အပိုင်း(၁၅၃၄)

တစ်ယောက်တည်း

ထိပ်သီးအင်အားစုတစ်ခုစီတိုင်းသည် သိမြင်နားလည်ခြင်းသစ်ပင်၌ တစ်နေရာအနည်းဆုံး ယူထားကြပြီး တခြားလူများအား နေရာဖယ်ပေးလိုခြင်းမရှိပေ။ အတင်းတက်ရောက်လုယူရန် ကြိုးစားပါက အပေါ်မှ လူများ၏တိုက်ခိုက်ခြင်းကို ခံရပေမည်။

ယခုဖြစ်ပျက်ခဲ့သည်များကို မြင်သူများအားလုံးလည်း ချက်ချင်းပင် အတူတူလက်တွဲတိုက်ခိုက်ကြ၏။

ယခု ရီဖူရှင်းက သူ့ကို တိုက်ခိုက်ရဲသူဟူသမျှ သူ့နေရာဟု ပြောသည်။ ဤက တစ်စုံတစ်ယောက်တည်းကို မရည်ရွယ်တော့ဘဲ လှုပ်ရှားသူတိုင်းအား ဦးတည်နေခဲ့သည်။ မည်မျှ အတင့်ရဲလိုက်သနည်း။

သိမြင်နားလည်ခြင်းသစ်ပင်တွင် အားလုံးက ရီဖူရှင်းကို ထူးမခြားနားစွာ ကြည့်နေကြသည်။ နတ်နန်းတော်မှ တပည့်များဖြစ်စေ၊ တခြားသော ထိပ်သီးအင်အားစုများမှ ဖြစ်စေ သူတို့သည် ဤသို့သော မောက်မာသောသူအား တစ်ခါမှ မမြင်ဖူးကြပေ။

သို့သော် ရီဖူရှင်းသည် အမှန်ပင် တစ်ယောက်တည်း ရှေ့ကို တက်လာခဲ့သည်။ လေပြင်းများ တိုက်ခတ်လာခဲ့ကာ အားလှိုင်းများ ဟိုမှသည်မှ စီးဆင်းကြ၏။ သူက လူအုပ်ထဲမှ တစ်ယောက်တည်း ထွက်သွားလျှင် အထီးကျန်ဆန်သော ခံစားချက်အား သူ့ထံမှ ရသည်။

တစ်ယောက်တည်းဖြင့် သူသည် သိမြင်နားလည်ခြင်းသစ်ပင်သို့ သွားနေခဲ့သည်။

ပိုင်ရှု၏မျက်လုံးများက ကြောက်မက်ဖွယ်ကောင်းလာခဲ့သည်။ ထူးဆန်းသော လေလှိုင်းများ စီးဆင်းလာခဲ့ပြီး ပတ်ဝန်းကျင်တစ်ခုလုံးအား ဖြန့်ကျက်၏။ ကောင်းကင်ထက်တွင် တစေပုံရိပ်ယောင်တစ်ခုကို ဝေဝေဝါးဝါးမြင်တွေ့ရကာ ကြောက်မက်ဖွယ်မျက်လုံးအစုံသည် အောက်မှ လူများကို ငုံ့ကြည့်လျှင် လူတိုင်း၏စိတ်ဝိညာဉ်မှာ တုန်ယင်ကြရ၏။

မြေအောက်အရှင်တွင် တပည့်များများစားစားမရှိသလို သူ့တပည့်တစ်ယောက်ချင်းစီတိုင်းမှာလည်း အလွန်ကြောက်မက်ဖွယ်ကောင်းပေသည်။ စိတ်ဝိညာဉ်တိုက်ခိုက်မှုများမှာ အမြဲတမ်းအားဖြင့် ခုခံရန် ခက်ခဲလှပေသည်။

သိသာစွာပင် ရီဖူရှင်းသည်လည်း စိတ်ဝိညာဉ်ပညာ၌ ထူးချွန်သူဖြစ်ကြောင်း ခံစားမိသည်။ သူ၏တစေမျက်လုံးများက ရီဖူရှင်း၏စိတ်နယ်ပယ်ထဲကို တိုးဝင်လာခဲ့၏။ သို့သော်လည်း မည်သို့မှ အသုံးမဝင်။ ရီဖူရှင်း၏မျက်လုံးများမှာလည်း ကြောက်မက်ဖွယ် အရောင်ပြောင်းနေပြီး သူ့ခန္ဓာကိုယ်မှ ဓားအသိသည် တစ်ဘက်လူ၏စွမ်းအားများကို တိုက်ရိုက်ဖျက်ဆီးနိုင်၏။

