကျင့်ကြံနေဟန်ရ၏။
လီစွမ်း သူ့နောက်တွင် ပေါ်လာသည်။ သူသည် ရီဖူရှင်းကို တစ်ချိန်လုံး စောင့်ကြည့်နေခဲ့၏။ သူက သက်ပြင်းတစ်ချက်ချ၏။ ထိုက်ရွှမ်တောင်မှ ထိုမျှ ထက်မြက်သော ဓားသမားတစ်ဦး ပေါ်လာမည်ဟု လုံးဝ မထင်ထား။
ထိုအခိုက်တွင် လီတောက်စီသည် မျက်လုံးကို မှိတ်ထားရင်းဖြင့် တီးတိုးရေရွက်သည် “ဓား ၄၉လက်…”
“အင်း … ၄၉လက်…” လီစွမ်း၏မျက်နှာက နက်မှောင်နေသည်။
လီတောက်စီက အသာအယာခေါင်းညိတ်ကာ မျက်လုံးကို မှိတ်လျှက် ဆက်လေ့ကျင့်နေသည်။ သူ့တွင် ဆက်လက်နားလည်ရန် ဓားနှစ်လက်လိုသေးပေသည်။
ရီဖူရှင်းက သူ့ကို ကျော်ဖြတ်သွားသည်ကိုလည်း သူမအံ့ဩပေ။ ယခုတွင် ရီဖူရှင်းသည် ယခုသူရောက်နေရာသို့ ရောက်လာမည်ဟု တစ်ထချ ယူဆထားနိုင်ပြီဖြစ်သည်။
ဓား ၄၉လက်ကို နားလည်ပြီးနောက်တွင် ရီဖူရှင်းသည် တစ်ဖန် ရပ်တန့်လိုက်၏။ သူသည် မူလနေရာသို့ သွားထိုင်ကာ စားလက်စ သစ်သီးကို ကုန်အောင်စားလိုက်၏။ သူ့ခန္ဓာကိုယ်က တဖန် ဓားအလင်းများ ဖြာထွက်လာခဲ့၏။
သည်တစ်ကြိမ် သူ အတန်ကြာ ရပ်တန့်နေခဲ့သည်။ သူသည် နောက် ဓားတစ်လက်ကို နားမလည်နိုင်သောကြောင့်မဟုတ်ပေ။ ရှေ့မှ ဓား ၄၉ လက်နှင့် နောက်ထပ် ဓားများသည် ကွဲပြားခြားနားသည်ဟု သူက ခံစားသိရှိသောကြောင့်ဖြစ်၏။
ပထမ ဓား ၄၉လက်သည် ပုံစံတစ်မျိုးတည်းဖြစ်သည်။ ထို့ကြောင့် သူတို့မှာ ကွဲပြားခြားနားသော်လည်း မူရင်းမှာ ဓားတစ်လက်တည်းဖြစ်သည်။
သို့သော်လည်း ၄၉လက်အလွန် နောက်ထပ်ဓားများမှာ ကွဲပြားခြားနားပေသည်။
“ကြည့်ရတာ သူခံစားမိဟန်ပဲ” ဓားနန်းတော်မှ လူများက ရီဖူရှင်းကို ကြည့်ကာ တွေးလိုက်ကြသည်။ ပထမ ဓား၄၉လက်သည် ဓားတရားတောင်၏အခြေခံအုတ်မြစ်ဖြစ်သည်။ နတ်နန်းတော်မှ ဓားပါရမီရှင်တစ်ဦးသည် တစ်ကြိမ်တစ်ခါက ထိုဓား၄၉လက်ကို အခြေခံ၍ ဓားများစွာ တီထွင်အသုံးပြုခဲ့ပေသည်။ ထိုဓား၄၉လက်ကို အခြေခံထားနိုင်သရွေ့ တစ်စုံတစ်ယောက်သည် အကန့်အသတ်မဲ့သော ဓားချက်များအား ထုတ်ဖော်နိုင်၏။
ထိုပါရမီရှင်က ဓား ၄၉လက်ကို တီထွင်ခဲ့ပြီးနောက်တွင် နတ်နန်းတော်မှ တန်ခိုးရှင်များက ထိုဓားများအား ဓားတရားတောင်တွင် ရေးထွင်းခဲ့ကြ၏။
ထို့နောက်တွင် များစွာသော ဓားအင်ပါယာများသည် ထိုဓား၄၉လက်ကို အခြေခံ၌ ကွဲပြားခြားနားသော ဓားချက်များအား ဖန်တီးခဲ့ကြ၏။ ထို့နောက်တွင် ဓားချက်များက တဖြည်းဖြည်း များပြားလာခဲ့သည်။
ဤနည်းဖြင့် လက်ရှိ ဓားတရားတောင် ဖြစ်ပေါ်လာခဲ့သည်။
ရီဖူရှင်းသည် ထိုနေရာတွင်ပင် မည်သည့်စိတ်အနှောင့်အယှက်မှ မရှိဟန်ဖြင့် ထိုင်နေသည်။ ထိုအခိုက်တွင် သူကား သန့်စင်သော ဓားကမ္ဘာထဲသို့ ဝင်ရောက်သွားဟန်ရ၏။ သူ့အနီးတွင် ဓား ၄၉လက်ပုံစံ သက်ဝင်လာခဲ့၏။
