ကျွင်းဟုန်က ရီဖူရှင်းအား စိတ်ဝင်တစားကြည့်ကာ မေးသည် “မင်း ဘာလုပ်ခဲ့လဲ”
သူသည် လီတောက်စီနှင့်ပတ်သက်၍ အနည်းငယ် သိပေသည်။ သူကား သဘာဝအားဖြင့် မာနကြီးပြီး သီးသန့်နေတတ်ကာ သူ၏ဓားပညာသည် ပြိုင်ဘက်ကင်း၏။ နတ်နန်းတော်တွင်ပင် သူ၏အချိန်များကို ပေးရန် ထိုက်တန်သည့်သူ ရှားပါး၏။ သူကား ရန်ဟောင်အဆင့်သို့ တက်ရန် ကြိုးစားနေသည်ဟု ပြောကြသည်။ သူ့အနေဖြင့် ဓားတရားတောင်တွင် နားလည်ရန် ဓားသုံးလက်သာ ကျန်တော့သည်ဟု ပြောကြသည်။ သူသာ အောင်မြင်သွားပါက နတ်ဘုရားဝင်ရိုးကို တည်ဆောက်ကာ ရန်ဟောင်အဆင့်သို့ တက်လှမ်းနိုင်မည်ဖြစ်သည်။
အကယ်၍ သူသာ ရီဖူရှင်းကို ဓားတရားတောင်ပေါ်တွင် စောင့်နေပါက သူ့ရှေ့မှ သည်လူသည် လမ်းစဉ်သက်သေပြခြင်းခရီးစဉ်၌ ထူးထူးခြားခြား စွမ်းဆောင်ခဲ့သူဖြစ်ရပေလိမ့်မည်။
“မဟုတ်လောက်ပါဘူး။ ကျုပ်က သူ့ညီကို အနိုင်ယူခဲ့လို့ပဲဖြစ်မယ်” ရီဖူရှင်းက ပြောသည်။
“မဟုတ်ဘူး… သူ့ရဲ့စိတ်နေသဘောထားနဲ့ဆိုရင် သူ့ညီက တစ်ခြားတစ်ယောက်ဆီမှာ ရှုံးသွားတာကြောင့်ပဲ ဒီလောက် ဒုက္ခခံပြီး မင်းကို ဓားတရားတောင်မှာ စောင့်နေမှာ မဟုတ်ဘူး။ သူက မင်းနဲ့လက်ရည်စမ်းချင်တာပဲဖြစ်မယ်။ ဒါဆိုရင်တော့ မင်းဟာ သာမန်မဟုတ်တဲ့ဓားသမားပဲ” ကျွင်းဟုန်က ပြုံးလျှက်ပြောသည်။ ရီဖူရှင်းက မိမိကိုယ်ကို ထိုက်ရွှမ်တောင်ဓားသမားဟု ပြောခဲ့သည်။
“ရှန်ကျင်းက လမ်းစဉ်သက်သေပြခြင်းနယ်မြေမှာ ပိုင်ရှုအပါအဝင် နာမည်ကျော်ပါရမီရှင်တွေအကုန်လုံးကို အနိုင်ယူခဲ့တယ်” ဘေးမှ နောက်တစ်ယောက်က ပြုံးလျှက်ပြောသည်။ ကျွင်းဟုန်က ရီဖူရှင်းအား ကြည့်ကာ အကြောင်းအရင်းကို နားလည်လိုက်၏။
ဤသို့ဆိုလျှင် လီတောက်စီက သူ့အား ဓားတရားတောင်တွင် စောင့်ဆိုင်းနေခြင်းက မထူးဆန်းတော့ပေ။
“မင်း အခုသွားတော့မလား” သူက ပြုံးလျှက်မေးသည်။ တောင်များကို အတွေးတစ်ချက်ဖြင့် ရွေ့လျားနိုင်သူကား သာမန်လူမဖြစ်နိုင်။