ပိုင်ရှုက လက်ကို ဆန့်တန်းလိုက်လျှင် ရုတ်တရက် လေထဲတွင် ဧရာမလက်ဝါးပုံရိပ်တစ်ခုပေါ်လာသည်။ ထိုလက်ဝါးကား ရီဖူရှင်း၏စိတ်ဝိညာဉ်ကို ဦးတည်နေ၏။

“မြေအောက်လက်ဝါး…”

ထိုမြင်ကွင်းကို ကြည့်ကာ နတ်နန်းတော်မှ သာမန်တပည့်များအားလုံး တုန်လှုပ်သွားကြသည်။ ပိုင်ရှုကား သန်မာလွန်းရကား သူ့ထက်အဆင့်မြင့်မားသူများပင် သူ့လက်ထဲတွင် ရှုံးနိမ့်ခဲ့ဖူးကြ၏။ သူတို့သည် ပိုင်ရှု၏စိတ်ဝိညာဉ်တိုက်ခိုက်မှုကို မခုခံနိုင်ကြပေ။

ရီဖူရှင်းက ပိုင်ရှုနှင့် ယှဉ်ပြိုင်နိုင်မည်လားကိုကား မသိရသေးပေ။ ထိုက်ရွှမ်တောင်မှ ထိုမောက်မာသော ဓားသမားသည် မည်မျှအထိ သွားနိုင်မည်ကို သူတို့အားလုံး တွေ့မြင်လိုပေသည်။

ရီဖူရှင်း၏အာရုံခံနိုင်စွမ်းကား အားကောင်းလွန်းရကား သူ့ထံသို့ တိတ်ဆိတ်စွာ ချဉ်းနင်းဝင်ရောက်လာသော မြေအောက်လက်ဝါးကို ခံစားမိပေသည်။ ထိုလက်ဝါးသည် ရုပ်ခန္ဓာကိုယ်ကို ဦးတည်နေခြင်းမဟုတ်ဘဲ သူ၏ဝိညာဉ်ကို တိုက်ရိုက်တိုက်ခိုက်ခြင်းဖြစ်သည်။

သို့သော် ရီဖူရှင်းသည် နတ်ဝိဉာဏ်လွင့်မြောခြင်းကျင့်စဉ်ကို ကျင့်ကြံပြီးနောက်တွင် သူ၏တခြာသော စိတ်ဝိညာဉ်ပညာနှင့်ပေါင်းစပ်ပါက တစ်ဘက်လူ၏တိုက်ခိုက်မှုကို ရင်ဆိုင်ရန် ယုံကြည်ချက်ရှိပေသည်။

ဟူး…

ရီဖူရှင်းက ရှေ့ကို ဆက်တက်သွားခဲ့ကာ သူ့ခန္ဓာကိုယ်မှ ပြင်းထန်သော အရှိန်အဝါ‌ ပေါက်ကွဲထွက်လာသည်။ သူ့ခန္ဓာကိုယ်မှ သွေးကြောများသည် ဓားသွေးကြောများအဖြစ် ပြောင်းလဲသွား၏။ သူ၏ကမ္ဘာသစ်ပင်၌ ဓားဝိညာဉ်အသက်ဝင်လာခဲ့သည်။

ရီဖူရှင်း၏အပေါ်တွင် မရေမတွက်နိုင်သော ဓားစွမ်းအင်စီးကြောင်းများဖြစ်ပေါ်လာခဲ့၏။ မြေအောက်လက်ဝါး၏ ကြီးမားသော ဖိအားသည် ထူထည်ကင်းမဲ့စွာဖြင့် ကျဆင်းလာခဲ့၏။ သို့သော်လည်း ထိုလက်ဝါးကား ဓားစွမ်းအင်စီးကြောင်း၏တိုက်စားမှုအောက်တွင် တစ်တိတိ ပျက်စီးပျောက်ကွယ်သွားခဲ့သည်။

