အပိုင်း(၁၅၃၁)

တစ်ချက်တည်း

ဖီးနစ်လေးက ရီဖူရှင်းအား သဘောမကျစွာဖြင့် ကြည့်သည်။ ခွေးကောင်…။

ဤမတိုင်ခင်က သူမအား သစ်သီးတစ်လုံးကိုပင် မပေးလိုခဲ့။ ယခု နောက်မှ ရောက်လာသော အမျိုးသမီးအား သစ်သီးနှစ်လုံးပင် ထုတ်ပေးခဲ့သည်။ ဤကား အဓိပ္ပာယ်ကင်းမဲ့လှ၏။

ထို့အပြင် သည်အမျိုးသမီးမှာ သူမလောက်လည်း မလှပေ။

ဝမ်ရှိုးရီနှင့် လော့ယွဲ့တို့သည် သူတို့နှစ်ယောက်၏ပတ်သက်မှုကို ခန့်မှန်းနေကြသည်။ ရှန်ကျင်းက သူမအား ညီမဟုခေါ်ဆိုသော်လည်း သူ၏ညီမဖြစ်နိုင်ပေ။

တာအိုလက်တွဲဖော်လား..။

မဖြစ်နိုင်…။

သို့ဆိုလျှင် သူတို့၏ပတ်သက်မှုက…။

တခြားလူများကလည်း ရီဖူရှင်းကို ကြည့်ကြသည်။ သူက လမ်းစဉ်သစ်သီးနှစ်လုံးကို သည်အတိုင်း ထုတ်ပေးလိုက်၏။ သူ၏ရက်ရောပုံဖြင့်ဆိုပါက သူ့ထံတွင် နောက်ထပ်ရှိနေသေးသည့်သဘော။

ရာရာသည် လမ်းစဉ်သစ်သီးအား စားသုံးပြီးနောက်တွင် အဆီအနှစ်များအား စတင်၍ ခြေဖျက်အသုံးပြုသည်။ သူမ၏ခန္ဓာကိုယ်တွင် ပြင်းထန်သော ဓားအသိနှင့်အသက်ဓာတ်တို့ စီးဆင်းနေပြီး ဓားအဆီအနှစ်များသည် သူမ၏အသွေးအသားများနှင့် သွေးကြောများတစ်လျှောက် အားကောင်းစွာ လှည့်ပတ်၏။

ရီဖူရှင်းက ရာရာအား ကြည့်သည်။ သားရဲဘုံ၌ ရာရာသည် သူ့အား အသက်နှင့်ရင်းပြီး ကာကွယ်ခဲ့ကာ ပြင်းထန်သော ဒဏ်ရာများရရှိခဲ့သော်လည်း တစ်ဘက်တွင်လည်း များစွာသောအကျိုးကျေးဇူးများရရှိခဲ့ပြီး သူမ၏ဓားပညာမှာ ပိုမိုရင့်သန်အားကောင်းလာခဲ့သည်။

ယခု သူမသည် လမ်းစဉ်သစ်သီးနှစ်လုံးအား စားသုံးခဲ့၏။ ဤနည်းဖြင့် သူမအား ပြန်လည်မွေးဖွားခြင်းအဆင့်၌ ပိုမိုရင့်သန်စေလိမ့်မည်။

“မင်းမှာ သစ်သီးဘယ်နှစ်လုံးရှိလဲ” အသံတစ်သံအား ကြားလိုက်ရသည်။ မေးလိုက်သူကား ရှီလင်နတ်မြို့မှ လော့ယို့မင်ဖြစ်သည်။

သည်မတိုင်ခင်က သူတို့သည် ရီဖူရှင်းတို့အား သိပ်အလေးမထားခဲ့ကြခြင်းမှာ လမ်းစဉ်သစ်သီးများကို ရှာဖွေရင်းအချိန်ကုန်နေခဲ့သောကြောင့်ဖြစ်သည်။