“အဲဒါ ဘယ်လိုနေရာလဲ” ရီဖူရှင်းက မေးသည်။ ထိုတောင်ကုန်းများမှာ လမ်းစဉ်တောင်ကုန်းများဖြစ်ကြကာ ကျင့်ကြံခြင်းမြင့်မြတ်နယ်မြေများဖြစ်ကြသည်။ သူက သည်နေရာသို့ ရောက်လာပါက ပုံမှန်အားဖြင့် ကျင့်ကြံခြင်း၌ အချိန်ပေးလိုပေသည်။
“အဲဒါတွေကတော့ နတ်ဘုရားမာန်ဟုန်တောင်ကုန်းတွေပဲ” ကျွင်းဟုန်က ဖြေသည် “နတ်နန်းတော်က ပုဂ္ဂိုလ်ထူးတစ်ယောက်က အဲဒီနေရာကို ဓားပညာမှာ ဉာဏ်အလင်းရဖို့အတွက် အသုံးပြုခဲ့ဖူးတယ်။ အဲဒီနေရာက နတ်နန်းတော် ပညာရပ်တွေနဲ့အရမ်းသင့်တော်တယ်။ မင်းက လမ်းစဉ်ရဲ့ဖိအားနဲ့စွမ်းတွေကို သိရှိခံစားနိုင်တယ်”
“အစ်ကိုကျွင်းလည်း ဓားပညာလေ့ကျင့်တဲ့သူဖြစ်ရမယ်” ရီဖူရှင်းက ပြောသည်။ ကျွင်းဟုန်က ခေါင်းညိတ်၏။
“ဒါဆိုလည်း ကျုပ်ဒီမှာ အချိန်နည်းနည်း ကျင့်ကြံလိုက်ဦးမယ်” ရီဖူရှင်းက ဆက်ပြောသည်။
“ဓားတရားတောင်ကိုရော…” ကျွင်းဟုန်က မေးသည်။
“သူကပဲ ကျုပ်ကို စောင့်နေတာလေ။ ကျုပ်က သူ့ဆီ မသွားချင်ဘူး” ရီဖူရှင်းက ပြုံးကာ ပုခုံးတွန့်သည်။ ကျွင်းဟုန်ကား မာန်တက်သွားပြီးမှ ရီဖူရှင်းပြောသည်မှာ အဓိပ္ပာယ်ရှိသည်ဟု တွေးလိုက်သည်။
“ဒါဆိုလည်း ကျင့်ကြံပါ” သူက ပြုံးလျှက်ပြောသည်။ ရီဖူရှင်းက ခေါင်းညိတ်ကာ မြေပြင်ပေါ်တွင် ထိုင်လိုက်၏။ ထို့နောက် သူက လမ်းစဉ်သစ်သီးတစ်လုံးကို ထုတ်ကာ တစ်ကိုက် ကိုက်လိုက်သည်။
“…”
ကျွင်းဟုန်က ရီဖူရှင်းအား ထိတ်လန့်စွာကြည့်သည်။
သူကား အလွန်အရှက်မဲ့၏။
ရီဖူရှင်းက ကျွင်းဟုန်၏မဲမှောင်သော မျက်နှာအား ကြည့်ကာ မျက်လုံးပြူးပြ၏။ ထို့နောက် သူက နောက်ထပ်တစ်ကိုက်ကိုက်ကာ ပြောသည် “ ဒီသစ်သီးက တော်တော်ကြီးတာပဲ” သူက ဝါးစားရင်းပြောသည် “သိမြင်နားလည်ခြင်းသစ်ပင်က သစ်သီးဖြစ်ထိုက်ပါပေတယ်”
ထိုသို့ပြောကာ သူက ဆက်လက်၍ ဝါးစားပြန်သည်။ ကျွင်းဟုန်က မျက်လုံးပြူးကျယ်လျှက် ကြည့်နေရင်းမှာပင် သူက သစ်သီးကို စားပြီးသွား၏။
