အပိုင်း (၁၅၃၉)

ထိုးထွင်းသိမြင်ခြင်း

ရီဖူရှင်းသည် မြင့်မားသောသစ်ပင်အနီးလျှောက်သွားကာ မော့ကြည့်လိုက်သည်။ သူသည် ထိုနေရာမှ ကွဲပြားသော စွမ်းအားအမျိုးမျိုးကို ခံစားလိုက်ရသည်။ ထိုသစ်ပင်သည် မဟာလမ်းစဉ်၏စွမ်းအားမျိုးစုံအား ပိုင်ဆိုင်ထားသော သူ၏သက်စောင့်ဝိညာဉ်ကမ္ဘာ့သစ်ပင်အား အမှတ်ရသွားစေသည်။

ထိုသစ်ပင်တို့တွင် ဆက်သွယ်မှုအချို့ရှိနေနိုင်သည်လား။

သို့မဟုတ် တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်လေမည်လား။ ကမ္ဘာ့သစ်ပင်သည် သူ၏သက်စောင့်ဝိညာဉ်ဖြစ်ပြီး ဤအပင်မှာ မဟာလမ်းစဉ်၏ပင်လယ်ပြင်အလယ်မှ နတ်ပစ္စည်းတစ်ခုသာ ဖြစ်သည်။ ၎င်းသည်မဟာလမ်းစဉ်ကို ထိုးထွင်းသိမြင်နိုင်စေရန် အသုံးပြုနိုင်သည့် လမ်းစဉ်သစ်သီးများသီးသောအပင်ဖြစ်သည်။

သူသည် ကြီးမားသောသစ်ပင်ကြီး၏ ပင်စည်ကို စူးစူးစိုက်စိုက်ကြည့်လိုက်ပြီး အကြည့်တို့ကို အောက်သို့ စုန်ဆင်းလိုက်သောအခါ ထိုသစ်ပင်သည် မဟာလမ်းစဉ်တောင်ပေါ်တွင် အမြစ်တွယ်ပေါက်ရောက်နေပုံရသည်ကို တွေ့လိုက်ရသည်။ သစ်ပင်၏ မရေမတွက်နိုင်သောအမြစ်များသည် လမ်းစဉ်အားလုံးသို့ သွယ်တန်းနေခဲ့သည်။

“ဒီအပင်က ထိုးထွင်းသိမြင်မှုနတ်သစ်ပင်ပဲ ဒီအပင်ကိုသုံးရင် မဟာလမ်းစဉ်ရဲ့စွမ်းအားတွေကို ထိုးထွင်းသိမြင် နိုင်စွမ်းက ပိုပြီးထိရောက်လာနိုင်တယ်” ရီဖူရှင်းသည် သူတစ်ယောက်တည်းရေရွတ်လိုက်သည်။

သူသည်သစ်ပင်အောက်တွင် တင်ပလ္လင်ခွေထိုင်ပြီး မည်သည့်သစ်သီးမျှမပါသော်လည်း အခက်အခဲမရှိဘဲ စွမ်းအားများကို ဖြည့်တင်းလိုက်သည်။

သူသည် မျက်စိကိုပိတ်လိုက်ပြီး အာရုံပျံ့လွင့်စေသော အတွေးများအားလုံးကို မောင်းထုတ်လိုက်သည်။ သူသည် ပြင်ပကမ္ဘာမှ အရာအားလုံးကို မေ့ပစ်လိုက်ပြီး မိမိကိုယ်ကို နက်ရှိုင်းသည်ထက်နက်ရှိုင်းစွာ ရှုမြင်နေခြင်းတွင် နှစ်မြှုပ်သွားသည်။ သူ့ကိုကြည့်ရသည်မှာ သူ့ကိုယ်သူပင် မေ့လျော့သွားပုံပေါ်လေသည်။

သူ၏မျက်လုံးအား လုံးဝပိတ်ထားသော်လည်း သူ၏မျက်လုံးများပွင့်နေသည်ထက်ပင် ပို၍ ရှင်းလင်းစွာ မြင်နိုင်နေ လေသည်။ သူ၏စိတ်ဝိညာဉ်စွမ်းအားသည် အကန့်အသတ်မဲ့သော ဧရိယာအားဖုံးလွှမ်းသွားပြီး နေရာတိုင်းတွင် သူရှိနေသလိုခံစားရပြီး အရာအားလုံးကို သိမြင်နေလေသည်။