ယခု အခွင့်အလမ်းများအားလုံး ကုန်ဆုံးသွားပြီးဟု သူတို့တွေးထင်နေသောအချိန်တွင်ပင် ရီဖူရှင်းက ရုတ်တရက် လမ်းစဉ်သစ်သီးများကို ထုတ်သုံးခဲ့သည်။

ရီဖူရှင်းက လော့ယော့မင်ကို ကြည့်သည်။ သူ၏မျက်လုံးများ၌ အေးစက်မှုများ ရှိနေ၏။ သူက တခြားလူများနှင့်ပြဿနာသိပ်မဖြစ်လိုသော်လည်း လောယို့မင်ကား သူ့အပေါ်တွင် မကောင်းကြံလိုသော သဘောရှိနေသည်။

“အတော်များများရှိတယ်” ရီဖူရှင်းက လောယို့မင်အား ပြုံးလျှက်ကြည့်ကာ ပြောသည်။

ရီဖူရှင်း၏အဖြေက လောယို့မင်ကိုသာမဟုတ် တခြားလူများကိုပင် အံ့အားးသင့်သွားစေသည်။

အတော်များများ…။

ထို့အပြင် သူက သည်အတိုင်း ဝန်ခံခဲ့၏။

သူက ပြဿနာဖြစ်မည်ကို မကြောက်ပေဘူးလား။

ဝမ်ရှိုးရီနှင့် လော့ယွဲ့တို့ကလည်း အံ့အားသင့်သွားခဲ့သည်။ သည်အကောင်ကား ထိုက်ရွှမ်တောင်မှ ရှန်ကျင်းနှင့် လုံးဝကွဲပြားခြားနားသူဖြစ်နေလေပြီ။

တခြားလူများမှာလည်း စိတ်ဝင်စားစွာဖြင့် ရီဖူရှင်းထံသို့ လှမ်းကြည့်ကြသည်။

“ဒီလိုဆိုရင်လည်း…” လောယို့မင်က မိစ္ဆာအားလှိုင်းများအား ထုတ်လွှတ်ကာ ရှေ့ကို တက်လာသည်။ သူက ရီဖူရှင်းအား ရက်စက်သော အပြုံးဖြင့် ကြည့်၏။ ထိုက်ရွှမ်တောင်မှ သည်လူများသည် ယခုထိ မောက်မာကာ သေမည်ကို မကြောက်ကြသေးသည့်သဘော…။

“ဒါဆိုလည်း ဘာလို့ သစ်သီးတွေကို မထုတ်ပေးရတာလဲ” လောယို့မင်က ရှေ့ကို တက်သွားကာ အက်ကွဲကာ ရက်စက်သောလေသံဖြင့် ပြောသည်။

“သေချာတာပေါ့ … လာယူလေ…” ရီဖူရှင်းက ပြန်ပြောသည်။

လောယို့မင်က ရီဖူရှင်း အလွန်ယုံကြည်ချက်ရှိသောပုံစံကို မြင်သောအခါ သံသယအနည်းငယ်တော့ ဝင်မိ၏။ ရီဖူရှင်း၏သတ္တိက မည်သည့်နေရာမှ လာသနည်း။

လောယို့မင်က ခြေလှမ်းများအား တုံ့ဆိုင်းသွားသည်။ သူက ဝမ်ရှိုးရီနှင့် တခြားလူများကို အားကိုးနေသည်များလား။