ရီဖူရှင်းက ရှေ့ကို တစ်လှမ်းတက်လိုက်သည်။ သူ၏မျက်လုံးများက ဓားများကဲ့သို့ ထက်ရှနေ၏။ ထိုမျက်လုံများက ပိုင်ရှု၏မျက်လုံးများကို ကြည့်လိုက်၏။ သူက ပြောသည် “မင်းက ငါ့ကို တိုက်ခိုက်မှတော့ မင်းနေရာကို လက်လျှော့လိုက်တော့”

သူက ပြောရင်းဖြင့်ပင် လက်ညိုးကို အပေါ်သို့ညွန်လိုက်၏။ ဓားတစ်လက်သည် ကောင်းကင်၌ အလင်းတန်းဖြစ်စေကာ လေထုကို ခွင်းသွားသည်။ ထိုဓားက ပိုင်ရှုထံသို့ သတ်ဖြတ်ခြင်းအငွေ့အသက်များပြင်းထန်စွာဖြင့် ဦးတည်နေ၏။

ဓားသည် ဝိညာဉ်အား ဖြတ်တောက်နိုင်၏။

ပိုင်ရှု၏အမူအရာက ပြောင်းလဲသွားသည်။ သူကား စိတ်ဝိညာဉ်တိုက်ခိုက်ခြင်း၌ အားကောင်းရာ တခြားသော နယ်ပယ်များ၌ အနည်းငယ် အားနည်းပေသည်။ သို့သော်လည်း စိတ်ဝိညာဉ်တိုက်ခိုက်မှုသည် ရီဖူရှင်းအား ဖိနှိပ်နိုင်ဟန်မတူဘဲ တစ်ဘက်လူ၏တန်ပြန်တိုက်ခိုက်မှုသည်လည်း စိတ်ဝိညာဉ်အားများ ပါဝင်နေသည်။

ဝှီး…

ဓားသည် လေထုကို ထွင်းဖောက်သွားခဲ့ကာ ပိုင်ရှု၏ခန္ဓာကိုယ်က ဖြတ်တောက်ခံခဲ့ရ၏။ သို့သော်လည်း သွေးများထွက်ခြင်းတော့ မရှိ။ သူသည် တဖြေးဖြေးဖြင့် အရိပ်သဏ္ဌာန်အဖြစ်‌ ပြောင်းလဲသွားကာ ပိုင်ရှုသည် ဘေး၌ တဖန် ပြန်ပေါ်လာသည်။ ပုံရိပ်နှစ်ခုလုံးသည် အစစ်အမှန်မဟုတ်သည့်အလား ထင်မြင်ရသည်။

“မြေအောက်မျက်လုံး…”

ပိုင်ရှု၏မျက်လုံးများက အနီနှင့်အနက်ရောင်များသို့ ပြောင်းလဲသွားကာ လျှပ်တပြက်အတွင်း ကောင်းကင်သည် အရောင်ပြောင်းလဲသွား၏။ ထိုအရာက မြေအောက်နတ်ဘုရားတစ်ပါးပေါ်လာသည့်အလား။ ရီဖူရှင်းသည် အလုံးစုံအားဖြင့် သီးသန့်နယ်ပယ်အတွင်းသို့ ကျဆင်းသွားခဲ့၏။ သူမြင်ရသည်ကား သွေးနီရောင် မြေအောက်မျက်လုံများ…။

“သန့်စင်စမ်း…”

ပိုင်ရှု၏မျက်လုံးများက မြေအောက်မီးတောက်များကို တောက်လောင်စေ၏။ ထိုအခိုက်တွင် ရီဖူရှင်းသည် သူ၏စိတ်ဝိညာဉ်လောင်ကျွမ်းမှုဒဏ်ကို ခံစားလာရသည်။

”ဒါ…”

အောက်မှ ကြည့်နေသူများအားလုံး၏စိတ်နှလုံများ တုန်ယင်သွားကြ၏။ ပိုင်ရှုသည် ငယ်ရွယ်သော်လည်း သူ့ဆရာ၏ပညာကို သည်မျှလောက်အထိ ကြောက်မက်ဖွယ်ကောင်းအောင် ကျင့်ကြံထားနိုင်မည်ဟု မည်သူမှ မထင်ထားခဲ့ကြ။ မြေအောက်မျက်လုံးနှင့် မြေအောက်မီးတောက်…။