လေပြေတစ်ချက်တိုက်ခတ်လာသည့်အထဲတွင်ပင် မဟာလမ်းစဉ်စွမ်းအားတို့ပါဝင်နေသည်ကို တွေ့မြင်နေ လေသည်။ သူသည် မီးတောက်သစ်သီး၏ လမ်းစဉ်ကို အာရုံခံစားလိုက်ရသည်။ သူ၏စိတ်ဝိညာဉ်သည် စွမ်းအင်အတွင်းသို့ ၀င်ရောက်သွားသည်နှင့် ချက်ချင်းပင် ကောင်းကင်တစ်ခုလုံး မီးတောက်မီးလျှံများ လောင်ကျွမ်း နေသည်ဟု ခံစားလိုက်ရသည်။ ထိုမီးတောက်များသည် ကောင်းကင်ဘုံကိုပင် လောင်ကျွမ်းနေပုံပေါ်ပြီး သူ၏ စိတ်ဝိညာဉ်ကိုပါ လောင်ကျွမ်းသွားခဲ့သည်။

သူသည် လျှပ်စီးသစ်သီးကိုလည်း အာရုံခံစားမိပြန်သည်။ သူသည်လျှပ်စီးကမ္ဘာထဲသို့ ရောက်ရှိသွားသလို ရုတ်တရက် ခံစားလိုက်ရပြီး မဟာလမ်းစဉ်၏မိုးကြိုးများကြား နှစ်မြှုပ်သွားပြန်သည်။

သူသည် အခြား စွမ်းအင်ပေါင်းများစွာကို အာရုံခံမိခဲ့သည်။ သစ်ပင်ပေါ်ရှိ သစ်သီးတိုင်းတွင် ထိတ်လန့်တုန်လှုပ် ဖွယ်ရာ ပမာဏရှိသော မဟာလမ်းစဉ်၏ စွမ်းအားများပါဝင်နေသည်။

ထိုက်ရွှမ်တောင်မှ လူများလည်း ထိုနေရာတွင် ရှိနေကြပြီးသူတို့သည်လည်း သစ်သီးအတွင်းရှိ မဟာလမ်းစဉ် စွမ်းအားတို့ကိုအာရုံခံမိခဲ့ကြသည်။ သူတို့လည်း ထိုနေရာတွင် ထိုင်လိုက်ပြီး တိတ်ဆိတ်စွာဖြင့် ကျင့်ကြံလိုက် ကြသည်။ စွမ်းအားများသည် ရီဖူရှင်းမှလွဲ၍ သူတို့အားလုံး၏ခန္ဓာကိုယ်ပေါ်ဖြတ်သန်း စီးဆင်းသွားသည်။

အောက်ဘက်မှလူတိုင်းသည် လေထဲကိုကြည့်နေကြတယ်။ သူတို့ထဲမှ လူအတော်များများသည် သူတို့၏ မျက်လုံးများကို ပိတ်ထားပြီး အာရုံခံစားနိုင်ရန်ကြိုးစားနေကြသည်။ ထိုနေရာတွင်ယခင်ကရှိခဲ့သောသူများကို ရီဖူရှင်းက မောင်းထုတ်ခဲ့သော်လည်း သူတို့အား ထိုနေရာမှ အတင်းအဓမ္မထွက်သွားစေခြင်းတော့ မရှိခဲ့ပေ။ သူတို့သည် သစ်ပင်မှ စွမ်းအားတို့ကို တောင်အောက်ခြေမှ ခံစားနေရဆဲဖြစ်ပြီး ထိုစွမ်းအားသည် သူတို့၏ ကျင့်ကြံခြင်းအတွက် အကျိုးများပေသည်။

ရီဖူရှင်းသည် ထိုနေရာတွင် တိတ်ဆိတ်စွာထိုင်နေရင်း ကမ္ဘာကြီးကို ပိုမိုရှင်းလင်းစွာ နားလည် သဘောပေါက် လာသည်။ အချိန်ကုန်လွန်သွားသော်လည်း ရီဖူရှင်းသည် ကျင့်ကြံခြင်းတွင်နက်ရှိုင်းစွာနှစ်မြှုပ်နေဆဲဖြစ်ပြီး သူ့ကိုယ်သူ သစ်ပင်အဖြစ်ပြောင်းလဲသွားသလိုပင် ခံစားလိုက်ရသည်။