“မင်း လာမယူသေးဘူးလား” ရီဖူရှင်းက သူ့အား ကြည့်ကာ ဆက်ပြောသည်။

“သေချာတာပေါ့” လောယို့မင်က ပြောကာ ပြင်းထန်သော အရှိန်အဝါအား ထုတ်လွှတ်လိုက်၏။ သူ့အနီးမှ ရှီလန်နတ်မြို့သားများလည်း စွမ်းအားများကို ထုတ်လိုက်ကြသည်။ ရီဖူရှင်းတို့ထံသို့ သေမင်း၏အငွေ့အသက်များ ချက်ချင်း ပျံ့လွင့်လာ၏။ လောယို့မင်၏မျက်လုံးများမှလည်း သေမင်း၏အငွေ့အသက်များ ထွက်ပေါ်လာကာ ရီဖူရှင်း၏မျက်လုံးများသို့ တိုက်ရိုက်စီးဝင်လာခဲ့သည်။

သို့သော်လည်း သေမင်း၏အငွေ့အသက်များ ဝင်ရောက်လာသောအခါ အလွန်တရာ ပြင်းထန်သော အသက်ဓာတ်များဖြင့် ရင်ဆိုင်မိကာ မည်သည့်မှ သက်ရောက်နိုင်စွမ်းမရှိတော့။

“အရင်တုန်းက ရှီလင်နတ်မြို့ကလူတွေ ထိုက်ရွှမ်တောင်ကို ရောက်လာတဲ့အခါ ထိုက်ရွှမ်တောင်တပည့်တွေနဲ့လက်ရည်စမ်းချင်ခဲ့ကြတယ်။ အဲဒီအချိန်တုန်းက ကျုပ်ဟာ ထိုက်ရွှမ်တောင်ကို ရောက်ခါစပဲ။ အခု ကျုပ်က ထိုက်ရွှမ်တောင်မှာ နည်းနည်းသင်ယူလေ့လာပြီးပြီဆိုတော့ မင်းတို့ကို ဒီနေ့ လမ်းညွန်ပြသပေးရတာပေါ့”

ချက်ချင်းပင် သူ့ထံမှ ပြင်းထန်သော အားလှိုင်းများ ပေါက်ကွဲထွက်လာပြီး ကောင်းကင်သည် လှိုင်းထန်၏။ ဓားစွမ်းအားများ စီးဆင်းကာ မရေမတွက်နိုင်သော နတ်ဓားများ စတင်ဖြစ်ပေါ်လာခဲ့သည်။

ကောင်းကင်နေရာအနှံ့တွင် စီးဆင်းလာသော ဓားစွမ်းအားများမှာ မျက်လုံးများဖြင့်ပင် ရှင်းရှင်းလင်းလင်း မြင်နိုင်၏။

တိုက်ပွဲကို ကြည့်နေကြသူများအားလုံးမှာ ရီဖူရှင်းထံမှ ပေါက်ကွဲထွက်လာသော ဓားအသိကို ခံစားမိပြီး အံ့အားသင့်သွားကြသည်။ သံသယကင်းစင်ခြင်းအဆင့်မှ တစုံတစ်ယောက်က မည်သို့ ထိုမျှ အားကောင်းနေရသနည်း။

ပြန်လည်မွေးဖွားခြင်းအဆင့်များပင် ဤမျှပြင်းထန်သော အားလှိုင်းများအား ထုတ်လွှတ်ရန်မလွယ်။

ထို့အပြင် ရီဖူရှင်း၏အသက်ဓာတ်ကား ပြင်းထန်စွာ ပေါက်ကွဲထွက်လာနေ၏။ သူ့တစ်ကိုယ်လုံးသည် နတ်ဘုရားအလင်းများဖြင့် စူးရှလင်းလက်နေခဲ့၏။ ထိုအခိုက်တွင် သူကား နတ်ဓားတစ်လက်နှင့်ပင် တူ၏။

“ဒီလောက် အားကောင်းတာလား…”

ကျွင်းမူနှင့်တခြားလူများအားလုံး ထိတ်လန့်သွားကြသည်။ ဘာတွေ ဖြစ်နေသနည်း။

ရီဖူရှင်သည် တေးသံသာစံအိမ်တွင် မှော်ဂီတပညာကို လေ့ကျင့်ကာ ဓားချောက်နက်၌ ဓားပညာကို သွားလေ့လာသူမဟုတ်ပေဘူးလား။ အဘယ်ကြောင့် သူ၏ဓားပညာက ထိုမျှ အားကောင်းနေရသနည်း။