“ကျုပ် လေ့ကျင့်တော့မယ် အစ်ကိုကျွင်း…” ရီဖူရှင်းက ပြောသည်။ ထို့နောက် သူက မျက်လုံးကို မှိတ်လိုက်လျှင် သူ့ထံမှ မဟာလမ်းစဉ်၏အငွေ့အသက်များ ပြင်းထန်စွာ ထွက်ပေါ်လာပြီး တောင်ကုန်းများနှင့် ဆက်နွယ်သွား၏။ ချက်ချင်းပင် ကျွင်းဟုန်သည် ကြီးမားသော ဖိအားများကို ခံစားရသည်။
သူက အနီးမှ တောင်ကုန်းများကို ကြည့်လိုက်လျှင် တောင်ကုန်းများသည် အသက်ဝင်လာကြောင်း သတိထားမိသည်။ တောင်ကုန်းများပေါ်တွင် မျက်နှာများပေါ်လာ၏။
“အံ့အားသင့်စရာကောင်းလိုက်တာ….” ကျွင်းဟုန်က ပြောသည်။ ရှန်ကျင်း၏မဟာလမ်းစဉ်အပေါ် နားလည်သဘောပေါက်မှုနှင့် အာရုံခံနိုင်စွမ်းကား အထူးကောင်းမွန်လွန်းပေသည်။ သူက တောင်ကုန်းများကို အတွေးတစ်ချက်ဖြင့် ရွေ့လျားစေနိုင်ခြင်းမှာ မထူးဆန်းတော့။
သူက ထိုသို့တွေးပြီးနောက်တွင် သူ မူလထိုင်နေရာကျောက်တုံးပေါ်သို့ ပြန်သွားထိုင်လိုက်ပြီး မျက်လုံးကို မှိတ်ကာ ကျင့်ကြံသည်။
…
ရီဖူရှင်းသည် ထိုနေရာတွင်ပင် တိတ်ဆိတ်စွာ ကျင့်ကြံနေသည်။ သူသည် ရှန်ကျင်းနာမည်ဖြင့် သွားလာလှုပ်ရှားနေသော်လည်း ဓားပညာတစ်ခုတည်းကို လေ့ကျင့်သည်တော့ မဟုတ်ပေ။ ရန်ဟောင်အဆင့်ကို ရောက်ရန်အတွက် သူသည် မဟာလမ်းစဉ်ဝင်ရိုးကို တည်ဆောက်ရမည်ဖြစ်ကာ အမျိုးအစားတစ်ခုတည်းတော့ မဖြစ်လိုပေ။
သူ၏ကမ္ဘာသစ်ပင်သည် ကျင့်ကြံခြင်း၌ များစွာ အထောက်အပံ့ပေးရာ သူက မည်သို့ အလဟသဖြစ်စေနိုင်မည်နည်း။ ထို့နောက်တွင် သူက နောက်ထပ် သစ်သီးတစ်ကိုက်ကိုက်လိုက်သည်။ ယခုကား သူသည် တခြားလူများထက် လမ်းစဉ်သစ်သီးများစွာ လိုအပ်ပေသည်။
တစ်ရက်ကုန်ဆုံးသွားသည်။ ဓားတရားတောင်တွင် များစွာသော ရှေးဟောင်းတောင်ကုန်းများ အများအပြားရှိပြီး တောင်ထွတ်တစ်ခုစီသည် ပြင်းထန်သော ဓားအရောင်အဝါများ ရှိနေသည်။ လူအများအပြားမှာ ထိုနေရာ၌ စုရုံးနေကြ၏။ အချို့ကား ကျင့်ကြံရန် လာရောက်ကာ အချို့မှာ အပျော်သဘောမျိုး လာကြ၏။