သစ်ပင်၏လမ်းစဉ်သည် သူ၏သွေးကြောများထဲတွင် လှည့်ပတ်လျက်ရှိသည်။ ကမ္ဘာ့သစ်ပင်သည် သူ့ကိုယ်ထဲတွင် ဆန့်ထုတ်လိုက်ပြီး ၎င်း၏အကိုင်းအခက်များအားလုံးတွင် ကွဲပြားခြားနားသော စိတ်စွမ်းအားများ စီးဆင်းနေသည်။ ထိုနေရာရှိ မဟာလမ်းစဉ်၏စွမ်းအားတို့သည် အလွန်အားကောင်းပြီး ကောင်းကင်တွင် တောက်လောင်နေသော နေမင်းကဲ့သို့ဖြစ်သည်။ သူ့ထံမှ တောက်ပသောအလင်းရောင်များ တဖြည်းဖြည်းလင်းလက်လာပြီး သူ၏ ခန္ဓာကိုယ်မှ အားကောင်းသောစွမ်းအားတစ်ခု စတင်ပျံ့နှံ့လာသည်။

ထိုးထွင်းသိမြင်မှုနတ်သစ်ပင်မှ စွမ်းအားများပြည့်ဝလာပြီး ရုတ်တရက် သစ်ပင်ထံမှ စွမ်းအင်တန်းများ သူ့ဆီသို့ စီးဆင်းလာပြီး သူ၏ကိုယ်ထဲသို့ထိုးဖေါက်ဝင်ရောက်သွားသည်။

ရီဖူရှင်းသည် အတွေးတစ်ချက်ဖြင့် မိမိကိုယ်ကိုဓားအဖြစ် ပြောင်းလဲလိုက်သည်။ ထိုးထွင်းသိမြင်မှုနတ်သစ်ပင်မှ စွမ်းအင်များအားလုံးသည် သူ၏ကိုယ်ခန္ဓာအစိတ်အပိုင်းအားလုံးသို့ စီးဆင်းသွားပြီး ဓားစွမ်းအားအဖြစ် ပြောင်းလဲ သွားသည်။

ရန်ဟောင်တစ်ယောက်ဖြစ်လာရန်မှာ မဟာလမ်းစဉ်စက်ဝိုင်းမှ ရန်ဟောင်စိတ်ဝိညာဉ်ကို နားလည်သဘော ပေါက်ကာ ရန်ဟောင်ကိုယ်ခန္ဓာကိုဖန်တီးနိုင်ရမည်ဖြစ်သည်။

ရီဖူရှင်း တွေးတောလိုက်သည်နှင့် အဆုံးမဲ့ဓားအသိသည် သူ၏သွေးကြောများ၊ အရိုးများနှင့် ကိုယ်တွင်းအင်္ဂါ များထဲတွင်ပင် စီးဆင်းသွားကြသည်။ အပြင်ဘက်တွင် ဓါးစွမ်းအားများသည် ထိုးထွင်းသိမြင်မှုနတ်သစ်ပင်မှ ရီဖူရှင်း၏ ခန္ဓာကိုယ်သို့ စီးဝင်သွားကြသည်။ မကြာမီ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ဓားစွမ်းအားတို့ဖြင့် ပြည့်နှက်သွားသည်။

အောက်ဘက်မှ လူတချို့သည် သူ့ကိုကြည့်နေကြသည်။ ရီဖူရှင်းသည် ထိုမျှ များပြားသောဓားစွမ်းအင်များဖြင့် ဓါးခန္ဓာဖွဲ့စည်းနိုင်ရန်ကြိုးစားနေသည်လား။ ရီဖူရှင်းအပေါ်သို့ ကျဆင်းလာဓါးစွမ်းအားများသည် ပိုမိုအားကောင်း လာပြီး ပုံသဏ္ဍာန်ဖွဲ့စည်းနိုင်ရန် နီးစပ်လာသည်။ စီးဝင်သွားသောစွမ်းအားများသည် သူ၏ကိုယ်ခန္ဓာမှပြန်လည် ထွက်လာခြင်းမရှိတော့ဘဲ သူ့ကိုယ်ခန္ဓာအတွင်းတွင် ချိတ်ပိတ်ခံလိုက်ရပြီဖြစ်သည်။