ရီဖူရှင်း၏ရှေ့တွင် အဆုံးအစမဲ့သော ဓားစွမ်းအားများသည် စစ်မှန်ထက်ရှသော ဓားတစ်လက်အဖြစ် ပြောင်းလဲလာနေသည်။

ရီဖူရှင်းက မျက်လုံးများကို ပိတ်လိုက်သည်။ သူ့အနေဖြင့် ဓားကို ကြည့်ရန် မျက်လုံးမလိုတော့။ ဓားကို ထိန်းချုပ်ရန် ခန္ဓာကိုယ်အား လှုပ်ရှားရန် မလိုတော့။

ဝှစ်…

လေထုကို ခွင်းသော ဓားသံသည် စူးရှစွာ ထွက်ပေါ်လာခဲ့ရာ လူတိုင်းအား မသက်မသာခံစားရစေသည်။ ကောင်းကင်နှင့်မြေပြင်ကို စီးဆင်းသော ဓားမြစ်ရေတစ်စင်းသည် ရှီလင်နတ်မြို့မှ လူများထံသို့ ပြင်းထန်စွာ စီးဆင်းလာချေ၏။

ထိုအခိုက်တွင် ရှီလင်နတ်မြို့မှ လူများသည် ကြီးမားသော အန္တရာယ်ငွေ့အသက်များအား ခံစားကြရသည်။ ဓားမြစ်ပြင်ထဲမှ လူတိုင်းမှာ လွတ်မြောက်ရန် မတတ်နိုင်သည့် ခံစားချက်…။

အနီးမှ လူတိုင်းသည် ဓား၏စွမ်းအားကို ခံစားမိကြကာ ဝေးရာသို့ မြန်ဆန်စွာ ပြေးကြရ၏။

ရီဖူရှင်းသည် တဖြေးဖြေး လေထဲသို့ လွင့်မြောလာခဲ့သည်။ သူက ရှေ့တွင် ဓားတစ်လက်နှင့်အတူ လေထဲ ထိုင်နေသည်။ သူ၏စိတ်မှ စေခိုင်းလျှင် ဓားသည် လှုပ်ရှား၏။

ကောင်းကင်နှင့်မြေပြင်အကြား၌ စစ်မှန်သော ဓားတစ်လက်ပေါ်လာ၏။ အဆုံးအစမဲ့သော ဓားအသိသည် တစ်ချိန်တည်းတွင် ပေါ်လာကာ လေထုကို ပိုင်းဖြတ်သွားသည်။ ရှီလင်နတ်မြို့မှ ရှန့်ထိုတန်ခိုးရှင်များသည် အလွန်စွမ်းအားကြီးသူများဖြစ်ကြသည့်တိုင် ထိုဓားချက်အောက်တွင် အလွန်အမင်း သေးငယ်သလို ခံစားကြရသည်။

ပြင်းထန်သော မိစ္ဆာအရှိန်အဝါများ ထွက်ပေါ်လာကာ အမှောင်ထုသည် လောကကို ဖုံးလွှမ်းလာ၏။ သို့သော်လည်း ဓားစွမ်းအားဖြတ်သန်းသွားသောအခါ အရာအားလုံးမှာ ပကတိပျောက်ကွယ်သွားရလေသည်။

သတ်ဖြတ်ခြင်းအငွေ့အသက်များဖြင့် ဓားမြစ်ပြင်သည် လေထုကို ဖြတ်သန်းသွားလျှင် နာကျင်စွာ အော်ဟစ်သံများ အဆက်မပြတ် ကြားလိုက်ကြရ၏။ ရှီလင်နတ်မြို့မှ များစွာသော ကျင့်ကြံသူများသည် ထိုနေရာတွင်ပင် သွေးပွတ်ပွတ်အန်ကာ မျက်နှာများ စရွက်ပမာ ပြူရော်သွားကြသည်။