လီတောက်စီက ရှန်ကျင်းကို ဓားတရားတောင်၌ စောင့်ဆိုင်းနေသည့်သတင်းမှာ ပျံ့နှံ့နေပြီးဖြစ်ကာ လူအများအပြားက စိတ်ဝင်တစား လာရောက်ကြည့်ရှုကြသည်။ လီတောက်စီကား ဓားနန်းတော်၏အတော်ဆုံးလူငယ်မျိုးဆက်ဖြစ်သည်။ ယခု မည်သူက ပိုသန်မာသနည်း။ လီတောက်စီလား ထိုက်ရွှမ်တောင်ဓားသမားလား။
ထိုအခိုက်တွင် လူအများအပြားမှာ ဓားတောင်ကုန်းတစ်ခုရှေ့၌ ရပ်နေကြသည်။ တစ်ယောက်က ပြောသည် “ရှန်ကျင်းမလာသေးဘူးလား”
“ရှန်ကျင်း နတ်ဘုရားမာန်ဟုန်တောင်မှာ လေ့ကျင့်နေတယ်လို့ ကြားတယ်” တစ်ယောက်က ပြောသည်။
“နတ်ဘုရားမာန်ဟုန်တောင်က ဓားသမားတွေအတွက်မဟုတ်ဘူး။ သူအဲဒီမှာ ဘာလုပ်နေတာလဲ”
“ဘယ်သူသိမှာလဲ” လူအများအပြားက ထိုကိစ္စကို ဆွေးနွေးပြောဆိုနေကြသည်။ ဝမ်ရှိုးရီနှင့် ရာရာတို့လည်း ထိုနေရာတွင်ရှိ၏။ သူတို့က သတင်းများကြောင့် ရောက်လာခြင်းမဟုတ်ဘဲ ဓားပညာကို ဆင်ခြင်လေ့လာရန် လာခြင်းဖြစ်ကြသည်။
ဒေါင်…
ထိုအခိုက်တွင် ခေါင်းလောင်းသံတစ်ခု လေထုထဲ ပျံ့လွင့်သွား၏။ အားလုံးက အဝေးကို လှမ်းကြည့်ကြသည်။ ကြည့်ရသည်မှာ နတ်ဘုရားအားလှိုင်းတစ်ခုသည် ကောင်းကင်နှင့်မြေပြင်အကြား ပျံ့နှံ့သွားဟန်ရသည်။
ခေါင်းလောင်းသံက ထပ်မြည်သွားကာ ရုတ်တရက် လူတစ်စုသည် ထိုစွမ်းအားလာရာသို့ ပျံသန်းသွားကြ၏။
နတ်နန်းတော်သည် သူတို့၏တပည့်အသစ်များအား ခေါ်ယူခြင်းဖြစ်သည်။ မှန်သည်၊ လူအများအပြားသည် ထိုနေရာသို့ မသွားဘဲ ဆက်လက်၍ ကျင့်ကြံနေကြသည်။
မကြာမှီ လူအများအပြားသည် နတ်နန်းတော်၏ရင်ပြင်၌ လာရောက်စုစည်းကြသည်။ နတ်နန်းတော်မှ တပည့်အများအပြားမှာလည်း အပျော်သဘောဖြင့် လာရောက်ကြည့်ရှုကြ၏။
နတ်နန်းတော်၏တော်ဝင်လှေကားပေါ်တွင် များစွာသော အကြီးအကဲများ ဆင်းလာကာ တပည့်များကို လာရောက်တွေ့ဆုံကြသည်။ သူတို့က အသစ်ရောက်လာသူများအား ကြည့်ကာ ပြေသည် “နောက်တစ်ဖွဲ့ရောက်လာကြပြီ။ ဒီတစ်ခေါက် တပည့်သစ်တွေ ဘယ်လိုအခြေအနေ ဘယ်လိုလဲ မသိဘူး”
“လမ်းစဉ်သက်သေပြခြင်းနယ်မြေမှာ ထူးချွန်တဲ့လူတွေ အတော်များများရှိလိမ့်မယ်”