စိတ်ဝိညာဉ်နှင့်ခန္ဓာကိုဖန်တီးရာတွင် စိတ်ဝိညာဉ်မှာအတွင်း၌ဖန်တီးပြီး ခန္ဓာကိုယ်မှာ ပြင်ပ၌ ဖန်တီးခြင်းဖြစ်၏။ ထိုနှစ်ခုစလုံးအား တစ်ပြိုင်နက်တည်းဖန်တီးချိန်တွင် တစ်ခုနှင့်တစ်ခု အပြန်အလှန်အားဖြည့်ပေးကြပြီး အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့လျှင် ထိုသူသည် နေနှင့်လတို့နှင့်အတူ တောက်ပနိုင်မည်ဖြစ်ပြီး ကောင်းကင်အောက်မှ အရာအားလုံးကိုသိမြင်လာနိုင်ကာ ထိုသူ၏လှုပ်ရှားမှုတိုင်းသည် မဟာလမ်းစဉ်၏နိယာမအတိုင်းဖြစ်လာပေမည်။

ဤနေရာသည် လူတစ်ယောက်၏ ထိုက်တန်မှုကိုသက်သေပြသည့်နေရာဖြစ်ပေသည်။ ၎င်းသည် လူများအား ရန်ဟောင်တစ်ယောက် ဖြစ်လာနိုင်စေရန် အခွင့်အရေးကောင်းများပေးသောနေရာပင်ဖြစ်ပေသည်။ ရီဖူရှင်း လူတိုင်းနှင့်တိုက်ခိုက်ပြီး သူလုပ်ခဲ့သမျှအရာရာတိုင်းသည် ထိုသို့သောအခွင့်အရေးကိုရယူနိုင်ရန်ဖြစ်သည်။

ဝမ်ရှိုးရီနှင့် လော့ယွဲ့တို့သည် တစ်စုံတစ်ခုအား ခံစားနိုင်ပုံပေါ်ပြီး သူတို့၏ မျက်လုံးများကိုဖွင့်ကြည့်လိုက်ကြရာ ထိုးထွင်းသိမြင်မှုနတ်သစ်ပင်မှ အဆုံးမဲ့သောဓားစွမ်းအားများကျဆင်းလာပြီး ရီဖူရှင်း၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင် သွားသည်ကို မြင်လိုက်ကြရသဖြင့် ပြင်းထန်သော ဖိအားတို့ကို ခံစားလိုက်ကြရသည်။ ထိုပါရမီရှင်သည် အမှန်တကယ်ခန့်မှန်းရခက်ပေသည်။

ရီဖူရှင်း၏စွမ်းအင်စုပ်ယူမှုသည် ကြောက်မက်ဖွယ်ကောင်းသော်လည်း ထိုးထွင်းသိမြင်မှုနတ်သစ်ပင်အတွင်း ပါဝင်သောစွမ်းအင်များမှာ အဆုံးအစမဲ့ပုံပေါ်ပေသည်။ အချိန်ကုန်လွန်လာသည်နှင့်အမျှ ရီဖူရှင်း၏ကိုယ်ခန္ဓာသည် ဓါးခန္ဓာအဖြစ် တစ်ဖြည်းဖြည်းပြောင်းလဲလာနေသည်။ သူ၏ကိုယ်တွင်းတွင်ဖြစ်စေ၊ အပြင်ဘက်တွင်ဖြစ်စေ သူနှင့်ပတ်သက်သောအရာအားလုံးသည် ဓါးစွမ်းအင်များဖြင့်ပြည့်ဝနေပုံပေါ်လေသည်။

“သူကလမ်းစဉ်သစ်သီးတစ်လုံးမှ အသုံးမပြုဘဲနဲ့တောင် ဒီလောက်အများကြီး ထိုးထွင်းသိမြင်နိုင်တယ်လား” လူတိုင်းသည် မိမိကိုယ်ကို မေးခွန်းထုတ်လိုက်မိကြသည်။ ဤရီဖူရှင်းသည် ကြောက်စရာကောင်းသည့် ပါရမီရှင် ဖြစ်ပေသည်။

ထိုအချိန်အတွင်းတွင် ရီဖူရှင်းသည် ဓါးတစ်ချောင်းအသွင်သို့ လုံးဝပြောင်းလဲသွားပြီး ထိုနေရာတွင် ဓါးတစ်ချောင်း မျက်စိမှိတ်ကာထိုင်နေသလို ဖြစ်လာခဲ့သည်။