ထိုဓားချက်များသည် လောက၏အကောင်းဆုံးသော ဓားများမဟုတ်သော်လည်း ရီဖူရှင်းက ထိုဓားချက်များ၏ ထူးခြားကောင်းမွန်မှုကို သတိပြုမိပေသည်။ အကယ်၍ သည်အခြေခံ ဓား ၄၉ချက်ကိုသာ နားလည်ပါက နောကင်တွင် သူသည် မည်သည့်ဓားပညာကိုမဆို လေ့ကျင့်နိုင်ပေလိမ့်မည်။ သူ့အနေဖြင့် ပိုကောင်းသော ဓားပညာကိုပင် တီထွင်နိုင်ပေလိမ့်မည်။
အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားခဲ့ကာ ရီဖူရှင်းသည် ထိုနေရာတွင် ငြိမ်သက်စွာ ထိုင်နေဆဲ။
“သူ မလှုပ်ရှားသေးဘူးလား” အတော်များများက စိတ်မရှည်ဖြစ်လာ၏။ ရက်တစ်ဝက် ကုန်သွားပြီဖြစ်သည်။ သူကား ဓား ၄၉လက်ကို တစ်နာရီတည်းနှင့် နားလည်ခဲ့ပြီးမှ အဘယ်ကြောင့် မလှုပ်ရှားတော့သနည်း။
“သူ စောင့်နေတာ” တစ်ယောက်က ပြောသည်။
ဤသို့ဖြင့် အချိန်တစ်ရက်ကုန်သွားသည်။ ရီဖူရှင်းကား ထိုနေရာတွင် မလှုပ်မယှက်ထိုင်နေဆဲ။
“သူက ဓားတွေကို နားလည်ချင်ယောင်ဆောင်ပြီးမှ အခု ပြန်ပြီး အချိန်ယူ ဆင်ခြင်နေတာများလား” တစ်ယောက်က သံသယဖြင့် ဆိုသည်။
ဤနည်းဖြင့် အချိန်သုံးရက်ကြာသွား၏။ အားလုံးက ရီဖူရှင်းသည် နောက်ထပ်ဓားချက်များကို မြန်ဆန်စွာ နားလည်နိုင်မည်ဟု မျှော်မှန်းထားကြသော်လည်း ထင်ထားသလို ဖြစ်မလာခဲ့။
အချို့ကား စိတ်ပင်မရှည်ဖြစ်လာကာ ပြောသည် “ငါတို့က မျှော်လင့်ထားတာ တအားများသွားပုံရတယ်။ သွားကြစို့”
ထို့နောက် လူအချို့ အလျှိုလျှိုထွက်ခွာသွားကြ၏။
သူတို့ထွက်ခွာသွားလျှင် တခြားလူများကလည်း စိတ်ပျက်လက်ပျက်ဖြင့် လိုက်ပါသွားကြသည်။ နောက်ထပ် မည်မျှ ထပ်စောင့်ရမည်ကို သူတို့မသိပေ။ သူတို့တွင် ကိုယ်ပိုင်ကျင့်ကြံရန် တန်ဖိုးရှိသော အချိန်များ ရှိသေးပေသည်။
သို့သော်လည်း ထိုအခိုက်တွင် ရီဖူရှင်းထံမှ အဆုံးအစမဲ့သောဓားအသိများ ဖြာထွက်လာသည်။ သူက မျက်လုံးများကို ဖွင့်လျှက် ထရပ်၏။
“သူ ပြီးသွားပြီ” အားလုံးက ဆွံ့အသွားကြသည်။ ယခု သူတို့စောင့်ဆိုင်းနေသောအရာ ရောက်လာလေပြီ။
“သုံးရက် … ငါတို့မျှော်လင့်တာ များသွားတာလည်း ဖြစ်နိုင်တာပဲ” ရီမန်က ရီဖူရှင်းကို ကြည့်ကာ ပြောသည်။
“ငါတို့က သုံးရက်တောင် စောင့်ပြီးပြီပဲ။ ဆက်ကြည့်ရအောင်” ရိထျန်းယွီက ပြောသည်။
ရီဖူရှင်းက ၅၀လုံးမြောက်တောင်ထွတ်သို့ လှမ်းသွားလိုက်သည်။
“ဓား ၄၉လက်ကို သုံးရက်… နောက်ထပ်ဓားတွေမှာ ပိုပြီး နှေးမှာ။ ငါတို့ ဘယ်လောက်ထပ်စောင့်ရမယ်မသိဘူး” တစ်ယောက်က ပြောသည်။
ရီဖူရှင်း၏ခြေထောက်များက ရှေ့ကိုတစ်လှမ်း လှမ်းသွားလိုက်ကာ ၅၉လုံးမြောက်တောင်ကို ဖြတ်ကျော်သွား၏။
အားလုံး ဆွေးနွေးနေသောအချိန်တွင်ပင် ဓားတောင်ထွတ်သည် ဓားအလင်းများ ဖြာထွက်လာခဲ့ကာ ရီဖူရှင်းပေါ်သို့ ကျဆင်းလာခဲ့၏။
ဓားအလင်းများရစ်ပတ်လျှက်ပင် ရီဖူရှင်းသည် ၅၁လုံးမြောက်တောင်ထွတ်သို့ လှမ်းသွားလိုက်သည်။
***