“ထိပ်သီးအင်အားစုက လူငယ်မျိုးဆက်တွေလည်း အတော်များများပါတယ်။ သူတို့က နတ်နန်းတော်သို့ ဝင်ဖို့ ပြင်ဆင်နေကြတယ်”
“လီတောက်စီရဲ့ညီ လီစွမ်းလည်း ရောက်နေတယ်” တစ်ယောက်က လီစွမ်းကို လက်ညိုးထိုးကာ ပြောသည်။
တစ်စုံတစ်ယောက်က အဝေးကို ကြည့်ကာ ပြုံးလျှက်ပြောသည် “အစ်ကိုရီ … ခင်ဗျားမှာ ဒီကိုလာဖို့လည်း အချိန်ရှိတာပဲလား” ထိုအခိုက်တွင် ထူးခြားသော အရှိန်အဝါဖြင့် တစ်ယောက် ပေါ်လာသည်။
သူကား ကောင်းကင်အာဏာစက်ပြည်ထောင်၏မင်းသား ရိထျန်းယွီဖြစ်သည်။
“ခင်ဗျားကိုယ်တိုင် ထွက်လာပြီး လာနှုတ်ဆက်မှတော့ ဒီတပည့်သစ်တွေဟာ တကယ်ပဲ ကံကောင်းကြပါပေတယ်” နောက်တစ်ယောက်က ပြုံးလျှက်ပြောသည်။ ရိထျန်းယွီကလည်း ပြုံးလျှက်ခေါင်းညိတ်၏။ အားလုံးက သူတို့ကို လှမ်းကြည့်ကြသည်။ ရိထျန်းယွီ၏ဘေးတွင် နောက်ထပ် ထူးခြားသော ကိုယ်ရောင်ကိုယ်ဝါဖြင့် တစ်ယောက် ရှိနေသည်။
“လမ်းစဉ်သက်သေပြခြင်းနယ်မြေမှာ ပါရမီရှင်တစ်ယောက်ပေါ်လာတယ်လို့ ကြားတယ်” ရိထျန်းယွီက တီးတိုးပြောသည်။
“ရှင်လည်း အဲဒီကိစ္စကို စိတ်ဝင်စားတာပဲလား” သူ့ဘေးမှ မိန်းကလေးက ပြုံးလျှက်ပြောသည်။
“လီတောက်စီက ဓားတရားတောင်ကို သူ့ကြောင့် ထွက်သွားခဲ့တယ်။ သူဟာ တစ်နည်းနည်းနဲ့တော့ ထူးချွန်ရမှာပဲ။ ဒါကြောင့် ကျုပ်လည်း သူ့ကို တွေ့ချင်တယ်။ သူက နတ်နန်းတော်ကို ဝင်ချင်လို့ ရောက်လာတာများလား” ရိထျန်းယွီက ပြောသည်။
နတ်နန်းတော်တွင် သူနှင့်ယှဉ်နိုင်သူ အနည်းငယ်သာရှိကာ လီတောက်စီသည် ထိုအနည်းစုသော လူများထဲမှ တစ်ဦးဖြစ်သည်။
“သူလာမှာ မဟုတ်လောက်ဘူး” အမျိုးသမီးက ပြောသည် “သူက နတ်ဘုရားမာန်ဟုန်တောင်မှာ လေ့ကျင့်နေတယ်လို့ ကြားတယ်။ ကျွင်းဟုန်လည်း အဲဒီမှာပဲ”
“ကျွင်းဟုန်လား… သူက ရန်ဟောင်အဆင့်နဲ့နီးနေပြီဖြစ်ရမယ်” ရိထျန်းယွီက တိတ်ဆိတ်စွာ ပြောသည်။
အမျိုးသမီးက ခေါင်းညိတ်လိုက်သည် “ဒါပေမဲ့ ရှင်ဟာ လီတောက်စီနဲ့ကျွင်းဟုန်တို့ထက်တောင် ပိုနီးစပ်နေလောက်ပြီ။ ဟုတ်တယ်မလား”