“ရှန်ကျင်းကိုကြည့်ရတာလမ်းစဉ်ခန္ဓာတစ်ခုခုကို ဖွဲ့စည်းနေပုံရတယ်” အောက်မှ ကြည့်နေသောလူများထဲမှ တစ်ယောက်ကပြောလိုက်သည်။ “ဒီလိုရှားပါးအခွင့်အရေးကို အရယူနိုင်ဖို့ကြိုးစားတာ သဘာဝကျပါတယ် ငါတို့ လည်း လမ်းစဉ်ကို ထိုးထွင်းသိမြင်နိုင်အောင် ဆက်ပြီးကြိုးစားလိုက်ကြစို့” တစ်စုံတစ်ယောက်က ပြောလိုက်ပြီး မျက်လုံးကိုမှိတ်ကာ ကျင့်ကြံလိုက်သည်။

ရက်အနည်းငယ်အကြာတွင် ရီဖူရှင်း၏ ခန္ဓာကိုယ်သည်နေတစ်စင်းကဲ့သို့ တောက်ပလာပြီး သူ့ပတ်၀န်းကျင်ရှိ လေထုသည် လောင်ကျွမ်းနေပုံပေါ်လေသည်။ သူ၏ထွန်းလင်းတောက်ပမှုကြောင့် လူတိုင်း၏မျက်နှာတွင် အံ့အားသင့်ဟန်များပေါ်ထွက်လာကြသည်။ သို့သော် အများစုသည် သူတို့၏ ကိုယ်ပိုင်ကျင့်ကြံခြင်းတွင် နှစ်မြှုပ် နေကြပြီး သူ့အားသိပ်ဂရုမပြုမိကြပေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် ရီဖူရှင်းနှင့်အခြားသူများသည် လမ်းစဉ်တောင်တွင် ကျင့်ကြံနေကြသည်မှာ နှစ်လကျော်ကြာမြင့်ခဲ့ပြီဖြစ်သည်။ ဤတစ်လျှောက်လုံးတွင် ရီဖူရှင်းသည် တစ်ကြိမ်မျှ ထလာခြင်းမရှိဘဲ မိမိကိုယ်ကိုမေ့လျော့သည်အထိ ကျင့်ကြံခြင်းတွင် နှစ်မြှုပ်နေခဲ့သည်။

ထိုသစ်ပင်တွင် သူမြင်နိုင်သည်ထက် ပိုပြီးများပြားသည့်စွမ်းအားများရှိကြောင်း သူသိပေသည်။ ဤအခိုက်အတန့်၌ သူသည်ထူးဆန်းသောအခြေအနေတွင် ရှိနေပြီး ထိုသစ်ပင်သည် တောင်တစ်တောင်းလုံးနှင့် အတူတကွ ချိတ်ဆက် ထားသည်ဟု ခံစားခဲ့ရသည်။ ၎င်း၏အမြစ်များသည် တောင်၏ထောင့်တိုင်း၌ရှိနေလေသည်။

ထို့အပြင် ၎င်းသည်လမ်းစဉ်တောင်ကိုသာမက တောင်တန်းတစ်ခုလုံးသို့ သွယ်တန်းရောက်ရှိနေပြီး သစ်မြစ် များသည် ဒေသတစ်ခုလုံးအားချိတ်ဆက်ထားပေသည်။

သစ်ပင်ကြီးသည် အမှန်တကယ်ပင် ကြီးမားလွန်းပေသည်။

တကယ်တမ်းတွင် ထိုဒေသရှိသစ်ပင်များအားလုံးသည် တစ်ပင်တည်းသာဖြစ်ပေသည်။

ထိုအချိန်တွင် တောင်ထိပ်ရှိနန်းတော်မှ တောက်ပသောအလင်းရောင်များ ထွန်းလင်းတောက်ပလာပြီး လူတိုင်း၏ အကြည့်များက တောင်ထိပ်သို့ရောက်သွားကြသည်။ သူတို့ထဲမှအချို့သည် နားမလည်ခဲ့ကြသော်လည်း နတ်ဘုရား နန်းတော်မှတပည့်များသည် အချိန်ကျလာပြီကိုသိလိုက်ကြသည်။