တစ်ဖက်ဖိအားအောက်တွင် ရီဖူရှင်းကား မသက်မသာခံစားနေရသည်။ သူ၏မျက်လုံးများကမူ အေးစက်ကာ ထူးမခြားနားပေ။ သူက လက်ကို ဆန့်တန်းလိုက်လျှင် ရုတ်တရက် အဆုံးအစမဲ့သော ဓားများ သူ့အနီးတွင် ဖြစ်ပေါ်လာသည်။ မျက်လုံးများကို မှိတ်လိုက်လျှင် ဓားအသိများသည် ပိုမိုအားကောင်းလာခဲ့၏။ ဓားစွမ်းအားများသည် ထိုနေရာတစ်ခုလုံးကို ပြည့်နှက်သွား၏။

နောက်ဆုံးတွင် သူသည် မျက်လုံးကို ဖွင့်ကာ ကောင်းကင်ကို ကြည့်လိုက်၏။ သူ၏ဓားမျက်လုံးအစုံသည် လေထဲကို ဖောက်ထွင်းသွား၏။

သူ၏လက်ဝါးက လေထုကို ချိန်ရွယ်လိုက်သည်နှင့် ထောင်ပေါင်းများစွာသော ဓားများသည် တစ်ချိန်တည်းတွင် လှုပ်ရှားကြသည်။ မဟာလမ်းစဉ်သည် ပြောင်းပြန်စီးဆင်းကာ ကြယ်တာရာများ နေရာပြောင်းပြီး လျှပ်တပြက်အတွင်း ဓားသည် မြေအောက်မျက်လုံးကို ဖြတ်ကျော်လျှက် အရာအားလုံးကို ဖျက်ဆီးကာ ပိုင်ရှုထံသို့ ဦးတည်သွားခဲ့သည်။

“တစ်ဒင်္ဂဓား…”

ထိုမြင်ကွင်းကို ကြည့်ကာ ဝမ်ရှိုးရီနှင့် လော့ယွဲ့တို့ ထိတ်လန့်သွားကြသည်။ ရီဖူရှင်းသည် တစ်ဒင်္ဂဓား၏ တတိယအဆင့်ဖြစ်သော ‘နှစ်များစွာသို့တစ်ဒင်္ဂ’၏အနှစ်သာရကိုပင် ဖမ်းဆုပ်ထားနိုင်ပြီလား။ သူ ယခုတီးခတ်လိုက်သော သံစဉ်သည် ဝမ်ရှိုးရီအား ဉာဏ်အလင်းရစေသလို ရီဖူရှင်းအားလည်း တစ်ဒင်္ဂဓား၏အနှစ်သာရအား သိရှိနားလည်စေခဲ့၏။

ထိုတိုက်ခိုက်မှုသည် နှစ်များစွာသို့ တစ်ဒင်္ဂ၏အနှစ်သာရများပါဝင်နေသည်။ ဓားသည် မဟာလမ်းစဉ်၏ဝင်ရိုးကို အခြေခံထားခြင်းမရှိရာ မူလစွမ်းအားကို မဖော်ထုတ်နိုင်သော်လည်း ဖျက်ဆီးအားကား မခန့်မှန်းနိုင်အောင် ကြောက်မက်ဖွယ်ကောင်းနေဆဲဖြစ်သည်။

လူအများအပြားသည် ပိုင်ရှုအား စိုးရိမ်ကြ၏။ ဓားသည် သူ့ထံသို့ ရောက်လာသောအခါ ပိုင်ရှုကား ဓားမုန်တိုင်း၏ရစ်ပတ်ခြင်းခံရပြီး လင်းလက်နေသော နတ်ဘုရားအလင်းများ မွေးဖွားလာခဲ့သည်။ တိုးညှင်းသော ညည်းသံတစ်ခု ပြတ်ပြတ်သားသား ထွက်ပေါ်လာခဲ့ပြီး ပိုင်ရှု သွေးတစ်ပွက်အန်၏။

သူ့ခန္ဓာကိုယ်သည်လည်း သိမြင်နားလည်ခြင်းသစ်ပင်နှင့် အတော်ဝေးဝေးသို့ လွင့်စင်သွားခဲ့သည်။ သူ့မျက်နှာသည် ပြာနှမ်းနေခဲ့ကာ ပြင်းပြင်းထန်ထန် ဒဏ်ရာရပုံပေါ်နေသည်။