ရိထျန်းယွီက အဝေးကို ကြည့်သည် “ကျုပ်က နီးစပ်တော့ရော ဘာဖြစ်သွားလို့လဲ။ ရှေ့မှာ ခရီးက အဝေးကြီးကျန်သေးတယ်”
ရန်ဟောင်အဆင့်ကား သူ၏အဆုံးသတ်မဟုတ်ပေ။ ရှေ့တွင် ဆက်လျှောက်ရမည့် ခရီးရှည်ကြီး ရှိသေးပေသည်။
ထိုအခိုက်တွင် သူသည် လူနှစ်ဦးအား တွေးမိည်။ သူတို့ကား ကောင်းကင်နတ်တံခါးဂိတ်မှ ဂူတုံးလျှိုနှင့် ရီဖူရှင်းတို့ဖြစ်ကြသည်။
ကောင်းကင်နတ်တံခါးကို ဖျက်သိမ်းပြီးနောက် သူတို့ မည်သည့်နေရာသို့ ထွက်သွားခဲ့ကြသနည်း။ သူတို့၏ကျင့်ကြံဆင့်က မည်မျှ တိုးတက်နေလေမည်နည်း။
ထိုအကြောင်းကိုတွေးမိတိုင်း ရိထျန်းယွီကား စိတ်မအေးနိုင်။ သူကား သူတို့နှစ်ဦးထက် ပိုမို၍ ရှေ့ရောက်ရန် လိုသည်။ အနာဂတ်တွင် သူတို့အချင်းချင်း ထပ်မံ၍ တိုက်ခိုက်ကြရပေဦးမည်။
ထိုအခိုက်တွင် နတ်နန်းတော်မှ အကြီးအကဲများ ရှေ့ကို တက်လာကာ တပည့်များကို စတင်ရွေးချယ်ကြသည်။
မှန်သည်၊ ထိုအရာများအားလုံးက ရီဖူရှင်းနှင့် မသက်ဆိုင်ပေ။ သူကား နတ်ဘုရားမာန်ဟုန်တောင်တွင် တစ်ချိန်လုံး လေ့ကျင့်နေခဲ့သည်။ ဤသို့သော ပြည့်စုံသော ရေခံမြေခံအား နောက်တစ်ကြိမ် ရရှိရန် မလွယ်ကူပေ။ သူကား သည်နေရာတွင် အချိန်တစ်ခုကြာ လေ့ကျင့်ရန် တွေးထားပေသည်။
မျက်လုံးတစ်မှိတ်အတွင်း တစ်လခန့် ကုန်ဆုံးသွားခဲ့သည်။ ရီဖူရှင်းသည် နတ်ဘုရားမာန်ဟုန်တောင်၌ တစ်လလုံး လေ့ကျင့်နေခဲ့၏။ လီတောက်စီသည်လည်း ဓားတရားတောင်တွင် တစ်လလုံး အချိန်ကုန်နေခဲ့သည်။
တစ်နေ့တွင် ဓားတရားတောင်၏အမြင့်ဆုံးတောင်ကုန်းတစ်ခုမှ ဓားအလင်းများ စူးရှစွာ ထွက်ပေါ်လာခဲ့သည်။ ဓားအသိသည် ကောင်းကင်သို့ ထိုးတက်သွားခဲ့ကာ လူတိုင်းက ထိုမြင်ကွင်းအား ထူးဆန်းစွာ လှမ်းကြည့်ကြသည်။
“လီတောက်စီက နောက်ထပ်ဓားတစ်လက်ကို နားလည်သွားခဲ့ပြီ။ အခု သူနားလည်ဖို့ ဓားနှစ်လက်ပဲ ကျန်တော့တယ်” တစ်ယောက်က ပြောသည်။ နောက်တစ်နှစ်အတွင်း ဓားနန်းတော်တွင် ဓားအင်ပါယာတစ်ဦး ထွက်ပေါ်လာပေတော့မည်။