မဟာလမ်းစဉ်၏ အလင်းတန်းများကျဆင်းလာပြီး လမ်းစဉ်တောင်နှင့် ဒေသတစ်ခုလုံးကိုလွှမ်းခြုံသွားသည်။ ရီဖူရှင်းသည် ကျင့်ကြံခြင်းကို ရပ်တန့်လိုက်ပြီး မျက်စိဖွင့်လိုက်ကာနန်းတော်သို့ လှည့်ကြည့်လိုက်ရာ ဆန်းကြယ် သည့် ဆန်းကြယ်သည့်ပုံရိပ်ယောင်တစ်ခုပမာ ဖြစ်နေသည်ကိုတွေ့လိုက်ရကာ ထိုအရာသည် အစစ်အမှန် မဟုတ်သလို ခံစားလိုက်ရသည်။ ဤသည်မှာ နတ်ဘုရားနန်းတော်၏ပုံရိပ် ဖြစ်နိုင်သည်ဟုယူဆလိုက်မိလေသည်။

ထူးဆန်းသည့်စွမ်းအားတစ်ခုဖြစ်ပေါ်လာပြီး လေထဲမှ အသံတစ်သံထွက်လာသည်။

“အချိန်ပြည့်သွားပါပြီ ထွက်ခွာရန်ပြင်ဆင်ကြပါ” နန်းတော်မှ အားနည်းသောအသံတစ်ခု ကြားလိုက်ရသည်။ ရီဖူရှင်း ချက်ချင်းထရပ်လိုက်သည်။ အတွေးတစ်ချက်ဖြင့် သူ၏ဓားများကိုလေထဲထုတ်လွင့်လိုက်ပြီး သစ်ပင်ပေါ်ရှိ သစ်သီးများကိုဖြတ်တောက်ခူးယူလိုက်သည်။

ထိုအရာကိုမြင်သောအခါ ထိုက်ရွှမ်တောင်မှလူများသည် ကျင့်ကြံခြင်းကို ရပ်တံ့လိုက်ပြီး ရီဖူရှင်းကို ကြည့်လိုက် ကြသည်။ သူတို့သည် မဟာလမ်းစဉ်စွမ်းအားကို အပြည့်အဝနားလည်လုနီးပါးအခြေအနေသို့ ရောက်ရှိ သွားသည့်အပြင် ယခင်က သူ့အပေါ်တွင် သူတို့ကျူးလွန်ခဲ့သည်တို့ကို အပြစ်တင်ခြင်းမရှိသည့်အတွက် သူတို့ အားလုံး ရီဖူရှင်းကို ကျေးဇူးတင် မိကြသည်။ သူတို့သည် မျှော်လင့်ချက်ကင်းမဲ့သော်လည်း သစ်သီးများကို ရရှိရန် လိုခဲ့ကြပြီး ယခုအခါတွင် ရီဖူရှင်းသည် ထိုသစ်သီးအားလုံးကို ယူဆောင်သွားခဲ့ပြီဖြစ်သည်။ ထိုအတွက် အနည်းငယ် စိတ်ပျက်ခြင်းကိုခံစားလိုက်သော်လည်း ထိုအဖြစ်အပျက်သည် မှန်ကန်သင့်လျော်ပေသည်။

ထိုအပင်မှ သစ်သီးများသည် မယုံကြည်နိုင်လောက်အောင် ဖိုးတန်ရှိပေသည်။ ထိုသစ်ပင်မှ သစ်သီးတစ်လုံးပင်လျှင် ကျင့်ကြံသူတစ်ယောက်အား မဟာလမ်းစဉ်စက်ဝန်းမှ လမ်းစဉ်ခန္ဓာကိုဖွဲ့စည်းနိုင်ရန် အထောက်အကူပြုနိုင်ရန် လုံလောက်သည်ဟု‌ ဆိုနိုင်ပေသည်။ ပြန်လည်ရှင်သန်ခြင်းအဆင့်အထွပ်အထိပ်မှ လူတစ်ဦးသည် ထိုသစ်သီးကို အသုံးပြုပြီး နောက်တစ်ဆင့်သို့တက်လှမ်းသွားနိုင်ပေသည်။

ထိုက်ရွှမ်တောင်နှင့်ရင်းနှီးသော ဆက်ဆံရေးတည်ဆောက်ရန်အတွက် ထိုသစ်သီးတစ်လုံးမျှပင် ကိုအလွယ်တကူ အဆုံးရှုံး ခံမည်မဟုတ်ပေ။ ဖီးနစ်လေးသည် ရီဖူရှင်းအား စိတ်ပျက်စွာကြည့်လိုက်သည်။ သူသည် အမှန်တကယ်ပင် နှလုံးသားမဲ့သူဖြစ်လေသည်လား။