ပိုင်ရှုတစ်ယောက်သာ ထိုဓားချက် မည်မျှ အားကောင်းသည်ကို သိပေသည်။ ထိုဓားသည် တစ်ဒင်္ဂဓားမျှသာမဟုတ်၊ စိတ်ဝိညာဉ်ကို ဖျက်ဆီးနိုင်စွမ်းလည်း ပါဝင်နေသေးသည်။

“တိုက်ရိုက်တပည့်တွေအကုန် ရှုံးနိမ့်သွားတာလား”

အောက်မှ ကြည့်နေသူများအားလုံးမှာ ကြီးစွာ အံ့အားသင့်ကြ၏။ ရှန်ကျင်းကား အမှန်တကယ် စွမ်းအားကြီးမားလွန်းပေသည်။

သူကား ထိုက်ရွှမ်တောင်မှ အသန်မာဆုံးသူဖြစ်၏။

သည်တစ်ကြိမ် ထိုက်ရွှမ်တောင်သည် နာမည်ကျော်ဓားသမားတစ်ဦးကို မွေးထုတ်ခဲ့ဟန်ရသည်။

“သူ့နေရာက ကျုပ်အပိုင်ပဲ” ရီဖူရှင်းက ပြောရင်းဖြင့် ရှေ့ကို ဆက်တက်သွားသည်။

“ခင်ဗျားရဲ့ဓားကို စမ်းကြည့်ပါရစေ” လီစမ်းက ပြောသည်။ သူသည် ဝမ်ရှိုးရီထံတွင် ရှုံးနိမ့်ခဲ့ပြီးဖြ်သော်လည်း ထပ်မံကြိုးစားကြည့်လိုသေး၏။

နတ်ဘုရားကဒ်ဘေးဓားပေါ်လာကာ ရီဖူရှင်းထံသို့ ကြီးမားသော အရှိန်အဝါဖြင့် ဆင်းသက်လာ၏။

“ကောင်းပြီ…”

ရီဖူရှင်းကလည်း ရှေ့ကို တက်ကာ သူ၏ဓားကို ထုတ်သုံးလိုက်သည်။ ဓားနှစ်လက် လေထဲတွင် ရင်ဆိုင်မိကာ စွမ်းအားများပေါက်ကွဲကာ ကောင်းကင်နှင့်မြေပြင်သည် အရောင်ပြောင်းလဲ၏။

နာကျင်စွာ အော်ဟစ်သံတစ်ခုနှင့်အတူ လီစွမ်းသည် နောက်ကို လွင့်စင်သွား၏။

“နှစ်နေရာ…” ရီဖူရှင်းက ပြောကာ အပေါ်သို့ ဆက်တက်သည်။

“ဘယ်လောက်သန်မာလိုက်သလဲ” လူအများက တီးတိုးမှတ်ချက်ချကြသည်။

“အရှင်ထိုက်ရွှမ်အဆင့်တက်သွားတာကို တစ်လောကလုံး သိကြပေမယ့် ဒီလိုပါရမီရှင်ကသာ ထိုက်ရွှမ်တောင်ရဲ့လက်ရှိဂုဏ်သတင်းနဲ့ထိုက်တန်တယ်” ဝမ်ရှိုးရီက တီးတိုးရေရွက်သည်။ ထိုက်ရွှမ်တောင်မှ တိုက်ပွဲနှင့် ယနေ့တိုက်ပွဲက သူ့အား များစွာ အမြင်ကျယ်စေခဲ့သည်။

ထိုက်ရွှမ်တောင်မှ တပည့်များကား အလွန်အားနည်းကာ ထိုက်ရွှမ်တောင်၏နာမည်ဂုဏ်သတင်းနှင့်ထိုက်တန်ခြင်းမရှိပေ။ အရှင်ထိုက်ရွှမ်၏တိုက်ရိုက်တပည့်များသည်သာ ထိုဂုဏ်သတင်းများနှင့် ထိုက်တန်၏။ တတိယမျိုးဆက်တွင်ကား မယ်မယ်ရရ ထုတ်ပြစရာ မည်သူမှ မရှိပေ။

***


Comment

Leave a Reply


Options

not work with dark mode
Reset