“ထိုက်ရွှမ်တောင်က ဓားသမား အခုထိ အဲဒီကို မသွားသေးဘူးလား” တစ်ယောက်က မေးသည်။
“သူ တစ်ချိန်လုံး နတ်ဘုရားမာန်ဟုန်တောင်မှာ လေ့ကျင့်နေခဲ့တယ်။ သူက လီတောက်စီကို ရှောင်ဖယ်ဖို့ ကြိုးစားနေတာလား”
“လမ်းစဉ်သက်သေပြခြင်းနယ်မြေကို သွားခဲ့တဲ့လူတွေ ပြောတာကတော့ ရှန်ကျင်းဟာ အရမ်းမာနကြီးတယ်။ သူက တခြားလူတွေအကုန်လုံးကို သူတစ်ယောက်တည်းနဲ့ အနိုင်ယူခဲ့တယ်။ သူက တိုက်ခိုက်ဖို့ ကြောက်တဲ့သူမဟုတ်ဘူး။ သူက အဲဒီမှာ တကယ်ပဲ ကျင့်ကြံနေတာဖြစ်ရမယ်”
ထိုအခိုက်တွင် နတ်ဘုရားမာန်ဟုန်တောင်ဘက်မှ နတ်ဘုရားအလင်းတစ်ခုသည် စူးရှစွာ လင်းလက်လာခဲ့ကာ တစ်စုံတစ်ခု ပြီးဆုံးခြင်းအရိပ်အယောင်ကို ပြ၏။ လျှပ်တပြက်အတွင်း မဟာလမ်းစဉ်စွမ်းအားသည် ရီဖူရှင်း၏ခန္ဓာကိုယ်ထဲ၌ လှည့်ပတ်ကာ သူ့အား ကြီးမြတ်ထည်ဝါစေသည်။ သူ၏ရှေ့ မနီးမဝေး၌ ကျင့်ကြံနေသော ကျွင်းဟုန်က မျက်လုံးကို ဖွင့်ကာ မေးသည် “မင်း ကျင့်ကြံလို့ပြီးပြီလား”
ရီဖူရှင်းက ခေါင်းညိတ်သည် “အင်း…”
“ပြီးရင် မင်းဘယ်ကို သွားမလဲ” ကျွင်းဟုန်က မေးသည်။
“ဓားတရားတောင်သို့…” ရီဖူရှင်းက ပြန်ပြောသည်။
ကျွင်းဟုန်က ပြုံးလိုက်သည် “ငါ မင်းနဲ့လိုက်မယ်”
ထို့နောက်တွင် သူတို့နှစ်ဦး အတူ ထွက်လာခဲ့ကြသည်။ ရီဖူရှင်းနှင့် ကျွင်းဟုန်တို့ ထွက်သွားသည်ကို လူအချို့မြင်ကြ၏။ သူတို့အားလုံး အံ့အားသင့်သွားကြသည်။ သူတို့ ကျင့်ကြံ၍ ပြီးပြီလား။
သူတို့နှစ်ဦးသည် လေထဲသို့ ပျံတက်ကာ အဝေးသို့ ထွက်ခွာသွားကြသည်။
“သူတို့က ဓားတရားတောင်သို့သွားကြတာပဲ” တစ်ယောက်က ပြောသည်။ မကြာမှီ ထိုသတင်းသည် နတ်နန်းတော်အနှံ့သို့ ရောက်သွား၏။ ရီဖူရှင်းသည် နတ်ဘုရားမာန်ဟုန်တောင်မှ ထွက်ခွာသွားကာ ဓားတရားတောင်သို့ ဦးတည်နေသည်။
သူတို့က ထိုသတင်းများကို ရရှိသောအခါ လူအများအပြားသည် ဓားတရားတောင်သို့ စတင်ထွက်ခွာကြ၏။
***