“ငါတို့အတူကျင့်ကြံခဲ့တာကြာပြီဆိုတော့ ပြန်လည်ရှင်သန်ခြင်းအဆင့်ကို ရောက်နိုင်အောင်လို့ မင်းကိုသစ်သီး နှစ်လုံး ပေးလိုက်မယ်” ရီဖူရှင်းသည် သူ၏လက်ကိုဝေ့ရမ်းလိုက်လျှင် မီးတောက်သစ်သီးနှင့် အသက်သစ်သီး နှစ်လုံးသည် ဖီးနစ်လေးထံသို့ပျံသန်းသွားလေသည်။  ထိုသစ်သီးနှစ်လုံးစလုံးသည်  ယခင်ကရရှိခဲ့သော သစ်သီးများဖြစ်ပြီး ထိုးထွင်းသိမြင်မှုနတ်သစ်ပင်မှသစ်သီးများ မဟုတ်ပေ။

“ဒါလေးပဲလား…” ဖီးနစ်လေးသည် ထိုသစ်သီးများကိုယူလိုက်ရင်း တိုးတိုးလေးပြောလိုက်သည်။ “မင်းမလိုချင်ဘူးဆိုရင် ပြန်ပေးလေ” ရီဖူရှင်းက သူမကိုကြည့်ကာပြောလိုက်သည်။ ဖုန်းယန်သည် သစ်သီးများကို  ပါးစပ်ထဲသို့ လျင်မြန်စွာ ပစ်ထည့်လိုက်သည်။ ပြန်ပေးစရာလား…။ ဘယ်တော့မှပြန်မပေးဘူး…။

အနည်းငယ် စူဆောင့်နေသော ဖီးနစ်လေးကို လူတိုင်းကြည့်နေမိကြသည်။ ရီဖူရှင်းသည် လုပ်ဆောင်စရာရှိသည့် အရာများအားလုံး ပြီးဆုံးသွားပြီဖြစ်သဖြင့် သူတို့အား အတွေးထဲတွင်ပင် မထည့်တော့ပေ။ သူ့ကြောင့် မပျော်ရွှင်နိုင်လျှင်ပင် သူတို့မည်သည်ကိုပြောနိုင်မည်နည်း။

ထိုနေရာသို့လွှမ်းခြုံထားသောအလင်းရောင်သည် တောက်ပသည်ထက် ပိုမိုတောက်ပလာသည်။ ကောင်းကင်မှ အော်မြည်သံတစ်သံ ထပ်မံပေါ်ထွက်လာပြီး နန်းတော်မှ စွမ်းအားပြည့်ဝသောအလင်းတန်းတစ်ခု ထွက်ပေါ် လာပြီး ကျင့်ကြံသူအားလုံးကိုလွှမ်းခြုံသွားသည်။

တစ်ခဏလေးအတွင်မှာပင် ကြယ်များလည်ပတ်သွားသည်ဟု လူတိုင်းခံစားလိုက်ကြရပြီး သူတို့၏မြင်ကွင်းများ ပြောင်းလဲသွားသည်။ ရီဖူရှင်းသည် သူ၏ ပတ်ပတ်လည်ကို ကြည့်ရှုလိုက်သောအခါ လူတိုင်းသည် အဆုံးမဲ့သော လမ်းစဉ် ပင်လယ်ပြင်ကြီးသို့ ရောက်ရှိနေပြီဖြစ်သည်။ တောင်များ၊ သစ်ပင်နှင့် မြေပြင်တစ်ခုလုံး ရုတ်တရက် ပျောက်ကွယ်သွားသည်။ အဖြစ်အပျက်များသည် မည်သည့်အခါကမှ မဖြစ်ပျက်ခဲ့ဖူးသလို အိပ်မက်ပမာ ခံစား ရလေသည်။

သူတို့၏ရှေ့မှ အက်ကွဲသံတစ်ခုထွက်ပေါ်လာပြီး အလွန်ကြီးမားသော ဒီမွန်းသားရဲကြီးတစ်ကောင် ထွက်ပေါ်လာ သဖြင့် ရေမျက်နှာ ပြင်ပေါ်တွင် လှိုင်းထသွားသည်။ ၎င်းသည် သူတို့ကို ထိုနေရာသို့ပို့ဆောင်ပေးခဲ့သော လိပ်နက်ကြီးပင်ဖြစ်သည်။