ထို့နောက် ဓားချက်သည် လေထုကို ဖြတ်သန်းကာ လောယို့မင်ထံသို့ တိုက်ရိုက်ဦးတည်သွား၏။

ဓားချက်က မည်မျှကြောက်စရာကောင်းကြောင်း ခံစားမိလျှင် လောယို့မင်၏မျက်နှာအမူအရာက ပြောင်းလဲသွား၏။

ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာအရှိန်အဝါများ သူ့နောက်မှ ပေါက်ကွဲထွက်လာခဲ့ကာ မရေမတွက်နိုင်သော လှံရှည်များနှင့်အတူ သေမင်းမိစ္ဆာအလားပုံရိပ်တစ်ခုပေါ်လာသည်။ သို့သော်လည်း ထိုလှံများမှာ ဓားမြစ်ပြင်အောက်တွင် အပိုင်းပိုင်းအစစ‌ ကြေပျက်ကြရ၏။

ချက်ချင်းပင် ထိုမြင်ကွင်းသည် ထိုက်ရွှမ်တောင်ပေါ်မှ ဖြစ်ရပ်အတိုင်း တစ်ထပ်တည်းဖြစ်လာခဲ့သည်။

ဘုန်း…

မိစ္ဆာနတ်ဘုရား၏လက်ဝါးပုံရိပ်အား ဖော်ထုတ်လိုက်ကာ လောယို့မင်သည် နောက်ကို မြန်ဆန်စွာ ဆုတ်၏။ ရီဖူရှင်းကား လေထဲတွင် မျက်လုံးမှိတ်လျှက် ထိုင်နေဆဲဖြစ်သည်။ သူကား ဓားကို ကောင်းမွန်စွာ ထိန်းချုပ်ထား၏။

အရှိန်အဝါကြီးနတ်ဓားသည် အတားအဆီးမဲ့စွာဖြင့် လောယို့မင်ထံသို့ ဦးတည်နေခဲ့၏။

ဘုန်း… ဘုန်း… ဘုန်း…

ဓားသည် အရာအားလုံးကို ဖြတ်တောက်သွားခဲ့ကာ လောယို့မင် မည်မျှ နောက်ဆုတ်ပါစေ ဓားကား သူရှေ့တွင် ရှိနေခဲ့သည်။ ကောင်းကင်နှင့်မြေပြင်အကြားမှ အဆုံးအစမဲ့သော ဓားအသိများသည် သူ့ခန္ဓာကိုယ်ကို လာရောက်ရစ်ပတ်ကြ၏။

လောယို့မင်၏မျက်နှာက ပြာနှမ်းသွား၏။ ရုတ်တရက် ပြင်းထန်သော အရှိန်အဝါတစ်ခုနှင့်အတူ သူ့လက်ထဲတွင် ဒီမွန်းအင်ပါယာလက်နက်တစ်ခုပေါ်လာသည်။

“သူက သေချင်နေတာလား…” လူအများက ထိုမြင်ကွင်းကို ကြည့်ကာ မှတ်ချက်ချကြသည်။

ချက်ချင်းပင် ကောင်းကင်မှ နတ်ဘုရားအလင်းတစ်ခုသည် ထိုရန်ဟောင်အဆင့်လက်နက်ပေါ်သို့ ကျဆင်းလာခဲ့ကာ လောယို့မင်သည်လည်း နောက်ကို လွင့်စင်သွား၏။ သူကား မြေပြင်ပေါ်တွင် အားနည်းစွာ လဲလျောင်းကာ သွေးများပွက်ပွက်အန်သည်။

နတ်နန်းတော်က လူငယ်မျိုးဆက်များအား အခွင့်အလမ်းများ ပေးခြင်းမှာ ရန်ဟောင်အဆင့်လက်နက်များဖြင့် ဟန်ရေးပြရန်မဟုတ်ပေ။ ထိုသို့လုပ်ရဲသူမှာလည်း ဤနည်းဖြင့် အပြစ်ပေးခံရမည်သာ။

လောယို့မင်ကား မြေပြင်ပေါ်တွင် အားနည်းစွာ လဲနေ၏။ ဓားသည် သူ၏နဖူးကို ချိန်ရွယ်ထားဆဲဖြစ်သည်။ ရီဖူရှင်း၏အတွးတစ်ချက်မျှဖြင့် လောယို့မင်၏ဘဝမှာ အဆုံးသတ်သွားနိုင်ပေသည်။

“အဲဒါ မင်းပဲ…” လောယို့မင်က သူ့ကို ချိန်ရွယ်ထားသော ဓားအား ကြည့်သည်။

သည်ဓားကား ထိုက်ရွှမ်တောင်ပေါ်မှ ဓားဖြစ်သည်။

ဓားသည် သူ့အား ချိန်ရွယ်ထားဆဲဖြစ်ကာ ရီဖူရှင်းက ဘာမှ ပြန်မပြောသေး။ ကျွင်းမူ၏မျက်နှာက ပျက်ယွင်းသွားခဲ့သလို တခြားသော ထိုက်ရွှမ်တောင်တပည့်များမှာလည်း အလွန်အမင်း အံ့အားသင့်သွားကြသည်။

သည်ဓားက ထိုစဉ်က ဓားနှင့်အတူတူလား…။

“အဲဒါ ဘယ်လိုလုပ် သူဖြစ်နေရတာလဲ”

လူအများအပြားမှာ မထင်ထားသော ပြဇတ်တစ်ပုဒ်အား ကြည့်နေကြရသလို။ လီကျစ်ရင်၊ ချင်းယွီနှင့် မာ့ယိတို့သည် ရီဖူရှင်း ထိုက်ရွှမ်တောင်ပေါ်သို့ ပထမဆုံးရောက်လာသည့်အချိန်အား သတိရမိကြသည်။ ရီဖူရှင်းသည် တေးသံသာစံအိမ်၌ အမြဲတမ်းအားဖြင့် ကု့ချင်းကို လေ့လာနေခဲ့သူဖြစ်သည်။

သို့သော် သူက မည်သို့ ဤမျှ ကောင်းမွန်သော ဓားချက်အား ထုတ်ဖော်နိုင်ရသနည်း။ သည်ဓားကား တစ်ဒင်္ဂဓား၏ဒုတိယဓားချက်ဖြစ်သော အရာခပ်သိမ်းဖြတ်တောက်ခြင်း။

“နေရာခွဲဝေတာ…”

သူတို့က ထိုအချက်ကို တွေးမိလျှင် အရှင်ထိုက်ရွှမ်သည် မူလကတည်းက သည်အရာများအား သိထားခဲ့ကာ ရီဖူရှင်းအား သူတို့နှင့် စေလွှတ်လိုက်သည့်အကြောင်းအရင်းလည်းဖြစ်ကြောင်း သိလိုက်ကြရသည်။

“ဒီဓားက ဘယ်နေရာလောက်ရမယ်လို့ ခင်ဗျားတို့ ထင်လဲ” ရီဖူရှင်းက မျက်လုံးကို ဖွင့်လိုက်သည်။ သူက လောယို့မင်အား ဂရုပင်မစိုက်ပေ။ သူက သိမြင်နားလည်ခြင်းသစ်ပင်ကို လှမ်းကြည့်၏။

သိမြင်နားလည်ခြင်းသစ်ပင်၌ သူ၏ရည်မှန်းချက်မှာ တစ်နေရာတည်း မဟုတ်ပေ။

***


Comment

Leave a Reply


Options

not work with dark mode
Reset