”ငါ့နောက်လိုက်ခဲ့ကြ” ၎င်းသည်လူအားလုံးကိုကြည့်ကာပြောလိုက်ပြီး ပင်လယ်ဘက်သို့ ဦးတည်ကာ ထွက်သွားသည်။  လူတိုင်းသည် လှေများဖွဲ့လိုက်ပြီး ၎င်းနောက်သို့ လိုက်ပါသွားကြသည်။ လမ်းတစ်လျှောက်တွင် ရီဖူရှင်းအပေါ်သို့ အကြည့်များကျရောက်လာသည်။

ပါရမီရှင်များသည် သူတစ်ပါးတို့၏ မနာလိုခြင်းကိုခံရမြဲဖြစ်သည်။

ထို့အပြင် သူ့ထံတွင် နတ်သစ်ပင်မှရရှိခဲ့သော အသီးအားလုံးရှိနေသည်ဖြစ်ရာ လူတိုင်း၏အာရုံစိုက်မှုကို ခံနေရ သည်မှာ ထင်ရှားလေသည်။ အကယ်၍ သူတို့သာနတ်ဘုရားနန်းတော်၏ လမ်းစဉ်ပင်လယ်ပြင်တွင်သာ မဟုတ်လျှင် တိုက်ခိုက်ခြင်းခံနေရလောက်ချေပြီ။ ထိုနေရာမှထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် ချမှတ်ထားသော စည်းကမ်းများအား လိုက်နာတော့မည်မဟုတ်ဘဲ ရန်ဟောင်အဆင့်ပစ္စည်းများဖြင့်ပင် တိုက်ခိုက်လာနိုင်ပေသည်။ ထိုနေရာမှလူအားလုံးသည် အလွန်အစွမ်းထက်သူများဖြစ်ကြပြီး အစွမ်းထက်သောလက်နက်ပစ္စည်းများ ပိုင်ဆိုင် ကြသူများလည်းဖြစ်ပေသည်။

“ငါတို့ နတ်ဘုရားနန်းတော်ကို သွားကြမလား” ရီဖူရှင်းက ဝမ်ရှိုးရီကိုမေးလိုက်သည်။

“ဟုတ်တယ်။ ဒီလိုဒဏ္ဍာရီလာနေရာမျိုးကို မင်းသွားမကြည့်ချင်ဘူးလား” ဝမ်ရှိုးရီ ခေါင်းညိတ်ကာ ပြောလိုက် သည်။ ရီဖူရှင်းသည် အဝေးသို့လှမ်းကြည့်လိုက်သည်။ အဝေးမှ ကောင်းကင်နန်းတော်ကို မြင်နိုင်ရန် ခဲယဉ်း လှသည်။ ယခင်အချိန်ကကဲ့သို့ပင် နန်းတော်သည် အစစ်အမှန်တည်ရှိနေသော်လည်း ရေထဲမှ ရောင်ပြန်ဟပ် နေသော အရိပ်တစ်ခုပမာ တည်ရှိနေလေသည်။

“မကြာခင်ရောက်တော့မယ်” သူတို့ရှေ့မှ အနက်ရောင်လိပ်သည် အရှိန်မြင့်လိုက်ပြီး လှိုင်းများပေါ်သို့ ပျံတက်သွားသည်။ ၎င်းသည် ရီဖူရှင်း ကြည့်နေသည့်နေရာသို့ ဦးတည်သွားနေသည်။ နတ်ဘုရားနန်းတော်မှ တပည့်များမှလွဲ၍ အခြားသူများမှာ သိလိုစိတ်ပြင်းပြစွာဖြင့် ထိုနေရာသို့ ကြည့်နေကြသည်။ လူတိုင်းသည် ထိုနေရာအား ကိုယ်စီမျှော်လင့်ချက်များ ထားရှိကြသည်။

“သွားကြည့်ချင်တာပေါ့” ရီဖူရှင်းက ဝမ်ရှိုးရီကို ပြုံးပြီးပြန်ပြောလိုက်သည်။ သူသည် နတ်ဘုရားနန်းတော်သို့ သွားလိုခဲ့သည်။ သူတို့ပိုမိုနီးကပ်လာသည်နှင့်အမျှ ဆန်းကြယ်သောကျွန်းတစ်ကျွန်းသည် လမ်းစဉ်ပင်လယ်ပြင်မှ ပေါ်ထွက်လာသည်ကို တွေ့လိုက်ကြရသည်။ ဤနေရာသည် မြင့်မားသောကောင်းကင်ဘုံ၊ ရှန့်ရှောင်းနန်းတော်မှ ကျင့်ကြံသူများ၏ တော်ဝင်မြေဖြစ်သည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset